သေမျိုးကပ်ဘေး လက်သီးရဲ့ ဒုတိယပိုင်း
Vol. 37 Ch. 500
သေမျိုးကပ်ဘေး လက်သီးရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့အတွေး တစ်ချက်နဲ့တင် ဆင်နဂါးစွမ်းအား အမြောက်အမြားကို သေမျိုးကပ်ဘေး စွမ်းအားအဖြစ် ပြောင်းလဲနိုင်တာကို ခံစားမိလိုက်ပါတယ်။
ကြည့်ရတာတော့ သေမျိုးကပ်ဘေး စွမ်းအားက စိတ်စွမ်းအင်နဲ့ သက်ဆိုင်နေပုံပါပဲ။ အဲသည်စိတ်စွမ်းအင်က သေမျိုးကပ်ဘေး စွမ်းအားကို မွေးဖွားလာစေပုံလည်း ရပါတယ်။
"သေမျိုးကပ်ဘေး လက်သီးရဲ့ ပြီးပြည့်စုံခြင်း အဆင့်က ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို စမ်းကြည့်ဦးမှ "
အတွေးဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက လက်သီးချက်တစ်ချက် ထုတ်လိုက်ပါတော့တယ်။ အနီရောင် အလင်းတန်းတစ်ခုက သူ့ရဲ့ လက်သီးကနေ ထွက်ပေါ်လာပြီး လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ပင်လယ်ရေတွေကို ခွဲထုတ်ပြီး နိတ္ထိဗလာနယ် ဖြစ်သွားအောင် လုပ်ဆောင် ပစ်လိုက်ပါပြီ။ အဲဒါက ဘူးတစ်လုံးကို အလုံပိတ်ပြီး ရေထဲ နှစ်ချလိုက်သလိုပါပဲ။
" မဆိုးဘူးဟ "
သေမျိုးကပ်ဘေး လက်သီး ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ပင်လယ်ကြမ်းပြင် အောက်မှာ ရင်းမြစ်ပစ္စည်းတွေ ရှာဖွေဖို့ကို စိတ်မပါတော့ပါဘူး။ အဲသည်အတွက် သူဟာ ကျွန်းနံပါတ် ၅ဆီကိုပဲ ပြန်လာခဲ့ပါတော့တယ်။
နောက်ထပ် ရက်တွေမှာ ဆိုရင်လည်း လီဖူချန်းက ဘာမှ လုပ်မနေတော့ဘဲ သေမျိုးကပ်ဘေး လက်သီးရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကိုသာ ပိုပိုပြီး နားလည်အောင် လေ့လာနေခဲ့ပါတယ်။
အခုဆိုရင် လီဖူချန်းရဲ့ သေမျိုးကပ်ဘေး စွမ်းအားဟာ မြေကမ္ဘာ အလယ်အလတ်အဆင့် လက်နက်ပစ္စည်းတွေ ကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ အထိ အားကောင်းလာခဲ့ပါပြီ။
မြေကမ္ဘာ အလယ်အလတ်အဆင့် လက်နက်ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ တောင်မှ မြေကမ္ဘာ အလယ်အလတ်အဆင့် လက်နက်ပစ္စည်းတွေကို ဖျက်ဆီးနိုင်ဖို့ အတွက်ဆိုရင် အတော်လေး ကြိုးစားရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သည်နေရာမှာ တစ်ခု သတိပြုရမှာကတော့ လီဖူချန်းက မြေကမ္ဘာ အလယ်အလတ်အဆင့် လက်နက်ပစ္စည်းကို ဖျက်ဆီးနိုင်တယ် ဆိုတာနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေထက် ပိုအစွမ်းထက်သွားတာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဆရာသခင်တွေ ထက်ပေါ့။
သည်ကမ္ဘာပေါ်မှာ ရှိနေတဲ့ အရာအားလုံးက တစ်စုံတစ်ခုကိုတော့ နိုင်နင်းကြတာပါပဲ။
သေမျိုးကပ်ဘေး စွမ်းအားကတော့ ရုပ်ဝတ္ထုတွေ နဲ့ ဒြပ်ဝတ္ထုတွေကို နိုင်နင်းပါတယ်။ အဲသည်အတွက် သေမျိုးကပ်ဘေးက ရုပ်ဝတ္ထုတွေ နဲ့ ဒြပ်ဝတ္ထုတွေကို ဖျက်ဆီးတဲ့ နေရာမှာ အထူးသက်ရောက်မှု ရှိလာခဲ့တာပါ။ ဒါက ရိုးရှင်း လွန်းလှပါတယ်။
အခုဆိုရင် လီဖူချန်းရဲ့ သေမျိုးကပ်ဘေးက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်နဲ့ သွေးထဲမှာ ရှိတဲ့ မသန့်စင်မှုတွေကို သန့်စင်ပေးရမှာလည်း ပိုပြီး သက်ရောက်မှု ရှိလာခဲ့ပါပြီ။ အဲဒါက ဆင်နဂါးစွမ်းအားတွေရဲ့ သန့်စင်ပေးမှုထက်ကို အများကြီး ပိုသက်ရောက်မှု ရှိပါတယ်။ သေမျိုးကပ်ဘေး စွမ်းအားရဲ့ သန့်စင်ပေးမှုက ဘယ်လောက်အထိ သက်ရောက်မှု ရှိသလဲဆိုတော့ လီဖူချန်း ကိုယ်တိုင်တောင်မှ သူ့ရဲ့ ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေ ဆက်တိုက် သန့်စင်ခံနေရတာကို ခံစားမိတဲ့ အထိပါပဲ။
သူက သေမျိုးစွမ်းအားတွေကို လည်ပတ်စေလိုက်တဲ့ အခါမှာဆိုရင် မသန့်စင်မှုတွေက ပိုလျော့ကျသွားပြီး ခန္ဓာကိုယ်ကို ပိုသွက်လက်ပေါ့ပါး လာစေပါသေးတယ်။
"သေမျိုးကပ်ဘေးက ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ထက်တောင်မှ ပိုပြီး နက်နဲဆန်းကြယ် နေပါရောလား "
လီဖူချန်းရဲ့ ယူဆချက်တွေကတော့ ပိုပြီး ခိုင်မာလာခဲ့ပါပြီ။ သည်သေမျိုးကပ်ဘေး လက်သီးက သေချာပေါက် ကောင်းကင်အဆင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာပါပဲ။ ဒါကြောင့်လည်း သေမျိုးကပ်ဘေး စွမ်းအားက မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ဖြစ်တဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်းထက် ပိုအစွမ်းထက်နေတာပါ။
ဒါတောင်မှ မပြီးပြည့်စုံတဲ့ တတိယ ကပ်ဘေး တစ်ခုပဲ ရှိပါသေးတယ်။ ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီး အပြည့်အစုံ ဆိုရင်တော့ ဘယ်အဆင့်အထိတောင် ရောက်နေမလဲ မသိပါဘူး။
ဘူ ... ဘူ ... ဘူ ...
ဦးချိုမှုတ်သံက ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒါက ပင်လယ်သားရဲတွေ နောက်ထပ်တစ်ကြိမ် ရောက်လာပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဝုန်း ... ဝုန်း ... ဝုန်း ...
ဝေါ ... ဝေါ ...
အစောပိုင်းက တည်ငြိမ်နေတဲ့ ပင်လယ်ရေပြင်ဟာလည်း လှိုင်းတံပိုး ထန်လာခဲ့ပါပြီ။
" ငါ့ရဲ့ ထောက်ပံရေး အမှတ်တွေ အမြန်လာကြစမ်း "
တခြားသူတွေတော့ ဘယ်လိုနေမယ် မသိပါဘူး။ လီဖူချန်းကတော့ ကမ်းခြေဘက်ကို ကပ်လာတဲ့ ပင်လယ်သားရဲ အုပ်ကြီးကို ကြည့်ပြီး အတော်လေး လက်ယားနေခဲ့ပါပြီ။
"သည်ကောင်တွေက လာကြပြန်ပြီလား။ ကောင်းတယ်ဟေ့ ... ငါက မူလပင်လယ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့အတွက် အဆုံးမသတ်တဲ့ တိုက်ပွဲ၊ ရဲစွမ်းသတ္တိနဲ့ စိတ်ပိုင်းဖြတ်နိုင်စွမ်းတွေ လိုနေတာ။ သည်စစ်ပွဲက ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံး နေရာပဲ"
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လေ့တုံးဟိုင်က အကာအကွယ် ဝင်္ကပါ အစီအရင်ထဲက ထွက်ပြီး လုံကျင်းသားရဲကြီးဆီကို ပျံသန်း သွားပါတော့တယ်။
ပြီးခဲ့တဲ့ တစ်ခေါက် တိုက်ပွဲမှာတော့ သူတို့နှစ်ယောက်ဟာ ဘယ်သူ့ကို ဘယ်သူကမှ အသာမရခဲ့ပါဘူး။ သူတို့က စွမ်းအားတွေ ကုန်သွားလို့သာ တိုက်ခိုက်တာကို နားလိုက်ကြတာပါ။ ဒါပေမဲ့ သည်တစ်ကြိမ် တိုက်ပွဲကတော့ သူတို့နှစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို စမ်းသပ်တဲ့ တိုက်ပွဲပါပဲ။ စိတ်စွမ်းအား ပိုခိုင်မာတဲ့လူက နောက်ဆုံးမှာ ကျန်နေခဲ့ပြီး ပြုံးနိုင်ပါလိမ့်မယ်။
"တိုက်ကြ"
သံမဏိမျှော်စင်ထိပ်မှာ ဆိုရင်လည်း ဟိတ်ဟန်အပြည့်နဲ့ ပုဂ္ဂိုလ်က ပြန်ပေါ်လာခဲ့ပါပြီ။ အဲသည်ပုဂ္ဂိုလ်ရဲ့ အသံကတော့ သက်တံနီ ဂိုဏ်းသားတွေအားလုံးကို စိတ်အားတက်ကြွ စေပါတယ်။
"သတ်"
ဟူး ... ဟူး ... ဟူး ...
လူတွေအားလုံးကတော့ ဝင်္ကပါ အစီအရင်ရဲ့ အပြင်ဘက်ကို တစ်ဟုန်ထိုး ပျံသန်း ထွက်ခွာ သွားကြပါပြီ။
သည်တစ်ကြိမ် ပင်လယ် သားရဲအုပ်ကြီး ထဲမှာတော့ အဆင့်၄ ပင်လယ်သားရဲတွေဟာ မပါသလောက်ပါပဲ။ ဒါကလည်း အဓိပ္ပာယ် ရှိပါတယ်။ အဆင့်၄ ပင်လယ်သားရဲတွေ ဆိုတာက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ နဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို ခြိမ်းခြောက်နိုင်စွမ်း မရှိပါဘူး။
အဆင့်၄ ပင်လယ်သားရဲတွေ မပါသလောက် ဖြစ်သွားပေမဲ့လည်း ပင်လယ်သားရဲ အုပ်ကြီးရဲ့ တိုက်စစ်ဆင်မှုဟာ အားနည်းသွားခြင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်၅ ပင်လယ်သားရဲတွေနဲ့ အဆင့်၆ ပင်လယ်သားရဲတွေကသာ သည်စစ်ပွဲရဲ့ အဓိက အင်အားစုတွေ ဖြစ်နေလို့ပါပဲ။
" ဟား … ဟား … ဟား ... ငါ့ရဲ့ အမှတ်တွေ လာကြစမ်း"
နေဝန်းစိမ်း ဓားဆန္ဒ ...
အဆိပ်နဂါး လက်သီး ...
မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ...
လီဖူချန်းကတော့ သိုင်းပညာ သုံးခုကို အလှည့်ကျ သုံးပြီး ပင်လယ်သားရဲတွေကို ပျော်ပျော်ကြီး သတ်ဖြတ်နေပါတယ်။ သူက သူရှိနေတဲ့ ပတ်ဝန်းကျင် တစ်ဝိုက်မှာတော့ တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ။ အဲသည်အတွက် သူ့ကို သတ်ဖြတ်ခြင်း စက်ယန္တရားလို့ နာမည်ပေးရင်တောင် မှားမယ် မထင်ပါဘူး။
"လူသား ... သည်တစ်ကြိမ်မှာကော မင်းဘယ်လို ထွက်ပြေးမလဲ ဆိုတာကို ငါကြည့်ဦးမယ် "
အသံနဲ့အတူ ပေတစ်သောင်း အရှည်ရှိတဲ့ လက်သည်းတစ်ချောင်း မြွေနဂါးဟာ လီဖူချန်းရဲ့ မြင်ကွင်းထဲကို ရောက်လာခဲ့ပါပြီ။
" ဟား ... ဟား ... သည်တစ်ကြိမ်တော့ သည်ကောင် ပြေးလို့ မရတော့ပါဘူးကွ "
ရေနီမျောက်ကလည်း လီဖူချန်းရဲ့ အနောက်မှာ ပေါ်လာခဲ့ပါတယ်။
" ဟမ့် ... ငါက ဘာဖြစ်လို့ ပြေးရမှာလဲ "
လီဖူချန်းက မထီတရီပုံနဲ့ တစ်ချက် ပြုံးလိုက်ပါတယ်။
သူ့ရဲ့ သေမျိုးကပ်ဘေး လက်သီး ပြီးပြည့်စုံခြင်း အဆင့် မရောက်ခင်ကတည်းက လီဖူချန်းဟာ သည်ပင်လယ်သားရဲ နှစ်ကောင်ကို တစ်ယောက်ချင်းမှာ အသာရနေခဲ့တာပါ။ အခုတော့ သူဟာ သေမျိုးကပ်ဘေး လက်သီးကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် ပြီးသွားခဲ့ပါပြီ။ အဲသည်အတွက် သူ့အနေနဲ့ ဘာအကြောင်းနဲ့မှ ထွက်ပြေးစရာ အကြောင်းမရှိပါဘူး။
" ဟုတ်လား ... ငါ့ကိုပါ ထည့်ထွက်ရင်ကော "
အသံနဲ့အတူ ပေထောင်ပိုင်း အနည်းငယ်လောက် မြင့်တဲ့ သားရဲတစ်ကောင်ဟာ ပင်လယ်ရေအောက်ထဲကနေ ထွက်ပေါ်လာခဲ့ ပြန်ပါပြီ။ အဲသည်သားရဲကတော့ အဆင့်၆ အလယ်အလတ်အဆင့် ညှို့ငင်ဆွဲယူ ဟိုင်းမာသားရဲပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက အဝါရောင် တောက်ပနေပြီး သူ့ရဲ့ ပါးစပ်ကတော့ ပြွန်တစ်ချောင်းနဲ့ တူနေပါတယ်။
(note - ဟိုင်းမာသားရဲ ဆိုတာက မြင်းဦးခေါင်းနဲ့ ငါးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သားရဲ ဖြစ်ပါတယ်။ )
" မင်းတို့ သုံးကောင်ဆို ပိုကောင်းတာပေါ့ "
လီဖူချန်းကတော့ မထီတရီ ပြုံးနေဆဲပါပဲ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်း ကိုယ်တိုင်ကလည်း သေမျိုးကပ်ဘေး လက်သီးရဲ့ ပြီးပြည့်စုံခြင်း အဆင့်ဟာ ဘယ်လောက်အထိ အစွမ်းထက်မယ် ဆိုတာကို သေသေချာချာ မသိပါဘူး။ သူက ဟန်ကိုယ်ဖို့ ဆိုသလို ပြောလိုက်တာ ဖြစ်ပါတယ်။ သူက စိတ်ထဲမှာတော့ အခြေအနေ မဟန်ရင် ပြေးဖို့ စဉ်းစားထားခဲ့ ပြီးပါပြီ။
" ညှို့ငင်ဆွဲယူ လှိုင်း "
သူတို့လေးယောက်ရဲ့ တိုက်ပွဲကို ပထမဆုံး စလိုက်သူကတော့ ဟိုင်းမာသားရဲပါပဲ။ သူက ပြွန်ပုံသဏ္ဌာန် ပါးစပ်ကို အသုံးပြုပြီး အလင်းလှိုင်းတွေကို ပစ်လွှတ်လိုက်တာပါ။ အဲသည် အလင်းလှိုင်းတွေက လမ်းတစ်ဝက်မှာ ဖြာထွက်သွားပြီး လီဖူချန်းကို အုပ်မိုးသွားခဲ့ပါတယ်။ လီဖူချန်း အတွက်ကတော့ ရှောင်ဖို့တိမ်းဖို့ အတော်လေးခက်မယ့် အနေအထားပါပဲ။
" နဂါး အသွင်ပြောင်း
" ရေနီ နတ်ဘုရားမိုးကြိုး "
လက်သည်းတစ်ချောင်း မြွေနဂါးနဲ့ ရေနီမျောက်တို့ကလည်း အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူတို့က သူတို့ရဲ့ မွေးရာပါ စွမ်းရည်တွေကို ထုတ်ပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ကြပါတယ်။
သူတို့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ သည်တစ်ခေါက်မှာ လုံးဝ သေပါပြီ။
ဟိုင်းမာသားရဲရဲ့ ညှို့ငင်ဆွဲယူလှိုင်းက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ကိုတောင်မှ ခေတ္တခဏ အသိစိတ် ကင်းလွတ်သွားစေ နိုင်ပါတယ်။ အဲသည် အသိစိတ် ကင်းလွတ်တာက ခေတ္တခဏလေးပဲ ဖြစ်ပေမဲ့လည်း လီဖူချန်းကို သတ်ဖို့အတွက်တော့ လုံလောက်ပါသေးတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာကတော့ သူတို့ သတ်ဖြတ်ဖို့ ကြိုးစားတဲ့လူက လီဖူချန်း ဖြစ်နေတာပါပဲ။
တခြားအရာတွေမှာ ဆိုရင်တော့ လီဖူချန်းက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေထက် အားနည်းကောင်း အားနည်းပါလိမ့်မယ်။
ဒါပေမဲ့ အသိစိတ်အာရုံ အပိုင်းနဲ့ ပတ်သက်ရင်တော့ လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို ဘယ်လိုမှ မရှုံးနိမ့်နိုင်ပါဘူး။
မူလပင်လယ် နယ်ပယ်က ဘုရင်တွေကသာ သူ့ရဲ့ အသိစိတ်အာရုံနဲ့ ယှဉ်နိုင်တာပါ။
အဲသည်အတွက် ဟိုင်းမာသားရဲရဲ့ ဆွဲငင်ညှို့ယူလှိုင်းက လီဖူချန်းအပေါ်မှာ သက်ရောက်မှု မရှိပါဘူး။
" သွားစမ်း "
လီဖူချန်းက သေမျိုးကပ်ဘေး စွမ်းအားတွေကို လှည့်ပတ်လိုက်ပြီး လက်သီးချက်တစ်ချက် ထုတ်လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူက သူ့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ရေနီမျောက်ရဲ့ ရေနီနတ်ဘုရား မိုးကြိုးကို ခံဆောင် လိုက်ပါသေးတယ်။
ဘန်း ...
ပေါက်ကွဲသံ တစ်ခုနဲ့အတူ သွေးမှုန်တွေ ဖြာထွက်လာပြီးတဲ့ နောက်မှာတော့ လက်သည်းတစ်ချောင်း မြွေနဂါးရဲ့ လက်သည်းဟာ သေမျိုးကပ်ဘေး စွမ်းအားကြောင့် ပျက်စီးသွားခဲ့ပါပြီ။
မိစ္ဆာသားရဲချီ ရှိနေတာကလည်း လီဖူချန်းအတွက် ကံကောင်းသွားတာပါပဲ။ မဟုတ်လို့ကတော့ သူ့ရဲ့ သေမျိုးကပ်ဘေး စွမ်းအားဟာ လက်သည်းတစ်ချောင်း မြွေနဂါးရဲ့ လက်သည်းကနေပြီး ခန္ဓာကိုယ်ထဲကို စီးဝင်သွားနိုင်မှာ မဟုတ်ပါဘူး။
" အား ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ "
လက်သည်းတစ်ချောင်း မြွေနဂါးက သူ့အဖြစ်ကိုသူတောင် မယုံနိုင်တော့သလိုပါပဲ။
သူ့ရဲ့ လက်သည်းဆိုတာက သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ အမာကျောဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ လက်သည်းဟာ ထိခိုက်ပျက်စီး သွားခဲ့ပါပြီ။ သူ့ရဲ့လက်သည်း နဂိုအတိုင်း ပြန်ကောင်းလာဖို့ ဆိုရင်တော့ သူ့အနေနဲ့ ဆယ်စုနှစ်အချို့ စောင့်ရပါဦးမယ်။ မိစ္ဆာသားရဲဘုရင်က ဒဏ်ရာသက်သာ ပျောက်ကင်းစေနိုင်တဲ့ ရတနာကို မငှားပေးမချင်း သူ့ရဲ့ ဒဏ်ရာ သက်သာနှုန်းဟာ အဲသည်ထက် မြန်လာစရာ အကြောင်းမရှိပါဘူး။
ဖုန်း ...
အခြားတစ်ဖက်မှာတော့ ရေနီမျောက်ရဲ့ ရေနီ နတ်ဘုရား မိုးကြိုးကလည်း လီဖူချန်းကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပါဘူး။ သေမျိုးကပ်ဘေး စွမ်းအားရဲ့ အကာအကွယ် ပေးမှုကြောင့် ရေနီ နတ်ဘုရားမိုးကြိုးဟာ လီဖူချန်းရဲ့ ချီ နဲ့ သွေးကို ကစဉ့်ကလျား ဖြစ်စေရုံလောက်သာ တတ်နိုင်ခဲ့ပါတယ်။
" မကောင်းတော့ဘူး။ သည်ကောင်က ဘယ်လိုလုပ်ပြီး သည်လောက်အထိ အစွမ်းထက်လာတာလဲ"
ရေနီမျောက်က တုန်လှုပ်ချောက်ချား သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက လီဖူချန်းဟာ သူ့ရဲ့ နတ်ဘုရား စွမ်းရည်ကို ထုတ်သုံးခဲ့တာတောင်မှ သူတို့ တစ်ယောက်ချင်းစီကို ဖိနှိပ်နိုင်ရုံပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ အခုတော့ လီဖူချန်းဟာ သူတို့ကို သတ်ဖို့ အစွမ်းတွေ ရှိနေခဲ့ပါပြီ။
" ငါ့ရဲ့ ဆွဲငင်ညှို့ယူလှိုင်းက သူ့အပေါ်မှာ သက်ရောက်မှု မရှိဘူးလား "
ဟိုင်းမာသားရဲကလည်း အံ့သြနေတာပါပဲ။
သူ့ရဲ့ ဆွဲငင်ညှို့ယူလှိုင်းဟာ သူ့ရဲ့ ဝှက်ဖဲ ဆိုရင်လည်း မမှားပါဘူး။ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဆရာသခင်တွေတောင်မှ သတိမမူမိရင် သူ့ရဲ့ ညှို့ယူမှုကို ခံရပြီး သတိလက်လွတ် ဖြစ်သွားနိုငိပါတယ်။
"သေစမ်း"
လီဖူချန်းက လက်သည်းတစ်ချောင်း မြွေနဂါးကို လုံးဝ အလွတ်မပေးပါဘူး။ သူက လက်သည်းတစ်ချောင်း မြွေနဂါး လွင့်ထွက်သွားတဲ့ဘက်ကို လိုက်ပါသွားပြီး လက်သီးနဲ့ မြွေနဂါးရဲ့ ဦးခေါင်းကို ထိုးပစ်လိုက်ပါတယ်။
ဘန်း ...
လက်သည်းတစ်ချောင်း မြွေနဂါးရဲ့ ဦးခေါင်းကတော့ ပေါက်ကွဲထွက်သွား ခဲ့ပါပြီ။ မိစ္ဆာသားရဲ ဝိညာဉ်တောင်မှ လီဖူချန်းရဲ့ သေမျိုးကပ်ဘေး စွမ်းအားကနေပြီး မလွတ်ပါဘူး။ ဒါက လုံးဝ အပြတ် သတ်ပစ်လိုက်တာပါပဲ။
" ပြေးမှ "
အခြေအနေ မဟန်တာကို ရိပ်မိသွားတဲ့ ဟိုင်းမာသားရဲနဲ့ ရေနီမျောက်တို့ကတော့ နောက်ကြောင်းကို တစ်ချိုးတည်း လှည့်ပြေးပါတော့တယ်။
ရေနီမျောက်ရဲ့ အစွမ်းက လက်သည်းတစ်ချောင်း မြွေနဂါးနဲ့ သိပ်မကွာလှပါဘူး။ လီဖူချန်းက လက်သည်းတစ်ချောင်း မြွေနဂါးကို သတ်နိုင်မှတော့ သူ့ကိုလည်း သတ်နိုင်မှာပါပဲ။
မားဟိုင်သားရဲကတော့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမှာသာ အစွမ်းထက်တာပါ။ လီဖူချန်းက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ဂရုမစိုက်မှတော့ သူ့အနေနဲ့ လုပ်နိုင်တာ ဘာမှ မရှိတော့ပါဘူး။ သူ့အတွက်ကတော့ သည်နေရာမှာ ဆက်ရှိနေတာက သူ့သေတွင်း သူ တူးနေသလိုပါပဲ။
" ဟား ... ဟား ... နေပါဦးကွ "
လီဖူချန်းက သားရဲဗိုလ်ချုပ် နှစ်ပါးနောက်ကို တဟားဟား ရယ်မောပြီး လိုက်ပါတော့တယ်။ ဒါပေမဲ့ သူက ပြေးသွားတဲ့ သူတွေကို လိုက်မမီခဲ့ပါဘူး။ အလျင်ဆိုတာ လီဖူချန်းရဲ့ အားနည်းချက်ပါပဲ။ အဲဒါကိုတော့ သူ့အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး။
" ငါ့ရဲ့ လက်ရှိအစွမ်းက သာမန် အဆင့်၆ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတွေကိုတောင် သတ်လို့ ရနေပြီပဲ "
သည်တိုက်ပွဲ အပြီးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ အစွမ်းကို ကောင်းကောင်းကြီး ခန့်မှန်းလိုက်နိုင်ပါပြီ။
အစွမ်းချင်း ယှဉ်မယ် ဆိုရင်တော့ ရေနီမျောက်နဲ့ မားရှန်သားရဲတို့က အစွမ်းထက် သွေးမျိုးဆက်ကို ဆက်ခံထားခြင်း မရှိတဲ့အတွက် သာမန် အဆင့်၆ အလယ်အလတ်အဆင့် ပင်လယ်သားရဲလို့ပဲ သတ်မှတ်ရပါမယ်။ လက်သည်းတစ်ချောင်း မြွေနဂါးကတော့ ရေနဂါး သွေးမျိုးဆက်ကို ဆက်ခံထား ပေမဲ့လည်း အဆင့်၆ အဆင့်နိမ့် သားရဲသာ ဖြစ်နေပါသေးတယ်။ တကယ်လို့သာ လက်သည်းတစ်ချောင်း မြွေနဂါးက အဆင့်၆ အလယ်အလတ် အဆင့်မှာ ရှိနေမယ်ဆိုရင် လီဖူချန်းက သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
သေမျိုးကပ်ဘေး လက်သီးရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီဖြစ်တဲ့ လီဖူချန်းဟာ အဆင့်၆ အဆင့်မြင့် ပင်လယ်သားရဲတွေ မပေါ်လာမချင်း ကတော့ တွေ့သမျှ ပင်လယ်သားရဲတွေကို သတ်ပစ်တော့မှာ ဖြစ်ပါတယ်။
တကယ်လို့ အဆင့်၆ အဆင့်မြင့် ပင်လယ်သားရဲတွေ မဟုတ်ဘဲ အစွမ်းထက် မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတဲ့ အဆင့်၆ အလယ်အလတ်အဆင့် ပင်လယ်သားရဲတွေနဲ့ တွေ့ရင်လည်း လီဖူချန်းက သိပ်ပြီး ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်းနံပါတ်၅ ပေါ်ကို တက်ပြေးနိုင်စွမ်း ရှိနေသေးလို့ပါပဲ။
သည်တစ်ခေါက် တိုက်ပွဲကလည်း တစ်ရက်နဲ့ တစ်ညတိတိ ကြာမြင့်ခဲ့ပြန်ပါတယ်။
လီဖူချန်းရဲ့ ထောက်ပံ့ရေး ရမှတ်ကတော့ ၂၄၀၀၀ ကနေ ၄၃၀၀၀ အထိကို တိုးမြှင့်သွားခဲ့ပါပြီ။ သည်တစ်ခေါက် ရမှတ်ကတော့ ပထမတစ်ခေါက်ကထက် နည်းနည်းလေးတော့ နည်းနေတယ်လို့ ဆိုရပါမယ်။
" တောက် ... အဲသည်ကောင်တွေကိုသာ အသေသတ် နိုင်ခဲ့ရင်တော့ကွာ
သည်တစ်ခေါက် စစ်ပွဲမှာ အဆင့်၄ ပင်လယ်သားရဲတွေ သိပ်မပါတာ့တာက လီဖူချန်းရဲ့ ထောက်ပံ့ရေး ရမှတ်တွေ လျော့နည်းသွားခြင်းရဲ့ အဓိက အကြောင်းအရင်း ပါပဲ။ သည်ကြားထဲမှာမှ လီဖူချန်းက အဆင့်၆ ပင်လယ်သားရဲ အချို့ကို လွှတ်ပေးလိုက် မိပါသေးတယ်။ ဥပမာအားဖြင့် ပြရမယ် ဆိုရင်တော့ ရေနီမျောက် နဲ့ ဟိုင်းမာသားရဲတို့ပေါ့။ ထောက်ပံ့ရေး ရမှတ်တွေဆိုတာက ပင်လယ်သားရဲတွကို သတ်နိုင်မှပဲ ရတာပါ ။ အဲသည်အတွက် လီဖူချန်းအနေနဲ့ သူ့လက်ထဲက ထွက်ပြေးသွားတဲ့ ပင်လယ်သားရဲတွေ အကြောင်းကို စဉ်းစားနေရင်းနဲ့ တောက်ခေါက်နေရုံသာ တတ်နိုင်ပါတယ်။
***
"ထောက်ပံ့ရေးရမှတ် ၄၃၀၀၀ ဆိုတော့ သေမျိုးကပ်ဘေးရဲ့ ဒုတိယပိုင်းကို ရယူဖို့အတွက် လုံလောက်ပြီပဲ "
ထောက်ပံ့ရေးရမှတ်တွေ ရတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက အချိန်ဆွဲမနေတော့ဘဲ သက်တံနီဂိုဏ်းကို တန်းပြီး ပြန်ပါတော့တယ်။
"အကြီးအကဲ ခင်ဗျား ... ကျွန်တော်က သေမျိုးကပ်ဘေးရဲ့ ဒုတိယပိုင်းကို လိုချင်ပါတယ်"
လျှို့ဝှက်ကျမ်းစာဆောင်ကို အရောက်မှာတော့ လီဖူချန်းက ဒုတိယထပ်ကိုတောင် မတက်တော့ပါဘူး။ သူက အပေါက်ဝမှာ ရှိနေတဲ့ လျှို့ဝှက်ကျမ်းစာဆောင် အကြီးအကဲကိုပဲ သူလိုချင်တာ ပြောလိုက်ပါတော့တယ်။
"သေမျိုးကပ်ဘေး ဒုတိယပိုင်းဆိုရင် ထောက်ပံ့ရေး ရမှတ် ၁၅၀၀၀၀ လိုမယ်"
လျှို့ဝှက်ကျမ်းစာစောင် အကြီးအကဲက လီဖူချန်းရဲ့ အပြုအမူကို အပြစ်မမြင်ပါဘူး။ သူက ကျသင့်တဲ့ တန်ဖိုးကိုသာ ရွတ်ပြလိုက်ပါတယ်။
" သည်မှာပါ အကြီးအကဲ "
လီဖူချန်းက သိုလှောင်အိတ်ထဲက နေပြီး ထောက်ပံ့ရေးဒင်္ဂါး ၁၅၀၀၀၀ ကို ထုတ်ယူကာ ပေးလိုက်ပါတယ်။
သေမျိုးကပ်ဘေးရဲ့ ဒုတိယပိုင်းကို ရယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ လုံးဝ အနားမယူဘဲ ကျွန်းနံပါတ်၅ကို ပြန်သွားခဲ့ပြန်ပါပြီ။
- ကျွန်းနံပါတ်၅ ရဲ့ အတွင်းပိုင်း တစ်နေရာ -
တောင်ပူစာလေး တစ်ခုပေါ်မှာတော့ လီဖူချန်း တစ်ယောက် ကျမ်းစာအုပ် တစ်အုပ်နဲ့ အလုပ်များနေပါတယ်။ သူက သေမျိုးကပ်ဘေး ဒုတိယပိုင်းမှာပါတဲ့ စာမျက်နှာ တစ်မျက်နှာချင်းစီကို သေသေချာချာ ဖတ်ရှုနေတာပါ။
"သေမျိုးတွေက စိတ်နှလုံးကိုပဲ လေ့ကျင့်သင့်တယ်။ အဲဒါက ကပ်ဘေးစွမ်းအားကို အလိုအလျောက် ဖြစ်တည် လာစေလိမ့်မယ် "
ဒုတိယပိုင်းရဲ့ အညွှန်းမှာကလည်း စာသား တစ်ကြောင်းပဲ ပါရှိပြီး အဲဒါက ပထမပိုင်း မှာပါရှိတဲ့ 'ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးရဲ့ ကပ်ဘေးကို တုံ့ပြန်ဖို့အတွက် သေမျိုးတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို စတေးရမယ်' ဆိုတာနဲ့ ဆက်စပ်မှု ရှိနေပါတယ်။
"သေမျိုးတွေက စိတ်နှလုံးကိုပဲ လေ့ကျင့်သင့်တယ် ဟုတ်လား။ ကြည့်ရတာတော့ ကပ်ဘေးကိုးပါး နတ်ဘုရားလက်သီးက စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုပဲ အသားပေးပုံ ရတယ်။ ကျန်တာက ကျွမ်းကျင်အောင် လုပ်ဖို့ပဲ"
သေမျိုးကပ်ဘေးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို ပေါင်းစပ်လေ့ကျင့် အပြီးမှာတော့ လီဖူချန်းက ညစ်ထေးတဲ့ အငွေ့အသက်တွေ ပါဝင်နေတဲ့ လေပူ တစ်ချက်ကို မှုတ်ထုတ်ပစ်လိုက်ပါတယ်။
သူက အချိန် အတိုင်းအတာ တစ်ခုအကြာမှာတော့ နောက်ထပ် ညစ်ထေးတဲ့ လေပူတစ်ချက်ကို မှုတ်ထုတ်လာပြန်ပါတယ်။ သည်လေပူတွေကတော့ သူ့ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ကပ်ငြိနေတဲ့ မသန့်စင်မှုတွေပါပဲ။
တတိယမြောက် တိုက်ပွဲကတော့ လီဖူချန်း ထင်ထားတာထက် ပိုစောစီးစွာ ဖြစ်လာခဲ့ပြီး အရင်တိုက်ပွဲတွေထက် ပိုကြမ်းတမ်းပါတယ်။ သည်တစ်ကြိမ် ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်မှုဟာ စည်းစနစ်ကျလှပြီး မမြင်ရတဲ့ လက်တစ်စုံက တိုက်ပွဲကို ထိန်းချုပ် ထားသလိုပါပဲ။
တကယ်လို့သာ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်ကို အတိုင်းအဆမရှိ ထိုးတက် ပျံသန်းသွားခဲ့မယ် ဆိုရင်တော့ ကင်းစခန်းတွေ ဖြစ်တဲ့ ကျွန်း၈ကျွန်းလုံးကို သွေးရောင် ပင်လယ်တစ်ခုက ဝန်းရံထားတာကို သေချာပေါက် တွေ့မြင်ရမှာပါ ။ အဲသည်သွေးရောင် ပင်လယ်ရဲ့ အတွင်းပိုင်းမှာတော့ ဝင်္ကပါ စွမ်းအင်လှိုင်းတွေ ဖြာထွက်နေပါတယ်။
သက်တံနီဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတစ်ယောက်က အဲသည် သွေးပင်လယ်ထဲကနေ ဖြာထွက်နေတဲ့ ဝင်္ကပါ စွမ်းအင်လှိုင်းတွေကို အာရုံခံလိုက် မိတဲ့အတွက် ကျွန်း၈ကျွန်းစလုံးကို တပ်လှန့်လိုက်ပါတယ်။
"ဘယ်လိုလုပ် သည်နေရာမှာ ဝင်္ကပါ အစီအရင်တစ်ခု ဖြစ်လာတာလဲ။ ဒါမှမဟုတ် သည်ဝင်္ကပါက အစကတည်းက ရှိနေပြီး သွေးတွေ နဲ့ မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေကြောင့် အသက်ဝင်လာတာလား "
အတွင်းစည်း အကြီးအကဲ တစ်ယောက်ကတော့ သက်တံနီဂိုဏ်းကို သတင်းပို့ဖို့ အတွက် ပြန်သွားခဲ့ပါပြီ။
***