← Chapters

လက်သည်းတစ်ချောင်း မြွေနဂါး

Vol. 37 Ch. 497

လက်သည်းတစ်ချောင်း မြွေနဂါး

Vol. 37 Ch. 497

"ဂိုဏ်းတူ အစ်ကို တိုင်ချွန်းချီရဲ့ နံပါတ်၁ နေရာကတော့ လုယူ ခံလိုက်ရပြီဟေ့။ လုသွားတဲ့သူက ဂိုဏ်းတူအစ်ကို လီဖူချန်းပဲ "

"ဟုတ်လား ...  မြန်လှချည်လားဟ။ ဂိုဏ်းတူအစ်ကို တိုင်ချွန်းချီရဲ့ အမှတ် ၁၀၀ နီးပါး ရှိနေတုန်းကတောင်မှ ဂိုဏ်းတူအစ်ကို လီဖူချန်းရဲ့ အမှတ်က သုညပဲ ရှိနေသေးတာလေ"

"လီဖူချန်း  ... ဟုတ်လား။ သူက ဘယ်သူလဲ"

"ဟာ ...  မင်းက လီဖူချန်းကိုတောင် မသိဘူးလား။ အေး … ဒါဆိုလည်း ပြောပြ ရတာပေါ့။  သူက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက ထိုးထွင်းသိမြင်မှု စမ်းသပ်ချက်မှာ အမှတ်ပြည့် ရထားတာ။ ငါကြားတာကတော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ဧကရာဇ် အဆင့်အတန်းက တပည့်တွေနဲ့တောင် ယှဉ်နိုင်တယ် ဆိုပဲ"

"အား ...  ဒါဆိုရင်တော့ လီဖူချန်းကို လျှော့တွက်လို့ မရဘူးပဲ။ သူက တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်လာရင် နောက်ထပ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလောက်တယ် "

အသေးစား ပင်လယ်သားရဲ သတ်ဖြတ်မှု စာရင်းရဲ့ ထိပ်ဆုံးကို တစ်ရှိန်ထိုး တက်လာတဲ့ လီဖူချန်းရဲ့ နာမည်ကိုတော့ ဝါစဉ်ကြီး ဂိုဏ်းသားတွေကော ဂိုဏ်းသားသစ်တွေကပါ သတိပြုမိ သွားခဲ့ပါပြီ။ သည်လို အဖြစ်မျိုး ဆိုတာက အရမ်းသိသာလွန်းနေတာ မဟုတ်ပါလား။

အပြင်စည်း တပည့်တွေပဲဖြစ်ဖြစ် ဒါမှမဟုတ် အတွင်းစည်း တပည့်တွေပဲ ဖြစ်ဖြစ်ပါလေ။ သေချာတာကတော့ သူတို့ဟာ လီဖူချန်းဆိုတဲ့ နာမည်ကို မေ့နိုင်တော့မှာ မဟုတ်ပါဘူး။

"ဟမ့်  ...  လီဖူချန်း ဟုတ်လား "

တိုင်ချွန်းချီကတော့ အတော်လေး မကျေမနပ် ဖြစ်နေခဲ့ပါတယ်။ ထိုးထွင်းသိမြင်မှု စမ်းသပ်ချက်တုန်းက ဆိုရင် သူ့ထက် သာတဲ့သူက နှစ်ယောက်ပဲ ရှိတာပါ။ အဲသည် နှစ်ယောက်ကတော့ မုယုံရှန်းရှင်းနဲ့ လီဖူချန်းပါပဲ။

မုယုံရှန်းရှင်းကတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားပြီး အတွင်းစည်းတပည့် ဖြစ်သွားခဲ့ပါပြီ။

လီဖူချန်း ...

လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုက အမှတ်ပြည့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံကြောင့် တိုင်ချွန်းချီက သူ့ကို စာရင်းထဲမှာတောင် မထည့်ထားပါဘူး။ အခု တိုင်ချွန်းချီရဲ့ ကျင့်ကြံမှု အဆင့်က ပြန်လည်ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ်ကို ရောက်နေခဲ့ပါပြီ။ အဲသည်အတွက် သူက အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းမှာ သူ့ကို မီနိုင်မယ့်သူ ရှိမှာ မဟုတ်ဘူးလို့ ယုံကြည်နေခဲ့တာပါ။ ဒါပေမဲ့လည်း အခုတော့ သူစာရင်းထဲမှာတောင် မထည့်ထားတဲ့ လီဖူချန်းက သူ့ရဲ့ နံပါတ်၁ နေရာကို လုယူသွားခဲ့ပါတယ်။ ဒါက အတော်လေး ဒေါသ ထွက်စရာပါပဲ။

"သွေးပုဆိန် "

တိုင်ချွန်းချီက ကြယ်၇ပွင့် ပုဆိန်တာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အစတုန်းကတော့ သူဟာ ပုဆိန်တာအို နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးဖို့ ရည်ရွယ်ချက် မရှိပေမဲ့လည်း ဆက်ပြီးတော့ သည်းမခံ နိုင်တော့ပါဘူး။

ဟူး ... ဟူး ... ဟူး ...

ပုဆိန်တာအို စွမ်းအားတွေ ထွက်လာတာနဲ့အညီ တိုင်ချွန်းချီရဲ့ ခန္ဓာကိုယ်ဟာလည်း ရပ်တန့်လို့ မရတဲ့ ပုဆိန်တာအို ချီအရှိန်အဝါကို ထုတ်လွှတ်လာခဲ့ပါပြီ။

" သေကြစမ်း "

အဲသည်နောက်မှာတော့ တိုင်ချွန်းချီဟာ ပုဆိန်ကို မြင့်နိုင်သမျှ မြင့်အောင်မြှောက်ပြီး ခုတ်ချပစ်လိုက် ပါတော့တယ်။

ရွှီး ...

ကြီးမားလှတဲ့ သွေးပုဆိန် အလင်းတန်း တစ်ခုဟာ ကောင်းကင်ပေါ်ကနေ သက်ဆင်းလာပြီး ပင်လယ်ရေပြင်ထဲကို ထိုးစိုက် သွားခဲ့ပါပြီ။

ဝုန်း ...

အသံကျယ်ကြီး တစ်ခုနဲ့အတူ ပင်လယ်သားရဲ အလောင်းအချို့ဟာ ပင်လယ်ရေပြင်ပေါ် ပေါလောပေါ်လာ ခဲ့ပါတယ်။ အဲသည်အလောင်းတွေကတော့ အနည်းဆုံး ၂၀ ရှိပြီး အဆင့်၄ ပင်လယ်သားရဲတွေ အပြင် အဆင့်၅ ပင်လယ်သားရဲ အချို့တောင် ပါနေပါသေးတယ်။

ဖန်း ... ဖန်း ... ဖန်း ...

ဒါပေမဲ့လည်း တိုင်ချွန်းချီရဲ့ တိုက်ခိုက်မှုက မပြီးသေးပါဘူး။ သူ့ရဲ့ ပုဆိန်အလင်းတန်းကြီးဟာ ပုဆိန်ငယ်လေးတွေ အဖြစ်ပြောင်းသွားပြီး အရပ်မျက်နှာ ပေါင်းစုံကို ပြေးထွက် သွားပြန်ပါတယ်။ သည်ပုဆိန်ငယ်လေးတွေရဲ့ တိုက်ခိုက်မှု စက်ကွင်းကတော့ အစောပိုင်းက တိုက်ခိုက်မှုထက် သက်ရောက်မှု ဧရိယာ ပိုကျယ်တယ်လို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သည်ပုဆိန်ငယ်လေးတွေက အစောပိုင်းက တိုက်ခိုက်မှု စက်ကွင်းရဲ့ အပြင်မှာ ရှိနေတဲ့ အဆင့်၄ ပင်လယ်သားရဲ တစ်ဒါဇင်ကျော်နဲ့ နောက်ထပ် အဆင့်၅ ပင်လယ်သားရဲ တချို့ကို ထက်ခြမ်း ခွဲပစ်လိုက်လို့ပါပဲ။

ပုဆိန်တာအို နတ်ဘုရားစွမ်းရည်ကို တစ်ခါထုတ်လိုက်တာက တိုင်ချွန်းချီရဲ့ ထောက်ပံ့ရေး ရမှတ်ကို ၁၀၀ တိတိ မြင့်တက် သွားစေပါတယ်။

အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းမှာလည်း သူ့ရဲ့ အဆင့်ဟာ နံပါတ်၁ ပြန်ဖြစ်သွားခဲ့ပါပြီ။

လီဖူချန်းကတော့ ထောက်ပံ့ရေးရမှတ် ၃၂၀နဲ့ အဆင့်၂ နေရာကို ပြန်ဆင်း သွားပါတော့တယ်။

"ဂိုဏ်းတူအစ်ကို တိုင်ချွန်းချီက နံပါတ်၁ နေရာကို ပြန်ယူလိုက်ပြီဟ။ သူတို့နှစ်ယောက်က ပြိုင်နေကြတာပဲ"

"ဂိုဏ်းတူအစ်ကို တိုင်ချွန်းချီရဲ့ ပုဆိန်တာအို နတ်ဘုရားစွမ်းရည်က အရမ်း အစွမ်းထက်တာပဲ။ သူ့ရဲ့ ပုဆိန်ခုတ်ချက် တစ်ချက်က အတွင်းစည်း တပည့်တွေနဲ့တောင် ယှဉ်လို့ ရနေပြီ "

လူတွေ အားလုံးက ပင်လယ်သားရဲတွေကို သတ်ဖြတ်နေရင်းနဲ့ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းကို စောင့်ကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် အသံပို့လွှတ်ကာ ပြောနေကြပါတယ်။

ပုဆိန်တာအို နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးထားပြီ ဖြစ်တဲ့ တိုင်ချွန်းချီကိုတော့ ရပ်တန့်လို့ မရတော့ပါဘူး။ အဆင့်၅ ပင်လယ်သားရဲ ဆယ်ကောင် ပေါင်းပြီး သူ့ကို ဝိုင်းတိုက်တဲ့ကြားက တိုင်ချွန်းချီဟာ အဲသည် ပင်လယ်သားရဲတွေကို သတ်ဖြတ်ပစ်လိုက်ပါတယ်။

နောက်ထပ် တစ်နာရီ အကြာမှာတော့ တိုင်ချွန်းချီရဲ့ ထောက်ပံ့ရေး ရမှတ်ဟာ ၃၄၂မှတ်ကနေပြီး အမှတ် ၁၀၀၀အထိကို ရောက်သွားခဲ့ပါပြီ။

ဒါပေမဲ့ လီဖူချန်းရဲ့ သတ်ဖြတ်မှုကလည်း သိပ်ပြီး နှေးကွေးနေခြင်း မရှိပါဘူး။ သူက ထောက်ပံ့ရေးရမှတ် ၇၀၀ ကျော်နဲ့ တိုင်ချွန်းချီရဲ့ နောက်ကနေပြီး ကပ်လိုက်လာပါတယ်။

"သည်ကောင့်ရဲ့ သတ်ဖြတ်မှုနှုန်းကလည်း မြန်လှချည်လား။ ကြည့်ရတာ သည်ကောင်လည်း သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို သုံးနေပြီ ထင်တယ် "

တိုင်ချွန်းချီက သူ့နောက်ကနေ ကပ်လိုက်လာတဲ့ လီဖူချန်းရဲ့ အမှတ်တွေကို ကြည့်ုပြီး စိတ်ရှုပ်ထွေးသွား ခဲ့ပါတယ်။

အစတုန်းကတော့ သူဟာ ပုဆိန်တာအို စွမ်းအားကို တစ်ဝက်လောက် သုံးပြီးရင် ရပ်တော့မလို့ပါပဲ။ ဒါပေမဲ့ အခုတော့ သူဟာ ဆေဘာတာအို စွမ်းအား သုံးနေတာကို မရပ်ရဲတော့ပါဘူး။ တကယ်လို့သာ သူက ဆေဘာတာအို စွမ်းအားသုံးတာကို ရပ်လိုက်မယ်ဆိုရင် လီဖူချန်းက သူ့ကို ကျော်တက်ပြီး အဆင့်၁ နေရာကို ယူသွားပါလိမ့်မယ်။

လီဖူချန်းရဲ့ အဆင့် မြှင့်တက်လာမှုက တိုင်ချွန်းချီကို ပြိုင်ဆိုင်လိုစိတ် ထက်သန်လာစေရုံမက တခြားသူတွေကိုလည်း စိတ်အားထက်သန် လာစေပါတယ်။

" လေသင်တုန်း နတ်ဘုရားဓားသွား"

စီးခုံကျန်းရဲ့ ဦးခေါင်းထက်မှာတော့ ထုတ်ချင်းဖောက် မြင်နိုင်တဲ့ ဓားတစ်လက် ဖြစ်တည်လာခဲ့ပါပြီ။ အဲဒါကတော့ သူ့ရဲ့ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ လေအလျင်  စွမ်းအားပါပဲ။

ရွပ် ... ရွပ် ... ရွပ် ... ရွပ် ...

အဲသည်နောက်မှာတော့ ဓားရိပ်တွေ ဖြာထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို စတင် သတ်ဖြတ် ပါတော့တယ်။ ဓားရိပ်တွေ ရောက်သွားတဲ့ နေရာမှန်သမျှမှာ ရှိနေတဲ့ ပင်လယ်သားရဲတွေ ကတော့ အတုံးအရုံး သေတော့တာပါပဲ။ သူ့ရဲ့ လေသင်တုန်း ဓားသွားက တိုင်ချွန်းချီရဲ့ သွေးပုဆိန် ခုတ်ချက်လောက် သက်ရောက်မှု ဧရိယာ မကျယ်ပေမဲ့လည်း သူ့ဟာနဲ့သူတော့ အစွမ်းထက် နေပါသေးတယ်။ ပြီးတော့ လေသင်တုန်း ဓားသွားတွေက ပိုပြီး မြန်သလို ပိုပြီးတော့လည်း ကြာရှည်ခံပါတယ်။

ပိုင်လိရှန်၊ ဟိုင်ဝူယာနဲ့ တခြား နိုင်ငံတော် ၆ခုက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကလည်း သူတို့ရဲ့ နတ်ဘုရား စွမ်းရည်တွေကို စတင် ထုတ်သုံးလာကြပါပြီ။ အဲသည်အတွက် သူတို့ရဲ့ အဆင့်တွေကလည်း ပြန်ခုန်တက်လာကြပါတယ်။

အချိန်တွေ တဖြည်းဖြည်း ကြာလာတာနဲ့ အမျှ လီဖူချန်းရဲ့ အဆင့်ဟာ ၂ကနေ ၃၊ ၃ကနေ ၄အထိကို ထိုးကျသွားခဲ့ပါတယ်။ စစ်ပွဲစပြီးလို့ ၂နာရီ အကြာမှာတော့ လီဖူချန်းရဲ့ အဆင့်ဟာ ၇အထိကို ထိုးကျသွားခဲ့ပါပြီ။

အခုအချိန်မှာတော့ ဂိုဏ်းတော်သားတွေဟာ ဘယ်သူက ပိုအားကောင်းသလဲ ဆိုတာကိုပဲ ပြိုင်နေလို့ မရတော့ပါဘူး။ သူတို့က ဘယ်သူ့ရဲ့ တိုက်ခိုက်မှု ဧရိယာက ပိုကျယ်သလဲ ဆိုတာကိုပါ ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ခိုက်မှု ဧရိယာ ပိုကျယ်တာနဲ့ ပင်လယ်သားရဲတွေကို ပိုသတ်နိုင်တာက တိုက်ရိုက်အချိုး သွားကျနေလို့ပါပဲ။

" ဟမ့် ...  သည်ကောင်က ဘာမှလည်း မဟုတ်ပါလား "

သူ့ရဲ့ အဆင့်သတ်မှတ်ချက်က လီဖူချန်းကို ကျော်တက်သွားတာကို မြင်ပြီးတဲ့ နောက်မှာတော့ စီးခုံကျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါတယ်။

" ရေခဲကြေးမုံ ဖြစ်တည်စမ်း "

ပိုင်လိရှန်ရဲ့ ရေခဲကြေးမုံကတော့ တော်တော်လေး ကြောက်စရာ ကောင်းလာပြီလို့ ဆိုရတော့မှာပါ။ သူမက ရေခဲကြေးမုံကို ထုတ်သုံးပြီးတဲ့ နောက်မှာတော့ အဆင့်တွေ တဖြည်းဖြည်းချင်း တက်လာခဲ့ပါတယ်။ အခုဆိုရင် သူမက အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းရဲ့ အဆင့်၂ နေရာကိုတောင် ရောက်လာခဲ့ပါပြီ။

" ဟင် ...  လီဖူချန်းက အဆင့်၇ကို ရောက်နေတာလား။ လုံးဝ မယုံနိုင်စရာပဲ"

ပိုင်လိရှန်က လီဖူချန်းရဲ့ အကြောင်းကို နည်းနည်းပါးပါး တီးမိခေါက်မိ ရှိတဲ့အတွက် သံသယ ဝင်နေမိပါတယ်။ သူမ သိတဲ့ လီဖူချန်းက သည်လောက်အထိ အဆင့်နိမ့်နေစရာ အကြောင်းမရှိပါဘူး။ သူက တမင်သက်သက် နတ်ဘုရားစွမ်းရည်ကို အပြည့်အဝ မသုံးသေးတာပဲ ဖြစ်ရပါမယ်။ ဒါပေမဲ့ ပိုင်လိရှန် မသိတာကတော့ လီဖူချန်းက နတ်ဘုရား စွမ်းရည်ကို ထုတ်မသုံးတဲ့အပြင် သူ့ရဲ့ အစွမ်းကိုလည်း နည်းနည်းလေးသာ ထုတ်သုံးထားသေးတယ် ဆိုတာပါပဲ။

"မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းက ဖျက်ဆီးအား ကောင်းပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်မှု အကွာအဝေးက နေဝန်းစိမ်း ဓားဆန္ဒလောက်ကို မရှိဘူး။ ငါ ဓားသိုင်းပြောင်းမှ ဖြစ်တော့မယ်"

အတွေးဝင်လာတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ တုံ့ဆိုင်းမနေဘဲ သူ့ရဲ့ ဓားကွက်ကို ပြောင်းလိုက်ပါတော့တယ်။

"နေဝန်းစိမ်း ဓားဆန္ဒ"

ချွမ် ...

အစိမ်းရောင် ဓားအလင်းတန်း တစ်ခုဟာ လီဖူချန်းကို ဗဟိုပြုပြီး ဖြာထွက်လာခဲ့ပါပြီ။

ရွှမ်း ...

အဲသည်နောက်မှာတော့ အဆင့်၅ ပင်လယ်သားရဲတွေနဲ့ အဆင့်၄ ပင်လယ်သားရဲတွေ ရောနှောပါဝင်နေတဲ့ အုပ်စုကြီး တစ်စုဟာ လီဖူချန်းရဲ့ အမြစ်ပြတ် သုတ်သင်ခြင်းကို ခံလိုက်ရပါတော့တယ်။

လီဖူချန်းရဲ့ အဆင့် သတ်မှတ်ချက်ဟာ အဆင့်၇ကနေ အဆင့်၅ကို ခုန်တက်သွားခဲ့ပါပြီ။ အဲသည်နောက်မှာတော့ အဆင့်၅ကနေ အဆင့်၃၊ အဆင့်၃ကနေ ၂အထိ ပြန်ရောက်သွားခဲ့ပါတယ်။

လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒကို လျှော့တွက်လို့တော့ မရပါဘူး။ သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒက ဓားစက်ကွင်း၊ ဓားဆန္ဒနဲ့ ဓားချီကို ပေါင်းစပ်ထားတာပါ။ အဲသည်အတွက် ဓားစက်ကွင်း သွားနိုင်တဲ့ နေရာမှန်သမျှကို ဓားဆန္ဒနဲ့ ဓားချီက လိုက်သွားပြီး တိုက်ခိုက်မှာပါပဲ။

အစွမ်းကုန် အားထုတ်ထားတဲ့ အချိန်မှာ ဆိုရင်တော့ လီဖူချန်းဟာ သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒ ဓားစက်ကွင်းကို မိုင်ပေါင်း အနည်းငယ်အထိ ဖြန့်ကြက်နိုင်ပါတယ်။

တိုက်ခိုက်မှု အကွာအဝေးကို မြှင့်တယ်ဆိုတာက ကောင်းလှတာတော့ မဟုတ်ပါဘူး။ အကွာအဝေး ရှည်လေလေ ဓားကွက်ရဲ့ ထိရောက်နိုင်စွမ်းက လျော့နည်းလေလေပါပဲ။ ဓားကွက်ရဲ့ ထိရောက်မှု အကွာအဝေးကို အရမ်း မြှင့်လိုက်မယ် ဆိုရင်တော့ဖြင့် အဆင့်၄ ပင်လယ်သားရဲတွေကို သတ်နိုင်ပေမဲ့ အဆင့်၅ ပင်လယ်သားရဲတွေ ကိုတော့ သတ်နိုင်တော့မှာ မဟုတ်ပါဘူး။

"လူသားစုတ် ...  သေစမ်း"

နောက်ဆုံးမှာတော့ လီဖူချန်း ဓားစွမ်းပြနေတာကို သည်းမခံ နိုင်တော့တဲ့ အဆင့်၅ အထွတ်အထိပ်အဆင့် ပင်လယ်သားရဲကြီး တစ်ကောင်ဟာ လီဖူချန်းဆီကို ရောက်လာခဲ့ပါပြီ။

အဲသည် ပင်လယ်သားရဲကတော့ ဝေလငါး အမျိုးအစား ဖြစ်ပြီး ခေါင်းကနေ အမြီးအထိ ပေတစ်သောင်းကျော် ရှည်ပါတယ်။ အဲဒါက တချို့သော အဆင့်၆ ကုန်းတွင်း မိစ္ဆာသားရဲတွေထက်ကို ကြီးတယ်လို့ ဆိုရမှာပါ။

ပေတစ်သောင်းကျော်  ...

အဲဒါကို မိုင်ဖွဲ့လိုက်မယ် ဆိုရင်တော့ ၆ မိုင်လောက် ရှိသွားမှာ ဖြစ်ပါတယ်။ လူသားနယ်ပယ်မှာ ရှိတဲ့ လူတစ်ယောက်ဆိုရင်တော့ အဲသည်၆မိုင်ဆိုတဲ့ အကွာအဝေးကို သွားဖို့အတွက် အချိန် အနည်းငယ် ယူမှပဲ ရပါမယ်

(TL note - သည်စာအုပ်ရဲ့ မူရင်းဟာ တရုတ် ဖြစ်တဲ့အတွက် တရုတ်တွေရဲ့ မိုင်နဲ့ တွက်ထားပုံပါပဲ။ တရုတ်တွေရဲ့ မိုင်တစ်မိုင်ဟာ  ငါးရာမီတာနဲ့ ညီမျှပါတယ်။ )

သည်ပင်လယ်သားရဲရဲ့ အရွယ်အစား အပေါ်မှာတော့ လီဖူချန်းက အံ့သြနေခြင်း မရှိပါဘူူး။ ပင်လယ်သားရဲတွေ ဆိုတာက နဂိုကတည်းက အရွယ်အစား ကြီးမားတဲ့ သားရဲတွေ မဟုတ်ပါလား။

ပြီးတော့ ဝေလငါး အနွယ်ဝင်တွေ ဆိုတာက အကြီးဆုံး ပင်လယ်သားရဲတွေထဲမှာ ပါဝင်တဲ့အတွက် ပေတစ်သောင်း ဆိုတာက ပုံမှန်ပါပဲ။ တကယ်လို့ ပေတစ်သောင်းထက် ကျော်နေရင်တောင်မှ ထူးဆန်းနေစရာ မရှိပါဘူး။

ရွှီး ...

တိုက်ခိုက်မှုကတော့ စတင် လာခဲ့ပါပြီ။ လီဖူချန်းဆီကို ရောက်လာတဲ့ ဝေလငါး သားရဲကြီးကတော့ အဖြူရောင် ဝေလငါးကြီး ဖြစ်ပြီး ခေါင်းပေါ်မှာတော့ လျှပ်စီးတွေ လက်နေတဲ့ ချိုတစ်ခု ရှိနေပါတယ်။ သူက လီဖူချန်းကို သူ့ရဲ့ ဦးချိုက လျှပ်စီးတွေနဲ့ တိုက်လိုက်လိုက်တာပဲ ဖြစ်ပါတယ်။

"ဟမ့် ... သည်ကောင်က မိစ္ဆာစက်ကွင်းတိုက်က မိစ္ဆာဗိုလ်ချုပ်တွေ လောက်ကို မစွံပါလား။ အားနည်းလိုက်တာ"

ရွှပ် ...  ရွှမ်း ...

လီဖူချန်းရဲ့ ပထမဓားချက်က လျှပ်စီးကြောင်းကို ပိုင်းဖြတ်လိုက်ပြီး ဒုတိယ ဓားချက်ကတော့ ဝေလငါးဖြူကြီးရဲ့ ဇီဝိန်ကို နုတ်ယူ သွားခဲ့ပါပြီ။

"အား ...  အခြေအနေ မဟန်ဘူး။ ပြေးကြဟေ့"

"ငါ  ...  သည်ကောင်တွေကို တစ်ယောက်တည်း မသတ်နိုင်တော့ဘူး။ ငါ တခြားလူတွေနဲ့ ပူးပေါင်းမှ ရတော့မယ် "

လီဖူချန်းကတော့ အဆင့်၅ ပင်လယ်သားရဲတွေကို သတ်ဖြတ်နိုင်တဲ့ အစွမ်းရှိတဲ့အတွက် တစ်ယောက်တည်းလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ တခြား ဂိုဏ်းသားတွေကတော့ သူ့လို မစွမ်းကြပါဘူး။

ချွမ် ... ချွမ် ... ချွမ် ...

အချိန်တွေ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းမှာ ရှိနေတဲ့ နာမည်တွေဟာ မှေးမှိန်ပြီး ပျောက်ကွယ်ကုန်ပါတယ်။ အဲဒါကတော့ အဲသည်နာမည် ပိုင်ရှင်တွေဟာ သေသွားကြပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

သည်လို စစ်ပွဲမျိုးကို ကြုံဖူးကျတဲ့ ဝါရင့်ဂိုဏ်းသား တပည့်တွေကတော့ သေဆုံးမှုတွေအတွက် ထူးပြီး အံ့သြ မနေကြတော့ပါဘူး။ ဒါဟာ စစ်ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။ စစ်ပွဲဆိုတာက အနိဋ္ဌာရုံတွေနဲ့ သေဆုံးမှုတွေ ပြည့်နှက်နေတဲ့ အရာ တစ်ခုပါပဲ။ တကယ်လို့ သေဆုံးခြင်းတွေသာ မရှိဘူးဆိုရင်တော့ စစ်ပွဲဆိုတဲ့ အရာဟာ မပြည့်စုံဘဲ နေပါလိမ့်မယ်။

သူတို့တွေဟာ သေဆုံးသွားတဲ့ သူတွေအတွက် ဝမ်းနည်း ပူဆွေးနေစရာ အချိန် မရှိပါဘူး။  သူတို့ကိုယ်တိုင်က သည်စစ်ပွဲထဲမှာ မသေအောင် ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။

ပင်လယ်သားရဲတွေကတော့ သတ်လို့ကို မကုန်နိုင်အောင်ပါပဲ။ နံပါတ်၅ ကင်းစခန်းကျွန်းမှာက သက်တံနီဂိုဏ်း အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေ အားလုံးပေါင်းမှာ တစ်ထောင်ပဲ ရှိတာပါ။ ဒါပေမဲ့လည်း သည်ကျွန်းကို လာတိုက်ခိုက်နေတဲ့ ပင်လယ်သားရဲတွေ ကတော့ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒါတောင်မှ နောက်ပိုင်းမှာ ပင်လယ်သားရဲတွေ ဘယ်လောက် ထပ်ရောက်လာဦးမလဲ မသိပါဘူး။

ဝုန်း ...

မီတာ တစ်သောင်းအထိ မြင့်မားတဲ့ ပင်လယ် ရေလှိုင်းကြီး တစ်လုံးဟာ လီဖူချန်းကို ရိုက်ပုတ်လာခဲ့ပါပြီ။

လီဖူချန်းက သေသေချာချာ အာရုံစူးစိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ ရေလှိုင်းထဲမှာ ရှိနေတဲ့ သတ္တဝါကို မြင်တွေ့လိုက်ရပါတယ်။ အဲဒါကတော့ အစောပိုင်းက ဝေလငါးဖြူထက် အရွယ်အစား ကြီးမားတဲ့ မြွေနဂါးကြီး တစ်ကောင်ပါပဲ။

လီဖူချန်းရဲ့ အထင်သာ မမှားဘူး ဆိုရင်တော့ အဲဒါက အဆင့်၆ အဆင့်နိမ့် ပင်လယ်သားရဲ ဖြစ်တဲ့ အရောင်စုံ ပင်လယ်မြွေနဂါးပဲ ဖြစ်ရပါမယ်။

" လူသား ...  နောက်တစ်နှစ် သည်အချိန်က မင်းရဲ့ အသုဘ နှစ်ပတ်လည်နေ့ပဲ "

အရောင်စုံ ပင်လယ်မြွေနဂါးကတော့ ပေတစ်သောင်းကျော် ရှည်ပြီး သူ့ရဲ့ ခန္ဓာကိုယ်က နဂါးတစ်ကောင်လိုပါပဲ။ ။ သူက အမြီးကို မြှောက်လိုက်ပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

ဂျိန်း ... ဂျိန်း ...

မိုးခြိမ်းသံတွေနဲ့အတူ အမြီးရိုက်ချက်ကြီးဟာ လီဖူချန်းရဲ့ အပေါ်ကို ကျရောက်လာခဲ့ပါပြီ။

သည်ရိုက်ချက်ကြီးဟာ လျင်မြန်လွန်းလှတဲ့ အတွက် ပြန်လည်ဝင်စားခြင်း နယ်ပယ်က ပညာရှင် အများစုဟာ ဘယ်လိုမှ ရှောင်တိမ်းနိုင်စရာ အကြောင်းမရှိပါဘူး။ ပြန်လည်ဝင်စားခြင်း နယ်ပယ်က ပညာရှင်တွေကို အသာထားပါဦး။ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်နိမ့်ပိုင်းက ဆရာသခင်တွေ တောင်မှ သည်ရိုက်ချက်ကို ရှောင်တိမ်းနိုင်ပါ့မလား ဆိုတာ မေးခွန်း ထုတ်ချင်စရာပါပဲ။

"လာစမ်းပါ"

"တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း"

အလျှံ တညီးညီးတောက်ပနေတဲ့ ဓားဆန္ဒ တစ်ခုကတော့ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ လီဖူချန်းက သူ့ရဲ့ အလျင်ကို ရုတ်ခြည်း တိုးမြှင့်လိုက်ပြီး အမြီးရိုက်ချက်ကို ကပ်သီပွတ်သီလေး ရှောင်တိမ်းလိုက်ကာ ဓားချက်တစ်ချက် ပြန်ထုတ်လိုက်ပါတယ်။

ရွှမ်း ...

ကြက်သွေးရောင် ဓားအလင်းတန်း တစ်ခုကနေ တိမ်တိုက်သဏ္ဌာန် မီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး အဲသည်မီးလုံးကြီးက အရောင်စုံ ပင်လယ်မြွေနဂါးကို ဝါးမျိုလိုက်ပါတော့တယ်။

ဝုန်း ...

အဲသည်နောက်မှာတော့ မီးလုံးကြီးက ပေါက်ကွဲသွားပြီး အရောင်စုံ ပင်လယ်မြွေနဂါးကို တစ်စစီ ဖြစ်သွားစေခဲ့ပါပြီ။

ရှူး ...

အရောင်စုံ ပင်လယ်မြွေနဂါးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က သူ့ရဲ့ ခန္ဓာကိုယ်ကို စွန့်ခွာပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်ပါတယ်။

မိစ္ဆာဝိညာဉ် သို့မဟုတ် အစစ်အမှန် သားရဲဝိညာဉ်။

အဆင့်၆ မိစ္ဆာသားရဲတွေဟာ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင်မှ သေဆုံးခြင်း မရှိပါဘူး။ သူတို့က သူတို့ရဲ့ မိစ္ဆာဝိညာဉ် ရှိနေသေးသရွေ့ ပြန်လည်ဝင်စားလို့ ရပါသေးတယ်။

ဘန်း ...

ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာကတော့ လီဖူချန်းက အရောင်စုံ ပင်လယ်နဂါးရဲ့ မိစ္ဆာဝိညာဉ်ကို ထွက်ပြေးခွင့် လုံးဝ မပေးခဲ့တာပါပဲ။ သူက ဓားချက် တစ်ချက်တည်းနဲ့ပဲ မိစ္ဆာဝိညာဉ်ကို ဖောက်ခွဲ ပစ်လိုက်တာပါ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းရဲ့ နံပါတ်၁ နေရာကို ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။

အခုချိန်မှာတော့ ပင်လယ်သားရဲတွေကို မရပ်မနား သတ်ဖြတ်နိုင်တာဆိုလို့ သူပဲ ရှိပါတော့တယ်။ ကျန်တဲ့သူတွေကတော့ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်တော့ပါဘူး။ တိုင်ချွန်းချီ အပါအဝင် ဖြစ်တဲ့ ဘုရင် အဆင့်အတန်းက အပြင်စည်းတပည့်တွေ ကလည်း အစွမ်းထက်တဲ့ ပင်လယ်သားရဲတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်တဲ့အတွက် သတ်ဖြတ်နှုန်းတွေ နှေးကွေးလာခဲ့ပါပြီ။

လီဖူချန်းကတော့ ပင်လယ်သားရဲတွေကို တစ်ကောင်ပြီး တစ်ကောကာင် သတ်နေဆဲပါပဲ။ နောက်ပိုင်း သူသတ်ခဲ့တဲ့ ပင်လယ်သားရဲတွေထဲမှာ ဆိုရင် အဆင့်၅ ပင်လယ်သားရဲတွေ အပြင် အဆင့်၆ အဆင့်နိမ့် သားရဲနှစ်ကောင်တောင် ပါနေပါသေးတယ်။

တစ်ချိန်တည်းမှာပဲ သူနဲ့ နံပါတ်၂ နေရာမှာ ရှိနေတဲ့ တိုင်ချွန်းချီရဲ့ ကြားက ထောက်ပံ့ရေးအမှတ် ကွာဟမှုဟာ ပိုပိုပြီး ကြီးမားလာခဲ့ပါပြီ။

" လခွီးပဲ  ...  ပုဆိန်တာအို စွမ်းအားတွေကို အစပိုင်းကတည်းက မသုံးခဲ့သင့်ဘူး "

တိုင်ချွန်းချီကတော့ သူနဲ့ အမှတ် တဖြည်းဖြည်း ကွာခြားသွားတဲ့ လီဖူချန်းရဲ့ အမှတ်တွေကို ကြည့်ပြီး နောင်တရ နေပါတော့တယ်။

အခုဆိုရင် သူက သူ့ရဲ့ ပုဆိန်တာအိုစွမ်းအား တစ်ဝက်ကျော်လောက်ကို အသုံးပြုပြီး သွားခဲ့ပါပြီ။ သည်ကြားထဲမှာမှ ပင်လယ်သားရဲအုပ်ကြီး ကလည်း ပိုများလာပါသေးတယ်။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူ့ရဲ့ ပုဆိန်တာအို စွမ်းအားတွေဟာ အကုန်အစင် ကုန်ခန်းသွားတော့မှာ အသေအချာပါပဲ။

ဒါကိုတော့ တိုင်ချွန်းချီ အနေနဲ့ သူ့ကိုသူပဲ အပြစ်တင်ရပါမယ်။ သူသာ တိုက်ပွဲအစ ကတည်းက ပုဆိန်တာအို စွမ်းအားကို ထုတ်မသုံးဘဲ အခုမှ ထုတ်သုံးမယ်ဆိုရင် အခုလို အခြေအနေမျိုးနဲ့ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။

စီးခုံကျန်းနဲ့ ကျန်တဲ့သူတွေဟာလည်း နောင်တရ နေတာပါပဲ။

သူတို့က စစ်ပွဲထဲမှာ တစ်ခါမှ ဝင်မတိုက်ဖူးတဲ့ အတွက် စစ်ပွဲ အစကတည်းက အားကြိုးမာန်တက် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲသည်အတွက် သူတို့ဟာ အခုအချိန်မှာ အတော်လေး လက်ပန်း ကျနေကြပါပြီ ။

"အရူးတွေ "

ဘုရင်အဆင့် အတွင်းစည်းဂိုဏ်းသား တစ်ယောက်က သူတို့ကို ရှုတ်ချလိုက်ပါတယ်။ သည်ဂိုဏ်းသားသစ်တွေက စစ်ပွဲစတာနဲ့ သူတို့ရဲ့ နတ်ဘုရား စွမ်းရည်တွေကို အပြိုင်အဆိုင်သုံးပြီး အချင်းချင်း ပြိုင်နေကြတာ မဟုတ်ပါလား။ သည်ကောင်တွေက သေဆုံးခြင်း ဆိုတာကို ထည့်စဉ်းစားနိုင်တဲ့ ဉာဏ်ရည် လုံးဝ မရှိပါဘူး။

၃၀၀  ...  ၅၀၀ ...  အမှတ် ၁၀၀၀  ...

စစ်ပွဲကတော့ အထွတ်အထိပ် ကာလကို ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ထောက်ပံ့ရေး ရမှတ်တွေကတော့ တူညီတဲ့ နှုန်းနဲ့ တက်နေဆဲပါပဲ။ အချိန်အတိုင်းအတာ တစ်ခုအထိ အရောက်မှာတော့ လီဖူချန်းဟာ တိုင်ချွန်းချီထက် ထောက်ပံ့ရေးရမှတ် ၁၀၀၀ ကျော် သာသွားခဲ့ပါပြီ။

" လီဖူချန်း ...  သည်ကောင်က ဘာကြီးလဲ။ သူက စစ်ပွဲ အစမှာတုန်းက အစွမ်းကုန် မတိုက်ဘူးလား "

တခြား အပြင်စည်း တပည့်တွေကတော့ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းပေါ်က လီဖူချန်းရဲ့ အမှတ်တွေကိုကြည့်ပြီး ဆွံ့အနေကြပါပြီ။ သူတို့က လီဖူချန်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောနိုင်တော့ပါဘူး။

အဲသည်အချိန်မှာတော့ လီဖူချန်းဟာ အစွမ်းထက် ပင်လယ်သားရဲ တစ်ကောင်ဖြစ်တဲ့ လက်သည်းတစ်ချောင်း မြွေနဂါးတစ်ကောင်နဲ့ တိုက်ခိုက်နေရပါပြီ။ အခု သူရင်ဆိုင်နေရတဲ့ လက်သည်းတစ်ချောင်း မြွေနဂါးက အဆင့်၆ အဆင့်နိမ့် ပင်လယ်သားရဲ ဖြစ်ပေမဲ့လည်း အစောပိုင်းက သူ ရင်ဆိုင်ခဲ့ရတဲ့ အရောင်စုံ ပင်လယ် မြွေနဂါးထက်ကို ပိုပြီး အစွမ်းထက်တယ်လို့ ဆိုရပါမယ်။

" နဂါးအသွင်ပြောင်း "

မြွေနဂါးရဲ့ ဝမ်းဗိုက်မှာ တစ်ခုတည်း ရှိတဲ့ လက်သည်းဟာ နဂါးတစ်ကောင်ရဲ့ လက်သည်းအသွင် ပြောင်းပြီး လီဖူချန်းကို ကုတ်ဆွဲလာခဲ့ပါပြီ။

"အဆိပ် နဂါးဝိညာဉ် လာစမ်း "

ဘန်း ...

လီဖူချန်းက သေရေးရှင်ရေး အခိုက်အတန့်မှာတော့ ပညာ လျှိုမထား နိုင်တော့ပါဘူး။ သူက အဆိပ်နဂါး ဝိညာဉ်ကို အသက်သွင်းလိုက်ပြီး ပြန်လည် တိုက်ခိုက်လိုက်ပါတယ်။

အသံကျယ်ကြီး တစ်ခုနဲ့အတူ လီဖူချန်းဟာ အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။

"ထွီ ...  သည်ကောင်က ရေနဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာပဲ"

လီဖူချန်းက ပါးစပ်ထဲက သွေးစအချို့ကို ထွေးထုတ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

သာမန် အဆင့်၆ အဆင့်နိမ့် ပင်လယ်သားရဲတွေဟာ သူ့ကို ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။ ရေနဂါးတွေလို ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်နိုင်တဲ့ သားရဲတွေရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတဲ့ ပင်လယ်သားရဲတွေမှပဲ သူ့ကို အခုလို ဖိနှိပ်နိုင်ပါလိမ့်မယ်။

အစစ်အမှန် ရေနဂါးတစ်ကောင် ဆိုတာက မိစ္ဆာသားရဲတွေရဲ့ ဧကရာဇ် ဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ပင်လယ်နီရဲ့ အစွမ်းအထက်ဆုံး သားရဲဘုရင်ဖြစ်တဲ့ အနီရောင် ရေနဂါးတောင်မှ သွေးသန့် ရေနဂါးတစ်ကောင် မဟုတ်ပါဘူး။ တကယ်လို့ သူကသာ သွေးသန့် ရေနဂါး ဆိုရင်တော့ အစောကြီးကတည်းက မိစ္ဆာသားရဲ ဧကရာဇ် အဆင့်ကို ရောက်နေလောက်ပါပြီ။

" ဟင် ...  သည်လူသားက  ... "

လက်သည်းတစ်ချောင်း မြွေနဂါးကလည်း လီဖူချန်းကို အကြောင်သား စိုက်ကြည့် နေမိပါတယ်။ အစောပိုင်းက သူ့ရဲ့ လက်သည်းကုတ်ချက်ဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်နိမ့်ပိုင်းက ဆရာသခင်တွေကို တောင်မှ တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တာပါ။ လီဖူချန်းလို ပြန်လည်ဝင်စားခြင်း နယ်ပယ်က ပညာရှင် တစ်ယောက်ဟာ သည်လက်သည်းချက်ကို ခုခံနိုင်စရာ အကြောင်းမရှိပါဘူး။

***

All Chapters