ဘေးကင်းစွာ ပြန်ရောက်ရှိခြင်း
Vol. 38 Ch. 506
" ငါးနက်ဘုရင် ၊ ငွေရောင်ငါးကြင်းဘုရင် …… မင်းတို့နှစ်ယောက် ထွက်မလာသေးဘူးလား "
သက်တံနီဂိုဏ်းက အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေက်ုတော့ အနီရောင် ရေနဂါးဘုရင်ဟာ တစ်ယောက်တည်း ရင်မဆိုင်ဝံ့ပါဘူး ။ သူက သည်လူတစ်သိုက်ဆီကနေပြီး ဖိအားတချို့ကိုတောင် စတင်ခံစားနေရပြီ မဟုတ်ပါလား ။
ဗွမ်း……ဗွမ်း……
ပင်လယ်ရေပြင်ဟာ ပေါက်ကွဲထွက်သွားပြီးတဲ့ နောက်မှာတော့ ကြီးမားလှတဲ့ အနက်ရောင် ငါးကြီးတစ်ကောင် နဲ့ ငွေရောင် ငါးကြင်းကြီး တစ်ကောင်ဟာ ပင်လယ်ရေအောက်ထဲကနေ တိုးထွက်လာခဲ့ပါပြီ ။
ငါးနက်ဘုရင် ……
သည်ပင်လယ်သားရဲကတော့ အဆင့်၇ အဆင့်မြင့် ပင်လယ်သားရဲ ဖြစ်ပြီး သူက အမှောင်ထု တောကြီးမြွေဟောက် မိစ္ဆာဧကရာဇ်ရဲ့ မျိုးဆက်သွေးကို ဆက်ခံထားပါတယ် ။
ငွေရောင် ငါးကြင်းဘုရင်……
သူကလည်း အဆင့်၇ အဆင့်မြင့် ပင်လယ်သားရဲ တစ်ကောင်ပါပဲ ။ သူကတော့ ငွေမှင် ရေနဂါးရဲ့ မျိုးဆက်သွေးကို ဆက်ခံထားပါတယ် ။
သည်ပင်လယ်သားရဲ နှစ်ကောင်က အနီရောင် ရေနဂါးဘုရင်ရဲ့ ဘယ်လက်ရုံး နဲ့ ညာလက်ရုံး ဆိုရင်လည်း မမှားပါဘူး ။သူတို့ရဲ့ စွမ်းအားဟာ အဆင်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေထက်တောင် သာလွန်ပါသေးတယ် ။
ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ မျိုးဆက်သွေးဟာ အနီရောင် ရေနဂါးဘုရင်လို သန့်စင်ခြင်း မရှိပါဘူး ။
သက်တံနီဘုရင်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ် ။ သူက ငါးနက်ဘုရင် နဲ့ ငွေရောင် ငါးကြင်းဘုရင်တို့ကို သိပ်ပြီး ဂရုမစိုက်တဲ့ ပုံပါပဲ ။
" အနီရောင် ရေနဂါးဘုရင်…… မင်းတို့ သုံးယောက်တည်းနဲ့ ဆိုရင်တော့ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ သွေးအဆီအနှစ်ကို ရဖို့ မဖြစ်နိုင်သေးဘူး ။ လက်လျော့လိုက်စမ်းပါ "
သူတို့ငါးယောက်ဟာ မိစ္ဆာသားရဲဘုရင် သုံးယောက်ကို အနိုင်ယူဖို့ မဖြစ်နိုင်သလို မိစ္ဆာသားရဲဘုရင် သုံးယောက်ဟာလည်း သူတို့ကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး ။
" ဟုတ်လား …… ငါ ပါလာရင်ကော "
ဗွမ်း……
မိုင်တစ်ရာလောက် ရှည်တဲ့ ခရမ်းရောင် ဓားနှုတ်သီးငါး တစ်ကောင်ဟာ ပင်လယ်ရေပြင်ထဲကနေ တိုးထွက်လာခဲ့ပါတယ် ။
" ခရမ်းရောင် ဓားဘုရင် "
သက်တံနီဘုရင်ရဲ့ မျက်နှာကတော့ လေးနက်တည်ကြည် သွားခဲ့ပါပြီ ။
ခရမ်းရောင် ဓားဘုရင်ဆိုတာက ခရမ်းရောင်ပင်လယ်ရဲ့ အုပ်စိုးသူ ဖြစ်ပါတယ် ။ သူက ဓားနဂါးရဲ့ မျိုးဆက်သွေးကို ဆက်ခံထားသူ ဆိုရင်လည်း မမှားပါဘူး ။ ဓားနဂါးဟာ သာမန် အရှင်သခင်အဆင့် သားရဲတစ်ကောင် ဆိုပေမယ့် သားရဲအရှင်သခင် ဖြစ်နေဆဲပါပဲ ။ အဲသည်အတွက် သူ့ရဲ့ မျိုးဆက်သွေးဟာ အတော်လေး အစွမ်းထက်တယ်လို့ ဆိုရပါမယ် ။ ကံဆိုးတာကတော့ ခရမ်းရောင် ဓားဘုရင်ဟာ ဓားနဂါးရဲ့ မျိုးဆက်သွေးကို အနည်းပဲ ရခဲ့တာပါပဲ ။ မဟုတ်လို့ကတော့ သူဟာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ပြိုင်ဘက်ကင်း ဖြစ်နေလောက်ပါပြီ ။
" ဒါကတော့ ဆိုးတယ် "
သက်တံနီဂိုဏ်း အထွတ်ခေါင်ချုပ် အကြီးအကဲတွေရဲ့ မျက်နှာဟာ မကောင်းလှတော့ပါဘူး ။
အနီရောင်ရေနဂါးဘုရင် နဲ့ သူ့လက်ရုံး နှစ်ယောက်ကိုတောင်မှ သူတို့ဟာ ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ အခုတော့ ခရမ်းရောင် ဓားဘုရင်ပါ ရောက်လာပြန်ပါပြီ ။ သည်အခြေအနေအတိုင်း ဆိုရင်တော့ သူတို့ဟာ သေချာပေါက် ရှုံးတော့မှာပါ ။
" ပြီးတော့ ငါလည်း ကျန်သေးတယ်လေ "
ဗွမ်း ……
မိုင်ပေါင်း ဒါဇင်ချီ ရှိတဲ့ ရွှေရောင် ကျောက်ပုစွန် တစ်ကောင်ဟာ ပက်လယ်ရေပြင်ထဲကနေ တိုးထွက်လာပြန်ပါတယ် ။
" ရွှေလက်မ ဘုရင် "
သက်တံနီဘုရင်ရဲ့ မျက်နှာဟာ ဖြူလျော့သွားခဲ့ပါပြီ ။
ရွှေလက်မ ဘုရင်ဟာ ပင်လယ်ဝါကို အုပ်စိုးသူဖြစ်ပြီး ရွှေအိုရောင် နဂါးရဲ့ မျိုးဆက်သွေးကို ဆက်ခံထားသူ ဖြစ်ပါတယ် ။ ဓားနဂါး နဲ့ မတူတာကတော့ ရွှေအိုရောင် နဂါးဟာ သားရဲ အရှင်သခင်တွေ ထဲမှာတောင်မှ အင်မတန် အစွမ်းထက်တယ်လို့ သတ်မှတ်ခံထားရတာပါပဲ ။ ဒါပေမဲ့လည်း ရွှေလက်မဘုရင် ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ ရွှေအိုရောင် နဂါးရဲ့ မျိုးဆက်သွေးဟာ အတော်လေး နည်းပါးလှတဲ့အတွက် ခရမ်းရောင် ဓားဘုရင်ရဲ့ ကိုယ်ထဲက ဓားနဂါးမျိုးဆက်သွေးကို မယှဉ်နိုင်ပါဘူး ။
' အခြေအနေ မဟန်တော့ဘူး ။ ငါ ဘာဆက်လုပ်ရမလဲ '
သက်တံနီဘုရင်ကတော့ အကြီးအကျယ် စဉ်းစားခန်း ဝင်နေပါတော့တယ် ။
အခုဆိုရင် ပင်လယ်ခုနစ်စင်းက မိစ္ဆာဘုရင်တွေထဲမှာ အစွမ်းအထက်ဆုံးလို့ ပြောနိုင်တဲ့ မိစ္ဆာဘုရင်တွေ အားလုံးဟာ သည်နေရာမှာ ရောက်ရှိနေပါပြီ ။ပြီးတော့ သူတို့အားလုံးဟာ ရေနဂါးတွေ နဲ့ အစစ်အမှန် နဂါးတွေရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားကြ ပါသေးတယ် ။
သူတို့ငါးယောက်က သည်မိစ္ဆာသားရဲ ဘုရင်တွေကို ဘယ်လိုမှ နိုင်စရာ အကြောင်း မရှိတော့ပါဘူး ။အခုတောင်မှ သက်တံနီဘုရင်ဟာ အရှုံးဆိုတဲ့ အငွေ့အသက်ကို စတင် ခံစားမိနေပါပြီ ။
သေသေချာချာ စဉ်စားပြီးတဲ့ နောက်မှတော့ သက်တံနီဘုရင်က ခါးသည်းစွာ ပြုံးလိုက်ပြီး အရှုံးပေးလိုက်ပါတော့တယ် ။
" အနီရောင် ရေနဂါးဘုရင် …… မင်းနိုင်ပါတယ် ။ ငါက မင်းအခုလို တခြား မိစ္ဆာသားရဲဘုရင်တွေနဲ့ ဝေစုခွဲယူလိမ့်မယ်လို့ လုံးဝ မတွက်လိုက်မိဘူး "
မဟူရာ ရေနဂါး ဧကရာဇ်ရဲ့ သွေးအဆီအနှစ်ဟာ အခြားသော မိစ္ဆာသားရဲ ဘုရင်တွေ အပေါ်မှာလည်း သက်ရောက်မှု မရှိစရာ အကြောင်းမရှိပါဘူး ။ကြည့်ရတာတော့ အနီရောင် ရေနဂါးဘုရင်ဟာ ဝေစုခွဲပေးမယ်ဆိုတဲ့ မက်လုံးနဲ့ တခြားပင်လယ်တွေက မိစ္ဆာသားရဲ ဘုရင်တွေကို ဖိတ်ခေါ်လိုက်ပုံပါပဲ ။
ပင်လယ်သားရဲတွေ အကုန်လုံးဟာ နဂါးမျိုးနွယ်ကနေ ဆင်းသက်လာတယ်ဆိုတဲ့ ကောလဟာလတောင် ရှိနေသေးတာ မဟုတ်ပါလား ။
တိတိကျကျ ပြောရမယ် ဆိုရင်တော့ ပင်လယ်သားရဲ အကုန်လုံး နီးပါးဟာ အစစ်အမှန် နဂါးမျိုးဆက်သွေးကို ဆက်ခံထားကြသူတွေ ချည်းပါပဲ ။ ဒါပေမဲ့လည်း သူတို့ ဆက်ခံထားတဲ့ မျိုးဆက်သွေးဟာ လုံးဝ ပြောပလောက်အောင် မရှိတဲ့အတွက် နဂါးမျိုးဆက်သွေးဟာ အစွမ်းမပြဘဲ ခိုအောင်းနေတာ ဖြစ်ပါတယ် ။
အနီရောင် ရေနဂါးဘုရင်က မထီတရီ ပြုံးလိုက်ပြီး
" မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ သွေးအဆီအနှစ်တွေက အများကြီးပဲ ။ ပြီးတော့ ငါက သွေးအဆီအနှစ် ၄၀ ရာခိုင်နှုန်းကိုပဲ လိုတာလေ ။ ဘာဖြစ်လို့ငါက သူတို့ကို ဝေစု မခွဲပေးနိုင် ရမှာလဲ "
ပင်လယ်သားရဲတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဟာ လူသားတွေရဲ့ ကျင့်ကြံမှုနဲ့ မကွာခြားလှပါဘူး ။ သူတို့ဟာလည်း နောက်ပိုင်းရောက်လာလေလေ အဆင့်တက်ရ ခက်လာလေလေ ဖြစ်ပြီး နယ်ပယ်တစ်ခုနဲ့ တစ်ခုကြားမှာ ကွာဟမှု ပိုများလာလေ့ ရှိပါတယ် ။
အနီရောင် ရေနဂါးဘုရင်ဟာ မိစ္ဆာသားရဲ ဘုရင်တွေထဲမှာ အစွမ်းအထက်ဆုံးလို့ မှတ်ယူနိုင်ပြီး မိစ္ဆာသားရဲ ဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ခြေလှမ်း တစ်လှမ်းလောက်သာ လိုတော့တာပါ ။ ဒါပေမဲ့လည်း အားအနည်းဆုံး မိစ္ဆာဧကရာဇ် တစ်ပါးကတောင်မှ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ပါတယ် ။ ပင်လယ်ခုနစ်စင်းက မိစ္ဆာသားရဲဘုရင်တွေ စုပေါင်းပြီး တိုက်ခိုက်ရင်တောင်မှ အားအနည်းဆုံးလို့ ဆိုရမယ့် မိစ္ဆာဧကရာဇ် တစ်ပါးရဲ့ တိုက်ခိုက်မှုကို မကာကွယ်နိုင်ပါဘူး ။
ဒါကြောင့်လည်း အနီရောင် ရေနဂါးဘုရင်က မိစ္ဆာသားရဲ ဧကရာဇ်အဆင့်ကို အလျင်အမြန် တက်လှမ်းချင်နေတာပါ ။ သည်မဟူရာ ရေနဂါး ဧကရာဇ်ရဲ့ ၄၀ရာခိုင်နှုန်းသော သွေးအဆီအနှစ်နဲ့ ဆိုရင်တော့ သူဟာ မိစ္ဆာသားရဲ ဧကရာဇ်တစ်ပါးအဖြစ် ပြောင်းလဲဖို့ လုံလောက်နေပါပြီ ။
ပြီးတော့ သည်မဟူရာ ရေနဂါးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အခြားသော ရင်းမြစ်ပစ္စည်းတွေ ရှိနေပါသေးတယ် ။
တကယ်လို့သာ အနီရောင် ရေနဂါးဘုရင်အနေနဲ့ သည်မဟူရာ ရေနဂါး ဧကရာဇ်ရဲ့ ခန္ဓာကိုယ် ရုပ်အလောင်းကို တစ်ယောက်တည်း အပိုင်စီးနိုင်စွမ်း ရှိမယ် ဆိုရင်တော့ သူဟာ တခြားသူတွေကို အခုလို ဝေစုခွဲပေးမှာ မဟုတ်ပါဘူူး ။ ဒါပေမဲ့လည်း မဟူရာရေနဂါး ဧကရာဇ်ရဲ့ ခန္ဓာကိုယ် ရုပ်အလောင်းဟာ သူတစ်ယောက်တည်း အပိုင်စီးနိုင်ဖို့အတွက် ခဲယဉ်းလွန်းလှပါတယ် ။
" သွားကြစို့ "
သက်တံနီ ဘုရင်ကတော့ အခြေအနေကို ရိပ်စားမိတဲ့အတွက် အထွတ်ခေါင်ချုပ် အကြီးအကဲ လေးယောက်ကို ဦးဆောင်ပြီး အလျင်အမြန် ဆုတ်ခွာသွားခဲ့ပါပြီ ။
သက်တံနီ ဘုရင်နဲ့ အခြားသူတွေ ဆုတ်ခွာသွားတာ သေချာမှ အနီရောင် ရေနဂါး ဘုရင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခရမ်းရောင် ဓားဘုရင် နဲ့ ရွှေလက်မ ဘုရင်ကို ပြောလိုက်ပါတယ် ။
" ငါတို့သဘောတူထားသလိုပဲ ။ မင်းတို့ နှစ်ယောက်က မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ သွေးအဆီအနှစ်ကို တစ်ယောက် ၂၀ ရာခိုင်နှုန်းဆီ ယူလိုက် ။ ငါကတော့ ၄၀ ရာခိုင်နှုန်းယူပြီး ငါးနက်ဘုရင်နဲ့ ငွေငါးကြင်းဘုရင်တို့က တစ်ယောက်ကို ၁၀ ရာခိုင်နှုန်းစီ ယူမယ် ။ အားလုံး အဆင်ပြေတယ်မလား "
ခရမ်းရောင် ဓားဘုရင်က ရယ်လိုက်ပြီး
" အဆင်ပြေတယ် ။ ငါ့အနေနဲ့ ဘာမှ ကန့်ကွက်စရာ မရှိဘူး ။ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မျိုးဆက်သွေးက အစစ်အမှန် နဂါးမျိုးဆက်သွေး ဖြစ်တဲ့အတွက် ရေနဂါးတစ်ကောင်ရဲ့ သွေးအဆီအနှစ်နဲ့ သိပ်အလုပ် မဖြစ်ဘူး ။ ၂၀ရာခိုင်နှုန်းဆိုတာ င့ါအတွက် လုံလောက်တဲ့ ပမာဏပဲ "
ရွှေလက်မ ဘုရင်ကလည်း အဆင်ပြေတဲ့ ပုံပါပဲ ။
" ငါလည်း မကန့်ကွက်ဘူး ။ ဒါပေမဲ့ ပြောစရာ တစ်ခုတော့ ရှိတယ် ။ တကယ်လို့ မင်းအနေနဲ့ မိစ္ဆာဧကရာဇ်တစ်ပါး ဖြစ်လာရင် ငါတို့ကို မမေ့ပါနဲ့ ။ မင်းက ငါတို့ကို ဦးဆောင်ပြီး ရောင်စဉ်ခုနစ်ဖြာတိုက်ကြီးရဲ့ အပြင်ကို ခေါ်ထုတ်ပေးရမယ် "
ရွှေလက်မ ဘုရင် နဲ့ ခရမ်းရောင် ဓားဘုရင်တို့ နှစ်ယောက်စလုံးဟာ အစစ်အမှန် နဂါးမျိုးဆက်သွေးကို ဆက်ခံထားတာ ဆိုပေမယ့်လည်း သူတို့ ဆက်ခံထားတဲ့ အစစ်အမှန် နဂါးမျိုးဆက်သွေးဟာ အတော်လေး နည်းပါးလွန်းလှပါတယ် ။ အဲသည်အတွက် သူတို့နှစ်ယောက်ဟာ သိပ်သည်းလှတဲ့ အနီရောင် ရေနဂါး မျိုးဆက်သွေးကို ဆက်ခံထားတဲ့ အနီရောင် ရေနဂါးဘုရင်ကို အစွမ်းထက်မြက်မှု အပိုင်းမှာ မယှဉ်နိုင်ပါဘူး ။
" စိတ်မပူစမ်းပါနဲ့ ။ ငါ မိစ္ဆာသားရဲ ဧကရာဇ်အဆင့်ကို ရောက်သွားရင် မင်းတို့ကို ပစ်မထားပါဘူး "
အနီရောင် ရေနဂါးဘုရင်က ကတိပေးလိုက်ပါတယ် ။
သူက သည်မဟူရာ ရေနဂါးရဲ့ သွေးအဆီအနှစ်နဲ့ ဆိုရင်တော့ ဆယ်နှစ်အတွင်းမှာပဲ မိစ္ဆာသားရဲ ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိပါတယ် ။ တကယ်လို့ ဆယ်နှစ်အတွင်းမှာမှ မိစ္ဆာသားရဲ ဧကရာဇ်တစ်ပါး ဖြစ်မလာခဲ့ရင်တော့ သူဟာ ဘယ်လောက်ကြိုးစားကြိုးစား မိစ္ဆာသားရဲ ဧကရာဇ်ဖြစ်ဖို့ အဆင့်မမီဘူးလို့ သတ်မှတ်ရမှာပါပဲ။
" ကဲ …… အချိန် ဖြုန်းမနေကြနဲ့တော့ ။ ကိုယ်လုပ်ရမယ့် အပိုင်းကို ကိုယ်လုပ်ကြရအောင် "
အဲသည်နောက်မှာတော့ မိစ္ဆာသားရဲ ဘုရင်ငါးပါးဟာ မဟူရာရေနဂါး ဧကရာဇ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လျင်မြန်စွာ ဖြတ်တောက်လိုက်ကြ ပါတော့တယ် ။
*****--******---********
မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဘုရင်တွေကိုတောင် ယှဉ်နိုင်တဲ့ လိပ်ပြာအသိစိတ်အားကိုးနဲ့ လီဖူချန်းဟာ ခက်ခဲကြမ်းတမ်းလှတဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းပြီး သက်တံနီဂိုဏ်းကို ပြန်ရောက်လာခဲ့ပါပြီ ။
" သည်စစ်ပွဲထဲမှာ လူ၁၈၀၀ ကျော် အသက်ပေးလိုက် ရတာလား "
သက်တံနီဂိုဏ်းကိုတော့ မကြုံစဖူး ဖိအားကြီးတစ်ခု လွှမ်းခြုံထားပါတယ်။
သက်တံနီဂိုဏ်းဟာ သည်တစ်ကြိမ် စစ်ပွဲအတွက် ဂိုဏ်းတပည့်တွေနဲ့ အကြီးအကဲ စုစုပေါင်း ၇၈၀၀ကို စေလွှတ်လိုက်တာပါ ။ ဒါပေမဲ့ သက်တံနီဂိုဏ်းကို အသက်ရှင်လျက် ပြန်ရောက်လာတဲ့ လူအရေအတွက်ဟာ ၆၀၀၀ တောင် မပြည့်ပါဘူး ။
ပြီးတော့ သည်စစ်ပွဲထဲမှာ ကျဆုံးသွားတဲ့ သူတိုင်းဟာ တကယ့် လက်ရွေးစင် ကြယ်၆ပွင့် နဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေချည်းပါပဲ ။ သူတို့ကိုတော့ သာမန် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး ။ယေဘုယျအားဖြင့် ဆိုရင်တော့ လက်ရွေးစင် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် တစ်ယောက်ဟာ သာမန် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် တစ်ရာနဲ့ ညီမျှပြီး လက်ရွေးစင် ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် တစ်ယောက်ကတော့ သာမန် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ထောင်ပိုင်း အနည်းငယ်နဲ့ ညီမျှပါတယ် ။
ဒါပေမဲ့လည်း အဲသည် လက်ရွေးစင်တွေဟာ စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြပါပြီ ။ အဲသည် အဖြစ်အပျက်က သက်တံနီဂိုဏ်းသား အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာကို နက်နက်ရှိုင်းရှိုင်း သက်ရောက်စေပါတယ် ။
အကြီးတွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဂိုဏ်းသားတွေပဲ ဖြစ်ဖြစ်ပါလေ ။ သူတို့အားလုံးဟာ အားနည်းတယ်လို့ ခံစားနေကြရတာ အမှန်ပါပဲ ။ သူတို့ဟာ စစ်ပွဲအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဘဲ တခြားသူတွေနောက်မှာသာ နေခဲ့ရပါတယ် ။
အဲသည်ခံစားချက်ကြီးကြောင့်ပဲ သက်တံနီ ဂိုဏ်းသားတွေဟာ ပြန်ရောက်လာတာနဲ့ တစ်ပြိုင်နက် အပြင်ကို မထွက်တော့ပါဘူး ။ သူတို့ဟာ အပြင်းအထန် ကျင့်ကြံမှပဲ နောင်တစ်ချိန် စစ်ပွဲတွေမှာ အစွမ်းပြနိုင်ပါလိမ့်မယ် ။
သက်တံနီဂိုဏ်းရဲ့ အုပ်ချုပ်သူ အကြီးအကဲတွေကတော့ ဂိုဏ်းသားတွေရဲ့ လက်ရှိအခြေအနေကို ကြည့်ုပြီး ကျေနပ်နေကြပါတယ် ။ ဂိုဏ်းသားတွေရဲ့ အသက်တွေ ဆုံးရှုံးရခြင်းက စစ်ရဲ့ ဆိုးကျိုးတစ်ရပ် ဖြစ်ပေမယ့်လည်း အဲသည်စစ်ပွဲကြောင့်ပဲ လူတိုင်းရဲ့ အလားအလာဟာ ပိုကောင်းလာနိုင်ပါတယ် ။ သက်တံနီဂိုဏ်းရဲ့ မျိုးဆက်သစ်တွေဟာ အသက်ဘေးအန္တရာယ်နဲ့ နဖူးတွေ့၊ဒူးတွေ့ မကြုံဖူးဘဲ သက်တောင့်သက်သာရှိတဲ့ နေရာမှာသာ နေနေခဲ့မယ်ဆိုရင် သူတို့ရဲ့ အနာတ်ဟာ အကန့်အသတ် ရှိသွားပါလိမ့်မယ် ။ အဲသည်လို ဆိုရင်တော့ သူတို့ဟာ သူတို့ရဲ့ ကန့်သတ်ချက်တွေကို ခိျိုးဖောက်နိုင်တော့မှာ မဟုတ်ပါဘူး ။
ကျင့်ကြံခြင်း လောကမှာတော့ သေခြင်းတရား နဲ့ ဒဏ်ရာတွေ ဆိုတာက ရှောင်လွှဲလို့ မရတဲ့ အရာတွေပါပဲ ။
" လီဖူချန်း…… နင် မသေသေးဘူးပေါ့ "
ဂိုဏ်းတော်ကို ပြန်ရောက်လာတဲ့ လီဖူချန်းကို အတွေ့မှာတော့ ပိုင်လိရှန်ဟာ အတော်လေး အံ့အားသင့်သွားခဲ့ပါတယ် ။
သက်တံနီဂိုဏ်းဟာ သည်တစ်ခေါက် စစ်ပွဲမှာ ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ပါတယ် ။ အဲသည်ဆုံးရှုံးမှုတွေထဲမှာဆိုရင် ဘုရင်အဆင့်အတန်းက တပည့်ရှစ်ယောက်လည်း အပါအဝင်ပါပဲ ။ ပြီးတော့ များပြားလှတဲ့ ဘုရင်အဆင့် အပြင်စည်းတပည့်တွေ နဲ့ အတွင်းစည်း တပည့်တွေဟာ စစ်ပွဲအတွင်းမှာ ပျောက်ဆုံးသွားပြီး အခုထက်တိုင် သက်တံနီဂိုဏ်းဆီကို ပြန်မလာနိုင်ကြသေးပါဘူး ။ လူတွေတော်တော်များများကတော့ အဲသည်တပည့်တွေဟာ သေဆုံးကုန်လောက်ပြီလို့ မှတ်ယူထားကြပါတယ် ။ ဒါပေမဲ့လည်း အဲသည်ပျောက်ဆုံးနေတဲ့ တပည့်တွေထဲက တစ်ယောက်ဖြစ်တဲ့ လီဖူချန်းဟာ ရက်ပေါင်းများစွာ အကြာမှာ သက်တံနီဂိုဏ်းကို ပြန်ရောက်လာခဲ့ပါပြီ ။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး
" အင်း……ငါ မသေသေးဘူး ။ ငါက ကံလေးနည်းနည်း ကောင်းသွားလို့ အသက်ဘေးက လွတ်လာခဲ့တယ် "
" ဒါဆိုရင်တော့ နင်က ကံလေး နည်းနည်းကောင်းတာ မဟုတ်ဘူး ။ အများကြီး ကောင်းတာလို့ ပြောရမယ် "
ပိုင်လိရှန်က ပြုံးပြီး လီဖူချန်းကို ကျီစယ်လိုက်ပါတယ် ။
တကယ်လို့ လီဖူချန်းနေရာမှာသာ သူမ ဆိုလို့ကတော့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါအစီအရင် မရှိဘဲနဲ့ ဂိုဏ်းတော်ကို ဘယ်လိုမှ အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ပါဘူး ။
အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ စကားစမြည် အနည်းငယ် ပြောဆိုပြီး လမ်းခွဲလိုက်ကြ ပါတော့တယ် ။
လီဖူချန်း တစ်ယောက် မျောလွင့်ဖုန်မှုန့် တောင်ထိပ်ကို ပြန်ရောက်ပြီး သုံးရက်အကြာမှာတော့ ဂိုဏ်းတော်ဟာ လီဖူချန်းအတွက် ဆုလာဘ်တွေ ပေးအပ်ခဲ့ပါတယ် ။ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းမှာ နံပါတ်၁ ရခဲ့တဲ့ လီဖူချန်းရဲ့ ဆုလာဘ်တွေဟာ မနည်းလှပါဘူး ။
ဂိုဏ်းတော်က သူ့ကို ထောက်ပံ့ရေးဒင်္ဂါး ငါးသောင်းအပြင် သက်တံနီဆေးရည် ဆယ်ပုလင်း နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် ဆယ်ပုလင်းကိုပါ ချီးမြှင့်ခဲ့ပါတယ် ။
လီဖူချန်းအတွက်ကတော့ နောက်တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်အထိ ကောင်းကောင်းကြီး ဖူလုံသွားခဲ့ပြီလို့ ဆိုရမှာပါပဲ ။ သူက သက်တံနီဆေးရည် နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည်အတွက် လုံးဝ ပူစရာ မလိုတော့ပါဘူး ။ သူက တစ်လကို ဆေးရည်တစ်ပုလင်း သောက်သုံးလို့တောင် ရနေပါပြီ ။
" ငါ့အနေနဲ့ သေမျိုးကပ်ဘေး လက်သီးကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ရောက်အောင် အရင် ကျင့်ကြံရမယ် "
ထိုးထွင်းသိမြင်မှု တာအိုဆေးရည် တစ်ပုလင်းကို သောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်း သေမျိုးကပ်ဘေး လက်သီးကို နားလည်သဘောပေါက်ဖို့အတွက် စတင်ပါတော့တယ် ။
***