နင်က ငါ့ကောင်လေးဖြစ်သွားပြီ
Vol. 17 Ch. 242
"ဝါး ဆရာ။ နင်က တစ်လကို သန်း ၂၀ တောင် ရနေပြီလား" စုရှောင်းယွီ လင်းဖန်ကို အံ့သြလေးစားစွာဖြင့် ကြည့်လိုက်ပါသည်။
စီးပွားရေးသမားတစ်ယောက်သာဆို တစ်လကို သန်း ၂၀ ရဖို့က မခက်ခဲနိုင်ပါ။
လင်းဖန်က ဘော့စ်လည်း မဖြစ်သေးပေ။ သီချင်း ၂ ပုဒ်သာ ဆိုရပါသေးသည်။
ထိုသီချင်း ၂ ပုဒ်၏ အကျိုးကျေးဇူးများကတော့ တိုင်းတာလို့ မရနိုင်အောင် ရှိလှသည်။
သီချင်း ၂ ပုဒ်က သန်း ၂၀ ကျော်တန်နေပြီး ဒါတောင် အစပဲ ရှိပါသေးသည်။
'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်း၏ နောက်ဆက်တွဲ ဝင်ငွေများကလည်း လင်းဖန် လက်ထဲကို ရောက်လာဦးမှာပဲဖြစ်သည်။
"သန်း ၂၀ တည်းပါ။ နင့်ရဲ့ တစ်ပတ်စာ မုန့်ဖိုးလောက်တောင် မရှိဘူး"။ လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်၏။ ဒီငွေကို သူက သိပ်ပြီး ဂရုမစိုက်ပါ။ ငွေပိုရတာ ကောင်းသော်လည်း သီချင်း ၁ ပုဒ် ၂ ပုဒ်လောက်နဲ့ ရှားဝမ်ချွေ့၏ စုငွေကို ကျော်လွန်ဖို့ ခက်ခဲပါသည်။
ဝင်ငွေအမြောက်အများက လင်းဖန်၏ ဇာတ်ညွှန်းများမှ လာသည်။
သို့မဟုတ် LV နှင့် Chanel တို့၏ အစုပေါ် အမြတ်များ ရရှိသည့်အခါတွင်ဖြစ်သည်။ ထို ကုမ္ပဏီကြီးများ၏ အစုပေါ် အမြတ်ကို ရရှိပါက လင်းဖန်၏ စုငွေမှာ အမြောက်အများ တိုးမြင့်သွားပါလိမ့်မည်။
သူက အခုထိ ရှားဝမ်ချွေ့ အောက်မှာပဲ ရှိနေပါသေးသည်။
သူ့မိသားစု၏ အဆင့်အတန်းအတွက် လင်းဖန် အလုပ်ကြိုးစားပြီး ငွေရှာရပါမည်။
တစ်သက်လုံး ဖိနှိပ်ခံရလို့ မဖြစ်ပါ။
ယောက်ျားတစ်ယောာက်အနေဖြင့်၊ သူ့မိသားစု အဆင့်အတန်းကို ပိုင်ဆိုင်ဖို့အတွက် ရှားဝမ်ချွေ့ကို ကျော်လွန်ရပါမည်။
သူ့စုငွေက ရှားဝမ်ချွေ့ထက် ပိုသာလွန်ရမည်။
"ငါ့တစ်ပတ်စာ မုန့်ဖိုးလောက် နင်မရတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဆရာက အရမ်းတော်တာပဲ။ သာမန်လူတွေဆို တစ်လတည်းနဲ့ ဘယ်လိုလုပ် ဒီလောက်ငွေအများကြီး ရနိုင်မှာလဲ~" စုရှောင်းယွီက ပြောလိုက်သည်။
လင်းဖန် "..."
လင်းဖန်က စုရှောင်းယွီ၏ ခေါင်းကို ပုတ်ပေးလိုက််ပါသည်။ "မြန်မြန်ဖယ်စမ်းပါ။ လူမုန်းများအောင် မလုပ်စမ်းပါနဲ့။ ငါ သီချင်း ၂ပုဒ် ရေးပြီး အသံသွင်းဖို့ အများကြီး ကြိုးစားထားရတာ။ နင်ရတဲ့ မုန့်ဖိုးလောက်တောင် ငါ့မှာ ပိုက်ဆံမရှိဘူး။ အဲ့တာ ငါတို့ကြားက ခြားနားချက်ပဲ။"
စုရှောင်းယွီက သခွားသီးကို ခပ်သေးသေး ကိုက်ဖဲ့လိုက်သည်။
ချမ်းသာတဲ့ အဖေ ပိုင်ဆိုင်ထားတာ သူမ အပြစ်လား။ သူမမှာ ရွေးချယ်စရာ မရှိပေ။
သူမ ကောင်လေးသာ ဖြစ်လာလျှင် သုံးစရာငွေ ဘယ်တော့မှ ကုန်တော့မှာ မဟုတ်ပါ။
သူမ လက်ထပ်သည့်အခါ သူမ အဖေက သူမ ယောက်ျားကို ငွေတွေ အများကြီး သေချာပေါက် ပေးပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူမအဖေရဲ့ မျက်လုံးထဲမှာတော့ ဘယ်သူမှ သူ့မိသားထက် ပိုချမ်းသာမနေဘူးဟု မြင်ပြီးသားဖြစ်သောကြောင့်ပင်။
သူမနဲ့ အဆင့်အတန်းတူ လိုက်ဖက်သူဆိုတာ မရှိပါ။
စုရှောင်းယွီ၏ မိသားစုနောက်ခံ အင်အားနဲ့ ယှဥ်လိုက်ပါက နေနဲ့လ ရွှေနဲ့ မြ ဆိုတာမျိုး မရှိတော့ပါ။
ကမ္ဘာပေါ်က အချမ်းသာဆုံးလူက ဒီမှာပဲဖြစ်သည်။ စုရှောင်းယွီ၏ အဖေက လတိုင်း ကြောက်ဖို့ ကောင်းလောက်သည့် ငွေပမာဏကို ရှာနိုင်သည်။
သူ့လို အဆင့်အတန်းမျိုးနဲ့လူက စုရှောင်းယွီရဲ့ ယောက်ျားမှာ ငွေရှိသလား အိမ်ရှိသလား ဂရုစိုက်နေမှာ မဟုတ်ပါ။
ကောင်လေးက စုရှောင်းယွီကို ကောင်းကောင်း ဆက်ဆံမည်ဆို လုံလောက်ပါပြီ။
ငွေကို လက်ခံရရှိပြီးနောက် လင်းဖန်၏ စုငွေက သန်း ၁၅၀ အထိ ရောက်ရှိသွားလေပြီ။
သန်း ၁၅၀ ဆိုတာာ အများကြီး ထင်ရသော်လည်း သူ အလွန်မွဲနေဆဲ ဖြစ်ပါသည်။
စုရှောင်းယွီနဲ့ ယှဥ်ကြည့်ပါက... ယှဥ်ဖို့တောင် မလိုပါ။
ရှားဝမ်ချွေ့နဲ့ ယှဥ်ကြည့်ပါက လင်းဖန် ဒီလောက်အကြာကြီး ရှာထားသည့် ငွေတွေကတောင် ရှားဝမ်ချွေ့၏ စုငွေကို မယှဥ်နိုင်သေးပါ။
လင်းဖန် ချက်ချင်းပဲ ဇာတ်ညွှန်းတွေ ထရေးသည်။
ရှားဝမ်ချွေ့၏ လက်ရှိစုငွေက သန်း ၆၀၀ ကျော်နေပါပြီ။
ရှားဝမ်ချွေ့ စုငွေက လင်းဖန်ထက် ၄ ဆလောက် ပိုများသည်။
ဒီ ၄ ဆ ကွာဟမှုကို ပြည့်မှီအောင် လုပ်ဖို့က လုပ်ရတာထက် ပြောရတာက ပိုလွယ်သည်။
ညပိုင်းတွင် လင်းဖန်က ဇာတ်ညွှန်းများ ဆက်လက် အာရုံစိုက် ရေးသားနေဆဲ ဖြစ်သည်။
"မြောင်မြောင်" ရှားဝမ်ချွေ့ ဝင်လာ၏။ သူမ ခုနကမှ ရေချိုးထားပြီး ဂါဝန်တစ်ထည်ကိုလည်း ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်က ရေစိုနေဆဲဖြစ်ကာ ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုလည်း ရနေဆဲ ဖြစ်ပါသည်။ သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများက လှပပြီး ကျက်သရေရှိစွာဖြင့် လင်းဖန်၏ ရှေ့သို့ သူမ ရောက်လာခဲ့ပါသည်။
"ငါအလုပ်များနေတယ်" လင်းဖန်က ပြောလိုက်သည်။
"နင် ဇာတ်ညွှန်းတွေ အပင်ပန်းခံပြီး ရေးနေပြန်ပြီလား" ရှားဝမ်ချွေ့က လင်းဖန်ဘေးကိုသွားပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။
"အင်း နှစ်ဝက်လောက်ကျရင် နင်နဲ့ငါနဲ့က မိသားစုအဆင့်ချင်း ပြိုင်ရမှာလေ။ ငါ့မိသားစု အဆင့်က သေချာပေါက် နိမ့်ကျလို့ မရဘူး" လင်းဖန်က ပြောလိုက်သည်။
အနာဂတ်မှာ သူ့မိန်းမ ဖိနှိပ်တာကိုသာ ခံရပါက ဘယ်လောက်တောင် နာကျင်လိုက်မလဲ သူတွေးမိပါသည်။
သူ အလုပ် မကြိုးစားပါက သူ့အဆင့်မှာ ရှားဝမ်ချွေ့ရဲ့ ကြောင်ကိုတောင် မမှီလောက်ပါ။
ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမ၏ ပါးပြင်လေးများက အနည်းငယ်နီရဲနေ၏။ "အရူးကောင် နင့်မှာ ငွေဘယ်လောက်ရှိရှိ မိသားစုအဆင့်က ဘာပဲဖြစ်ဖြစ် နင့်မှာ ငွေလိုရင် လိုသလောက် ငါပေးမှာပဲကို~"
"ဘာပဲဖြစ်ဖြစ် ငါ့ပိုက်ဆံတွေ အကုန်လုံးက နင့်ပိုက်ဆံတွေပဲလေ" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။
လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပါသည်။
ကောင်မလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ လင်းဖန်က ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို ပွေ့ဖက်လိုက်ပြီး ပြုံးလိုက်ပါသည်။ "မဟုတ်တာ။ နင့်ပိုက်ဆံက နင့်ပိုက်ဆံပဲလေ။ ငါလည်း အလုပ်ကြိုးစားရမှာပေါ့။ နင့်မိဘတွေ အထင်သေးတာ ခံရလို့ မဖြစ်ဘူး။ မဟုတ်ရင် နင့်ကို ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ။"
ရှားဝမ်ချွေ့၏ ပါးများ အနည်းငယ် နီရဲလာသည်။ သူမ လင်းဖန်၏ ပွေ့ဖက်မှုမှ လွတ်အောင် ရုန်းပြီး မတ်တပ်ရပ်လိုက်ပါသည်။ ခေါင်းကိုငုံ့ကာဖြင့် ပြောလိုက်၏။ "အရူးကောင် နင့်ကိုလက်ထပ်မယ်လို့ ဘယ်သူက သဘောတူလို့လဲ။ နင်လက်ထပ်ခွင့်တောင် မတောင်းရသေးဘူး။"
လင်းဖန်က ခေါင်းကုတ်လိုက်၏။ "အရင်တစ်ခေါက်..."
ရှားဝမ်ချွေ့ချိုမြိန်စွာ ပြုံးလိုက်သည်။ "အရင်တစ်ခေါက်က နင်သတိလစ်သွားတယ်လေ။ အဲ့တာ ထည့်မတွက်ဘူး~"
"ငါ့မိဘတွေ သဘောတူပြီးရင် နင်လက်ထပ်ခွင့် ထပ်တောင်းလို့ရတယ်။ အဲ့ကျမှ နင့်ကို လက်ခံသင့် မခံသင့် စဥ်းစားပေးမယ်" ရှားဝမ်ချွေ့က ပြောလိုက်၏။
"အင်းပါ အဲ့တာဆို ငါ့လက်စွပ်ပြန်ပေး" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
"မပေးဘူး" ရှားဝမ်ချွေ့က ခေါင်းခါလိုက်သည်။
ဒီလို ကောင်မလေးကို ကြည့်ရင်း လင်းဖန် သူမ လက်ကို ကိုင်ကာ သူမ၏ နဖူးကို ညင်ညင်သာသာ နမ်းလိုက်၏။
"မိန်းမ ဒီနေ့ည... အတူတူ အိပ်ကြရအောင်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း သူ သည်းမခံနိုင်တော့ပေ။
ရှားဝမ်ချွေ့က အစကတည်းက အသားအရေ ချောမွေ့ပြီး အလွန်လည်း လှပသူဖြစ်သည်။ သူမ ခုနကမှ ရေချိုးထားတာဖြစ်ပြီး ဂါဝန်တစ်ထည် ဝတ်ဆင်ထား၏။
ဘယ်လို သာမန်လူမှ ခံနိုင်ရည် မရှိလောက်ပါ။
ထို့အပြင် ရှားဝမ်ချွေ့က လင်းဖန်၏ ကောင်မလေး ဖြစ်သည်။
သူ့ကောင်မလေးအကြောင်း အတွေးဝင်မိတာ ပုံမှန်ပဲ မဟုတ်လား။
လင်းဖန်က သူတောင်စင်လည်း မဟုတ်ပါ။ သာမန်ယောက်ျားတစ်ယောက်ဖြစ်သည်။
ဒီနေ့ည သူမကို စားသုံးချင်၏။
ခဏလောက် သူ့ရင်ထဲက ဆန္ဒများ ဗလောင်ဆူလာပြီး မထိန်းနိုင်တော့ပါ။
"လူယုတ်မာ လူယုတ်မာ လူယုတ်မာ" ရှားဝမ်ချွေ့ မျက်နှာနီရဲသွားပြီး အခန်းထဲမှ လှည့်ထွက်သွားတော့သည်။
"အရူးကောင် လင်းဖန် နင် တကယ် အိပ်ချင်ရင်.... ငါတို့ မြန်မြန် လက်ထပ်မှ ရမယ်။ ငါ့ကို မြန်မြန်လက်ထပ်ပါ~" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။
"နှစ်ဝက်ဆိုတာ အကြာကြီး ဖြစ်ပေမယ့် နောက်ထပ် နှစ်ဝက်လောက်ပဲ သည်းခံပေးပါ~" ရှားဝမ်ချွေ့က ပြုံးလိုက်သည်။ သူမ၏ အနီရောင်နှုတ်ခမ်းလေးဖြင့် လင်းဖန်ကို သိမ်မွေ့စွာ နမ်းပြီးမှ ပြေးထွက်သွားတော့သည်။
သူမ၏ နောက်ကျောကိုကြည့်ရင်း လင်းဖန် တဖြည်းဖြည်းနဲ့ အသိစိတ်ပြန်ဝင်လာခဲ့ပါသည်။
သူ နှစ်ဝက်လောက် ထပ်ပြီး သည်းခံလိုက်ရမှာလား။
၂၅ နှစ်လုံးလုံး သည်းခံလာခဲ့ပြီးသား ဖြစ်သဖြင့် နှစ်ဝက်ဆိုလည်း သိပ်မဆိုးတော့ပါ။
လင်းဖန် ကုတင်ပေါ် လှဲလိုက်ပြီး မျက်နှာကြက်ကို ကြည့်ကာ သက်ပြင်းချလိုက်ပါသည်။
သူ့ဘဝကသာ ဝတ္ထုတစ်ပုဒ်ဆို စာရေးဆရာကို သတ်မိလောက်သည်။
သူ့မိန်းမနဲ့ အိပ်ဖို့က ဒီလောက်တောင် ခက်ခဲရသလား။
ကံမကောင်းစွာဖြင့် ဒါတွေအားလုံးက သူ့စိတ်ကူးယဥ်မှုတွေသာဖြစ်ပြီး လင်းဖန်က လက်တွေ့ဘဝမှာ နေထိုင်နေသူ ဖြစ်သည်။
ရှားဝမ်ချွေ့သာ ဆန္ဒမရှိပါက သူမလုပ်ချင်တာကို လင်းဖန် အတင်းအကြပ် ခိုင်းလို့ မရပါ။
သူမ ဒီလိုပုံစံမျိုးဖြစ်နေလေလေ လင်းဖန်က သူမကို ပိုပြီး သဘောကျလေလေ ဖြစ်သည်။
သူမက သူ့ကောင်မလေးဖြစ်နေပြီဖြစ်သော်လည်း အလွန်သန့်စင်ကာ အပြစ်ကင်းလွန်းသည်။
လင်းဖန်တောင် သူမလက်ကို ကိုင်ပြီး သူမ နဖူးကိုသာ နမ်းနိုင်သည်။ ဒီ့ထက် အဆင့်ကျော်ချင်ပါက သူမ ခွင့်ပြုမှာ မဟုတ်ပါ။
လင်းဖန် အနားယူဖို့ ပြင်လိုက်စဥ် ရှားဝမ်ချွေ့က လင်းဖန်၏ တံခါးကို ဖွင့်ကာ ခေါင်းပြူကြည့်လိုက်သည်။
"ဟမ်" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ပြုံးပြလိုက်ပါသည်။
"မနက်ဖြန်ကျရင် ငါ့ကို အတန်းပြန်လည်တွေ့ဆုံပွဲ တစ်ခုကို လိုက်ပို့ပေးပါလား။ ငါ့တက္ကသိုလ်အတန်းဖော်တွေနဲ့ ငါ အတူတူ သွားဖို့ အဆင်မပြေလို့~" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ရင်း ပြောလိုက်သည်။
"အတန်းတွေ့ဆုံပွဲပဲကို နင့်အတန်းဖော်တွေချည်းပဲလေ။ ငါသွားလို့ ဘယ်သင့်တော်မလဲ" လင်းဖန်က ပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့ရဲ့ တက္ကသိုလ် အတန်းဖော်တွေကို သူ မသိပါ။ အတန်းပြန်လည်တွေ့ဆုံပွဲကို သူ ရောက်သွားလျှင် အနေခက်ပါလိမ့်မည်။
"မဟုတ်ဘူး သင့်တော်ပါတယ်"
"နင်က ငါ့ကောင်လေးဖြစ်နေပြီပဲဟာ~" ရှားဝမ်ချွေ့၏ နူးညံ့သော အသံလေး ထွက်ပေါ်လာသည်။ သူမ၏ ပါးများက အနည်းငယ် နီရဲနေပြီး အလွန်အမင်း လှပလို့ နေပါသည်။
လင်းဖန်က တောက်ပစွာ ပြုံးလိုက်၏။
ရှားဝမ်ချွေ့ ပြောတာ မှန်ပါသည်။ သူက သူမ ကောင်လေးဖြစ်နေပြီ။ တာဝန်ယူဖို့ အချိန်ကျပါပြီ။
သူမကောင်လေးက သူမအတွက်တော့ ထူးခြားသူဖြစ်သည်။
"အင်းပါ လိုက်ပို့မယ်။ မနက်ဖြန် ဘယ်အချိန်လဲ" လင်းဖန် မေးလိုက်သည်။
"ညနေ ၄ နာရီ~" ရှားဝမ်ချွေ့ ပြန်ပြောလိုက်ပါသည်။
"၄ နာရီလောက်ဆို ငါရုံးမှာပဲ ရှိဦးမှာ မိနစ်နည်းနည်းလောက်တော့ နောက်ကျမယ်" လင်းဖန် ပြုံးလိုက်၏။
"မြောင်မြောင်~ ရပါတယ်။ ငါ့ကို လိုက်ပို့ပေးရင်ပဲ တော်ပါပြီ" ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကိုကြည့်လျက် ချစ်စရာ မျက်နှာလေးလုပ်ပြလိုက်ပါသည်။
"မိန်းမ အတန်းပြန်လည်တွေ့ဆုံပွဲကို သွားရမှာ ပင်ပန်းလိုက်တာ။ ဆုတွေ ဘာတွေ မပေးတော့ဘူးလာား..." လင်းဖန်က ရှားဝမ်ချွေ့ပေးသို့ လျှောက်သွားသည်။
"လူဆိုးကောင်" ရှားဝမ်ချွေ့ ပါးများ အနည်းငယ် နီရဲသွားပြီး ခြေဖျားထောက်ကာ လင်းဖန်ကို နမ်းလိုက်ပါသည်။
"နောက်တစ်ခါ စျေးလာမဆစ်နဲ့" ရှားဝမ်ချွေ့က ပြောလိုက်သည်။ သူမ လှည့်ထွက်သွားပြီး သူမ အခန်းဆီ ပြန်ပြေးသွားပါသည်။
လင်းဖန် သူ့နှုတ်ခမ်းကို ထိကာ ပြုံးလိုက်သည်။
ဒီလို ကောင်မလေးမျိုးနဲ့သာဆို သူ့နေ့ရက်များက အလွန်ချိုမြိန်နေပါတော့မည်။
မနက်ဖြန် သူမနဲ့အတူတူ အတန်းတွေ့ဆုံပွဲကို စုံတွဲဲအဖြစ်သွားပါက ရှားဝမ်ချွေ့ရဲ့ တက္ကသိုလ် အတန်းဖော်တွေ ခံနိုင်ရည်ရှိပါ့မလား။