← Chapters

စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါ

Vol. 37 Ch. 502

စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါ

Vol. 37 Ch. 502

မိုင်တစ်သောင်း ...  မိုင်ငါးသောင်း ...

မျက်စိတစ်မှိတ် အတွင်းမှာပဲ စစ်သင်္ဘောဟာ မိုင်ငါးသောင်း အကွာကို ရောက်သွားခဲ့ပါတယ်။

သည်လို အလျင်မျိုးနဲ့ လေထုကို ဖြတ်သန်းခဲ့တာတောင်မှ ဘာမှ မဖြစ်တာကိုတော့ ဆံပင်အညိုနဲ့ လူကြီးကိုပဲ ကျေးဇူးတင်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်လူကြီးက စစ်သင်္ဘောကို ချီအကာအကွယ်နဲ့ ကာသွားပေးလို့ပါပဲ။ မဟုတ်လို့ကတော့ စစ်သင်္ဘောဟာ လေထုရဲ့ ပွတ်တိုက်မှုကြောင့် သေချာပေါက် ပျက်စီးသွားမှာပါ။

ဒါပေမဲ့ မိုင်ငါးသောင်း အကွာကို ရောက်ပြီးတဲ့ အခါမှာတော့ စစ်သင်္ဘောရဲ့ အမြန်နှုန်းဟာ တဖြည်းဖြည်း လျော့ကျသွားခဲ့ပါပြီ။ စစ်သင်္ဘောကို အကာအကွယ် ပေးထားတဲ့ ဘုရင်ချီဟာလည်း အလွှာပါးလေးသာ ကျန်ပါတော့တယ်။

ဝုန်း ...

အဲသည်အချိန်မှာပဲ သွေးနီရောင် အလင်းတန်းကြီးဟာ ကောင်းကင်ပေါ်ကနေပြီး ပင်လယ်ထဲကို ကျဆင်းလာခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ မိုင်တစ်သောင်းလောက်ကို ဖုံးအုပ်ထားနိုင်တဲ့  သွေးဝင်္ကပါကြီး တစ်ခုဟာလည်း ပေါ်ပေါက်လာခဲ့ပါပြီ။

သွေးဝင်္ကပါရဲ့ အလယ်ဗဟိုမှာတော့ မိုင်ပေါင်းရာချီ ရှည်တဲ့ အနက်ရောင် စပါးအုံးမြွေကြီး တစ်ကောင် ရှိနေခဲ့ပါတယ်။

မဟုတ်သေးပါဘူး။ အဲဒါက စပါးအုံးမြွေ မဖြစ်နိုင်ပါဘူး။ ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ စပါးအုံးမြွေတွေဟာ လက်သည်းတွေ မရှိပါဘူး။ ဒါပေမဲ့ သည်ကောင်ကြီးမှာတော့ လက်သည်းလေးချောင်း ရှိနေတဲ့အပြင် ဦးချိုတွေလည်း ရှိနေပါသေးတယ်။

အဲဒါက ရေနဂါး တစ်ကောင်ပါပဲ။ သွေးသန့် ရေနဂါး တစ်ကောင်ဆိုရင်တော့ ပိုပြီး မှန်ပါလိမ့်မယ်။

တကယ်လို့သာ သည်ရေနဂါးက သွေးသန့် ရေနဂါး မဟုတ်ဘူးဆိုရင် လက်သည်းလေးချောင်း ရှိနေစရာ အကြောင်းမရှိပါဘူး။

ပင်လယ်နီ ရေပြင်ကို အစိုးရတဲ့ အနီရောင် ရေနဂါးဘုရင်တောင်မှ လက်သည်းသုံးချောင်းသာ ရှိတာပါ။

ပြီးတော့ အဲသည်ရေနဂါးဟာ မိုင်ပေါင်းရာချီ ရှည်နေပြီ ဖြစ်တဲ့အတွက် အရွယ်ရောက်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သွေးသန့်ရေနဂါး တစ်ကောင်ဟာ သေချာပေါက် မိစ္ဆာသားရဲ ဧကရာဇ်ပါပဲ။

အနက်ရောင် ရေနဂါးဟာ သေဆုံးနေခြင်း မရှိသေးပါဘူး။ သူက သွေးရောင် ဝင်္ကပါထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေဆဲပါပဲ။

ဂါး ... ဂရား ...

နဂါးဟိန်းသံ တစ်ချက် ထွက်ပေါ်လာတဲ့ အခါမှာတော့ မရေမတွက်နိုင်တဲ့ ပင်လယ်သားရဲတွေဟာ အသိလွတ်သွားကြပြီး သွေးဝင်္ကပါထဲကို တိုးဝင်ကာ အသက် စတေးသွားကြပါတယ်။ တစ်ဆက်တည်းမှာပဲ သူတို့ရဲ့ သွေးတွေဟာ သွေးဝင်္ကပါနဲ့ ပေါင်းစပ်သွားပြန်ပါတယ်။

ပင်လယ်သားရဲတွေရဲ့ သွေးတွေနဲ့ သွေးဝင်္ကပါ ပေါင်းစပ်သွားတဲ့ အခါမှာတော့ သွေးဝင်္ကပါဟာ ပိုပြီး ကြောက်စရာ ကောင်းလာခဲ့ပါပြီ။ သွေးတန်းကြီးတွေကတော့ အနက်ရောင် ရေနဂါးထဲကို စီးဝင်သွားကြပြီး ဝင်္ကပါကို တုန်ခါစေပါတယ်။ အဲသည်သွေးတန်းကြီးတွေက အနက်ရောင် ရေနဂါးထဲက အရာတစ်ခုကို ဝင်္ကပါ အစီအရင် အပြင်ဘက်ကို ဆွဲထုတ်ဖို့ ကြိုးစားနေသလိုပါပဲ။

အဲသည်အချိန်မှာတော့ အနက်ရောင် ရေနဂါးဟာ ဆက်ပြီး ဟိန်းနေခြင်း မရှိတော့ပါဘူး။

" အဲဒါက မိစ္ဆာသားရဲ ဧကရာဇ်တစ်ပါးကို ဖမ်းဆီးထားတဲ့ ချိပ်ပိတ် ဝင်္ကပါ အစီအရင်ပဲ "

ဆံပင်အညိုနဲ့ လူကြီးကတော့ သွေးဝင်္ကပါရဲ့ စက်ကွင်း အပြင်ဘက်ကို ရောက်နေခဲ့ပါပြီ။ သူက အနက်ရောင် ရေနဂါးကို မမြင်ရပေမဲ့လည်း ဟိန်းသံကို ကြားလိုက်ရတာနဲ့တင် အဲဒါဟာ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးကို ဖမ်းထားတာမှန်း ရိပ်မိလိုက်ပါတယ်။ မိစ္ဆာသားရဲ ဘုရင်တစ်ပါးကိုတော့ အဆင့်၈ ဝင်္ကပါနဲ့ ဖမ်းထားစရာ အကြောင်းမရှိပါဘူး။

"အနီရောင် ရေနဂါးဘုရင်က သည်ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးပြီး မိစ္ဆာသားရဲ ဧကရာဇ်ကို လွှတ်ပေးဖို့ ကြံနေတာလား"

ဆံပင်အညိုနဲ့ လူကြီးက စိုးရိမ်ကြောင့်ကြတဲ့ လေသံနဲ့ ရေရွတ်လိုက်ပါတယ်။

ချိပ်ပိတ် ဖမ်းဆီးခံထားရတဲ့ မိစ္ဆာသားရဲ ဧကရာဇ် လွတ်မြောက်လာရင်တော့ သက်တံနီဂိုဏ်းဟာ ဒုက္ခ များပါပြီ။ ဒါက ကပ်ဘေး တစ်ခုပါပဲ။ သက်တံနီဂိုဏ်းဟာ သည်ကပ်ဘေးကို ဘယ်လိုမှ ရင်ဆိုင် ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။

သက်တံနီဂိုဏ်းရဲ့ အဓိက ဝင်္ကပါဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်တယ် ဆိုပေမဲ့ အဲဒါဟာ သာမန် အဆင့်နိမ့် ဥပဒေသပြောင်းလဲခြင်း ဧကရာဇ်တွေရဲ့ တိုက်ခိုက်မှုကိုသာ ဆိုလိုတာပါ။ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးရဲ့ အစွမ်းကတော့ သာမန် အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်က လူသားဧကရာဇ်တွေထက် သာလွန်ပါတယ်။ အစွမ်းထက်တဲ့ ပညာရပ်တွေကို လေ့ကျင့်ထားခြင်း မရှိတဲ့ လူသားဧကရာဇ် တစ်ပါးဟာ မိစ္ဆာသားရဲ ဧကရာဇ်တစ်ပါးကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။

ဆံပင်အညိုနဲ့ လူကြီးဟာ သည်မိစ္ဆာသားရဲ ဧကရာဇ်ကို ဖမ်းဆီးပြီး ပိတ်လှောင်ထားနိုင် လူအကြောင်းကိုလည်း တွေးမိလိုက်ပါသေးတယ်။ မိစ္ဆာသားရဲ ဧကရာဇ်ကိုတောင် ပင်လယ်နီထဲမှာ ပိတ်လှောင်ထားနိုင်တဲ့ လူဟာလည်း ဘယ်လောက်အထိတောင် အစွမ်းထက်မယ် မသိပါဘူး။ အဲသည်လူရဲ့ အစွမ်းကတော့ တကယ့်ကို ကြောက်စရာ အဆင့်တစ်ခု ရှိနေမှာ အသေအချာပါပဲ။

" အနီရောင် ရေနဂါးဘုရင်က ဘာတွေ ကြံစည်နေလဲဆိုတာ အရေးမကြီးဘူး။ ငါ့အနေနဲ့ သူ့ရဲ့ အကြံကို မရရအောင် တားဆီးရမယ် "

ဆံပင်အညိုနဲ့ လူကြီးက ထွက်သွားဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ...

ဟူး ... ဟူး ... ဟူး ...

ဝှစ် ... ဝှစ် ...

ကြောက်စရာ ကောင်းလှတဲ့ အရှိန်အဝါတွေကို ပိုင်ဆိုင်ထားတဲ့ လုရိပ်တွေဟာ ကောင်းကင်ယံထက်မှာ ပေါ်လာခဲ့ပါပြီ။

" ဂိုဏ်းချုပ်ကြီးနဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေ အကုန်လုံးကို ဂါရဝ ပြုပါတယ် "

ဆံပင်အညိုနဲ့ လူကြီးက ပထမတော့ ထိတ်လန့် သွားပေမဲ့လည်း နောက်ပိုင်းမှာတော့ ပြုံးလိုက်မိပါတယ်။ သူက သည်အရှိန်အဝါတွေထဲက တချို့ကို ရင်းရင်းနှီးနှီး သိနေတာ မဟုတ်ပါလား။

ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ အခုရောက်လာတဲ့ သူတွေက သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေ နဲ့ သက်တံနီဘုရင်ပါပဲ။

သက်တံနီ ဘုရင် ...

သက်တံနီ ဘုရင်ကတော့ သက်တံနီဂိုဏ်းရဲ့ နံပါတ်၁ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး မူလပင်လယ်နယ်ပယ် အဆင့်၉ကို ရောက်နေပါပြီ။ ကျန်တဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေကလည်း မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဘုရင်တွေချည်းပါပဲ။

" ဂိုဏ်းချုပ် ...  သည်နေရာမှာ ရုတ်တရက်ကြီး အဆင့်၈ ဝင်္ကပါအစီအရင်တစ်ခု ပေါ်လာပါတယ်။ ပြီးတော့ အဲသည်ဝင်္ကပါထဲမှာလည်း မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးကို ဖမ်းဆီး အကျဉ်းချထားပါတယ်။ ကြည့်ရတာတော့ အနီရောင် ရေနဂါး ဘုရင်က သည်မိစ္ဆာသားရဲ ဧကရာဇ်ကို လွှတ်ပေးဖို့ ကြံစည်နေပုံပါပဲ။ ကျွန်တော်တို့ အနေနဲ့ သည်အတိုင်း ရပ်ကြည့်နေလို့ မဖြစ်ပါဘူး "

ဆံပင်အညိုနဲ့ လူကြီးက သူ သိသမျှကို ပြောပြလိုက်ပါတယ်။

" အကြီးအကဲဝမ်  ...  မင်းပြောနေတာ မှားနေပြီ။ အနီရောင် ရေနဂါးဘုရင်က မိစ္ဆာသားရဲ ဧကရာဇ်ကို လွှတ်ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ သူက မရေမတွက်နိုင်တဲ့ သွေးတွေနဲ့ အသက်ဝိညာဉ်တွေကို စတေးပြီး ဝင်္ကပါ အစီအရင်က မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ မိစ္ဆာစိတ်ဝိညာဉ်ကို သန့်စင်အောင် လုပ်နေတာ "

အဲသည်စကားကို ပြောလိုက်တဲ့ သူကတော့ သက်တံနီဘုရင်ရဲ့ ညာဘက်မှာ ရပ်နေတဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ပါပဲ။ သူက အဖြူရောင် ဆံပင်ရှည်တွေကို သေသေသပ်သပ် စည်းနှောင်ထားပြီး နဖူးပြင် အလယ်တည့်တည့်မှာတော့ တတိယမျက်လုံးသဏ္ဌာန် အမှတ်အသားလေးတစ်ခု ရှိနေပါတယ်။

တတိယမျက်လုံး ဓားမော့ဘုရင် ...

အဲသည် အကြီးအကဲကတော့ သက်တံနီဂိုဏ်းရဲ့ ဝါအရင့်ဆုံး ဂိုဏ်းသားကြီး ဖြစ်ပြီး အစွမ်းအထက်ဆုံး အထွတ်ခေါင်ချုပ် အကြီးအကဲလည်း ဖြစ်ပါတယ်။ အစွမ်းချင်း ယှဉ်ရမယ် ဆိုရင်တော့ တတိယမျက်လုံး ဓားမော့ဘုရင်ဟာ သက်တံနီ ဘုရင်နဲ့တောင် သိပ်မကွာလှပါဘူး။ သူက အစွမ်းအရာမှာ သက်တံနီဘုရင်ထက် မဆိုစလောက်လေးသာ နိမ့်ကျတာပါ။

" ကျွန်တော်ပြောတာ မှားသွားတာလား "

တတိယမျက်လုံး ဓားမော့ဘုရင်ရဲ့ စကားကြောင့် ဆံပင်အညိုနဲ့ လူကြီးက စိတ်ရှုပ်ထွေး သွားပုံပါပဲ။

ခန့်ညား တည်ကြည်လှတဲ့ သက်တံနီဘုရင်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ရှင်းပြလိုက်ပါတယ်။

"အကြီးအကဲ ပိုင်လိပြောတာ မှန်တယ်။ အနီရောင် ရေနဂါး ဘုရင်က မိစ္ဆာသားရဲ ဧကရာဇ်ကို လွှတ်ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ သူက မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ဖို့ ကြံစည်နေတာ။ အဲလို လုပ်မှပဲ သူက မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ သွေးအဆီအနှစ်ကို ထုတ်ယူပြီး သူ အဆင့်တက်ဖို့အတွက် အသုံးပြုနိုင်မှာလေ။ အနီရောင် ရေနဂါးဘုရင်က မိစ္ဆာသားရဲ ဧကရာဇ် အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာ။ ငါတို့က ဘာဖြစ်လို့ သည်လို ကောက်ချက်ချရသလဲ ဆိုတော့ အခုသည်နေရာမှာ ပေါ်လာတဲ့ အဆင့်၈ ဝင်္ကပါ အစီအရင်က ဒဏ္ဍာရီထဲက စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါ အစီအရင် ဖြစ်နေလို့ပဲ။ အဲသည်ဝင်္ကပါ မိစ္ဆာသားရဲ ဧကရာဇ်တွေရဲ့ မိစ္ဆာစိတ်ဝိညာဉ်ကို သန့်စင် နိုင်သလို လူသားဧကရာဇ်တွေရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကိုလည်း သန့်စင်နိုင်တယ် "

ဆံပင်အညိုနဲ့ လူကြီးက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။ သူက မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

"ဂိုဏ်းချုပ် ...  အနီရောင် ရေနဂါးဘုရင်က မိစ္ဆာသားရဲ ဧကရာဇ်လွတ်လာပြီး သူ့ကို ရန်ရှာမှာ မစိုးရိမ်ဘူးလား"

သက်တံနီဘုရင်က တစ်ချက် ပြုံးလိုက်ပြီး

"သူက ဘယ်လိုလုပ်ပြီး စိုးရိမ်မှာလဲ။ သည်စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါအစီအရင်က သွေးတွေနဲ့ စိတ်ဝိညာဉ်တွေကို မရတော့ဘူး ဆိုရင်တောင်မှ မိစ္ဆာသားရဲ ဧကရာဇ်က လွတ်အောင် ရုန်းနိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ မိစ္ဆာသားရဲ ဧကရာဇ်က သည်ဝင်္ကပါ အစီအရင်ထဲမှာ နှစ်ပေါင်း မရေမတွက် နိုင်အောင် ဖမ်းဆီး အကျဉ်းချ ခံထားရတာ။ အခု သူ့ရဲ့ စွမ်းအားက နဂိုမူလ စွမ်းအားရဲ့ တစ်ရာခိုင်နှုန်းတောင် ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဝင်္ကပါ အစီအရင်ကလည်း ပြန်ပြီး အသက်ဝင်လာပြီ ဆိုတော့ သူက ပိုပြီးတော့တောင် အားနည်း သွားနိုင်သေးတယ်။ အနီရောင် ရေနဂါးဘုရင်က သည်ကိစ္စကို ငါတို့နဲ့ စစ်မဖြစ်ခင်ကတည်းက အကွက်ချ ကြံစည်ထားခဲ့တာပဲ "

စိတ်ဝိညာဉ် သန့်စင်ခြင်း ဝင်္ကပါ အစီအရင် ဆိုတာက ဒဏ္ဍာရီတွေထဲမှာပဲ ရှိခဲ့တဲ့ ဝင်္ကပါ အစီအရင် ဖြစ်ပါတယ်။ သည်ဝင်္ကပါ အစီအရင်က သတ်ဖို့ ခဲယဉ်းတဲ့ ဖြစ်တည်မှုမျိုးတွေ အတွက် သီးသန့်ဖန်တီး ထားတာပါ။

မိစ္ဆာသားရဲ ဧကရာဇ်တွေ ဆိုတာက အသက်ပြင်းလှပြီး တချို့ မိစ္ဆာသားရဲ ဧကရာဇ်တွေဆိုရင် အမတ ဘဝကိုတောင် ရောက်လုနီးပါးပါပဲ။ တကယ်လို့ တစ်စုံတစ်ယောက်က မိစ္ဆာသားရဲ ဧကရာဇ်တွေကို သတ်ပစ်ချင်တယ်ဆိုရင် အဲသည်သူက မိစ္ဆာသားရဲ ဧကရာဇ်တွေထက် အဆပေါင်းများစွာ အစွမ်းထက်မှ ရပါမယ်။

အဲဒါကြောင့်ပဲ ကျင့်ကြံသူတွေက စိတ်ဝိညာဉ်သန့်စင်ခြင်း ဝင်္ကပါ အစီအရင်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

စိတ်ဝိညာဉ် သန့်စင်ခြင်း ဝင်္ကပါက အစစ်အမှန် စိတ်ဝိညာဉ်တွေနဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်ကိုပဲ ပစ်မှတ်ထားတာပါ။

မိစ္ဆာသားရဲ ဧကရာဇ်တစ်ပါးဟာ မိစ္ဆာသားရဲ စိတ်ဝိညာဉ် သန့်စင်ခံလိုက်ရရင် အသိစိတ်ဟာလည်း လုံးဝ ပျောက်သွားမှာပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ အစွမ်းထက်ထက် အသိစိတ် မရှိတော့ရင်တော့ သေနေတဲ့ ခန္ဓာကိုယ်ပါပဲ။

ရှေးဟောင်း မှတ်တမ်းမှတ်ရာတွေ ထဲမှာ ဖော်ပြထားချက်အရ ဆိုရင်တော့ စိတ်ဝိညာဉ် သန့်စင်ခြင်း ဝင်္ကပါ အစီအရင်ဟာ ဧကရာဇ်အဆင့် ဂိုဏ်းတစ်လုံးက ဧကရာဇ်တွေရဲ့ အစစ်အမှန် စိတ်ဝိညာဉ်တွေကိုတောင် သန့်စင်ခဲ့ပါတယ်တဲ့။

ဒါပေမဲ့လည်း မိစ္ဆာသားရဲ ဧကရာဇ်တွေရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်တွေကတော့ အင်မတန် အားကောင်းလွန်းတဲ့ အတွက် သူတို့ကို သန့်စင်မယ်ဆိုရင် လက်ရွေးစင် အဆင့်၈ ဝင်္ကပါ ဆရာသခင် တစ်ယောက်ရဲ့ အကူအညီကို လိုအပ်ပါတယ်။ မဟုတ်လို့ကတော့ အချိန်အကြာကြီး ယူရမှာပါ။

သက်တံနီဘုရင်က သည်ဝင်္ကပါ အစီအရင် ရှိနေတယ်ဆိုတာကို သိထားပြီးတာ ကြာပါပြီ။ သူက မသေချာဘဲ ဘာမှ မလုပ်ချင်တဲ့အတွက် အခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အနီရောင် ရေနဂါးဘုရင်က ဘယ်လိုလုပ်ပြီး သည်ဝင်္ကပါ အစီအရင် ရှိနေတယ် ဆိုတာကို သိသွားတယ် မသိပါဘူး။ သူက မရေမတွက်နိုင်တဲ့ သွေးတွေနဲ့ စိတ်ဝိညာဉ်တွေကို စတေးပြီး စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါကို အသက်သွင်း ပစ်လိုက်ပါပြီ။

" ဒါဆိုရင် အခု ကျွန်တော်တို့က ဘာဆက်လုပ်ကြမှာလဲ "

ဆံပင်အညိုနဲ့ လူကြီးက ထပ်မေးလိုက်ပြန်ပါတယ်။

တတိယမျက်လုံး ဓားမော့ဘုရင်က ပြုံးလိုက်ပြီး

"သည်စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါက အဆင့်၈ ဝင်္ကပါ အစီအရင် ဖြစ်တဲ့အတွက် ငါတို့အနေနဲ့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ဖျက်ဆီးနိုင်ရင်လည်း ငါတို့က ဖျက်ဆီးမှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အားနည်းနေတယ် ဆိုပေမဲ့ မိစ္ဆာသားရဲ ဧကရာဇ်ကတော့ မိစ္ဆာသားရဲ ဧကရာဇ် ဖြစ်နေဦးမှာပဲ။ မိစ္ဆာသားရဲ ဧကရာဇ်တွေမှာ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ တကယ်လို့သာ ငါတို့က မတော်တဆ သူ့ကို လွှတ်ပေးလိုက်မိရင် သက်တံနီဂိုဏ်း တစ်ဂိုဏ်းလုံး ကပ်ဆိုက်သွားလိမ့်မယ်။ အဲသည်တော့ ငါတို့ လုပ်နိုင်တာဆိုလို့ စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါက မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ မိစ္ဆာသားရဲ ဝိညာဉ် သန့်စင်နေတာကို ပြီးအောင် စောင့်ဖို့ပဲ ရှိတယ်။ ပြီးရင် ငါတို့က အနီရောင် ရေနဂါးဘုရင်ရဲ့ လက်ထဲ မိစ္ဆာသားရဲ ဧကရာဇ် သွေးအဆီအနှစ် မပါသွားဖို့ လုပ်ဆောင်ရမယ် "

"ဒါ ... ဒါပေမဲ့ အနီရောင် ရေနဂါးဘုရင်က သည်ကိစ္စကို လုပ်ဆောင်ဖို့အတွက် အချိန်အကြာကြီး အကွက်ချ ကြံစည်ထားခဲ့တာလေ။ သူက ကျွန်တော်တို့ သူ့ကို နှောင့်ယှက်မယ် ဆိုတာကို ကျိန်းသေ တွက်ထားမှာပေါ့ "

ဆံပင်အညိုနဲ့ လူကြီးက သူ့ရဲ့ အမြင်ကို ပြောလိုက်ပြန်ပါတယ်။ သူ့ရဲ့ စကားက သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေကို ဆွံ့အ သွားစေခဲ့ပါပြီ။

အတန်ကြာမှ သက်တံနီဘုရင်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

" အရာအားလုံးက ကောင်းကင်ဘုံရဲ့ အလိုကျပဲ။ ငါတို့က အတတ်နိုင်ဆုံး ကြိုးစားရုံပေါ့ "

မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်ကို သန့်စင်ပြီးသွားတာနဲ့ စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါအစီအရင်ဟာ အလိုအလျောက် ပျောက်ကွယ်သွားမှာပါပဲ။ စိတ်ဝိညာဉ်သန့်စင် ဝင်္ကပါအစီအရင် ပျောက်ကွယ်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သက်တံနီဂိုဏ်းနဲ့ အနီရောင် ရေနဂါးဘုရင်ရဲ့ မိစ္ဆာသားရဲ ဧကရာဇ် သွေးအဆီအနှစ် လုပွဲကြီး စတင်တော့မှာ ဖြစ်ပါတယ်။ အဲသည် မိစ္ဆာသားရဲ ဧကရာဇ် သွေးအဆီအနှစ်လုပွဲကပဲ သက်တံနီဂိုဏ်းရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်ပါလိမ့်မယ်။

***

ဘန်း ...

စစ်သင်္ဘောကို အကာအကွယ် ပေးထားတဲ့ ဧကရာဇ်ချီ အကာအကွယ်ဟာ ပျက်ပြယ်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ စစ်သင်္ဘောရဲ့ အမြန်နှုန်းဟာလည်း နဂိုမူလ အမြန်နှုန်းကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ လီဖူချန်းနဲ့ တခြားသူတွေကတော့ အဲသည် အမြန်နှုန်း လျော့ကျသွားတာကို ဂရုမစိုက် အားသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ပေါ်ကနေ ပင်လယ်ထိုးကျနေတဲ့ သွေးအလင်းတန်းကြီးက လူတိုင်းရဲ့ စိတ်ဝိညာဉ်ကို ဆုတ်ဖြဲနေသလို နာကျင်မှုမျိုး ပေးစွမ်းနေလို့ပါပဲ။ လီဖူချန်းကတော့ သည်နာကျင်မှု အကြောင်းကို အသိဆုံးလို့ ဆိုရပါမယ်။

ရွှေရောင်လက်ဖွဲ့ အဆောင်ကို မရခင်တုန်းကဆိုရင် လီဖူချန်းက သည်လို ဝေဒနာကို မကြာခဏ ခံစားရနေကျ ဖြစ်ပါတယ်။ အဲသည်နာကျင်မှုက သူကျင့်ကြံဖို့ ကြိုးစားတဲ့ အချိန်တိုင်းမှာ ဖြစ်ပေါ်လာတတ်တဲ့ အရာပါ။ တကယ်လို့ လီဖူချန်း အနေနဲ့ ရွေးချယ်ခွင့်ရမယ် ဆိုရင်တော့ သည်ဝေဒနာကြီးကို ခံစားနေမယ့်အစား သေမယ့်လမ်းကို ရွေးပစ်လိုက်မှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ လီဖူချန်းဟာ သည်ဝေဒနာဟာ စိတ်ဝိညာဉ် ပျက်စီးခြင်းကြောင့် ဖြစ်တယ် ဆိုတာကို သိလာခဲ့ပါတယ်။

" မကောင်းတော့ဘူး။ သည်ဝင်္ကပါ အစီအရင်က စိတ်ဝိညာဉ်ကို ပစ်မှတ်ထားနေတာပဲ "

အကြီးအကဲဝမ်က အားဖျော့တော့စွာနဲ့ ဆိုလာခဲ့ပါပြီ။ သူ့ရဲ့ ဒွါရခုနစ်ပေါက်ကတော့ သွေးတွေ စီးကျနေပါတော့တယ်။

***

All Chapters