မဟူရာ ရေနဂါးရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်
Vol. 37 Ch. 503
(note - အနက်ရောင် ရေနဂါးအစား မဟူရာ ရေနဂါးလို့ သုံးနှုန်းသွားပါမယ် ခင်ဗျာ။ )
"စိတ်ဝိညာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဝင်္ကပါ အစီအရင်လား"
လီဖူချန်းရဲ့ စိတ်ဝိညာဉ်က အလွန်အမင်း အားကောင်းနေတာ ဖြစ်တဲ့အတွက် နာကျင်မှုက သိပ်ပြီး မဆိုးဝါးလှပါဘူး။ ဒါပေမဲ့လည်း အကြီးအကဲဝမ်ရဲ့ စကားကို ကြားပြီးတဲ့ အခါမှာတော့ သူက အတွေးတစ်ချက် ဝင်လာခဲ့ပါတယ်။
'ဘယ်လို ဝင်္ကပါအစီအရင်ကများ ငါ့ရဲ့ စိတ်ဝိညာဉ်ကို နာကျင်အောင် လုပ်နိုင်ရတာလဲ' ဆိုပြီးတော့ပေါ့။
စိတ်ဝိညာဉ် သန်မာမှုခြင်း ယှဉ်မယ် ဆိုရင်တော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ မူလပင်လယ် နယ်ပယ်က ဘုရင်တွေကို မယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။ သူ့ရဲ့ စိတ်ဝိညာဉ် သန်မာမှုက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေနဲ့တောင်မှ အတူတူလောက် ရှိရင် ရှိနေမှာပါ။
မီးခိုး၊ အစိမ်း၊ အပြာ၊ ခရမ်း ...
သူ့ရဲ့ စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲခြင်းကို သုံးကြိမ်တိတိ ဖြစ်ပွားခဲ့ပြီး အခုဆိုရင် ခရမ်းနုရောင် ဖြစ်နေပါပြီ။ သူ့ရဲ့ တစ်မူ ထူးခြားလှတဲ့ ထိုးထွင်းသိမြင်မှုက သူ့ကို ပြန်လည်ဝင်စားခြင်း နယ်ပယ် အစမှာတင် မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ ယှဉ်နိုင်တဲ့ စိတ်ဝိညာဉ်ကို ပေးစွမ်းခဲ့ပါတယ်။ ထိုးထွင်းသိမြင်မှုချည်း သက်သက် ယှဉ်မယ် ဆိုရင်လည်း လီဖူချန်းက မူလပင်လယ် နယ်ပယ်က ဘယ်သူ့ကိုမဆို မရှုံးနိုင်ပါဘူး။
လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာကတည်း မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ယှဉ်လို့ ရတယ် ဆိုတာနဲ့တင် သူ့ရဲ့ စိတ်ဝိညာဉ် ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာကို ခန့်မှန်းကြည့်လို့ ရနေပါပြီ။
အခုတော့ လီဖူချန်းဟာ နာကျင်မှု ဝေဒနာကို ခံစားနေရပါတယ်။ သည်ဝင်္ကပါ အစီအရင်ဟာ ဘယ်လောက်ထိ အစွမ်းထက်သလဲ ဆိုတာကို လီဖူချန်းကိုယ်တိုင်လည်း မမှန်းဆ နိုင်တော့ပါဘူး။
ဒါပေမဲ့ လီဖူချန်း မသိတာကတော့ သည်ဝင်္ကပါ အစီအရင်ဟာ စိတ်ဝိညာဉ်တွေကို ပစ်မှတ်မထားဘဲ အစစ်အမှန် စိတ်ဝိညာဉ်တွေ နဲ့ မိစ္ဆာသားရဲ ဝိညာဉ်တွေကိုသာ ပစ်မှတ်ထားတယ် ဆိုတာပါပဲ။
သူတို့က သည်ဝင်္ကပါ အစီအရင်ရဲ့ အစွန်းထွက် စွမ်းအားလေးကိုသာ ခံစားရတာ ဖြစ်ပါတယ်။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သူတို့က ဓားခုတ်ရာမှာ လက်ဝင် လျှိုမိတာပါ။
"အား ... ငါတော့ မရတော့ဘူးဟေ့"
"ဝေါ့"
"အား"
နာကျင်မှု ဝေဒနာကို လီဖူချန်းက ခံနိုင်သေးပေမဲ့လည်း တခြားသူတွေကတော့ မခံနိုင်တော့ပါဘူး။
ပထမဆုံး စိတ်ဝိညာဉ်တွေ ပျက်စီးပြီး အသက်ပျောက် ကုန်တာကတော့ အပြင်စည်း တပည့်တွေပါပဲ။ အဲသည်နောက်မှာတော့ အတွင်းစည်း တပည့်တွေလည်း စိတ်ဝိညာဉ် ပျက်စီးပြီး အသက်ပျောက် ကုန်ကြပါတယ်။
သိပ်မကြာခင်မှာတော့ အကြီးအကဲဝမ်ပါ အသက်ပျောက်သွားပြီး ဘုရင်အဆင့် အတွင်းစည်းဂိုဏ်းသား စုဟန်ကတော့ နောက်ဆုံးမှ အသက်ပျောက်သွားပါတယ်။
"အ ... ကြီး အကဲ ... ဝမ် ... မ ... မသေ နဲ့ ဦးလေ"
"အ ... အစ်ကို ... စု။ မျက် ... မျက်လုံး ... ဖွင့်ပါဦး"
လူတွေအားလုံး မျက်နှာတွေ ရှုံ့တွပြီး အသက်ပျောက်သွားတဲ့ နောက်မှာတော့ လီဖူချန်းဟာလည်း ခေတ္တခဏ သွေးပျက် သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း သိပ်မကြာမှာပဲ သူဟာ သတိ ပြန်ဝင်လာခဲ့ပါတယ်။
"ဟူး ... မတတ်နိုင်ဘူးလေ။ ငါလည်း ဘာမှ လုပ်ပေးလို့မှ မရတာ"
ဒါက သိုင်းတာအိုရဲ့ လမ်းခရီးပါပဲ။ သိုင်းတာအိုကို လျှောက်လမ်းတဲ့ လမ်းခရီးမှာတော့ သေဆုံးတယ် ဆိုတာက ဘာမှ ထူးဆန်းတဲ့ အရာ မဟုတ်ပါဘူး။
တကယ်လို့ လီဖူချန်းဆီမှာသာ အားကောင်းတဲ့ စိတ်ဝိညာဉ် မရှိခဲ့ဘူးဆိုရင် သူကိုယ်တိုင်ဟာလည်း သည်နေရာမှာ သေမှာပါပဲ။
"ငါသည်ထက် ပိုအစွမ်းထက်လာအောင် ကြိုးစား ကျင့်ကြံရမယ်"
တစ်ချိန်တည်းမှာပဲ လီဖူချန်းဟာ သူဘယ်လောက်အထိ အားနည်းနေသေးသလဲ ဆိုတာကို သိလာခဲ့ပါတယ်။
အခုလို မမျှော်လင့်ထားတဲ့ အန္တရာယ်မျိုးနဲ့ ကြုံရတဲ့ အခါမှာဆိုရင် သူဟာ ဘာမှ တတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူဟာ အခြားသူတွေလိုပဲ ကံစီမံရာ နောက်ကိုသာ မျက်စိမှတ် လိုက်ခဲ့ရပါတယ်။
အခုဆိုရင် စစ်သင်္ဘောရဲ့ ယာယီပိုင်ရှင်ဖြစ်တဲ့ စုဟန် သေဆုံးသွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းအတွက် ရွေးချယ်စရာ မရှိတော့ပါဘူး။ သူက မာလိန်မှုးနေရာကို ယူပြီး စစ်သင်္ဘောကို ကိုယ်တိုင် ထိန်းရပါတော့မယ်။
များပြားလှတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို လောင်စာအဖြစ် အသုံးပြုတာက အဆင်ပြေပေမဲ့လည်း အမြန်နှုန်းက အတော်လေး နှေးလွန်းလှပါတယ်။ သည်နှုန်းအတိုင်း သွားနေမယ် ဆိုရင်တော့ လီဖူချန်းအနေနဲ့ သည်သွေးဝင်္ကပါ စက်ကွင်းထဲကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ပါဘူး။
" ဘာတတ်နိုင်မှာလဲ။ ငါ မသေသေးသရွေ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ရှာလို့ ရသေးတာပဲ "
လီဖူချန်းက အံကို တင်းတင်းကျိတ်လိုက်ပြီး သိုလှောင်အိတ်ထဲက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ယူကာ စစ်သင်္ဘောရဲ့ စွမ်းအင် သိုလှောင်ကန်ထဲကို ပစ်ထည့် လိုက်ပါတော့တယ်။
ရွှီး ...
စစ်သင်္ဘောက လေထုကို ခွင်းကာ ပြေးထွက် သွားခဲ့ပါပြီ။ အဲသည်အရှိန်က အစောပိုင်းတုန်းကထက် နှစ်ဆ ပိုမြန်နေပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ စိတ်ထဲမှာတော့ အဲသည်အမြန်နှုန်းက ဘာမှ မသိသာပါဘူး။ အဲဒါက ပက်ကျိ တစ်ကောင်ရဲ့ သွားနှုန်းကနေ လိပ်တစ်ကောင်ရဲ့ သွားနှုန်း ပြောင်းသွားသလိုပါပဲ။
လီဖူချန်းကတော့ သူ့ရဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ဆက်ပြီးတော့ မဖြုန်းတီးတော့ပါဘူး။ သူက ဝေဒနာကို အံကြိတ်ခံလိုက်ပြီး စစ်သင်္ဘောကြမ်းပြင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပါတော့တယ်။
သူက သည်ဝင်္ကပါဟာ တစ်သက်လုံး ရှိနေလိမ့်မယ်လို့ မယုံကြည်ပါဘူး။ တကယ်လို့ သူ့အထင်သာ မမှားခဲ့ရင်တော့ သည်ဝင်္ကပါဟာ ပြီးခဲ့တဲ့ တိုက်ပွဲသုံးခုကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ရပါမယ်။ သည်ဝင်္ကပါ ပြန်လည်ပျောက်ကွယ်သွားရင်တော့ သူ့အနေနဲ့ အသက်ရှင်နိုင်ဖို့ မျှော်လင့်နိုင်ပါသေးတယ်။
အခုအချိန်မှာတော့ သူ့အတွက် ရွေးချယ်စရာလမ်းက ဘာမှ မရှိပါဘူး။ သူ့အနေနဲ့ ကံစီမံရာနောက်ကိုသာ လိုက်နေရုံပဲ ရှိပါတယ်။
သွေးအလင်းတန်းကတော့ သူ့ကို ဆက်ပြီး ဒုက္ခပေးနေဆဲပါပဲ။ အဲသည် သွေးအလင်းတန်းက စစ်သင်္ဘောရဲ့ အကာအကွယ် ဝင်္ကပါကို မျက်ကွယ်ပြုကာ လီဖူချန်ရဲ့ စိတ်ထဲကို တိုးဝင်လာနေပါတယ်။
ရှဲ ... ရှဲ …
လီဖူချန်းကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ အငွေ့ပျံပြီး တဖြည်းဖြည်း လုံးပါး ပါးလာနေတာကို ခံစားနေမိပါပြီ။
ကံကောင်းတာ တစ်ခုကတော့ အဲသည် အငွေ့ပျံနှုန်းဟာ အတော်လေး နှေးကွေးနေတာပါပဲ။ အဲဒါက မြစ်ကြီးတစ်စင်းထဲကနေ ရေတစ်ခွက်ချင်းစီ ခပ်နေတာနဲ့တောင် ဆင်တူပါသေးတယ်။
လီဖူချန်းက သည်နှုန်းအတိုင်း ဆိုရင်တော့ နောက်ထပ် နှစ်အနည်းငယ် ကြာရင်တောင် သူ့ရဲ့ စိတ်ဝိညာဉ် မပျက်စီးသွားဘူး ဆိုတာကို ခန့်မှန်းမိလိုက်ပါတယ်။
ဒါပေမဲ့ ပြဿနာက နာကျင်မှု ပါပဲ။
အချိန်တွေ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ လီဖူချန်းဟာ သည်နာကျင်မှု ဝေဒနာကို လုံးဝ တောင့်မခံနိုင်တော့ပါဘူး။ သူ့ရဲ့ မျက်နှာကလည်း ရှုံ့တွသထက် ရှုံ့တွလာခဲ့ပါပြီ။ သည်ကြားထဲမှာမှ စစ်သင်္ဘောကလည်း အရှေ့ကို သွားရမယ့် အစား အနောက်ကို ပြန်ဆုတ် သွားခဲ့ပါသေးတယ်။ အမှန်ဆိုရင် စစ်သင်္ဘောက သွေးပင်လယ်ရဲ့ အပြင်ဘက်ကို ဦးတည်ပြီး သွားရမှာ ဖြစ်ပေမဲ့ အခုတော့ စစ်သင်္ဘောက သွေးပင်လယ်ရဲ့ အလယ်ဗဟို တည့်တည့်ကို နောက်ပြန် သွားနေခဲ့ပါပြီ။ မသိရင်တော့ မမြင်ရတဲ့ လက်ကြီးတစ်ခုက စစ်သင်္ဘောကို နောက်ပြန် ဆွဲယူသွားသလိုပါပဲ။
အကောင်းမြင်စိတ်နဲ့ ပြောရမယ် ဆိုရင်တော့ စစ်သင်္ဘောရဲ့ နောက်ပြန်သွားနှုန်းဟာ အရင်တုန်းကထက် အဆမတန် မြန်တယ်လို့ ပြောရပါမယ်။
"ရဲသော်မသေ ... သေသော် ငရဲမလားကွ"
"လူဆိုတာ နှစ်ခါသေရိုး ထုံးစံမရှိဘူးဟေ့"
သွေးဝင်္ကပါထဲကနေ မလွတ်တော့ဘူး ဆိုတာကို ရိပ်မိသွားတဲ့ လီဖူချန်းကတော့ သွေးလေချောက်ချားပြီး ဝူးဝူးဝါးဝါးတွေ လျှောက်အော်နေပါပြီ။
(note - မြန်မာစကားပုံမှာ ရှိတာက ရဲဘော်မသေ၊ သေသော် ငရဲမလား ဖြစ်ပါတယ် ခင်ဗျာ။ သည်အပိုင်းမှာ ရေးထားတဲ့ တရုတ် စကားပုံက နည်းနည်း နားလည်ရ ခက်တဲ့အတွက် ကျွန်တော်က နည်းနည်း ပြင်လိုက်တာပါ။ သည်အတွက်ကို တောင်းပန်ပါတယ် ခင်ဗျာ။
ဘန်း ...
သုံးရက်အကြာမှာတော့ လီဖူချန်း စီးနင်းနေတဲ့ စစ်သင်္ဘောဟာ တောင်ထိပ်တစ်ခုနဲ့ တိုက်မိပြီး နှစ်ခြမ်း ကွဲသွားပါတော့တယ်။ သင်္ဘောနှစ်ခြမ်း ကွဲသွားတဲ့အတွက် လီဖူချန်းကလည်း သင်္ဘောပေါ်ကနေ ဆင်းလာခဲ့ရပါပြီ။
ကောင်းကင်ဆီကို တိုးထွက်နေတဲ့ သည်တောင်ထိပ်ဟာ တစ်ခုခု မှားနေတယ် ဆိုတာကို လီဖူချန်း တစ်ယောက် ခံစားလိုက်ရပါတယ်။
" ဟင် ... ဒါက တောင်ထိပ် မဟုတ်ဘူးဟ "
လီဖူချန်းရဲ့ ခံစားချက်က မမှားပါဘူး။ သူရောက်နေတဲ့ နေရာက တကယ်တမ်းမှာတော့ တောင်ထိပ်မဟုတ်ဘဲ ခရုပတ် အင်းကွက်တွေနဲ့ ဦးချိုတစ်ခု ဖြစ်နေပါတယ်။ ဒါကြီးက ဧရာမ ဦးချိုကြီး တစ်ခုပါပဲ။
သူ့ရဲ့ စစ်သင်္ဘောက ပင်လယ် ရေမျက်နှာပြင်အထက် မီတာ ထောင်ပိုင်း အကျော်မှာ ပျံသန်းနေတာပါ။ အဲသည်အတွက် သည်ဦးချိုကြီးဟာလည်း အနည်းဆုံး မီတာထောင်ချီ ရှိရပါမယ်။
လီဖူချန်းက သူထင်တာ မှန်၊ မမှန် ဆိုတာကို သိလိုတဲ့အတွက် သူ့ရဲ့ အသိစိတ် အာရုံကို ဖြန့်ကြက်ပြီး အာရုံခံ ကြည့်လိုက်ပါတယ်။
တိမ်တွေကို ဖောက်ထွင်းထားတဲ့ ဦးချိုရဲ့ အရင်းပိုင်းမှာတော့ ကြီးမားလှတဲ့ မဟူရာရောင် ဦးခေါင်းကြီးတစ်လုံး ရှိနေပါတယ်။ အဲသည်ဦးခေါင်းကြီးမှာ ရှိနေတဲ့ မျက်လုံးနှစ်လုံး ကတော့ မှိတ်နေပြီး မျက်နှာ အမူအရာကတော့ နာကျင်မှု ဝေဒနာကို ပြင်းထန်စွာ ခံစားနေရပုံပါပဲ။
အဲသည်ဦးခေါင်းကြီးတဲ့ ဆက်စပ်နေတဲ့ ခန္ဓာကိုယ်ကတော့ ရှည်လျားလွန်းလှတဲ့ အတွက် တစ်ခါကြည့်ရုံနဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို မမြင်နိုင်ပါဘူး။
"သည်ကောင်ကြီးရဲ့ ခန္ဓာကိုယ်က မိုင်ရာချီပြီး ရှိနေတာပဲ။ သည်ကောင်ကြီးက မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးများလား"
လီဖူချန်းက သတ္တိနည်းလှတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူက သည်မိစ္ဆာသားရဲကြောင့် အသက်ရှူရတာတောင် ခက်ခဲလာခဲ့ပါတယ်။
အဲသည်အချိန်မှာပဲ မဟူရာ ဦးခေါင်းကြီးမှာ ရှိနေတဲ့ မျက်လုံးကြီး နှစ်လုံးဟာ ပွင့်လာခဲ့ပါပြီ။ မျက်လုံးတွေ ဖွင့်လိုက်တာနဲ့ တစိပြိုင်နက် ပတ္တမြားရောင် သန်းနေတဲ့ အလင်းတန်းနှစ်ခုဟာ ကောင်းကင်ယံကို ထိုးတက် သွားခဲ့ပါတယ်။
သည်မျက်လုံး တစ်လုံးချင်းစီက အရွယ်အစား မီတာ ရာပိုင်းအနည်းငယ် ရှိပြီး မသိရင် ရေကန်ငယ် နှစ်ခုလိုပါပဲ။
ဒါပေမဲ့ မျက်လုံးတွေက အေးစက်ပြီး ခံစားချက် ကင်းမဲ့နေခဲ့ပါတယ်။ အဲသည်မျက်လုံးတွေက တစ်လောကလုံးမှာ ရှိနေတဲ့ အရာမှန်သမျှကို အထင်သေး စက်ဆုပ်နေသလိုပါပဲ။ တကယ်လို့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကသာ အားကောင်းခြင်း မရှိခဲ့လို့ကတော့ အဲသည်အကြည့် တစ်ချက်နဲ့တင် သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ပျက်စီး သွားလောက်ပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းက သည်မျက်လုံးတွေထဲမှာ အကြောက်တရားနဲ့ အထီးကျန်ဆန်မှုတွေ ရှိနေတာကို သတိပြု မိလိုက်ပါတယ်။
" လူသား ... ကျေးဇူးပြုပြီး ငါ့ကို ချိပ်ပိတ်ထားတာတွေကို ဖယ်ပေးနိုင်မလား "
အိုမင်းပြီး ဆွေးမြည့်နေတဲ့ အသံတစ်ခုက လီဖူချန်းရဲ့ စိတ်ထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့ပါပြီ။
လီဖူချန်းက သူ့ရဲ့ အသက်ရှူနှုန်းကို မမြန်အောင် ထိန်းလိုက်ပြီး ခေါင်းခါလိုက်ပါတယ်။
"ကျွန်တော်က အားနည်းတဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်ပါတယ်။ အဲသည်အတွက် ကျွန်တော့်ဆီမှာ သည်ချိပ်ပိတ်ထားတာကို ဖယ်ပေးဖို့ နည်းလမ်း မရှိပါဘူး "
ကြည့်ရတာတော့ သည်သားရဲကြီးက ချိပ်ပိတ် ဖမ်းဆီးတာကို ခံထားရတဲ့ ပုံပါပဲ။ သည်ပင်လယ်ပြင်ကို လွှမ်းမိုးထားတဲ့ သွေးဝင်္ကပါကလည်း သည်မိစ္ဆာသားရဲ ဧကရာဇ်ကို ဖမ်းဆီးအကျဉ်းချဖို့ ခင်းကျင်းထားတာပဲ ဖြစ်ရပါမယ်။
လီဖူချန်းက ဖမ်းဆီးအကျဉ်းချ ခံထားရတဲ့ မိစ္ဆာသားရဲ ဧကရာဇ်ကို ကြည့်ပြီး စိတ်ထဲမှာ အနည်းငယ် လေးလံထိုင်းမှိုင်း သွားသလို ခံစားလိုက်ရပါတယ်။ သည်မိစ္ဆာသားရဲ ဧကရာဇ်ဟာ ဘယ်အချိန်ကတည်းက သည်နေရာမှာ ဖမ်းဆီးအကျဉ်းချ ခံထားရတယ် မသိပါဘူး။
"မင်း မတတ်နိုင်ဘူးလား။ အင်း ... ဒါဆိုလည်း ထားလိုက်ပါတော့"
မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ မျက်လုံးတွေကတော့ ပြန်မှိတ်သွားခဲ့ပါပြီ။ သူက လီဖူချန်းကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။
"သည်ကောင်ကြီးက အရွယ်ရောက်နေတဲ့ သွေးသန့် မဟူရာ ရေနဂါးပဲ ဖြစ်ရမယ်။ ဘယ်လို ကျင့်ကြံသူကများ သူ့ကို သည်နေရာမှာလာပြီး ဖမ်းဆီးထားပါလိမ့်။ အနီရောင် ရေနဂါးဘုရင်က သည်မိစ္ဆာသားရဲ ဧကရာဇ်ကို လွှတ်ပေးချင်လို့ စစ်ပွဲတွေ ဆင်နွှဲနေတာလား။ ဒါမှမဟုတ် သူ့ဆီမှာ တခြား အကြံအစည်တစ်ခု ရှိနေတာလား "
လီဖူချန်းရဲ့ စိတ်ထဲမှာတော့ မေးခွန်းပေါင်းစုံ ဖြစ်တည်လာခဲ့ပါတယ်။ သူ့အနေနဲ့ အဲသည် အကြောင်းအရာတွေကို မစဉ်းစားဘဲ မနေနိုင်ပါဘူး။
သူ့ရဲ့ စိတ်ဝိညာဉ် ပျက်စီးမှု နှုန်းကလည်း တဖြည်းဖြည်း ပိုမြန်လာခဲ့ပါပြီ။
သူက နာကျင်မှုနဲ့ ပတ်သက်ပြီး တဖြည်းဖြည်း အသားကျလာပေမဲ့ စိတ်ဝိညာဉ် ပျက်စီးမှုနဲ့ ပတ်သက်ရင်တော့ ဘာမှ မတတ်နိုင်ပါဘူး။
အစောပိုင်းက သူ့ရဲ့ စိတ်ဝိညာဉ် ပျက်စီးမှုနှုန်းက မြစ်ထဲကရေကို ခွက်တစ်လုံးနဲ့ ခပ်နေသလို ဆိုရင် အခု သူ့ရဲ့ စိတ်ဝိညာဉ် ပျက်စီးမှုနှုန်းက မြစ်ထဲကရေကို ပုံးတစ်လုံးနဲ့ ခပ်နေသလိုပါပဲ။ ဒါကိုတော့ လီဖူချန်းအနေနဲ့ အပြင်မတင်လိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သည်နေရာက ဝင်္ကပါရဲ့ အလယ်ဗဟို မဟုတ်ပါလား။ ဝင်္ကပါတစ်ခုရဲ့ အလယ်ဗဟိုက တခြားနေရာတွေထက် အားကောင်းတယ် ဆိုတာဟာ ဓမ္မတာပါပဲ။
လီဖူချန်းက အဲသည်လို ဖြစ်နေတာတောင်မှ အစောပိုင်းတုန်းက သူစဉ်းစားနေတဲ့ မေးခွန်းတွေကို ဆက်ပြီး အဖြေရှာ နေပါသေးတယ်။
အချိန်တစ်ရက် ကုန်သွားပြီးတဲ့ နောက်မှာတော့ ကောင်းကင်ပေါ်ကနေ ကျဆင်းနေတဲ့ သွေးအလင်းတန်းဟာ ပိုပြီး သိပ်သည်းလာခဲ့ပါပြီ။ လီဖူချန်းကတော့ တောင့်ခံနိုင်နေဆဲပါပဲ။
သည်အဆင့်၈ ဝင်္ကပါက လီဖူချန်းကို ပစ်မှတ်ထား တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သည်ဝင်္ကပါရဲ့ အစွန်းထွက် စွမ်းအင်လှိုင်းတွေနဲ့တင် လီဖူချန်းက တော်တော်လေး ဒုက္ခရောက်နေခဲ့ပါပြီ။
ချွမ် ...
သွေးအလင်းရောင် တစ်ချက်တောက်ပ သွားပြီးတဲ့ နောက်မှာတော့ မရေမတွက် နိုင်တဲ့ သွေးရောင် ကြိုးကြီးတွေဟာ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာခဲ့ပါပြီ။
အဲသည်နောက်မှာတော့ အဲသည်သွေးရောင် ကြိုးကြီးတွေဟာ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ ကိုယ်တွင်းက အရာတစ်ခုကို ဆွဲထုတ်ကြပါတော့တယ်။
ဂါး ... ဂရား ...
ဂါး ...
တစ်နေ့မှာတော့ လီဖူချန်းဟာ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ နာနာကျင်ကျင် ဆွေးဆွေမြည့်မြည့် အော်သံတွေကို အဆက်မပြတ် ကြားလိုက်ရတဲ့ အတွက် အခြေအနေကို အကဲခတ်ကြည့်လိုက်ပါတယ်။
လီဖူချန်းက မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ အခြေအနေကို အကဲခတ်တယ် ဆိုပေမဲ့ သူ့ရဲ့ အခြေအနေကလည်း သိပ်ပြီး အကောင်းကြီးထဲမှာ မပါတော့ပါဘူး။ အခုဆိုရင် ကျန်ရှိနေသေးတဲ့ စစ်သင်္ဘောတစ်ခြမ်းဟာ တစ်စစီ ဖြစ်သွားခဲ့ပြီ ဖြစ်သလို လီဖူချန်း ကိုယ်တိုင်ကလည်း ဒွါရကိုးပေါက်ကနေ သွေးတွေ စီးကျတာနဲ့ ကြုံနေရပါပြီ။ ပြီးတော့ သူ့ရဲ့ ခေါင်းကလည်း တူတစ်လက်နဲ့ အဆင်မပြတ် ထုခံထားရသလို နာကျင်နေခဲ့ပါတယ်။ စိတ်ဝိညာဉ် ပျက်စီးမှုကြောင့် နာကျင်နေရတဲ့ ခံစားမှုကတော့ ပြောပြလို့တောင် မရတော့ပါဘူး။
လီဖူချန်းက အောက်ကို ငုံ့ကြည့်လိုက်တဲ့ အခါမှာတော့ မရေမတွက်နိုင်တဲ့ သွေးရောင် ကြိုးကြီးတွေဟာ မဟူရာနဂါး ပုံရိပ်တစ်ခုကို မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲက အတင်း ဆွဲထုတ်နေတာကို တွေ့လိုက်ရပါတယ်။
" မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်လား "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
နောက်ထပ်တစ်ရက် အကြာမှာတော့ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်ဟာ မရေမတွက်နိုင်တဲ့ သွေးကြိုးကြီးတွေရဲ့ ဆွဲထုတ်မှုနောက်ကို လွတ်လွတ်ကျွတ်ကျွတ် ပါသွားခဲ့ပါပြီ။ သွေးကြိုးကြီးတွေက မိစ္ဆာသားရဲ ဝိညာဉ် အပိုင်းအစလေး တစ်ခုကိုတောင် မချန်သွားခဲ့ပါဘူး။
ဂါးဂရား ... ဂါး ...
အဲသည်အချိန်မှာပဲ အသက် ထွက်ခါနီးဆဲဆဲ မဟူရာ ရေနဂါးဟာ တစ်ချက်ဟိန်းလိုက်ပြီး သွေးဝင်္ကပါကို တစ်ချက် ဝင်ဆောင့်လိုက်ပါတော့တယ်။
လီဖူချန်းကတော့ မဟူရာရေနဂါးရဲ့ ဟိန်းသံကြောင့် သတိလစ်လုနီးပါး ဖြစ်သွားခဲ့ပါပြီ။
ဝေါ ... ဝေါ ... ဝေါ ...
ဟူး ... ဟူး ...
မဟူရာ ရေနဂါးရဲ့ ရုတ်တရက် လုပ်ဆောင်မှုက သွေးကြိုးကြီးတွေရဲ့ လုပ်ငန်းစဉ်ကို တစ်ချက် နှောင့်နှေး သွားစေခဲ့တယ်လို့ ဆိုရပါမယ်။
အဲသည်အချိန်မှာပဲ မဟူရာ ရေနဂါးရဲ့ အလွန်သေးငယ်လှတဲ့ စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုဟာ သွေးကြိုးကြီးတွေရဲ့ ရစ်ပတ် ချည်နှောင်ထားမှုကနေ လွတ်ထွက်သွားပြီး လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကို ခုန်ဝင် သွားပါတော့တယ်။
ကြည့်ရတာတော့ မဟူရာ ရေနဂါးဟာ သည်အချိန်အခါကို အစောကြီးကတည်းက စောင့်ဆိုင်းနေပုံပါပဲ။
***