လက်ပြတ်အတွက် ကလဲ့စား
Vol. 36 Ch. 491
သေတ္တာက တိတ်ဆိတ်နေသည်။ အသက်ရှူသံပင် မကြားရပေ။
ချင်မူက အမှောင်ထဲတွင် တိတ်ဆိတ်စွာ ရွေ့လျားနေ၏။
ချွေးစက်တစ်စက်က သွေးအိုင်ထဲ ပေါက်ခနဲ ကျသွားသည်။ ချွေးစက်ပိုင်ရှင်မှာ တမုဟုတ်ချင်း လှုပ်ရှားလိုက်သော်လည်း နှလုံးသားမှ စူးအောင့်နာကျင်သွား၏။ ဝါးတောင်ဝှေးက နှလုံးသားကို ထိုးဖောက်သွားခဲ့ပြီဖြစ်သည်။
ချင်မူက ဝါးတောင်ဝှေးကို ပြန်နှုတ်၍ တိတ်ဆိတ်စွာ ရွေ့လျားသွားသည်။ သူ့အနောက်မှ အလောင်းတစ်လောင်း ဘုန်းခနဲ လဲကျသွားသံ ထွက်ပေါ်လာ၏။
အသံထွက်ပေါ်လာသည်နှင့် တုံ့ပြန်မှုက ကြမ်းတမ်းပြင်းထန်သည်။ ပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါးအားလုံး ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်ပြီး ဝိညာဉ်လက်နက်များ ထုတ်ကာ အသံလာရာဆီသို့ ပစ်လွှတ်လိုက်ကြသည်။
ကောင်းကင်နတ်သိုင်းများနှင့် ဝိညာဉ်လက်နက်များ၏ ပြိုးပြိုးပြက်ပြက် လက်နေသော အလင်းရောင်များအကြား ချင်မူက တစ္ဆေတစ်ကောင်လို ပေါ့ပါးသွက်လက်စွာ ရွေ့လျားနေ၍ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ပြီးတစ်ယောက် သူ့လက်ထဲတွင် အသက်ထွက်ကုန်ကြသည်။ အလင်းရောင် ပျောက်ကွယ်သွားပြီး မည်းမှောင်လာသည့်အချိန်တွင် ကောင်းကင်နတ်သိုင်းပညာရှင်များ၏ အလောင်းများ ယိမ်းထိုးကာ လဲကျသွားကြ၏။
ပတ်ဝန်းကျင်မှာ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
သေတ္တာ၏အတွင်းပိုင်းသည် ကိုက်သုံးရာကျော် ကျယ်၏။ လူတစ်ရာကျော်မက နဂါးချီလင်ကဲ့သို့ သတ္တဝါကြီးတစ်ကောင်ပင် ရှိလင့်ကစား ကြပ်သပ်နေသည်ဟု မခံစားရပေ။ သို့တိုင်အောင် ကောင်းကင်နတ်သိုင်းပညာရှင်များအတွက်တော့ နေရာမှာ အလွန်မွန်းကြပ်နေ၏။
ကောင်းကင်နတ်သိုင်းများအနေဖြင့် တခဏအတွင်း မည်သူ့ကိုမဆို တိုက်ခိုက်နိုင်ပြီး အားကောင်းသော သိုင်းကွက်များဆိုလျှင် ချောင်ကြိုချောင်ကြားမကျန် သက်ရောက်နိုင်သည်။
ချင်မူ သူတို့အားလုံးကို သေတ္တာထဲ ဆွဲသွင်းလိုက်တုန်းက အားလုံး ပျာယာခတ်သွားကြ၍ မည်းမည်းမြင်ရာ တိုက်ခိုက်ခဲ့ကြရာ စစချင်းတွင် သေတ္တာကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ခြင်းဖြစ်သည်။
မှောင်မိုက်နေမှုကြောင့် အားလုံး ချောက်ချားနေကြသဖြင့် မိမိကိုယ်ကို ကာကွယ်ရန် အနီးဆုံးရှိ မည်သူ့ကိုမဆို သတ်ပစ်ခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်နတ်သိုင်းပညာရှင်အတော်များများမှာ အချင်းချင်း သတ်မိပြီး သေဆုံးကုန်ကြ၏။
သို့သော် ခေါင်းဆောင်က ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်ဖြစ်၍ သူတို့ကို ထိန်းလိုက်နိုင်သည်။ ထိုကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်မှာ ထက်မြက်သော်လည်း နောက်တခဏတွင် ဝါးတောင်ဝှေးစာမိသွားသဖြင့် ရုတ်ရုတ်သဲသဲ ပြန်ဖြစ်သွား၏။ ချင်မူ၏ ဝါးတောင်ဝှေးသည် မည်သည့်နေရာကမှန်းမသိ ထွက်လာတတ်ရာ ကောင်းကင်နတ်အသွင်အဆင့်ကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်များပင် သူနှင့်အနီးကပ် တိုက်ခိုက်ရပါက သေဘေးမှ မလွတ်တော့ပေ။
ရုတ်ရုတ်သဲသဲ အခြေအနေ ငြိမ်သက်သွားသည့်အခါ တစ်စုံတစ်ယောက်က အလင်းရောင်ရရန် သေတ္တာကို ဖွင့်သော်လည်း ချင်မူ၏ဝါးတောင်ဝှေးကြောင့် အသက်ထွက်သွားခဲ့သည်။
သေတ္တာထဲတွင် အသက်ရှင်နေသူများမှာ မိမိ၏လုံခြုံရေးအတွက် ကျီးလန့်စာစား ထိတ်လန့်နေကြရသည်။ အသက်ရှူသံများ၊ နှလုံးခုန်သံများနှင့် ဒဏ်ရာများကိုပင် ဖိနှိပ်ထားရ၏။ ချင်မူ သူတို့နေရာကို သိမည်စိုး၍ သွေးစီးဆင်းနေမှုကိုပင် နှေးကွေးထားကြရသည်။
ကောင်းကင်နတ်သိုင်းပညာရှင်တိုင်းသည် အလင်းရောင် ထုတ်လွှတ်တတ်သော မျက်လုံးကျင့်စဉ်များကို ကျင့်ကြံထားကြ၏။ အမှောင်ထဲတွင် သူတို့မျက်လုံးများ လင်းသွားပါက ချင်မူ၏ပစ်မှတ်ဖြစ်မည်မှာ မြေကြီးလက်ခတ် မလွဲချေရာ မျက်လုံးများလည်း ပိတ်ထားကြရသည်။
ချင်မူက အမှောင်ထဲက လင်းနို့တစ်ကောင်ပမာ ခန့်မှန်းမရနိုင်အောင် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ရွေ့လျားသည်။ အသံလေးတစ်ချက် ထွက်မိသည်နှင့် စောင့်ကြိုနေမည်မှာ သေမင်းသာ ဖြစ်၏။
မွန်းကြပ်ဖွယ်ရာ အမှောင်ထုထဲတွင် အချိန်မရွေး အသက်နုတ်နိုင်သော နတ်ဆိုးတစ်ကောင် ပုန်းကွယ်နေသည့်အလား ထင်ရသည်။
သေတ္တာ အဖုံးဟ၍ အလောင်းများ ထွေးထုတ်လိုက်သည့်အချိန်တွင် အလင်းရောင် ကျရောက်လာသဖြင့် အားလုံး ကြက်သီးထကုန်ကြသည်။ သူတို့အားလုံး တစ်နေရာတည်းတွင် မနေရဲတော့ဘဲ ကပျာကယာ နေရာပြောင်းလိုက်ကြ၏။ တခဏကြာသော် ကောင်းကင်နတ်သိုင်းချင်း ထိတိုက်သွားသံများ၊ အလောင်းများ လဲကျသွားသံများ ကြားလိုက်ရသည်။ ရုတ်ရုတ်သဲသဲ အခြေအနေတွင် လူတချို့ သေကြပြန်ချေပြီ။
“ငါ မခံနိုင်တော့ဘူး”
‘ပြင်ပမကောင်းဆိုးဝါး’တစ်ယောက်မှာ သည်းထိတ်ရင်ဖိုနေရသော အခြေအနေကို မခံနိုင်တော့၍ စိတ်ဖောက်ပြန်သွားသည်။ သူက ကောင်းကင်နတ်သိုင်းများနှင့် ဝိညာဉ်လက်နက်ကို လျှောက်ပစ်လွှတ်ပြီး ရက်စက်ခက်ထန်စွာ အော်ဟစ်နေ၏။ “သေစမ်း အားလုံး သေကြစမ်း”
ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားက ကြီးမားအားကောင်းသဖြင့် ကိုက်သုံးရာဧရိယာကို လွှမ်းခြုံသွား၏။ သူ၏ဝိညာဉ်လက်နက်ကလည်း အလွန်ထက်ရှသည်။ ၎င်းက အရပ်လေးမျက်နှာတွင် ပျံဝဲနေရာ အမှောင်ထဲရှိ လူများအနေဖြင့် ခုခံရုံအပြင် ရွေးစရာမရှိတော့ပေ။
သေတ္တာထဲတွင် ရုတ်ရုတ်သဲသဲ ပြန်ဖြစ်သွားပြီး ရက်စက်ကြမ်းကြုတ်သော အော်ဟစ်သံများ ပဲ့တင်ထပ်နေ၏။ ဝိညာဉ်လက်နက်မျိုးစုံ၊ ကောင်းကင်နတ်သိုင်းမျိုးစုံက ဦးတည်ရာမဲ့ ပျံသန်းနေကြသည်။
အတန်ကြာသော် စိတ်ရူးဖောက်သွားသည့် ကောင်းကင်နတ်သိုင်းပညာရှင်က ဟောဟဲဟောဟဲ အသက်ရှူပြီး ရပ်လိုက်သည်။ သူ၏မောဟိုက်ပင်ပန်းနေသော အသက်ရှူသံများမှအပ ပတ်ဝန်းကျင်တွင် မည်သည့်အသံကိုမှ မကြားရတော့ပေ။
“သေကုန်ပြီလား” ထိုလူ မှင်သက်နေသည်။ သူက အံ့ဩဝမ်းသာသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ “အားလုံး သေကုန်ကြပြီ။ ငါပဲ အသက်ရှင်တယ်။ ငါ တစ်ယောက်ပဲ အသက်ရှင်တယ်”
ဇွပ်
ဝါးတောင်ဝှေးတစ်ချောင်းက သူ့ပါးစပ်ထဲ စိုက်ဝင်ပြီး နောက်စေ့မှ ဖောက်ထွက်သွား၏။
သေတ္တာပွင့်သွားပြီး နံရံလေးဖက် ပြန့်ကျသွား၏။ ကိုက်သုံးရာဧရိယာအပေါ် အလင်းရောင် ဖြာကျလာသည့်အခါ ချင်မူ၊ မျက်နှာဖြူဆုပ်နေသော ပန်ကုန်းစုန်နှင့် ထောင့်တစ်ထောင့်၌ တုန်ရီနေသော နဂါးချီလင်တို့သာ ရှိချေသည်။
နဂါးချီလင်က သုံးကိုက်အရွယ်အထိ ကျုံ့ထားပြီး စင်များအနောက်၌ ပုန်းနေခြင်းဖြစ်သည်။ သူ၏ထူထဲသော အရေပြားနှင့် အသားက မည်သို့မျှ မဖြစ်သော်လည်း ဝိညာဉ်လက်နက်မျိုးစုံ သူ့ကို စိုက်နေကြသည်။ ချင်မူ့ဓားတချို့ပင် ပါ၏။ ရုတ်ရုတ်သဲသဲ အခြေအနေအတွင်း သိုင်းကွက်များစွာ သူ့ကို ထိမှန်ခဲ့ကြောင်း ထင်ရှားပေသည်။
နဂါးချီလင်မှာ ဝဖြီးနေသဖြင့် ကိုယ်ကို ကျုံ့လျှင်တောင်မှ သိုင်းကွက်များက သူ့အပေါ် မတော်တဆ ကျရောက်လာခဲ့ချေသည်။
မြေပြင်တွင်တော့ အလောင်းများ ပြန့်ကြဲနေသည်။ အလောင်းတစ်လောင်းနှင့်တစ်လောင်း သေသွားသည့်ပုံစံက မတူပေ။ တချို့က ဝါးတောင်ဝှေးဖြင့် ထိုးစိုက်ခံခဲ့ရပြီး တချို့က ဓားမများကြောင့် ခေါင်းနှစ်ခြမ်း ကွဲနေကြသည်။ တချို့မှာ ပန်းချီကားထဲတွင် ခေါင်းပြတ်ခန္ဓာများအဖြစ် ရောက်နေကြသည်။ ဖြူကောင်များသဖွယ် ဓားများစိုက်ဝင်နေသော နွားများ၊ ဆိတ်များနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ရှိကြသည်။ ဓားစက်လုံးနှင့် အစစ်အမှန်နဂါးသိုက်အောက်၌ ပိသေနေကြသူများလည်း တွေ့ရ၏။
သို့သော် အများစုက အချင်းချင်း သတ်ဖြတ်ကာ သေဆုံးသွားကြခြင်းဖြစ်သည်။
အခြေအနေက အလွန်ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ သူတို့ကိုယ်သူတို့ ကာကွယ်ရန် အားလုံး တစ်ယောက်ကိုတစ်ယောက် သတ်ရုံအပြင် ရွေးချယ်စရာမရှိခဲ့ပေ။ ချင်မူ၊ ပန်ကုန်းစုန်နှင့် နဂါးချီလင်တို့၏ လက်ချက်ဖြင့် သေဆုံးသွားသည်မှာ အနည်းစုသာ ဖြစ်၏။ အလွန်ဆုံး သုံးဆယ်ရာခိုင်နှုန်းသာ ရှိချေသည်။
ပန်ကုန်းစုန်မှာ မျက်နှာမှ သွေးများကို သုတ်ရင်း တုန်လှုပ်ချောက်ချားနေသေးသည်။
ပိတ်ပိတ်ပိန်းနေသော အမှောင်ထဲတွင် ချင်မူနှင့်သူ တစ်ကြိမ် တိုက်မိခဲ့ဖူးသည်။ လိုလန်ရွှေနန်းတော်၏ မှော်သိုင်းကို ထုတ်လွှတ်လိုက်၍ ချင်မူ သူမှန်း သိသွားခြင်းကြောင့်သာ မဟုတ်လျှင် သူလည်း ဝါးတောင်ဝှေးစာမိနေလောက်ချေပြီ။
ရုတ်ရုတ်သဲသဲအခြေအနေအကြား သူ ဒဏ်ရာများစွာ ရခဲ့ပြီး ရန်သူအတော်များများ ရှင်းလင်းပစ်နိုင်ခဲ့သော်လည်း အန္တရာယ်အများဆုံးအချိန်က ချင်မူ သူ့အနား ကပ်လာခဲ့သည့်အချိန် ဖြစ်နေသေးသည်။ သေရမည့်ဘေးမှ လက်မလေးတင် လွတ်လာခဲ့ခြင်းဖြစ်၏။
ပန်ကုန်းစုန် ချင်မူ၏အသေသတ်သိုင်းကွက်မှ လွတ်မြောက်လာခဲ့သော်လည်း သူ့ဝမ်းဗိုက်တွင် ဝါးတောင်ဝှေးဖြင့် ထိုးခံထားရသဖြင့် သွေးစက်စက်ယိုနေသော အပေါက်တစ်ပေါက် ရှိနေသေးသည်။ ထိုဒဏ်ရာက နှလုံးနေရာကို မထိုးမိအောင် ရှောင်လိုက်ရာမှ ရလိုက်သောဒဏ်ရာ ဖြစ်သည်။ ဝက်ခုတ်ဓားမဖြင့် လည်ကို မခုတ်ခံရအောင်လည်း သူ လည်ပင်းကို ကျိုးမတတ် ကွေးခဲ့ရသေးသည်။
ချင်မူက သူ၏ကောင်းကင်နတ်သိုင်းများကို မှတ်မိသည်နှင့် မတိုက်ခိုက်ခဲ့သော်လည်း ထိုခွေးသူတောင်းစား အစကတည်းက သူမှန်း သိနေခဲ့ကြောင်း ပန်ကုန်းစုန် သေချာ၏။ ရုတ်ရုတ်သဲသဲဖြစ်နေသော တိုက်ပွဲကို အခွင့်အကောင်းယူ၍ သူ့ကိုလည်း ရှင်းပစ်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
မှန်သည်၊ သက်သေမရှိသဖြင့် ဖွင့်မပြောခြင်းက အကောင်းဆုံးဖြစ်ပေသည်။
ချင်မူက အလောင်းများကို သေတ္တာအပြင် ထုတ်လိုက်သည်။ သူလည်း ဒဏ်ရာများစွာ ရခဲ့ပြီး အသက်အန္တရာယ်ရှိခဲ့၏။ အရပ်လေးမျက်နှာမှ ဦးတည်ရာမဲ့ သိုင်းကွက်များကြောင့် သေလုမျောပါးပင် ဖြစ်ခဲ့ရသည်။
ရန်သူများအကြား၌ သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များ ပါခဲ့သည်။ သူတို့၏ကောင်းကင်နတ်သိုင်းများက အခြားသူများထက် များစွာသန်မာအားကောင်းသည့်အပြင် မူလဝိညာဉ်များဆီမှ သိုင်းကွက်များကလည်း ပြိုင်ဘက်ကင်းလောက်အောင် ကြောက်စရာကောင်း၏။ သိုင်းကွက်တစ်ကွက်သာ လာရောက်ထိမှန်လျှင် အစစ်အမှန်နဂါး လောကသခင်ခန္ဓာပင် ဖြစ်လင့်ကစား မုချသေရလိမ့်မည်။
သို့သော်လည်း ကျန်ကောင်းကင်နတ်သိုင်းများနှင့် ဝိညာဉ်လက်နက်များ သူ့ကို ထိမှန်ခဲ့သည်။ စိတ်ဖောက်သွားသည့် ပြင်ပမကောင်းဆိုးဝါးကြောင့်သာ မဟုတ်လျှင် သူတစ်ယောက်တည်း လှုပ်ရှားရန် အလွန်ခက်ခဲခဲ့လိမ့်မည်။
ပန်ကုန်းစုန်လည်း သူနှင့်အတူ အလောင်းများအား အမှောင်ထုထဲသို့ တိတ်ဆိတ်စွာ လွှင့်ပစ်နေ၏။ များစွာမကြာလိုက်ဘဲ သေတ္တာထဲတွင် ရှင်းလင်းသွားသည်။ ချင်မူက ‘ပြင်ပမကောင်းဆိုးဝါး’များ၏ ဝိညာဉ်လက်နက်များကို မလွှင့်ပစ်ဘဲ ထောင်ကျယ်အိတ်ထဲ ထည့်ပြီးနောက် သူ၏ဝိညာဉ်လက်နက်များကို ပြန်ခေါ်လိုက်၏။
ချွင် ချွင် ချွင်
နဂါးချီလင်၏ကိုယ်ထဲ စိုက်ဝင်နေသော ဓားပျံများက ဓားစက်လုံးနှင့် ပြန်ပေါင်းစည်းရန် အလိုအလျောက် ဆွဲနုတ်လိုက်သဖြင့် နဂါးချီလင်၏ခန္ဓာကိုယ်မှ သွေးများပန်းထွက်လာသည်။
နဂါးချီလင်က သွေးပန်းထွက်နေသော ဒဏ်ရာများကို ကြည့်၍ ချင်မူ့အား လှမ်းကြည့်၏။ “ဂိုဏ်းသခင်.. ကျွန်တော့်ကို ဓားနဲ့ ထိုးခဲ့တာလား”
“မထိုးပါဘူးဟ ပေါက်ကရတွေ မပြောနဲ့။ မတော်တဆပါ” ချင်မူက ဘူးခံ ငြင်းလိုက်သည်။
ပန်ကုန်းစုန်က တွန့်ဆုတ်နေပြီးနောက် နဂါးချီလင် ဒဏ်ရာများအား လျက်နေသည့်အချိန်တွင် သူ့ဓားမစက်လုံးအား ထုတ်လိုက်သည်။ နဂါးချီလင်၏ တင်ပါး၌ စိုက်နေသော ဓားမများ ထွက်လာပြီး သူ့ဓားမစက်လုံးနှင့် ပူးကပ်ပေါင်းစည်းသွား၏။
နဂါးချီလင် ဒေါပွသွားသည်။ “မှော်ဆရာကြီး.. ခင်ဗျားလည်း ကျုပ်ကို ဓားနဲ့ ထိုးခဲ့တာလား”
ပန်ကုန်းစုန်မှာ သွေးအန်ပြီး မမြင်ချင်ယောင်ဆောင်နေသော ချင်မူ့ကို လှမ်းကြည့်သည်။ “မတော်တဆပါ မတော်တဆပါ...” သူက အတန်ကြာ ချီတုံချတုံ ဖြစ်နေပြီးနောက် လှမ်းမေးသည်။ “ဂိုဏ်းသခင်ချင်၊ မင်းမှာ နဂါးသွားရည် ရှိသေးလား။ ငါ့ကို နည်းနည်းလောက် ပေးပါဦး ငါလည်း နာနေလို့”
ချင်မူ ထောင်ကျယ်အိတ်ထဲမှ နဂါးသွားရည်ပုလင်းများ ထုတ်ပေးလိုက်သည်။ ပန်ကုန်းစုန်မှာ မယူရဲသဖြင့် ခေါင်းကုတ်နေ၏။ “ရုတ်တရက်ကြီး ဘာလို့မှန်းမသိဘူး။ ဂိုဏ်းသခင်ချင်ရဲ့ နဂါးသွားရည်နဲ့ ဒဏ်ရာကုရမှာ ကြောက်လာတယ်။ ဒဏ်ရာပဲ ပျောက်မလား၊ အဆိပ်ကြောင့် သေသွားမလား မသိဘူး”
“မသုံးချင်လဲ မသုံးနဲ့” ချင်မူက နဂါးသွားရည်ပုလင်းများကို ဖွင့်ကာ သူ၏ဒဏ်ရာများအပေါ် သုတ်လိမ်းနေသည်။
ပန်ကုန်းစုန် နဂါးချီလင်ကို လှမ်းကြည့်လိုက်၏။ နဂါးချီလင်က သူ့ကိုယ်ပေါ်ရှိ ဝိညာဉ်လက်နက်များအား မီးလောင်တိုက်သွင်း၍ အရည်ဖျော်ချနေသည်။ ပန်ကုန်းစုန် အရှက်မရှိ လျှောက်လာသည်ကို မြင်လျှင် ရုတ်ခြည်း ဒေါသထွက်သွားပြီး သူ့ဖင်ကို သူ့မျက်နှာနားကပ်ကာ ဓားဒဏ်ရာများ ပြ၏။ “ဒဏ်ရာတွေ လျက်ရတာ ပျော်စရာကောင်းတယ်ထင်လား။ ခင်ဗျားဒဏ်ရာတွေကို လျက်ပေးစေချင်တယ်မလား။ လာ ကျုပ်ဒဏ်ရာကို အရင်လျက်ပေး”
ပန်ကုန်းစုန်၏မျက်နှာ မီးသွေးတုံးကဲ့သို့ မည်းခြစ်သွားပြီး သူက ဂရုတစိုက် ပြောလိုက်သည်။ “နဂါးသွားရည်နည်းနည်းလောက် တောင်းချင်ရုံတင်ပါ။ မလျက်ခိုင်းပါဘူး။ ငါ့ကို သနားပါဦးကွာ...”
နဂါးချီလင် စိတ်ပျော့သွားပြီး မကြည့်ရက်တော့၍ နဂါးသွားရည်တစ်လုပ် ထွေးပေးလိုက်၏။ “ကိုယ့်ဘာသာ လျက်”
ပန်ကုန်းစုန်လည်း နဂါးသွားရည်ကို ယူ၍ ဒဏ်ရာများအပေါ် သုတ်လိမ်းလိုက်သည်။
ကိုယ့်ကိုယ်ကို ကုသပြီးသည့်အခါ ချင်မူက နဂါးသွားရည်တချို့ဖြင့် နဂါးချီလင်၏ဖင်ကို သုတ်ပေးလိုက်သည်။ အတန်ကြာ အနားယူပြီးနောက်တွင်ပင် သူတို့ခြေထောက်များမှာ ကိုက်ခဲနေသေး၏။
ထိုစဉ်အမှောင်ထုထဲမှ ခြေသံများ ထွက်လာ၍ ချင်မူ ကုန်းထလိုက်သည်။ အနီရောင်ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်ရာတွင် သွေးရောင်ခြုံထည် လွှားခြုံထားသော လူရိပ်တစ်ခုအား မြင်လိုက်သည်။
ပန်ကုန်းစုန်လည်း ယိုင်တီးယိုင်တိုင် ထ၍ သူ့နောက်ရှိ ဘူးသီးခြောက်ကြီးကို ဖွင့်လိုက်သည်။ သွေးရေတံခွန်တစ်ခုက အထက်ကောင်းကင်ယံသို့ ထိုးတက်သွား၏။
နဂါးချီလင်လည်း ထကြည့်သော်လည်း အားနည်းသောခြေထောက်များက သူ့ခန္ဓာကိုယ်ကြီးအား မထိန်းနိုင်ပေ။ ထိုင်နေသည်က ပိုသက်သာကြောင်း ခံစားရ၍ ထိုင်လျက်သာ ချီလင်မီးလျှံများ မှုတ်ထုတ်လိုက်သည်။
ချင်မူ့လက်များမှာ ဓားမစက်လုံးအား မမြှောက်နိုင်တော့၍ လက်ဖျောက်တီးလိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက သူ့လက်ချောင်းထိပ်နားသို့ ပျံသန်းလာသည်။ ဓားသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှနေ၏။
လူရိပ်က ဓားမရှည်ကြီးတစ်လက်ကို ကျောတွင်ပိုးလျက် လမ်းလျှောက်လာနေသည်။ သို့သော် သူတို့အနားထိ လျှောက်မလာဘဲ ရပ်၍ အလောင်းများကို သေသေချာချာ ကြည့်နေသည်။
အမှောင်ထုထဲရှိ မိစ္ဆာများက သူ့အား ရန်မပြုပေ။ အမှောင်ထုသည် ဤကမ္ဘာသူကမ္ဘာသားများအတွက်သာ အန္တရာယ်များဟန်တူ၏။ ပြင်ပကမ္ဘာမှ သူ့လို ဧည့်သည်တစ်ယောက်အတွက် ကြောက်စရာမဟုတ်ပေ။
“ငါ့ကောင်းကင်နတ်ဘုံရဲ့ ဝိညာဉ်လက်ရွေးစင်အစောင့်တပ်ကို ဒီလို သတ်ပစ်နိုင်တယ်ဆိုတော့ မင်းတို့က သိပ်သန်မာအားကောင်းတာပဲ” ဓားမရှည်ဖြင့် လူငယ်က သွေးရောင်ခြုံထည်ကို လှုပ်ခါ၍ ချင်မူ့ကို စိုက်ကြည့်ကာ အလေးအနက် ပြောလိုက်၏။ “ငါက ဝိညာဉ်လက်ရွေးစင်အစောင့်တပ်ရဲ့ လော့ဝူရွှမ်ပဲ။ မင်းတို့ကောင်တွေရော နာမည်ပြောရဲလား”
ပန်ကုန်းစုန်က ရယ်သည်။ “ဝိညာဉ်လက်ရွေးစင်အစောင့်တပ်က လော့ဝူရွှမ်ဟုတ်လား။ ခွေးကောင်လေး.. မင့်ကြည့်ရတာ ဇ,မသေးပုံပဲ။ လာခဲ့စမ်း”
ဓားမရှည်ဖြင့် လူငယ်က မတုန်လှုပ်ပေ။ “လူနှစ်ယောက်၊ ဝက်တစ်ကောင်တည်းနဲ့ သိုင်းပညာရှင်တွေအများကြီး သတ်ပစ်နိုင်ခဲ့တဲ့အတွက် မင်းတို့ကို ငါ လေးစားမိတယ်။ မင်းတို့အစွမ်းအစတွေက သိပ်မသေးပေမယ့် သူတို့က ကင်းထောက်သာသာပဲ ရှိသေးတယ်။ ဝိညာဉ်လက်ရွေးစင်အစောင့်တပ်ကမှ ကောင်းကင်နတ်ဘုံရဲ့ လူငယ်မျိုးဆက်ကြားက အကောင်းဆုံးလက်ရွေးစင်တွေကို ရွေးချယ်ထားတဲ့ တပ်ပဲ။ ဒီကင်းထောက်တွေအနေနဲ့ ယှဉ်နိုင်တဲ့အရာမဟုတ်ဘူး
“ချုံဧကရာဇ်ရဲ့ ပိုးကောင်လေးတွေမှာ ဒီလိုအစွမ်းအစတွေ ရှိနေတာက အမှန်တကယ် လေးစားထိုက်တယ်။ မင်းတို့ သေသွားရင်တောင် နာမည်မသေအောင် ငါက မင်းတို့ကို နာမည်မေးနေတာ။ ဒါပေမဲ့ မင်းတို့ ကြည့်ရတာ မလိုချင်မှတော့...”
သူက ဓားမကို ဆွဲထုတ်၍ လေအား ခုတ်ပိုင်းလိုက်သည်။ ဓားမရောင်များ လေကို ပိုင်းချသည့်အခါ အကြိမ်တစ်ထောင်နီးပါး ပြိုးပြက်လက်သွားသယောင် ထင်ရ၏။ ဓားမရောင်က တစ်ရောင်မှ နှစ်ရောင်၊ နှစ်ရောင်မှ လေးရောင်၊ လေးရောင်မှ ရှစ်ရောင်၊ ရှစ်ရောင်မှ ဆယ့်ခြောက်ရောင်သို့ ဆထက်တိုး ကွဲထွက်သွားသည်။ ချင်မူတို့အရှေ့ ရောက်သည့်အခါ ကောင်းကင်တစ်ပြင်လုံး ဓားမရောင်များ ပြည့်နေချေပြီ။
ပန်ကုန်းစုန်က ဒေါသတကြီး မာန်သွင်း၍ လက်ဝါးနှစ်ဖက်ကို လက်အုပ်အသွင် စုလိုက်သည်။ သွေးရေတံခွန်ကြီးက သွေးဗုဒ္ဓအသွင် ဖွဲ့တည်ကာ ဓားမရောင်များကို ရင်ဆိုင်လိုက်၏။ ဓားမရောင်များက ဗုဒ္ဓကြီးကို ဖြိုခွဲနိုင်လိုက်သော်လည်း တခဏ မငြိမ်မသက်ဖြစ်သွားသည်။
သို့တိုင်အောင် ပန်ကုန်းစုန်မှာ မြေပြင်ပေါ် ထိုင်ကာ အသက်မနည်းရှူနေရသည်။ သူ့တွင် မှော်စွမ်းအင် မကျန်တော့ပေ။
ချင်မူ လက်ချောင်းကို အပေါ်သို့ တောက်ထုတ်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက ဓားမရောင်များကို ထိုးဖောက်၍ လူငယ်ဘေးသို့ တမုဟုတ်ချင်း ရောက်သွားသည်။ သို့သော် နောက်ဆုံးလက်ကျန်အင်အားဖြင့် ရွှင်ပျော်ပျော်ဓားကို ပစ်လွှတ်လိုက်ရသောကြောင့် သူ့ကိုယ်သူ မကာကွယ်နိုင်တော့ပေ။
နဂါးချီလင်က ဟိန်းလိုက်ပြီး သူ့ကိုယ်ပေါ် အကြေးခွံများအား ပစ်လွှတ်လိုက်၏။ ၎င်းတို့က ဧရာမဒိုင်းကြီးအသွင် ဖွဲ့တည်ကာ ချင်မူ့အရှေ့တွင် ကာပေးလိုက်သည်။
လူငယ်က ခန့်မှန်းမရစွာ ရွေ့လျားရင်း ရွှင်ပျော်ပျော်ဓားကို ရှောင်တိမ်းကာ ဓားမဖြင့် ခုခံလိုက်သည်။ သူ၏ဓားမသိုင်းက ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်နေပြီး ဆန်းကြယ်သောခမ်းနားမှုတို့ ကိန်းဝပ်နေ၏။
ချင်မူ နောက်ဆုံးလက်ကျန်ချီစွမ်းအင်ဖြင့် ဓားအား လှုပ်လိုက်သည်။ ဓားအလက်ရှစ်ထောင် ကွဲထွက်သွားပြီး လူငယ်ဆီမှ ခပ်အုပ်အုပ် ညည်းညူသံ ထွက်ပေါ်လာသည်။ ဓားမကိုင်ထားသော သူ့လက် ဖြတ်တောက်ခံလိုက်ရချေပြီ။
သူက လက်ပြတ်ကို ဆုပ်ကိုင်၍ တစ်မိုင်အကွာသို့ တမုဟုတ်ချင်း ဆုတ်ခွာလိုက်သည်။
“မင်းက ဘယ်သူလဲ၊ အခုချက်ချင်း နာမည်ပြောစမ်း” သူက တင်းမာခက်ထန်စွာ အော်ဟစ်သည်။
ချင်မူမှာ ချီစွမ်းအင်ကုန်ခမ်းတော့မည်ဖြစ်၍ တစ်မိုင်အကွာသို့ မရောက်နိုင်မှန်း သိ၍ ဓားကို ပြန်ခေါ်လိုက်သည်။ ရွှင်ပျော်ပျော်ဓားက သူ့ကို လျင်မြန်စွာ လှည့်ပတ်နေကာ သူ့တွင် အင်အားကျန်နေသေးသကဲ့သို့ ထင်ရစေသည်။
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ချင်မူ” သူက ပြုံး၍ အေးအေးလူလူ ဆက်ပြောလိုက်သည်။ “ငါ့ဘေးက လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်”
ပန်ကုန်းစုန်၏အမူအရာ မသိမသာ ပြောင်းလဲသွားသည်။