ချုံဧကရာဇ်ခေတ်မှ အသက်ရှင်ကျန်သူ
Vol. 36 Ch. 494
ချင်မူ မိုင်တစ်ရာအကွာသို့ ရောက်သည့်အခါ ရပ်လိုက်သည်။ သေတ္တာကြီးနှင့် နဂါးချီလင်လည်း သူ့ဘေးတွင် ရှိသည်။
မိုင်တစ်ရာသည် ဝေးသင့်သလောက် ဝေးကွာ၏။ ထောင်ချောက်၏စွမ်းအားက အတိုင်းထက်အလွန် ပြင်းထန်လျှင်ပင် ထိုအကွာအဝေးမှ သူတို့ကို အသက်အန္တရာယ်ပြုရန် ခက်ခဲလိမ့်မည်။
ချင်မူက သဲဝါဝါများကို လက်တစ်ဆုပ် ဆုပ်ပြီး အသာအယာ မှုတ်ထုတ်လိုက်သည်။ သဲများက သုံးလက်မအရွယ် သဲဘီလူးလေးအသွင် ဖွဲ့တည်ကာ မြေကြီးပေါ် ဆင်းသက်သွား၏။
သုံးလက်မ သဲဘီလူးလေးက ရက်စက်ခက်ထန်သော ရုပ်သွင်ဖြင့် ပါးစပ်ဟကာ အော်ဟစ်လိုက်သည်။ ၎င်းအောက်ရှိ အဝါရောင်သဲများ ဝဲကဲ့သို့ လည်လာသည့်အခါ သဲဘီလူးလေးသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မိုင်တစ်ရာအကွာရှိ တောင်စောင်းနံရံဆီသို့ တရှိန်ထိုး ပြေးထွက်သွားတော့၏။
နဂါးချီလင်မှာ မျှော်လင့်တကြီး လှမ်းကြည့်နေသော်လည်း တခဏကြာသော် ပျင်းလာသည်။ အဝေးသို့ ကြည့်နေဆဲဖြစ်သော်လည်း တောင်စောင်းနံရံတွင် မည်သည့်အရာမျှ မဖြစ်ပျက်သေးပေ။
ချင်မူ သူ့ခေါင်းပေါ် ခုန်တက်၍ သုံးလက်မ သဲဘီလူးလေးအား လှမ်းကြည့်လိုက်သည်။ သဲဘီလူးလေးမှာ ယခုလေးတင်မှ သဲတောင်ပို့တစ်ခုကို ဖြတ်ကျော်ပြီး၍ တောင်စောင်းနံရံဆီသို့ ခြေလှမ်းသေးသေးများဖြင့် အပြေးသွားနေလေသည်။
နဂါးချီလင်က သမ်းဝေလိုက်ရင်း အိပ်ချင်စိတ်များကို မောင်းထုတ်လိုက်၏။ “ဂိုဏ်းသခင်၊ သူ ရောက်တော့မှာမလား”
ချင်မူ တွက်ချက်ကြည့်ပြီးသည့်အခါ ပြောလိုက်သည်။ “တစ်နာရီကျော်လောက်မှ ရောက်မှာ”
နဂါးချီလင်က လှဲချကာ အိပ်မှုန်စုံမွှားဖြင့် ပြောလေသည်။ “ဒါဆို တစ်ရေးလောက် အိပ်လိုက်ဦးမယ်။ ရောက်သွားရင် ခေါ်လိုက်ဗျာ”
တစ်နာရီခန့်ကြာသော် ချင်မူ ဆောင့်ကန်လိုက်သဖြင့် နဂါးချီလင်မှာ ကပျာကယာ ထလာပြီး စိတ်လှုပ်ရှားစွာ မေးလေသည်။ “ရောက်သွားပြီလား ရောက်သွားပြီလား”
“အမွှေးတိုင်တစ်ဝက်ထွန်းစာ နေရင် ရောက်တော့မှာ” ချင်မူက ပြုံး၍ ပြောလိုက်သည်။ “အရင်ဆုံး လေပေါ် တက်ကြည့်ရအောင်။ တစ်ခုခုဖြစ်ရင် ငါတို့ ပြေးရလွယ်တာပေါ့”
သေတ္တာကလည်း နဂါးချီလင်၏ကျောပေါ် ခုန်တက်လိုက်သည်။ ဖက်တီးကြီးက မီးလျှံတိမ်တိုက်များကို ခပ်သွက်သွက် နင်း၍ ကောင်းကင်ယံသို့ တက်ကာ လှမ်းကြည့်လိုက်၏။ မိုင်တစ်ရာအကွာတွင် သုံးလက်မအရွယ် သဲဘီလူးလေး မာန်သွင်း ဟိန်းဟောက်ရင်း ကျောက်ပြားဆီသို့ ပြေးနေသည်ကို ဝိုးတိုးဝါးတား မြင်ရသည်။ မျက်လုံးကောင်း၍သာ မဟုတ်လျှင် ထိုသုံးလက်မလေးအား သဲများအကြား၌ သဲသဲကွဲကွဲ မြင်ရမည်မဟုတ်ပေ။
အခြားတစ်ဖက်တွင် ချင်မူကတော့ ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ သဲဘီလူးလေးမှာ နေ့ဝက်ကြာ ဟိန်းဟောက်၍ ပြေးနေရင်း နောက်ဆုံးတွင်တော့ ကျောက်ပြားဆီသို့ ရောက်သွားချေပြီ။
ထို့နောက်.... ၎င်းက ဟိန်းဟောက်ရင်းဖြင့်ပင် သဲများကို တွန်းဖယ်နေသည်။
ချင်မူ ဆွံ့အသွား၏။ နဂါးချီလင်မှာ ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်ကာ တိတ်ဆိတ်စွာ စောင့်နေသည်။ သူ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘မပြောဘဲ နေတာပဲ ကောင်းပါတယ်။ တော်ကြာ မနက်ဖြန် အစာငတ်သွားလိမ့်မယ်’
တခဏကြာသော် သဲဘီလူးလေးမှာ သဲများကို ဖယ်ထုတ်ပြီးသွား၍ ကျောက်ပြားအောက်ပိုင်းရှိ စာလုံးများ ပေါ်လွင်လာတော့သည်။ ရေးထားသည့် စာလုံးများအား ချင်မူ ဖတ်ပင်မဖတ်နိုင်ခင် သဲများက ပွက်ပွက်ဆူလာပြီး သက်တန့်ရောင်စဉ်တန်းများ ဖြာထွက်လာကာ သဲဘီလူးလေးကို လွှမ်းမိုးသွား၏။
သဲဘီလူးလေး ဝါးမြိုခံလိုက်ရသည်သာမက ဆယ်မိုင်ကျော်ဧရိယာတစ်ခုလုံး ကြောက်မက်ဖွယ်ရာ လူသတ်ကွင်းပြင်ပမာ ဖြစ်သွားသည်။ အဝါရောင်သဲများက ဟင်းချိုအိုးပမာ ပွက်ပွက်ဆူနေပြီး ဓားမသံများ ထွက်လာ၏။
ကြောက်လန့်မှုကြောင့် နဂါးချီလင်၏ ကိုယ်ပေါ်ရှိ အမွှေးများ၊ အကြေးခွံများအားလုံး ထောင်မတ်သွားသည်။ ချင်မူပင် ခေါင်းမွှေးများထောင်သွားသည်ကို ခံစားလိုက်ရသည်။
ထောင်ချောက်သည် သူ ထင်ထားခဲ့သည်ထက် ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်း၏။ မိုင်တစ်ရာကျော် ခွာထားပြီးမှ အသက်သွင်းလိုက်၍ တော်သေးသည်။
ဆူပွက်နေသော သဲမြေထဲမှ ဓားမရောင်များ ဖြာထွက်လာပြီး ထိုးခြင်း၊ ကော်ခြင်း၊ လှုပ်ရမ်းခြင်း၊ ပိုင်းခြင်း၊ ခုတ်ခြင်း၊ ထိုးသွင်းခြင်းစသည့် ဓားချက်များ ဆယ်မိုင်ပတ်ပတ်လည်တွင် ပြည့်သိပ်သွားသည်။
“ဒီဓားသိုင်း...”
ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။ ရုတ်တရက် ထိုဓားသိုင်းကို မြင်ခဲ့ဖူးသကဲ့သို့ သူ ခံစားလိုက်ရပြီး စိတ်လေးလံလာသည်။
သို့သော် မြင်ခဲ့ဖူးခဲ့သည့်အချိန်မှာ နှစ်,သုံး၊လေးသောင်းအလွန်က ကောင်းကင်နတ်ဘုံ၏ ဝိညာဉ်လက်ရွေးစင်အစောင့်တပ်၏ လော့ဝူရွှမ်ဆိုသော လူငယ်နှင့် ဆုံတွေ့ခဲ့သော ညဖြစ်သည်။
လော့ဝူရွှမ်၏ ဓားသိုင်းတွင် ယခုဓားသိုင်းနှင့် တူညီမှုများ ရှိလေသည်။
“လက်ပြတ်ကောင်လေး အသက်ရှိနေသေးတာလား။ မှော်ဆရာကြီးက သူ အသက်မရှည်လောက်ဘူးလို့ ပြောခဲ့တာပဲ။ စိုးရိမ်စရာ မလိုပါဘူး...”
ချင်မူ တဟားဟား ရယ်လိုက်မိသော်လည်း တဖြည်းဖြည်း သူ့အပြုံး တောင့်တင်းလာသည်။ များစွာမကြာလိုက်ဘဲ သူ့မျက်နှာတစ်ပြင်လုံး စိမ်းသွား၏။
လော့ဝူရွှမ် ဤနေရာတွင် တည်ခင်းခဲ့သော ကောင်းကင်နတ်သိုင်းထောင်ချောက်မှာ အမှန်ပင် အင်အားကြီးမား၏။ မယုံနိုင်လောက်အောင် အင်အားကြီးမားလွန်း၍ ရှင်းအန်းတွင်ပင် ၎င်းကို တည်ခင်းရန် မှော်စွမ်းအင်လုံလုံလောက်လောက် ရှိမည်မဟုတ်ပေ။
ဆိုလိုသည်က လော့ဝူရွှမ်သည် မသေခဲ့ရုံတင်သာမက ကောင်းကောင်းမွန်မွန် အသက်ရှင်ခဲ့လိမ့်မည်။ အလွန်သန်မာအားကောင်းသော နတ်ဘုရားတစ်ပါးပင် ဖြစ်လာခဲ့ဟန်တူ၏။
သူက လက်တစ်ဖက် ဖြတ်ခံခဲ့ရသည့်အပေါ် ကလဲ့စားချေလိုစိတ်ဖြင့် နတ်ဘုရားတစ်ပါး ဖြစ်အောင် ကြိုးစားခဲ့လိမ့်မည်။ ဤတောင်စောင်းနံရံတွင် ချင်မူ့လက်ရေးကို မြင်သောအခါ ကျောက်ပြားတစ်ချပ် ထားခဲ့ခြင်းဖြစ်မည်။
သူ၏အစီအစဉ်အတိုင်းဆိုလျှင် ချင်မူ ဤနေရာသို့ ရောက်လာခဲ့ပြီး ရေးထားသော စာကို သိချင်စိတ်ဖြင့် ‘သတိမမူ၊ ဂူမမြင်မိလျှင်’ ထောင်ချောက်ထဲ မုချကျရလိမ့်မည်။
‘ငါ နာမည်အစစ်မပြောဘဲ လျှောက်ပြောခဲ့ရမှာ... ဒါပေမဲ့ ကောင်းတာက မှော်ဆရာကြီးလည်း ငါနဲ့အတူ ဒုက္ခခံရတော့မယ်။ ဒီကောင် လော့ဝူရွှမ်က ဘာမဟုတ်တာလေးကို လာပြီး ပုံကြီးချဲ့နေတယ်။ မှော်ဆရာကြီးဆို ငါ့ကြောင့် ခြေထောက်တစ်ဖက် ပြတ်ခဲ့ရတဲ့အပြင် တစ်ခါတောင်မဟုတ်ဘူး၊ နှစ်ခါ ဖြတ်ခံခဲ့ရတာ။ ဒါတောင် ဘာမှမပြောဘူး’
လော့ဝူရွှမ် ချန်ရစ်ခဲ့သော ကောင်းကင်နတ်သိုင်းက ကြာကြာမခံလိုက်ဘဲ စွမ်းအားကုန်ခမ်းလွင့်ပျယ်သွားသည်။ အားအဟုန်ကြောင့် သဲဝါဝါများမှ တထောင်းထောင်း ထကျန်ခဲ့၏။
ချင်မူ မျက်လုံးများ မှေးကျဉ်းကာ အံ့အားသင့်နေမိသည်။
မနေ့ညက သူနှင့် လော့ဝူရွှမ်၏ ဓားမချင်း ထိတိုက်မိခဲ့သည့်အချိန်တွင် လော့ဝူရွှမ်၏ ဓားမသိုင်းမှာ ပြိုင်ဘက်ကင်းလောက်အောင် ဆန်းပြားသော်လည်း သူ့ဓားမသိုင်းအောက် နိမ့်ကျနေခဲ့သေးသည်။
လော့ဝူရွှမ်၏ဓားမကွက်က တစ်ချက်မှ နှစ်ချက်၊ နှစ်ချက်မှ လေးချက်၊ လေးချက်မှ ရှစ်ချက်၊ ရှစ်ချက်မှ ဆယ့်ခြောက်ချက် ရှိသဖြင့် ဆတိုးကွဲထွက်ခြင်းအပေါ် အခြေခံသည်။ ဆယ်ကြိမ်မြောက် ကွဲထွက်သွားသည့်အချိန်တွင် ဓားမကွက်တွင် ဓားမရောင် (၁၀၂၄) ချက် ရှိနေလိမ့်မည်။ ဆယ့်လေးကြိမ်မြောက် ကွဲထွက်သွားသည့်အခါ (၁၆၀၀) ချက်အောက် မလျော့နိုင်ပေ။
သို့တိုင်အောင် ဤဓားမကွက်မျိုးတွင် အားနည်းချက်ကြီးတစ်ခု ရှိ၏။ ယင်းက မှော်စွမ်းအင် အားနည်းမှုပင်။ ဓားမရောင် များများကွဲထွက်သွားလေလေ၊ တစ်ချက်စီ၏ စွမ်းအားက လျော့နည်းသွားလေလေ ဖြစ်သည်။
လော့ဝူရွှမ်အနေဖြင့် ကျန်သိုင်းပညာရှင်များ၏ ရှေ့မှောက်၌ ကြမ်းပြနိုင်သော်လည်း ဓားသိုင်းနှင့် ဓားမသိုင်းနှစ်ရပ်လုံးတွင် တတ်ကျွမ်းသော ချင်မူ့လို လူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ အသာစီးမှု ရယူရန် ခက်ခဲလိမ့်မည်။
ထို့ကြောင့် ချင်မူက မှော်စွမ်းအင်အားလုံးနီးပါး ကုန်ခမ်းနေပြီး ဒဏ်ရာရနေသည့်အချိန်တွင်ပင် သူ့လက်မောင်းတစ်ဖက်အား ဖြတ်ပစ်နိုင်ခဲ့သေးခြင်း ဖြစ်သည်။
ဆယ်မိုင်ပတ်လည် ဧရိယာထဲတွင် သဲဝါဝါများ တထောင်းထောင်း ထနေသော်လည်း တကယ့်အန္တရာယ်က ဓားမရောင်များအတွင်း၌ ပုန်းအောင်းနေသေးသည်။
ဓားမရောင်များ နေရာအနှံ့ ပျံဝဲနေသယောင် ထင်ရ၏။ သို့သော် ဆတိုးကွဲထွက်ဓားမကွက်၏ သဘောတရားအလျောက် ဓားမချက် များစွာ ရှိနေမည့်အစား တကယ်တမ်းတွင် ဓားမရောင်တစ်ချက်တည်း လင်းလက်နေဟန်တူသည်။
ဓားမရောင်တစ်ချက် သဲတစ်မှုန်ကို ခုတ်ပိုင်းလိုက်သည့်အခါ အလင်းရောင်ပြန်ဟပ်၍ ကန်ထွက်လာလိမ့်မည်။ ဖြစ်ပျက်သွားသော အမြန်နှုန်းက မြန်လွန်းသဖြင့် ဓားမရောင်များ နေရာအနှံ့ ကူးလူးဖြတ်သန်းနေသည့်အလား ထင်ရလေသည်။ အမှန်တွင် လော့ဝူရွှမ် ချန်ခဲ့သော ဓားမရောင်က တစ်ခုတည်းသာ ဖြစ်၏။
လော့ဝူရွှမ်သည် နတ်ဘုရားဖြစ်လာပြီးနောက်မှ ဤနေရာသို့ ရောက်လာခဲ့ပြီး ကျောက်သားနံရံပေါ်ရှိ စာသားများကို မြင်ခဲ့ခြင်းဖြစ်လိမ့်မည်။ လက်ရေးမှတစ်ဆင့် ချင်မူ၏ဓားသိုင်းကို မှတ်မိသွားသဖြင့် ကျောက်ပြားတစ်ပြား စိုက်ထူခဲ့ရန် ဆုံးဖြတ်ခဲ့လိမ့်မည်။
သူက ကျောက်ပြား၏အရှေ့တွင် ရပ်ကာ သဲဝါထဲသို့ ဓားမတစ်ချက် ခုတ်ပိုင်းကာ ဓားမအာရုံနှင့် ကောင်းကင်နတ်သိုင်းကို မြှုပ်နှံခဲ့လိမ့်မည်။
ချင်မူသာ ၎င်းတို့ကို အသက်သွင်းမိလိုက်လျှင် ကြောက်မက်ဖွယ်ရာစွမ်းအးဖြင့် ပေါက်ကွဲထွက်လာမည်မှာ သေချာ၏။
‘သူ့ဓားမသိုင်းက လမ်းစဉ်အဆင့်ကို ရောက်သွားပြီပဲ’
ချင်မူ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သဲမှုန်များဆီသို့ လျှောက်သွားလိုက်သည်။ သူက အသက်ရှူရခက်နေသည်ကို သည်းခံကာ တောင်စောင်းနံရံထံ လျှောက်သွား၏။
လော့ဝူရွှမ်၏ ဓားမသိုင်းက လမ်းစဉ်အဆင့်သို့ ရောက်နေပြီဖြစ်သည့်အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်။
သူ၏ဓားမအသိကလည်း သားသတ်သမားအောက် လျော့နည်းမည်မဟုတ်ပေ။ ကြောက်စရာအကောင်းဆုံးကတော့ များစွာသိပ်သည်းနေမည့် သူ၏ကျင့်စဉ်စွမ်းအင်ပင်။
ချင်မူ အတန်ငယ် မှင်သက်နေမိသည်။ သူ့အရှေ့ရှိ တောင်စောင်းမှာ ရှိမြဲအတိုင်း ရှိနေပြီး သူ့လက်ရေးသည်လည်း အရာမယွင်းပေ။ တောင်စောင်းနံရံတွင် ပွန်းပဲ့သွားခြင်းပင် မရှိ။ လော့ဝူရွှမ်၏ ကောင်းကင်နတ်သိုင်းက ၎င်းအား တမင်တကာ ရှောင်ကွင်းသွားခဲ့သည့်အလား ထင်ရသည်။
ချင်မူမှာ အထွေအထူး တွေးမနေတော့ဘဲ ကျောက်ပြားကို ကြည့်လိုက်သည်။
ကျောက်ပြားလည်း မပျက်စီးသွားပေ။
ကျောက်ပြားပေါ်တွင် ရေးထားသော စာလုံးများက သူ ထင်ထားသကဲ့သို့ ‘ဤနေရာတွင် မြှုပ်နှံထားသည်’ မဟုတ်ဘဲ ခပ်သေးသေး ရေးထားသော စာများ ဖြစ်နေ၏။
“ဒါက ထောင်ချောက်လို့ ထင်လား၊ ဒီဓားမကွက်က မင်းကို သတ်ဖို့လို ထင်လား။ မှားသွားပြီ။ မင်း ဓားမကွက်ထဲမှာ ရပ်နေခဲ့ရင်တောင်မှ ဘာမှဖြစ်မှာမဟုတ်ဘူး
“ငါ မင်းကို စောင့်နေခဲ့တယ် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်။ နှစ်နှစ်သောင်းလုံးလုံး၊ ခိုင်ဧကရာဇ်ခေတ်တစ်ခေတ်လုံးကို ဖြတ်သန်းခဲ့ပေမယ့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်သွားတဲ့အချိန်မှာတော့ တွေ့ခဲ့ရတယ်
“ခိုင်ဧကရာဇ်ခေတ်မှာ အသက်ရှင်ခဲ့တဲ့လူတွေ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့အချိန်မှ ငါ စောင့်နေခဲ့တဲ့လူဟာ အတိတ်မှာ ရှိခဲ့တာမဟုတ်ဘဲ အနာဂတ်က လူမှန်း သိခဲ့ရတယ်
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်း... တန်ခိုးရှင် ဆိုတဲ့ နာမည်ရှိပေမယ့် မိစ္ဆာလမ်းစဉ်ကို လျှောက်တဲ့ဂိုဏ်း။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ချင်မူ ဆိုတာ တကယ်တော့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ချင်မူပဲ
“ငါ့ထောင်ချောက်ကို အသက်သွင်းလိုက်တာနဲ့ ငါ့ကောင်းကင်နတ်သိုင်းက မင်း ဒီရောက်လာတာကို ငါ့ဆီ အသိပေးလိမ့်မယ်။ ငါ.... မင်း ... ရောက်လာမှာကို... စောင့်နေခဲ့တာ... ကြာခဲ့ပြီ....”
ချင်မူ့မျက်နှာ တင်းမာသွားပြီး ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ သူက နဂါးချီလင်၏ ကျောပေါ် ခုန်တက်ကာ အော်ဟစ်လိုက်၏။ “မြန်မြန် ပြေးတော့။ ငါတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး”
နဂါးချီလင်လည်း တမုဟုတ်ချင်း တရှိန်ထိုး ပြေးတော့သည်။ သေတ္တာကြီးကလည်း အပြေးလိုက်လာ၏။
ချင်မူ ပြန်လည်တည်ငြိမ်သွားသည်။
ထောင်ချောက်မဟုတ်ခဲ့ပေ။
ကြီးကျယ်ခမ်းနားခဲ့သော်လည်း ထောင်ချောက်က လော့ဝူရွှမ်ကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ရောက်လာသည့်အကြောင်း အသိပေးမည့် ကောင်းကင်နတ်သိုင်းသာ ဖြစ်သည်။ ထို့ထက်မပို။
လော့ဝူရွှမ်သည် နှစ်သုံး၊လေးသောင်းကြာ နေထိုင်ခဲ့သော မကောင်းဆိုးဝါးအိုကြီးဖြစ်ပြီး ချင်မူ သူ့လက်အား ဖြတ်ပစ်ခဲ့သည့်အပေါ် အငြိုးတေးထားခဲ့သည်။ ချင်မူ့အတွက် မနေ့ညက အဖြစ်အပျက်သာ ဖြစ်သော်လည်း သူ့အတွက်မူ နှစ်သုံး၊လေးသောင်းအလွန်က ရန်ကြွေး ဖြစ်၏။
ထိုမျှ အငြိုးကြီးကြီး တေးထားခဲ့သော်လည်း သူ တည်ခင်းခဲ့သည့် ထောင်ချောက်မှာ ချင်မူ့ကို သတ်ရန်မဟုတ်ဘဲ သူ့ဆီ အကြောင်းကြားရန်သာ ဖြစ်နေသည်။ လော့ဝူရွှမ်ကား အမှန်ပင် ကြောက်စရာကောင်းလှ၏။
သူက ချင်မူ့အသက်ကို ကိုယ်တိုင်နုတ်ယူပစ်ချင်နေချေသည်။
ချင်မူ သေတ္တာကြီးကို ခေါ်၍ တစ်ညနေလုံး ပြေးနေသည်။ နေလုံးကြီးပင် အနောက်အရပ်သို့ ဝင်စပြုနေချေပြီ။ အဝါရောင်သဲကန္တာရ၏ နေလုံးကြီးသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နေလုံးကြီးနှင့် မတူသလို၊ တစ်ကမ္ဘာလုံးကလည်း ထူးဆန်းလှသည်။
သဲကန္တာရကို ဖြတ်ကာ မရပ်မနား ပြေးနေခဲ့သော်လည်း ကန္တာရကား အဆုံးရှိဟန်မတူပေ။ မိုးကုပ်စက်ဝန်းကိုလည်း မမြင်ရ, အဆုံးကိုလည်း မရောက်နိုင် ဖြစ်နေ၏။
သူတို့ ဝင်လာခဲ့သော အက်ကွဲကြောင်းကိုပင် ရှာမတွေ့ပေ။
ချင်မူ့နဖူးမှ ချွေးတဒီးဒီး ကျနေသည်။ သူ ဤနေရာမှ မထွက်နိုင်လျှင် လော့ဝူရှန် သူ့ကို လာသတ်စရာပင် မလိုဘဲ သူ သေသွားလိမ့်မည်။
ရေငတ်၍ သေနိုင်သည်၊ ဆာလောင်၍ သေနိုင်သည်၊ အထီးကျန်လွန်း၍ စိတ်ဖောက်ပြန်ပြီး သေနိုင်သည်၊ အသက်ကြီး၍ပင် သေသွားသည်။
“မလန့်နဲ့၊ မလန့်နဲ့၊ တွေးစမ်း...”
သူ စိတ်တည်ငြိမ်အောင် ပြန်ထိန်း၍ လာခဲ့သောလမ်းကို ပြန်လှည့်ကြည့်လိုက်သည်။ အပြောကျယ်လှသော ကန္တာရထဲတွင် သူ လာခဲ့သည့်လမ်းမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
‘ရှင်းအန်းက ငါတို့ကို လိုက်မမှီခဲ့ဘူးဆိုတော့ ငါ ပြန်လာမှာကို အက်ကွဲကြောင်းကနေ ကြိုစောင့်နေလောက်တယ်’ ချင်မူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ခေါင်းမော့လိုက်သည်။ ‘မာန်ဟုန်မြစ်ဖျားပိုင်းက ကျောက်ကမ်းပါးကြီး ထူမတ်နေတဲ့နေရာမှာ ကောင်းကင်တွေ ငါးခုလောက် ထပ်နေတာဆိုတော့ ဒီကမ္ဘာထဲမှာ တခြားထွက်ပေါက်တွေ ရှိနေမှာပဲ။ အဲဒီထွက်ပေါက်တွေကနေတစ်ဆင့် မဟာမြို့ပျက်ကို ပြန်နိုင်မယ်’
သူ့သူငယ်အိမ်ထဲတွင် ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာပြီး သူက နဂါးချီလင်ကို အနောက်အရပ်သို့ ပြေးခိုင်းကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ညရောက်သည့်အခါ နဂါးချီလင်မှာ မပြေးရဲတော့သဖြင့် သေတ္တာကြီးပေါ် တက်ထိုင်လိုက်သည်။ ချင်မူက နက်မှောင်နေသော ကောင်းကင်ကို ကြည့်နေဆဲဖြစ်၏။ သေတ္တာကြီးက သဲတောင်ပို့များကို ဖြတ်ကျော်ကာ အဝေးသို့ ဆက်ပြေးနေသည်။
နေပြန်ထွက်သည့်အချိန်တွင် ချင်မူမှာ ပင်ပန်းနွမ်းနယ်လာပြီး မျက်လုံးများ နီရဲနေသည်။ သို့တောင် သူက မျက်တောင်တစ်ချက်မခတ်ဘဲ ကောင်းကင်ယံသို့ မော့ကြည့်နေသေးသည်။
နောက်ဆုံးတော့ တိမ်တိုက်တစ်ခု သူ မြင်လိုက်ရ၏။
သူတို့ရောက်နေသော ကမ္ဘာမှာ ရေငွေ့မရှိသော ကန္တာရဖြစ်သော်လည်း တိမ်တစ်ခုက ဝိုးတိုးဝါးတား ဖွဲ့တည်နေသည်။ ၎င်းက စစချင်း သေးငယ်သော်လည်း သူတို့ နီးကပ်သွားသည်နှင့်အမျှ ကြီးမားလာသည်။
ချင်မူ စိတ်အားတက်သွားပြီး အပေါ်ခုန်တက်ကာ တဟားဟား ရယ်လိုက်သည်။ “ကောင်းကင်ဘုံဟာ လူတစ်ယောက်ရဲ့ လမ်းကို ဘယ်တော့မှ မပိတ်တတ်ဘူး။ လူတွေကပဲ အရှုံးပေးပြီး ကိုယ့်လမ်းကိုယ် ပိတ်ပစ်လိုက်ကြတာ။ ဘယ်တော့မှ အရှုံးမပေးသရွေ့ အသက်ရှင်နိုင်မယ့် လမ်းဆိုတာ ရှိတယ်”
သူက သေတ္တာကြီးကို နဂါးချီလင်၏ ကျောပေါ် တက်လိုက်ပြီး နဂါးချီလင်က တိမ်တိုက်အပေါ် ပျံတက်လိုက်သည်။
သူတို့တက်လိုက်သည့်အချိန်မှာပဲ တောင်စောင်းနံရံဆီမှ ကောင်းကင်အလင်းတန်း ဖြာထွက်လာသည်။ အလင်းတန်းထဲတွင် မြင့်မားသော သစ်ပင်များ၊ ငွားငွားစွင့်စွင့် ပွင့်လန်းနေသော ပန်းပွင့်များဖြင့် လှပသာယာနေသည့် ကမ္ဘာတစ်ကမ္ဘာ ရှိနေ၏။
ကောင်းကင်အလင်းတန်းက တောင်စောင်းနံရံဆီမှ ရေတံခွန်သဖွယ် ဖြာဆင်းလာပြီး ကမ္ဘာနှစ်ခုကို ဆက်ပေးလိုက်သည်။
မိန်းမငယ်လေးတစ်ယောက်၏ ပုံရိပ်သွင်က တစ်ဖက်ကမ္ဘာထဲရှိ ပန်းပွင့်များကြားမှ လျှောက်လာကာ တောင်စောင်းနံရံပေါ်တွင် ရေးထားသော စာလုံးများကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ “နှစ်လေးသောင်းပြည့်ဖို့ နှစ်နှစ်ရာလောက် လိုသေးပေမယ့် နင် မွေးဖွားလာလောက်ပါပြီ ဟုတ်တယ်မလား။ ငါ နင့်ကို ... စောင့်နေမိတုန်းပဲ....”
သူ့မျက်နှာထက်တွင် ဖုံးကွယ်ထားသော လွမ်းဆွတ်မှုများ ဖြတ်ပြေးသွားပြီး သူမက တိုးညင်းစွာ ဆက်ပြောလိုက်သည်။ “ငါ အသက်ဆက်ရှင်နေပေမယ့် နင့်ကို မေ့မရခဲ့ဘူး... နင် ငါ့ကို မမှတ်မိမှာစိုးလို့ အသက်တောင် မကြီးဝံ့ပါဘူး...”
ရုတ်တရက် ဘေးရှိ ကျောက်ပြားက မြောက်တက်သွားပြီး ကျောက်တုံးများ ကားထွက်လာကာ တံခါးကွေးတစ်ချပ်ကို ဖော်ပြလိုက်သည်။
“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့” လက်တစ်ဖက်ပြတ်နေသော လူရိပ်တစ်ခုက ကျောတွင် ဓားမတစ်လက်ကို လွယ်လျက် ထွက်လာသည်။ သူက ရယ်လိုက်သော်လည်း သူ့ရယ်သံမှာ ခါးသီးနေသံပေါက်၏။
ကောင်းကင်အလင်းတန်းထဲရှိ မိန်းကလေးနှင့် လက်တစ်ဖတ်ပြတ်လူတို့ အကြည့်ချင်း ဆုံသွားသည့်အခါ စိတ်နှလုံး တုန်လှုပ်သွားကြသည်။
“ချုံဧကရာဇ်ခေတ်က အသက်ရှင်ကျန်သူ”
“မကောင်းဆိုးဝါး”