← Chapters

သေမျိုးကပ်ဘေး လက်သီးရဲ့ ပြီးပြည့်စုံခြင်း အဆင့်

Vol. 37 Ch. 499

သေမျိုးကပ်ဘေး လက်သီးရဲ့ ပြီးပြည့်စုံခြင်း အဆင့်

Vol. 37 Ch. 499

"အိုး ...  သူက ငါတို့ သက်တံနီဂိုဏ်းရဲ့ ထိပ်တန်း တိုက်ရိုက်တပည့် သုံးယောက်ထဲက လေ့တုံးဟိုင် မဟုတ်ဘူးလား"

"ကောင်းတယ်ဟေ့  ...  ဂိုဏ်းတူအစ်ကို လေ့တုံးဟိုင်က ခရီးက ပြန်ရောက်လာပြီပဲ။ အစ်ကိုလေ့တုံးဟိုင် သည်ကို ရောက်လာမှတော့ လုံကျင်းသားရဲက ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး"

သက်တံနီဂိုဏ်းရဲ့ အကြီးအကဲတွေ နဲ့ ဂိုဏ်းတပည့်တွေကတော့ အပျော်ကြီး ပျော်နေကြပါပြီ။

လေ့တုံးဟိုင် ...

လေ့တုံးဟိုင် ဆိုတာကတော့ သက်တံနီဂိုဏ်းရဲ့ ထိပ်တန်း တိုက်ရိုက်တပည့် သုံးယောက်ထဲက ဖြစ်ပြီး ဘုရင်အဆင့်အတန်း တပည့်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂိုဏ်းတော်အတွင်းမှာ သူနဲ့ ယွန်လုံရဲ့ အဆင့်အတန်းက အတူတူပါပဲ။

သူက ကြယ်၇ပွင့် မိုးကြိုးတူ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ အစွမ်းဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်မှာ ပြိုင်ဘက်ကင်းလို့တောင် ဆိုနေနိုင်ပါပြီ။ တကယ်လို့သာ သူ့အနေနဲ့ သူ့ရဲ့ မိုးကြိုးတူ နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်မယ် ဆိုရင် မူလပင်လယ်နယ်ပယ် အဆင့်နိမ့်ပိုင်းက ဘုရင်တွေနဲ့တောင် ယှဉ်လို့ ရတယ်လို့လည်း ပြောနေကြပါတယ်။

သက်တံနီဂိုဏ်းမှာ ဆိုရင်တော့ ထိပ်တန်း တိုက်ရိုက်တပည့် သုံးယောက်ထက် သာတဲ့လူတွေဆိုလို့ ဧကရာဇ် အဆင့်အတန်းက  တပည့်နှစ်ယောက်သာ ရှိတော့တာပါ။ ဂိုဏ်းတော်က ဧကရာဇ် အဆင့်အတန်း တပည့်နှစ်ယောက်ကိုတော့ တိုက်ရိုက်တပည့် စာရင်းထဲမှာ ထည့်မထားပေးပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အဲသည် ဧကရာဇ်အဆင့်အတန်း တပည့်နှစ်ယောက်က အမြဲလိုလို သိုသိုသိပ်သိပ်နေပြီး ဂိုဏ်းအရေးတွေမှာ ပါဝင်လေ့ မရှိလို့ပါပဲ။ ဂိုဏ်းတော်ထဲမှာတောင်မှ သူတို့ကို တွေ့ဖူးတဲ့သူတွေဟာ လက်တစ်ဆုပ် မပြည့်ပါဘူး။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဂိုဏ်းရဲ့ ထိပ်ပိုင်းက အုပ်ချုပ်သူ အကြီးအကဲတွေသာ သူတို့ကို တွေ့ခွင့်ရှိတာပါ။

" ကြယ်၇ပွင့် မိုးကြိုးတူ အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုပါလား "

ဂိုဏ်းတော်ရဲ့ ထိပ်တန်း တိုက်ရိုက်တပည့် ၃ယောက်ကိုတော့ လီဖူချန်းအနေနဲ့ မသိစရာ အကြောင်းမရှိပါဘူး။

ယွန်လုံက ကြယ်၇ပွင့် အာရဟတ် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး အထွတ်အထိပ် အဆင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ခန္ဓာကိုယ် အပြင်အား ဆရာသခင် ဖြစ်ပါတယ်။ သူ့ကိုတော့ ထိပ်တန်း တိုက်ရိုက်တပည့် ၃ယောက်ထဲမှာ အစွမ်းအထက်ဆုံးလို့ သတ်မှတ်မယ် ဆိုရင်တောင် မမှားလောက်ပါဘူး။

လေ့တုံးဟိုင်ကတော့ ကြယ်၇ပွင့် မိုးကြိုးတူ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး မိုးကြိုးတူ အရိုးတည်ဆောက်ပုံ ဆိုတာက ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံတွေထဲက မျိုးကွဲတစ်ခု ဖြစ်ပါတယ်။ တိုက်ခိုက်မှု အစွမ်းသက်သက်ချင်း ယှဉ်မယ်ဆိုရင်တော့ တူတာအို အရိုးတည်ဆောက်ပုံတောင်မှ မိုးကြိုတာအို အရိုးတည်ဆောက်ပုံကို ယှဉ်လို့ မရပါဘူး။

ထိပ်တန်း တိုက်ရိုက်တပည့် သုံးယောက်ထဲမှာ နောက်ဆုံး ကျန်နေသူကတော့ ကုချူးယီ ဆိုတဲ့ အမျိုးသမီး တပည့်ပါပဲ။ သူမကတော့ ကြယ်၇ပွင့် တောက်ပမှု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူပါ။

သူတို့သုံးယောက်ရဲ့ အစွမ်းတွေဟာ အခြား ဘုရင်အဆင့် တိုက်ရိုက်တပည့်တွေနဲ့ တောင်မှ အတော်လေး ကွာခြားတယ်လို့ ဆိုရပါမယ်။ အရိုးတည်ဆောက်ပုံ၊ ထိုးထွင်းသိမြင်မှု၊ ကံကောင်းမှု စတဲ့ အရာအားလုံးမှာ သူတို့က တခြားဘုရင်အဆင့် တိုက်ရိုက်တပည့်တွေထက် သိသိသာသာကြီးကို သာလွန် ကောင်းမွန်နေတာပါ။

လုံကျင်းသားရဲကြီးကို တူနဲ့ ရိုက်ထုတ်လိုက်ပြီးတဲ့ နောက်မှာတော့ လေ့တုံးဟိုင် မျက်ခုံးပင့်လိုက်ပြီး ခပ်ထေ့ထေ့ လှောင်လိုက်ပါတယ်။

"သည်တော့ မင်းက ဝူးယွီလန်းပီ သားရဲဗိုလ်ချုပ် ငါးယောက်ထဲကပေါ့လေ။ တကယ်တမ်း တွေ့ရတော့လည်း ဘာမှ မဟုတ်ပါလား "

" ငါမင်းကို အရှင်လတ်လတ် ဝါးစားပစ်မယ် "

လုံကျင်း သားရဲကြီးက ဒဏ်ရာတော့ မရသွားပါဘူး။ ဒါပေမဲ့လည်း သူက အတော်လေး ဒေါသ ထွက်နေပုံပါပဲ။ သူက သူ့ရဲ့ ဧရာမ ပါးစပ်ကြီးကို ဟလိုက်ပြီး အနက်ရောင် ရေဝဲတစ်ခုကို ဖန်တီးကာ လေ့တုံးဟိုင်ကို စုပ်ယူလိုက်ပါတယ်။

လေ့တုံးဟိုင်က လုံကျင်းသားရဲကို လှောင်ပြောင် သရော်နေပေမဲ့  သတိလက်လွတ် နေခြင်းတော့ မရှိပါဘူး။

" နတ်ဘုရားမိုးကြိုးတူ "

မိုးကြိုးတူ စွမ်းအားတွေက လေ့တုံးဟိုင်ရဲ့ ခန္ဓာကိုယ်ထဲကနေ တိုးထွက်လာခဲ့ပါပြီ။ အဲဒါကတော့ လေ့တုံးဟိုင်ရဲ့ နတ်ဘုရားစွမ်းရည် ဖြစ်တဲ့ နတ်ဘုရား မိုးကြိုးတူပါပဲ။

ဝုန်း ...

လေဟာနယ် ဟင်းလင်းပြင်ထဲကနေပြီး တောင်တစ်လုံးနဲ့ တူတဲ့ မိုးကြိုးတူကြီး တစ်လက် ထွက်ပေါ်လာပြီး အနက်ရောင် ရေဝဲကြီးကို ထုရိုက်ပစ်လိုက်ပါတယ်။

ကောင်းကင်ယံ ပေါ်မှာတော့ မိုးကြိုးနဂါးတွေဟာ ကခုန်လျက် ရှိနေပြီး မိုးကြိုးမြွေတွေကတော့ မိုးကြိုးနဂါးတွေကို ဝန်းရံ ထားခဲ့ပါပြီ။

မိုးကြိုးတူကြီးနဲ့ အနက်ရောင် ရေဝဲကြီးတို့ ထိပ်တိုက်တွေ့ဆုံမိတဲ့ အခါမှာတော့ စွမ်းအင်တွေဟာ ပတ်ဝန်းကျင် အရပ်မျက်နှာ အကုန်လုံးကို ဖြာထွက်ကုန်ပြီး လေဟာနယ်မှာလည်း အနက်ရောင် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲသည် အနက်ရောင် လေဟာနယ် အက်ကွဲကြောင်းကြီးက မျက်စိတစ်မှိတ် အတွင်းမှာ ပြန်လည်ပျောက်ကွယ် သွားပေမဲ့လည်း လီဖူချန်းကတော့ မြင်ဖြစ်အောင် မြင်လိုက်ရပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့ တစ်မူထူးခြားလှတဲ့ အသိစိတ်အာရုံနဲ့ ဆိုင်ကောင်း ဆိုင်နေပါလိမ့်မယ်။

" လေဟာနယ် အက်ကွဲသွားတာလား "

လီဖူချန်းရဲ့ နှလုံးခုန်သံက ဆောင့်တက် လာခဲ့ပါတယ်။

လေဟာနယ် အက်ကွဲကြောင်းကြီး ပေါ်လာတယ် ဆိုတာက လေ့တုံးဟိုင်နဲ့ လုံကျင်းသားရဲကြီး တို့ရဲ့ တိုက်ခိုက်မှုဟာ သည်နယ်မြေရဲ့ ကောင်းကင်နဲ့မြေကြီး စည်းမျဉ်း ဥပဒေသကိုတောင် ဖျက်ဆီးနိုင်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ လေဟာနယ် အက်ကွဲကြောင်းတွေ ဆိုတာက ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေ ထိခိုက် ပျက်စီးမှုရှိမှ ပေါ်လာတတ်တဲ့ အရာမျိုးတွေပါ။

လေဟာနယ် အက်ကွဲကြောင်းတွေ ဆိုတာက ဆံချည်မျှင်လောက်သာ ရှိနေရင်တောင်မှ မြေကမ္ဘာ အဆင့်မြင့် လက်နက်ပစ္စည်းတွေကို  အလွယ်တကူ ပျက်စီး စေနိုင်ပါတယ်။ မူလ ပင်လယ်နယ်ပယ် ဘုရင်တွေတောင်မှ ခုခံကာကွယ်မှု မရှိဘဲ သတိလက်လွတ် နေမိရင် ဒဏ်ရာ အကြီးအကျယ် ရသွားမှာ အသေအချာပါပဲ။

ဘန်း ...

နားကွဲလုမတတ် အသံကျယ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်ကော လုံကျင်းသားရဲကြီးပါ အနောက်ကို လွင့်ထွက် သွားကြပါပြီ။

တစ်ယောက်က ဝူးယွီလန်းပီ သားရဲဗိုလ်ချုပ် တစ်ပါးဖြစ်ပြီး နောက်တစ်ယောက်က သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ထိပ်တန်း တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်တဲ့အတွက် သူတို့ဟာ လက်ရည်မျှ နေကြပါတယ်။ အဲသည်အတွက် သိုင်းကွက် တစ်ရာ ဒါမှမဟုတ် သိုင်းကွက် တစ်ထောင်လောက် မတိုက်ရသေးဘဲနဲ့တော့ ဘယ်သူ အနိုင်ရမလဲဆိုတဲ့ အဖြေ ထွက်လာမှာ မဟုတ်ပါဘူး။

"လူသား ...  သည်နေရာမှာ တိုက်ခိုက်ရတာက မလွတ်လပ်ဘူး။ တခြား လွတ်လပ်တဲ့ နေရာတစ်ခုမှာ သွားတိုက်ကြရအောင်။ မင်းလိုက်ရဲလား "

လုံကျင်းသားရဲကြီးက တခြား တစ်နေရာမှာ သွားတိုက်ခိုက်ဖို့ လေ့တုံးဟိုင်ကို စိန်ခေါ်လိုက်ပါတယ်။

"ဘာလို့ မလိုက်ရဲရမှာလဲ။ ငါက မင်းကို ကြောက်နေရမှာလား "

လေ့တုံးဟိုင်ကလည်း စိန်ခေါ်မှုကို မငြင်းပါဘူး။

" ဒါဆိုလည်း သွားကြတာပေါ့ "

အဲသည်နောက်မှာတော့ လေတုံးဟိုင်နဲ့ လုံကျင်းသားရဲကြီးက နှစ်ဦး သဘောတူညီချက်နဲ့ ကျွန်းနံပါတ်၅ရဲ့ အဝေးကို ထွက်သွားခဲ့ပါပြီ။

ဝုန်း ... ဝုန်း ... ဝုန်း ...

ဘန်း ... ဘန်း ...

"ပင်လယ်သားရဲတွေကို မျိုးတုံးအောင် သတ်ကြဟေ့"

ဂါးဂရား …

"သည်လူသားတွေကို အကုန် သတ်"

လေ့တုံးဟိုင်နဲ့ လုံကျင်းသားရဲကြီးတို့ ထွက်သွားတဲ့ အချိန်မှာတော့  ကျွန်းနံပါတ်၅ရဲ့ လူသားနဲ့ ပင်လယ်သားရဲ စစ်ပွဲက ပြန်စပါတော့တယ်။

သည်တိုက်ပွဲကတော့ တစ်ရက်နဲ့ တစ်ညတိတိကို ကြာခဲ့ပါတယ်။

သတ်ဖြတ်မှုတွေကလည်း မရေမတွက်နိုင်အောင် များပြားလွန်းလှတဲ့ အတွက် ကျွန်းနံပါတ်၅ရဲ့ မိုင်ပေါင်းတစ်သောင်း ပတ်လည်မှာ ရှိတဲ့ ပင်လယ်ရေပြင်ဟာ သွေးခြင်းခြင်း နီရဲနေခဲ့ပါပြီ။ လူတွေ အမည်ပေးထားတဲ့ ပင်လယ်နီ ဆိုတာကလည်း ရဲရဲနီနေတဲ့ သွေးတွေကြောင့် တကယ်ကြီးကို ဖြစ်လာခဲ့ပါတယ်။

တိုက်ပွဲအပြီး နောက်ဆုံး စစ်တမ်း ကောက်ယူမှုအရ ဆိုရင်တော့ ကျွန်းနံပါတ်၅မှာ ရှိနေတဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းသားတပည့် ၇၂ယောက်ဟာ သည်တိုက်ပွဲမှာ အသက်ပေးလှူ သွားခဲ့ရပါတယ်။ ၇၂ယောက် ဆိုတာက သိပ်ပြီးများလှတဲ့ အရေအတွက် မဟုတ်ပေမဲ့လည်း အဲသည်အရေအတွက်က ကျွန်းနံပါတ်၅ တစ်ခုလုံးကို တိတ်ဆိတ်မှုတွေ ကြီးစိုးသွားစေတဲ့ အထိတော့ စွမ်းဆောင်နိုင်ဆဲပါပဲ။

သက်တံနီဂိုဏ်း ဆိုတာက တကယ့် ဗိုလ်တကာ့ဗိုလ်လို့ ဆိုရမယ့် လက်ရွေးစင် ပါရမီရှင်တွေကိုသာ ဂိုဏ်းထဲဝင်ခွင့် ပေးတဲ့ ဂိုဏ်းတစ်ခုပါ။ အဲသည်အတွက် ဂိုဏ်းသားတစ်ယောက်ဟာ သာမန်ကျင့်ကြံသူ အယောက်တစ်ရာလောက် ကိုတောင် တစ်ယောက်တည်း ရင်ဆိုင်နိုင်ကြပါတယ်။

ပြီးတော့ အဲသည် သေဆုံးသွားတဲ့ ၇၂ယောက်ထဲမှာ ဆိုရင် အနာဂတ် မူလပင်လယ်နယ်ပယ် ဘုရင် တစ်ယောက်လောက် ပါကောင်း ပါနေလောက်ပါသေးတယ်။

အချက်အလက် ကျကျ ပြောရမယ် ဆိုရင်တော့ သက်တံနီဂိုဏ်းကသာ သူတို့ရဲ့ လေပေါ်ပျံနိုင်တဲ့ စစ်သင်္ဘောတွေကို ထုတ်သုံးခဲ့မယ် ဆိုရင် သည်၇၂ယောက်ဟာ သေစရာ အကြောင်းမရှိပါဘူး။ တကယ်လို့ သေဆုံးမှုတွေ ဖြစ်လာခဲ့မယ် ဆိုရင်တောင်မှ သေဆုံးသူ အရေအတွက်ဟာ အနည်းငယ်မျှသာ ရှိပါလိမ့်မယ်။

ဒါပေမဲ့လည်း တစ်သက်လုံး ဖန်လှောင်အိမ်ထဲမှာ ပြုစုပျိုးထောင်ခြင်း ခံလာရတဲ့ ပန်းကတော့ လေနဲ့မိုးဒဏ်ကို ခံနိုင်စရာ အကြောင်း မရှိပါဘူး။ စစ်ပွဲ ဆိုတာကလည်း သေဆုံးခြင်းတွေ မရှိရင် မပြည့်စုံပါဘူး။

အဲသည်အတွက် သက်တံနီဂိုဏ်းရဲ့ အုပ်ချုပ်သူ အကြီးအကဲတွေက သူတို့ရဲ့ ဂိုဏ်းသားတွေကို ပန်းခင်းတဲ့ လမ်းထက် သွေးခင်းတဲ့လမ်းကို လျှောက်စေဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ သူတို့က ဒေါင်ဒေါင်မြည် ဂိုဏ်းသားတွေကိုသာ လိုချင်ပုံပါပဲ။

ပြီးတော့ သက်တံနီဂိုဏ်းရဲ့ အုပ်ချုပ်သူ အကြီးအကဲတွေက ပင်လယ်သားရဲတွေဟာ သွေးတိုးစမ်းချင်ရုံ သက်သက်လောက်နဲ့ သည်စစ်ပွဲကို စလိုက်တာလို့ ကောက်ချက်ချ လိုက်ပုံလည်း ရပါတယ်။

တကယ်လို့သာ နှစ်ဖက်စလုံးက ဝှက်ဖဲတွေကို ထုတ်သုံးလိုက်မယ် ဆိုရင်တော့ မိစ္ဆာသားရဲ ဘုရင်တွေနဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာလည်း စစ်ပွဲထဲကို ဝင်ပါလာရမှာ ဖြစ်ပါတယ်။

တကယ်လို့ မိစ္ဆာသားရဲ ဘုရင်တွေနဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေပါ စစ်ပွဲထဲကို ပါလာပြီ ဆိုရင်တော့ စစ်ပွဲရဲ့ အဆုံးသတ်ဟာ သိပ်ကြာတော့မှာ မဟုတ်ပါဘူး။ အဲသည်လို ဆိုရင်တော့ အရမ်းစွန့်စားရာ ကျသွားပါလိမ့်မယ်။

အဲသည်အတွက်ကြောင့် သက်တံနီဂိုဏ်းဟာ စစ်သင်္ဘောတွေကို ထုတ်မသုံးတော့တာပါ။ သူတို့က မပိုင်သေးဘဲနဲ့ အဆုံးသတ် စစ်ပွဲကို မဆင်နွှဲ ချင်သေးပါဘူး။

***

"စုစုပေါင်း ထောက်ပံ့ရေးရမှတ် ၂၄၀၀၀။ သာယာလိုက်တာကွာ။  နောက်ထပ် တိုက်ပွဲတစ်ပွဲ ပြီးရင်တော့ ငါက သေမျိုးကပ်ဘေး လက်သီးရဲ့ ဒုတိယပိုင်းကို အေးအေးဆေးဆေး သွားယူလို့ ရပြီ"

လီဖူချန်း တစ်ယောက်ကတော့ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းက သူ့ရဲ့ အမှတ်ကိုကြည့်ရင်း အတွေးနယ်ချဲ့ နေပါတယ်။

အခုဆိုရင် သူက နံပါတ်၂ နေရာမှာရှိတဲ့ တိုင်ချွန်းချီကိုတောင်မှ အမှတ်၂ဆ ဖြတ်ထားပြီးပါပြီ။ သူရထားတဲ့ ထောက်ပံ့ရေး ရမှတ်ဟာ အဓိက ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းက သာမန်သူတွေနဲ့ တောင်မှ သိပ်မကွာလှတော့ပါဘူး။

သည်တစ်ခါ တိုက်ပွဲပြီးရင်တော့ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ ပြိုင်ဘက်ကင်းတယ် ဆိုတာကို အားလုံးက လက်ခံ ကြရတော့မှာပါ။

ဒါတောင်မှ လီဖူချန်းက အခုမှ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၇မှာသာ ရှိပါသေးတယ်။ တကယ်လို့သာ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်သွားခဲ့မယ်ဆိုရင် ဘယ်လောက်အထိ ကြောက်စရာ ကောင်းလာမယ် မသိပါဘူး။

နောက်ထပ် ရက်သတ္တပတ် အတွင်းမှာတော့ ဘာတိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲသည်အတွက် လီဖူချန်းတို့ဟာ သူတို့ရဲ့ ကျင့်ကြံခြင်းတွေကိုသာ အာရုံစိုက်ခဲ့ကြရပါတယ်။

လီဖူချန်းကတော့ သူ့ရဲ့ အစွမ်းဟာ စစ်ပွဲအတွက် မလုံလောက်သေးဘူးလို့ ခံစားရတဲ့အတွက် တစ်ပတ်လုံးလုံး သေမျိုးကပ်ဘေး လက်သီးကိုသာ ဖိပြီး ကြိုးစား လေ့ကျင့်ခဲ့ပါတယ်။

တကယ်လို့သာ သေမျိုးကပ်ဘေး လက်သီးက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့မယ် ဆိုရင်တော့ အဲဒါက အဆိပ်နဂါး လက်သီးထက် သာလွန်သွားရုံမက ခန္ဓာကိုယ် သန့်စင်ခြင်းကလည်း ပိုပြီး ကောင်းမွန်လာမှာပါ။

အဲဒါကို ဆင်နဂါးစွမ်းအားနဲ့ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ လီဖူချန်းအနေနဲ့ ခန္ဓာကိုယ် အပြင်အားမှာ နောက်ထပ်တစ်ဆင့်ကို ရောက်ကောင်း ရောက်သွားနိုင်ပါသေးတယ်။

"ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးရဲ့ ကပ်ဘေးကို တုံ့ပြန်ဖို့အတွက် သေမျိုးတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို စတေးရမယ်။ လခွီး  ... အဲဒါက ဘာကို ဆိုလိုတာလဲ။ ငါက စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုအားကောင်းအောင် လေ့ကျင့်ရမှာလား "

အပြည့်အစုံ မရှိတဲ့ သေမျိုးကပ်ဘေး လက်သီးကို လေ့ကျင့်ရတာက လီဖူချန်း ထင်ထားတာထက်တောင် ပိုခက်ခဲတယ်လို့ ဆိုရပါမယ်။ လေ့ကျင့်ဖို့အတွက် လမ်းညွှန်ထားတဲ့ စာသားတွေကလည်း ဘယ်လို အဓိပ္ပာယ်ဖော်ဖော် လီဖူချန်းရဲ့ ခေါင်းထဲမှာ ပေါ်မလာခဲ့ပါဘူး။ ဒါပေမဲ့ တချို့စာသားတွေဟာ စိတ်ဝိညာဉ်ပိုင်းနဲ့ သက်ဆိုင်နေတယ် ဆိုတာကိုတော့ သူက အကြမ်းဖျင်း ရိပ်မိပါတယ်။

"တော်ပြီကွာ။ ဒါကြီးက ဆက်ကျင့်နေလည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ နောက်မှပဲ စိတ်ရှင်းရှင်းထားပြီး အဓိပ္ပာယ်ကို ပြန်စဉ်းစားတော့မယ်"

တစ်နေ့မှာတော့ လီဖူချန်းက အမှတ်၅ ကျွန်းကနေပြီး ပျံထွက်လာခဲ့ပါတယ်။

သည်ပင်လယ်ပြင်ကတော့ သက်တံနီဂိုဏ်းရဲ့ ရေပြင်ပိုင်နက်နဲ့ ထိစပ်နေပြီး များပြားလှတဲ့ အရင်းအမြစ် ပစ္စည်းတွေ ရှိတဲ့ နေရာတစ်ခုပါပဲ။ ပင်လယ် ရေအောက်ကြမ်းပြင် တွေမှာဆိုရင် သက်တံနီဂိုဏ်းမှာ မရှိတဲ့ အရင်းအမြစ်ပစ္စည်းတွေ အများကြီး ရှိနေပါသေးတယ်။

"သည်နေရာလောက်မှာ ကံစမ်းရင် အတော်ပဲ "

ဗွမ်း ...

ကျွန်းနံပါတ်၅နဲ့ မိုင်ပေါင်းတစ်ထောင်ကျော် အကွာကို အရောက်မှာတော့ လီဖူချန်းဟာ ပျံသန်းနေတာကို ရပ်လိုက်ပြီး ပင်လယ်ထဲကို ဒိုင်ဗင်ထိုးချ သွားခဲ့ပါပြီ။

ပင်လယ်ရေ ဖိအားကတော့ အတော်လေး ဖိအားများလှတယ်လို့ ဆိုရပါမယ်။ ပင်လယ်ရေအောက် မီတာတစ်သောင်း အနက်မှာရှိတဲ့ ရေဖိအားဆိုရင် ကောင်းကင်နယ်ပယ်မှာ ရှိတဲ့ ပညာရှင်တွေကို တောင်မှ စိစိကြေ သွားစေလောက်ပါတယ်။

ပင်လယ်ရေအောက် မီတာတစ်သိန်း အနက်မှာရှိတဲ့ ရေဖိအားဆိုရင်လည်း ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို သေချာပေါက် သေစေနိုင်ပါတယ်။

ဒါပေမဲ့လည်း ပင်လယ်ကမ်းခြေနဲ့ နီးတဲ့ ရေပြင်တွေမှာတော့ မီတာတစ်သိန်း အနက်ဆိုတာက အလွန်ဆုံးပါပဲ။ လီဖူချန်း ဒိုင်ဗင် ထိုးဆင်းသွားတဲ့ ရေပြင်ကတော့ မီတာ ခြောက်သောင်း ဒါမှမဟုတ် မီတာခုနစ်သောင်းထက် ပိုပြီး မနက်ပါဘူး။

အဲသည်အတွက် လီဖူချန်းဟာ မိုးရေထဲမှာ လမ်းလျှောက်နေသလိုသာ ခံစားနေရပါတယ်။ သည်ဖိအားက လီဖူချန်းအတွက် ဘာမှ မပြောပလောက်ပါဘူး။

" ပင်လယ်ရေအောက် ကြမ်းပြင်ကို ရောက်ပြီပဲ "

ပင်လယ်ကြမ်းပြင်မှာတော့ တိတ်ဆိတ်နေပြီး အသံတွေကို တားမြစ်ထားတဲ့ ကမ္ဘာကြီး တစ်ခုလိုပါပဲ။

လီဖူချန်းရဲ့ ခြေထောက်က ပင်လယ်ရေအောက် ကြမ်းပြင်က နှုန်းမြေတွေကို ထိမိလိုက်တဲ့ အခါမှာတော့ သူဘယ်လိုမှ မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဒါကတော့ သူ့ရဲ့ နှလုံးသားဟာ တိတ်ဆိတ် ငြိမ်သက်မှုကြောင့် ဈာန်ဝင်စားတဲ့ အခြေအနေ တစ်ခုကို ရောက်သွားတာပါပဲ။ သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အနာဂတ်အတွက် အတွေးတွေဟာလည်း ပျောက်ကွယ် သွားခဲ့ပါတယ်။ လီဖူချန်းရဲ့ စိတ်ထဲမှာတော့ ဘာအတွေးမှ ဝင်မနေတော့ပါဘူး။

သူဟာ ထူးဆန်းပြီး နားလည်ရခက်တဲ့ အခြေအနေ တစ်ခုကို ကံကောင်းထောက်မပြီး ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါမျိုးက တမင် လုပ်ယူရင်တောင်မှ အဲသည်အခြေအနေကို ဝင်ရောက်နိုင်ဖို့ မလွယ်ပါဘူး။

သိပ်မကြာခင်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေပြီး အနီရောင် အလင်းတန်းတွေ ဖြာထွက်လာခဲ့ပါပြီ။ အဲသည် အနီရောင် အလင်းတန်းတွေဟာ သူ့ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ ပင်လယ်ရေတွေကိုလည်း ပျောက်ကွယ်သွားစေပါတယ်။ လီဖူချန်းက ဘယ်အရာနဲ့မှ မသက်ဆိုင်ဘဲ သီးသန့် ဖြစ်တည် နေသလိုပါပဲ။

လီဖူချန်းကတော့ သူဟာ ကောင်းကင်နဲ့ လူ ဆက်သွယ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်သွားလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထား ခဲ့ပါဘူး။ သူက သည်ပင်လယ်ရေအောက် ကြမ်းပြင်မှာ ရင်းမြစ်ပစ္စည်းတွေကို လာရှာရုံ သက်သက်ပါပဲ။ အခုတော့ သူဟာ မရွယ်ဘဲနဲ့ စော်ကဲမင်း ဖြစ်ပါပြီ။

လီဖူချန်းရဲ့ သေမျိုးကပ်ဘေး လက်သီးကလည်း ချောမွေ့စွာနဲ့ပဲ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်လာခဲ့ပါတယ်။ အဲသည်အတွက်ကိုလည်း သူ့အနေနဲ့ ဘာမှ ကြိုးကြိုးစားစား မလုပ်လိုက်ရပါဘူး။ သူက သည်အတိုင်း နေနေရင်းနဲ့ကို သူ့အလိုလို ဉာဏ်အလင်း ပွင့်လာပြီး ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့တာပါ။

အမှန်တော့ လီဖူချန်းဟာ သေမျိုးကပ်ဘေး လက်သီးကို တစ်ပတ်လုံးလုံး လေ့ကျင့်ခဲ့စဉ် ကတည်းက ပြီးပြည့်စုံခြင်း အဆင့်ရဲ့ လမ်းစပေါ်ကို ရောက်နေပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ နှလုံးသားထဲမှာက စိုးရိမ်ကြောင့်ကြမှုတွေ၊ အလိုမကျမှုတွေနဲ့ ဆန္ဒစောမှုတွေ ရှိနေခဲ့တဲ့အတွက် ပြီးပြည့်စုံခြင်း အဆင့်ကို မရောက်လာခဲ့တာပါ။

အခု ရေအောက်ကြမ်းပြင်ကို အရောက်မှာတော့ အခြေအနေနဲ့ အချိန်အခါ ကွက်တိကျသွားတဲ့ အတွက် ဘာမှ အားမစိုက်ထုတ်ရတော့ဘဲ ပြီးပြည့်စုံခြင်း အဆင့်ကို အလိုလို ရောက်သွားတာ ဖြစ်ပါတယ်။

***

All Chapters