စာရေးထားသည့် ကျောက်ပြား
Vol. 36 Ch. 493
အချိန်က တောင်တန်းမြေပြင်များကို လွှမ်းခြုံဖြာဆင်းကာ အတိတ်ခေတ်မှ လူများကို ခေါ်ဆောင်သွားသည်။ အမှတ်တရများနှင့် သမိုင်းများသာ ကျန်ရစ်ခဲ့တော့၏။
အချိန်သာ သီချင်းတစ်ပုဒ်ဆိုလျှင် လွမ်းဆွတ်ဖွယ်ရာ သီချင်းသာ ဖြစ်လိမ့်မည်။
ချင်မူ သေတ္တာကြီးပေါ်တွင် ရပ်လျက် မိန်းကလေးအား ပွေ့ဖက်ထားသည့်အချိန် နေရောင်များက သူတို့အပေါ် ဖြာကျလာ၏။ နေရောင်နှင့် ထိတွေ့သွားသည့်အခါ သူ့ရင်ခွင်ထဲရှိ မိန်းကလေးမှာ သဲမှုန်များသဖွယ် လွင့်ပျံ့သွားလေသည်။
နေရောင်စူးစူးက ရွှေရောင်သဲကန္တာရနှင့် သဲတောင်ပို့များအပေါ်တွင် လင်းလက်တောက်ပနေသည်။ ဤနေရာသည် တစ်ချိန်တုန်းက တောင်ကြားချိုင့်ဝှမ်း ဖြစ်ခဲ့၏။ ပတ်ဝန်းကျင်ရှိ တောင်တန်းများက သိပ်မမြင့်မားခဲ့သော်လည်း ရှုခင်းမှာ သာယာလှပခဲ့သည်။ သို့သော် ယခုတွင် အချိန်၏တိုက်စားမှုကြောင့် သဲဝါဝါများသာ ကျန်ခဲ့ချေပြီ။
ချင်မူ သေတ္တာအပေါ်မှ ခုန်ဆင်းလိုက်သည်။ ဤသို့ဖြစ်မည်မှန်း သူ ကြိုသိထားခဲ့သော်လည်း စိတ်ထဲတွင် လွမ်းဆွတ်ကြေကွဲမိသေးသည်။
သေတ္တာက အဖုံးဖွင့်လိုက်ရာ နဂါးချီလင် လိမ့်ကျသွားသည်။ သေတ္တာမှာ ဇဝေဇဝါ ဖြစ်သွား၏။ စောစောကတင် သူ့ဝမ်းဗိုက်ထဲ၌ လူတစ်ရာကျော် ရှိနေခဲ့သော်လည်း အဘယ်သို့ပြု၍ ကောက်ကာငင်ကာ ပျောက်ကွယ်သွားကြသနည်း။
နဂါးချီလင်မှာ အစွဲအလမ်းကြီးပြီး သရဲဆိုလျှင် ဖင်တုန်အောင် ကြောက်သူဖြစ်၏။ ယခုတွင် သူ့မှာ ကြောက်လွန်းသဖြင့် သဲထဲ ခေါင်းဖွက်ထားလေသည်။
ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ရွှေဝါရောင်သဲကန္တာရ၏အလယ်၌ ထီးထီးတည်း ရပ်နေသော တောင်စောင်းနံရံကို မြင်လိုက်ရသည်။ နှစ်ထောင်ပေါင်းများစွာတိုင်တိုင် သဲမုန်တိုင်း၏ တိုက်စားတိုးဝှေ့ခြင်းခံရသော်လည်း တောင်စောင်းနံရံမှာ မပျက်မစီးဘဲ ရှိနေ၏။
လွန်ခဲ့သော နှစ်သုံးသောင်း၊ လေးသောင်းခန့်က ရေးထွင်းခဲ့သည့် စာလုံးတစ်ချို့အား မြင်လိုက်ရသည်။
“လူ့အသက်တွေက ကောင်းကင်ဘုံထက် တန်ဖိုးရှိတယ်”
ချင်မူ မှင်သက်သွားမိသည်။ သမိုင်းထဲတွင် သူနှင့်သက်ဆိုင်သော အရာတစ်ခုကို သူ အမှန်တကယ် ချန်ရစ်နိုင်ခဲ့လေသည်။
မနေ့ညက အဖြစ်အပျက်သည် သမိုင်းပုံရိပ်လည်း မဟုတ်သလို၊ အိပ်မက်ပင် ဟုတ်မနေပေ။ အဘယ်သို့ပြု၍ နှစ်သုံးလေးသောင်းအလွန်သို့ ပြန်ရောက်သွားပြီး အဘယ်ကြောင့် ပိုင်ဖန်းရုံမြို့သူမြို့သားများနှင့်အတူ ပြင်ပမကောင်းဆိုးဝါးများ၏ ကျူးကျော်မှုကို ကြုံတွေ့ခဲ့ရမှန်း ချင်မူ နားမလည်ပေ။
အမှောင်ထုပျောက်ကွယ်သွားသည့်အခါ သူက အဘယ်ကြောင့် ပစ္စုပ္ပန်သို့ ပြန်ရောက်လာပြီး အဘယ်ကြောင့် ချုံဧကရာဇ်ခေတ် ပျောက်ကွယ်သွားသည်ကိုလည်း မရှင်းပြတတ်ပေ။
သို့တိုင်အောင် အရာအားလုံး အမှန်တကယ် ဖြစ်ပျက်သွားခဲ့၏။
နှစ်သုံးလေးသောင်းအလွန်က လူများနှင့်အတူ သူ တိုက်ခိုက်ခဲ့သည်။ သူတို့ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများနှင့် သူတို့ အသက်ပေးဆပ်ခဲ့ပုံများကို မြင်ခဲ့ရသည်။ ပြင်ပကောင်းကင်နတ်ဘုံက ချုံဧကရာဇ်၏ကောင်းကင်နတ်ဘုံကို ဖျက်စီးရန် ကြိုးစားခဲ့ပြီး လူများစွာ သေကြေပျက်စီးမှု၊ ဆုံးရှုံးမှုများကို တွေ့ခဲ့ရသည်။
‘ချုံဧကရာဇ်ခေတ် ဖျက်စီးခံခဲ့ရသလို၊ ခိုင်ဧကရာဇ်ခေတ်လည်း ဖျက်စီးခံခဲ့ရတယ်။ တရားခံက ကောင်းကင်နတ်ဘုံတစ်ခုတည်းပဲလား”
သူ ခန့်မှန်းမိသော်လည်း လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိပေ။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်စီးချင်နေတာလည်း အဲဒီကောင်းကင်နတ်ဘုံပဲ ဖြစ်လောက်တယ်။ အဲဒီတိုင်းဆို သူတို့ ဘယ်ကလာတာလဲ’
သေတ္တာကြီးအောက်မှ ပန်ကုန်းစုန် တိတ်ဆိတ်စွာ ထွက်လာပြီး သဲကန္တာရထဲရှိ အထီးကျန်တောင်စောင်းနံရံဆီသို့ လှမ်းကြည့်လိုက်သည်။ သူက စာလုံးများကို ကြည့်ကာ အေးအေးလူလူ ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ မင်း အခု စိတ်ပျက်ပြီး ဝမ်းနည်းနေတယ်မလား။ ပိုင်မိသားစုက မိန်းကလေးက မင်းကို ကြိုက်နေသလို၊ မင်းလည်း သူ့ကို ကြိုက်လောက်တယ်။ ဒါပေမဲ့ သူက မင်း ထွက်သွားချင်နေမှန်းသိလို့ ဖွင့်မပြောခဲ့ဘူး။ အချိန်က သိပ်ရက်စက်တယ်နော်...”
သူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး သူ့ကျောနောက်ရှိ ဘူးသီးခြောက်ကြီး ပွင့်သွားကာ သွေးခဲတစ်ခဲ တိတ်ဆိတ်စွာ မြောက်တက်လာ၏။ အသံတစ်ချက်မှ မထွက်ပေ။
ပန်ကုန်းစုန်က ချင်မူ့နောက်ကျောအား စိုက်ကြည့်နေသည်။ ကောင်းကင်ယံရှိ သွေးခဲက အဆိပ်ပြင်းသော မြွေတစ်ကောင်ပမာ လူးလွန့်လာ၏။ ပန်ကုန်းစုန်၏အသံကလည်း အဆိပ်မြွေတစ်ကောင်ကဲ့သို့ ချင်မူ၏နှလုံးသားထဲ ထိုးဖောက်ဝင်ရောက်လာပြီး သူ့ဝိညာဉ်ကို ကိုက်စား၍ သူ၏တာအိုနှလုံးသားကို ဖျက်စီးနေသည်။ ထို့ကြောင့် ချင်မူ့တွင် ဟာကွက်တစ်ကွက် ပေါ်လာသည်။
“မင်းသာ အဲဒီခေတ်မှာ နေခဲ့ရင် မင့်ဘဝက အခုနဲ့ တူမှာမဟုတ်ဘူး”
ပန်ကုန်းစုန်က အသက်ရှူသံကို ထိန်းရင်း ဖြည်းဖြည်းချင်း ရှေ့တိုးလာနေပြီး သူ့အသံမှာ သွေးဆောင်ဖျားယောင်းနေသံ ပေါက်လာသည်။ “မင်းတို့နှစ်ယောက် လက်ထပ်ပြီး ကလေးတွေ အများကြီး မွေးနေလောက်ပြီ။ ဆင်းရဲဒုက္ခတွေကို အတူတူ ဖြတ်ကျော်ရင်း မင့်တို့ဘဝတွေက အများကြီးစိတ်ဝင်စားစရာ ကောင်းနေလိမ့်မယ်။ လင်မယားနှစ်ယောက် အတူလက်တွဲပြီး ရောင်စုံလှပတဲ့ သမိုင်းကြောင်းကို အတူတူ ဖြတ်သန်းနိုင်ခဲ့မှာပဲ.... နှမြောစရာကောင်းလိုက်တာ”
သူ့လေသံက ရုတ်တရက် ပြောင်းလဲသွားပြီး ကြမ်းကြုတ်လာသည်။ “မင်းတို့နှစ်ယောက် ခွဲခဲ့ရတာ နှမြောစရာကောင်းတယ်။ ပြန်ဆုံရအောင်ကလည်း နှစ်သုံးလေးသောင်းလောက် ကြာခဲ့ပြီ။ ချစ်တာဖြစ်ဖြစ်၊ ကြိုက်တာဖြစ်ဖြစ်၊ ဒီလောက်ရှည်လျားတဲ့ အချိန်ထဲမှာ ဘယ်အရာမှ မတည်မြဲဘူး”
သူက ထူးဆန်းစွာ ပြုံးလိုက်ပြီး သူ့အသံသည် အဆိုးမြင်ခံစားချက်များကို စေ့ဆော်ပေးနေ၏။ “ပိုင်မိန်းကလေး သေသွားတာ ကြာနေလောက်ပြီ။ မင်းထွက်သွားကတည်းက နောက်က လိုက်လာတဲ့လူတွေ လက်ထဲမှာ သေသွားလောက်ပြီ။ လွတ်မြောက်သွားရင်တောင် တခြားလူတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးတွေ မွေး၊ အဘွားကြီးဖြစ်နေလောက်ပြီ။ ဘယ်ကနေ ပေါ်လာမှန်း မသိတဲ့ ကောင်လေးတစ်ယောက် သူ့ပါးနှစ်ဖက်အပေါ် အုပ်မိုးကိုင်ခဲ့တာကိုလည်း သတိရချင်မှ ရလိမ့်မယ်။ ဂိုဏ်းသခင်ချင်၊ ဝမ်းမနည်းဘူးလား။ ဝမ်းနည်းစိတ်က မင်းရဲ့ ဝိညာဉ်ကို တိုက်စားပြီး အဆိပ်ခတ်မနေဘူးလား”
ပန်ကုန်းစုန်က သူ့အနား တိုးကပ်သွားပြီး သူ့အသံကလည်း သားကောင်ကို မျှားခေါ်နေသည့် မိစ္ဆာတစ်ကောင်၏ တီးတိုးပြောသံကဲ့သို့ ထူးဆန်းနေသည်။ “သူ သေသွားလို့ ဖုန်တောင် ဖြစ်နေလောက်ပြီ။ လွန်ခဲ့တဲ့ နှစ်သုံးလေးသောင်းတုန်းက သူ့ကို မင်းအပြင် ဘယ်သူမှ မမှတ်မိတော့ဘူး။ အဲဒီလိုပဲ သူဟာ သမိုင်းထဲမှာ ပျောက်ကွယ်သွားပြီး ဟော့ဒီသဲမှုန်တွေအောက်မှာ နစ်မြုပ်သွားလိမ့်မယ်”
သူက ဟက်ခနဲ ရယ်ကာ ပြောလိုက်၏။ “ငယ်ရွယ်စဉ်မှာ ဝမ်းနည်းခြင်းရဲ့ အရသာကို မင်း မသိခဲ့..... အမြင့်ကိုပဲ တက်လှမ်းရင်း၊ အမြင့်ကိုပဲ တက်လှမ်းရင်း... တဖြည်းဖြည်း ဝေးကွာလာတယ်.... ဝမ်းနည်းခြင်းကို သိတဲ့အခါ... ခံစားချက်ကို မင်း ထုတ်မပြတတ်တော့... တွန့်ဆုတ်မှုက တိုက်စားရင်း၊ တိုက်စားရင်း... အားလုံးကို ဆုံးရှုံးလိုက်ရပြီ။ ဂိုဏ်းသခင် မင်းရဲ့ နှလုံးသားက အဲဒီလောက်ထိ နူးညံ့လွန်းတယ်။ ငါ အဆုံးသတ်ပေးပါရစေ....”
သူ လှုပ်ရှားတော့မည့်အချိန် သူ့အနောက်ရှိ နဂါးချီလင်၏ ကိုယ်လုံးကြီးက ကြီးထွားလာသည်။ သူက လက်ဖဝါးကြီးကို မြှောက်ကာ ပန်ကုန်းစုန်အား ရိုက်ချလိုက်၏။
ပန်ကုန်းစုန် ကပျာကယာ ပြန်ထသော်လည်း ရိုက်ချခံရပြန်သည်။ နဂါးချီလင်က သူ့ကို တစ်ချက်ပြီးတစ်ချက် ရိုက်နေသဖြင့် သူ့မှာ သွေးအန်နေရတော့သည်။ “ပြောဦးလေ ပြောစမ်းပါဦး”
ပန်ကုန်းစုန် ဒေါသချောင်းချောင်း ထွက်သွားသည်။ “ဝက်ကြီး၊ ငါ မင်းကို ကြောက်တယ် ထင်နေလား”
ဓားမများသဖွယ် ထက်ရှလှသော နဂါးချီလင်၏လက်သည်းများ ထွက်လာပြီး သူ့ဝမ်းဗိုက်ကို လှီးဖွင့်ရန် ပြင်နေသည်။
ရုတ်တရက် ချင်မူ၏ အေးဆေးတည်ငြိမ်နေသော အသံ ထွက်လာ၏။ “ဖက်တီးနဂါး၊ သူ့ကို မရိုက်နဲ့တော့၊ ထွက်သွားခွင့်ပေးလိုက်”
နဂါးချီလင် အတန်ငယ် မှင်သက်သွားပြီး နားမလည်နိုင်စွာ မေးလိုက်သည်။ “ဂိုဏ်းသခင်၊ ဒီလူက တကယ် ယုတ်မာတယ်နော်။ ပြေးတဲ့နေရာမှာလည်း ထိပ်တန်းပဲ။ သူက ဂိုဏ်းသခင်ကိုတောင် ရန်ပြုချင်သေးတယ်။ ကျွန်တော်တို့ သူ့ကို အခုလွှတ်ပေးလိုက်ရင် နောင်တစ်ချိန် ပြန်ဖမ်းမိဖို့ ခက်လိမ့်မယ်”
“ငါတို့ အတူတူ တိုက်ခိုက်ခဲ့တယ်မဟုတ်လား။ သူလည်း အသက်ကို စွန့်စားပြီး လူပေါင်းများစွာ ကယ်တင်ပေးခဲ့တာပဲ။ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုတော့ ရသင့်ပါတယ်” ချင်မူ ကျောနောက် လက်ပစ်၍ တောင်စောင်းနံရံပေါ်ရှိ စာလုံးများကို ကြည့်လိုက်သည်။ “မှော်ဆရာကြီး၊ ငါ မင်းကို မသတ်ဘူး။ သွားလို့ရပြီ။ ဒါမဲ့ နောက်တစ်ခေါက် တွေ့ရင်တော့ ငါ မင့်ခေါင်းကို ဖြတ်မယ်”
ပန်ကုန်းစုန်က ပြန်ထပြီး ကိုယ်ပေါ်ရှိ သဲများအား သပ်ချလိုက်သည်။ သူ့အကြည့်များ လှုပ်ခတ်သွား၏။ “မင်း တကယ် င့ါကို လွှတ်ပေးတာ သေချာပါတယ်နော်။ လိမ်နေတာတော့ မဟုတ်ဘူးမလား။ ငါ တစ်ဖက်လှည့်တာနဲ့ သတ်မှာတော့ မဟုတ်ဘူးမလား”
ချင်မူ သူ့အား မှင်သေသေ ကြည့်လိုက်သည်။ “မနေ့ညက လူအများကြီး သတ်ခဲ့ရပြီးပြီ၊ ငါ ဒီနေ့ ထပ်မသတ်ချင်တော့ဘူး”
ပန်ကုန်းစုန်က တစ်လှမ်းချင်း နောက်ဆုတ်သွားသည်။ သူက ချင်မူ့လှုပ်ရှားမှုများကို စိုက်ကြည့်ကာ တွေးနေ၏။ ‘ဒီအတွေ့အကြုံက အန္တရာယ်များခဲ့ပေမယ့် ငါ အမြတ်မရခဲ့တာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ နတ်ခြေထောက်နှစ်ဖက် ရခဲ့သေးတာပဲ... နေပါဦး ဒီနတ်ခြေထောက်နှစ်ဖက်က.....”
ချင်မူ သူ့ကို ကျောပေးလျက်သာ ရပ်နေသေးသည်ကို သတိထားမိလျှင် ပန်ကုန်းစုန်၏မျက်လုံးများ ဝင်းလက်သွားသည်။ သူ စိတ်လှုပ်ရှားလာတော့သည်။ “ဒီခြေထောက်နှစ်ဖက်နဲ့ဆို ငါ ဒီခွေးသူတောင်းစားကို ကြောက်စရာမလိုတော့ဘူး။ ငါ့မှာ နတ်ခြေထောက်တွေ ရှိနေပြီဆိုတော့ ပြေးတဲ့နေရာမှာ နံပါတ်တစ် ဖြစ်ပြီ။ သူ့ကို အနိုင်မယူနိုင်ရင် ပြေးလိုက်ရုံပေါ့။ ဒါ့အပြင် ငါ့သိုင်းစွမ်းအားကလည်း မျဉ်းဖြောင့်အတိုင်း တက်သွားလိမ့်မယ်။ သူ့ကို ငါ ရှင်းပစ်နိုင်တယ်”
ပန်ကုန်းစုန်မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ရင်ခုန်သံများ မြန်နေသည်။ ရုတ်တရက် ဓားရောင်တစ်ချက် လက်သွား၏။ သူ လှုပ်ရှားတော့မည့်အချိန်မှာပဲ တစ်စုံတစ်ခု ခံစားလိုက်ရ၍ လေပေါ် ကမန်းကတန်း ခုန်တက်လိုက်သည်။
သဲကန္တာရထဲမှ ဓားရောင်တစ်ချက် ပျံထွက်လာပြီး သူ့ညာခြေထောက်ကို အရင်းမှ ခုတ်ဖြတ်လိုက်လေသည်။
ပန်ကန်းစုန် အားခနဲ အော်ဟစ်လိုက်ရသည်။ “ဂိုဏ်းသခင်ချင်၊ မင်း စကားမတည်ဘူး”
ချင်မူက လှည့်လာပြီး ခပ်အေးအေး ပြောသည်။ “တည်ပါတယ်။ အရင်တစ်ခေါက်တုန်းက ငါ မင်းရဲ့ ခြေထောက်တစ်ဖက်ကိုပဲ ဖြတ်ခဲ့တာလေ။ ဒီတော့ ခြေတစ်ဖက်ပဲ ပြန်ပေးနိုင်တယ်။ နှစ်ဖက်လုံးတော့ မပေးနိုင်ဘူး။ မှော်ဆရာကြီး၊ ငါ မင်းကို လိုက်မပို့တော့ဘူးနော်”
လေလယ်ရှိ ပန်ကုန်းစုန်မှာ ပြတ်ကျသွားသော နတ်ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ သွားကောက်ချင်သော်လည်း သဲဝါဝါများက ခြေထောက်အား ဝါးမြိုလိုက်ပြီဖြစ်ချေသည်။
ထိုနေရာတွင် မရေမတွက်နိုင်သည့် ဓားရောင်များက အပ်ချုပ်နေသကဲ့သို့ ပေါ်လိုက်၊ ပျောက်လိုက် လက်နေသည်။ ၎င်းတို့သည် ချင်မူ့ဓားစက်လုံးမှ ဓားအလက်ရှစ်ထောင် ဖြစ်၏။ သူ ချင်မူ့ကို သွေးဆောင်ဖျားယောင်းရန် ကြိုးစားနေတုန်းက ချင်မူသည် ဓားစက်လုံးအား သဲအောက် ပို့ထားခြင်းဖြစ်လိမ့်မည်။
ပန်ကုန်းစုန်မှာ အခွင့်အရေးကို လက်လွှတ်လိုက်ရမှန်း သိလိုက်၍ အံကြိတ်လိုက်၏။ သူ့အနောက်၌ လူတစ်ရပ်မျှ မြင့်မားသော ကြာပွင့်တစ်ပွင့် ပေါ်လာသည်။
သူ အထဲဝင်သွားသည့်အခါ ကြာပွင့်နှင့်တကွ ပျောက်ကွယ်သွားသည်။
“ဂိုဏ်းသခင်ချင်၊ နောက်တစ်ခေါက်တွေ့ရင် ငါ မင့်ခေါင်းကို ဖြတ်ပစ်မယ်” သူ့အသံက ဝေးသထက် ဝေး၍ သွားပြီး သဲဝါဝါများအတွင်း၌ တိုးဝင်တိတ်ဆိတ်သွား၏။
“မှော်ဆရာကြီးက သိပ်ရဲတင်းလာပြီး အမြော်အမြင်လည်း ရှိလာတယ်” ချင်မူ လှည့်လိုက်သည့်အခါ ဓားပျံများက သဲကန္တာရအောက်မှ ပျံထွက်လာပြီး နတ်ခြေထောက်အား သေတ္တာကြီးဆီသို့ ပစ်လွှတ်လိုက်သည်။ “ဒါက ကောင်းတဲ့အရာပဲ။ ရဲတင်းပြီး အမြော်အမြင်ရှိလာတာနဲ့ သူ့ကို သတ်ဖို့က သိပ်မခက်တော့ဘူး”
သေတ္တာကြီးက စိတ်လှုပ်ရှားလာပြီး အလျင်အမြန် အဖုံးဖွင့်ကာ ခြေထောက်ကို သိမ်းလိုက်၏။
ချင်မူ တောင်စောင်းနံရံကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “မင်း အသက်ရှင်နေသေးရင် ငါ့ကို လာရှာမှာလား။ မင်း အသက်ရှင်နေသေးရဲ့လား။ နှစ်ပေါင်းသောင်းနဲ့ချီ ကြာခဲ့ပြီ။ မင်း ပန်းရောင်အရိုးစုအဖြစ် အနားယူလောက်ပြီလား....”
သူ ထွက်မသွားသေးဘဲ တောင်စောင်းနံရံအောက်၌ တိတ်ဆိတ်စွာ စောင့်နေသည်။
ပတ်ဝန်းကျင်ရှိ တောင်အားလုံး ဆွေးမြည့်ပျက်စီးနေပြီဖြစ်သည့်တိုင် အဘယ်ကြောင့် ဤတစ်ခုက ရပ်တည်နေနိုင်သေးသနည်း။
သူ့ရင်ထဲရှိ မျှော်လင့်ချက်က မငြိမ်းသေသေးပေ။
“ဂိုဏ်းသခင် တောင်အောက်မှာ ကျောက်ပြားကြီးတစ်ချပ် ရှိနေတယ်” နဂါးချီလင်က လှမ်းပြော၏။
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး ခပ်သုတ်သုတ် သွားလိုက်မိသည်။ နဂါးချီလင်သည် ကျောက်ပြားတစ်ချပ်အနား၌ ရပ်နေ၏။ သဲဝါဝါများက ကျောက်ပြားတစ်ဝက်ကျော်ကို ဖုံးလွှမ်းလျက်ရှိပြီး တောင်ခြေတွင်လည်း ဖြစ်သောကြောင့် သေချာမကြည့်လျှင် တွေ့ရမည်မဟုတ်ပေ။
ကျောက်ပြား၌ ဆန်းကြယ်စွမ်းအားတစ်ရပ် ကိန်းဝပ်နေသယောင် ထင်ရသည်။ ထိုစွမ်းအားက သဲလေများကို ခုခံနေသဖြင့် မပျက်စီးသေးခြင်း ဖြစ်မည်။
ကျောက်ပြားပေါ်တွင် စာလုံးတချို့ ရှိနေသည်။
ချင်မူ ကြည့်ပြီး မှင်သက်သွားသည်။ လက်ရေးက ခက်ထန်သောအသွင် ရှိပြီး ဤသို့ ရေးထား၏။ ‘ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ချင်မူ၊ လိုလန်ရွှေနန်းတော် ပန်ကုန်းစုန်တို့အား ဤနေရာတွင်...’
အောက်ရှိစာကြောင်းများမှာ သဲအောက် မြုပ်နေသဖြင့် ဖတ်မရပေ။ နဂါးချီလင် ရှေ့သွားပြီး သဲများကို ဖယ်တော့မည့်အချိန် ချင်မူက ကမန်းကတန်း လှမ်းတားလိုက်သည်။ “ဖက်တီးနဂါး၊ ဒါ ထောင်ချောက်ပဲ။ ကျောက်ပြားပေါ်က သဲတွေကို မထိနဲ့”
နဂါးချီလင်မှာ ထောင်ချောက်ဟု ကြားလျှင်ချင်း ကမျောသောပါး နောက်ဆုတ်ပြီး အနားပင် မကပ်ရဲတော့ပေ။
ချင်မူ သရော်တော်တော် ပြုံးကာ ပြောလိုက်သည်။ “ဒီလိုနည်းလမ်းနဲ့ ထောင်ချောက်ဆင်ထားပုံထောက်ရရင် ငါ့ကို လျှော့တွက်ထားတာပဲ။ ကျောက်တုံးအောက်က စာသားတွေက ‘ဤနေရာတွင် မြှုပ်နှံထားသည်’ အပြင် တခြားမဟုတ်နိုင်ဘူး။ ငါ သဲတွေကို ဖယ်လိုက်ရင် သူ့ထောင်ချောက် အသက်ဝင်သွားပြီး မရှုမလှ သေရလိမ့်မယ်”
နဂါးချီလင် တုန်ရီသွားပြီး ပြောလိုက်သည်။ “ကျွန်တော့် နာမည်သာ ရှိနေရင် သေချာပေါက် သွားကြည့်မိမှာ...”
ချင်မူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အဝါရောင်သဲကန္တာရမှာ အမှန်ပင် တိတ်ဆိတ်ခြောက်ကပ်နေကြောင်း မြင်လိုက်ရသည်။ သူတို့မှလွဲ၍ သက်ရှိဟူ၍ မမြင်ရသောကြောင့် အနားတွင် စောင့်နေမည့်လူ မရှိလောက်ပေ။
“အမှန်တိုင်း ပြောရရင် ငါလည်း သိချင်မိတယ်”
သူ့အကြည့်များ လှုပ်ခတ်သွားပြီး သဲအောက်ရှိ ကျောက်ပြားကို လှမ်းကြည့်လိုက်သည်။ နဂါးချီလင်မှာ တမုဟုတ်ချင်း ကြက်သီးထ၍ ပြောလိုက်၏။ “ဂိုဏ်းသခင်၊ လျှောက်မလုပ်နဲ့နော်”
ချင်မူက လျင်မြန်စွာ နောက်ဆုတ်ကာ ပြုံးလိုက်သည်။ “ငါနဲ့ မှော်ဆရာသခင်ကို လုပ်ကြံချင်လို့ ဒီကျောက်ပြား ထားခဲ့တဲ့လူ သူ့နာမည်ကိုလည်း ရေးခဲ့မလား သိချင်တယ်။ သူက မောက်မာဝင့်ကြွားတဲ့လူမဟုတ်လား။ သေချာပေါက် ချန်ခဲ့မှာလဲ။ လာ မိုင်တစ်ရာ ဆုတ်ကြရအောင်။ ငါ အစီအရင်တစ်ခုနဲ့ သဲတွေကို ရွှေ့ပြီး ကျောက်ပြားအောက်ပိုင်းကို ကြည့်ရမယ်”