အစစ်အမှန် စိတ်ဝိညာဉ် မွေးဖွားခြင်း
Vol. 38 Ch. 504
သည်မိစ္ဆာစိတ်ဝိညာဉ်ကတော့ အတော်လေး သေးငယ်ပြီး ဆံချည်မျှင် တစ်ချောင်းစာလောက်သာ ရှိတယ်လို့ ဆိုရပါမယ် ။ အဲသည်အတွက် သေသေချာချာ ဂရုတစိုက် မကြည့်ဘူး ဆိုရင်တော့ သည်အရာရဲ့ တည်ရှိမှုကို သိမြင်နိုင်မှာ မဟုတ်ပါဘူး ။
လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကို အရောက်မှာတော့ မဟူရာရေနဂါးရဲ့ မိစ္ဆာသားရဲစိတ်ဝိညာဉ်ဟာ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို မြင်တွေ့သွားပါတော့တယ် ။
" ဟင်…… ခရမ်းနုရောင် စိတ်ဝိညာဉ်လား ။ ဘယ်တုန်းက စိတ်ဝိညာဉ်တွေမှာ အရောင် ရှိသွားတာလဲ "
မဟူရာ ရေနဂါးက ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရပါပြီ ။သူဟာ စိတ်ဝိညာဉ်တွေမှာ အရောင်ရှိတယ် ဆိုတဲ့ အကြောင်းကို လုံးဝ မသိပါဘူး ။ သူကိုယ်တိုင်က မိစ္ဆာသားရဲ ဧကရာဇ် ဖြစ်နေတာတောင်မှ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ မီးခိုးရောင် ဖြစ်နေဆဲပါပဲ ။
ဒါပေမဲ့ သူက မိစ္ဆာသားရဲ ဧကရာဇ် ဖြစ်တဲ့အတွက် သူ့ရဲ့ မီးခိုးရောင် စိတ်ဝိညာဉ်ဟာ သာမန် မိစ္ဆာသားရဲတွေရဲ့ မီးခိုးရောင် စိတ်ဝိညာဉ်ထက် အဆ ထောင်ပေါင်းများစွာ အားကောင်းပါတယ် ။ သူ့ရဲ့ စိတ်ဝိညာဉ် တစ်ပိုင်းတစ်စကတင် သာမန် မိစ္ဆာသားရဲတွေရဲ့ စိတ်ဝိညာဉ်တွေကို ပျောက်ကွယ်သွားစေဖို့အတွက် လုံလောက်ပါတယ် ။
နှိုင်းယှဉ် ကြည့်ရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်ဟာ မဟူရာ ရေနဂါးရဲ့ စိတ်ဝိညာဉ်လောက် အားကောင်းခြင်း မရှိပါဘူး ။ ဒါပေမဲ့လည်း မဟူရာ ရေနဂါးက လီဖူချန်းရဲ့ စိတ်ဝိညာဉ် အရည်အသွေးဟာ သူ့ရဲ့ စိတ်ဝိညာဉ် အရည်အသွေးထက် အများကြီး သာလွန်ကောင်းမွန်တယ် ဆိုတာကို ခံစားမိနေပါတယ် ။
မိစ္ဆာသားရဲတွေဟာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွေကို ဖြတ်သန်းပြီးပြီဆိုရင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေဟာ သိသာထင်ရှားစွာ အားကောင်းလာလေ့ ရှိပါတယ် ။ ဒါပေမဲ့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကတော့ အားကောင်းလာတာမျိုးနဲ့ လုံးဝ မတူပါဘူး ။ အဲဒါက လုံးဝ ပြောင်းလဲသွားတာမျိုး ဖြစ်ပါတယ် ။
" ကောင်းလိုက်တဲ့ အရည်အသွေးကွာ ။ တကယ်လို့ ငါသာ သည်စိတ်ဝိညာဉ်ကို အပိုင်သိမ်းလိုက်နိုင်မယ် ဆိုရင် ငါအစွမ်းထက်ခဲ့တုန်းကထက်တောင် ပိုပြီး အစွမ်းထက်လာ နိုင်သေးတယ် "
မဟူရာ ရေနဂါးရဲ့ မျက်လုံးတွေကတော့ အရောင်တောက်ပ လာခဲ့ပါပြီ ။
သူ့ကို ဖမ်းဆီးပိတ်လှောင်ထားတဲ့ ဝိညာဉ်သန့်စင် ဝင်္ကပါကို စီရင်ခင်းကျင်းခဲ့တဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်ဟာ ဝင်္ကပါ နဲ့ ပက်သက်တဲ့ အပိုင်းမှာတော့ သာမန်လောက်ပဲ ကျွမ်းကျင်တယ်လို့ ဆိုရပါမယ် ။အဲသည်အတွက် သူစီရင်ခင်းကျင်းခဲ့တဲ့ ဝိညာဉ်သန့်စင် ဝင်္ကပါဟာလည်း သာမန် အဆင့်၈ ဝင်္ကပါ အဆင့်ပဲ ရှိပါတယ် ။ ဒါ့ကြောင့်လည်း သွေးသန့် မဟူရာနဂါးဟာ သူ့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစလေး တစ်ခုကို လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကို ပို့ဆောင်လိုက်နိုင်တာပါ ။ဒါပေမဲ့ သည်စိတ်ဝိညာဉ် အပိုင်းအစလေးကို သွားအထင်သေးလို့တော့ မရပါဘူး ။ အဲဒါက မဟူရာ ရေနဂါးရဲ့ အသန့်စင်ဆုံး ၊ အနှစ်သာရ အပြည့်ဝဆုံး စိတ်ဝိညာဉ် အပိုင်းအစ ဖြစ်ပါတယ် ။
နဂိုမူလတုန်းကတော့ မဟူရာရေနဂါးဟာ တကယ်လို့ သူ့အနေနဲ့ ကံကောင်းထောက်မပြီး ခန္ဓာကိုယ် တစ်ခုကို အပိုင်စီးနိုင်ခဲ့ရင်တောင်မှ အရင်တုန်းကလို မိစ္ဆာဧကရာဇ် အဆင့်ကို ပြန်ရောက်ဖို့ ခဲယဉ်းလိမ့်မယ်လို့ တွေးထင်ထားခဲ့တာပါ ။ ဒါပေမဲ့လည်း အခုတော့ သူဟာ ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ အခွင့်အရေးမျိုးနဲ့ ကြုံလာခဲ့ရပါပြီ ။သူ့အနေနဲ့ သည်ခရမ်းနုရောင် စိတ်ဝိညာဉ်ကိုသာ အပိုင်စီးနိုင်မယ်ဆိုရင် နဂို အခြေအနေကို ပြန်မရောက်နိုင်စရာ အကြောင်းမရှိပါဘူး ။ သည်စိတ်ဝိညာဉ်က အရည်အသွေးကောင်းတယ်ဆိုတာ အသိသာကြီးပါပဲ ။လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်သွားခဲ့မယ်ဆိုရင် သူဟာ မိစ္ဆာသားရဲ အရှင်သခင်တွေကိုတောင်မှ ယှဉ်ရင် ယှဉ်နိုင်လောက်မှာပါ ။
( note - မိစ္ဆာသားရဲ အရှင်သခင် အဆင့် ဆိုတာက မိစ္ဆာသားရဲ သူတော်စင် အဆင့်ကို ပြောတာပါ ။)
" ဟား……ဟား…… ကောင်းကင်ဘုံက ငါဆိုတဲ့ မဟူရာ နဂါးဧကရာဇ်ကို မပစ်ထားဘူးဘဲ ။ စောင့်ကြည့်လိုက် …… ငါဆိုတဲ့ မဟူရာ နဂါးဧကရာဇ်က တစ်နေ့ကျရင် ငါ့ကို သည်လိုအခြေအနေရောက်အောင် လုပ်ခဲ့တဲ့ သူတွေအားလုံးကို လက်တုံ့ပြန်ပြမယ် "
မဟူရာ ရေနဂါးက အံကျိတ်ပြီး ကြုံးဝါးလိုက်ပါတယ် ။
သူက သည်ဝိညာဉ်သန့်စင် ဝင်္ကပါ အစီအရင်ထဲမှာ နှစ်ပေါင်း၅၀၀တောင် ပိတ်လှောင်ခံခဲ့ ရတာပါ ။
နှစ်ပေါင်း ၅၀၀……
မိစ္ဆာသားရဲ ဧကရာဇ်ဖြစ်တဲ့ သူ့ရဲ့ သက်တမ်းဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်က ဧကရာဇ် တစ်ပါးထက်ကို ပိုရှည်ပါတယ် ။ ဒါပေမဲ့လည်း နှစ်ပေါင်း၅၀၀ ဆိုတာကြီးက တကယ်ကို ကြာမြင့်လွန်းလှတဲ့ အချိန်တစ်ခုပါပဲ ။
' သည်ခန္ဓာကိုယ်ကို ငါရအောင် အပိုင်စီးရမယ် '
အတွေးအဆုံးမှာတော့ မဟူရာ ရေနဂါးက ခရမ်းနုရောင် စိတ်ဝိညာဉ်ဆီကို ခုန်ဝင်သွားခဲ့ပါပြီ ။
ဂျစ်……ဂျစ်……
ဒါပေမဲ့လည်း သူဟာ ခရမ်းနုရောင် စိတ်ဝိညာဉ်အနားကို ကပ်လို့တောင် မရခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ခရမ်းရောင် စိတ်ဝိညာဉ်ပေါ်မှာ ဖြတ်စီးနေတဲ့ လျှပ်စစ်လှိုင်းတွေက သူ့ကို တွန်းထုတ်ပစ်လိုက်လို့ပါပဲ ။
" အား…… ငါဘာဖြစ်သွားတာလဲ "
ခေါင်းထဲက ရုတ်တရက် နာကျင်မှု ဝေဒနာကြောင့် မိန်းမောနေတဲ့ လီဖူချန်းဟာ အသိပြန်ဝင် လာခဲ့ပါပြီ ။
" ငါ့ရဲ့ စိတ်နယ်ပယ်ထဲကနေ ထွက်စမ်း "
အဲသည်နောက်မှာတော့ လီဖူချန်းနဲ့ တစ်ပုံစံတည်း တူတဲ့ ပုံရိပ်တစ်ခုဟာ စိတ်နယ်ပယ်ထဲမှာ ဖြစ်တည်လာပြီး မဟူရာ ရေနဂါးကို မောင်းထုတ်ပါတော့တယ် ။အဲသည် ပုံရိပ်ကတော့ လီဖူချန်းရဲ့ အသိစိတ်ပါပဲ ။
မဟူရာ ရေနဂါးက နှာခေါင်းရှုံ့လိုက်ပြီး
" ဟမ့် …… မင်းကများ ငါ့ကို မောင်းထုတ်ရဲသေးတယ် ။ တကယ်လို့ မင်းက အစစ်အမှန် စိတ်ဝိညာဉ်ကို မွေးဖွားစေခဲ့ပြီးရင်တော့ မင်းရဲ့ စိတ်ဝိညာဉ်ကို မျိုရတာ ခက်ဦးမယ် ။ ဒါပေမဲ့ အခုတော့ မင်းရဲ့ စိတ်ဝိညာဉ်က အစစ်အမှန် စိတ်ဝိညာဉ် မဖြစ်သေးဘူး ။ မင်းက သည်အသိစိတ်လေးနဲ့ ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် မဟူရာ ရေနဂါးဟာ လီဖူချန်းရဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်ဆီကို နောက်ထပ်တစ်ကြိမ် ခုန်ဝင်သွားခဲ့ ပြန်ပါပြီ ။
" နောက်ဆုတ်စမ်း "
ရွှမ်း……
လီဖူချန်းရဲ့ အသိစိတ်က ဓားတစ်လက်အသွင် ပြောင်းသွားပြီး မဟူရာ ရေနဂါးကို ခုတ်ပိုင်းပစ်လိုက်ပါတယ် ။
ဘန်း……
ဓားအသွင် ပြောင်းထားတဲ့ အသိစိတ်ဟာ တစ်စစီ ကြေမွသွားခဲ့ပေမယ့် မဟူရာ ရေနဂါးကတော့ ဘာမှ မဖြစ်ခဲ့ပါဘူး ။
မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်ဟာ အင်မတန် အစွမ်းထက်လွန်း လှပါတယ် ။ အဲဒါက မဟူရာ ရေနဂါးရဲ့ စိတ်ဝိညာဉ် အပိုင်းအစလေးသာ ဖြစ်ပေမယ့် မိစ္ဆာသားရဲ ဧကရာဇ်တစ်ပါးရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ် ဖြစ်နေဆဲပါပဲ ။ပြီးတော့ အဲသည် မိစ္ဆာသားရဲ စိတ်ဝိညာဉ်က မဟူရာ ရေနဂါးရဲ့ အသန့်စင်ဆုံး မိစ္ဆာသားရဲ စိတ်ဝိညာဉ် အပိုင်းအစ ဖြစ်နေပါသေးတယ် ။ အဲသည်အတွက် လီဖူချန်းရဲ့ အသိစိတ်ဟာ ဘယ်လောက်အားကောင်းကောင်း မဟူရာ ရေနဂါးကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ။
လီဖူချန်းရဲ့ အသိစိတ်ကို တစ်စစီ ချေမွလိုက်ပြီးတဲ့ နောက်မှာတော့ မဟူရာ ရေနဂါးဟာ ခရမ်းနုရောင် စိတ်ဝိညာဉ်ကို ကုတ်ဆွဲ လိုက်ပါတယ် ။
ဂျစ်……ဂျစ်……
သည်တစ်ကြိမ်မှာလည်း မဟူရာ ရေနဂါးရဲ့ လုပ်ဆောင်မှုဟာ အထ မမြောက်ခဲ့ ပြန်ပါဘူး ။ ခရမ်းနုရောင် စိတ်ဝိညာဉ်အပေါ်မှာ ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ် စီးကြောင်းတွေက သူ့ကို တွန်းထုတ်နိုင်နေဆဲပါပဲ ။
" ငါ အနားကို မကပ်နိုင်ဘူးဆိုတာ မယုံဘုး "
မဟူရာနဂါးက ခရမ်းနုရောင် စိတ်ဝိညာဉ်အနားကို ကပ်ဖို့အတွက် တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးစားလိုက်ပါတယ် ။
" ခွေးသူတောင်းစား…… သွားစမ်း "
အဲသည်အချိန်မှာပဲ လီဖူချန်းရဲ့ အသိစိတ်က ပြန်လည်ဖြစ်တည်လာပြီး မဟူရာနဂါးကို တားဆီးပြန်ပါတယ် ။
သည်တစ်ကြိမ် တားဆီးမှုကတော့ အရင်တစ်ခါနဲ့ မတူတော့ပါဘူး ။
မြူခိုးတို့ရဲ့မြေမှာရှိတဲ့ သင်းချိုင်းဂူမှာတုန်းက လီဖူချန်းဟာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ ခန္ဓာကိုယ် အပိုင်စီးခြင်းကို ကြုံခဲ့ရဖူးပါတယ် ။ အဲသည်တုန်းကဆိုရင် လီဖူချန်းရဲ့ စိတ်ဝိညာဉ်က အပြာနုရောင်သာ ရှိသေးပြီး သူ့ရဲ့ အသိစိတ်ဟာ အတော်လေး အားနည်းပါတယ် ။
အခုတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းနုရောင် စိတ်ဝိညာဉ် အဖြစ်ကို ဆင့်ကဲပြောင်းလဲ ပြီးပါပြီ ။ပြီးတော့ သူ့ရဲ့ အသိစိတ်ဟာလည်း အဲသည် မူလပင်လယ်နယ်ပယ် ဘုရင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ် အဆီအနှစ်ကို ဝါးမျိုနိုင်ခဲ့တဲ့အတွက် အဆ တစ်ရာကျော် ပိုအားကောင်းလာခဲ့ပါတယ် ။
အဲသည်အတွက်ကြောင့်ပဲ လီဖူချန်းရဲ့ အသိစိတ်ဟာ ဖျက်ဆီးခံလိုက်ရပေမယ့် မပျောက်ကွယ်သွားဘဲ ပြန်လည် ဖြစ်တည်လာခဲ့တာပါ ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ပျက်စီးသွားတဲ့ သူ့ရဲ့ အသိစိတ်ကို ပြန်လည် ဖြစ်တည်စေနိုင်စွမ်း ရှိနေပါပြီ ။
" မင်းဘယ်လောက် တတ်နိုင်သလဲ ဆိုတာကို ကြည့်ရသေးတာပေါ့ "
မဟူရာ ရေနဂါးကတော့ ဒေါသထွက်နေတဲ့ပုံ မရှိပါဘူး ။ သူက တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ ။
လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို ဝါးမျိုဖို့အတွက်ဆိုရင် သူ့အနေနဲ့ လီဖူချန်းရဲ့ အသိစိတ်ကို ဘယ်နှစ်ကြိမ် ဖျက်ဆီးရ ဆီးရ ဖျက်ဆီးမှာ ဖြစ်ပါတယ် ။ ခရမ်းနုရောင် စိတ်ဝိညာဉ်မှာ လီဖူချန်းရဲ့ အငွေ့အသက်တွ မကျန်ရှိတော့တဲ့အထိပေါ့ ။
ဘန်း……
မဟူရာရေနဂါးရဲ့ နောက်ထပ် လက်သည်းကုတ်ချက် အောက်မှာတော့ လီဖူချန်းရဲ့ အသိစိတ်ဟာ ဒုတိယအကြိမ် ပျက်စီးသွားခဲ့ ပြန်ပါပြီ ။
အဲသည်နောက်မှာတော့ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်ကလည်း ကပ်လိုက်လာပြန်ပါတယ် ။
စတုတ္တအကြိမ်မှာတော့ လီဖူချန်းဟာ မတူညီတဲ့ ခံစားမှု တစ်ခုကို ခံစားလိုက်ရပါတယ် ။ အဲဒါကတော့ သူ့ရဲ့ အသိစိတ် ပြန်လည်ဖြစ်တည်မှုဟာ နှေးကွေးလာတယ် ဆိုတာပါပဲ ။ ကြည့်ရတာတော့ သူ့ရဲ့ သည်စွမ်းရည်ဟာ စတင်အားနည်းလာတာပဲ ဖြစ်ရပါမယ် ။
ဒါပေမဲ့လည်း သူ့ရဲ့ အနိုင်မခံ ၊ အရှုံးမပေးတဲ့ စိတ်ပိုင်းဖြတ်မှုက သူ့ကို အသိစိတ် ပြန်လည်ဖွ့ဲစည်းနိုင်အောင် တွန်းအားပေးနေပြီး မဟူရာ နဂါးကို အကြိမ်ကြိမ် ထိပ်တိုက်ရင်ဆိုင်စေပါတယ် ။
လီဖူချန်းက သူလက်လျော့ အရှုံးပေးလိုက်မယ်ဆိုရင် ရွှေရောင်လက်ဖွဲ့အဆောင်က ထွက်ပေါ်လာပြီး သည်မဟူရာနဂါးကို ဆုံးမလိမ့်မယ် ဆိုတာ သိပေမယ့်လည်း လုံးဝ အရှုံးမပေးပါဘူး ။
တကယ်လို့သာ သူ့အနေနဲ့ အမြဲတမ်း ရွှေရောင်လက်ဖွဲ့ဆိုတာကိုသာ အားကိုးနေမယ်ဆိုရင် လီဖူချန်းဆိုတဲ့ သူ့ရဲ့ ဖြစ်တည်မှုက ဘာအဓိပါ္ပယ် ရှိတော့မှာလဲ ။ ပြီးတော့ သူက ရွှေရောင်လက်ဖွဲ့အဆောင်ရဲ့ ရွေးချယ်မှုက သူနဲ့ ထိုက်တန်ကြောင်းကို ပြချင်ပါသေးတယ် ။ရွှေရောင်လက်ဖွဲ့အဆောင်ကတော့ သူ့ကို သည်အတိုင်း အလကားနေရင်း ရွေးမှာ မဟုတ်ပါဘူး ။
လီဖူချန်းရဲ့ အမြင်မှာတော့ သည်ရွှေရောင်လက်ဖွဲ့အဆောင်ဟာ ပစ္စည်းတစ်ခုပါပဲ ။ သူက အဲသည်ပစ္စည်းကို အားကိုးတဲ့သူ ဖြစ်မယ့်အစား နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ် ။
အဲသည်အတွက် သူ့ရဲ့ ခံနိုင်ရည်တွေက ကန့်သတ်ချက်ကို ရောက်နေပြီ ဖြစ်ပေမယ့် သူ့အနေ့နဲ လက်လျော့ အရှုံးပေးလိုက်လို့ မဖြစ်သေးပါဘူး ။ ဒါက သူ့ရဲ့ နောက်ဆုံးသော မာန်မာန ဖြစ်သလို ဓားတာအိုကို အဆုံးထိ လျှောက်လမ်းဖို့ တွေးထားတဲ့ သူ့ရဲ့ ခံယူချက်ပါပဲ ။
" ထွက်သွား "
လီဖူချန်းက ဝမ်းခေါင်းသံကြီးနဲ့ အော်လိုက်ပြီး ရောင်ခြည်တန်း တစ်ခုကို ပစ်လွှတ်လိုက်ပါတယ် ။
သည်ရောင်ခြည်တန်းထဲက အလွန်အမင်း သိပ်သည်းနေပြီး ထာဝရ အမတရဲ့ အငွေ့အသက် တစ်စွန်းတစ်စလည်း ပါဝင်နေပါသေးတယ် ။
" သည်ကလေးက အစစ်အမှန် စိတ်ဝိညာဉ် ရောင်ခြည်တန်းကိုတောင် ပစ်လွှတ်နေနိုင်ပါလား ။ အတော်လေး စိတ်ဝင်စားစရာပဲ "
" ပျက်စီးစမ်း "
ဘန်း……
မဟူရာရေနဂါးက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး လက်သည်းနဲ့ ကုတ်ချလိုက်တဲ့ အချိန်မှာတော့ လီဖူချန်းရဲ့ အသိစိတ်ဟာ စက္ကူစတစ်စလို ပျက်စီးသွားခဲ့ ပြန်ပါပြီ ။
မိစ္ဆာဧကရာဇ်တစ်ပါးရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်ဆိုတာက နောက်စရာ မဟုတ်ပါဘူး ။ လီဖူချန်းက အစစ်အမှန် စိတ်ဝိညာဉ်ရောင်ခြည်ကို ပစ်လွှတ်နိုင်ပေမယ့်လည်း တစ်ဖက်ရန်သူက မိစ္ဆာဧကရာဇ်တစ်ပါးရဲ့ အသန့်စင်ဆုံး မိစ္ဆာသားရဲ စိတ်ဝိညာဉ်အပိုင်းအစ ဖြစ်နေပါတယ် ။ တကယ်လို့ လီဖူချန်းအနေနဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို မွေးဖွားထားနိုင်ခဲ့ရင်တော့ သည်မဟူရာ နဂါးကို မောင်းထုတ်နိုင်လောက်ပေမယ့် အခု လောလောဆယ်မှာတော့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ။
ဥပမာ တစ်ခု ပေးရမယ် ဆိုရင်တော့ ကျင့်ကြံခြင်းတွေ ပြုလုပ်ထားနိုင်တဲ့ ကလေးငယ် တစ်ယောက်ကိုပဲ ဥပမာ ပေးရပါမယ် ။ ကလေးငယ် တစ်ယောက်ဟာ ဘယ်လောက်ဘဲ ကျင့်ကြံထားတယ်ဆိုပါစေဦး ။ ကလေးက ကလေး ဖြစ်နေဦးမှာပါပဲ ။ တော်ရုံကျင့်ကြံသူ တစ်ယောက်ဟာ ကလေးငယ်တစ်ယောက်ကို လက်သီးတစ်လုံးတည်းနဲ့ အနိုင်ယူနိုင်ပါတယ် ။
ဆယ်ကြိမ်…… အကြိမ်နှစ်ဆယ် …… အကြိမ်သုံးဆယ်……
လီဖူချန်းရဲ့ အသိစိတ်ဟာ အကြိမ်ကြိမ် ဖျက်ဆီးခံနေရဆဲပါပဲ ။
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ အသိစိတ်ဟာ လုံးဝ ပြိုကွဲသွားပြီး ပြန်လည်ဖြစ်တည်နိုင်စွမ်း မရှိတော့ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းက အသိစိတ် ပြန်လည်ဖြစ်တည်လာအောင် အစွမ်းကုန် ကြိုးစားနေဆဲပါပဲ ။
" သည်ကလေးက ငါ့ရဲ့ ရွေးချယ်မှုကို အလဟဿ မဖြစ်စေခဲ့ဘူး ။သူက တကယ် ထိုက်တန်လွန်းတာပဲ "
ရှေးကျလှတဲ့ အသံတစ်ခုဟာ လီဖူချန်းရဲ့ စိတ်နယ်ပယ် တစ်ခုလုံးကို မြည်ဟိန်းသွားစေခဲ့ပါပြီ ။
" ဘယ်သူ……ဘယ်သူလဲ "
မဟူရာရေနဂါးက ထိတ်လန့်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ကျီးကန်းတောင်မှောက် လျှောက်ကြည့်လိုက်ပါတယ် ။
" မင်းလို မိစ္ဆာသားရဲ ဧကရာဇ်အဆင့်က တိရစ္ဆာန်ကများ ငါ့ရဲ့ အရွေးချယ်ခံ ခန္ဓာကိုယ်ကို အပိုင်စီးချင်တာလား ။ တကယ့် ဟာသပဲ ။ အင်းလေ .…… မင်းရောက်လာတာကလည်း ဆိုးတော့မဆိုးပါဘူး ။ မင်းရဲ့ စိတ်ဝိညာဉ်က ငါ့ရဲ့ အရွေးချယ်ခံအတွက် အသုံးဝင်တာပဲ "
မောက်မာဝင့်ကြွားလှတဲ့ အသံတစ်ခုနဲ့အတူ ရွှေရောင်လက်ဖွဲ့အဆောင်ဟာ မဟူရာ ရေနဂါးရဲ့ အရှေ့မှာ ပေါ်ပေါက်လာခဲ့ပါပြီ ။တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့ အပြည့်အဝ ပြန်လည်ဖြစ်တည်ခြင်း မရှိသေးတဲ့ အသိစိတ်ဟာလည်း အေးခဲသွားပါတော့တယ် ။
" မင်းကဘာလဲ "
မဟူရာရေနဂါးက အနောက်ကို အလျင်အမြန် ဆုတ်လိုက်ပါတယ် ။
သည်ရွှေရောင်လက်ဖွဲ့အဆောင်က သူ့ကို ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေတယ် ဆိုတာကိုတော့ သူ့အနေနဲ့ ဝန်မခံချင်လည်း ဝန်ခံရမှာပါပဲ ။
သူက သည်ရွှေရောင်လက်ဖွဲ့အဆောင်ဟာ ခရမ်းနုရောင် စိတ်ဝိညာဉ်ထဲကနေ ထွက်လာတယ် ဆိုတာကိုလည်း ကောင်းကောင်းကြီး မြင်လိုက်ရပါတယ် ။ မဟူရာ ရေနဂါးအနေနဲ့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ သည်လောက်အထိ ထူးခြားနေလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိပါဘူး ။
အထဲမှာ အရာဝတ္ထုတစ်ခု ထပ်ရှိနေတဲ့ စိတ်ဝိညာဉ် ။ ဒါက သူ့ဘဝတစ်လျှောက်လုံး တစ်ခါမှ မကြားဘူးခဲ့တဲ့ အကြောင်းအရာပါပဲ ။ ဒါက လောကပေါ်မှာ ရှိနေတဲ့ ဖြစ်တန်စွမ်းတွေနဲ့ လုံးဝ မကိုက်ညီသလို ကောင်းကင်တာအိုကို ဆန့်ကျင်နေတာလည်း ဖြစ်ပါတယ် ။
" ငါဘာလဲဆိုတာက အရေးမကြီးဘူး ။ အရေးကြီးတာက မင်းဘာဖြစ်လို့ သည်ထဲ ဝင်လာသလဲ ဆိုတာပဲ "
စကားအဆုံးမှာတော့ ရွှေရောင်လက်ဖွဲ့အဆောင်ဟာ ထာဝရ အမတ စွမ်းအင်တွေ ခိုဝင်ကိန်းအောင်းနေတဲ့ ရွှေရောင် အလင်းတန်းကြီးတစ်ခုကို ထုတ်လွှတ်လာခဲ့ပါပြီ ။
" အား "
သည်ရွှေရောင် အလင်းတန်းနဲ့ အတွေ့မှာတော့ မဟူရာရေနဂါးဟာ ဘာမှ မတတ်နိုင်တော့ပါဘူး ။ သူ့ရဲ့ မိစ္ဆာသားရဲ စိတ်ဝိညာဉ်ဟာ အလွန်အမင်း သိပ်သည်းပြီး အမတ အဆင့်ကို ရောက်လုနီးပါး ဖြစ်နေပေမယ့် အခုချိန်မှာတော့ မီးနဲ့တွေ့တဲ့ ဖယောင်းလို အရည်ပျော်ကျ သွားခဲ့ရပါပြီ ။
" မဟုတ်ဘူး…… ငါလက်မခံဘူး ။ ငါသေမယ်ဆိုတာကို လုံးဝ လက်မခံဘူး ။ ငါက မိစ္ဆာသားရဲ ဧကရာဇ်လေ ။ ငါက ဘာဖြစ်လို့ သေရမှာလဲ "
မဟူရာရေနဂါးဟာ သွေးရူးသွေးတန်း အော်ဟစ်နေပါတော့တယ် ။ ကြည့်ရတာတော့ သူက သေခြင်းတရားကို လုံးဝ လက်မခံနိုင်ပုံပါပဲ ။
" ဟမ့် …… မင်းက မိစ္ဆာသားရဲ ဧကရာဇ် အဆင့်ပဲ ရှိသေးတာ ။ဘာကို မသေချင်ရတာလဲ ။ တကယ်လို့ မင်းက မိစ္ဆာသားရဲ အရှင်သခင်အဆင့် ရောက်နေရင်တောင် ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်သာသာပဲ ရှိသေးတယ် ။ မင်းရဲ့ သေခြင်းတရားကို မြန်မြန် လက်ခံလိုက်စမ်း "
ရွှေရောင်လက်ဖွဲ့အဆောင် ပိုပြီး လင်းလက်တောက်ပ လာခဲ့ပါတယ် ။
ဖန်း……
မဟူရာရေနဂါးဟာ ဘယ်လိုမှဆက်ပြီး တောင့်မခံနိုင်တော့ပါဘူး ။ သူ့ရဲ့ မိစ္ဆာသားရဲဝိညာဉ်ဟာ ပေါက်ကွဲထွက်သွားပြီး အရည်ကြည်တစ်စက်အဖြစ် ပြောင်းသွားပါတော့တယ် ။
အဲသည်နောက်မှာတော့ အရည်ကြည်ဟာ လီဖူချန်းရဲ့ ပြန်လည်ဖြစ်တည်စပြုနေတဲ့ အသိစိတ်ထဲကို ပြေးဝင်သွားခဲ့ပါပြီ ။
ချွမ်……ချွမ်……ချွမ်……
မျက်စိတစ်မှိတ် အတွင်းမှာပဲ တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ အသိစိတ်ပုံရိပ်ဟာ လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းလာပါတယ် ။ တစ်ဆက်တည်းမှာပဲ ကြည်လင်တောက်ပလှတဲ့ အလင်းရောင်ခြည် တစ်ခုဟာ လီဖူချန်းရဲ့ စိတ်နယ်ပယ် တစ်ခုလုံးကို ထိန်လင်းသွားစေခဲ့ပါပြီ ။
ဒါနဲ့တင် ဖြစ်စဉ်က မပြီးသေးပါဘူး ။လီဖူချန်းရဲ့ အသိစိတ်ပုံရိပ်ဟာ အလင်းရောင်ခြည်တန်းရဲ့ သန့်စင်မှုကို အကြိမ်ကြိမ် ခံရပြီး နောက်မှာတော့ စတင် ကျုံ့ဝင်သွားပါတော့တယ် ။ အသိစိတ်ပုံရိပ်က လက်သီးလုံးအရွယ် ၊ လက်သီးလုံးအရွယ်ကနေ သစ်စေ့တစ်စေ့ အရွယ် ၊ နောက်ဆုံး ဖုန်မှုန့်အရွယ်အထိ ရောက်သွားပြီးတဲ့နောက်မှာတော့ မျက်စိကျိန်းသွားလောက်အောင် တောက်ပတဲ့ အလင်းတန်းတစ်ခုဟာ ဖွားမြင်လာပါတော့တယ် ။
အစစ်အမှန် စိတ်ဝိညာဉ်……
လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို မဝင်ရောက်ခင်မှာပဲ အစစ်အမှန် စိတ်ဝိညာဉ်ကို ဖွားမြင်စေလိုက်နိုင်ပါပြီ ။
အစစ်အမှန် စိတ်ဝိညာဉ် မွေးဖွားစေပြီးတဲ့နောက်မှာတော့ လီဖူချန်းရဲ့ အသိစိတ်ဟာ လိပ်ပြာအသိစိတ်အဖြစ်ကို ပြောင်းသွားပါတော့တယ် ။
အသိစိတ် တစ်ခုနဲ့ လိပ်ပြာအသိစိတ်ကြားမှာ ကွာဟာမှုကတော့ အစွမ်းထက်လာတာ တစ်ခုတင် မကပါဘူး ။ အခြားအရာတွေ အများကြီး ရှိပါသေးတယ် ။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လိပ်ပြာအသိစိတ် ဆိုတာက အသိစိတ်ကို အဆင့်မြှင့်လိုက်တာ မဟုတ်ဘဲ အသိစိတ်တစ်ခုလုံးကို ပုံပြောင်းလိုက်တာ ဖြစ်ပါတယ် ။
အလင်းရောင်ခြည်ရဲ့ တောက်ပမှုကတော့ ဆက်လက်ပြီး အားကောင်းနေဆဲပါပဲ ။ တကယ်လို့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်သာ သည်နေရာမှာ ရှိနေမယ် ဆိုရင်တော့ လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ သာမန် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ထက် အဆထောင်ပေါင်းများစွာ အစွမ်းထက်နေတယ် ဆိုတာကို တန်းသိမှာ ဖြစ်ပါတယ် ။
သာမန်တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တစ်ယောက်ရဲ့ အစစ်အမှန်စိတ်ဝိညာဉ်ဟာ ပဲပိစပ်စေ့ တစ်စေ့အရွယ်သာ ရှိပြီး စိတ်ဝိညာဉ် အလင်းတန်း တောက်ပမှုဟာလည်း လီဖူချန်းကို မမီပါဘူး ။
အစစ်အမှန်စိတ်ဝိညာဉ်ဆိုတာက အရွယ်အစား သေးလေလေ ၊ ပိုအစွမ်းထက်လေလေ ဆိုတာကိုတော့ လူတိုင်း သိပြီးသားပါပဲ ။သည်နေရာမှာ အရွယ်အစား သေးတယ်ဆိုတာက ပိုပြီး သိပ်သည်းတယ် ဆိုတဲ့ အဓိပါ္ပယ်ကို ဆောင်တာ ဖြစ်ပါတယ် ။ လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးနဲ့တောင် ယှဉ်နိုင်နေပါပြီ ။ မဟုတ်သေးပါဘူး ။ မူလပင်ဘယ်နယ်ပယ် ဘုရင်တစ်ပါးထက်တောင် ပိုပြီး အစွမ်းထက်ကောင်း ထက်နိုင်ပါသေးတယ် ။
လီဖူချန်းတစ်ယောက် အသိစိတ် ပြန်ဝင်လာတဲ့ အခါမှာတော့ ရွှေရောင်လက်ဖွဲ့အဆောင်ဟာ ခရမ်းနုရောင် စိတ်ဝိညာဉ်ထဲကို ပြန်ရောက်နေခဲ့ပါပြီ ။ အဲသည်အရာက ဘယ်အချိန်ကတည်းကနေ ဘယ်လို ပြန်ဝင်သွားမှန်း မသိလိုက်ပါဘူး ။
" ဟင်း…… ရွှေရောင်လက်ဖွဲ့အဆောင်က ငါ့ကို ကယ်တင်လိုက်ပြန်ပြီလား "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။
သည်ကိစ္စနဲ့ပက်သက်ရင်တော့ သူ့အနေနဲ့ ထူးပြီး အံ့သြမနေတော့ပါဘူး ။ မဟူရာ ရေနဂါးဟာ မိစ္ဆာသားရဲ ဧကရာဇ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။ ဒါပေမဲ့ ရွှေရောင်လက်ဖွဲ့အဆောင်ရဲ့ အရှေ့မှာ ဆိုရက်တော့ မိစ္ဆာသားရဲဧကရာဇ်ဟာ သာမန် အမှိုက်စလေး တစ်ခုသာသာပါပဲ ။
" ဟင်…… ဒါက အစစ်အမှန် စိတ်ဝိညာဉ်လား "
သူ့ရဲ့ စိတ်နယ်ပယ်ကို တစ်ချက် ဆန်းစစ်လိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ စိတ်ဝိညာဉ် အလင်းတန်းတွေ ဖြာထွက်နေတဲ့ ဖုန်မှုန့်အရွယ် အရာလေးတစ်ခုကို သတိပြုမိ သွားခဲ့ပါပြီ ။
အစစ်အမှန် စိတ်ဝိညာဉ် ရှိတယ်ဆိုတာက လီဖူချန်းဟာ အသက်တစ်ချောင်း အပိုရှိနေတယ် ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။ တကယ်လို့ အနာဂတ်မှာ သူ့ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားခဲ့ရင်တောင်မှ သူဟာ တခြားခန္ဓာကိုယ်တစ်ခုထဲမှာ ပြန်လည်ဝင်စား နိုင်ပါတယ် ။
ဒါပေမဲ့ အဲသည်လို မဖြစ်ရင်တော့ ပိုကောင်းပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ တခြားခန္ဓာကိုယ်ဆိုတာက သူ့ရဲ့ မူလခန္ဓာကိုယ်လိုမျိုး သက်တောင့်သက်သာ ဖြစ်စေမှာ မဟုတ်လို့ပါပဲ ။
" ငါ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ဘယ်လောက် အစွမ်းထက်သလဲဆိုတာ စမ်းကြည့်ဦးမှ "
လီဖူချန်းက သူ့ရဲ့ မျက်လုံးကို ဖွင့်လိုက်ပြီး အသိစိတ်အာရုံကို ဖြန့်ကြက်လိုက်ပါတော့တယ် ။
အစစ်အမှန် စိတ်ဝိညာဉ် ဘယ်လောက် အစွမ်းထက်သလဲဆိုတာကို သိချင်ရင်တော့ အသိစိတ်အာရုံကို ဖြန့်ကြက်ကြည့်တာက အကောင်းဆုံးပါပဲ ။
သက်ရောက်မှု အကွာအဝေး ပိုများလေလေ ၊ အစစ်အမှန် စိတ်ဝိညာဉ်က ပိုအစွမ်းထက်လေလေလို့ ဆိုရမှာ ဖြစ်ပါတယ် ။
***