စည်စည်းလုံးလုံး၊ ညီညီညွတ်ညွတ်
Vol. 72 Ch. 993
အင်္ဂါဂြိုဟ်ကြီးမှာ အပြင်းအထန်တုန်ရီသွားပြီး မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို အက်ကွဲကြောင်းများ၏ အလယ်ဗဟိုတွင် အင်္ဂါဂြိုဟ်မြို့တော်သစ် ရှိနေ၏။
သို့သော် မြေမျက်နှာပြင်ကြီးမှာ ကျိုးပဲ့ပျက်စီးသွားခြင်းမရှိပေ။ အင်္ဂါဂြိုဟ်ပေါ်ရှိ လူများမှာ တုန်ရီမှုများကို ခံစားလိုက်ရသည့်တိုင်အောင် အဆောက်အဦတစ်ခုမှ ပျက်စီးသွားခြင်းမရှိသလို မည်သူမှလည်း ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်း မရှိပေ။
သို့ရာတွင် ထို အက်ကွဲကြောင်းများထဲမှ အနက်ရောင် အခိုးအငွေ့ အမျှင်အတန်းများ ထိုးထွက်လာကာ အင်္ဂါဂြိုဟ်ကြီး၏ တစ်ဝက်ကျော်အား လွှမ်းခြုံသွားပြီး အာကာသထဲသို့ ထိုးတက်သွား၏။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် ထို အခိုးအငွေ့များထဲ၌ အလွန်အင်မတန်မှ သေးငယ်သည့် အမှုန်အမွှားလေးများ ရှိနေသည်ကို မြင်နိုင်ပေမည်။
အင်္ဂါဂြိုဟ်ပေါ်မှ လူများမှာ အံ့ဩတုန်လှုပ်နေကြစဉ် ထို မြူခိုးများနှင့် ကောင်းကင်ယံထဲ၌ အဆက်မပြတ် စုဝေးလာနေကြသည့် အမှုန်အမွှားလေးများကို မြင်နေရ၏။ ထို အမှုန်အမွှားများမှာ နောက်ဆုံးတွင် လေမုန်တိုင်းကြီးတစ်ခုအသွင် စုစည်းသွားပြီး အားကောင်းသည့် သေမင်း အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။ ၎င်းမှာ အာကာသထဲသို့ ထိုးတက်သွားပြီးနောက် မြစ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားကာ ရှေးဟောင်းကြေးဓားကြီး၏ ထိပ်ဖျားပိုင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီ ဖြစ်သည်။
၎င်းတို့မှာ မြန်ဆန်လွန်းနေသောကြောင့် ရှေးဟောင်းဓားကြီး၏ ထိပ်ဖျားပိုင်း၏ ဘေး၌ ချက်ချင်း စုဝေးသွားကြ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်နှင့် အသိစိတ်ထဲ၌ အော်ဟစ်အားပေးသံများကို ကြားလိုက်ရသည်။ ထိုအချိန်တွင် မြူခိုးများမှာ အတူတကွ စုစည်းနေပြီး ၎င်းတို့ထဲရှိ အမှုန်အမွှားများမှာလည်း ပေါင််းစည်းနေသည့်ပုံ ပေါက်နေ၏။ နောက်ဆုံးတွင် ၎င်းတို့မှာ လူတစ်ယောက်သာ ဝင်ဆံ့နိုင်သည့် လှေငယ်လေးတစ်စင်းအသွင် ပြောင်းလဲသွားသည်။
ကျန်ရှိနေသေးသည့် အမှုန်အမွှားများမှာ ထို လှေလေးပေါ်တွင် စုစည်းသွားကြပြီး အနက်ရောင် ဝတ်ရုံတစ်ခုနှင့် ခပ်မှိန်မှိန် အလင်းရောင်တစ်ခုအား ထုတ်လွှတ်နေသည့် မှုန်ဝါးဝါး လှော်တက်မီးအိမ်လေးတစ်ခုအသွင် ပြောင်းလဲသွားကြသည်။
ထိုအခါ ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ နတ်ဘုရားလက်နက်ဖြစ်သည့် ကြက်သွေးရောင်ဓားမြှောင်လေးထက် ပို၍ အစွမ်းထက်သည့် အငွေ့အသက်တစ်မျိုးမှာ ထို အနက်ရောင်ဝတ်ရုံနှင့် လှော်တက်မီးအိမ်တို့ထဲမှ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
၎င်းမှာ အမှောင်ဂိုဏ်း၏ အမှောင်အဆောင်ပစ္စည်း ဖြစ်၏။
၎င်းမှာ ရှေးဟောင်းဓားကြီးလောက် အဆင့်မမြင့်သောကြောင့် ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် ၎င်းတို့၏ ကြားမှ အဆင့်အတန်းခြားနားမှုအား လျစ်လျူရှုနိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူ၏ အသိအမှတ်ပြုခြင်းကို ခံထားရသည့် ကြယ်နယ်မြေအဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်သာ ထို အမှောင်အဆောင်ပစ္စည်းကို အသုံးပြုနိုင်စွမ်း ရှိသွားမည်ဆိုပါက ထို ပုဂ္ဂိုလ်ကြီးမှာ အတားအဆီး မန္တန်အစီအရင်များကို ချိုးဖျက်ကာ ရှေးဟောင်းဓားကြီးပေါ်သို့ ရောက်ရှိလာပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်မှ အစွမ်းထက်ကျင့်ကြံသူကြီးအား ခြိမ်းခြောက်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့၏ အဟန့်အတား ဖြစ်ပေသည်။
သူသည် အရင်ဆုံး မီးတောက်ခေါင်းဆောင်ကြီး သူ့အား ပေးထားသည့် အကာအကွယ်အား ထုတ်ပြခဲ့၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးအား အသုံးပြုကာ ရှေးဟောင်းဓားကြီးအား တုန်ရီသွားအောင်လုပ်ခဲ့သည်။ သို့ဖြစ်ရာ သူသည် ၎င်းအား ထိန်းချုပ်နိုင်စွမ်းရှိကြောင်း သူ၏ပြိုင်ဘက်ကို အသိပေးလိုက်သကဲ့သို့ပင်။ တစ်ချိန်ထဲမှာပင် သူသည် မမလေးအား ဆင့်ခေါ်လိုက်ပြီးနောက် သူနှင့် ကျယ်ပြန့်တာအိုနန်းတော်၏ ကြားမှ ဆက်ဆံရေးမှာ ရန်သူများအဖြစ် အပြန်အလှန် တိုက်ခိုက်နေရမည့် ဆက်ဆံရေးမျိုး မဟုတ်ကြောင်း သက်သေပြလိုက်၏။
ထို့နောက် သူသည် နောက်ဆုံး ခြိမ်းခြောက်မှုအနေနှင့် အမှောင်အဆောင်ပစ္စည်းအား ဆင့်ခေါ်လိုက်သည်။ သူသည် နှုတ်မှ ထုတ်ပြောနေခြင်း မရှိပါသော်လည်း သူ ဆိုလိုချင်သည့် အဓိပ္ပါယ်မှာ သိသာထင်ရှားပေသည်။ သူသည် ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးသည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီးများအား အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်စွမ်းရှိနေရုံသာမက သတ်ဖြတ်ဖြစ်နိုင်စွမ်းပါ ရှိနေသည်ဖြစ်ကြောင်း အသိပေးလိုက်ခြင်း ဖြစ်သည်။
ထိုအခြင်းအရာများကြောင့် တတိယမြောက်ပလ္လင်ပေါ်မှ ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ တုန်လှုပ်ချောက်ချားသွားရပြီး မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားရ၏။ သူသည် နှုတ်ဆိတ်နေရပြီ ဖြစ်သည်။ သူ့ဘက်မှ မည်မျှပင် ချင့်ချိန်တွက်ဆကြည့်စေကာမူ အကယ်၍ သူတို့သာ ရန်သူများ ဖြစ်သွားမည်ဆိုပါက ပေါ်ပေါက်လာမည့် နောက်ဆက်တွဲအကျိုးဆက်များမှာ အလွန်အင်မတန်မှ ဆိုးရွားနေမည်သာဖြစ်သည်။
ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား အလေးပေးဆက်ဆံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထာဝရကြယ်အဆင့် လူငယ်လေးမှာမူ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားရပြီ ဖြစ်သည်။ သူသည် အသက်ရှုသံများ မြန်ဆန်လာပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာရ၏။ သူသည် တုံးအသူတစ်ယောက် မဟုတ်သောကြောင့် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူသည် ကတုန်ကယင်နှင့် စကားပြောရန် ပြင်လိုက်၏။
သို့သော် သူ စကားမပြောနိုင်ခင်မှာပင် တတိယမြောက် ပလ္လင်ပေါ်မှ ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွား၏။ သူသည် မီးတောက်ခေါင်းဆောင်ကြီးအား အပြစ်လုပ်မိ၍ မဖြစ်ပါသော်လည်း ရှေးဟောင်းဓားကြီး၏ အကာအကွယ်အား ပိုင်ဆိုင်ထားသဖြင့် သူ့ကိုယ်သူ ယုံကြည်မှု ရှိနေခဲ့၏။ သို့သော် သူ၏ရှေ့တွင် ရှိနေသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူလေးမှာ ရှေးဟောင်းဓားကြီးအား တုန်ရီသွားအောင် လုပ်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ထို့အပြင် ထူးဆန်းအံ့ဖွယ် အမှောင်ပစ္စည်းမှာလည်း ပေါ်ပေါက်လာသေးသည်။ ထိုမျှသာမက အပြင်ခန္ဓာကိုယ် ထိခိုက်ပျက်စီးနေပါသော်လည်း ကြောက်မက်ဖွယ်ရာ နောက်ခံအင်အားတစ်ခုအား ပိုင်ဆိုင်ထားသည့် သူတော်စင်မလည်း ရှိနေသေးသည် မဟုတ်ပါလော။
ထို အခြင်းအရာများကြောင့် သူသည် အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်နှိုင်းဆကြည့်နေစရာ မလိုတော့ပေ။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် ထို အစွမ်းထက်ကျင့်ကြံသူကြီးမှာ သက်ပြင်းချလိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး အားကောင်းသော ဖိအားကြီးတစ်မျိုးမှာ ထာဝရကြယ်အဆင့် လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာ၏။
ထို့ကြောင့် ထိုလူငယ်လေးမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာရပြီး စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
" ခေါင်းဆောင်ကြီး... "
" ပါးစပ်ပိတ်ထားစမ်း " ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာမူ လေသံတိုးတိုးဖြင့်သာ ပြန်ပြောလိုက်သည်။ သူ စကားဆုံးသွားချိန်တွင် ထာဝရကြယ်အဆင့် လူငယ်လေး၏ ပါးစပ်ထဲမှ နောက်ထပ်သွေးတစ်ပွက် ထပ်၍ အန်ထွက်လာ၏။ ထို့နောက် ဒဏ်ရာရထားပြီးသားဖြစ်သည့် သူ၏ ခန္ဓာကိုယ်မှာလည်း ထပ်၍ ဒဏ်ရာရသွားတော့သည်။ သို့ဖြစ်ရာ သူ နှစ်ပေါင်းများစွာ အချိန်ပေး၍ ကုသခဲ့ရခြင်းမှာ အလဟဿ ဖြစ်သွားပြီး သူ၏ အခြေအနေမှာလည်း ယခင်တုန်းကထက်ပင် ပိုဆိုးသွား၏။
ထို လူငယ်လေးမှာ အလွန်အင်မတန်မှ အားအင်ချည့်နဲ့သွားသောကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး ဝမ်ပေါင်လဲ့အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နိုင်စွမ်းပင် မရှိတော့ဘဲ သတိလစ်သွား၏။ သူ၏ ဝိညာဉ်မှာလည်း ထိုနည်းတူပင်။ သူသည် ပလ္လင်ပေါ်တွင် ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာမည် ဖြစ်ပါသော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများ၏ ဆယ်ပုံပုံတစ်ပုံအား ပြန်လည်ရရှိလိုပါက အနည်းဆုံး နှစ်ရာဂဏန်းအနည်းငယ်အထိ အချိန်ပေးရတော့မည် ဖြစ်သည်။ အကယ်၍ ဒေါင်ဒေါင်မြည် အနေအထားသို့ ပြန်ရောက်လိုလျှင်မူ အနည်းဆုံး နှစ်တစ်ထောင်ကျော် အချိန်ပေးရမည် ဖြစ်သည်။
ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ ထာဝရကြယ်အဆင့် လူငယ်လေးအား ထိုသို့ အပြစ်ပေးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏မျက်နှာပေါ်မှ အမျက်ဒေါသများနှင့် မောက်မာဝင့်ကြွားမှု အရိပ်အယောင်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးအား တရိုတသေဦးညွှတ်၍ ကျေးဇူးတင်စကားဆိုလိုက်၏။
" ကျွန်တော်မျိုး ဝမ်ပေါင်လဲ့ လူကြီးမင်းကို ဂါရဝပြုပါတယ်။ တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခဗျား "
ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာမူ အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် စိတ်ထဲတွင်မူ ဝမ်ပေါင်လဲ့အား မကျေမနပ် ဖြစ်နေဆဲပင်။ ထို့ကြောင့် သူသည် အကြည့်လွှဲကာ သူ၏ဂိုဏ်းမှ သူတော်စင်မအား လှမ်းကြည့်လိုက်၏။ ထိုအခါမှသာ သူ၏ မျက်ဝန်းများမှာ ပြန်၍ နူးညံ့သိမ်မွေ့သွားသည်။ သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အသံအကျယ်ကြီးဖြင့် ထပ်၍ စကားပြောလိုက်ပြန်သည်။
" ကျွန်တော် လူကြီးမင်းရဲ့ ကိုယ်ကျင့်တရားနဲ့ ဖြောင့်မတ်မှန်ကန်မှုကို လေးစားပါတယ်။ တာအိုနန်းတော်က ကျွန်တော့်ကို မျက်နှာသာပေးခဲ့တာမလို့ ကျွန်တော်ကလည်း လူကြီးမင်းနဲ့ တာအိုနန်းတော်ရဲ့ ကျင့်ကြံသူတွေ ဒဏ်ရာပျောက်ကင်းအောင် ကူညီပေးပါ့မယ်။ အဲတာမလို့... နောက်တစ်လနေရင် ကျွန်တော် အခမ်းအနားကြီးတစ်ခု ကျင်းပပေးပါ့မယ်။ ကျွန်တော် ကျွန်တော့်ရဲ့ဆရာ မီးတောက်ခေါင်းဆောင်ကြီးကို အကူအညီတောင်းပြီးတော့ ထာဝရကြယ်ရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းနဲ့ ပူးပေါင်းဖို့ စီစဉ်ထားပါတယ် "
" အဲလို ပေါင်းစည်းနိုင်မယ်ဆိုရင် လူကြီးမင်းတို့ရဲ့ဒဏ်ရာပျောက်ကင်းမှုနှုန်းက ပိုမြန်လာမှာ အသေအချာပါပဲ။ ပြီးရင် နေအဖွဲ့အစည်းထဲက လူမှုအဖွဲ့အစည်းရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်နိုင်သွားမှာလေ "
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူ့အား မကျေမနပ်ဖြစ်နေသည့် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ မျက်လုံးများ ပြူးသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ဘက်သို့ ချက်ချင်း လှည့်လာပြီး မေးလိုက်သည်။
" မင်းက နေအဖွဲ့အစည်းရဲ့ ထာဝရကြယ်ကို တခြား လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ထာဝရကြယ်နဲ့ ပေါင်းစည်းဖို့ ကြံနေတာလား "
ဝမ်ပေါင်လဲ့မှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
" ဒါ ပထမဆုံး လူမှုအဖွဲ့အစည်းပဲ ရှိပါသေးတယ်။ ကျွန်တော့်မှာ တခြား အစီအစဉ်တွေ ရှိသေးတယ်။ နောက်ကျရင် ကျွန်တော်က တခြား ထာဝရကြယ်တွေကိုပါ ဆွဲငင်ပြီးတော့ နေအဖွဲ့အစည်းနဲ့ ပေါင်းစည်းပေးဦးမှာပါ။ အဲတာဆိုရင် လူကြီးမင်းတို့တွေရဲ့ ဒဏ်ရာပျောက်ကင်းမှုနှုန်းက ပိုပြီးတော့ကို မြန်လာဦးမှာ "
ဝမ်ပေါင်လဲ့မှာ ပြုံးနေပါသော်လည်း စိတ်ထဲတွင် တည်ကြည်မှုအပြည့် ရှိနေ၏။ သူသည် ကျယ်ပြန့်တာအိုနန်းတော်မှာ ပြည်ထောင်စုကြီး၏ ရန်သူများအဖြစ် ရှိမနေသင့်ကြောင်း သိထားသည်။ ကျယ်ပြန့်တာအိုနန်းတော်နှင့် အဆုံးမဲ့မျိုးနွယ်စု၏ ကြားရှိ ရန်ငြိုးကြောင့် သူတို့မှာ မဟာမိတ်များ ဖြစ်နေသင့်ပေသည်။
သို့သော် သူတို့မှာ မဟာမိတ်များ ဖြစ်နေလျှင်တောင် အပြန်အလှန်လေးစားမှုရှိရန် လိုအပ်ပေသည်။ ထိုသို့သာ မဟုတ်ပါက သူတို့မှာ မဟာမိတ်များ မဟုတ်ဘဲ ကျွန်ပြုခံထားရသကဲ့သို့သာ ဖြစ်နေမည်မဟုတ်ပါလော။
ထို့ကြောင့်လည်း သူသည် ယခုလို ဟိတ်ဟန်ထုတ်ပြခဲ့ရခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ ကျယ်ပြန့်တာအိုနန်းတော်နှင့် မဟာမိတ်ဖွဲ့နိုင်မည်ဆိုပါက ပြည်ထောင်စုကြီးအတွက် အကျိုးရှိနိုင်မည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် လူရည်လည်သူတစ်ယောက် ဖြစ်ရာ သူ၏ ရည်မှန်းချက်ပန်းတိုင်များကို ဆွတ်ခူးလိုပါက အခြားသူများအား မက်လုံးပေးရန် လိုအပ်ကြောင်း နားလည်ထားသည်။ ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးအား ဆွဲဆောင်နိုင်သည့်အရာ အများကြီးရှိနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ့ဘက်မှ သူတို့၏ ဒဏ်ရာပျောက်ကင်းမှုနှုန်းအား မြှင့်တင်ပေးနိုင်မည့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းသည့် နည်းလမ်းကိုသာ ကမ်းလှမ်းနိုင်မည်ဖြစ်ကြောင်း သိလိုက်ရသည်။
ထို့အပြင် အကယ်၍ သူသာ ထိုကမ်းလှမ်းချက်အား အစကတည်းက ထုတ်ပြောလိုက်မည်ဆိုပါက ရလဒ်များမှာ စိတ်ကျေနပ်စရာ ကောင်းနေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အဆင့်အတန်းများမှာ တန်းတူအနေအထားတွင် ရှိနေမည် မဟုတ်သောကြောင့်ပင်။ ထို့အပြင် အကယ်၍ သူသာ ထိုကမ်းလှမ်းချက်အား ဗန်းပြကာ ထာဝရကြယ်အဆင့် လူငယ်လေးအား အပြစ်ပေးရန် ဖိအားပေးခြိမ်းခြောက်ခဲ့လျှင်လည်း ရလဒ်များမှာ အနှုတ်သဘော ဆောင်နေခဲ့မည်သာ ဖြစ်သည်။
ထို့ကြောင့်လည်း သူသည် ဤနေရာသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သဲ့ယွင်ကျစ်၏ ဂိုဏ်းတူအစ်ကိုကြီးအား မောက်မာဝင့်ကြွားစွာ သတ်ဖြတ်ပြလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူသည် သူ၏ဝှက်ဖဲအား ထုတ်ပြလိုက်သဖြင့် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ ထာဝရကြယ်အဆင့် လူငယ်လေးအား အပြစ်ပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ယခုတွင် သူတို့၏ အဆင့်အတန်းများမှာ တန်းတူအနေအထားတွင် ရှိနေပြီဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့်လည်း သူသည် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီး မကျေမနပ် ဖြစ်နေသည့် အချိန်တွင် ယခုကဲ့သို့ လက်ဆောင်ပေးရန် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
ပလ္လင်ပေါ်တွင် ထိုင်နေသည့် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ အခြေအနေတစ်ခုလုံးအား ချက်ချင်းရိပ်စားမိသွား၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်မိလိုက်သည်။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့ လူမှုအဖွဲ့အစည်းများအား ပေါင်းစည်းရခြင်း၏ အဓိကရည်ရွယ်ချက်အား နားလည်ထားပြီးဖြစ်သည်။ ၎င်းမှာ နေအဖွဲ့အစည်းထဲရှိ လူမှုအဖွဲ့အစည်း၏ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်။ သို့သော် ဤ လူမှုအဖွဲ့အစည်း၏ အဆင့်အတန်း မြင့်မားလာသည်နှင့် သူနှင့် အခြားသူများ၏ ဒဏ်ရာပျောက်ကင်းမှုနှုန်းများမှာလည်း ပို၍ မြန်ဆန်လာမည်ဖြစ်ရာ သူတို့အတွက် အကျိုးကျေးဇူး အများကြီးရှိကြောင်း ဝန်ခံရပေမည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ နောက်ဆုံးစကားတစ်ခွန်းကြောင့် သူသည် အလွန်အင်မတန်မှ စိတ်ဝင်စားသွားရ၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ပြည်ထောင်စု လူမှုအဖွဲ့အစည်း၏ အဆင့်အတန်းအား အဆက်မပြတ် မြှင့်တင်ပေးနိုင်စွမ်း ရှိနေမည်ဆိုပါက သူ့အတွက် အကျိုးကျေးဇူး အမြောက်အမြား ရှိလာနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ဝမ်ပေါင်လဲ့အား တည်ကြည်စွာ စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
" ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး။ ချင်လင်းကျစ်က သူ့အဆင့်သူ မသိဘဲနဲ့ အမှားကြီးတစ်ခု ကျူးလွန်မိခဲ့တာမလို့ တာအိုနန်းတော်နဲ့ ပြည်ထောင်စုကြီးရဲ့ကြားက မဟာမိတ်ဆက်ဆံရေးကို ဖျက်ဆီးမိလုနီးပါး ဖြစ်သွားခဲ့ရတာပါ။ အဲတာမလို့ သူ့မှာ အပြစ်ရှိပါတယ်။ တာအိုနန်းတော်နဲ့ ပြည်ထောင်စုကြီးက ရန်သူတွေ မဖြစ်သင့်ဘူးလေ။ ငါတို့ဆီမှာ ဘုံရန်သူတစ်ယောက် ရှိနေပြီးသားကို... " ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် အပြင်ဘက်တွင် ရှိနေသည့် အမှောင်အဆောင်ပစ္စည်းအား လှမ်းကြည့်မိလိုက်၏။ ထိုအခါမှသာ သူသည် သူ၏ရှေ့တွင် ရှိနေသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူလေးမှာ အမှောင်ဂိုဏ်း၏ အငွေ့အသက်များကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားလက်နက်တစ်ခုအား ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သတိထားမိသွားသည်။ ထို ကျင့်ကြံသူလေးမှာ သူ့အား သူသည် အမှောင်ဂိုဏ်းမှဖြစ်ပြီး သူတို့၏ ရန်သူများမှာ အတူတူဖြစ်ကြောင်း အသိပေးနေခြင်း ဖြစ်ပေသည်။
" စေ့စပ်တိကျပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသလို ကြံရည်ဖန်ရည်ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ... " ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ တာအိုနန်းတော်၏ လူငယ်မျိုးဆက်အကြောင်း ပြန်၍ သတိရသွားသဖြင့် လေသံတိုးတိုးဖြင့် သက်ပြင်းချကာ စကားဆက်ပြောလိုက်၏။
" အခုစကပြီးတော့ တာအိုနန်းတော်က ပြည်ထောင်စုကြီးရဲ့ ပြည်တွင်းရေးကိစ္စတွေထဲမှာ ဝင်မပါတော့ပါဘူး။ ကျင့်ကြံခြင်းပညာရပ်တွေကိုပဲ ဖလှယ်ကြတာပေါ့။ ပြီးတော့ ရန်သူတွေ ကျူးကျော်လာရင်လည်း ငါတို့တွေ အတူတကွ ပူးပေါင်းပြီးတော့ စည်စည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တက်ညီလက်ညီ ခုခံတိုက်ခိုက်ကြမယ် "
" ကျေးဇူးတင်ပါတယ် လူကြီးမင်း " ထိုအခါ ဝမ်ပေါင်လဲ့သည်လည်း အသက်ပြင်းပြင်းရှူလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။