လုံကျင်း မိစ္ဆာသားရဲ ဗိုလ်ချုပ်
Vol. 37 Ch. 498
လက်သည်းကုတ်ချက်၊ အမြီးရိုက်ချက်၊ အဖြူရောင် အလင်းတန်းတွေနဲ့ ပစ်ခတ်မှု။
လက်သည်းတစ်ချောင်း မြွေနဂါးကတော့ နည်းမျိုးစုံပြောင်း တိုက်ခိုက်ပြီး လီဖူချန်းကို တရစပ် ဖိနှိပ် တိုက်ခိုက်နေပါတယ်။
ဘန်း ... ဘန်း ... ဘန်း ...
လီဖူချန်းကလည်း အနောက်ကို ဆက်တိုက် ဆုတ်ပေးနေရတာပါပဲ။ တကယ်လို့ လီဖူချန်းရဲ့ ခံနိုင်ရည်ကသာ အလွန်အမင်း အားကောင်းနေခြင်း မရှိဘူး ဆိုရင်တော့ သူဟာ အစောကြီးကတည်းက ဒဏ်ရာ ရနေလောက်ပါပြီ။
"အခြေအနေ မဟန်တော့ဘူး။ ငါ့ရဲ့ သာမန်အစွမ်းက သည်ကောင့်ကို မယှဉ်နိုင်ဘူး။ ပြေးမှ"
လီဖူချန်းရဲ့ လက်ရှိ သေမျိုးကပ်ဘေး လက်သီးက အဆိပ်နဂါး လက်သီးကိုတောင် မယှဉ်နိုင်သေးပါဘူး။ တကယ်လို့ သူ့ရဲ့ သေမျိုးကပ်ဘေး လက်သီးက ပြီးပြည့်စုံခြင်း အဆင့်မှာ ဆိုရင်တော့ လီဖူချန်းဟာ ပြေးဖို့ မစဉ်းစားဘဲ ပြန်လည် တိုက်လိုက်မှာပါ။
ဝှစ် ...
ဆုံးဖြတ်ချက် ချပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ကျွန်းနံပါတ်၅ဆီကို တစ်ချိုးတည်းလှည့်ပြီး ပြေးပါတော့တယ်။
" လူသား ... မင်းကို ဘယ်သူက ပြေးခွင့် ပေးလို့လဲ "
အသံနဲ့အတူ ပေထောင်ပေါင်း အနည်းငယ် မြင့်တဲ့ ပင်လယ်မျောက် တစ်ကောင်ဟာ ပင်လယ်ထဲက တိုးထွက်လာပြီး လီဖူချန်းကို လမ်းပိတ်ထားလိုက်ပါတယ်။
အဲသည်မျောက်ကတော့ အဆင့်၆ အလယ်အလတ် အဆင့်ဖြစ်တဲ့ ရေနီမျောက်ပါပဲ။
ဝုန်း ... ဝုန်း ... ဝုန်း ... ဝုန်း ...
ရေနီမျောက်က ပင်လယ်ရေပြင်ကို တစ်ချက် ရိုက်လိုက်တဲ့ အခါမှာတော့ ကျွန်းတစ်ကျွန်းကိုတောင် မြုပ်ပစ်နိုင်လောက်တဲ့ ရေလုံးကြီးတွေဟာ မြှောက်တက်လာပြီး လီဖူချန်းဆီကို တိုးဝင် သွားပါတော့တယ်။ ပတ်ဝန်းကျင် တစ်ခုလုံးကတော့ ကမ္ဘာပျက် နေသလိုပါပဲ။ ပတ်ဝန်းကျင် အနီးအနားမှာ ရှိနေတဲ့ အပြင်စည်းတပည့် အချို့ကတော့ သည်ရေလုံးကြီးတွေရဲ့ ဖိနှိပ်မှုကြောင့် တစ်စစီကြေမွကာ သေဆုံးကုန်ကြပါပြီ။
" မကောင်းတော့ဘူး "
အခြေအနေ မဟန်တော့တာကို ရိပ်မိတဲ့ လီဖူချန်းက အဆိပ်နဂါး ဝိညာဉ်နဲ့ သူ့ကိုသူ ကာကွယ်ထားလိုက်ပါတယ်။
ဖောင်း ... ဖောင်း ... ဖောင်း ...
ဘန်း ... ဘန်း ...
အဆိပ်နဂါး ဝိညာဉ်က တွန့်လိမ်သွားပြီး အလွှာ အထပ်ထပ်ဟာလည်း ပျက်စီးစ ပြုလာပါပြီ။ အဆိပ်နဂါးဝိညာဉ်ရဲ့ အကာအကွယ် နောက်ဆုံးအလွှာကိုတော့ လက်သည်းတစ်ချောင်း မြွေနဂါးက လက်သည်းနဲ့ ကုတ်ပြီး ဆွဲဖြဲပစ်လိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ အဲသည်လက်သည်းက နဂါးတစ်ကောင်ရဲ့ လက်သည်းအဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို အညှာအတာ ကင်းမဲ့စွာ တိုးဝင်လာပြန်ပါတယ်။ လီဖူချန်းအတွက်ကတော့ ထွက်ပြေးစရာလမ်း မရှိတော့ပါဘူး။
"မီးတောက် "
ရှဲ ...
ရုတ်တရက်ဆိုသလို မီးလျှံတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး လက်သည်းတစ်ချောင်း မြွေနဂါးကို တွန်းထုတ်ပစ်လိုက်ပါတယ်။ သူ့ရဲ့ လက်သည်းကုတ်ချက်ဟာ မီးလျှံတန်းကြီးကို ဘယ်လိုမှ အံမတု နိုင်ခဲ့ပါဘူး။
တစ်ဆက်တည်းမှာပဲ မီးလူသား တစ်ယောက်ဟာ ကောင်းကင်ယံပေါ်မှာ ပေါ်လာခဲ့ပါပြီ။
မီးလျှံနှလုံးသား ...
အဲသည်လူသားကတော့ မီးလျှံနတ်ဘုရား စွမ်းရည်ကို ထုတ်သုံးထားတဲ့ လီဖူချန်းပါပဲ။ ချီအတွင်းအား ကျင့်ကြံမှုကော ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုပါ အဆင့်တက်လာမှတော့ သူ့ရဲ့ မီးလျှံ နှလုံးသားဟာလည်း ပိုပြီး အစွမ်းမထက်လာစရာ အကြောင်းမရှိပါဘူး။
ပြီးတော့ သူ့ရဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်ကလည်း ရှိပါသေးတယ်။ အခုဆိုရင် လီဖူချန်းက မီးလျှံအရိုး တည်ဆောက်ပုံရဲ့ အဆစ်လေးဆစ်နဲ့ တစ်ဝက်မှာ ရှိတဲ့ အင်းကွက်တွေကို နားလည် သဘောပေါက်ခဲ့ ပြီးပါပြီ။
သည်နေရာမှာ တစ်ခု သိထားရမှာကတော့ လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံမှာက အဆစ်၆ဆစ်သာ ရှိတယ် ဆိုတာပါပဲ။
ရှဲ ... ရှဲ ... ရှဲ ...
မီးလျှံလှိုင်းကြီးတွေဟာ အရပ်မျက်နှာ အနှံ့ကို ဖြာထွက်နေခဲ့ပါပြီ။ သည်မီးလျှံလှိုင်းတွေ ကိုတော့ သာမန် မီးတောက်တွေလို့ သတ်မှတ်လို့ မရပါဘူး။ သည်မီးလျှံလှိုင်းတွေ ထဲမှာက မီးလျှံဥပဒေသတွေ ခိုဝင်ကိန်းအောင်း နေတာပါ ။ ဒါကြောင့်လည်း လက်သည်းတစ်ချောင်း မြွေနဂါးက အနောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။
"ကောင်းလိုက်တဲ့ မီးလျှံ နတ်ဘုရားစွမ်းရည်။ နဂါး အသွင်ပြောင်း"
လက်သည်းတစ်ချောင်း မြွေနဂါးက လီဖူချန်းကို လက်သည်းနဲ့ နောက်ထပ်တစ်ကြိမ် တိုက်ခိုက် လာခဲ့ပြန်ပါပြီ။
"သွားစမ်း "
လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်လိုက်ပြီး လက်သည်းကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။
ဝုန်း ... ဘန်း ...
မီးလျှံတန်းနဲ့ လက်သည်း အတွေ့မှာတော့ လက်သည်းဟာ နောက်ဆုတ် သွားခဲ့ရပါပြီ။ ပြီးတော့ လက်သည်းပေါ်မှာ ဆိုရင်လည်း မီးကျွမ်းနေတဲ့ ဓားဒဏ်ရာ တစ်ခုက အထင်းသားပါပဲ။
"ဟီး ... ဟီး ... လက်သည်းတစ်ချောင်း ဗိုလ်ချုပ်။ ကြည့်ရတာ မင်းရဲ့ အစွမ်းက ထင်သလောက် မဟုတ်ဘူးပဲ။ မင်းက ပြန်လည်ဝင်စားခြင်း နယ်ပယ်က ပုရွက်ဆိတ်သာသာ လူသားကိုတောင်မှ မနိုင်ဘူးလား"
ရေနီမျောက်ကတော့ ချိုတစ်ချောင်း မြွေနဂါးကို အနီးကပ်ပြီး လှောင်ပြောင် နေပါတယ်။
"ဟမ့်"
"ရေနီဗိုလ်ချုပ် ... မင်းက သည်လူသားကို ရင်ဆိုင်ရတာ လွယ်တယ် ထင်နေတာလား။ အပြောကြီးမနေဘဲ လက်တွေ့အရင် သွားတိုက်ကြည့်ဦး"
လီဖူချန်းက သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် မဟုတ်ဘူးဆိုတာ အသိသာကြီးပါပဲ။ ပြီးတော့ လီဖူချန်း သုံးနေတဲ့ မီးလျှံနတ်ဘုရား စွမ်းရည်ကလည်း သူများတွေနဲ့ မတူဘဲ တစ်မူ ထူးခြား ကွဲပြားနေပါတယ်။ ဒါကြောင့်လည်း လက်သည်းတစ်ချောင်း မြွေနဂါးက ရေနီမျောက်ကို တိုက်ခိုက်ဖို့ လက်လွှဲလိုက်တာပါ။
"သေသေချာချာ ကြည့်ထား။ ဘယ်လို တိုက်ရတယ်ဆိုတာကို ငါမင်းကို ပြမယ် "
စကားအဆုံးမှာတော့ ရေနီမျောက်ဟာ ပင်လယ်ထဲကို ငုပ်လျှိုး သွားခဲ့ပါပြီ။ သူက လီဖူချန်းကို ပင်လယ်ရေအောက်ထဲကနေ တိုက်ခိုက်ဖို့ ကြံရွယ်နေပုံ ရပါတယ်။
"သည်လို လုပ်လို့ ရမှာလား။ မင်းလာတဲ့နေရာ ပြန်သွားစမ်း"
ပင်လယ်ရေအောက် ထဲကိုတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ အသိစိတ်အာရုံဟာ အလုပ်မလုပ်ပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ ခြွင်းချက်ပါပဲ။ သူ့ရဲ့ အသိစိတ် အာရုံက မူလပင်လယ် နယ်ပယ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် အာရုံ စူးစိုက်လိုက်တာနဲ့ ပင်လယ်ရေအောက်ထဲကို အာရုံ ခံနိုင်ပါတယ်။
ဝုန်း ...
ရေနီမျောက်ဟာ လီဖူချန်းရဲ့ ဓားချက်အရသာကို မြည်းစမ်းကြည့်သွား ခဲ့ရပါပြီ။
" ဟား ... ဟား ... ဟား ... ဒါက မင်းပြောတဲ့ တိုက်ခိုက်ပြမယ် ဆိုတာလား "
လက်သည်းတစ်ချောင်း မြွေနဂါးက ခွက်ထိုးလှန်အောင် အော်ရယ်နေပါတော့တယ်။ သည်တစ်ကြိမ်ကတော့ သူ ဟားတိုက်ရမယ့် အလှည့်ပါပဲ။
ဗွမ်း ...
မိုင်အနည်းငယ် အကွာမှာတော့ ရေနီမျောက်ဟာ ပင်လယ်ထဲကနေ ပြန်ထွက်ပေါ် လာခဲ့ပါပြီ။ သူ့ရဲ့ တစ်ကိုယ်လုံးမှာတော့ မီးလောင်ဒဏ်ရာတွေ အပြည့်ပါပဲ။ ကြည့်ရတာတော့ သူက လီဖူချန်းရဲ့ မီးလျှံဓားချီတွေကို မိမိရရကြီး မြည်းကြည့်လိုက်ရတဲ့ပုံ ရှိပါတယ်။ အဲသည်အတွက် ရေနီမျောက်ရဲ့ မျက်နှာက သိပ်မကောင်းလှပါဘူး။
"အစောပိုင်းက ငါနည်းနည်း ပေါ့ဆ သွားလို့ပါကွာ။ အဲဒါကို ထည့်မတွက်နဲ့တော့။ ငါ သည်တစ်ကြိမ် သည်ကောင့်ကို တကယ် အနိုင်ယူပြမယ်"
စကား ပြောနေရင်းနဲ့ ရေနီမျောက်က လီဖူချန်းကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။
"တော်ပါတော့ကွာ။ သည်လူသား ကလေးက ပြဿနာကောင် ဆိုတာကို ဝန်ခံလိုက်စမ်းပါ။ မင်းနဲ့ငါပေါင်းပြီး အမြန် သတ်လိုက်ကြရအောင် "
လက်သည်းတစ်ချောင်း မြွေနဂါးက လီဖူချန်းနဲ့ အချိန်ဖြုန်း မနေချင်တော့တဲ့ ပုံပါပဲ။ သူ ရေနီမျောက်ကို အတူ ပူးပေါင်းဖို့ ကမ်းလှမ်းလိုက်ပါတယ်။
" ဟုတ်ပြီလေ "
ရေနီမျောက်ကလည်း မငြင်းပါဘူး။
ဝုန်း ... ဝုန်း ...
ဘန်း ...
ပင်လယ်သားရဲကြီး နှစ်ကောင်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ရတဲ့ အခါမှာတော့ လီဖူချန်းဟာ အောက်စည်းကို လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပါပြီ။
ဒါကလည်း သိပ်ပြီး အံ့သြစရာတော့ မဟုတ်ပါဘူး။ သည်ပင်လယ်သားရဲ နှစ်ကောင်က တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၂ ဒါမှမဟုတ် အဆင့်၃က ဘုရင်အဆင့် တပည့်တွေနဲ့တောင် ယှဉ်လို့ ရနေတာ မဟုတ်ပါလား။
ဘန်း ...
အခြေအနေ မဟန်တော့တဲ့ လီဖူချန်းဟာ လက်သည်းတစ်ချောင်း မြွေနဂါးရဲ့ အမြီးရိုက်ချက်က တမင် ရည်ရွယ်ချက်ရှိရှိ ရိုက်ခံပြီး အဲသည် ရိုက်အားကို တန်ပြန် ရယူကာ ကျွန်းပေါ်ကို တက်ပြေးသွားခဲ့ပါတယ်။
" မပြေးနဲ့ ငကြောက်။ သတ္တိရှိရင် ပြန်လာခဲ့ "
ဝုန်း ... ဝုန်း ...
ရေနီမျောက်နဲ့ လက်သည်းတစ်ချောင်း နဂါးတို့ကတော့ လီဖူချန်းအနေနဲ့ သည်လို ပြေးသွားလိမ့်မယ်လို့ လုံးဝ မထင်ထားတဲ့အတွက် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ သူတို့က ကျွန်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို ထုရိုက်နေရုံပဲ တတ်နိုင်ပါတော့တယ်။
လီဖူချန်းကတော့ အနောက်ကို တစ်ချက်မှတောင် လှည့်မကြည့်ဘဲ လစ်ပြေးသွားခဲ့ပါပြီ။
ကျွန်းပေါ်မှာတော့ အခြေအနေ မဟန်လို့ လီဖူချန်းလို ပြန်လာတဲ့ အကြီးအကဲတွေ နဲ့ ဂိုဏ်းတပည့်တွေ အများကြီး ရှိနေပါတယ်။
ကမ်းခြေကို တိုက်ခိုက်ဖို့ လာနေတဲ့ ပင်လယ်သားရဲ အရေအတွက်ကတော့ အဆုံးရှိမယ့်ပုံ မပေါ်ပါဘူး။ တိုက်ရိုက် တပည့်တွေကသာ ရှေ့ဆုံးကနေ ကြံ့ကြံ့ခံပြီး မကာကွယ်ထား ပေးလို့ကတော့ စစ်ပွဲရဲ့ ရလဒ်ဟာ အရှုံးဖြစ်နေလောက်ပါပြီ။
ခဏလေး နားရတဲ့ အချိန်အတွင်းမှာတော့ လူအားလုံးဟာ အသေးစားနဲ့ အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းကို စိတ်ဝင်တစား ကြည့်ရှုနေကြပါတယ်။
အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းမှာတော့ ယွန်လုံက ထောက်ပံ့ရေးရမှတ် ၃၈၀၀၀ နဲ့ ဦးဆောင်နေဆဲပါပဲ။ သူက နံပါတ်၂ နေရာမှာ ရှိနေတဲ့သူကို အမှတ် ၁၀၀၀၀ တောင် ဖြတ်ထားတာပါ။
ဒါပေမဲ့လည်း ဂိုဏ်းသားတွေကတော့ ယွန်လုံရဲ့ ပြိုင်ဘက် နှစ်ယောက်ဖြစ်တဲ့ တခြား ဘုရင်အဆင့် တပည့်နှစ်ယောက်က ခရီးလွန်နေတာကြောင့် ယွန်လုံအနေနဲ့ နံပါတ် ၁ နေရာကို ပြတ်ပြတ်သားသား ယူထားနိုင်တာလို့ ကောက်ချက် ချနေကြပါတယ်။
အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းကို ဦးဆောင်ထားသူကတော့ လီဖူချန်းကလွဲပြီး တခြားလူ ဖြစ်နိုင်စရာ အကြောင်း မရှိတော့ပါဘူး။
လူတွေအားလုံးကလည်း တိုင်ချွန်းချီဟာ လီဖူချန်းရဲ့ နံပါတ်၁ နေရာကို ပြန်လုယူနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ကြေး ပေးနေကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းနဲ့ တိုင်ချွန်းချီကြားက အမှတ်ကွာခြားချက်ဟာ ၁၅၀၀ တောင် ရှိနေလို့ပါပဲ။
လီဖူချန်းရဲ့ ထောက်ပံ့ရေးရမှတ်က ၃၆၀၀ ရှိနေပြီး တိုင်ချွန်းချီကတော့ အခုမှတ် အမှတ် ၂၁၀၀ သာ ရှိနေသေးတာပါ။ လီဖူချန်းတစ်ယောက် စစ်ပွဲအတွင်းမှာ မသေသွားသရွေ့ကတော့ တိုင်ချွန်းချီ အနေနဲ့ လီဖူချန်းကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး မရှိပါဘူး။
"ဟေ့ကောင်တွေ ... မြန်မြန် ကြည့်လိုက်ကြ။ လီဖူချန်းရဲ့ ထောက်ပံ့ရေး ရမှတ်က အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းက အတွင်းစည်းတပည့် တချို့ထက်တောင် များနေသေးတယ်ဟ "
ရုတ်တရက် ထအော်လိုက်တဲ့ အပြင်စည်းတပည့်ရဲ့ အသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါပြီ။
သူ့ရဲ့ စကားသံကို ကြားလိုက်တဲ့ လူတွေ အကုန်လုံးကလည်း စာရင်းတွေကို နောက်ထပ်တစ်ကြိမ် ပြန်ကြည့်လိုက်ကြပါတယ်။
အပြင်စည်းတပည့် ပြောသလိုပါပဲ။ လီဖဖူချန်းရဲ့ ထောက်ပံ့ရေးရမှတ်က ၃၅၀၀ ရှိနေချိန်မှာ အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းရဲ့ အောက်ပိုင်းမှာ ရှိနေတဲ့ တပည့်တွေရဲ့ အမှတ်က ၃၀၀၀ ပတ်ချာလည်သာ ရှိနေပါတယ်။ လီဖူချန်းရဲ့ အမှတ်က သူတို့ထက် ၅၀၀လောက်ကို များနေတာပါ။
"အဲဒါက လီဖူချန်းရဲ့ အစွမ်းက အတွင်းစည်းတပည့် တချို့ထက် အစွမ်းထက်နေပြီဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား"
"အဲလိုကြီးတော့ မဟုတ်လောက်ဘူးကွာ။ သူက ကံနည်းနည်းကောင်းပြီး အစွမ်းထက်တဲ့ ပင်လယ်သားရဲတွေနဲ့ မတွေ့ခဲ့တာပဲ ဖြစ်မှာပါ"
"သည်ကိစ္စကို အခုအချိန် ပြောဖို့က စောပါသေးတယ်။ အရာအားလုံးက စစ်ပွဲပြီးရင် အဖြေ ပေါ်လာလိမ့်မယ်။ အရမ်းကြီး တွေးမနေနဲ့"
အချိန် အနည်းငယ်လောက် အနားယူပြီးတဲ့ နောက်မှာတာ့ လီဖူချန်းဟာ စစ်ပွဲထဲကို ပြန်ဝင်လာခဲ့ပါတယ်။
သည်တစ်ကြိမ်မှာတော့ သူက အရင်တစ်ကြိမ်လို အဆင်အခြင်မဲ့ မလုပ်ရဲတော့ပါဘူး။ သူက သူ့ရဲ့ စိတ်အာရုံကို အစွမ်းကုန် ဖြန့်ကြက်ထားခဲ့ပြီး အင်အားကောင်းတဲ့ မိစ္ဆာသားရဲ အငွေ့အသက်ကို ရလိုက်တာနဲ့ အနောက်ကို ချက်ချင်း ဆုတ်ပါတယ်။
စိတ်အာရုံကို အစွမ်းကုန် ဖြန့်ကြက်ထားတဲ့ လီဖူချန်းရဲ့ စစ်ပွဲထဲမှာ လှုပ်ရှား သွားလာမှုတွေကတော့ ရေထဲက ငါးတစ်ကောင်လိုပါပဲ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ထောက်ပံ့ရေး ရမှတ်တွေကလည်း ဆတက်ထမ်းပိုး တက်လာနေခဲ့ ပါသေးတယ်။
" ဟ ... သည်လီဖူချန်းဆိုတဲ့ ကောင်က ဘာကြီးလဲဟ။ သည်ကောင်က ငါတို့ အတွင်းစည်း တပည့်တွေထက်တောင် အစွမ်း ထက်နေပြီလား "
"မင်း မသိဘူးလား။ သူက ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရခဲ့တဲ့ကောင်လေ။ သည်ကောင်က ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ပေမဲ့ လျှော့တွက်လို့တော့ မရဘူးကွ "
လီဖူချန်းရဲ့ ချွန်ထွက်နေမှုကြောင့် အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းက အတွင်းစည်း တပည့်တွေတောင်မှ သူ့ကို မျက်စိဒေါက်ထောက် စောင့်ကြည့် လာကြပါပြီ။
နေ့တစ်ဝက် အကြာမှာတော့ လီဖူချန်းရဲ့ ထောက်ပံ့ရေး ရမှတ်ဟာ ၁၀၀၀၀ ကိုတောင် ကျော်လာခဲ့ပါတယ်။
အဆင့်၂မှာ ရှိနေတဲ့ တိုင်ချွန်းချီကတော့ အမှတ် ၆၀၀၀ကို ရောက်ဖို့ အတွက်တောင် အတော်လေး လိုအပ်နေဆဲပါပဲ။
" သည်ကောင်က ဘယ်လိုလုပ်ပြီး သည်လောက်အထိ မြန်မြန် သတ်နိုင် နေရတာလဲ "
စီးခုံကျန်းရဲ့ မျက်နှာကတော့ အတော်လေး မကောင်းလှတော့ပါဘူး။
လွန်ခဲ့တဲ့ နေ့တစ်ဝက်လောက်ကပဲ သူက လီဖူချန်းကို လူတွေအရှေ့မှာ အတိအလင်း စိန်ခေါ်ခဲ့တာက အခုတော့ အဲဒါက သူ့မျက်နှာကိုသူ ဖြတ်ရိုက်လိုက်သလိုပါပဲ။
" လခွီးပဲ ... သည်ပင်လယ် သားရဲတွေက ဘယ်လောက် သတ်သတ် မကုန်တော့ဘူးလား "
ပင်လယ်ထဲ အောက်ထဲကနေ ရေပြင်ပေါ် တက်လာတဲ့ ပင်လယ် သားရဲအုပ်ကြီးကို ကြည့်ပြီး လီဖူချန်း မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိပါတယ်။
အခုဆိုရင် သူက အနည်းဆုံး အဆင့်၄ ပင်လယ်သားရဲ ၂၀၀၀ လောက်ကို သတ်ခဲ့ပြီးပါပြီ။ ပြီးတော့ သူက အဆင့်၅ ပင်လယ်သားရဲ ရာပိုင်းလောက်နဲ့ အဆင့်၆ အဆင့်နိမ့် ပင်လယ်သားရဲ ၂၀လောက်ကိုလည်း သတ်ခဲ့ပါသေးတယ်။
တခြားဂိုဏ်းသားတွေရဲ့ သတ်ဖြတ်မှု အရေအတွက်တွေ ကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ သူတို့ သတ်ဖြတ်ထားတဲ့ ပင်လယ်သားရဲ အရေအတွက်ဟာ သိန်းဂဏန်းလောက်ကို ရှိနေတော့မှာပါ။ ဒါပေမဲ့လည်း ပင်လယ်သားရဲ အရေအတွက်ကတော့ လုံးဝ လျော့နည်းသွားခြင်း မရှိပါဘူး။ ပြီးတော့ သည်ပင်လယ်သားရဲ အရေအတွက်က ဘယ်တော့မှ လျော့နည်းသွားမယ့် ပုံလည်း မမြင်ပါဘူး။
ကြည့်ရတာတော့ သားရဲဘုရင်တွေက သူတို့ရဲ့ ရှေ့တန်း တိုက်ခိုက်သူတွေကို ရင်းပြီး သက်တံနီဂိုဏ်းရဲ့ တိုက်ခိုက်သူ အရေအတွက်ကို ဆွဲချဖို့ ကြံစည်ထားပုံ ရပါတယ်။
သိတဲ့ အတိုင်းပါပဲ။ သက်တံနီဂိုဏ်း ဆိုတာက အရေအတွက်ကို ဦးစားပေးတဲ့ဂိုဏ်း မဟုတ်ပါဘူး။ သူတို့က အရေအတွက်ထက် အရည်အချင်းကိုပဲ ဦးစားပေးကြတာပါ။
တကယ်လို့ သက်တံနီဂိုဏ်းက မြေစေးနီတိုက် တစ်ခုလုံးမှာရှိတဲ့ ကျင့်ကြံသူတွေကို စုစည်းလိုက်မယ် ဆိုရင်တော့ ပင်လယ်သားရဲတွေရဲ့ အရေအတွက်ကို ယှဉ်ကောင်း ယှဉ်နိုင်ပါလိမ့်မယ်။
အဲဒါက အကြောင်းမဲ့ ပြောတာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြေစေးနီတိုက်မှာက မရေမတွက်နိုင်တဲ့ ကောင်းကင်အဆင့် ပညာရှင်တွေနဲ့ မယုံနိုင်လောက် များပြားတဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ ရှိနေလို့ပါပဲ။
ဂါး ... ဂရား ...
ကျယ်လောင်စူးရှတဲ့ ဟိန်းသံကြီး တစ်ခုနဲ့အတူ နဂါးလိုလို ဝေလငါးလိုလို ပင်လယ်သားရဲကြီး တစ်ကောင်ဟာ ပင်လယ်အောက်ထဲကနေ ရေပြင်ပေါ်ကို တက်လာခဲ့ပါပြီ။ အဲသည်ကောင်ကြီးက ကြီးမားလှတဲ့ ကျွန်းမျောကြီး တစ်ခုလိုပါပဲ။
အဲသည် ပင်လယ်သားရဲကြီးက ဝေလငါး မျိုးနွယ်ရဲ့ ထိပ်ပိုင်း အကြီးအကဲတွေထဲက လုံကျင်းသားရဲက လွဲပြီး တခြားဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး။
( note - လုံကျင်း ဆိုတာက နဂါးတစ်ပိုင်း ဝေလငါးတစ်ပိုင်း ဖြစ်နေတဲ့ သားရဲကို ခေါ်တာပါ။ )
လုံကျင်း သားရဲကြီးရဲ့ ခန္ဓာကိုယ် အရွယ်အစားက ပေတစ်သိန်းကျော် ရှိပြီး မိုင်နဲ့တွက်မယ် ဆိုရင်တာ့ မိုင်၇၀လောက်ကို ရှိပါတယ်။
မိုင်၇၀ ဆိုတာက နည်းတဲ့ အကျယ်အဝန်း မဟုတ်ပါဘူး။ အဲဒါက မြို့ကြီးတစ်မြို့ရဲ့ အရွယ်အစားလောက်ကို ရှိပါတယ်။
ဟူး ...
အဆင့်၆ အထွတ်အထိပ်အဆင့် သားရဲဖြစ်တဲ့ လုံကျင်းသားရဲကြီးဟာ ဖျက်ဆီးနိုင်စွမ်း အားကောင်းလှတဲ့ မိစ္ဆာဓာတ် ချီအရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ကျွန်းနံပါတ်၅ကို ဖိနှိပ်လိုက်ပါတယ်။
" ဖူး ... ဖရူး "
" ဝေါ့ "
ဒါက ချီအရှိန်အဝါလေး တစ်ခုသာ ဖြစ်ပေမဲ့လည်း အပြင်စည်းတပည့် အများစုနဲ့ အတွင်းစည်းတပည့် တချို့ကတော့ သွေးတွေ အန်နေကြပါပြီ။ သူတို့က သည်ချီ အရှိန်အဝါ ဖိအားကို ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး။
ဝုန်း ... ဝုန်း ... ဝုန်း ...
အဆင့်၄ ပင်လယ်သားရဲ အချို့ကလည်း ဘာအကြောင်းကြောင့်မှန်း မသိဘဲ ပေါက်ကွဲ ထွက်ကုန်ပါတယ်။
"အဲဒါက ပင်လယ်နီရဲ့ ဝူးယွီလန်းပီ သားရဲဗိုလ်ချုပ် ငါးပါးထဲက လုံကျင်း ဗိုလ်ချုပ်ပဲ"
တိုက်ရိုက်တပည့် တစ်ယောက်ကတော့ အတော်လေး မျက်နှာပျက် နေခဲ့ပါပြီ။
(Note -ဝူးယွီလန်းပီ ဆိုတာက ဘက်မညီဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ )
လုံကျင်း ဗိုလ်ချုပ်ဆိုတာက အစစ်အမှန် နဂါးရဲ့ မျိုးဆက်သွေး တစ်ပိုင်းတစ်စကို ဆက်ခံထားတဲ့ ပင်လယ်သားရဲကြီးပါ။ အစစ်အမှန် နဂါးတွေ ဆိုတာကတော့ သားရဲတွေထဲမှာ ကွဲပြားနေတဲ့ ဖြစ်တည်မှုတွေ ဖြစ်ပြီး သူတို့ဟာ အရွယ်ရောက်တာနဲ့ တစ်ပြိုင်နက် မိစ္ဆာသားရဲ သူတော်စင် အဆင့်ကို အလိုလို တက်လှမ်းနိုင်ပါတယ်။ အဲသည်အဆင့်ကို ရောက်ဖို့အတွက် သူတို့ဟာ ကျင့်ကြံမှုကို လုံးဝ လုပ်စရာ မလိုပါဘူး။
အရွယ် ရောက်နေပြီဖြစ်တဲ့ အစစ်အမှန် နဂါးတစ်ကောင် အတွက် ဆိုရင်တော့ မိစ္ဆာသားရဲ ဘုရင်တွေနဲ့ မိစ္ဆာသားရဲ ဧကရာဇ်တွေဟာ ဘာမှ မဟုတ်တဲ့ ပုရွက်ဆိတ်လေးတွေ သာသာပါပဲ။
လုံကျင်း သားရဲဗိုလ်ချုပ်က အစစ်အမှန် နဂါးမျိုးဆက်သွေးရဲ့ တစ်ပိုင်းတစ်စကိုသာ လက်ခံကောင်း လက်ခံထား ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါကတင် သူ့ကို သားရဲဘုရင် အဆင့်အောက်မှာ ပြိုင်ဘက်ကင်းစေဖို့ အတွက် လုံလောက်မက လုံလောက်နေပါပြီ။ သူက အဆင့်နိမ့် သားရဲဘုရင်တွေကို တောင်မှ ယှဉ်နိုင်ပါသေးတယ်။
"အားလုံး ... ဆုတ်ကြတော့"
သံမဏိမျှော်စင်ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ပုဂ္ဂိုလ်ကတော့ အားလုံးကို ဆုတ်ခွာဖို့ အမိန့်ပေးလာ ခဲ့ပါပြီ။
"အမြန်ဆုတ်ကြဟေ့ ... အမြန်ဆုတ်ကြ"
အမိန့်သံက သက်တံနီဂိုဏ်းသားတွေကို အတိုင်းမသိ ပျော်ရွှင် သွားစေခဲ့ပါတယ်။ သူတို့တွေက အမိန့်သံ မထွက်လာခင် ကတည်းက ဆုတ်ချင်နေကြတာပါ။ သူတို့အားလုံးက သူတို့ဟာ လုံကျင်းသားရဲကြီးရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိထားပြီးသားပါပဲ။ ဘုရင်အဆင့်အတန်းက တိုက်ရိုက်တပည့်တွေ တောင်မှ သည်သားရဲကြီးကို အနိုင်ယူနိုင်မလား မသေချာပါဘူး။
ဖောင်း ... ဖောင်း ... ဖောင်း ...
လုံကျင်း သားရဲကြီးနဲ့ အရမ်းနီးကပ်နေတဲ့ ဂိုဏ်းသားတွေကတော့ အချိန်မီ ဆုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲသည်အတွက် သူတို့ဟာ တစ်စစီ ပေါက်ကွဲပြီး သေကုန်ကြပါတယ်။
" ဟေ့ကောင် ... ငါတို့ နှစ်ယောက် ဆုတ်သွားလို့ မဖြစ်သေးဘူး "
" အေး ... ငါသိတယ် "
ကျွန်းနံပါတ် ၅မှာတော့ တခြားကျွန်းတွေလို မဟုတ်ဘဲ ဘုရင်အဆင့် တိုက်ရိုက်တပည့် နှစ်ယောက်ပဲ ရှိတာပါ ။ အဲသည်အတွက် သူတို့နှစ်ယောက်ဟာ အနောက်ကို တခြားဂိုဏ်းသားတွေလို မဆုတ်သွားတော့ဘဲ အံကို တင်းတင်းစေ့ပြီး ကျန်နေခဲ့ပါတော့တယ်။
" သေကြစမ်း "
လုံကျင်းသားရဲက သူတို့ နှစ်ယောက် ဘာမှ ထွေထွေထူးထူး အားစိုက်ပြီးတောင် မတိုက်လိုက်ရပါဘူး။
ဘန်း ... ဘန်း ...
ကျယ်လောင်တဲ့ အသံနှစ်ခုနဲ့အတူ ဘုရင်အဆင့် တိုက်ရိုက်တပည့် နှစ်ယောက်စလုံးဟာ လွင့်ထွက် သွားပါတော့တယ်။
" ကြောက်စရာ ကောင်းလိုက်တာ "
လီဖူချန်းကလည်း သက်ပြင်း တစ်ချက်ချပြီး ကျွန်းပေါ်ကို တက်သွားခဲ့ပါပြီ။
သူ့အနေနဲ့ သည်လုံကျင်းသားရဲကြီးကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ သည်လုံကျင်းသားရဲကြီးရဲ့ ချီအရှိန်အဝါက အားနည်းတဲ့ အတွင်းစည်း အကြီးအကဲ တချို့နဲ့တောင် ယှဉ်လို့ ရနေပါပြီ။
သက်တံနီဂိုဏ်းဘက်မှာ ဆိုရင် သည်သားရဲကြီးကို ရင်ဆိုင်နိုင်မယ့် တိုက်ရိုက်တပည့်တွေက သုံးယောက်ပဲ ရှိမှာပါ။ စိတ်မကောင်းစရာ တစ်ခုကတော့ အဲသည်တိုက်ရိုက် တပည့်ထဲက တစ်ယောက်ဖြစ်တဲ့ ယွန်လုံဟာ သည်ကျွန်းနံပါတ်၅မှာ ရှိမနေတာပါပဲ။ ကျန်တဲ့ တိုက်ရိုက်တပည့် နှစ်ယောက်ကတော့ ခရီးလွန်နေတဲ့ အတွက် စစ်ပွဲထဲမှာ ပါမလာခဲ့ပါဘူး။
"လခွီးပဲ ... အနီရောင် ရေနဂါးဘုရင်က နောက်ဆုံးစစ်ပွဲကို ဆင်နွှဲချင်နေတာလား။ သူက လုံကျင်းဗိုလ်ချုပ်ကိုတောင် စစ်ပွဲထဲ လွှတ်လာခဲ့ပြီ "
အပြင်စည်း အကြီးအကဲခေါင်ချုပ် ဖြစ်တဲ့ ဝမ်ခိုင်က ဒေါသတကြီးနဲ့ ဆဲရေးတိုင်းထွာ လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာကတော့ ဖြူလျော့နေခဲ့ပါပြီ။
သူ့ရဲ့ အစွမ်းက ဘုရင်အဆင့် တိုက်ရိုက် တပည့်တွေကိုတောင် မယှဉ်နိုငိတဲ့အတွက် သည်လုံကျင်း သားရဲကြီးကို တိုက်ခိုက်နိုင်စရာ အကြောင်းမရှိပါဘူး။
သိပ်မကြာခင်မှာတော့ လူတွေအားလုံးဟာ ကျွန်းနံပါတ်၅ပေါ်ကို ပြန်ရောက်လာခဲ့ကြပါပြီ။ ဒဏ်ရာရနေတဲ့ ဘုရင်အဆင့် တိုက်ရိုက်တပည့် နှစ်ယောက်ဟာလည်း ကျွန်းပေါ်ကို မရောက်ရောက်အောင် ပြန်ဆုတ်လာကြပါတယ်။
"ဘယ်ကောင်က ငါဆိုတဲ့ လုံကျင်း သားရဲဗိုလ်ချုပ်ကို ယှဉ်တိုက်ရဲလဲ။ သတ္တိရှိတဲ့ကောင် ထွက်လာခဲ့ "
လုံကျင်း သားရဲဗိုလ်ချုပ်က သူ့ကိုသူ အတော်လေး သွေးနားထင် ရောက်နေပုံပါပဲ။ သူက ကျွန်းအပြင်ဘက်ကနေပြီး စိန်ခေါ်နေပါတော့တယ်။
"ငါ ... လေ့တုံးဟိုင်က မင်းနဲ့ တိုက်မယ် "
ဘယ်အချိန်ကတည်းက နေပြီး တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင်ဟာ အသက်ဝင်နေတယ် မသိပါဘူး။ တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်မှာ အရောင်တစ်ချက် တောက်ပလာပြီးတဲ့ နောက်မှာတော့ အရှိန်အဝါ အားကောင်းကောင်းနဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာပြီး အဲသည်ပုဂ္ဂိုလ်က မဆိုင်းမတွဘဲ ကျွန်းနံပါတ်၅ရဲ့ အပြင်ဘက်ကို ခုန်ထွက်သွားပါတော့တယ်။
ဘန်း ... .
အဲသည်ပုဂ္ဂိုလ်က အတော်လေး စိတ်လက်လက်မြန် ရှိပုံပါပဲ။ သူက ကျွန်းအပြင်ဘက်ကို ရောက်တာနဲ့ တစ်ပြိုင်နက် လုံကျင်း သားရဲဗိုလ်ချုပ်ကို အပေါ်စီးကနေပြီး တူနဲ့ ထုချလိုက်ပါတယ်။
ဂျိန်း ... ဂျိန်း ... ဂျိန်း ...
မိုးကြိုးတွေ အမြောက်အမြား ပေါ်လာပြီးတဲ့ နောက်မှာတော့ လုံကျင်း သားရဲဗိုလ်ချုပ်ဟာ လွင့်ထွက်သွားခဲ့ပါပြီ။ လုံကျင်း သားရဲဗိုလ်ချုပ်က လဲ့တုံးဟိုင်လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် မခံနိုင်ခဲ့ပါဘူး။
လေ့တုံးဟိုင်ကတော့ ကောင်းကင်ယံပေါ်မှာ မိုးကြိုးတွေ ခြံရံပြီး ရပ်နေဆဲပါပဲ။ သူ့ကို ကြည့်ရတာက မိုးကြိုးနတ်ဘုရား တစ်ပါးနဲ့တောင် ဆင်တူနေပါသေးတယ်။
***