← Chapters

အဆင့်၈ ဝင်္ကပါ အစီအရင်

Vol. 37 Ch. 501

အဆင့်၈ ဝင်္ကပါ အစီအရင်

Vol. 37 Ch. 501

ခရက် ... ခရက် ...

ကျွန်းနံပါတ် အမှတ်၅မှာ ရှိတဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ရဲ့ နံရံဟာ အက်ကွဲလာခဲ့ပါပြီ။

ဝေါ ... ဝေါ ... ဝေါ ...

တော်လဲသံ တစ်ခုနဲ့အတူ ကျွန်းတစ်ခုလုံးဟာလည်း ပြင်းထန်စွာ တုန်ခါလာခဲ့ပါတယ်။  ကျွန်းရဲ့ မြေပြင်တွေမှာ ဆိုရင်လည်း အက်ကွဲရာတွေ အပြည့်ပါပဲ။  တချို့ အက်ကွဲရာတွေ ဆိုရင် မိုင်တစ်ရာလောက်ကို ရှည်နေပါသေးတယ်။

သည်လို အဖြစ်မျိုးနဲ့ ကြုံရတာက ကျွန်းနံပါတ်၅ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ကျန်တဲ့ ကင်းစခန်းကျွန်းတွေဟာလည်း တူညီတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရတာပါပဲ။

" မကောင်းတော့ဘူး"

သံမဏိမျှော်စင်ပေါ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကတော့ လေးနက် တည်ကြည် သွားခဲ့ပါပြီ။

ကင်းစခန်း ကျွန်းတွေဟာ အဆင့်၇ ဝင်္ကပါ အစီအရင်တွေနဲ့ ကာကွယ်ထားတာ ဖြစ်ပါတယ်။ လူသားဘုရင်တွေ ဒါမှမဟုတ် မိစ္ဆာသားရဲ ဘုရင်တွေရဲ့ လက်ချက်ကြောင့် မဟုတ်ရင် ဝင်္ကပါဟာ ဘယ်လိုမှ ပျက်စီးစရာ အကြောင်း မရှိပါဘူး။

တကယ်လို့ ဘုရင်တစ်ပါး ဖြစ်နေခဲ့ရင်တောင်မှ ဝင်္ကပါကို တစ်ချက် ဒါမှမဟုတ် နှစ်ချက်လောက်နဲ့ ဖျက်ဆီးဖို့ မဖြစ်နိုင်ပါဘူး။ အဆင့်မြင့် ဘုရင်တစ်ပါးမှသာ သည်ဝင်္ကပါကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တာပါ။

အဲသည်အတွက် အခု သည်ဝင်္ကပါကို ဖျက်ဆီးနေတဲ့ စွမ်းအားက မိစ္ဆာသားရဲ ဘုရင်တစ်ပါးဆီက လာတာ မဟုတ်ဘူးဆိုတာ အသိသာကြီးပါပဲ။ အဲသည်အရာက ကျွန်းပေါ်မှာ စီရင်ထားတဲ့ ဝင်္ကပါထက် ပိုအဆင့်မြင့်တဲ့ ဝင်္ကပါ တစ်ခုကနေ လာတဲ့ စွမ်းအင်လှိုင်းပဲ ဖြစ်ရပါမယ်။ အဲဒါကြောင့်မို့သာပဲ ဝင်္ကပါရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီး စေတာပါ။

ဝင်္ကပါ စွမ်းအင်လှိုင်းတွေက အဆင့်၇ ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးနိုင်မှတော့ အဲဒါက အနိမ့်ဆုံး အဆင့်၈ ဝင်္ကပါ ပါပဲ။ အဲဒါကိုတော့ ရူးနေတဲ့ လူတောင်မှ သိနိုင်ပါတယ်။

ပြီးတော့ အဆင့်၈ ဝင်္ကပါ အစီအရင်တွေမှသာ မိုင်သိန်းနဲ့ချီတဲ့ ပင်လယ်ရေ မျက်နှာပြင်ကို လွှမ်းခြုံနိုင်မှာပါ။ အဆင့်၇ ဝင်္ကပါ အစီအရင်တွေကတော့ အလွန်ဆုံးမှ မိုင် တစ်သောင်း ပတ်ချာလည်ကိုသာ    လွှမ်းခြုံနိုင်တဲ့အတွက် မဖြစ်နိုင်ပါဘူး။

သူက အနီရောင် ရေနဂါးဘုရင်ဟာ အဆင့်၈ ဝင်္ကပါ အစီအရင်ကို ခင်းကျင်းနိုင်မယ်လို့တော့ လုံးဝ မယုံကြည်ပါဘူး။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေနဲ့ ဝင်္ကပါ အထူးပြုတဲ့ မူလပင်လယ်နယ်ပယ် ဘုရင် အချို့ကသာ အဆင့်၈ ဝင်္ကပါ အစီအရင်ကို ခင်းကျင်းနိုင်တာပါ။

တကယ်လို့သာ အနီရောင် ရေနဂါးဘုရင်က အဆင့်၈ ဝင်္ကပါကို ခင်းကျင်းနိုင်တယ်ဆိုရင် သက်တံနီဂိုဏ်းဟာ အစောကြီးကတည်းက  ပျက်စီးနေလောက်ပါပြီ။

ပြီးတော့ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေဟာ ဝင်္ကတွေရဲ့ အကြောင်းကို တစိုးတစိမှ မသိကြပါဘူး။ တစ်စုံတစ်ယောက်က အနီရောင် ရေနဂါးဘုရင် အဆင့်၈ ကို ချိုးဖောက် ဝင်ရောက်သွားပြီး မိစ္ဆာသားရဲ ဧကရာဇ် ဖြစ်သွားပြီလို့ ပြောလာရင်တောင်မှ သူယုံချင် ယုံပါဦးမယ်။

"တည်ငြိမ်စမ်း "

သံမဏိမျှော်စင်ပေါ်က ပုဂ္ဂိုလ်က သူ့ရဲ့ ညာလက်ကို ဖိလိုက်ပြီး အော်လိုက်ပါတယ်။

ရွီး ...

ချွမ် ... ချွမ် ... ချွမ် ...

အားကောင်းလှတဲ့ စွမ်းအားတစ်ခုက ကျွန်းနံပါတ်၅နဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို တည်ငြိမ် သွားစေခဲ့ပါပြီ။

ကင်းစခန်းကျွန်းတွေမှာ ရှိတဲ့ အတွင်းစည်း အကြီးအကဲတွေ အားလုံးဟာ မူလပင်လယ်နယ်ပယ် အဆင့်၃ရဲ့ အထက်မှာ ရှိနေကြတဲ့ ဘုရင်တွေပါပဲ။ သူတို့တွေက ကင်းစခန်းကျွန်းတွေပေါ်မှာ အလကား ရောက်နေတာ မဟုတ်ပါဘူး။ ဂိုဏ်းတော်က သူတို့ကို အရေးပေါ် အခြေအနေတွေမှာ ကိုင်တွယ်စီမံဖို့ စေလွှတ်ထားတာ ဖြစ်ပါတယ်။

ကျွန်းနံပါတ်၅မှာ ရှိနေတဲ့ အတွင်းစည်း အကြီးအကဲကတော့ မူလပင်လယ်နယ်ပယ် အဆင့်၄က ဘုရင်တစ်ပါးဖြစ်ပြီး သူက သည်အခြေအနေကို ဘယ်လောက်အထိ တောင့်ခံထားပေးနိုင် မသိပါဘူး။

" လူတွေအားလုံး ကျွန်းပေါ်ကို ပြန်လာကြ "

အတွင်းစည်း အကြီးအကဲရဲ့ အသံက မိုင်တစ်ထောင်ကျော်ကို ပျံ့နှံ့သွားခဲ့ပါပြီ။

" အမြန် ပြန်ကြဟေ့။ ကြည့်ရတာ ပြဿနာကြီး တစ်ခုနဲ့ ကြုံနေရပြီ ထင်တယ်"

" မင်း အရင်ပြန်လိုက်။ ငါ မင်းကို လမ်း ဖွင့်ပေးထားမယ် "

အမိန့်သံကို ကြားလိုက်ရတဲ့ သက်တံနီဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ တပည့်တွေဟာ ကျွန်းနံပါတ်၅ကို အမြန် ပြန်ကြပါတော့တယ်။

ဒါပေမဲ့လည်း တချို့တွေကတော့ ကျွန်းပေါ်ကို ချက်ချင်း မပြန်နိုင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်သားရဲတွေက သူတို့ကို တားဆီးထားလို့ပါပဲ။

" မြန်မြန် "

ကျွန်းနံပါတ်၅ပေါ်မှာ ရှိနေတဲ့  အတွင်းစည်း အကြီးအကဲက မီးခိုးရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ဆံပင်တွေကတော့ ဖွာလန်ကြဲနေ ခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ နဖူးပေါ်မှာလည်း ချွေးစေးတွေ အပြည့်ပါပဲ။

သည်အဆင့်၇ ဝင်္ကပါ အစီအရင်ကို တည်ငြိမ်အောင် ထိန်းထားရတာက သူထင်တာထက် ပိုခက်ခဲပါတယ်။

အဲဒါကို ပေါက်ကွဲခါနီး ဖြစ်နေတဲ့ မီးတောင်တစ်လုံးကို ဖိနှိပ်ထားရ သလိုပါပဲ။ ဖိနှိပ်ထားတာ အချိန်ကြာလာလေလေ ပေါက်ကွဲ တွန်းကန်အားက ပိုအားကောင်းလာလေလေ ဖြစ်နေတာပါ။

" ပထမ ရောက်တဲ့အသုတ် ဂိုဏ်းတော်ကို အမြန် တည်နေရာ ရွှေ့ပြောင်းကြ "

မီးခိုးရောင်ဆံပင်နဲ့ လူကြီးက ရေးကြီးသုတ်ပျာ အသံနဲ့ အော်ပြောလာခဲ့ပါတယ်။ ကြည့်ရတာတော့ သူက ဝင်္ကပါ အစီအရင်ကို တည်ငြိမ်အောင် မနည်း ကြိုးစားနေရတဲ့ ပုံပါပဲ။

"သွားကြမယ်ဟေ့ "

ချွမ် ...

ကျွန်းပေါ်ကို ပထမဆုံး ရောက်လာတဲ့ လူတစ်ရာလောက်ဟာ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ကို အသက်သွင်းပြီး ကျွန်းပေါ်ကနေ ထွက်ခွာသွားခဲ့ပါပြီ။

လီဖူချန်းကတော့ ကံမကောင်းလှပါဘူး။ သူက အခုမှ ကျွန်းပေါ်ကို ပြန်တဲ့ အပြန်လမ်းမှာပဲ ရှိနေပါသေးတယ်။

သူက သွေးနီရောင် ပင်လယ်ကို ပထမဆုံး သတိပြုမိလိုက်တဲ့ သူပါ။

ဒါပေမဲ့ အဲသည်အချိန်မှာက သူဟာ အဆင့်၆ အလယ်အလတ်အဆင့် ပင်လယ်သားရဲ လေးကောင်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရပါပြီ။ ပိုဆိုးတာက အဲသည်ထဲက တစ်ကောင်ဟာ အစွမ်းထက် မျိုးဆက်သွေးကို ဆက်ခံထားတာပါပဲ။ အဲသည်အတွက် သူက အမိန့်သံကို ကြားရပေမဲ့လည်း အချိန်မီ မဆုတ်ခွာနိုင် တော့ပါဘူး။

အခုတောင်မှ သူက ဒဏ်ရာအရခံပြီး အဆင့်၆ အလယ်အလတ်အဆင့် ပင်လယ်သားရဲ လေးကောင်ရဲ့ ဝိုင်းဝန်း တိုက်ခိုက်မှုကို ဖောက်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ဒုတိယ အသုတ်ဟာလည်း တည်နေရာ ရွှေ့ပြောင်းပြီး ကျွန်းနံပါတ်၅ပေါ်ကနေ ထွက်ခွာသွားခဲ့ကြပါပြီ။

ဒုတိယ အသုတ်ကတော့ လူ၉၀၀ နီးပါး ပါတဲ့အတွက် ပထမအသုတ်ထက် အရေအတွက် ပိုများတယ်လို့ ဆိုရပါမယ်။

လူဆယ်ဂဏန်း အချို့ကတော့ အခုထိ ကျွန်းပေါ်ကို ပြန်မလာနိုင်သေးပါဘူး။ လီဖူချန်းကလည်း ပြန်မလာနိုင်သေးတဲ့ အဲသည်လူဆယ်ဂဏန်း ထဲမှာပါပဲ။

" ဝေါ့ ...  မရတော့ဘူး။ ဒါ ငါတတ်နိုင်တာ အကုန်ပဲ "

ဆံပင်အညိုနဲ့ လူကြီးက သွေးတစ်လုတ် အန်လိုက်ပြီး ကောင်းကင်ပေါ်ကို ထိုးတက်သွားပါတော့တယ်။

ဝုန်း ...

သူထိုးတက်သွားပြီး မကြာခင်မှာပဲ ကျွန်းနံပါတ်၅ဟာ စတင် ပျက်စီးလာခဲ့ပါပြီ။

" မလုပ်ပါနဲ့ "

ကျွန်းပေါ်ကို အချိန်မီ ပြန်ရောက် လာနိုင်ခြင်း မရှိတဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းတပည့်တွေက သွေးရူးသွေးတန်း အော်ဟစ်လိုက်ကြပါတယ်။ ကင်းစခန်းကျွန်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင် မရှိဘဲနဲ့တော့ သူတို့ဟာ သည်ပင်လယ်ပြင်မှာ အသက်ရှင်နိုင်စရာ အကြောင်းမရှိပါဘူး။

"ဟား ... ဟား ...  သည်လူသားတွေကို သတ်ကြဟေ့။ သည်ကောင်တွေ ပြေးစရာ နေရာ မရှိတော့ဘူး"

သူတို့ရဲ့ နောက်ကနေ လိုက်လာတဲ့ ပင်လယ်သားရဲတွေ ကလည်း သူတို့ကို လိုက်မီလာကြပါတယ်။ အဆင့်၆ သားရဲတွေဆိုရင် ကျွန်းပေါ်ကို တက်ဖို့တောင် ပြင်နေကြပါပြီ။

" အားလုံး စုစည်းပြီး ခုခံကြ "

ကျန်ခဲ့တဲ့ ဂိုဏ်းသားတွေ အတွက်ကတော့ ရွေးချယ်စရာ မရှိတော့ပါဘူး။ သူတို့က စုစုစည်းစည်းနဲ့ ခုခံမှပဲ ရပါတော့မယ်။

"ခုခံ နေလို့ကတော့ သေမှာပဲ။ ထွက်ပြေးမှ ရမယ်။  စစ်သင်္ဘောပေါ် တက်ကြ "

ဒါပေမဲ့ သူတို့ ကံကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင်အဆင့် အတွင်းစည်း တပည့်တစ်ယောက်က ဂိုဏ်းတော်ကနေပြီး စစ်သင်္ဘောတစ်စင်း ငှားလာလို့ပါပဲ။

အဲသည်ဂိုဏ်းသား သူ့ရဲ့ သိုလှောင်အိတ်ထဲက လက်တစ်ဝါးသာသာ သင်္ဘောတစ်စင်းကို ထုတ်ပြီး အသက် သွင်းလိုက်ပါတယ်။

ချွမ် ...

အဲသည်နောက်မှာတော့ အဲသည်သင်္ဘောဟာ လူတိုင်း တက်လို့ရတဲ့အထိ ကြီးထွားသွားခဲ့ပါပြီ။

"သွားကြမယ်ဟေ့ "

ရွှီး ...

ဒါကတော့ အဆင့်၆ စစ်သင်္ဘော အငယ်စားလေး တစ်စင်းပါပဲ။ သည်သင်္ဘောရဲ့ အမြန်နှုန်းက အဆင့်မြင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေနဲ့ တောင်မှ ယှဉ်လို့ ရပါတယ်။ တစ်ခဏလေး အတွင်းမှာပဲ စစ်သင်္ဘောဟာ ပင်လယ်သားရဲတွေကို အနောက်မှာ ချန်ထားခဲ့ပါပြီ။ ဒါပေမဲ့ အဆင့်၆ အဆင့်မြင့် ပင်လယ်သားရဲ တချို့ကတော့ ဇွဲနပဲ ကြီးစွာနဲ့ လိုက်လာနေဆဲပါပဲ။

"အားလုံးပဲ တစ်ချက် နားထောင် ပေးပါဦး။ ကျွန်တော့်နာမည်ကတော့ စုဟန် ဖြစ်ပါတယ်။ ကျွန်တော်က သည်အဆင့်၆ စစ်သင်္ဘောကို တစ်ရက်သုံးစွဲခ ထောက်ပံ့ရေးရမှတ် တစ်သောင်းနဲ့ ငှားလာခဲ့တာပါ။ ကျွန်တော့်ဆီမှာက နှစ်ရက်စာပဲ ရှိပါတယ်။ အခု သည်သင်္ဘောမှာက လူအယောက် ၄၀ ရှိနေတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ တစ်ယောက်ကို တစ်ရက် စီးခအဖြစ် ထောက်ပံ့ရေးရမှတ် ၂၀၀ စီ တောင်းခံချင်ပါတယ်။ အဆင်ပြေ ကြပါသလား"

စုဟန်လို့ခေါ်တဲ့ ဘုရင်အဆင့် အတွင်းစည်းတပည့်က သူလိုချင်တာကို ပြောလိုက်ပါတယ်။

အပြင်စည်း အကြီးအကဲ တစ်ယောက် ပြုံးလိုက်ပြီး

"အဆင်မပြေစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ တစ်ရက်စီးခက ထောက်ပံ့ရေး ၂၀၀ဆိုရင် မင်းအတွက် အရမ်း မတန်ဘူး ဖြစ်သွားလိမ့်မယ်။ ငါကတော့ ငါတို့အားလုံးက မင်းကို တစ်ရက်စီးခ ထောက်ပံ့ရေးရမှတ် ၃၀၀ တောင် ပေးသင့်တယ်လို့ ထင်တယ်။ ပြီးတော့ သည်စစ်သင်္ဘောမှာ သုံးစွဲရမယ့် ဝိညာဉ်ကျောက်တုံးတွေ ကိုလည်း ငါတို့ပဲ စိုက်ထုတ်ပေးမယ် "

သည်အဆင့်၆ စစ်သင်္ဘောနဲ့ ဆိုရင်တော့ လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ဖြည့်ပေးနေသရွေ့ သူတို့အနေနဲ့ သေစရာ အကြောင်းမရှိပါဘူး။ ပြီးတော့ သည်စစ်သင်္ဘောက တိုက်ပွဲဝိညာဉ်နယ်ပယ် အလယ်အလတ် အဆင့်က ဆရာသခင် တစ်ပါးကိုတောင် ဒဏ်ရာရသွား စေနိုင်တဲ့ အစွမ်း ရှိပါသေးတယ်။ တကယ်လို့သာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ဖြည့်ပေးလိုက်မယ် ဆိုရင်တော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဆရာသခင်တွေတောင်မှ သည်စစ်သင်္ဘောရဲ့ တိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်ပါဘူး။ အဲသည်ထက် ပိုအရေးကြီးတာကတော့ စစ်သင်္ဘောပေါ်မှာ ရှိနေတဲ့အတွက် သူတို့ဟာ ချီတွေ အကုန်ခံစရာ မလိုတော့တာပါပဲ။

" အကြီးအကဲဝမ် ပြောတာ သင့်မြတ်လှပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း လက်မခံစရာ မရှိပါဘူး "

ဂိုဏ်းသားတွေကလည်း တစ်ရက်စီးခအဖြစ် ထောက်ပံ့ရေးရမှတ် ၃၀၀ ပေးဖို့ကို တွန့်တိုနေခြင်း မရှိပါဘူး။ တကယ်လို့သာ စုဟန်က စစ်သင်္ဘောကို မငှားလာခဲ့ဘူးဆိုရင် သူတို့ဟာ ပင်လယ်သားရဲတွေရဲ့ လက်ချက်နဲ့ သေချာပေါက် သေရတော့မှာပါ။

ထောက်ပံ့ရေးရမှတ် ၃၀၀ မဆိုထားပါနဲ့ဦး။ တကယ်လို့ သူတို့အနေနဲ့ တစ်ရက်စီးခအဖြစ် ထောက်ပံ့ရေးရမှတ် ၅၀၀ ဒါမှမဟုတ် ၁၀၀၀ ဆိုရင်လည်း သူတို့က ပေးမှာပါပဲ။ အခုအချိန်မှာတော့ သူတို့ရဲ့ အသက်ထက် ဘယ်အရာကမှ ပိုအရေးမကြီးပါဘူး။

ဝုန်း ...

စစ်သင်္ဘောက တစ်ချက် လှုပ်ခါသွားခဲ့ပါတယ်။ စစ်သင်္ဘောကို လှုပ်ခါသွားစေတဲ့ တရားခံကတော့ တောင်ပံပါ ငါးကြီး တစ်ကောင်ပါပဲ။ အဲသည်ငါးကြီး စွမ်းအင် ပူဖောင်း တစ်လုံးကို စစ်သင်္ဘောဆီ မှုတ်ထုတ်ပစ်လိုက်တာပါ။

"အဲဒါက အဆင့်၆ အဆင့်မြင့် ပင်လယ်သားရဲဖြစ်တဲ့ အရိပ်ငါးပျံပဲ။ ဝိညာဉ်ကျောက်တုံးတွေကို မဖြုန်းတီးနဲ့။ ငါပဲ သည်ကောင်ကြီးကို  တာဝန်ယူလိုက်မယ် "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် အကြီးအကဲဝမ်က သူ့ရဲ့ ဆေဘာကို ဆွဲထုတ်ပြီး အရိပ်ငါးပျံကို ခုတ်ချလိုက်ပါတော့တယ်။ အကြီးအကဲဝမ်ကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၈က ဆရာသခင် ဆိုရင်လည်း မမှားပါဘူး။

ရွှီး ... ရွှီး ... ရွီး ...

ဆေဘာဓား အလင်းတန်းက လျှပ်ပြက်သလို ကောင်းကင်ယံမှာ ဖြတ်သန်းသွားခဲ့ပါပြီ။

ဘန်း ...

အရိပ်ငါးပျံကတော့ ကောင်းကင်ပေါ်ကနေ စွန်ကြိုးပြတ်သလို ပြုတ်ကျသွားခဲ့ပါပြီ။ ဆေဘာဓား အလင်းတန်းက လျင်မြန်လွန်းလှတဲ့ အတွက် အရိပ်ငါးပျံဟာ ရှောင်တိမ်းချိန်တောင် မရလိုက်ပါဘူး။

" ကောင်းလိုက်တဲ့ ဆေဘာဓားသိုင်း "

လီဖူချန်းက စိတ်လိုလက်ရ ချီးကျူးလိုက်မိပါတယ်။ အကြီးအကဲဝမ် ထုတ်သုံးလိုက်တဲ့ ဓားသိုင်းက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေဘာဓားသိုင်းပါပဲ။ အဲသည်ဓားသိုင်းက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းလောက် မနက်နဲပေမဲ့လည်း လျှော့တွက်လို့တော့ မရပါဘူး။

ပြီးတော့ အကြီးအကဲဝမ်က တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၈ ဆရာသခင် ဖြစ်နေပါသေးတယ်။

ကျင့်ကြံခြင်း နယ်ပယ် အဆင့်တစ်ဆင့် မြင့်သွားတာက အဲသည်လူကို သိုင်းပညာနဲ့ ပတ်သက်ပြီး ပိုနက်ရှိုင်းစွာ နားလည် သဘောပေါက်စေ နိုင်ပါတယ်။ အဲဒါကြောင့်လည်း ကျင့်ကြံသူတွေဟာ ကျင့်ကြံခြင်း မြင့်လာလေလေ ပိုခက်ခဲနက်နဲတဲ့ သိုင်းပညာတွေကို လိုအပ်လာလေလေ ဖြစ်လာတာပါ။

အကြီးအကဲဝမ်ရဲ့ ဆေဘာဓားသိုင်းက တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်မှာပါပဲ။ ဒါပေမဲ့ ဓားကွက်ထဲမှာ သူထည့်သုံးသွားတဲ့ ချီအတွင်းအားဟာ အသေးစိတ် ကျလှပါတယ်။ ဓားကွက်ရဲ့ အားက အပိုအလို လုံးဝကို မရှိတာပါ။ လီဖူချန်းရဲ့ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်ကို ရောက်နေပြီ ဆိုပေမဲ့ အကြီးအကဲဝမ်လိုတော့ ချီအတွင်းအား သုံးတဲ့နေရာမှာ အသေးစိတ် မကျသေးပါဘူး။

နောက်ပိုင်း တိုက်ခိုက်လာတဲ့ အဆင့်၆ အဆင့်မြင့် သားရဲတွေကိုလည်း အကြီးအကဲဝမ်ကပဲ တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်ပစ်လိုက်ပါတယ်။

အစွမ်းထက် မျိုးဆက်သွေးကို ဆက်ခံထားတဲ့ အဆင့်၆ အဆင့်မြင့် ပင်လယ်သားရဲတွေက လွဲပြီး တခြားပင်လယ်သားရဲတွေက အကြီးအကဲဝမ်ကို ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။

ကောင်းကင်ယံပေါ်က တိမ်ပင်လယ်တွေ အထက်မှာတော့ မီးခိုးရောင် ဆံပင်နဲ့ လူကြီးက ရှိနေဆဲပါပဲ။ သူက ကောင်းကင်ယံပေါ်က နေပြီး ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သေသေချာချာ လေ့လာဆန်းစစ် နေပါတယ်။

သွေးပင်လယ် ထဲမှာတော့ သွေးအင်းကွက်က စတင်ဖြစ်တည်နေခဲ့ပါပြီ။

အဲသည်သွေးအင်းကွက်က ဝင်္ကပါ အစီအရင် အင်းကွက်ကလွဲပြီး တခြားဖြစ်စရာ အကြောင်း မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြောက်စရာကောင်းတဲ့ စွမ်းအင်လှိုင်းတွေက အဲသည်သွေးအင်းကွက် ကနေ ဖြာထွက် လာနေလို့ပါပဲ။

အဲသည် စွမ်းအင်လှိုင်းက ပင်လယ်ရေတွေကို တပွက်ပွက် ဆူပွက်စေပြီး ရာသီဥတုကို ပြောင်းလဲစေပါတယ်။ ပြီးတော့ ကောင်းကင်နဲ့ ပင်လယ်ကို ချိတ်ဆက် သွယ်တန်းနေတဲ့ ရေတန်းကြီးတွေကလည်း ရှိနေပါသေးတယ်။ အဲသည် ရေတန်းကြီးတွေကတော့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ တိမ်မည်းအုပ်ကြီးတွေကနေ ဖြစ်တည်လာခဲ့တာပါ။

" အဆင့်၈ ဝင်္ကပါ အစီအရင်။ ဒါက သေချာပေါက် အဆင့်၈ ဝင်္ကပါ အစီအရင်ပဲ"

ဆံပင်အညိုရောင်နဲ့ လူကြီးက သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

သူက သူ့ဘဝမှာ အဆင့်၈ ဝင်္ကပါ အစီအရင်ကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့လည်း သူက ဒါဟာ အဆင့်၈ ဝင်္ကပါ အစီအရင် ဆိုတာကို ကျိန်းသေ သိနေခဲ့ပါတယ်။ အဆင့်၈ ဝင်္ကတွေမှသာ သည်လို အဖြစ်မျိုးတွေကို ဖြစ်စေနိုင်တာ မဟုတ်ပါလား။

အခု သူမြင်နေရတဲ့ ဝင်္ကပါ အင်းကွက်မျဉ်းတွေဟာ အနားသတ်လောက်ပဲ ရှိပါသေးတယ်။ သူ မမြင်နိုင်တဲ့ ဝင်္ကပါ အင်းကွက်မျဉ်းတွေက သည်သွေးပင်လယ်ထဲမှာ သေချာပေါက် ရှိနေဦးမှာ အသေအချာပါပဲ။ ဒါပေမဲ့လည်း သူက အဆင့်၄ မူလပင်လယ် နယ်ပယ်မှာသာ ရှိနေသေးတဲ့အတွက် သူ့ရဲ့ အသိစိတ် အာရုံကို အကွာအဝေး မိုင်တစ်သောင်းကျော်ထက် ပိုပြီး မဖြန့်ကြက် နိုင်ပါဘူး။

"ဒါက သူ့အလိုလို အသက်ဝင် လာတာလား ဒါမှမဟုတ် တစ်စုံတစ်ယောက်က ရည်ရွယ်ချက် ရှိရှိနဲ့ ဝင်္ကပါ အသက်ဝင်လာအောင် လုပ်လိုက်တာလား "

အခုချိန် သူ တွေးမိနေတာကတော့ သည်ဝင်္ကပါ အစီအရင်ဟာ ဘယ်လိုဖြစ်လာသလဲ ဆိုတာပါပဲ။

တကယ်လို့သာ သည်ဝင်္ကပါက တစ်စုံတစ်ယောက်ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုကြောင့် ဖြစ်လာတယ် ဆိုရင်တော့ အဲသည်သူဟာ အနီရောင် ရေနဂါး ဘုရင်ပဲ ဖြစ်ရပါမယ်။ အနီရောင် ရေနဂါးဘုရင်က ဘာတွေကို ကြံစည်နေတာလဲ။

"ထားလိုက်ပါတော့ကွာ။ သည်အဆင့်၈ ဝင်္ကပါ အစီအရင်က မကြာခင်မှာ အပြည့်အဝ အသက်ဝင်တော့မယ်။ တကယ်လို့ အခု ငါ မထွက်သွားဘူး ဆိုရင်တော့ နောင်မှာ ဘာဖြစ်မလဲ ဆိုတာကို မသိနိုင်တော့ဘူး။ အမြန်သွားမှ။ ဒါပေမဲ့ ငါမသွားခင်မှာ လုပ်နိုင်တာလေး လုပ်လိုက်ဦးမယ် "

ဆံပင်အညိုနဲ့ လူကြီးက အဆင့်၆ စစ်သင်္ဘောကို အစောကြီးကတည်းက တွေ့ထားပြီးသားပါပဲ။

ဝှစ် ...

သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်လိုက်တဲ့ အခါမှာတော့ မိုင်ပေါင်းတစ်ထောင်ကျော် အကွာအဝေးမှာ ရှိနေတဲ့ စစ်သင်္ဘောကို မီသွားခဲ့ပါပြီ။

"ငါမင်းတို့ကို တတ်နိုင်သလောက် ကူညီပေးမယ်။ ကျန်တာကတော့ မင်းတို့ ကံပဲ "

စကားအဆုံးမှာတော့ ဆံပင်အညိုနဲ့ လူကြီးက ချီအတွင်းအားတွေကို စုစည်းလိုက်ပြီး စစ်သင်္ဘောကို အနောက်ကနေ တွန်းထုတ်ပေးလိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

ဆံပင်အညိုနဲ့ လူကြီးရဲ့ တွန်းအားကြောင့် စစ်သင်္ဘောဟာ နဂိုသွားနှုန်းထက် အဆပေါင်းများစွာ မြန်ဆန်သွားခဲ့ပါပြီ။

***

All Chapters