သန်းရာကျော်တန်တဲ့ အိမ်
Vol. 17 Ch. 248
"ချွေ့ချွေ့၊ လင်းဖန်က လှိုင်းပြာပင်လယ်အော် အိမ်ရာက နှလုံးသားရေကန် ဗီလာမှာ နေတာပေါ့။ သန်း ၂၀၀ ကျော်တောင် တန်တယ်။ ဘုရားရေ... "ချန်းကျင်းက ရှားဝမ်ချွေ့ကို ကြည့်ကာ ပြောလိုက်ပါသည်။
"အင်း ဒီလိုပါပဲ။ အိမ်က နည်းနည်းကြီးရုံပါပဲ။ ဘာမှ မထူးခြားပါဘူး" ရှားဝမ်ချွေ့က ပြောလိုက်သည်။
"အဲ့တာက ဘယ်လိုလုပ် နည်းနည်းလေး ကြီးတာ ဖြစ်မှာလဲ။ အဲ့ဒီနှလုံးသားရေကန်ဗီလာကြီးက ၁,၀၀၀ စတုရန်းမီတာကျော် ကျယ်တယ်လို့ ကြားဖူးတယ်။ ၂,၀၀၀ စတုရန်းမီတာနီးပါးလောက်ကို ရှိတယ်။ ငါတို့နေတဲ့ အိမ်တွေကတော့ စတုရန်းမီတာ ဆယ်ကျော်လေးတွေပဲရှိတာ" ချန်းကျင်းက အားကျသွားသည့်ပုံပင်။
"ဘုရားရေ လင်းဖန်ရဲ့ အိမ်က အဲ့လောက်ကြီးတာလား။"
"ချွေ့ချွေ့ အနာဂတ်မှာ အရမ်းပျော်ရတော့မှာပဲ။"
"ဗီလာတစ်လုံးမှာ နေပြီး ပြိုင်ကားလည်း မောင်းနိုင်တယ်။ လင်းဖန်က တော်လိုက်တာ..."
ကောင်မလေးများ အံ့အားသင့်သွားကြသည်။ လီလုံနဲ့ ကျောင်းမင်တို့တောင် တုန်လှုပ်ကုန်ကြပါသည်။
ဒါက သူတို့ သိထားတာထက် အများကြီး ကျော်လွန်သွားလေပြီ။
လင်းဖန်က အနုပညာတစ်ယောက်အနေဖြင့် ဝင်ငွေ အများကြီး မရလောက်ဘူးဟု သူတို့ထင်ခဲ့ကြသည်။
အလွန်ဆုံး သန်း ရာဂဏန်းလောက်သာ ရနိုင်လိမ့်မည်။ ကုမ္ပဏီကြီးများ ထောင်ထားသည့် သူတို့လို လူတွေနဲ့ ယှဥ်ဖို့ မဖြစ်နိုင်လောက်ပါဟု ထင်ထားပါသည်။
ယခုတော့ သူတို့ လင်းဖန်ကို တကယ် မြင်လိုက်ရသောအခါ အနိုင်ယူခြင်းကို လုံးဝ ခံလိုက်ရပါသည်။
ကောင်မလေး နောက်တစ်ယောက်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "ချွေ့ချွေ့။ လင်းဖန်နဲ့ နင်တို့ ဘယ်တော့ လက်ထပ်ဖို့အတွက် စီစဥ်ထားလဲ။”
ထိုစကားကို ကြားသောအခါ ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပါသည်။
ဝမ်ကျစ်ဝမ်းလည်း ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
သူတို့တွေ... လက်တောင်ထပ်ကြတော့မှာလားဟ။
သူတိ့ လက်ထပ်လိုက်တာနဲ့ သူဘယ်တော့မှ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါ။
ဒီကို ဝမ်ကျစ်ဝမ်း ကြွားဖို့ အဓိက လာခဲ့သော်လည်း အခုတော့ အနည်းငယ် အထီးကျန်သွားပါသည်။
သူ့ဘဝကြီးက အရောင်အဆင်း ကင်းမဲ့လွန်းလှသည်။
သူ သဘောကျနေသည့် ကောင်မလေးက လင်းဖန်ကို လက်ထပ်တော့မည်။
ဒါ ဘယ်ခေတ်မို့လို့လဲ။
ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်ကာ ချိုမြိန်စွာာ ပြုံးလိုက်ပါသည်။ "အဲ့တာတော့ သူ့အပေါ်မှာပဲ မူတည်တယ်"
သူမကို ပြန်ကြည့်ကာ လင်းဖန်လည်း ပြုံးလိုက်ပါသည်။ ""ကျွန်တော့် ယောက္ခမတွေရဲ့ အထင်အမြင်ကို နားထောင်ရဦးမယ်။ ဝမ်ချွေ့နဲ့ ကျွန်တော်တို့က အချိန်မရွေး လက်ထပ်လို့ ရပါတယ်။”
ရှားဝမ်ချွေ့က လင်းဖန်ကို စိတ်ဆိုးစွာ ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်ပါသည်။ သူမ လင်းဖန်ကို လက်ထပ်ဖို့တောင် ခွင့်မပြုရသေးသော်လည်း လင်းဖန်က သူတို့ အချိန်မရွေး လက်ထပ်နိုင်သည်ဟု ပြောလိုက်သည်။
အပြင်လူတွေရှေ့မှာတော့ ရှားဝမ်ချွေ့ လင်းဖန်ကို ပြန်မချေပခဲ့ပေ။
နားလည်မှုရှိသော ကောင်မလေး တစ်ယောက်အနေဖြင့် လင်းဖန်ကို မျက်နှာမပျက်စေရပါ။
သို့သော်လည်း အိမ်မှာတော့ သူမက အထက်စီးကပဲဖြစ်ရမည်။
အားလုံးရဲ့ အမြင်တွင် သူတို့နှစ်ယောက်က နားလည်မှုရှိစွာဖြင့် လက်ထပ်ဖို့ သဘောတူလိုက်ကြခြင်း ဖြစ်သည်။
အားလုံး၏ အားပေးချီးမြှောက်မှု အောက်တွင် ဝမ်ကျစ်ဝမ်း ရင်နာသွားသည်။
ဒီလိုဘဝမျိုးကို ကံဆိုးမိုးမှောင်ကျသည်ဟု ဆိုနိုင်၏။
"လာပါ စားကြပါ။ ဒီနေ့အားလုံးကို ငါပြုစုမယ်" ဝမ်ကျစ်ဝမ်းက သူ့ရင်ဘတ်ကိုသူ ပုတ်ပြလိုက်ပါသည်။ အချစ်ရေးအရ ရှုံးနိမ့်သွားပါက စားကြသောက်ကြသည့်အခါ ပြန်ယှဥ်ပြိုင်နိုင်ပါသေးသည်။ အချိန်ကျလျှင် သူလင်းဖန်နဲ့ ပြိုင်သောက်မည်။ သောက်တဲ့နေရာမှာတော့ လင်းဖန်က သူ့ကို မယှဥ်နိုင်လောက်ဘူးဟု သူယုံကြည်နေပါသည်။
ဝမ်ကျစ်ဝမ်းက လက်ခုပ်တီးလိုက်သောအခါ စားပွဲထိုးများက ဟင်းလျာများဖြင့် ဝင်လာခဲ့သည်။
မင်းဆက်သစ်ဟိုတယ်က တကယ်ပဲ ကြယ်ငါးပွင့် ဟိုတယ်ကြီး ဖြစ်သည်။ ဟင်းလျာများ၏ နာမည်ကို ကြည့်ရုံနဲ့ ဘယ်လောက် အရသာရှိသလဲဆိုတာကို ပြောနိုင်ပါသည်။
ကျန်းနန်ပျော်ရွှင်ခြင်းရှစ်ပါးဟင်းလျာ၊ ငါးမန်းဆူးတောင်ပင်လယ်ခရု၊ ပုစွန်ဖြူနှပ်စွပ်ပြုတ်၊ ယောက်သွားပြုတ်နဲ့ အချဥ်ရည်၊ ပဲနက်အချဥ်ရည် ခရုပေါင်း၊ ကြက်သွန်ဖြူ ကြက်စပ်ကြော်၊ ကြက်သားအရသာ အမဲစဥ်းကော၊ အရိုးမဲ့ကြက်တောင်ပံ၊ နှင်းဝါးမြစ်ငါးဖြူ၊ တောင်မှိုဘဲသားချက်၊ မှိုနက်အသီးအရွက်ကြော်၊ ကောက်ညှင်းထမင်း၊ ကြက်ဥယိုနှမ်းမုန့်လုံး၊ ကြာစေ့ပဲနီနှစ်၊ သစ်သီးဗန်း အစရှိသည်တို့ ပါဝင်သည်။
ထိုကဲ့သို့ ဟင်းလျာများစွာကို မြင်လိုက်ရသောအခါ ကောင်မလေးများ၏ မျက်လုံးများ ဝိုင်းစက်သွားကြသည်။
"ဝမ်ကျစ်ဝမ်းက အရမ်းချမ်းသာပါလား။ ငါတို့ကို ဟင်းကောင်းဟင်းလျာတွေ အများကြီးနဲ့ ဧည့်ခံတယ်။"
"အစ်ကိုဝမ်က အကောင်းဆုံးပဲ။"
"အစ်ကိုဝမ် သောက်ကြရအောင်။ ငါတို့ တွေ့ဖို့ မလွယ်တာ မသောက်ဘဲ ပြန်သွားလို့တော့ မဖြစ်ဘူး။"
အားလုံးက ဝမ်ကျစ်ဝမ်းကို ကြည့်လိုက်ကြသဖြင့် သူနေလို့ပိုကောင်းသွားပါသည်။
ဘာပဲဖြစ်ဖြစ် ဒီအတန်းတွေ့ဆုံပွဲကို အစပျိုးခဲ့တာ သူပဲဖြစ်သည်။ အားလုံးကို စားပွဲတော်တစ်ခုနဲ့ ပြုစုဖို့ သိန်းဂဏန်းလောက် သုံးရတာ ကြီးကြီးမားမား ပြဿနာမဟုတ်ပါ။
မဟုတ်ပါက လင်းဖန် သူ့နေရာကို လုသွားနိုင်သည်။
သူ့မှာ ပိုင်ဆိုင်မှာတန်ဖိုး ဘီလီယံဆယ်ချီပြီးရှိပါသည်။ သူရှားဝမ်ချွေ့ကို ဆုံးရှုံးသွားရင်တောင်် တခြား ကောင်မလေးတွေကို ချဥ်းကပ်နိုင်ပါသေးသည်။
ဥပမာအားဖြင့် စုရှောင်းယွီကလည်း မဆိုးလှပါ။ သို့သော် စုရှောင်းယွီက ဒီအတန်းပြန်လည်တွေ့ဆုံပွဲကို မတက်ရောက်သဖြင့် ဝမ်ကျစ်ဝမ်း အနည်းငယ် စိတ်ညစ်သွားရပါသည်။
ဟင်းလျာများစွာကို ကြည့်ရင်း အားလုံး ပျော်ရွှင်နေသည်။
တချို့က သောက်နေကြပြီး တချို့က စားနေကြကာ တချို့ကတော့ စကားများနေကြသည်။
အာရုံစိုက်မှုကလည်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ထံမှ ဝမ်ကျစ်ဝမ်းထံသို့ ပြောင်းလဲရောက်ရှိသွားခဲ့ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကတော့ သူတို့ရဲ့ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှာ နှစ်မျောနေကြသည်။
သူတို့နှစ်ယောက် ကျောက်ပုစွန်အစပ်ဟင်းကို အတူတူ စားသောက်နေကြသည်။
ဒီ မင်းဆက်သစ်ဟိုတယ်က ကျောက်ပုစွန်အစပ်ဟင်းမှာ အတော်လေး အရသာရှိလှသည်။
တခြား ဟင်းလျာများက မဆိုးလှသော်လည်း ရှားဝမ်ချွေ့ တစ်ကိုက် နှစ်ကိုက်လောက် ကိုက်ပြီးနောက် စိတ်မဝင်စားတော့ပါ။
ကြယ်ငါး ပွင့်ဟိုတယ်ဖြစ်ပြီး ဟိုတယ်မှာ မာစတာ စားဖိုမှူးများ အပြည့်ရှိနေသာ်လည်း ထိုစားဖိုမှူးများ ချက်ပြုတ်သည့် ဟင်းလျာများက လင်းဖန်ကိုတော့ မမှီသေးပေ။
သို့သော်လည်း ကျောက်ပုစွန်အစပ်ဟင်း အရသာကတော့ သိပ်မဆိုးလှပါ။
ကျောက်ပုစွန်ဟင်း အရသာရှိ မရှိက စားဖိုမှူး၏ စွမ်းရည်ပေါ်မှာကော ကျောက်ပုစွန် အရည်အသွေးပေါ်မှာကော မူတည်နေပါသည်။
ရှားဝမ်ချွေ့က ကျောက်ပုစွန်အမြှီးကို လက်နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်လိုက်ပြီး နူးနူးညံ့ညံ့ လှည့်လိုက်သောအခါ ဦးခေါင်းနဲ့ အမြှီးတို့ အလွယ်တကူ ပြုတ်သွားပါသည်။
ကျောက်ပုစွန်ကို မစားခင် ခံစားလို့ အကောင်းဆုံးက ကျောက်ပုစွန် အခွံခွာခြင်း ဖြစ်သည်။
အနီရောင် ကျောက်ပုစွန်များက အလွန် အရသာရှိသည်။
ကျောက်ပုစွန်သားက ပိုလို့တောင် အရသာရှိနေပါသေးသည်။ သူမ တစ်ကိုက်လောက် ကိုက်ကြည့်သောအခါ လျှာပေါ်တွင် အရသာစွဲကျန်ခဲ့ပါသည်။
နောက်ဆုံးတော့ ကျောက်ပုစွန်အမြှီးကို စားလိုက်ပြီး တစ်ကောင်လုံးကို ကုန်အောင် စားလိုက်ပါသည်။
ကျောက်ပုစွန်ကို အခွံခွာပြီးနောက် ရှားဝမ်ချွေ့က ကျောက်ပုစွန်ကို ကိုင်ကာ လင်းဖန်ကို ကြည့်လိုက်သည်။
"ပါးစပ်ဟ~" ရှားဝမ်ချွေ့က နူးညံ့စွာ ပြုံးလိုက်ပါသည်။
"ငါ့မိန်းမက ယောက်ျားအတွက် ကျောက်ပုစွန်ခွာပေးရကောင်းမှန်းတောင် သိတယ်ပေါ့။ တိုးတက်လာပြီပဲ" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
"အရူးကောင်"
"ပါးစပ်ဟပြီး စားစရာရှိတာစား။ မဟုတ်ရင် နောက်တစ်ခေါက် ခွာမပေးတော့ဘူး" ရှားဝမ်ချွေ့က ပြောလိုက်သည်။
"ဟုတ်ပါပြီ" လင်းဖန်က ပါးစပ်ဟလိုက်ပြီး အခွံခွာပြီးသား ကျောက်ပုစွန်ကို စားလိုက်ပါသည်။
အနေအထားက အလွန်ချောမွေ့ပြီး စပ်လည်းစပ်သည်။ သူ့ဘဝ၏ အကောင်းဆုံးအချိန်ကို ရောက်ရှိသွားသလို ခံစားလိုက်ရပါသည်။
ဒါက ရှားဝမ်ချွေ့ သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် ကျောက်ပုစွန် အခွံခွာပေးခြင်း ဖြစ်သည်။
ပုံမှန်ဆို ဒီလို အကျိုးခံစားခွင့်မျိုး မရှိပါ။
ရှားဝမ်ချွေ့က စူပါစတားတစ်ယောက်ဖြစ်ကာ လူပေါင်းများစွာ သဘောကျသည့် နတ်သမီးလေး ဖြစ်ပါသည်။
နတ်သမီးလေးက လင်းဖန်အတွက် ကျောက်ပုစွန် အခွံခွာပေးနေသည်။
ဝမ်ကျစ်ဝမ်း၊ လီလုံနဲ့ ကျောင်းမင်တို့လည်း ဒီမြင်ကွင်းကို မြင်လိုက်ရပါသည်။
သူတို့ လင်းဖန်ဘဝကို မနာလိုဖြစ်မိသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံ၇ေးက ကောင်းလွန်းပါသည်။
ကျောက်ပုစွန်ကို စားပြီးနောက် လင်းဖန်က ရှားဝမ်ချွေ့၏ ပါးနေသော ဗိုက်ကို ထိလိုက်ပါသည်။
"ဘာစားစား ဘာလို့ ဝမလာတာလဲ။ ဗိုက်အပြည့်စားထားတာတောင် ဗိုက်က ချပ်နေတုန်းပဲ" လင်းဖန်က ပြုံးကာ မေးလိုက်သည်။
"ဟွန်း ငါလည်း များများချင်တာပေါ့။ ဒါပေမယ့် ခန္ဓာကိုယ်ကို ထိန်းသိမ်းရမယ်လေ~" ရှားဝမ်ချွေ့က ပြောလိုက်သည်။ သူမ ကျောက်ပုစွန်တချို့နဲ့ ဟင်းသီးဟင်းရွက်တချို့ကိုသာ စားခဲ့ပါသည်။ သူမ၏ အစားအစာကို သေသေချာချာ ထိန်းသိမ်းထား၏။
ဒီကျောက်ပုစွန်များကို စားသောက်ပြီးနောက် သူမ ညဘက် အကြာကြီး လေ့ကျင့်ခန်းလုပ်ရပါဦးမည်။
"မိန်းမ အိမ်မှာဆိုရင်တော့ ဒီလို မဟုတ်ပါဘူး" လင်းဖန်က ပြုံးကာပြောလိုက်သည်။
"အိမ်မှာက ဘာဖြစ်လို့လဲ" ရှားဝမ်ချွေ့ လင်းဖန်ကို ပြန်ကြည့်လိုက်သည်။
"သူများတွေ နင့်ဆီက လုစားမှာဆိုးလို့ဆိုပြီး အမြန်စားနေကျလေ" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
ရှားဝမ်ချွေ့ ပါးများ အနည်းငယ် နီရဲသွားကာ ပြန်ပြောလိုက်ပါသည်။ "နင်က အစားအသောက်တွေကို အရမ်းအရသာရှိအောင် ချက်တာကိုး။ လူဆိုးကောင်။ ငါ ၂ ပေါင်တောင် တက်လာပြီ။ ဒီနေ့ည အိမ်ပြန်ရင် ဝိတ်ကျအောင် လုပ်ရဦးမယ်။"
လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ သူလည်း ဒီရက်ပိုင်းထဲ အစားများနေပါသည်။ "ဒါဆိုလည်း ဒီနေ့ည အိမ်ပြန်ရင် လေ့ကျင့်ခန်း အတူတူ လုပ်ကြမယ်။"
ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ဒါဆိုလည်း ဒီနေ့ည နှစ်ယောက် အတူတူ လေ့ကျင့်ခန်း လုပ်ကြမယ်~"
ရှားဝမ်ချွေ့ ထိုစကားမျိုးပြောတာကို ကြားသွားပြီး ဝမ်ကျစ်ဝမ်း ရင်ကွဲသွားသလို ခံစားလိုက်ရသည်။
လခွမ်းပဲ။ သူတို့ ဒီမှာ လာချစ်ကြည်နူးပြနေတာလည်း သည်းခံနိုင်သည်။
သူမကို မိန်းမလို့ခေါ်တာလည်း သည်းခံနိုင်သည်။ လင်းဖန်ကို ရှားဝမ်ချွေ့ ကျောက်ပုစွန် ခွံ့ကျွေးနေတာကိုတောင် သည်းခံနိုင်ပါသေးသည်။
သို့သော်လည်း လူ ၂ ယောက် လေ့ကျင့်ခန်းအကြောင်းကို ကြားလိုက်ရသောအခါ ဝမ်ကျစ်ဝမ်း ရင်နာသွားရသည်။
ရှားဝမ်ချွေ့က သူနှစ်ပေါင်းများစွာ သဘောကျခဲ့ရသော နတ်သမီးလေးဖြစ်ပါသည်။
လူများစွာ၏ အမြင်တွင် ရှားဝမ်ချွေ့က လှပ၊ ချစ်ဖို့ကောင်း၊ သန့်စင်ကာ အပြစ်ကင်းပြီး ပြီးပြည့်စုံသည်။
သို့သော် ဝမ်ကျစ်ဝမ်း ကြားလိုက်ရတာ ဘာတဲ့လဲ။
လူ ၂ ယောက်လေ့ကျင့်ခန်းတဲ့။
ရှားဝမ်ချွေ့က လင်းဖန်နဲ့ အတူတူ နေထိုင်ပြီး ညဘက်ကျရင် လေ့ကျင့်ခန်းလုပ်လေ့ ရှိသည်။ ဘယ်လို လေ့ကျင့်ခန်းမျိုး ဖြစ်မလဲ။
သူ သဘောအကျရဆုံး နတ်သမီးလေး လင်းဖန်၏ အမျိုးသမီးဖြစ်လာသည့်အကြောင်းကို တွေးရင်း ဝမ်ကျစ်ဝမ်း သက်ပြင်းချမိပါသည်။
သူ့ရှေ့မှာ ချစ်ကြည်နူးပြနေတာက ပထမအဆင့် ဒဏ်ရာသာဆို ရှားဝမ်ချွေ့ ပြောလိုက်သည့် လူ ၂ ယောက် လေ့ကျင့်ခန်းဆိုတာ ချက်ကောင်းထိသွားသလိုပင်။