သမိုင်းကို ဖန်တီးသည့်အခါ
Vol. 36 Ch. 492
လော့ဝူရွှမ် လှည့်ထွက်သွားပြီး သူ့အသံက အဝေးမှ ထွက်လာသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ချင်မူ၊ လိုလန်ရွှေနန်းတော် မှော်ဆရာသခင်၊ နောင်တစ်ချိန် ငါ အောင်မြင်လာရင် ငါ့လက်ပြတ်အတွက် သေချာပေါက် မင်းတို့နှစ်ယောက်ကို ကလဲ့စားချေမယ်။ စောစောမသေစေနဲ့”
ထို့နောက် အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ချင်မူက မတ်မတ်ရပ်နေဆဲဖြစ်သလို၊ ရွှင်ပျော်ပျော်ဓားကလည်း သူ့ကို လှည့်ပတ်ပျံဝဲနေသည်။ သူ့မှာ သက်သောင့်သက်သာ မနေဝံ့ဘဲ အမှောင်ထဲသို့ စိုက်ကြည့်နေမိ၏။ အတန်ကြာမှ သက်ပြင်းချနိုင်သွားသည်။
ပန်ကုန်းစုန်မှာ မျက်နှာကြီးရှုံ့မဲ့နေပြီး ညည်းညူလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ဘာလို့ ငါတို့နာမည်ကို ပြောလိုက်တာလဲ။ အခုတော့ ဘယ်လိုလုပ်ရတော့မလဲ”
“ငါတို့နာမည်မပြောရင် သူ ထွက်သွားမှာမဟုတ်ဘူး” ချင်မူ့အရှိန်အဝါမှာ ရုတ်ခြည်း အားနည်းသွားပြီး သူ့မှာ မြေကြီးပေါ် ထိုင်လျက်သား ကျသွားသည်။ ရွှင်ပျော်ပျော်ဓားလည်း ဘုတ်ခနဲ ကျလာပြီး သူ့တွင် ဓားကို ရွှေ့ရန် ခွန်အားပင် မရှိတော့ပေ။ “သူသာ ငါတို့နဲ့ မသေမချင်း တိုက်မယ်ဆိုရင် သူ့ကို တကယ် မနိုင်ဘူး။ ငါတို့နာမည်ကြားမှ သူ ထွက်သွားမှာ”
ပန်ကုန်းစုန် ကုန်းထလာပြီး သူ့ကို လှမ်းအကဲခတ်သည်။ သွေးခင်းဘူးသီးဆီမှ သွေးခဲတစ်ခဲ တိတ်တဆိတ် ထွက်လာနေစဉ် ပန်ကုန်းစုန်က ဒေါသထွက်ချင်ယောင်ဆောင်ရင်း ချင်မူ့ကို တိုက်ခိုက်ရန် ချောင်းနေ၏။ “နာမည်အတု ပြောလည်း ရတာပဲလေ”
ချင်မူ မျက်ခုံးပင့်သွားပြီး သူ့ခြေထောက်နားရှိ ရွှင်ပျော်ပျော်ဓားက အသံမထွက်ဘဲ ထောင်မတ်လာသည်။ “ငါက ဘယ်တော့မှ နာမည်အတု မသုံးတတ်ဘူး။ ပြီးတော့ ငါတို့က အနာဂတ် နှစ်,သုံး၊လေးသောင်းကို ပြန်ရမှာလေ၊ သူ ငါတို့ကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ”
ပန်ကုန်းစုန်မှာ မီးပုံယမ်းကျ ဒေါသပေါက်ကွဲသွားသဖြင့် အံတင်းတင်းကြိတ်လိုက်မိ၏။ “ဂိုဏ်းသခင်ချင်၊ ချင်မူက မင့်နာမည်အရင်း ဟုတ်လို့လား။ ဘယ်တော့မှ နာမည်အတု မပြောဘူးဟုတ်စ။ အဲဒီလိုပြောထွက်တာ တော်တော်အရှက်မရှိတာပဲ”
ဘူးသီးခြောက်ထဲမှ သွေးများ စီးကျလာပြီး တိတ်ဆိတ်စွာ မြောက်တက်လာ၏။
ထိုစဉ် သူ့မျက်လုံးများ မှေးကျဉ်းသွားကာ တမုဟုတ်ချင်း ချိုသာစွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဂိုဏ်းသခင်ပြောတာလည်း သဘာဝကျပါတယ်။ ဒီခွေးကောင် လော့ဝူရွှမ်က တော်ရုံတော့ မဟုတ်ပေမယ့် ဘဝင်မြင့်လွန်းတယ်။ နှစ်သုံးသောင်း၊ လေးသောင်းလောက်အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ စစ်ပွဲထဲမှာတင် သေသွားလောက်တယ်။ ဂိုဏ်းသခင်ချင်၊ ရလား ကူထူပေးရဦးမလား”
ချင်မူက ရိုးသားသော မျက်နှာထားဖြင့် ခေါင်းမော့လိုက်သည်။ “ကူထူပေးရင် ကောင်းတာပေါ့ မှော်ဆရာကြီးရာ။ အခု ငါ့ခန္ဓာကိုယ်က အားအင်ကုန်ခမ်းနေပြီ။ မင်းသာ မထူပေးရင် ထနိုင်မှာမဟုတ်တော့ဘူး”
ပန်ကုန်းစုန် ကြက်သီးတဖြန်းဖြန်း ထသွားကာ ကပျာကယာ နောက်ဆုတ်ပြီး ရယ်လိုက်သည်။ “ယောက်ျားအချင်းချင်း လက်ချင်းမထိသင့်ဘူးတဲ့။ ကောလဟာလတွေ မထွက်အောင် နီးနီးကပ်ကပ် မနေတာ အကောင်းဆုံးပဲ”
ချင်မူလည်း ရွှင်ပျော်ပျော်ဓားကို အားပြုကာ ထလိုက်သည်။ “လော့ဝူရွှမ် ဆုတ်ခွာသွားပြီဆိုတော့ ငါတို့ မြန်မြန်ထွက်သွားရမယ်။ သူ ဝိညာဉ်လက်ရွေးစင်အစောင့်တပ်ကို ခေါ်လာလောက်တယ်။ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး”
နဂါးချီလင်က နဂါးကြေးခွံများကို ပြန်ရုတ်သိမ်းပြီး သေတ္တာကြီး၏ဧရိယာထဲမှ ထွက်လိုက်သည်။ သေတ္တာကြီးက တဘန်းဘန်း မြည်လျက် ပြန်ပိတ်သွား၏။ နဂါးချီလင် သေတ္တာပေါ် ခုန်တက်ကာ အမောဖြေနေသည်။ ချင်မူလည်း ခက်ခက်ခဲခဲ ခုန်တက်ပြီး ပန်ကုန်းစုန်အား လှည့်ပြုံးပြလိုက်သည်။ “မှော်ဆရာကြီးလည်း တက်လာခဲ့လေ”
ပန်ကုန်းစုန်က ခေါင်းခါပြီး သေတ္တာကြီး၏ ခြေထောက်တစ်ဖက်ကို သွားဖက်ထားသည်။ “ဒီနေရာမှာပဲ အဆင်ပြေတယ်”
ချင်မူ နဂါးချီလင်ကို ဆောင့်ကန်ကာ တဟားဟား ရယ်လိုက်၏။ “မှော်ဆရာကြီးကလည်းဗျာ ဒီလောက်သတိထားနေစရာ မလိုပါဘူး။ ငါတို့က သေတ္တာတစ်ခုတည်း စီးပြီး ရန်သူတွေကို ရင်ဆိုင်နေရတာပဲလေ။ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကိုတောင် အတူတူ ဖြတ်ကျော်ပြီးမှ ငါက မင်းကို ထိမယ်ထင်နေတာလား”
နဂါးချီလင်က ဓားသွားသဖွယ် ချွန်မြနေသော လက်သည်းများ မြှောက်ပြလိုက်သည်။ ပန်ကုန်းစုန် သေတ္တာပေါ် တက်လာသည်နှင့် လက်သည်းများကြား အသက်ပျောက်သွားလိမ့်မည်။
“အခုလို သိပ်ကို ဖော်ရွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာဂိုဏ်းသခင်ကြီးရယ်။ ဒါပေမဲ့ ငါက သတိထားရတာနဲ့ အသားကျနေပြီ။ ဘယ်သူ့ကိုမှလည်း မယုံဘူး။ ဂိုဏ်းသခင်အနေနဲ့ ဖက်တီးနဂါးကို လက်သည်းပြန်သိမ်းခိုင်းလို့ ရပါပြီ”
သေတ္တာကြီးက အမှောင်ထုကို ဖြတ်၍ လျှောက်နေသည်။ ချင်မူက ဓားကိုင်လျက် တစ်မှေးအိပ်နေသော်လည်း ပန်ကုန်းစုန်မှာတော့ အိပ်မပျော်အောင် မျက်လုံးပြူးထားသည်။ သူက စွမ်းအင်ဆေးလုံးတချို့ တိတ်တဆိတ် ထုတ်၍ ပါးစပ်ထဲ သိပ်ထည့်ကာ ကျင့်စဉ်စွမ်းအင် အမြန်ဆုံးပြန်ပြည့်လာအောင် ကြိုးစားနေ၏။
အတန်ကြာသော် ချီစွမ်းအင်အနည်းငယ် ပြည့်တင်းလာသည်ကို ခံစားလိုက်ရသဖြင့် သူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည်။ သူက သွေးခင်းဘူးသီးကို ခိုးကြောင်ခိုးဝှက် ထုတ်လိုက်၏။ ‘ဒီကောင် ဒဏ်ရာရထားတယ်။ အခုအချိန်က ရှင်းပစ်ဖို့ အကောင်းဆုံးအချိန်ပဲ...’
ရုတ်တရက် သူ ဆေးနံ့ရလိုက်သောကြောင့် တိုက်ခိုက်မည့်အတွေးများအား စွန့်လွှတ်လိုက်ရတော့သည်။
ချင်မူက လက်တစ်ဖက်ကို ထောင်ကျယ်အိတ်ထဲ ထည့်ကာ စွမ်းအင်ဆေးလုံးများ တိတ်တဆိတ် ဖော်ပြီး သူ့ပါးစပ်ထဲ သိပ်ထည့်နေခဲ့ခြင်းဖြစ်သည်။ နဂါးချီလင်အတွက်လည်း ဆေးအိုးများ ဖော်ပေးရင်း အသံမထွက်အောင် စားခိုင်းထား၏။
သို့သော် ဆေးနံ့ကိုတော့ ပန်ကုန်းစုန် အနံ့မခံမိအောင် မဖုံးနိုင်သေးပေ။
‘ငါ သူ့ကို အကောက်ကြံချင်ရင် ခက်လိမ့်မယ်’ ပန်ကုန်းစုန် သူ့ဘာသာ တွေးလိုက်မိသည်။
နောက်ဆုံးတော့ အဝေး၌ အလင်းရောင်ကို လှမ်းမြင်လိုက်ရသည်။ နားနေစခန်းသို့ ရောက်လာခဲ့ချေပြီ။
စခန်းတွင် နတ်ဘုရားတစ်ပါးက စောင့်ရှောက်ပေးနေ၍ အနားယူနေကြသူ အတော်များ၏။ ပိုင်ချွီအာမှာ ဘေးဘီဝဲယာကို စိုးရိမ်ပူပန်စွာ ကြည့်နေပြီး လူငယ်လေးတစ်ယောက်နှင့် ဝတုတ်နေသော နဂါးချီလင်တစ်ကောင်အား သယ်လာသည့် သွေးစွန်းသေတ္တာကြီးကို မြင်လိုက်ရသည်။
သေတ္တာကြီးက ခြေလှမ်းကြဲကြဲများဖြင့် လျင်မြန်စွာ ရွေ့လျားလာ၏။
ပိုင်ချွီအာ ရင်ထဲတွင် ခံစားချက်အသစ်တို့ ပေါက်ဖွားလာပြီး ရင်ခုန်သံများ စည်းချက်မညီတော့ပေ။ သူမက ပိုင်ချင်းဖု၏ကလေးကို ပွေ့ချီလျက် သူတို့ဆီ အပြေးသွားကြိုသည်။
ချင်မူမှာ သေတ္တာပေါ်မှ ခုန်ချပြီး အညောင်းအညာပြေ အကြောဆန့်ကာ ဇဝေဇဝါ မေးလိုက်မိသည်။ “ဘာလို့ မထွက်သွားကြသေးတာလဲ”
“တစ်ယောက်မှ မလှုပ်နိုင်ကြတော့လို့ပါ။ အများစုက သိုင်းအဆင့်နိမ့်တဲ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ အားနည်းတဲ့လူတွေ ဖြစ်နေတယ်” ပိုင်ချွီအာ နှလုံးသားထဲရှိ ခံစားချက်များကို မြိုသိပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “နားနေစခန်းရဲ့ နတ်ဘုရားတွေလည်း ဒီမှာမရှိတော့ဘူး။ ပိုင်ဖုန်းရုံမြို့က ကျန်တဲ့လူတွေကို ကယ်ဖို့ ထွက်သွားကြတယ်။ သူတို့အခြေအနေကို မသိရတော့ အခု နားနေစခန်းမှာ ငါတို့ပဲ ရှိတယ်”
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မြေပေါ်တွင် အိပ်နေကြသော လူများစွာကို မြင်လိုက်ရ၏။ တချို့ကတော့ အိပ်မနေကြပေ။ နဂါးပုတီးစေ့၏ အလင်းရောင်အောက်တွင် သူတို့မျက်လုံးများမှာ လင်းလာလိုက်၊ မှိန်သွားလိုက် ဖြစ်နေကြသည်။ အားလုံး တိတ်ဆိတ်နေကြ၏။
လွတ်မြောက်လာခဲ့သူ အများစုမှာ သာမန်လူများ ဖြစ်ကြသည်။ ပိုင်ဖန်းရုံမြို့၏ လူချမ်းသာအများစုက လျင်မြန်စွာ ထွက်လာနိုင်ကြ၍ တံခါးစောင့်နတ်ဘုရားနှင့်အတူ လိုက်သွားနိုင်ခဲ့ကြ၏။ ထိုအုပ်စုတွင် တစ်ယောက်မှ အသက်မရှင်လောက်တော့ပေ။
သာမန်လူများမှာမူ သိုင်းအဆင့် နိမ့်ကျသောကြောင့် ခြေတစ်လှမ်း နောက်ကျသွားပြီး သူတို့နှင့် ပါလာခဲ့ကြခြင်းဖြစ်သည်။
“ငါတို့ ဒီမှာ ကြာကြာနေလို့မဖြစ်ဘူး” ချင်မူ တိုးညင်းစွာ ပြောလိုက်၏။ “သူတို့ကို ငါ့သေတ္တာထဲ ထည့်လိုက်ပါလား။ ဒါဆို ငါ ဝေးဝေးခေါ်သွားပေးလို့ရတယ်”
ပိုင်ချွီအာမှာ အတန်ငယ် မှင်သက်သွားပြီး သေတ္တာကြီးကို ကြည့်သည်။ “နင်နဲ့ အတူလိုက်သွားတဲ့ တစ်ယောက်ရော... သူ...”
“ငါ ဒီမှာ” ပန်ကုန်းစုန်က သေတ္တာအောက်မှ ထွက်လာပြီး ဟက်ခနဲ ရယ်လိုက်၏။ “ကံကောင်းလို့ အသက်ရှင်နေပါသေးတယ်။ စိတ်ပူပေးလို့ ကျေးဇူးပဲ”
ချင်မူ နဂါးချီလင်ကို အောက်ဆင်းခိုင်းကာ ပြောလိုက်သည်။ “မိန်းကလေးချွီအာ၊ သူတို့ကို နှိုးလိုက်ပါ။ ငါတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး။ ကာကွယ်ပေးမယ့် နတ်ဘုရားမရှိမှတော့ နောက်က လိုက်လာတဲ့လူတွေ မမှီအောင် မြန်မြန်သွားကြရမယ်”
ပိုင်ချွီအာက ခေါင်းညိတ်ပြီး အားလုံးကို နှိုးလိုက်သည်။ ချင်မူ သေတ္တာဖွင့်၍ သူတို့ကို ဝင်ခိုင်းနေစဉ် ပန်ကုန်းစုန်ကလည်း လိုက်ဝင်ချင်နေ၏။ ချင်မူက ခေါင်းယမ်းပြလိုက်သည်။ “နောက်က လိုက်လာတဲ့လူတွေ သေတ္တာကြီးကို မှီလာလို့ ခုခံပေးမယ့်လူ မရှိရင် ငါတို့အားလုံး ရှင်းပစ်ခံရလိမ့်မယ်။ အပြင်မှာ နေကြစို့”
ရှင်းအန်း၏သေတ္တာကြီးသည် အလွန်ခိုင်ခံ့မာကြောသော်လည်း မတိုက်ခိုက်နိုင်သလို၊ စွမ်းအားလည်း မရှိပေ။ အားလုံး အထဲ၌ ပုန်းနေ၍ ‘ပြင်ပမကောင်းဆိုးဝါးတစ်ယောက်’ ရောက်လာခဲ့လျှင် တစ်ယောက်မကျန် သေကုန်လိမ့်မည်။
ပန်ကုန်းစုန်က ဒေါသမြိုသိပ်ပြီး သရော်တော်တော် ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ မင်းပြောတဲ့အတိုင်း လုပ်နေရင် ဒီပရမ်းပတာ ကမ္ဘာကြီးထဲမှာ ငါတို့အသက်ရှင်ဖို့ ခက်လိမ့်မယ်။ ရှင်းအန်းရဲ့ လက်ထဲကနေ လွတ်အောင်တောင် မနည်းပြေးနေရတာ။ တခြားလူတွေကို အသက်ကယ်ဖို့ အချိန်မရှိဘူး”
ချင်မူ ကျယ်လောင်စွာ ရယ်ကာ ခေါင်းယမ်းလိုက်၏။ “မှော်ဆရာကြီး၊ ဒီလိုပရမ်းပတာ ကမ္ဘာကြီးမှာ ငါက လုပ်နိုင်တာ လုပ်ပြီး လိပ်ပြာလုံချင်ရုံတင်ပါ”
ပန်ကုန်းစုန်က နှာခေါင်းရှုံ့ ၍ သေတ္တာအောက် သွားကာ မကျေမနပ် လှမ်းအော်သည်။ “ရန်သူတွေ လာရင် လှမ်းခေါ်လိုက်”
ပိုင်ချွီအာလည်း အပြင်တွင် နေသည်။ သူမက ချင်မူနှင့်အတူ သေတ္တာအပေါ် ထိုင်လိုက်၏။ နဂါးချီလင်လည်း သေတ္တာပေါ် ခုန်တက်လာပြီး တိတ်ဆိတ်စွာ လှဲနေရင်း အိပ်ပျော်သွားသည်။
“မှော်ဆရာသခင်က ဘာလို့ သေတ္တာအောက်မှာ နေရတာ ကြိုက်တာလဲ” ပိုင်ချွီအာ နားမလည်နိုင်ပေ။
“သူက မြေအောက်က ထွက်လာတတ်တဲ့ ကောင်းကင်နတ်သိုင်းတွေကို ခုခံပေးနေတာ” ချင်မူက ရှင်းပြလိုက်သည်။
ပိုင်ချွီအာ နားလည်သွားပြီး ပြောလိုက်၏။ “မှော်ဆရာသခင်က အမြော်အမြင် ကြီးမားပါပေတယ်”
သေတ္တာကြီးသည် အရှေ့အရပ်သို့ ဦးတည်ကာ လျှောက်နေ၏။
ချင်မူ ဘေးရှိ မိန်းကလေးကို ငေးကြည့်နေမိသည်။ ပိုင်ချွီအာ၏ဘဝမှာ ပြည့်စုံသော မင်းသမီးလေးအဖြစ်မှ တစ်ကောင်ကြွက် အိပ်ခြေရာမဲ့အဖြစ်သို့ ရောက်သွား၏။ ယခင်က သူမပုံစံမှာ နုနုနယ်နယ်လေးဖြင့် မရင့်ကျက်ခဲ့သော်လည်း တစ်ညတာအတွင်း သူမမျက်ဝန်းများတွင် မယိမ်းယိုင်သော ခိုင်မာပြတ်သားမှုတို့ ကိန်းဝပ်နေခဲ့ချေပြီ။ သူမအကြည့်များသည် ရှင်းလင်းတောက်ပလာခဲ့ကာ အားနည်းသောရုပ်သွင် မရှိတော့ပေ။
ယခုအချိန်မှ ပိုင်ချွီအာမှာ သာမန်မိန်းကလေးနှင့်မတူဘဲ နဂါးအသွင်ရှိနေကြောင်း သတိထားမိသွားသည်။ သူမဆံနွယ်များအကြားတွင် နဂါးချိုသေးသေးလေးနှစ်ခု ရှိနေ၏။ ကလစ်လေးနှစ်ချောင်းဖြင့် ဖုံးထားသောကြောင့် မသိသာခြင်းဖြစ်သည်။
သူမနှင့် ပထမဆုံးတွေ့တုန်းက သူမပါးပြင်နှစ်ဖက်အပေါ် အုပ်မိုးကိုင်ခဲ့မိသော်လည်း ချိုသေးသေးလေးနှစ်ခုကိုတော့ သူ သတိမပြုမိခဲ့ပေ။
သူမမျက်နှာထက်တွင် စိုးရိမ်ကြောင့်ကြနေသော အရိပ်အယောင် ထင်ဟပ်နေသည်။ သူမမှာ အားကိုးစရာလူ ရှာချင်ပါသော်လည်း အားကိုးစရာဟူ၍ သူမသာ ရှိလေသည်။
ပိုင်ချွီအာသည် ချင်မူ သဘောကျသော မိန်းကလေးမျိုးမဟုတ်ပေ။ သူ ငယ်ငယ်ကတည်းက မိန်းကလေးဟူသည် ပြည့်ပြည့်ဖြိုးဖြိုး ရှိနေမှ လှပသည်ဟု ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားကိုးယောက်က သင်ပေးခဲ့၏။ မိန်းကလေးတစ်ယောက်တွင် မျက်နှာဝိုင်းဝိုင်း၊ ဖွင့်ဖွင့်ထွားထွား ရင်သားနှင့် ငွားငွားစွင့်စွင် တင်ပါးများ ရှိရမည်ဟု ရွာလူကြီး၊ ဆေးဆရာနှင့် သားသတ်သမားတို့က သူ့ကို ပြောခဲ့ဖူးသည်။
ပိုင်ချွီအာမှာ ထိုစံသတ်မှတ်ချက်များဖြင့် မကိုက်ညီသော်လည်း ခိုကိုးရာမဲ့နေသည့် အခြေအနေတွင် အားမာန်တင်းထားသော သူမပုံစံလေးက သူ့နှလုံးသားကို လှုပ်ခတ်လာစေသည်။
“ပင်ပန်းနေလား” ချင်မူ အတွေးများကို ခေါင်းထဲမှ ထုတ်၍ ပြောလိုက်သည်။ “ပင်ပန်းရင် ငါ့ကို မှီပြီး နားလို့ ရတယ်နော်”
ပိုင်ချွီအာက ခေါင်းညိတ်ပြီး သူ့ပခုံးကို အသာလေး မှီလိုက်သည်။ သူတို့အနောက်မှ နဂါးချီလင်၏ ဟောက်သံများ ကြားနေရ၏။
ပိုင်ချွီအာမှာ အိပ်မပျော်ပေ။ မျက်လုံးပိတ်လိုက်တိုင်း ပိုင်ဖန်းရုံမြို့ ပျက်စီးနေသည့်မြင်ကွင်း၊ သူမအမေနှင့် ဦးလေးများ ပြင်ပမကောင်းဆိုးဝါးများကို တိုက်ခိုက်နေသောပုံရိပ်များ၊ အမှောင်ထုထဲက တိုက်ပွဲ၊ မရှုမလှ သေသွားကြသည့် လူများနှင့် မကောင်းဆိုးဝါးများဖြင့် တိုက်ခိုက်ရန် လှည့်ထွက်သွားသည့်အချိန် သူမအစ်ကိုနှင့် မရီး ပြုံးပြသွားသော အပြုံးများအား မြင်ယောင်နေမိသည်။ တစ်ချက်တစ်ချက် အမှောင်ထုထဲရှိ မိစ္ဆာများ၏ ကြောက်မက်ဖွယ်ရာမျက်နှာများလည်း ပေါ်လာတတ်၏။
“ငါ နင့်ကို မမေးရသေးဘူး... ပထမဆုံး တွေ့တုန်းက နင် ဒီကို အချိန်ခရီးသွားပြီး ရောက်လာတာလို့ ပြောခဲ့တယ်နော်” ပိုင်ချွီအာက မျက်လုံးဖွင့်ကာ မေးလိုက်သည်။ “အဲဒါ တကယ်လား”
ချင်မူ ခေါင်းညိတ်လိုက်၏။
“ဒါဆို နင် ဘယ်ကလာတာလဲ။ အတိတ်ကလား အနာဂတ်ကလား။ အဲဒီနေရာကရော ငြိမ်းချမ်းလား”
“ဟိုးအနာဂတ်က လာတာ။ နှစ်သုံးသောင်း၊ လေးသောင်းလောက် ကွာတယ်။ အဲဒီနေရာမှာ အခုလောလောဆယ်တော့ ငြိမ်းချမ်းနေပေမယ့် ဘယ်လောက်ကြာကြာခံမလဲ မပြောတတ်ဘူး”
“နှစ်သုံးသောင်း၊ လေးသောင်းလောက် ကွာတယ်ဟုတ်လား” သူ့ပခုံးကို မှီထားသော မိန်းကလေး အတန်ကြာ တိတ်ဆိတ်သွား၏။ “ငါ အဲဒီလောက်ထိ အသက်ရှည်ပါ့မလား မသိဘူး။ ဒီနေရာမှာ ရှင်သန်ဖို့ ခက်လွန်းတယ်။ အသက်ဆက်ရှင်ဖို့ ပင်ပန်းလွန်းတယ်...”
“မင်း အသက်ဆက်ရှင်ရမယ်။ သေတ္တာထဲက လူတွေ မင်းကို လိုအပ်တယ်” ချင်မူ သူမကို ပြုံးပြပြီး နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။ “မင်းက ငါ ထင်ထားတာထက် အများကြီး သန်မာတယ်။ ယောက်ျားသားတွေတောင်မှ အခုလိုအခြေအနေကို ရင်ဆိုင်ရရင် ပြိုလဲသွားတာ ကြာပြီ။ အသက်ဆက်ရှင်ဖို့ ခက်ခဲမှန်း သိပါတယ်။ ဒါပေမဲ့ အားလုံးရဲ့ မျှော်လင့်ချက်၊ မင်းအစ်ကိုနဲ့ မရီးရဲ့ မျှော်လင့်ချက်၊ သူတို့ကလေးအတွက် မျှော်လင့်ချက်ကို မင်း သယ်ဆောင်ထားရမယ်လေ...”
ပိုင်ချွီအာ၏ ကိုယ်လေး သိမ့်ခနဲ တုန်သွားပြီး သူမက ခေါင်းညိတ်လိုက်သည်။
“အတူ လမ်းဆင်းလျှောက်ချင်လား” သူမက မေးလာသည်။
ချင်မူ တိတ်ဆိတ်သွား၏။
“မိုးလင်းတော့မယ်” သူက အရှေ့သို့ လှမ်းကြည့်လိုက်သည်။ တစ်ညလုံး တိုက်ခိုက်ခဲ့ရသောကြောင့် သူ့အသံမှာ အက်ကွဲဩရှနေကာ ယောက်ျားဆန်နေ၏။ “နေထွက်ရင် ငါ ပျောက်ကွယ်သွားလောက်တယ်။ ငါ ဒီကိုရောက်လာခဲ့တာကလည်း အခွင့်အရေးတစ်ခုကြောင့် ရောက်လာတာ။ ရောက်လာရတဲ့ အကြောင်းရင်းကိုတော့ မသိဘူး။ အခုကစပြီး မင်းတစ်ယောက်တည်း သူတို့ကို ဆက်ခေါ်သွားရလိမ့်မယ်။ အသက်ဆက်ရှင်နေပါ....”
ပိုင်ချွီအာက ခေါင်းထောင်ပြီး အရှေ့အရပ်၌ လင်းလာနေသော ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
ချင်မူ ထရပ်၍ ပြုံးလိုက်သည်။ “မိန်းကလေးချွီအာ၊ ငါ မင်းကို ဆက်မကူညီနိုင်လောက်တော့ဘူး။ ဒါကြောင့် ကျန်တဲ့ခရီးကို မင်းဘာသာမင်း ဆက်လျှောက်ရလိမ့်မယ်”
ပိုင်ချွီအာရင်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ သူမက ငိုင်တွေစွာ ထရပ်ပြီး လက်ထဲရှိ ပိုင်ချင်းဖု၏ကလေးကို ငုံ့ကြည့်လိုက်၏။ မျက်ရည်များ သူမပါးပြင်တစ်လျှောက် လိမ့်ဆင်းကျလာသည်။
ချင်မူ သူမပါးနှစ်ဖက်ကို အုပ်မိုးကိုင်ကာ တောက်ပစွာ ပြုံးပြလိုက်၏။ “အသက်ဆက်ရှင်ပါ။ ဆက်ဆက် အသက်ရှင်နေရမယ်နော်”
ပိုင်ချွီအာ၏နှလုံးသားမှာ ဒွိဟဖြစ်နေသည်။ သူမမှာ လက်တစ်ဖက်ဖြင့် သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ကာ တုန်ရီနေမိ၏။ “မသွားပါနဲ့ ၊ ငါ တစ်ယောက်တည်း တောင့်မခံနိုင်မှာ ကြောက်တယ်....”
“နေထွက်တာနဲ့ ဒီသမိုင်းထဲက ငါ့ရဲ့ပုံရိပ်တွေအားလုံး ရှင်းပစ်ခံရလိမ့်မယ်။ ဘာတစ်ခုမှ ကျန်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့နှလုံးသားကို လှုပ်ခတ်စေခဲ့တဲ့ စကားတစ်ခွန်းကိုတော့ ချန်ခဲ့နိုင်ပါတယ်”
ကောင်းကင်က တစတစ လင်းလာပြီး နေလုံးကြီး၏ ရှေ့ပြေးရောင်ခြည်တန်းများက အရှေ့မိုးကုပ်စက်ဝန်းမှ တောက်ပလာသည်။ အလင်းရောင် တောင်တန်းအပေါ် ကျလာသည့်အခါ အမှောင်ထုသည် လျင်မြန်စွာ ဆုတ်ခွာသွား၏။
ချင်မူက လက်တစ်ဖက်ဖြင့် မိန်းကလေးငယ်ကို ဖက်ထားပြီး ကျန်တစ်ဖက်ဖြင့် တောင်စောင်းနံရံတစ်ခုဆီ လက်ညှိုးထိုးလိုက်သည်။ ရွှင်ပျော်ပျော်ဓားက နဂါးများ၊ မြွေများသဖွယ် လူးလွန့်လှုပ်ရှားကာ ကျောက်သားထဲ၌ စာထွင်းနေသည်။
နေရောင်များ သူ့အပေါ် ဖြာကျမလာခင် အန္တရာယ်များကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် မိန်းမငယ်လေးအား ချင်မူ တင်းတင်းကြပ်ကြပ် ဖက်လိုက်မိသည်။ ပိုင်ချွီအာလည်း သူ့ကို တစ်သက်လုံး ဖက်ထားချင်နေသည့်အလား မလွှတ်တမ်း ပြန်ဖက်သည်။
နေရောင်ခြည် ဖြာကျလာသည့်အခါ သူမဖက်ထားသည့် ချင်မူမှာ မီးခိုးငွေ့များသဖွယ် ပျောက်ကွယ်သွားလေသည်။
သေတ္တာလည်း ပျောက်ကွယ်သွား၍ ကြောင်ကြောင်တောင်တောင် ဖြစ်နေသော လူတစ်စုသာ ကျန်ခဲ့၏။
ပိုင်ချွီအာ မှင်သက်သွားပြီး နောက်လှည့်ကြည့်လိုက်သည့်အခါ ချင်မူ ရွှင်ပျော်ပျော်ဓားဖြင့် တောင်စောင်းနံရံတွင် ရေးထွင်းခဲ့သော စာလုံးများအား မြင်တွေ့လိုက်ရသည်။
လူ့အသက်တွေဟာ ကောင်းကင်ဘုံထက် အဖိုးတန်တယ်
ထိုစာလုံးများကြောင့် ပိုင်ချွီအာ စိတ်အားတရှိန်းရှိန်း တက်လာသည်။ သူမဘေးရှိ လူအားလုံး၏ မျှော်လင့်ချက်က သူမပခုံးပေါ်တွင် ရှိပြီး သူတို့၏ မျှော်လင့်နေသော အကြည့်များက သူမအတွက် စိတ်ခွန်အားဖြစ်လာသည်။
“ကျွန်မနောက် လိုက်ခဲ့” သူမက ကလေးကို ချီလျက် လက်သီးလက်မောင်းတန်းကာ အားအင်အပြည့်ဖြင့် ပြောလိုက်သည်။ “ကျွန်မ ရှင်တို့ကို ဒီဒုက္ခနွံတောထဲကနေ ခေါ်ထုတ်ပြီး အသက်ရှင်နိုင်မယ့် နေရာတစ်နေရာ ရှာပေးမယ်”
အားလုံး၏ရင်ထဲ၌ မျှော်လင့်ချက် ပြန်လည်ပေါက်ဖွားလာပြီး အကုန်လုံး သူမနောက် လိုက်သွားကြ၏။
‘နှစ်သုံးသောင်း၊ နှစ်လေးသောင်းပဲ ဝေးကွာနေပါစေ ငါ နင့်ကို လာရှာမယ်’ ပိုင်ချွီအာက ချင်မူ ချန်ခဲ့သည့် စာလုံးများကို လှည့်ကြည့်ကာ ပြန်လှည့်သွားသည်။ သူမက နေထွက်လာနေသောဘက်သို့ အားလုံးကို ဦးဆောင်ခေါ်သွား၏။ ‘ငါ အသက်ရှင်နေမယ်။ ဆက်ဆက်အသက်ရှင်နေပြီး နင့်ကို လာရှာမယ်။ ငါ နင်နဲ့ ဒီမှာ ပြန်ဆုံစည်းစေရမယ်’
‘နှစ်သောင်းပေါင်းများစွာ ကြာရင် ပြန်ဆုံစည်းရအောင် ကြိုးစားမှာမလို့ ငါ့ကို စောင့်နေပေးပါ။ နင် ထွက်သွားတုန်းက ငါ နင့်ကို သဘောကျတဲ့အကြောင်း ဖွင့်မပြောလိုက်ရဘူး။ ဒါကြောင့် ငါတို့ ပြန်ဆုံစည်းရင် ငါ နောင်တထပ်မရချင်ပါဘူး”