သေတ္တာထဲက တိုက်ပွဲ
Vol. 36 Ch. 490
ပိုင်ချွီအာမှာ လက်တစ်ဖက်ဖြင့် ပိုင်ချင်းဖု၏ကလေးကို ချီ၍ ကျန်တစ်ဖက်ဖြင့် နဂါးပုတီးစေ့ကို မြှောက်ကာ မြို့သူမြို့သားများအား အမှောင်ထုထဲသို့ ခေါ်ဆောင်သွားသည်။
နဂါးပုတီးစေ့မှ အလင်းရောင်က အမှောင်ထုကို တွန်းထုတ်ပေးနေ၏။ သူတို့အနေဖြင့် နတ်ဘုရား၏ကာကွယ်မှုအောက်တွင် ခိုလှုံရန် နားနေစခန်းသို့ မြန်မြန်သွားရမည်ဖြစ်သည်။
သေတ္တာကြီး၏ဘေးတွင် နဂါးချီလင် ညည်းညူနေသည်။ ချင်မူက ဒယ်အိုးကြီးကို ပန်ကုန်းစုန်ဆီ ပြန်ပေးလိုက်သော်လည်း ခြေတစ်ဖက်ပြတ်နေကြောင်း မြင်လျှင် ပန်ကုန်းစုန်က ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒယ်အိုးက ပျက်စီးနေပြီ။ စွမ်းအားလည်း သိပ်မရှိတော့ ငါတို့ကို ကာကွယ်နိုင်လောက်မှာ မဟုတ်ဘူး။ ကံကောင်းလို့ ငါ့မှာ တခြားရတနာတွေ ရှိသေးတယ်”
သူက ဒယ်အိုးကို ထောင်ကျယ်အိတ်ထဲ ပြန်ထည့်ကာ ဘူးသီးခြောက်ကြီးတစ်လုံး ထုတ်သည်။ ဘူးသီးခြောက်နှင့် တွဲထားသော သိုင်းကြိုးများကို သူ့ကိုယ်တွင် ချည်ရင်း ဟက်ခနဲ ရယ်သည်။ “ဂိုဏ်းသခင်ချင်၊ ဒါက ငါ့ပထမဘဝတုန်းက ဝိညာဉ်လက်နက်ပဲ။ သွေးခင်းဘူးသီးလို့ ခေါ်တယ်။ ဒီရတနာကြောင့်ပဲ ငါ ကျော်ကြားလာခဲ့တာ။ မသုံးတာလည်း အတော်ကြာပြီ။ နှစ်တစ်သောင်းတိုင် လေ့လာခဲ့တဲ့ အသိအမြင်တွေကို ပေါင်းစည်းပြီး ငါ့ရဲ့သွေးခင်းဘူးသီးကို ပြန်မွမ်းမံချင်တာလေ။ ဒါပေမဲ့ ကျင့်စဉ်တွေအများကြီး ငါ မပေါင်းစည်းနိုင်ခဲ့ဘူး”
သူက ဘူးသီးခြောက်ကို ကျောတွင် လွယ်ထား၏။ ဘူးသီးခြောက်က သုံးပေရှည်သော်လည်း သူ့မှာ ခြေထောက်များမရှိသောကြောင့် အတန်ငယ် ကိုးရို့ကားရား ဖြစ်နေသည်။
“မှော်ဆရာကြီး၊ မင်းလည်း ရည်မှန်းချက်နဲ့ လူတစ်ယောက် ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး”
ချင်မူက ထောင်ကျယ်အိတ်ထဲမှ ဓားမအိတ်တစ်ခု ထုတ်ကာ ကျောတွင်လွယ်သည်။ ဝက်ခုတ်ဓားမနှစ်လက်ကိုလည်း ခါးဘေးတွင် ချိတ်လိုက်သည်။ “နတ်ဘုရား မဖြစ်လာနိုင်တော့တာအတွက်နဲ့ လမ်းမှား လျှောက်ပြီး ပြောင်းလဲသွားတာ နှမြောစရာကောင်းတယ်”
ပန်ကုန်းစုန် ချင်မူ၏ထောင်ကျယ်အိတ်ကို ကြည့်၍ သရော်တော်တော် ပြောလိုက်သည်။ “မင်းရော မပြောင်းလဲဘူးထင်လား။ အဲဒါ ငါ့ထောင်ကျယ်အိတ်ကွ”
“လိုလန်ရွှေနန်းတော်က ကောက်ခဲ့ရတာ”
ချင်မူ သံတူကြီးအား ထုတ်ကာ အသာအယာ ဝှေ့ယမ်းလိုက်၏။ သံတူကြီးက တဝှမ်ဝှမ် မြည်လာပြီး တူခေါင်းက ရှစ်ပေရှည်သည့်တိုင်အောင် အပြင်သို့ ကားထွက်သွားသည်။ ချင်မူ မှော်စွမ်းအင်ကို ရုတ်သိမ်းလိုက်သည့်အခါ သံတူကြီးက ပုံမှန်အရွယ်အစား ပြန်ကျုံ့သွား၏။
ချင်မူက သံတူကြီးကို ဓားမအိတ်ထဲ ထိုးထည့်လိုက်သည်။ ထို့နောက် တောင်ဝှေးတစ်ချောင်း ထုတ်ကာ ညင်ညင်သာသာ လှုပ်ခါလိုက်၏။ တောင်ဝှေးကိုလည်း ကျောတွင် ချည်ထားလိုက်သည်။
ပန်ကုန်းစုန် မှင်သက်နေသည်။ ထို့နောက် ချင်မူ စုတ်တံ၊ မှင်နှင့် စာရွက်များ ထုတ်ကာ အင်္ကျီလက်အိုးထဲ ထိုးထည့်နေသည်ကို တွေ့ရသည်။ စာလိပ်တချို့ကိုလည်း ဓားမအိတ်ထဲ ထည့်နေ၏။ ပန်ကုန်းစုန်မှာ တဟားဟား အော်ရယ်မိတော့သည်။ “မဟာနတ်ဆိုးဂိုဏ်းသခင်ချင်၊ မင်း ဇာတ်ကသွားမလို့လား။ မင့်ကျောကို မြင်တောင် မမြင်ရတော့ဘူး”
ချင်မူက အဆိပ်အိတ်နှင့် ဓားစက်လုံးကို ထုတ်သည်။ ဓားစက်လုံးသည် ဓားအလက်ရှစ်ထောင်အဖြစ် ကွဲထွက်သွားပြီး သူက အဆိပ်အိတ်ထဲမှ အဆိပ်ပုလင်းမျိုးစုံ ထုတ်ကာ ဓားတစ်လက်ပြီးတစ်လက်အပေါ် အဆိတ်သုတ်နေ၏။ “ပြင်ဆင်ထားတာ မမှားဘူး။ ငါ မဟာမြို့ပျက်ကနေ ပထမဆုံး ထွက်လာတုန်းက ဒီလိုဝတ်ခဲ့တာပဲ။ ကြည့်ရဆိုးပေမယ့် လက်တွေ့ကျတယ်။ နောက်ပိုင်း အဆင့်အတန်းတစ်ခု ရလာတော့မှ ဒီလိုမဝတ်တော့တာ။ ဒါမဲ့ အခုတိုက်ပွဲက သေရေးရှင်ရေးတိုက်ပွဲဆိုတော့ ဒီလောက်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ”
သူ့စကားကို ကြားလျှင် ပန်ကုန်းစုန်က ထောင်ကျယ်အိတ်ထဲမှ အလံခုနစ်ခု ထုတ်၍ သူ့အနောက်ရှိ မြေကြီးထဲ၌ စိုက်လိုက်သည်။ သိုင်းကြိုးပါသည့် ကြေးမုံတစ်ချပ်ကိုလည်း ထုတ်ကာ ဘယ်လက်တွင် ချည်လိုက်၏။ ကြေးမုံမှာ ဒိုင်းကာဖြင့်ပင် တူနေချေသည်။
ထို့နောက် သူက ဓားမြှောင်များ ထုတ်ကာ အင်္ကျီအတွင်းထဲ၌ ချိတ်ထားလိုက်သည်။
ချင်မူ မှင်သက်သွား၏။ ပန်ကုန်းစုန်က ဓားအိမ်များ ထုတ်ကာ ခြေသလုံး၌ ချည်နေသည်။ မြက်ခင်းလွင်ပြင်တွင် အသုံးအများဆုံး လက်နက်ဖြစ်သော ဓားမစက်လုံးများလည်း ပါသည်။ သို့သော် ပန်ကုန်းစုန်၏ ဓားမစက်လုံးများက ထူးခြားသည်။ အရည်အသွေးက မြက်ခင်းလွင်ပြင်၏ အဆင့်မြင့်မှော်ဆရာများ သုံးခဲ့သော ဓားမစက်လုံးများထက် များစွာ သာလွန်၏။
သူက ထိုက်ကျိအင်းပြားနှင့် အသေးစားဗုဒ္ဓတစ်ဆူရှိသည့် ဗုဒ္ဓကျောင်းဆောင်ကိုလည်း ထုတ်သည်။ သင်္ကေတအမှတ်အသားများ တလက်လက် တောက်ပနေသော တိုင်ကြီးတစ်တိုင်ကိုလည်း ထုတ်ကာ သူ့ဘေး၌ စိုက်ထူလိုက်သည်။
“မှော်ဆရာကြီး ချမ်းသာချက်ကတော့ အံ့မခန်းပဲ” ချင်မူ ချီးကျူးလိုက်မိသည်။ “ဧကရာဇ်အတိုင်ပင်ခံနဲ့ ငါ လိုလန်ရွှေနန်းတော်ဆီက ရတနာတွေ သိမ်းထားတာတောင် ဒီလောက်အများကြီး ကျန်နေသေးတယ်”
ပန်ကုန်းစုန်က သရော်တော်တော် ပြုံးကာ ပြော၏။ “နှစ်တစ်သောင်းကြာ နေဖူးရင် မင်းဆု ငါ့ထက်တောင် ပိုစုဆောင်းမိဦးမယ်။ သူတို့ရောက်လာပြီ၊ မျက်လုံး နိုးထ”
ဗုဒ္ဓမျက်လုံး နိုးထလာ၍ သူ့မျက်လုံးများ လင်းလက်တောက်ပလာသည်။ ထို့နောက် ဗုဒ္ဓရောင်ခြည်တော်များအကြားတွင် တာအိုဂိုဏ်း၏ တာအိုမျက်လုံးများလည်း ဖွဲ့တည်လာကာ ယင်နှင့်ယန်သင်္ကေတ ဖြစ်ပေါ်လာ၏။
ပန်ကုန်းစုန် အမှောင်ထုထဲ ကြည့်လိုက်သည့်အခါ အရိပ်များအား မြင်လိုက်ရသည်။
“နိုးထ” ချင်မူလည်း ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ထုတ်ဖော်လိုက်၏။ သူ၏သူငယ်အိမ်နှစ်ခုတွင် ကြယ်ရောင်များ လင်းလက်လာပြီး နေတစ်စင်းက နဂါးငွေ့တန်းထဲ၌ ထွန်းလင်းလာသည်။ ထို့နောက် ဝင်္ကပါအလွှာအထပ်ထပ် ဖွဲ့တည်လာသည်။
မျက်ကန်းသည် ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ခိုင်ဧကရာဇ်ခေတ်၏ နံပါတ်တစ် ကောင်းကင်မျက်လုံး၊ နတ်ဘုရားမကျစ်ချင်း၏ မျက်လုံးများဖြင့် ပေါင်းစည်းခဲ့ခြင်း ဖြစ်သည့်အတွက် ကောင်းကင်မျက်လုံး၏ စွမ်းအားက ပို၍ပင် အားကောင်းလာကာ ကောင်းကင်နတ်သိုင်းများလည်း ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် မှော်စွမ်းအင်လည်း များစွာသုံးစွဲပေးရ၍ ချင်မူမှာ ကောင်းကင်ဘုံငါးဆင့် ၊ အလင်းကောင်းကင်မျက်လုံးကို ဖွင့်နိုင်သည်ဆိုရုံသာ ဖွင့်နိုင်၏။
ထို့ကြောင့် အနီရောင်ကောင်းကင်မျက်လုံးကိုသာ အဓိကထား အသုံးပြုလေသည်။
သို့သော် ရှေ့တူရူရှိ အမှောင်ထုက အလွန်သိပ်သည်းလွန်း၍ အနီရောင်ကောင်းကင်မျက်လုံးဖြင့် ဝေးဝေးလံလံ မမြင်ရသောကြောင့် အလင်းကောင်းကင်မျက်လုံးကိုသာ ဖွဲ့တည်လိုက်ရသည်။
နဂါးချီလင်မှာ မျက်လုံးပြူးနေအောင် ဖွင့်လျက် ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း မည်သည်ကိုမျှ မမြင်ရပေ။ “ဂိုဏ်းသခင်၊ ဘာမြင်ရလဲ”
ပန်ကုန်းစုန်လည်း ဝေးဝေးမမြင်ရပေ။ အရိပ်တစ်ဒါဇင်ကျော် အမှောင်ထုထဲတွင် ရွေ့လျားနေသည်ကိုသာ မြင်ရ၏။ “ဂိုဏ်းသခင်၊ ဆယ်ယောက်ကျော်တယ်မလား”
ချင်မူက အမှောင်ထုထဲသို့ စိုက်ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ကောင်းကင်နတ်သိုင်းပညာရှင် ဆယ်ယောက်ကျော်ပဲ ရှိတယ် မပူနဲ့”
ပန်ကုန်းစုန် ဟင်းခနဲ သက်ပြင်းချပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။ “ပိုင်ချင်းဖုနဲ့ သူ့မိန်းမလို သေရတော့မယ် ထင်နေတာ။ ငါက အဲဒီလောက် လူကောင်းမဟုတ်ဘူး။ ဂိုဏ်းသခင်ချင်နောက် လိုက်ရတာ ကံကောင်းတယ်နဲ့တူတယ်။ အခု မသေတော့ဘူးကွ ဟားဟားဟား”
နဂါးချီလင်လည်း ထရယ်သည်။ “ဂိုဏ်းသခင်ချင်နဲ့ဆို ကံဆိုးမှုက ကံကောင်းမှုဖြစ်သွားတာပဲ”
ရှင်းအန်း၏သေတ္တာကြီးကလည်း သေတ္တာအဖုံးကို ဖွင့်ချည်၊ ပိတ်ချည် လုပ်ကာ သူ့နည်းသူ့ဟန်ဖြင့် ရယ်နေသည်။
ချင်မူလည်း ပြုံး၍ လက်ညှိုးထိုးလိုက်သည်။ သေတ္တာကြီး၏နံရံလေးဖက် ပြေကျလာပြီး မြေကြီးပေါ် ဘုတ်ခနဲ ကျသွား၏။ ရှင်းအန်း၏သေတ္တာသည် ထောင်ကျယ်သားရဲ၏ အရေပြားနှင့် အရိုးများဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ အရိုးများက သေတ္တာပုံစံ ထောက်ကန်ထားပြီး အရေပြားများဖြင့် အပေါ်မှ သိုင်းပတ်ထားခြင်း ဖြစ်သည်။
ယခု သေတ္တာ ပြေကျသွားသည့်အခါ ကိုက်သုံးရာကျယ်ဝန်းသော ဧရိယာတစ်ခု ဖြစ်လာသည်။ ထိုဧရိယာထဲတွင် ကောင်းကင်အလင်းတန်းက သူတို့ကို ကာကွယ်ပေးနေသဖြင့် အမှောင်ထုအား စိုးရိမ်စရာမလိုပေ။
ပန်ကုန်းစုန် လက်နက်များကို နေရာချနေစဉ် နဂါးချီလင်မှာ သေတ္တာကြီးကို ထောက်ကန်ထားသော အရိုးများကို ကြည့်ကာ တုန်ရီနေ၏။ ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံက အရိုးများမှ တွဲလောင်းကျနေပြီး ချင်မူ ကြည့်မနေသည့်အချိန် ပန်ကုန်းစုန်က အဆိပ်ခြေထောက်ကို ခိုးကြောင်ခိုးဝှက် ပြန်ချိတ်ကာ ခြေထောက်အကောင်းနှစ်ချောင်းအား ထောင်ကျယ်အိတ်ထဲ ခပ်သွက်သွက် ထည့်လိုက်သည်။
ချင်မူ မမြင်ချင်ယောင်ဆောင်ကာ ရှေ့သို့သာ ကြည့်နေသည်။ အလင်းကောင်းကင်မျက်လုံးဖြင့် အရိပ်တစ်ဒါဇင်ကျော်၏အနောက်၌ ‘ပြင်ပမကောင်းဆိုးဝါး’ စစ်တပ်တစ်တပ်အား သူ မြင်နေရ၏။
ဧရာမအရိပ်ကြီးတစ်ခုက အလွန်ထွားကြိုင်းသန်မာသော သားရဲကြီးတစ်ကောင်ကို စီးနင်းလျက် ရှေ့ဆုံးမှ ဦးဆောင်လာသည်။ သူက ကင်းထောက်အဖြစ် လွှတ်ထားသည့် ကောင်းကင်နတ်သိုင်းပညာရှင်များကို လှမ်းကြည့်နေလေသည်။
ထိုကောင်းကင်နတ်သိုင်းပညာရှင်ဆယ်ယောက်ကျော်က ချင်မူတို့၏အစွမ်းအစကို စမ်းသပ်ရာအတွက်သာ ဖြစ်သည်။
ချင်မူက မြင်နေသည့်အရာကို မည်သူကိုမျှ မပြောဘဲ အသက်ပြင်းပြင်းရှူလိုက်သည်။ ဓားမစက်လုံးက အင်္ကျီလက်အိုးထဲမှ လိမ့်ဆင်းသွားပြီး သေတ္တာ၏ဘေးနားသို့ တိတ်ဆိတ်စွာ ကျသွား၏။ ထို့နောက် မြေကြီးထဲ တူးကာ အောက်ထဲ ဝင်သွားသည်။ ဓားပျံများက မြေအောက် ကိုက်သုံးရာဧရိယာအတွင်း ဖြန့်ကျက်လျက် နေရာယူလိုက်ကြသည်။
“တိုက်”
ချင်မူက အော်ဟစ်လိုက်ပြီး ဓားအိမ်ထဲမှ ထွက်လာသော ဝက်ခုတ်ဓားမနှစ်လက်အား ဆုပ်ကိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်သိုင်းပညာရှင်အယောက်တစ်ရာကျော် ပြေးဝင်လာ၍ နဂါးချီလင်က ပါးစပ်ဟကာ ဟိန်းဟောက်လိုက်၏။ အလျှံတညီးညီး တောက်လောင်နေသော မီးတန်းကြီး တရှိန်ထိုး ထွက်သွားပြီး ဝုန်းခနဲ ပေါက်ကွဲသွားသည်။ အရိပ်များက မီးတောက်များကို ရှောင်တိမ်းကာ နဂါးချီလင်ကို တိုက်ခိုက်ကြသည်။
နဂါးချီလင်က ပတ်ပတ်လည်ကို မီးလောင်တိုက်သွင်းနေသည်။ လူတစ်ယောက်က လက်နှစ်ဖက်အား ဖိချလိုက်ပြီး သိုင်းကွက်ကြောင့် မြေကြီးအနေဖြင့် မြောက်တက်လာသင့်သော်လည်း သေတ္တာကြီး၏ ဖိအားကြောင့် မြေကြီးမှာ နည်းနည်းလေးမျှပင် ကြွတက်မလာပေ။
လူတစ်ယောက်က အံ့အားသင့်ဖွယ်ရာ ဓားမသိုင်းဖြင့် ဓားရောင်များ ထုတ်လွှတ်လိုက်သည်။ ဓားရောင်များက မီးတန်းကြီးအား အသည်းအသန် ခုတ်ပိုင်းပစ်နေ၏။ ထိုအခါ ချင်မူက ဓားမနှစ်လက်ကို ဆွဲကိုင်ကာ ထိုလူ့ဆီ ပြေးဝင်သွားသည်။
ထိုကောင်းကင်နတ်သိုင်းပညာရှင်သည် သန်မာအားကောင်း၏။ သိုင်းကွက်အသားပေးသိုင်းပညာရှင် သူ့အနား ရောက်သည်နှင့် သေခြင်းရှင်ခြင်းက လက်တစ်လှမ်းသာ ကွာတော့ကြောင်း သိသည်။ သို့ရာတွင် ရန်သူ၏ဓားမကွက်များနှင့် ခြေလှမ်းများကိုသာ သူ မြင်ရသည်။
သူတို့နှစ်ယောက်က လည်နေသော လေပွေများလို လျင်မြန်စွာ လှည့်ပတ်တိုက်ခိုက်နေသည်။ နိမ့်ချည်၊မြင့်ချည် ထွန်းလင်းသွားသည့် ဓားမရောင်များအကြား၌ အနိုင်အရှုံး ပေါ်သွားပြီဖြစ်သည်။
“အံ့ဖွယ်ကောင်းလိုက်တဲ့ ဓားမသိုင်း”
ခေါင်းပြတ်တစ်ခု လေပေါ် မြောက်တက်သွားပြီး အမှောင်ထုထဲသို့ ကျသွားသည်။
ရန်သူ့အလောင်း လဲကျသွားသည့်အချိန် ကောင်းကင်နတ်သိုင်းပညာရှင်နောက်တစ်ယောက်၏ လက်ဝါးချက်က ချင်မူ့ရင်ဘတ်ပေါ် ကျလာသည်။ ချင်မူ့ခန္ဓာကိုယ်က ရေနဂါးတစ်ကောင်ပမာ ရစ်ခွေသွားပြီး သူ၏ချီစွမ်းအင်က ရန်သူ၏လက်ကို ရစ်ပတ်သွားသည်။ ဓားမနှစ်လက်က ရန်သူ့ခေါင်းကို လျင်မြန်စွာ ခုတ်ဖြတ်ပစ်လိုက်၏။
“တကယ် အံ့ဖွယ်ကောင်းတဲ့ ဓားမသိုင်းပဲ” ချီးကျူးပြီးနောက် အမှောင်ထုက သူ့မျက်လုံးများကို လွှမ်းခြုံသွားသည်။ ချင်မူ့ဓားမများအား သူ မမြင်ရတော့ပေ။
ဘုတ်
ခေါင်းပြတ်က မြေပေါ်ကျကာ နှစ်ပတ်လိမ့်သွားသည်။ သူ့မျက်လုံးများက ပွင့်နေဆဲဖြစ်ပြီး အသိစိတ်အလျဉ်မှာ တစတစ ပျောက်ကွယ်သွား၏။ “ဒီဓားမချက်နဲ့ သေရတာက....”
ပန်ကုန်းစုန်က ဓားမစက်လုံးများကို ပင့်မြှောက်လျက် ချင်မူနှင့် ပြိုင်တူ တိုက်ခိုက်နေသည်။ ဓားမစက်လုံးများမှ ကြက်ခြေခတ်ဓားမရောင်များ တဖျတ်ဖျတ် လက်ကာ မြေပြင်ကို ခုတ်ပိုင်းနေ၏။ တစ်ချိန်တည်းမှာပင် သွေးခင်းဘူးသီးဆီမှ တဝေါဝေါ မြည်သံများ ထွက်လာပြီး သွေးရေတံခွန်ကြီးတစ်ခုက အထက်ကောင်းကင်ယံသို့ ပန်းထွက်သွားကာ ဓားမရောင်များကို ရှောင်တိမ်းနေသည့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အား တိုက်ချသွားသည်။
ရေတံခွန်ထဲရှိ ပိုးကောင်ပေါင်းစုံက သူ့ကို အရှင်လတ်လတ် ကိုက်စားပစ်ကြ၏။ အရိုးအသားပင် မကျန်ခဲ့ပေ။
ကောင်းကင်နတ်သိုင်းပညာရှင်နောက်တစ်ယောက်က ဓားမများကို နင်းကာ ပန်ကုန်းစုန်ဆီ ချဉ်းကပ်လာသည်။ သူ လက်မြှောက်လိုက်သည့်အခါ ကောင်းကင်မိုးကြိုးတန်း ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်လာ၏။
ပန်ကုန်းစုန်က မိုးကြိုးတန်းကို ထိပ်တိုက်ဖြိုခွဲ၍ အင်္ကျီလက်အိုးလှုပ်ခါလိုက်သည်။ တမုဟုတ်ချင်း ဓားမြှောင်များ ထွက်လာပြီး ရန်သူ့မျက်နှာအား နေရာလပ်မကျန် ထိုးစိုက်သွားတော့သည်။
နဂါးချီလင်လည်း ဒေါသတကြီး ဟိန်း၍ တစ်ရာ့နှစ်ဆယ်ကိုက် ကြီးမားသော ခန္ဓာကိုယ်အစစ်ကို ပြသရင်း ရန်သူများအား သေသည်အထိ ရိုက်နှက်ပြီး ကိုက်ပစ်နေသည်။
တခဏကြာသော် ချင်မူက နောက်ဆုံးရန်သူကို သတ်ပြီး အလောင်းအား ကန်ထုတ်လိုက်သည်။ သူ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ ဤကောင်းကင်နတ်သိုင်းပညာရှင်များ၏ သိုင်းအဆင့်က မမြင့်မားပေ။ များသောအားဖြင့် အရပ်ခြောက်မျက်နှာအဆင့်နှင့် ခုနစ်စဉ်ကြယ်အဆင့်တွင်သာ ဖြစ်ကြသည်။
နဂါးချီလင် ဖမ်းချုပ်ထားသော ကောင်းကင်နတ်အသွင်အဆင့် တစ်ယောက်လည်း ရှိသည်။ ထိုလူ၏ မူလဝိညာဉ်မှာ သန်မာအားကောင်း၍ နဂါးချီလင်ကို အမှောင်ထုထဲသို့ပင် လွှင့်ပစ်လုနိုင်နီးနီးဖြစ်သွားသည်။
ချင်မူနှင့် ပန်ကုန်းစုန် သူ့အား ကူညီပေးသည့်အချိန်မှ ကိုက်သုံးရာဧရိယာအတွင်းတွင် ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်ကို သတ်လိုက်နိုင်၏။
ပန်ကုန်းစုန်မှာ ကောင်းကင်နတ်သိုင်းများ ထိမှန်ခံထားရ၍ မျက်နှာတစ်ခုလုံး ပေပွနေသည်။ သူက နတ်ခြေထောက်နှစ်ဖက်ကို ဖွက်မထားတော့ဘဲ ချင်မူ့ရှေ့မှာတင် ထုတ်ဆက်လိုက်သည်။
ချင်မူက မမြင်ချင်ယောင်ဆောင်၍ ရယ်လိုက်သည်။ “မှော်ဆရာကြီး၊ မြန်မြန်လုပ်၊ ရန်သူက အချိန်ပေးမှာမဟုတ်ဘူး”
“ရန်သူဟုတ်လား” ပန်ကုန်းစုန် ဟက်ခနဲ ရွဲ့တဲ့တဲ့ ရယ်မိသည်။ “အကုန် သတ်ပြီးသွားပြီမဟုတ်လား”
သို့သော် အမှောင်ထုထဲသို့ မော့ကြည့်လိုက်သည့်အခါ ပြေးလာနေသော အရိပ်များကို မြင်လိုက်ရသဖြင့် သူ မှင်သက်သွား၏။ ကပျာကယာ လှည့်ပြေးရန် ပြင်လိုက်သော်လည်း အမှောင်ထုက သူ၏အနောက်တွင် ပိတ်နေ၍ ပြေးမရပေ။
“ထွက်လမ်းမရှိတော့ဘူး” ပန်ကုန်းစုန်က နောက်လှည့်ကြည့်ကာ ကျယ်လောင်စွာ ရယ်လိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ထွက်လမ်းမရှိတော့ဘူး။ မင်း ငါ့ကို ချောက်ချလိုက်တာပဲ”
ချင်မူက ကိုက်သုံးရာဧရိယာ၏ အလယ်တွင် ရပ်နေပြီး ဓားမနှစ်ချောင်းကို ဓားမအိတ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် နေကျောက်စိမ်းမျက်လုံးကို ဘုန်းခနဲ သူ့ဘေးသို့ ချကာ အော်ဟစ်လိုက်သည်။ “ဒီမျဉ်းကို ဖြတ်တာနဲ့ သေရမယ်”
“သတ္တိကောင်းနေတယ်ပေါ့”
ပြင်ပမကောင်းဆိုးဝါး ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ပြေးဝင်လာသည့်အခါ မြေကြီးအောက်မှ ဓားရောင်တစ်ချက် ဖျတ်ခနဲ လက်သွားသည်။ ဓားရောင်က သူ့ရင်ဘတ်အနားကပ်ကာ ဦးခေါင်းကို ဖောက်ထွက်သွား၏။
ကောင်းကင်နတ်သိုင်းပညာရှင်မှာ ခြေဆယ်လှမ်းကျော် ပြေးလာပြီးနောက် ချင်မူ့အရှေ့တွင် လဲကျသွားသည်။
ချင်မူက ပြုံးလိုက်ပြီး အပြင်ရှိ မကောင်းဆိုးဝါးများကို ပြောလိုက်၏။ “ဒီမျဉ်းကို ဖြတ်တာနဲ့ သေရမယ်”
“ငါ မင်းကို သတ်မယ်”
ဧရာမဒိုင်းကြီး ကိုင်ထားသော လူ့ဘီလူးကြီးတစ်ယောက် လေပေါ်ခုန်၍ ဒိုင်းကို ခြေထောက်အောက်ပစ်ကာ သူ့ဆီ လာနေသည့် ဓားရောင်များကို ကာဆီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် မြွေကြီးတစ်ကောင် ရစ်ပတ်လျက်ရှိသော လိပ်နက်နတ်ဘုရားရုပ်သွင် ပြောင်းသွား၏။ သေတ္တာကြီး၏ ကိုက်သုံးရာဧရိယာထဲ ရောက်သည်နှင့် သူ့ဆီမှ လက်သီးချက် ထွက်လာသည်။ မြွေကြီးက တရွှီးရွှီး တွန်လျက် သူ့လက်သီးကို ရစ်ပတ်ထား၏။
ရွှစ် ရွှစ်
အလျားလိုက်ဓားမရောင်တစ်ချက်၊ ဒေါင်လိုက်ဓားမရောင်တစ်ချက်က ဘီလူးကြီးအား လေးပိုင်းပိုင်းပစ်လိုက်သည်။
ချင်မူက ဓားမနှစ်ဖက်ပေါ်ရှိ သွေးကို သုတ်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ “ဒီမျဉ်းကို ဖြတ်တာနဲ့ သေရမယ်”
“မင်းတို့နှစ်ကောင်နဲ့ ဝက်တစ်ကောင်က ကိုက်သုံးရာဧရိယာကို ယူပြီး ငါ့စစ်တပ်ကို တားချင်နေတာလား”
ဆန်းကြယ်သားရဲတစ်ကောင် လျှောက်လာသည်။ ၎င်းအပေါ်တွင် ပြင်ပမကောင်းဆိုးဝါးတို့၏ ခေါင်းဆောင်က မျက်နှာဖုံးချွတ်ကာ ချင်မူ့ကို ကြည့်၏။ သူက သရော်တော်တော် ပြောလိုက်သည်။ “မင့်သိုင်းအဆင့်က မဆိုးဘူး။ သတ္တိလည်း ကောင်းတယ်။ ဒါကြောင့် မင်းအလောင်းကို တစစီ လုပ်ပစ်မယ်။ စစ်သည်တော်အားလုံး နားထောင်၊ သူတို့အပေါ် တက်နင်းကျ”
မကောင်းဆိုးဝါးများက ကိုက်သုံးရာဧရိယာအပေါ် စုအုံလာကြသည်။
ဓားအလက်ရှစ်ထောင်က လေကို ခွင်း၍ ဓားပန်းချီ၏ ပထမဓားကွက်၊ ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’ကို ဖွဲ့တည်လိုက်သည်။ ကိုက်သုံးရာဧရိယာသည် တမုဟုတ်ချင်း တောင်တန်းမြစ်ပြင်များ ဖြစ်သွား၏။
ခေါင်းဆောင်က တဟားဟား ရယ်လိုက်ပြီး သူ၏မူလဝိညာဉ်က သူ့အနောက်တွင် ထလာသည်။ သူ၏မှော်စွမ်းအင်သည် တရှိန်ထိုး ပေါ်ထွက်လာကာ ဓားပျံများကို တိုက်ထုတ်၍ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသောဓားကို ဖြိုခွဲလိုက်။
ပန်ကုန်းစုန်မှာ ဓားပန်းချီကို အလွယ်တကူ ဖျက်စီးနိုင်သည့် မကောင်းဆိုးဝါးခေါင်းဆောင်ကို ကြည့်ကာ မျက်စိမျက်နှာပျက်နေ၏။ သူ့မှာ မျှော်လင့်ချက်မဲ့နေသဖြင့် တစ်ယောက်တည်း ညည်းတွားနေတော့သည်။ “သေခြင်းရှင်ခြင်းအဆင့်တောင် ရောက်လာပြီ။ နည်းလမ်းလည်း ကုန်ပြီ။ ပြေးလို့မရတော့ဘူး...”
“နည်းလမ်းတစ်ခု ရှိတယ်” ချင်မူ အော်လိုက်သည့်အချိန်မှာပဲ အလင်းတန်းတစ်တန်းက ခေါင်းဆောင်၏မျက်လုံးများကို ထိုးစိုက်သွား၏။ မကောင်းဆိုးဝါးခေါင်းဆောင် ဓားပန်းချီကို ဖျက်စီးလိုက်သည်နှင့် နေကျောက်စိမ်းမျက်လုံးမှ အလင်းတန်းက သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဝင်ကာ နောက်စေ့မှ ဖောက်ထွက်သွားချေပြီ။
ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များက ချင်မူ့ဆီ ပြေးဝင်လာကြသည်။ ကောင်းကင်နတ်သိုင်းများကြောင့် နေကျောက်စိမ်းမျက်လုံး လွင့်ထွက်သွားပြီး လိမ့်သွားလေသည်။
ပန်ကုန်းစုန်လည်း ရင်ထဲတွင် မျှော်လင့်ချက်များ ပြန်လည်ပေါက်ဖွားလာကာ ပြေးဝင်လာသော ရန်သူများကို ရက်စက်ကြမ်းကြုတ်စွာ ရင်ဆိုင်လိုက်၏။ “သေပေတော့”
“သေကြစမ်း” နဂါးချီလင်လည်း ဟိန်းဟောက်ပြီး အကြေးခွံများက သူ့ခန္ဓာကိုယ်မှ ပျံထွက်သွားသည်။
ဘုန်း ဘုန်း ဘုန်း
ကိုက်သုံးရာဧရိယာက လျင်မြန်စွာ ပြန်လိပ်ပြီး ပိတ်သွားသည်။ ပြင်ပမကောင်းဆိုးဝါးများမှာ ချင်မူ ၊ ပန်ကုန်းစုန်နှင့် နဂါးချီလင်တို့နှင့်အတူ သေတ္တာထဲ ရောက်သွား၏။
အမှောင်ထုထဲတွင် သေတ္တာက မှိန်ဖျော့ဖျော့ လင်းနေသော်လည်း အထဲ၌မူ ပိတ်ပိတ်ပိန်း မှောင်မိုက်နေသည်။ အလင်းရောင်ဟူ၍ မရှိပေ။ တစ်ယောက်နှင့်တစ်ယောက် တိုက်မိသွားသည်နှင့် ကျယ်လောင်သော အသံများ သေတ္တာထဲမှ ထွက်လာသည်။
ကြောက်မက်ဖွယ်ရာ တိုက်ခိုက်သံများ သေတ္တာထဲတွင် ဆူညံနေ၏။ ဓားမများက ခေါင်းများကို ခုတ်ဖြတ်နေပြီး ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲနေသည်။ သွေးရဲရဲများက သေတ္တာထဲမှ စိမ့်ထွက်လာသည်။
အတန်ကြာသော် သေတ္တာကြီး ငြိမ်သက်တိတ်ဆိတ်သွား၏။
ဘန်း
သွေးတို့ရွှဲရွှဲစိုနေသော လက်တစ်ဖက်က သေတ္တာကို တွန်းဖွင့်လိုက်ပြီး ခေါင်းတစ်ခေါင်း ထွက်လာသည်။ ခေါင်းပိုင်ရှင်မှာ အပြင်ထွက်ချင်သော်လည်း နောက်တခဏတွင် ဝါးတောင်ဝှေးတစ်လက်ဖြင့် ထိုးစိုက်ခံလိုက်ရသည်။ ဝါးတောင်ဝှေးက သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဖောက်ထွက်သွားပြီး ပြန်နုတ်သွားသည်။
သေတ္တာက အလောင်းကို ထွေးထုတ်လိုက်၏။
ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ တခဏကြာသော် ခပ်အုပ်အုပ်အသံများ ထွက်လာသည်။ သေတ္တာက ပွင့်လာပြန်ကာ အလောင်းများ ထပ်မံထွေးထုတ်သည်။
“အမှောင်ကမ္ဘာထဲမှာ တိုက်ခိုက်ရတဲ့အခါ မျက်ကန်းနေတဲ့သူဟာ အနိုင်ရလိမ့်မယ်” သေတ္တာ၏ အမှောင်ထုထဲတွင် ချင်မူက ဝါးတောင်ဝှေးဖြင့် ရပ်နေသည်။ “ငါ့ဆရာက ...မျက်ကန်းတစ်ယောက်ပဲ”