လင်းဖန်ကြောင့် မျက်နှာပူရပြန်ပြီ။
Vol. 17 Ch. 251
လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့ လင်းဖန်နဲ့ အပြင်မှာ တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
လင်းဖန်၏ ပုံစံအစစ်အမှန်ကို မြင်လိုက်ရတော့ ကောင်မလေးနှစ်ယောက် မှင်သက်သွားရသည်။
လင်းဖန်က... တကယ်ချောတာပဲ။
"မင်္ဂလာပါ လင်းဖန်။ ကျွန်မက လင်းခဲ့ရှင်းပါ။ ကျွန်မလည်း ရှင့်ရဲ့ ပရိတ်သတ်ပါပဲ" လင်းခဲ့ရှင်းက ပြုံးကာ လင်းဖန်ကို လက်ကမ်းပေးလိုက်သည်။
"မင်္ဂလာပါ" လင်းဖန်ကလည်း ယဥ်ကျေးစွာ ပြန်ပြုံးပြလိုက်ပြီး လင်းခဲ့ရှင်းနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
"လင်းဖန် ကျွန်မက တကယ် ရှင့်ပရိတ်သတ်ပါ။ ရှင့်အဆိုစွမ်းရည်က အရမ်းကောင်းပြီး သရုပ်ဆောင်စွမ်းရည်ကလည်း အရမ်းကောင်းတယ်။ ရှင်က ဇာတ်ညွှန်းရေးဆရာလည်းဖြစ် ဒါရိုက်တာလည်း ဖြစ်သေးတယ်" လင်းခဲ့ရှင်းက အတည်ပေါက် ပြောလိုက်ပါသည်။
ယခင်တုန်းက "ကြယ်ဥယျာဥ်"နဲ့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" တို့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်အတွက် ယှဥ်ပြိုင်ခဲ့စဥ်တုန်းက ဟွာစဲပစ်ချားနဲ့ ယွဲ့ဟွာဖျော်ဖြေရေးတို့အကြားက တိုက်ပွဲသာ ဖြစ်သည်။ လင်းခဲ့ရှင်းနဲ့ ဘာမှ မသက်ဆိုင်ပါ။ သူမကိုယ်တိုင်ကပင် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကို ကူညီကာ ပရိုမိုးရှင်းဆင်းပေးခဲ့သေးသည်။
ထို့ကြောင့် လင်းဖန်က လင်းခဲ့ရှင်းကို အနည်းငယ် သဘောကျသွားပါသည်။ အနည်းဆုံးတော့ ဒီကောင်မလေ၏ စရိုက်က မဆိုးလှပါ။
"ကျွန်မ ချူးယောင်ယောင်ပါ။ ကျွန်မလည်း ရှင့်ပရိတ်သတ်ပါပဲ" ချူးယောင်ယောင်က လင်းဖန်ကို ကြည့်ကာ လက်ကမ်းပေးလိုက်ပါသည်။
ချူးယောင်ယောင်နဲ့ လင်းခဲ့ရှင်းတို့နှစ်ယောက် လင်းဖန်ကို အလွန်ယဥ်ကျေးစွာ ဆက်ဆံခဲ့သည်။
သူတို့ လင်းဖန်၏ သီချင်းများကို အလွန်သဘောကျပြီး သူ့ဒရမ်မာများကိုလည်း အလွန်ကြိုက်နှစ်သက်ကြသည်။
သူတို့က နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း နာမည်ကြီးပုဂ္ဂိုလ်တွေမှာလည်း အိုင်ဒေါများ ရှိတတ်ကြပါသည်။
လင်းဖန်က သူတို့အိုင်ဒေါပဲ ဖြစ်သည်။
နာမည်ကြီးနှစ်ယောက်က လင်းဖန်ကို အလွန်ယဥ်ကျေးပြီး ရင်းနှီးပြနေတာကို ဝမ်ကျစ်ဝမ်းက တိုးတိတ်စွာ ငေးကြည့်နေရသည်။
ဒီလို နာမည်ကျော် မိန်းမလှလေးနှစ်ယောက်က လင်းဖန်နဲ့ အလွန်ရင်းနှီးကြသည်။
"လင်းဖန် သူတို့က ငါ့သူငယ်ချင်းတွေချည်းပဲ။ အကုန်လုံးက နင်သီချင်းဆိုတာကို နားထောင်ချင်နေကြတာ~" ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"အင်း။ ဒါဆို သီချင်းတစ်ပုဒ်ဆိုပြမယ်လေ" လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်ပြီး မိုက်ခရိုဖုန်းကို ကိုင်လိုက်ပါသည်။
လင်းဖန် သီချင်းဆိုတာကို ကြားရဖို့အတွက် စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်၊ ချူးယောင်ယောင်၊ လင်းခဲ့ရှင်းနဲ့ တခြားနာမည်ကျော်တချို့ပါ အကုန်ဒီကိုရောက်လာကြခြင်း ဖြစ်သည်။
ပုံကြီးချဲ့တာ မဟုတ်ဘဲ လင်းဖန်၏ အသံက ဖောက်ထွင်းနိုင်စွမ်း အလွန်ရှိသောကြောင့် ဖြစ်ပါသည်။
လင်းဖန် သီချင်းဆိုတာကို နားထောင်ခြင်းဖြင့် လှပသည့် ထိုကမ္ဘာတွင် နားဆင်သူကို ယစ်မူးသွားစေသည်။
လင်းဖန်သာ ယခုဂီတဖျော်ဖြေပွဲတစ်ခုကျင်းပမည်ဆိုလျှင် နာမည်ကျော်ပုဂ္ဂိုလ်များစွာ ဘယ်လောာက်တောင် အပြေးလာကြမလဲ မသိနိုင်ပါ။
ရင်းနှီးနေသည့် နောက်ခံတီးလုံးသံ ထွက်ပေါ်လာခဲ့သည်။
လင်းဖန်၏ ပထမ သီချင်း "အချစ်ကိုဝန်ခံချက်" ဖြစ်သည်။
[ ကျန်းမြစ်ရဲ့ ဘယ်ဘက်ကမ်းနံဘေးက ကော်ဖီ ]
[ ကိုယ့်လက်ထဲ ကော်ဖီတစ်ခွက်ကိုင်ရင် မ်းရဲ့အလှကို မြည်းစမ်းပါ့မယ် ]
လင်းဖန်၏ ဆွဲဆောင်မှုရှိသော အသံထွက်ပေါ်လာသောအခါ အားလုံးမှင်သက်သွားခဲ့ကြသည်။
အထူးသဖြင့် ရှားဝမ်ချွေ့၏ အတန်းဖော်များ ဖြစ်ကြသည်။ သူတို့မျက်လုံးများ မယုံနိုင်ကြည်နိုင်စွာ ဝိုင်းစက်သွားကြသည်။
"ဘုရားရေ ဒါ လင်းဖန်ရဲ့ အဆိုစွမ်းရည်ပေါ့..."
"လင်းဖန်သီချင်းဆိုတာ အရမ်းကောင်းတာပဲ။ အရမ်းတော်တယ်။"
"လခွမ်း ဘာလို့အဲ့လောက်တောင် ကောင်းရတာလဲ။ လင်းဖန် တိုက်ရိုက်သီဆိုတာကို နားထောင်ရတာက QQ Music ပေါ်မှာ သူ့သီချင်းနားထောင်ရတာထက်တောင် ပိုကောင်းသေးတယ်။"
ဝမ်ကျစ်ဝမ်း၊ ကျောင်းမင်၊ လီလုံတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဒီလောက်ကောင်းသည့် သီချင်းမျိုး သူတို့ တစ်သက်နဲ့တစ်ကိုယ် နားမဆင်ဖူးကြပေ။
လင်းဖန် ဒီသီချင်းကို သီဆိုပြီးနောက် ဘေးပတ်လည်ရှိ လူအားလုံး တဖြည်းဖြည်းနဲ့ နစ်မျောလာကြသည်။
ရွှေလို သီချင်းမျိုး။
အချစ်ကိုဝန်ခံချက်အား သီဆိုပြီးနောက် အားလုံံး နက်နက်ရှိုင်းရှိုင်း နစ်မျောနေကြဆဲဖြစ်သည်။
လှပသည့် မြင်ကွင်းတစ်ခုက သူတို့ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။
ရှားဝမ်ချွေ့လည်း လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ချိုမြိန်စွာပြုံးလိုက်သည်။
ထို့နောက် လင်းဖန်၏ ဒုတိယသီချင်း "ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း" ဖြစ်ပါသည်။
"ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း" သီချင်းက သူတို့နှစ်ယောက်၏ လှပသည့် အချစ်ရေးအကြောင်း ရေးသားထားခြင်းဖြစ်သည်။ သို့သော်လည်း အတူတူ ရှိမနေနိုင်သည့် ဝမ်းနည်းစရာ ခံစားချက်လည်း ပါဝင်နေသည်။
ဒါက အားလုံးနဲ့ ဆက်နွယ်နိုင်သည့် သီချင်းမျိုးဖြစ်သည်။
ဒီသီချင်းက လင်းဖန် ရှားဝမ်ချွေ့အတွက် ရေးသားပေးထားသော သီချင်းလည်း ဖြစ်ပါသည်။
[ မနက်ဖြန်ရောက်တဲ့အခါ မှတ်မိနေဦးမလား ]
[ မနေ့က နင်ရေးခဲ့တဲ့ ဒိုင်ယာရီလေးကိုပေါ့ ]
[ မနက်ဖြန်ရောက်တဲ့အခါ ငါ့ကို သတိရနေဦးမလား ]
[ နင်ကအမြဲ အငိုသန်သူလေးဖြစ်လို့ ]
...
လင်းဖန် ဒီသီချင်းကို စသီဆိုလိုက်တော့ ပြုံးလိုက်ပါသည်။
အစပိုင်းကတော့ ဒီသီချင်းကို ရှားဝမ်ချွေ့အတွက် သီဆိုချင်ခြင်း ဖြစ်သည်။
သူမ၏ မွေးနေ့တွင် Surprise လုပ်ချင်ခြင်း ဖြစ်၏။
သို့သော်လည်း ထိုနေ့က မျှော်လင့်မထားတာ တစ်ခုခုဖြစ်သွားခဲ့သည်။
ဒီနေ့ကျမှ လင်းဖန် ရှားဝမ်ချွေ့ရှေ့မှာ ဒီသီချင်းကို သီဆိုနိုင်ခြင်း ဖြစ်ပါသည်။
သီချင်းက အရှည်ကြီးမဟုတ်သော်လည်း အားလုံး၏ စိတ်ကူးစိတ်သန်းများကို ဗြောင်းဆန်သွားစေသည်။
လင်းဖန်၏ သီဆိုမှုက အားလုံး၏ ရင်ထဲတွင် စွဲမြဲသွားခဲ့သည်။
အနားတွင်ရှိနေသည့် ကောင်မလေးများစွာလည်း ထိုသီချင်းကြောင့် ယစ်မူးသွားကြလေပြီ.
ရှားဝမ်ချွေ့၏ မျက်ဝန်းများက အနည်းငယ် နီနေသည်။
လင်းဖန် သီချင်းဆိုရင်း အရှေ့ကို လျှောက်လာကာ ရှားဝမ်ချွေ့၏ လက်ကို နူးညံ့စွာ ကိုင်လိုက်သည်။
ကေတီဗီထဲက မီးအလင်းများ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့အပေါ်သို့ ကျရောက်လာသည်။
လင်းဖန် သီချင်းဆိုနေစဥ် ဝင်ပေါက်နားက လုံခြုံရေးအစောင့်များနဲ့ ကေတီဗီဘော့စ်တို့ပါ တိုးတိုးတိတ်တိတ် နားထောင်နေကြသည်။
သူတို့ လင်းဖန်ကို သွားနှောင့်ယှက်မည် မဟုတ်ပေ။
သို့သော် လင်းဖန်၏ သီချင်းကိုတောင် နားမထောင်ဘဲ မနေနိုင်ကြပါ။
ဘာပဲဖြစ်ဖြစ် ကေတီဗီထဲမှာ သီချင်းဆိုနေသူက လင်းဖန်ဖြစ်ကာ လူအမြောက်အများ၏ နှစ်သက်မှုကို ခံထားရသူ ဖြစ်သည်။
လင်းဖန်က သူ့အဆိုစွမ်းရည်ဖြင့် ပရိတ်သတ်များစွာကို ဆွဲဆောင်နိုင်ပါသည်။
ကေတီဗီ စီအီးအိုက လင်းဖန်သီချင်းဆိုတာကို တိတ်ဆိတ်စွာ နားထောင်နေပြီး စီးမျောနေပါသည်။
"အရမ်း... မိုက်တယ်" ကေတီဗီ စီအီးအိုက သက်ပြင်းချလိုက်ပြီး လင်းဖန်ကို လက်မထောင်ပြလိုက်ပါသည်။
"လင်းဖန် တိုက်ရိုက်သီဆိုတာကို နားဆင်ရတာ ကံကောင်းလွန်းတယ်။ ကေတီဗီကို နှစ်ပေါင်းများစွာ ဖွင့်ခဲ့တာ တန်တယ်ကွာ"
"လင်းဖန်သာ ဖျော်ဖြေပွဲတစ်ခုကျင်းပမယ်ဆို သေချာပေါက် ငါ သူ့ကို အရင်ဆုံး ထောက်ပံ့ပေးမှာပဲ" ကေတီဗီ စီအီးအိုက ပြောလိုက်သည်။ သူ့မျက်လုံးများက ဆန္ဒများဖြင့် ပြည့်ဝနေ၏။
သီချင်းနှစ်ပုဒ်စလုံးဆိုပြီးသွားပြီဖြစ်ပြီး အချိန်ကလည်း တိုတောင်းလွန်းလှသည်။
ဒီ့ထက်ပိုကြာဖို့ အားလုံးမျှော်လင့်နေကြသည်။ လင်းဖန် ဆိုတာ ထပ်ကြားရရင် ဘယ်လောက် ကောင်းလိုက်မလ။
ကေတီဗီထဲတွင် ရှားဝမ်ချွေ့၏ တက္ကသိုလ် အတန်းဖော်များစွာက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေကြသည်။
အထူးသဖြင့် မိန်းကလေးများက လင်းဖန်ကို အထင်ကြီးသွားကြသည်။
လင်းဖန်တွင် သန်းရာချီတန်ဖိုးရှိသည့် ပြိုင်ကားများရှိကာ ကြယ်ငါးပွင့်ဟိုတယ်ကြီး၏ အဓိက ရှယ်ယာဝင်တစ်ယောက်လည်းဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သရုပ်များစွာရှိသည့် စူပါစတားတစ်ယောက်လည်း ဖြစ်သည်။
သို့သော်လည်း မိန်းကလေးအများစု လေးစားတာက လင်းဖန်၏ အကျင့်စရိုက်ပဲဖြစ်သည်။
လင်းဖန်က ဘယ်မိန်းကလေးနဲ့မှ မပွေမရှုပ်ပေ။ မိန်းကလေးများ၏ ခြေတံသွယ်သွယ်များကို လိုက်မကြည့်ပါ။ WeChat ပေါ်မှာလည်း ဘယ်မိန်းကလေးကိုမှ မ Add ပါ။
လင်းဖန်၏ အဆိုစွမ်းရည်က ကောင်းလွန်းပြီး သူ့စရိုက်ကလည်း အလွန်ကောင်းမွန်ပါသည်။
ထိုခံစားချက်များကြောင့်ပဲ အားလုံး အားကျနေရခြင်းဖြစ်သည်။
အတန်းဟောင်းတွေ့ဆုံပွဲကစလို့ ကေတီဗီရောက်သည်အထိ လင်းဖန်၏ မျက်လုံးများက ရှားဝမ်ချွေ့အပေါ်မှာသာ ရှိနေသည်။
အခု လှပသည့် ကောင်မလေးများစွာ ရှိနေသော်လည်း လင်းဖန်၏ မျက်လုံးထဲမှာတော့ ကောင်မလေးတစ်ယောက်သာ ရှိသည်။ ရှားဝမ်ချွေ့ဖြစ်ပါသည်။
လူတစ်ယောက်၏ မျက်လုံးထဲက အလင်းရောင်ကို ဖုံးကွယ်ဖို့ မဖြစ်နိုင်ပါ။
လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့လို နတ်သမီးများ၊ လင်းကျင်းကျင်းလို မိန်းမလှလေးများ၊ စုရှောင်းယွီလို ချစ်စရာမိန်းကလေးများနဲ့တောင် လင်းဖန် စိတ်မလှုပ်ရှားဖူးပါ။
သူနဲ့ ရှားဝမ်ချွေ့တို့အကြားက အချစ်ရေးကို တခြားသူတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဥ်နိုင်တော့မှာလဲ။
အလှဆိုတာ ကြည့်ရှုသူရဲ့ မျက်လုံးနဲ့ပဲ သက်ဆိုင်ပါသည်။
ရှားဝမ်ချွေ့က လင်းဖန်၏ ရည်စားတင်မဟုတ်ဘဲ လင်းဖန်၏ အတန်းဖော်ဟောင်းလည်းဖြစ်၊ လက်ရှိ ကောင်မလေးလည်းဖြစ်၊ အနာဂတ်ဇနီးသည်လည်း ဖြစ်ပါသည်။
စုရှောင်းယွီ၊ လင်းခဲ့ရှင်းနှင့် ချူးယောင်ယောင်တို့ အားလုံးပြုံးလိုက်ကြသည်။
မြင်ကွင်းက အလွန်လှပလွန်းပါသည်။
လင်းဖန်၏ သီချင်းက အားလုံးကို ခံစားသွားစေသည်။
သီချင်းဆိုပြီးနောက် လင်းဖန် မိုက်ခရိုဖုန်းကို ချလိုက်သည်။
လင်းဖန်မျက်လုံးထဲမှာ သူမပဲ ရှိသည်။ နောက်ထပ် စကားတွေ ထပ်မပြောတော့ပေ။ ဒီသီချင်းက သူမအတွက်သာ ဖြစ်သည်။ သူမက သူ့နတ်သမီးလေးဖြစ်ပြီး ပြိုင်ဘက်ကင်းသည်။
သူ့ရှေ့က ရှက်သွေးဖြာနေသည့် ကောင်မလေးကိုကြည့်ရင်း လင်းဖန် ရင်တွေ အရမ်းခုန်လာခဲ့သည်။
အထက်တန်းကျောင်းတုန်းက သူမရဲ့ အတန်းဖော်ဟောင်းဖြစ်ခဲ့စဥ်က လင်းဖန် ဖွင့်ပြောဖို့ သတ္တိ မရှိခဲ့ပါ။
တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် လင်းဖန်က စားသောက်ဆိုင်လေးတစ်ဆိုင်၏ ပိုင်ရှင်သာ ဖြစ်လာခဲ့သည်။
သူမကတော့ ထိပ်တန်းစူပါစတားတစ်ယောက် အနေဖြင့် တောက်ပလျက်ရှိသည်။
သူတို့ အတူတူ မပေါင်းစည်းနိုင်ခဲ့ပါ။
သို့သော်လည်း ကံကြမ္မာဟူသည့်အရာက ရှိနေခဲ့သည်။
အချိန်မှန်တွင် မှန်ကန်သည့် သူမနဲ့ ဆုံတွေ့ခဲ့သည်။
ခရီးအလယ်မှာ လဲကျသွားရင်တောင် သူ့ဘေးမှာ ရှိနေသည့် ကောင်မလေးက သူမပဲ ဖြစ်သည်။
"နင်နဲ့ ဆုံတွေ့ခဲ့ရတာ ကံကောင်းလိုက်တာ" လင်းဖန်က ပြုံးပြီး ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်သည်။ အခုချိန် သူအလွန်ပျော်ရွှင်နေပါသည်။
"အွန်း~" ရှားဝမ်ချွေ့ကလည်း သိမ်မွေ့စွာ ခေါင်းငြိမ့်လိုက်သည်။
ဒီလိုကောင်မလေးကို ကြည့်ရင်း လင်းဖန် သူမကို ထွက်ပြေးခွင့်မပေးတော့ပေ။
သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားချင်ပြီး ကာကွယ်ပေးချင်သည်။
ထို့နောက် သူမကို နမ်းလိုက်သည်။
အားလုံး၏ ငေးကြည့်မှုအောက်တွင် လင်းဖန်က ရှားဝမ်ချွေ့ကို နမ်းလိုက်သည်။
ထိုမြင်ကွင်းကြောင့် အချိန်တွေရပ်တန့်သွားသလိုပင်။
ဒါက ရိုက်ကူးရေးပြင်ပတွင် လင်းဖန် သူမ၏ နှုတ်ခမ်းနီနီရဲရဲလေးကို နမ်းရှိုက်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။
ပထမဆုံးအကြိမ်အနေနဲ့ သူမ လက်ခံစွာဖြင့် ဒီတိုင်းရပ်နေပြီး မျက်လုံးကို နူးညံ့စွာ မှေးမှိတ်ထားသည်။ လင်းဖန်ကို မငြင်းဆန်တော့ပါ။
ကောာင်မလေး၏ ပျော့ပြောင်းသော မွှေးရနံ့က သင်းပျံ့လာခဲ့သည်။ လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့ကို လွှတ်ပေးလိုက်သောအခါ သူမမျက်နှာ နီရဲနေပါပြီ။
သူမကို လက်ထပ်ဖို့ သူမ မိဘများ၏ သဘောတူညီချက်ကိုသာ လိုအပ်တော့သည်။
နှစ်ဝက်လောက်လိုသေးသည်။ နှစ်ဝက်ကုန်သောအခါ သူမ မိဘများ၏ သဘောတူညီချက်ကို ရအောင်ယူရပါမည်။
ထိုအတွေးဖြင့် လင်းဖန်၏ စိတ်နှလုံးသားကို အလွန်အမင်း ခိုင်မာသွားစေခဲ့သည်။
အနားမှ လူတွေအားလုံးလည်း ထိချက်ပြင်းပြင်း ထိမိသွားကြသည်။
အထူးသဖြင့် ဝမ်ကျစ်ဝမ်းဖြစ်၏။
လခွမ်းပဲ။ လင်းဖန် ငါ့ကို မျက်နှာပူအောင် လုပ်ပြန်ပြီ။