← Chapters

နတ်ဘုရားရဲ့ အကြံတွေက ငါတို့ထက် သာပါပေတယ်

Vol. 36 Ch. 495

နတ်ဘုရားရဲ့ အကြံတွေက ငါတို့ထက် သာပါပေတယ်

Vol. 36 Ch. 495

တောင်စောင်းနံရံအောက်တွင်

မတူညီသော ကမ္ဘာနှစ်ခုဆီသို့ ဦးတည်နေသော တံခါးနှစ်ချပ် ပွင့်လာခဲ့ပြီး လူနှစ်ယောက် မတ်တပ်ရပ်နေသည်။ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း မဟုတ်သလို၊ ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်းလည်း မဟုတ်ပေ။

ချုံဧကရာဇ်ခေတ် ပျက်သုဉ်းတော့မည့် ကာလတွင် သူတို့ တိုက်ခိုက်ခဲ့ဖူးသည်။

ခိုင်ဧကရာ်ခေတ်တွင်လည်း အကြိမ်‌ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ဖူးသည်။

ဤတောင်စောင်းနံရံတွင်လည်း အကြိမ်ပေါင်းမနည်း ရင်ဆိုင်ခဲ့ဖူးသည်။

သူတို့နှစ်ယောက်လုံး ပျက်စီးနေသော ကမ္ဘာထဲမှ ထွက်သွားကြပြီဖြစ်၍ တိုက်ခိုက်နေခဲ့သည်မှာ သူတို့၏ ပုံရိပ်များသာ ဖြစ်ခဲ့၏။ နှစ်ယောက်လုံး၏ သိုင်းအဆင့်မှာ အလွန်မြင့်မားလှသလို၊ သိုင်းစွမ်းရည်ကလည်း သန်မာအားကောင်းလွန်းသည်။ အခွင့်အရေးမရှိသရွေ့ သူတို့၏ရုပ်ခန္ဓာအစစ်များအနေဖြင့် ဤနေရာအား ဝင်မလာနိုင်ပေ။

ဤနေရာသည်... မည်သည့်နေရာပေနည်း။

ဤနေရာသည် သက်ရှိဟူ၍ မရှိတော့သော... မည်သည့်အရာမှ မရှင်သန်နိုင်သော... ခိုင်ဧကရာဇ်ခေတ်၏ မဟာမြို့ပျက်ထဲပင် ခက်ခဲကြမ်းတမ်းသော.... ချုံဧကရာဇ်ခေတ်၏ မဟာမြို့ပျက် ဖြစ်ချေ၏။

ခိုင်ဧကရာခေတ်၏ မဟာမြို့ပျက်တွင် လူသားများကို ကာကွယ်ပေးပြီး သက်ရှိများအား စောင့်ရှောက်ပေးမည့် နတ်ဘုရားရုပ်တုများ ရှိသေးသည်။ ဤနေရာတွင်တော့ သဲကန္တာရကြီးသာ ရှိ၏။ အမှောင်ထု ကျူးကျော်လာသည့်အခါ ပုန်းခိုစရာနေရာ မရှိပေ။

ဤကန္တာရတွင် လွန်ခဲ့သော နှစ်လေးသောင်းကတည်းက နတ်ဘုရားများမှ လွဲ၍ သက်ရှိသတ္တဝါဟူသမျှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ကျန်ရစ်ခဲ့သော နတ်ဘုရားများသည်လည်း ခိုင်ဧကရာဇ်ခေတ်၏ အစောပိုင်းကာလ၌ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ အားလုံး ကမ္ဘာခြားများသို့ ထွက်သွားကြ၍ ယခုတိုက်ခိုက်နေသော နှစ်ယောက်သည်သာ ကျန်ခဲ့သော နောက်ဆုံးနတ်ဘုရားနှစ်ပါး ဖြစ်ချေသည်။

“ပိုင်အမျိုးသမီး စာရေးသွားတဲ့ လူကို ဒီမှာ လာရှာတာလား”

လက်တစ်ဖက်ပြတ်နတ်ဘုရားတွင် မြင့်မားသော အရပ်အမောင်းရှိပြီး သူ့အနောက်ရှိ ဓားမရှည်ကြီးက တဝှမ်ဝှမ် မြည်နေသည်။ ဓားမသည် အချိန်နှင့် နေရာဟင်းလင်းပြင်ကို ထိုးဖောက်၍ ကမ္ဘာခြားထဲသို့ ပိုင်းဖြတ်နိုင်ဟန်တူ၏။ သူက သရော်တော်တော် ပြောလိုက်သည်။ “မင်းလည်း သူ တည်ရှိလာတဲ့ သတင်း ရခဲ့ပုံပဲ။ မင့်ဓားသိုင်းက ထူးခြားနေတာကို ငါ သိထားတာ ကြာပြီ။ ဓားသိုင်းက ချုံဧကရာဇ်ခေတ်တင် မကဘူး၊ ခိုင်ဧကရာဇ်ထက်တောင် ရှေ့ပြေးနေခဲ့ပေမယ့် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နဲ့ မင်း ပတ်သက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ကောင်းကင်အလင်းတန်းထဲရှိ အမျိုးသမီးမှာ တုန်ရီသွားပြီး ဝမ်းသာပျော်ရွှင်လာ၏။ “သူ တကယ် ရောက်လာတာလား။ အချိန်ခရီးသွားပြီး ပေါ်လာတဲ့ သူ ဒီမှာ တကယ် ပေါ်လာတာလား”

“မင်း ငါ့ကို မတားနိုင်ဘူး” ကျောက်တံခါးထဲရှိ လက်တစ်ဖက်ပြတ်နတ်ဘုရားက အလွန်မောက်မာတင်စီးနေ၏။ “ငါက သူ့ကို သတ်ချင်တယ်။ မင်းက ငါ့ကို တားချင်တယ်။ ငါတို့နှစ်ယောက် တိုက်ခိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် အနိုင်မယူနိုင်ခဲ့ဘူး။ ငါ ဟော့ဒီလက်ကို လက်ပြတ်အတိုင်း ထားထားတဲ့ အကြောင်းရင်းက တစ်နေ့ သူ့ကို တိုက်ခိုက်ပြီး ငါ့လက်ပြတ်အတွက် ကလဲ့စားချေချင်လို့၊ ငါ့လမ်းကို ပိတ်ဆို့ထားတဲ့ အမုန်းတရားတွေကို ချေဖျက်ချင်လို့ပဲ

“ငါ သူ့ဓားသိုင်းကို ငါ့ဓားမသိုင်းနဲ့ အနိုင်မယူနိုင်ရင် ဘယ်တော့မှ စိတ်ဖြောင့်ဖြောင့်ထားနိုင်မှာ မဟုတ်ဘူး။ ငါ့ဓားမလမ်းစဉ်လည်း ရှေ့တစ်ဆင့် မတက်နိုင်ဘဲ နေလိမ့်မယ်။ ဒီနေ့နဲ့ဆို ငါ စောင့်နေခဲ့ရတာ နှစ်လေးသောင်း ပြည့်ခါနီးပြီ”

တောင်စောင်းနံရံ၏ ကောင်းကင်အလင်းတန်းထဲရှိ အမျိုးသမီးက အလင်းတန်းထဲမှ အပြင်ထွက်လာကာ သဲကန္တာရအပေါ် ခြေချလိုက်သည်။ သူမသည် ပုံရိပ်တစ်ခုသာ ဖြစ်၏။ “ဒီကမ္ဘာကိုမှ မလာနိုင်ရင် နင် ဘာပြောပြော အလကားပဲ”

လက်တစ်ဖက်ပြတ်နတ်ဘုရားက ကိုယ်ကို လှည့်လိုက်၍ သွေးနီရောင်ခြုံထည်က တံခါးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လှုပ်ခါပျံဝဲနေသော ခြုံထည်ကြားမှ ဓားမရောင်တစ်ချက်က ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးနံရံကို ပိုင်းဖြတ်လိုက်၏။

ဓားမအာရုံမှာ အနှိုင်းမဲ့ ကျယ်ပြောပြီး တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းသည်။ ၎င်းက ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးနံရံကို အမှန်တကယ် ဖွင့်ချလိုက်နိုင်လေသည်။

ဓားမရောင်က ကျောက်တံခါးထဲမှ ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။ သဲလှိုင်းကြီးနှစ်လုံး မြောက်ကြွလာပြီး အလယ်တွင် ကိုက်သုံးထောင်မြင့်မားသော ကမ်းပါးနံရံကြီး ထူမတ်နေ၏။

သို့သော် လက်တစ်ဖက်ပြတ်နတ်ဘုရား အပြင်ထွက်လာရန် ပြင်သည့်အခါ ကောင်းကင်နှင့်မြေကြီးမှ မမြင်ရသော အားတစ်လှိုင်းက သူ့အား ပြန်တွန်းထုတ်လိုက်သည်။

မိန်းကလေးက ကောင်းကင်အလင်းတန်းထဲ ပြန်ဝင်ပြီး တောင်ကမ်းပါးနံရံထဲ၌ ပျောက်ကွယ်သွား၏။ “နင့်ခွန်အားနဲ့ဆို နင့်ကိုယ်အစစ် ဖြတ်သန်းလာဖို့ မဖြစ်နိုင်ဘူး”

လက်တစ်ဖက်ပြတ်နတ်ဘုရားက ဓားမကို ပြန်ရုတ်ကာ လှည့်ထွက်သွားသည်။ ကျောက်တံခါးမှာ တဖြည်းဖြည်း ပြိုကျသွား၏။ “ငါ ဒီကမ္ဘာကို ဆက်ဆက် ပြန်လာမယ်။ လောကစည်းလေးတစ်ခုက ငါ့အတွက် ပြဿနာမဟုတ်ဘူး”

..........

နဂါးချီလင်က ချင်မူနှင့် သေတ္တာကြီးကို သယ်၍ တိမ်တိုက်ဆီ ပြေးဝင်သွားသည်။ ယခုလေးတင် နေ့အချိန် ဖြစ်ခဲ့သော်လည်း တိမ်ကို ဖြတ်လိုက်သည့်အခါ ကောင်းကင်မှာ တမုဟုတ်ချင်း မည်းမှောင်သွား၏။ အမှောင်ထုထဲမှ ရေကျသံများ ကြားလိုက်ရ၍ ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။ ညအမှောင်တွင် တောက်ပနေသော ကျောက်ကမ်းပါးကြီးတစ်ခုကို သူ မြင်လိုက်ရသည်။

သူတို့ မဟာမြို့ပျက်၏ မာန်ဟုန်မြစ်အဖျားပိုင်းသို့ ပြန်ရောက်လာခဲ့ချေပြီ။

မာန်ဟုန်မြစ်က မဟာမြို့ပျက်၏ အနောက်မှ အရှေ့သို့ သွယ်တန်းစီးဆင်းနေဆဲ ဖြစ်ပြီး အလွန်မြင့်မားမတ်စောက်သော သဘာဝကမ်းပါးကြီးကလည်း မြောက်မှတောင်သို့ ဆန့်တန်းနေဆဲ ဖြစ်သည်။ ကမ်းပါးမှ တဝုန်းဝုန်း ကျနေသော ရေတံခွန်များက အောက်တွင် ကန်ကြီးတစ်ကန်အဖြစ် စုသွားကာ မာန်ဟုန်မြစ်အဖြစ် စီးဆင်းနေချေသည်။

‘မာန်ဟုန်မြစ်ရေက ကမ္ဘာခြားတွေကနေ စီးဆင်းလာပြီး အက်ကွဲကြောင်းတွေကနေတစ်ဆင့် တခြားကမ္ဘာတွေကိုလည်း စီးဝင်သွား‌လောက်တယ်။ ဒီနေရာမှာ ဇာတ်ကြောင်းတစ်ခုခုတော့ ရှိလောက်တယ်...’

ချင်မူ သဘာဝကမ်းပါးကြီးကို ကြည့်နေရင်း ရင်ဒိန်းခနဲ ခုန်သွားသည်။

ခေါင်းပြတ်နေသော လူတစ်ယောက်က အက်ကွဲကြောင်းတစ်ကြောင်းအထဲသို့ စိုက်ကြည့်နေချေသည်။

ရှင်းအန်း

ချင်မူ ကြက်သီးတဖြန်းဖြန်း ထကာ ခေါင်းမွှေးများပင် ထောင်သွားမိသည်။ ရှင်းအန်းကား စောစောက ကမ္ဘာ၏ ဝင်ပေါက်အက်ကြောင်းအရှေ့၌ သူ ထွက်လာမည်ကို စောင့်နေလေ၏။

အဝါရောင်သဲကန္တာရကမ္ဘာသည် မည်သည့်သက်ရှိမှ မနေနိုင်သော ကမ္ဘာအသေတစ်ခု ဖြစ်သည်။

ထိုလူက ခေါင်းကိုပင် ဖြုတ်၍ စေလွှတ်လိုက်ကာ ခေါင်းပြတ်ခန္ဓာကိုယ်ကို အစောင့်အဖြစ် ထားခဲ့လေသည်။ အဝါရောင်သဲကန္တာရထဲတွင် ထိုလူ့ခေါင်းနှင့် မျက်လုံးများ ပျံသန်းသွားလာရင်း သူတို့ကို လိုက်ရှာနေလောက်သေးသည်။

နဂါးချီလင်လည်း သတိထားမိသဖြင့် အသံမထွက်အောင် ဆင်းလိုက်သည်။ သေတ္တာကြီးက မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်လျက် အမှောင်ထုကို တွန်းဖယ်ပေးထားသည်။

နဂါးချီလင် မြေကြီးပေါ် ရောက်သည့်အခါ ချင်မူ သူ့ကျောပေါ်မှ တိတ်ဆိတ်စွာ ဆင်းလိုက်သည်။ နဂါးချီလင်က ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ကျုံ့ကာ သေတ္တာအပေါ် တက်လိုက်၏။ ချင်မူလည်း သေတ္တာအပေါ်တွင် နေရာယူလိုက်ပြီး သေတ္တာကြီးက ခြေလှမ်းကြဲကြဲများဖြင့် မြစ်ဆီ ချဉ်းကပ်သွားသည်။

ဤနေရာမှာ မာန်ဟုန်မြစ်အဖျားပိုင်း ဖြစ်သောကြောင့် မြစ်စီးကြောင်းက ကျဉ်း၏။ ရေစီး သိပ်မသန်သောကြောင့် မြစ်အထက်ပိုင်းဟု ခေါ်မရပေ။

သေတ္တာကြီးက မြစ်ထဲ ဝင်ပြီး မြစ်အောက်ပိုင်းသို့ တိတ်ဆိတ်စွာ ကူးခတ်သွားသည်။

ချင်မူ ယခုမှ သက်ပြင်းချနိုင်သည်။ ရှင်းအန်း၏ခေါင်းက သဲကန္တာရကမ္ဘာထဲတွင် ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကို ကြည့်နိုင်စွမ်းမရှိချေရာ သူတို့ ထွက်ပြေးရန် လွယ်ကူသွား၏။ ဝေးဝေးရောက်လေလေ၊ သူတို့ကို ရှာတွေ့နိုင်တော့မည်မဟုတ်ပေ။

ထိုအခိုက်၌ သေတ္တာကြီးက ကျောက်ဆောင်တစ်ခုကို ဒုတ်ခနဲ ဝင်တိုက်မိသွားသည်။ အသံက သိပ်မကျယ်သော်လည်း အမှောင်ထု၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

သူတို့မှာ ရေတံခွန်နှင့်သော်လည်းကောင်း၊ ရှင်းအန်းနှင့်သော်လည်းကောင်း မ‌ဝေးသေးပေ။

ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ ရှင်းအန်း အက်ကွဲကြောင်းအရှေ့တွင် မလှုပ်မယှက်ရပ်နေသည်ကို တွေ့လိုက်ရ၍ ပြုံးလိုက်မိသည်။ ‘ငါ သတိအထားလွန်ပြီး ရှင်းအန်းရဲ့ ခေါင်းရှိမနေတာ မေ့သွားတယ်။ မျက်လုံးတွေ၊ နားတွေမှ မရှိရင် ငါ သူ့ရှေ့တည့်တည့်ကနေ ဖြတ်လျှောက်သွားရင်တောင် သူ ငါတို့ကို မြင်နိုင်ကြားနိုင်မှာ မဟုတ်ဘူး’

နဂါးချီလင်လည်း သက်ပြင်းချကာ ပြုံးလိုက်သည်။ “ရေသံက ကျယ်နေတော့ သူ ကျွန်တော်တို့ကို မကြားလောက်ပါဘူးနော်.... ဂိုဏ်းသခင်”

ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ရှင်းအန်း၏ ခေါင်းပြတ်ခန္ဓာကိုယ်က လှည့်လာပြီး သူ့လည်ပင်း၏ ဘေးတစ်ဖက်စီတွင် နားရွက်တစ်ဖက်စီ ရှိနေသည်....

သူ၏ရုပ်ခန္ဓာမှာ နတ်ဘုရားအဆင့်ဖြစ်သောကြောင့် ကောင်းကင်အလင်းတန်းများ ထွန်းလင်းနေရာ အမှောင်ထုထဲတွင် အလွန်ထင်ရှားနေ၏။

ရှင်းအန်းကား နားရွက်နှစ်ဖက်ကို ဖြုတ်ကာ လည်ပင်းပေါ်တွင် တွဲဆက်ထားခဲ့လေသည်။

ဤအခိုက်အတန့်တွင် နားရွက်နှစ်ဖက်က လှုပ်ခါလာပြီး ဆင်နားရွက်ထက်ပင် ကြီးမားလာသည်။

ချင်မူ ကပျာကယာ စိတ်ပိုင်းဖြတ်၍ အသိစိတ်အလျဉ်ဖြင့် အသံပေးပို့လိုက်သည်။ “ပြေး ရေလမ်းအတိုင်း မသွားနဲ့.. ကမ်းပေါ်တက်”

ရေထဲတွင် သေတ္တာကြီး၏ အမြန်နှုန်းက ကုန်းပေါ်ထက် များစွာ နှေးကွေး၏။ ညအချိန်ဖြစ်၍ သေတ္တာကြီး၏အလင်း‌ရောင်ကို အားကိုးထားရသောကြောင့် ၎င်း၏အမြန်နှုန်းက သူတို့အမြန်နှုန်းပင် ဖြစ်လေသည်။

သေတ္တာကြီးသည် ရေထဲတွင် တိတ်ဆိတ်သော်လည်း ကမ်းပေါ်ရောက်လျှင် ခြေသံများ ထွက်လာလိမ့်မည်။ သို့သော် ရှင်းအန်း ကြားသွားပြီးပြီဖြစ်သည့်အတွက် ကုန်းပေါ်၌ ပြေးသည်က သူတို့အတွက် အကောင်းဆုံးဖြစ်သည်။

ရှင်းအန်း၏ ခေါင်းပြတ်ခန္ဓာကိုယ်က ရုတ်တရက် ပျံသန်းလာပြီး ချင်မူတို့အနားသို့ ခုန်ဆင်းလာသည်။

တစ်ချိန်တည်းမှာပင် မျက်လုံးတစ်လုံးက အက်ကွဲကြောင်းထဲမှ ထွက်လာသည်။ ၎င်းက အပြင်ရောက်သည်နှင့် ကောင်းကင်အလင်းတန်းများ ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေ၏။

အလင်းတန်းများက ခုနစ်ဧကကျော်ကို လွှမ်းခြုံကာ ရှေ့သို့ ရွေ့လျားလာနေသည်။

“သေစမ်း...”

ချင်မူ သွေးများ အေးစက်သွားသည်။ သေတ္တာသည် အမှောင်ထုကို တွန်းထုတ်ပေးနိုင်သော်လည်း သိပ်မမြန်ပေ။ ‌လောလောဆယ်တွင် ရေထဲ၌သာ ရှိသေးသဖြင့် ပို၍ပင် နှေးနေသော်လည်း သေတ္တာကို ထားခဲ့ပြီး ထွက်မသွားနိုင်ပေ။

ဗွမ်း

ရှင်းအန်း၏ ခေါင်းပြတ်ခန္ဓာကိုယ်က သူတို့ဆီမှ မလှမ်းမကမ်းရှိ ရေထဲသို့ ဗွမ်းခနဲ ဆင်းချလာသည်။ သူ့လည်ပင်းပေါ်ရှိ နားရွက်များက တဖျတ်ဖျတ် လှုပ်လျက်ရှိ၏။

ရုတ်တရက် ကောင်းကင်အလင်းတန်းများက ရှင်းအန်း၏ ခေါင်းပြတ်ခန္ဓာကိုယ်ပေါ် ဖြာကျလာသည်။ များစွာမကြာလိုက်ဘဲ သေတ္တာပေါ်၌ ထိတ်လန့်နေသော ချင်မူနှင့် နဂါးချီလင်အပေါ်သို့လည်း ဖြာကျလာတော့သည်။

ချင်မူက ပြုံးပြလိုက်ပြီး သေတ္တာကြီးလည်း ရပ်သွားသည်။ “နောင်ကြီးရှင်းအန်း၊ ခင်ဗျားရဲ့ ဝေဒနာတွေကို ပျောက်အောင် ကုပေးနိုင်ရင် ကျွန်တော့်ကို အသက်ချမ်းသာပေးမှာလား”

ရှင်းအန်း၏လည်ပင်းပေါ်ရှိ နားရွက်နှစ်ဖက်က တဖျတ်ဖျတ် ခတ်နေပြီး မျက်လုံးက ပျံဝဲနေသည်။

“အရှက်မရှိချက်ကတော့ ကမ်းကုန်တယ်။ မျက်နှာပြောင်တိုက်ပြီး ပြောရဲသေးတယ်နော်”

ရှင်းအန်း၏အသံ ထွက်လာသည့်အချိန်တွင် ခေါင်းတစ်ခေါင်းက အမှောင်ထုထဲမှ ထွက်လာပြီး လည်ပင်းအပေါ် ဆင်းသက်သွားသည်။ ထိုအခါ နားရွက်နှစ်ဖက်က သူ့နားပေါက်များနှင့် ပြန်တွဲဆက်သွား၏။

မျက်လုံး‌နောက်တစ်လုံးလည်း ပျံသန်းလာသော်လည်း မျက်တွင်းပေါက်ထဲ မဝင်ဘဲ ချင်မူ့ကို လှည့်ပတ်ပျံဝဲကာ သူ၏လှုပ်ရှားမှုများအား အကဲခတ်နေသည်။

ရှင်းအန်းက ခေါင်းမော့ပြီး အေးစက်စက် ပြောလိုက်သည်။ “ငါ မင်းအမေးကို ဖြေပေးမယ်။ မင်း ငါ့ကို ကုမပေးလည်း ရပြီ။ မဟာနတ်ဆေးသမားတော်ချင်က သိပ်ဉာဏ်များလွန်းတယ်။ ငါ ခဏလေး အမှတ်တမဲ့ဖြစ်သွားပါတယ်၊ ငါ့သေတ္တာကို မ,သွားတော့တာပဲ။ ဆေးကုခွင့်သာ ပေးလိုက်လို့ကတော့ ငါ့အသက်ပါ တစ်ခါတည်း ယူသွားမှာ ကြောက်မိပါတယ်။ ဒီလောက် ဉာဏ်များတဲ့ မင်းကို သတ်ပစ်နိုင်မှ ငါ စိတ်အေးရလိမ့်မယ်”

မြစ်ပြင်ထက်တွင် မြူခိုးများက သူတို့ဆီ ရွေ့လျားလာသည်။ ဤနေရာ၌ ရေငွေ့များ အလွန်သိပ်သည်းသောကြောင့် မြူခိုးများမှာ မကြာခဏ ပျံ့နှံ့လာတတ်၏။

ချင်မူက သိပ်သည်းနေသော မြူခိုးများကို ကြည့်ကာ ရင်ထဲတွင် မသိမသာ လှုပ်ခတ်သွားသည်။ သူက ပြုံးကာ ပြောလိုက်၏။ “‌နောင်ကြီးရှင်းအန်းက သတိထားလွန်းနေပါပြီ။ တကယ်တော့ နောင်ကြီးက လူဆိုးမဟုတ်ပါဘူး။ လမ်းမှားကိုပဲ စွဲလမ်းနေလို့ အခုလို ဖြစ်နေတာ။ ဒီအ‌တောအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုတောင် မရောက်သေးဘူးမလား။ ကျွန်တော် ကောင်းကင်တံတားပြန်ဆက်နည်း ရှာတွေ့သွားလို့ သင်္ချာညီမျှခြင်းတောင် တည်ဆောက်ထားပြီးပြီ။ နောင်ကြီး ကျင့်ကြံလိုက်တာနဲ့ ကောင်းကင်တံတားကို အကောင်းအတိုင်း ပြန်ဆက်နိုင်လိမ့်မယ်။ တကယ်တမ်း တခြားသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အသက်ရှည်ရှည်နေရဖို့ ကြိုးစားနေသေးတဲ့ နောင်ကြီးက လွဲရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်တံတားပြန်ဆက်နည်းကို မသိတဲ့လူ မရှိတော့ဘူး”

ရှင်းအန်းမှာ သူ့ကို ရှင်းပစ်ရန် ပြင်နေသော်လည်း သူ့စကားကြားလျှင် မှင်သက်သွား၏။ သူက သရော်‌တော်တော် ပြောလိုက်သည်။ “လိပ်မနေနဲ့။ မင်းမှာ အဲဒီလိုနည်းလမ်းမျိုးရှိရင် ဘာလို့ကိုယ့်ဘာသာကိုယ် မသိမ်းထားဘဲ ဖြန့်ဝေပေးထားမှာလဲ။ မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လေ၊ နတ်ဆိုးဂိုဏ်းသားတွေကို အရင်ပေးပြီး အင်အားတောင့်တင်းအောင် လုပ်မှာ သဘာဝပဲ။ ဒါ့အပြင် မှော်ဆရာသခင် ငါနဲ့အတူ ခြောက်ရက်၊ ခုနစ်ရက်လောက် ရှိနေခဲ့တာ၊ ဘာလို့ ငါ့ကို မပြောပြခဲ့တာလဲ”

ချင်မူက ရယ်မောကာ ပြောလိုက်သည်။ “မှော်ဆရာသခင်က နောင်ကြီးလက် ငှားပြီး ကျွန်တော့်ကို ရှင်းပစ်ချင်နေတာလေ။ နောင်ကြီးနဲ့ မှော်ဆရာနတ်ဘုရားခွေ့ နှစ်ယောက်လုံး အထိနာမှာကိုတောင် မျှော်လင့်နေတဲ့ သူ့လိုလူက ပြောမယ်တဲ့လား။ ပြီးတော့ ကျွန်တော်က ကိုယ့်ဘာသာကိုယ် သိမ်းထားရမယ်ဟုတ်လား... နောင်ကြီး ကျွန်တော့်စိတ်ဓာတ်ကို အထင်သေးနေတာပဲ

“နောင်ကြီးအနေနဲ့ သေတ္တာထဲက အရာအားလုံးကို လွှင့်ပစ်လို့တောင် ရတယ်။ ချီချယ့်တံတား ၊ လျှို့ဝှက်ဆန်းကြယ်တံတားနဲ့ ကောင်းကင်ဖြတ်သန်းခြင်းတံတားဆိုတဲ့ ကျွန်တော့် ကျင့်စဉ်သုံးခုကို လေ့လာဖို့ပဲ လိုတာ။ ကောင်းကင်တံတားကို ဖွဲ့တည်ပြီးတာနဲ့ နောင်ကြီး ကောင်းကင်နတ်ဘုံထဲ ဝင်နိုင်မယ်။ မသေနိုင်တော့တဲ့ နတ်ဘုရားဖြစ်လာမယ်။ အမှန်တိုင်းပြောရရင် လူတစ်ယောက်ဆို နောင်ကြီးထက် တစ်လှမ်းကြောနေပြီ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နတ်ဘုရားတောင် ဖြစ်နေပြီ နောင်ကြီးရ”

မြူခိုးများက သိပ်သည်းထူထဲလာပြီး သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံနေသည်။

ရှင်းအန်း၏မျက်လုံးများက ကောင်းကင်ယံတွင်သာ ရှိနေဆဲဖြစ်၏။ သူတို့က ချင်မူ့ကို စိုက်ကြည့်နေပြီး သိပ်သည်းနေသော မြူခိုးများကို ဖြတ်၍ ရှင်းလင်းစွာ မြင်နေရသည်။

ရှင်းအန်း၏အသံက မြူခိုးထဲမှ ထွက်လာပြီး သက်ပြင်းချကာ ပြောသည်။ “မင်းက တကယ် စိတ်သဘောထားကြီးပါပေတယ်။ ငါ မင်းကို အထင်သေးခဲ့မိတယ်။ ဒါပေမဲ့ ငါက ဝါသနာကြောင့် တခြားသူတွေရဲ့ အစိတ်အပိုင်းကို ယူနေတာလို့ မင်းထင်ရင် မင်းလည်း ငါ့ကို အထင်သေးထားတာပဲ။ ငါ့ရည်မှန်းချက်က အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်ဖို့။ ဒါ့ကြောင့် သတ်ရမယ့်လူမှန်သမျှ သတ်မယ်၊ ငါ ကြိုက်တဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို ယူမယ်၊ မင်းရဲ့ ကောင်းကင်တံတား သင်္ချာညီမျှခြင်းက ငါ့အတွက် သိပ်အသုံးတည့်ပါတယ် ဒါပေမဲ့ အားလုံးကို ဖြန့်ဝေပြီးထားပြီဆိုမှတော့...”

ချင်မူ့မျက်လုံးမှ ကောင်းကင်အလင်းတန်းများ ထွက်လာပြီး သူ့ခန္ဓာကိုယ်က မြေအောက်ထဲ နစ်ဝင်သွားသည်။ သူ၏ချီစွမ်းအင်သည် တရှိန်ထိုး ပေါ်ထွက်လာကာ မှော်သင်္ကေတများအသွင် ဖွဲ့တည်လျက် သူ၊ နဂါးချီလင်နှင့် သေတ္တာကြီးတို့ကို ရစ်ပတ်လိုက်၏။

“မင်းကို အရှင်ထားလည်း ဘာထူးတော့မှာလဲ”

ရှင်းအန်း၏မျက်လုံးမှ အလင်းတန်းများက ချင်မူ့ပတ်ပတ်လည်ရှိ မှော်သင်္ကေတများကို ပိုင်းဖြတ်လိုက်သည်။ သို့တိုင်အောင် ချင်မူက ပြုံး၍ ဓားမနှစ်လက်ဆွဲထုတ်ကာ မုန်တိုင်းများပမာ ဝှေ့ယမ်းလိုက်သည်။ ဓားမတစ်ချက်စီနှင့်အတူ ပြိုကွဲသွားသည့် သင်္ကေတအမှတ်အသားများ ပြန်လည်လင်းထိန်လာသည်။

ဓားမရောင်များက သူ့ကို ဝန်းရံထားသည့်အတွက် ရှင်းအန်းပင် တအံ့တဩ ချီးကျူးစုပ်သပ်လိုက်မိသည်။ “မင်းအစွမ်းအစက မခေဘူးပဲ။ အတိတ်တုန်းက ငါ့အောက် မနိမ့်ကျဘူး”

သူ့ခန္ဓာကိုယ်က တိုက်ခိုက်ရန် တဟုန်ထိုး ပြေးလာသော်လည်း ချင်မူ့ကို ရိုက်ချတော့မည့်အချိန် တစ်ကမ္ဘာလုံး ချာလပတ်လည်သွားသဖြင့် သူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ “သေစမ်း”

ဝှစ်

သူ့မျက်လုံးများ ပျောက်ကွယ်သွား၏။ သူ့ရုပ်ခန္ဓာက မျက်လုံးများကို အားပြု၍ ကြည့်နေခြင်းဖြစ်သော်လည်း ချင်မူ ၎င်းတို့အား နေရာရွှေ့ပြောင်းလိုက်သည့်အခါ သူ့မြင်ကွင်းမှာ ချာလပတ် လည်သွားတော့သည်။

“ဝေါ့....”

ရှင်းအန်း ထိုးအန်လိုက်မိပြီး သူ့မူလဝိညာဉ်ကိုလည်း မူးနောက်မသွားအောင် ချုပ်ထားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး လည်နေသကဲ့သို့ ခံစားနေရသော်လည်း တကယ်တမ်း လည်နေသည်က သူ့မျက်လုံးများသာ ဖြစ်ချေသည်။

“အတိတ်တုန်းက ဟုတ်လား။ ရှင်းအန်း၊ မင်းက ငါ့ဖိနပ်ကို သယ်ဖို့တောင် မသန်ပါဘူးကွာ” ချင်မူ ကျယ်လောင်စွာ ရယ်လိုက်ပြီး မှော်သင်္ကေတအမှတ်အသားများက သူ့ပတ်ပတ်လည်တွင် တောက်ပလာပြန်သည်။

ရှင်းအန်းက သူ့အသံလာရာဆီ ပြေးလာသည်။ သူ လှုပ်ရှားလိုက်လျှင်ချင်း အကွက်မှားသွားမှန်း သိလိုက်၏။ သူ့မှာ ဆယ်မိုင်ကျော်အကွာရှိ ကမ်းပါးတစ်ခုဆီ ဘုန်းခနဲ ပြေးတိုက်မိသွားတော့သည်။

မျက်လုံးများကြောင့်သာ သူ မြင်နေရခြင်းဖြစ်ရာ ယခုတွင် မျက်လုံးနှစ်လုံးစလုံး ချာလပတ် လည်နေသဖြင့် အရပ်မျက်နှာကို သူ မခန့်မှန်းတတ်တော့ပေ။

ချင်မူ၏ချီစွမ်းအင် တရှိန်ထိုး ထွက်ပေါ်လာပြီး မှော်သင်္ကေတများ ပြန်လည်ဖွဲ့တည်လာ၏။ သူက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို‌ နောက်တစ်ကြိမ် ထုတ်လွှတ်ကာ နဂါးချီလင်နှင့် သေတ္တာကြီးနှင့်အတူ ပျောက်ကွယ်သွားသည်။

‘ရှင်းအန်းမျက်လုံးတွေကို ဆယ်မိုင်ကျော် ရွှေ့ပြောင်းနိုင်ပေမယ့် နဂါးချီလင်နဲ့ သေတ္တာကြီးပါ ပါနေတော့ အလွန်ဆုံး လေးမိုင်ပဲ ရွှေ့နိုင်တယ်။ ဒါပေမဲ့ အသံမထွက်သရွေ့ ဒီနေရာကနေ ထွက်ပြေးနိုင်ပါသေးတယ်’

ချင်မူ နေရာရွှေ့ပြောင်းနေရင်းတန်းလန်း ဘုန်းခနဲ မြည်သံ ကြားလိုက်ရသည်။ သူ၏နေရာ‌ရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ပျက်စီးသွားပြီး သူတို့အားလုံး မည်သည့်နေရာကမှန်းမသိ ဘွားခနဲ ပေါ်လာသော အရိုးစုတောင်ကြီးတစ်လုံးကို ဝင်တိုက်မိသွား၏။ အရှိန်ကြောင့် အရိုးများ လွင့်ထွက်ကုန်သည်။

ဤအဖြစ်အပျက်ကြောင့် ချင်မူမှာ ဆွံ့အသွား၏။

လွင့်ထွက်သွားသော အရိုးတစ်ချောင်းက သူ့ကို အော်ဟစ်ရင်း ဘေးမှ ဖြတ်သွားသည်။ “ကန်းနေတာလား ဘာလားကွ”

All Chapters