← Chapters

ကြေးခွံဖြူ တိုက်ကြီး

Vol. 38 Ch. 507

ကြေးခွံဖြူ တိုက်ကြီး

Vol. 38 Ch. 507

လီဖူချန်းဟာ နဂိုကတည်းကနေ အံ့အားသင့်စရာ ကောင်းလောက်အောင် ထက်မြက်တဲ့ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားပြီးပါပြီ ။ ထိုးထွင်းသိမြင်မှု တာအိုဆေးရည်ကို သောက်သုံးလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ ရုတ်ချည်း မြှင့်တက်သွားပြန်ပါတယ် ။ အဲသည် မြှင့်တက်လာတဲ့ ထိုးထွင်းသိမြင်မှုက သူ့ကို သေမျိုးကပ်ဘေး လက်သီးအကြောင်း နားလည်ဖို့အတွက် အခက်အခဲ မရှိစေတော့ပါဘူး ။

ဆေးရည် တစ်ပုလင်း …… ဆေးရည် နှစ်ပုလင်း…… ဆေးရည် သုံးပုလင်း ……

တစ်လအတွင်းမှာပဲ လီဖူချန်းဟာ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် ငါးပုလင်းကို သောက်သုံးပြီး သေမျိုးကပ်ဘေး လက်သီးရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို နားလည်အောင် ဖိအားပေး  ကြိုးစားခဲ့ပါတယ် ။

သူ့ရဲ့ ဖိအားပေး ကြိုးစားမှုက အောင်မြင်တယ်လို့ပဲ ဆိုရပါမယ် ။

အခုဆိုရင် သူ့ရဲ့ သေမျိုးကပ်ဘေး လက်သီးဟာ ဖော်ပြလို့ မရနိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပါပြီ ။ လက်သီးချက် တစ်ချက်က မြေကမ္ဘာ အလယ်အလတ်အဆင့် လက်နက်ပစ္စည်း တစ်ခုကို အသာအယာ ဖျက်ဆီးနိုင်ပါတယ် ။

ရုပ်ဝတ္ထု ပစ္စည်းတွေကို ဖျက်ဆီးတဲ့ နေရာမှာတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဆရာသခင်တွေတောင်မှ လီဖူချန်းကို ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး ။

သေမျိုးကပ်ဘေး စွမ်းအားတွေ အတော်လေး အားကောင်းလာခဲ့သလို တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မသန့်စင်မှုတွေဟာ သိသိသာသာကြီး ပျောက်ကွယ်ကုန်ပါတယ် ။ခန္ဓာကိုယ်ထဲမှာ နက်နက်ရှိုင်းရှိုင်း တွယ်ညိနေတဲ့ မသန့်စင်မှု တချို့တောင်မှ သေမျိုးကပ်ဘေး စွမ်းအားရဲ့ သန့်စင်ခြင်း လက်အောက်ကနေ မလွတ်မြောက်ခဲ့ကြပါဘူး ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် ကန့်သတ်ချက်ဟာ နောက်ထပ်တစ်ဆင့် တက်သင့်ပြီလို့ ယူဆလိုက်ပါတယ် ။

" သည်တစ်ခေါက် နဂါးရေကန်မှာ  ငါ့ရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမ အခန်းကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ရောက်အောင် လေ့ကျင့်ရမယ် "

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ နဂါးရေကန်ကို ဦးတည်သွားခဲ့ပါပြီ ။

………

နဂါးရေကန်မှာက အလွန်အမင်း သန့်စင်တဲ့ နဂါးချီတွေ ရှိနေတယ် ဆိုပေမယ့် မသန့်စင်မှုတွေကလည်း မသိမသာလေး ရှိနေဆဲပါပဲ ။

တစ်ရက်ပြီး တစ်ရက် အချိန်တွေ ကုန်ဆုံးလာပြီးတဲ့ အချိန်မှာတော့  ဆင်နဂါးစွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်အသေးလေးဟာ တဖြည်းဖြည်း ကြီးထွားလာပြီး ဆင်ပြောင်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲစ  ပြုနေပါတယ် ။

တစ်ချိန်တည်းမှာပဲ ကြီးမြတ်လှတဲ့ စွမ်းအားတွေကလည်း ဖြစ်ပေါ်လာပြန်ပါတယ် ။

ဆယ်ရက်…… ရက်နှစ်ဆယ် …… တစ်လ…… တစ်လခွဲ………

ထောက်ပံ့ရေး ဒင်္ဂါး  ၅၀၀၀၀ ရထားတဲ့ လီဖူချန်းဟာ ထောက်ပံ့ရေးရမှတ် မလုံလောက်မှာကိုတော့ လုံးဝ ပူစရာ မလိုပါဘူူး ။ သူက သည်နဂါးရေကန်ထဲမှာ ရက်၁၀၀ လောက်တောင် နေနိုင်ပါသေးတယ်။

သူ့ရဲ့ အလျော့မပေးတဲ့ ဇွဲလုံ့လ ၊ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ အရင်းအမြစ်တွေကို ပေါင်းလိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ နှစ်လအတွင်းမှာပဲ ဆင်နဂါး ခန္ဓာကိုယ်သွန်းလောင်းခြင်း ပဉ္စမအခန်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ ။

အခုဆိုရင် လီဖူချန်းရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ဆင်အသေးစားလေးဟာ အရွယ်ရောက်တဲ့ ဆင်ပြောင်ကြီး တစ်စီးအရွယ်အဖြစ် ရောက်လာခဲ့ပြီး  အရောင်ကလည်း နဂို ရွှေရောင်ဖျော့ဖျော့ကနေ ရွှေရောင်စစ်စစ် ဖြစ်လာခဲ့ပါတယ် ။

အဲသည်ရွှေရောင် ဆင်ပြောင်ကြီးက တစ်ချက် အော်ဟစ်လိုက်ရင် ကြောက်စရာ ကောင်းလှတဲ့ ဆင်ပြောင်ဝိညာဉ်ကြီးတစ်ခု ထွက်ပေါ်လာပြီး နဂါးရေကန်ရဲ့ မျက်နှာပြင်ထက်က လေထုကို အေးခဲသွားစေမတတ် ဖြစ်သွားစေပါတယ် ။ အဲသည်စွမ်းအားက တကယ်ကို ကြောက်စရာပါပဲ ။

" ဟက်…ဟက်……ခန္ဓာကိုယ်အပြင်အား သက်သက်နဲ့တောင်မှ ငါက မိစ္ဆာစက်ကွင်းတိုက်မှာ ရှိတဲ့ မိစ္ဆာဗိုလ်ချုပ်တွေကို ဖိနှိပ်နိုင်နေပြီပဲ "

လီဖူချန်းက မပွင့်တပွင့် ပြုံးလိုက်မိပါတယ် ။

ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ဟာ ဟာသတစ်ခု မဟုတ်ပါဘူး ။ ဒါက မြေကမ္ဘာအဆင့်မြင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တစ်ခု ဖြစ်ပါတယ် ။

ခွန်အားချည်းသီးသန့် ယှဉ်ကြမယ် ဆိုရင်တော့ အဲဒါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တွေထက်တောင်မှ ပိုကောင်းပါသေးတယ် ။ အဲဒါက ကောင်းကင်အဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွေကနေ ပေးတဲ့ ခွန်အားကိုတောင် မီလုနီးပါးပါပဲ ။

ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမအခန်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားပြီးတဲ့အတွက် လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်နဲ့ ညီသွားပြီလို့ ဆိုရပါမယ် ။

ထပ်ပေါင်းပြီး ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ သာမန် ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေထက်ကို အများကြီး ပိုအစွမ်းထက်ပါသေးတယ် ။

အဲသည် သာမန် ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ် ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေဟာ လီဖူချန်းရဲ့ ဆင်ပြောင် ဝိညာဉ် ဝိညာဉ်ကပေးတဲ့ ဖိအားကို ဘယ်လိုမှ ခံနိုင်စရာ အကြောင်းမရှိပါဘူူး ။ သူတို့ဟာ တစ်ခါတည်း ပေါက်ကွဲပြီးတောင် သေသွားနိုင်ပါသေးတယ် ။

" ကိုးနဂါးလက်သည်းရဲ့ ပထမပိုင်းက ထောက်ပံ့ရေးရမှတ် ၄၀၀၀၀ ရှိတယ် ။ ဒါပေမဲ့ ငါ့ဆီမှာက တစ်နှစ်စာ ခွဲဝေမှုကို ထည့်ပေါင်းရင်တောင်မှ ထောက်ပံ့ရေး ဒင်္ဂါး ၃၀၀၀၀ ပဲ ရှိတာ ။ ကျန်တဲ့ ထောက်ပံ့ရေးဒင်္ဂါး ၁၀၀၀၀ ကို ဘယ်က သွားရှာရမလဲ ။ တောက်…… ထောက်ပံ့ရေး ဒင်္ဂါးတွေကလည်း ဘယ်လိုရှာရှာ ရှာလို့ကို မလောက်ပါလား "

လီဖူချန်း တစ်ယောက်ကတော့ သူ့မှာ ကျန်နေသေးတဲ့ ထောက်ပံ့ရေး ဒင်္ဂါးတွေကို ရေတွက်နေရင်းနဲ့ မချိတင်ကဲ ရေရွတ်နေလေရဲ့ ။

သူက သည်နှစ်လ အတွင်းမှာပဲ ထောက်ပံ့ရေး ဒင်္ဂါး ၃၀၀၀၀ကို သုံးပစ်လိုက်မိပါတယ် ။ အဲသည်အတွက် သူ့မှာ ကျန်နေတဲ့ ထောက်ပံ့ရေးဒင်္ဂါးကလည်း ၅၀၀၀၀ ကနေ ၂၀၀၀၀ ဖြစ်သွားခဲ့ပြီ ။ ဂိုဏ်းတော်က သူ့ရဲ့ ဒုတိယမြောက် နှစ်အတွက် ထောက်ပံ့ရေးဒင်္ဂါး ၁၀၀၀၀ ခွဲဝေပေးလာရင်တောင်မှ သူ့မှာ ရှိတဲ့ ထောက်ပံ့ရေးဒင်္ဂါးက ၃၀၀၀၀ ပဲ ရှိနေဦးမှာပါ ။အဲဒါက သူလိုချင်နေတဲ့ ကိုးနဂါးလက်သည်းရဲ့ ပထမပိုင်းကိုတောင် မရပါဘူး ။ သည်ထောက်ပံ့ရေး ဒင်္ဂါး ၃၀၀၀၀ နဲ့ ဆိုရင်တော့ လီဖူချန်းအနေနဲ့ ကြယ်ကြွေခြေထောက်ကိုပဲ ရယူနိုင်မှာ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပြသနာက လီဖူချန်းဟာ ကြယ်ကြွေခြေထောက်ကို စိတ်မဝင်စားတာပါပဲ ။ သူက ကိုးနဂါးလက်သည်းကို ရယူဖို့အတွက်သာ ပိုစိတ်အား ထက်သန်နေပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ကိုးနဂါးလက်သည်းသိုင်းက နဂါးဝိညာဉ် ကိုးခုကို ထုတ်လွှတ်နိုင်လို့ပါပဲ  ။ သူ့ရဲ့ အဆိပ်နဂါး ဝိညာဉ်က အတောလေး အစွမ်းထက်တယ် ဆိုပေမယ့်လည်း နဂါးဝိညာဉ်ကိုးခုကိုတော့ မီနိုင်စရာ အကြောင်းမရှိပါဘူး ။

သေမျိုးကပ်ဘေး လက်သီးက အစွမ်းထက်ကောင်း ထက်ပါလိမ့်မယ် ။ ဒါပေမဲ့ အဝေးကနေ တိုက်ခိုက်တဲ့ နေရာမှာတော့ ချီဝိညာဉ်ထက် အားနည်းနေဆဲပါပဲ ။

အဲသည်အတွက်ကြောင့်ပဲ လီဖူချန်းက မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာ နောက်ထပ်တစ်ခုကို ရယူချင်နေတာပါ ။ ကိုးနဂါး လက်သည်းက သေမျိုးကပ်ဘေးလက်သီးရဲ့ အားနည်းချက်ကို ဖာထေးပေးနိုင်မယ်လို့လည်း လီဖူချန်း ယုံကြည်ပါတယ် ။

ပြီးတော့ သေမျိုးကပ်ဘေး လက်သီးဟာ ပြီးပြည့်စုံတဲ့ သိုင်းပညာတစ်ခု မဟုတ်ပါဘူး ။ အဲသည်အတွက် လေ့ကျင့်ရတဲ့ အချိန်မှာ အင်မတန် ခက်ခဲပါတယ် ။ တကယ်လို့ သူ့အနေနဲ့ သေမျိုးကပ်ဘေးခက်သီးကို တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်အထိ ရောက်ချင်ရင်တော့ အတော်ကြာကြာ အချိန်ပေးရမှာဖြစ်ပြီး ခန္ဓာကိုယ် အပြင်အား အခြေခံအုတ်မြစ်ကလည်း တော်တော်ကောင်းနေဖို့ လိုအပ်ပါလိမ့်မယ် ။ အဲဒါကလည်း လီဖူချန်းအနေနဲ့ နောက်ထပ် မြေကမ္ဘာအဆင့်မြင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတစ်ခု လိုချင်နေရခြင်းရဲ့ အကြောင်းအရင်း တစ်ခုပါပဲ ။

" မဟုတ်သေးဘူး ။ ငါ့အနေနဲ့ အဲလောက်ကြီး မလောသင့်သေးဘူး ထင်တယ် ။ ခန္ဓာကိုယ် သန့်စင်ခြင်းက အရေးကြီးတယ် ဆိုပေမယ့် ရေရှည်ကို ကြည့်မယ်ဆိုရင် ချီအတွင်းအား ကျင့်ကြံခြင်းကပဲ ငါ့အတွက် ပို အကျိုး ရှိစေလိမ့်မယ် "

သည်ကမ္ဘာပေါ်မှာတော့ ချီအတွင်းအား ကျင့်ကြံခြင်းက အဓိက လမ်းစဉ်ကြီး တစ်ခုပါပဲ ။

ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်က အစွမ်းထက်တာ မှန်ပါတယ် ။ ဒါပေမဲ့ သည်ကမ္ဘာပေါ်မှာက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းအတွက် ပညာအမွေတွေ သိပ်ပြီး များများစားစား မရှိသလောက်ပါပဲ ။ ဘုရင်အဆင့် ဂိုဏ်းတစ်ခုဖြစ်တဲ့ သက်တံနီဂိုဏ်းမှာတောင်မှ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာတွေသာ ရှိပြီး မြေကမ္ဘာအဆင့်မြင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွေ မရှိပါဘူး ။ အဲသည်အချက်နဲ့တင် ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ရဲ့ အဆုံးကို လျှောက်လမ်းဖို့ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ သိနေနိုင်ပါပြီ ။

လီဖူချန်းက မရေရာတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်အတွက်နဲ့ သူ့ရဲ့ ချီအတွင်းအား လမ်းစဉ်ကို လျစ်လျူရှုလို့ မဖြစ်ဘူး ဆိုတာကို တွေးမိလိုက်ပါတယ် ။

သူ့အနေနဲ့ ချီအတွင်းအား ကျင့်ကြံခြင်းမှာ အဆင့်မြန်မြန် တက်နိုင်မယ်ဆိုရင် အနာဂတ် အလားအလာအတွက် ပိုပြီး  ကောင်းလာပါလိမ့်မယ် ။

အသက်၄၀အရွယ် မတိုင်ခင်မှာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်သူ နဲ့ အသက်၅၀အရွယ် မတိုင်ခင်မှာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်တဲ့သူ ။

ရုတ်တရက် ဆိုရင်တော့ သည်ကျင့်ကြံသူ နှစ်ယောက်က သိပ်မကွာသလိုပါပဲ ။ဒါပေမဲ့ တကယ့်တကယ်တမ်းမှာတော့ အချိန်ကွာခြားခြင်းက အတော်လေး အရေးပါလာပါတယ် ။

သည်ကျင့်ကြံသူ နှစ်ဦးဟာ နောက်ပိုင်း နယ်ပယ်တွေ ရောက်လာတာနဲ့ အမျှ အချိန်ကွာခြားချက်ကြောင့် ခြားနားမှုတွေ အများကြီး ဖြစ်ပေါ်လာပါလိမ့်မယ် ။ နောက်ဆုံး သူတို့နှစ်ယောက်ကြားမှာ ခြားနားမှုက နှစ်ပေါင်း ၂၀ ၊ နှစ်ပေါင်း ၃၀ ဒါမှမဟုတ် နှစ်ပေါင်း ၁၀၀ လောက်တောင် ဖြစ်သွားနိုင်ပါသေးတယ် ။ ကျင့်ကြံချိန် နှှစ်ပေါင်း၁၀၀ အပိုရထားတဲ့သူကိုတော့ ကျန်နေတဲ့ ကျင့်ကြံသူဟာ ဘယ်လိုမှ လိုက်မီတော့မှာ မဟုတ်ပါဘူး ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ သက်တံနီဆေးရည်တွေကို ထုတ်လိုက်ပြီး ချီအတွင်းအားကို ကျင့်ကြံပါတော့တယ် ။သူ့မှာက သက်တံနီဆေးရည် တစ်ဒါဇင်ကျော် ရှိတဲ့အတွက် အဆင့်မတက်မှာကိုတော့ တွေးပူနေစရာ မလိုပါဘူး ။

လီဖူချန်းဟာ သက်တံနီဆေးရည်တွေကို  နှစ်ရက်ခြားတစ်ခါ ဒါမှမဟုတ် သုံးရက်ခြားတစ်ခါ  သောက်သုံးပြီး သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းကို အရှိန်မြှင့်တင် ခဲ့ပါတယ် ။

ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ အလယ်အလတ်အဆင့် ၊ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ နောက်ပိုင်းအဆင့် ။

ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ အထွတ်အထိပ်အဆင့်…………

သက်တံနီဆေးရည်တွေရဲ့ အစွမ်းကြောင့် လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းဟာ တဖြည်းဖြည်းနဲ့ နောက်တစ်ဆင့်ကို တက်ဖို့အတွက် အရိပ်အယောင်တွေ ပြလာခဲ့ပါပြီ ။

"လီဖူချန်း…… အပြင်စည်းဂိုဏ်းက မင်းနဲ့ သင့်တော်တဲ့ တာဝန်တစ်ခုကို ရှာတွေ့ထားတယ် ။ ကျေးဇူးပြုပြီး ငါနဲ့အတူ အပြင်စည်း ပင်မခန်းဆောင်ကို လိုက်ခဲ့ပေးပါ "

တစ်နေ့မှာတော့ အပြင်စည်း အကြီးအကဲ တစ်ယောက်ဟာ မျောလွင့်ဖုန်မှုန့် တောင်ခြေကို ရောက်လာခဲ့ပါတယ် ။အဲသည်အကြီးအကဲကို ကြည့်ရတာက အတော်လေး အလျင်လိုနေတဲ့ ပုံပါပဲ ။

'တာဝန်လား '

' တာဝန်တွေ ဆိုတာက ဂိုဏ်းတပည့်တွေပဲ ရွေးချယ်ရတာ မဟုတ်ဘူးလား ။  ဂိုဏ်းတော်ကလည်း တပည့်တွေကို သူတို့ထမ်းဆောင်ရမယ့် တာဝန်တွေ ချပေးလို့ ရတာပဲလား '

လီဖူချန်းက အပြင်စည်းအကြီးအကဲရဲ့ ဆိုလိုရင်းကို သိပ်ပြီး နားမလည်ပါဘူး ။ဒါပေမဲ့လည်း သူက မျောလွင့်ဖုန်မှုန့်တောင်ကို အကာအကွယ် ပေးထားတဲ့ ဝင်္ကပါ အစီအရင်ကို ခေတ္တခဏ ရပ်တန့်စေလိုက်ပြီး အကြီးအကဲကို တောင်ပေါ် တက်ခွင့် ပေးလိုက်ပါတယ် ။

အပြင်စည်း အကြီးအကဲကလည်း လီဖူချန်း ဝေခွဲမရ ဖြစ်နေမယ်ဆိုတာကို တွက်ထားပုံပါပဲ ။ သူက တောင်ထိပ်ပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းကို ပြုံးပြလိုက်ပြီး ရှင်းပြလိုက်ပါတယ် ။

" လီဖူချန်း…… ဂိုဏ်းတော်မှာက တာဝန် နှစ်မျိုး၊နှစ်စား ရှိတယ် ။ပထမ တစ်မျိုးက ဂိုဏ်းတပည့်တွေကိုယ်တိုင် ရွေးချယ်ရပြီး ဒုတိယတစ်မျိုးကတော့ ဂိုဏ်းတော်ကနေ သတ်မှတ်ပေးတာပဲ ။ အခု မင်းထမ်းဆောင်ရမယ့် တာဝန်က  ဒုတိယ အမျိုးအစားထဲမှာ ပါတယ် ။ သည်တစ်ခေါက် မင်းထမ်းဆောင်ရမယ့် တာဝန်က အရမ်း အရေးကြီးပြီး အခြေအနေ တစ်ခုလုံးကို မင်းစိတ်ကြိုက် ခြယ်လှယ်လို့ ရတယ် "

ပင်လယ်သားရဲတွေနဲ့ ဖြစ်တဲ့ စစ်ပွဲအတွင်းမှာတော့ လီဖူချန်းက သူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ ပြိုင်ဘက်ကင်းတယ်ဆိုတာကို သက်သေပြခဲ့ ပြီးပါပြီ ။ အဲဒါကို သက်တံနီဂိုဏ်းရဲ့ အကြီးအကဲတွေကလည်း အသိအမှတ် ပြုကြပါတယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်နိမ့်ပိုင်းက အတွင်းစည်းတပည့် တချို့တောင်မှ လီဖူချန်းကို မယှဉ်နိုင်လောက်ပါဘူး ။

အဲသည်အတွက်ကြောင့်လည်း ဂိုဏ်းတော်က လီဖူချန်းအတွက် အထူးသီးသန့် တာဝန်တစ်ခု ပေးအပ်လိုက်တာပါ ။ ဘုရင်အဆင့်အတန်း တပည့်တွေထဲမှာတော့ သည်တာဝန်ကို လီဖူချန်းကလွဲပြီး တခြားသူတွေအနေနဲ့ ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း အကြီးအကဲတွေက ယူဆကြပါတယ် ။ တခြားဘုရင်အဆင့်အတန်း အပြင်စည်းတပည့်တွေက အခြေအနေကို ထပ်ပြီး မဆိုးဝါးရုံလောက်သာ လုပ်ဆောင်နိုင်ပါလိမ့်မယ် ။ သူတို့က လီဖူချန်းလို အခြေအနေ တစ်ရပ်လုံးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး ။

" ဟုတ်ပြီလေ ။ ဒါဆိုလည်း ကျွန်တော်တို့ အပြင်စည်း ပင်မခန်းဆောင်ကို သွားကြတာပေါ့ "

ဂိုဏ်းတော်က သူ့အတွက် အထူးသီးသန့် တာဝန်တစ်ခု ပေးအပ်လိုက်မှတော့ လီဖူချန်းအနေနဲ့ ငြင်းဆန်လို့ မသင့်တော့ပါဘူး ။ ပြီးတော့ သူက  ဘယ်လိုတာဝန်မျိုးမို့ သူ့ကို လိုအပ်နေရတာလဲ ဆိုတဲ့အကြောင်းကိုလည်း သိချင်နေပါသေးတယ် ။ ပြီးတော့ သူက သည်တာဝန်ဟာ ကန့်သတ်ချက်တွေ ရှိပြီး အတွင်းစည်းဂိုဏ်းသားတွေအတွက် မဟုတ်ဘူး ဆိုတာကိုလည်း တွေးလိုက်မိပါတယ် ။

သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ အပြင်စည်း ပင်မခန်းဆောင်ကို ရောက်ရှိလာခဲ့ပါပြီ ။ အပြင်စည်း ပင်မခန်းဆောင်ထဲမှာတော့ ပိုင်လိရှန် နဲ့ စီးခုံကျန်းတို့လည်း ရောက်ရှိနေကြပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းနဲ့ ပိုင်လိရှန်တို့ဟာ နှုတ်ဆက်ချိန်တောင် မရလိုက်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အပြင်စည်း အကြီးအကဲခေါင်ချုပ် ဝမ်ခိုင် လီဖူချန်း ရောက်လာတာနဲ့ တစ်ပြိုင်နက် ဘေးဘက်ခန်းမကနေ ပင်မခန်းဆောင်ထဲကို ရောက်လာလို့ပါပဲ ။

" မင်းတို့သုံးယောက်စလုံး ရောက်လာပြီဆိုတော့ မင်းတို့ သည်တစ်ခေါက် ထမ်းဆောင်ရမယ့် တာဝန်အကြောင်းကို ငါ ရှင်းပြတော့မယ် "

ပထမဆုံးအနေနဲ့ ဝမ်ခိုင်က အားလုံးကို ပြုံးပြလိုက်ပါတယ် ။ ပြီးမှ

" သည်တစ်ခေါက် မင်းတို့ ထမ်းဆောင်ရမယ့် တာဝန်က ကြေးခွံဖြူ တိုက်ကြီးပေါ်မှာပဲ ။ မင်းတို့ သုံးယောက်က အဲသည်တိုက်ကြီးပေါ်မှာ ရှိနေတဲ့ ငါတို့ သက်တံနီဂိုဏ်းရဲ့ အခြေအနေတွေကို တည်ငြိမ်အောင် လုပ်ပေးရမှာ ။ ငါတို့ရဲ့ ပိုင်နက်ကို ထပ်ပြီး တိုးချဲ့ပေးနိုင်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့ "

" ကြေးခွံဖြူ တိုက်ကြီးလား "

စီးခုံကျန်းရဲ့ မျက်နှာအမူအယာက တည်ကြည်လေးနက် သွားခဲ့ပါပြီ ။

သူက အဲသည်တိုက် အကြောင်းကို မသိစရာ မရှိပါဘူး ။

ကြေးခွံဖြူ တိုက်ကြီးက အဆင့်နိမ့် တိုက်တစ်ခု ဖြစ်ပါတယ် ။

အဆင့်နိမ့်တိုက် ဆိုတာက သိပ်မကြာခင်ကမှ တိုက်ရဲ့ အသိစိတ်တွေ နိုးထလာတဲ့ တိုက်ကို ခေါ်တာပါ ။

အဆင့်နိမ့်တိုက်တွေက တိုက်ပွဲဝိညာဉ်နယ်ပယ်အောက်က ကျင့်ကြံသူတွေကိုသာ ဝင်ထွက် ၊ သွားလာခွင့် ပြုတာ ဖြစ်ပါတယ် ။ ကျင့်ကြံသူ တစ်ယောက်က တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်သွားပြီ ဆိုရင်တော့ အဲသည်အဆင့်နိမ့် တိုက်တွေထဲမှာ ဘယ်လိုမှ နေလို့ ရတော့မှာ မဟုတ်ပါဘူး ။ သူတို့က အတင်းအဓမ္မ တိုက်ထဲကို ဝင်လာလို့တော့ ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ အသက်ပျောက်ကုန်ကြမှာ အသေအချာပါပဲ ။

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကတော့အလယ်အလတ်အဆင့် တိုက်တစ်ခု ဖြစ်ပြီး  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်က ကျင့်ကြံသူတွေကိုသာ ဝင်ထွက်သွားလာခွင့် ပြုထားပါတယ် ။

ကြေးခွံဖြူတိုက်ကြီးက အဆင့်နိမ့် တိုက်တစ်ခု ဆိုပေမယ့် အဲသည်မှာရှိတဲ့ အရင်းအမြစ်တွေက မနည်းလှပါဘူး ။ အဲသည်တိုက်ကြီးမှာ ခြေကုပ်ရယူထားတဲ့ ဂိုဏ်းတွေဟာလည်း အများကြီးပါပဲ ။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာရှိတဲ့ ဘုရင်အဆင့် ဂိုဏ်းခုနစ်ဂိုဏ်းအပြင် တခြား အလယ်အလတ်အဆင့် တိုက်ကြီးတွေက ဘုရင်အဆင့် ဂိုဏ်းတွေလည်း ကြေးခွံဖြူတိုက်ကြီးမှာ ရှိနေပါသေးတယ် ။

အချက်အလက်တွေအရ ဆိုရင်တော့ ကြေးခွံဖြူတိုက်ကြီးမှာ ခြေကုပ်ရယူထားတဲ့ ဂိုဏ်းအရေအတွက်ဟာ ၅၀အောက် မရှိပါဘူး ။အဲဒါက ဘုရင်အဆင့်အတန်း တပည့် အယောက်၅၀ကျော် ရှိနေတယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။နောက်တစ်နည်း ပြောရမယ် ဆိုရင်တော့ ကြေးခွံဖြူ တိုက်ကြီးဟာ ထွတ်ခေါင်ပါရမီရှင်တွေ စုဝေးရာ နေရာလည်း ဖြစ်ပါတယ် ။

စီးခုံကျန်းက ဘုရင်အဆင့်အတန်း တပည့်တစ်ယောက် ဆိုပေမယ့်လည်း ကြေးခွံဖြူ တိုက်ကြီးလို ထွတ်ခေါင်ပါရမီရှင်တွေ စုဝေးနေတဲ့   နေရာမျိုးမှာ ဗိုလ်လုပ်နိုင်ဖို့အတွက် ယုံကြည်ချက် မရှိပါဘူး ။

ကြေးခွံဖြူတိုက်ကြီးမှာက ဘုရင်အဆင့်အတန်း တပည့်တွေ အများကြီး ရှိနေသလို သက်တံနီဂိုဏ်းထက် ပိုအစွမ်းထက်တဲ့ ဂိုဏ်းတွေရဲ့ ဘုရင်အဆင့်အတန်း တပည့်တွေလည်း ရှိနေပါသေးတယ် ။

" ကြေးခွံဖြူတိုက်ကြီးလား "

လီဖူချန်းရဲ့ မျက်လုံးတွေထဲမှာတော့ တိုက်ပွဲကို ဆာလောင်မွတ်သိပ်တဲ့ အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့ပါပြီ ။ သူကလည်း ကြေးခွံဖြူတိုက်ကြီး အကြောင်းကို ကြားဖူးတာပါပဲ ။

ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသ အထူးသက်ရောက်မှုကြောင့် တချို့တိုက်ကြီးတွေမှာ ရှိတဲ့ သယံဇာတ အရင်းအမြစ်တွေဟာ တခြား တိုက်ကြီးတွေထက် ပိုပေါကြွယ်ဝလေ့ ရှိပါတယ် ။ ကြေးခွံဖြူ တိုက်ကြီးကလည်း အဲသည်တိုက်ကြီးတွေထဲက တစ်ခုပါပဲ ။ ကြေးခွံဖြူတိုက်ကြီးပေါ်မှာရှိတဲ့ အရင်းအမြစ် တော်တော်များများဟာ အလယ်အလတ်အဆင့် တိုက်ကြီးတွေမှာ မရှိပါဘူး ။ ဒါကြောင့်ပဲ ဘုရင်အဆင့် ဂိုဏ်းတွေဟာ ကြေးခွံဖြူတိုက်ကြီးပေါ်မှာ ခြေကုပ်ရယူပြီး သူတို့ရဲ့  ပိုင်နက်ကို တိုးချဲ့ဖို့ စိတ်အား ထက်သန်နေကြတာပါ ။

***

All Chapters