တောင်တန်းနယ်မြေ ၁၃ခု
Vol. 38 Ch. 510
နှစ်နာရီ အကြာမှာတော့ နေဝင်ဆည်းဆာ အစည်းအရုံးရဲ့ တပ်သားတွေဟာ တိမ်နီတောင်တန်းမှာ တစ်ယောက်မှ ရှိမနေတော့ပါဘူး ။
လီဖူချန်းကတော့ ကျန်းတကျင်းနဲ့ ဝမ်မင်းလီကို တိမ်နီတောင်တန်းမှာ ဦးဆောင်စေဖို့အတွက် လူ၅၀၀နဲ့အတူ ထားခဲ့ပြီး သက်တံနီတောင်တန်းကို ပြန်သွားပါတော့တယ် ။သူက သက်တံနီတောင်တန်းကို ပြန်လာတဲ့ ပိုင်လိရှန် နဲ့ စီးခုံကျန်းတို့ကို စောင့်ရဦးမှာ မဟုတ်ပါလား ။
နေ့တစ်ဝက် အကြာမှာတော့ ပိုင်လိရှန် နဲ့ စီးခုံကျန်းတို့ဟာ သက်တံနီတောင်တန်းကို ပြန်ရောက်လာခဲ့ကြပါတယ် ။
သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဒဏ်ရာတွေ ဗရပွပါပဲ ။ ပြီးတော့ သူတို့ရဲ့ ချီအရှိန်အဝါတွေကလည်း အတော်လေး အားနည်းနေခဲ့ပါပြီ ။
လီဖူချန်းကို တွေ့တဲ့အခါမှာတော့ ပိုင်လိရှန်က မပွင့်တပွင့် ပြုံးလိုက်ပြီး ပြောလိုက်ပါတယ် ။
" တော်သေးတယ် ။ ငါတို့ အရှက်မကွဲဘဲ ပင်လယ်နီတောင်တန်းကို ပြန်သိမ်းလာနိုင်ခဲ့ပြီ "
သူတို့နှစ်ယောက် နဲ့ မယူရာဓားမော့ဂိုဏ်းရဲ့ ဘုရင်အဆင့် တပည့်နှစ်ယောက်ဟာ လက်ရည် မတိမ်းမယိမ်းပါပဲ ။
ကံကောင်းလို့ တစ်ဖက်ဂိုဏ်းရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက လူ၁၈ယောက်သာ ပါဝင်လို့ ရပြီး သက်တံနီဂိုဏ်းရဲ့ တိုက်ခိုက်နည်းဗျူဟာက လူ၂၀ ပါဝင်လို့ ရလို့သာပေါ့ ။မဟုတ်လို့ကတော့ သူတို့ဟာ ပင်လယ်နီတောင်တန်းကို ပြန်သိမ်းလို့ ရစရာ အကြောင်းမရှိပါဘူး ။
" ကောင်းတယ် …… ဒါဆိုရင် အခု ငါတို့က သက်တံနီဂိုဏ်းရဲ့ မူလ ပိုင်ဆိုင်မှုတွေကို ပြန်ရသွားပြီ ။ နောက်လုပ်ရမှာက ကြေးခွံဖြူ ဆေးပင်တွေ များများရဖို့အတွက် ငါတို့ရဲ့ ပိုင်နက်နယ်မြေတွေကို ချံ့ထွင်ဖို့ပဲ ။ ဒါမှ ငါတို့ရဲ့ အပိုဆုလာဘ်တွေက များလာမှာ "
လီဖူချန်းက ပြုံးပြီး ပြောလိုက်ပါတယ် ။
"တိမ်နီတောင်တန်းကို ပြန်ရခဲ့ပြီလား "
စီးခုံကျန်းက မယုံနိုင်သလိုနဲ့ မေးလိုက်ပါတယ် ။
လီဖူချန်းက စီးခုံကျန်းကို စိုက်ကြည့်လိုက်ပြီး
" မင်း ဘယ်လို ထင်သလဲ "
စီးခုံကျန်းရဲ့ ပါးစပ်က ပိတ်သွားခဲ့ပါပြီ ။ သူက ဘာမှ ဆက်မပြောတော့ပါဘူး ။ လီဖူချန်းက နေဝင်ဆည်းဆာ အစည်းအရုံးရဲ့ ဘုရင်အဆင့် တပည့်ကို အနိုင်ယူပြီးပြီဆိုတာ အသိသာကြီးပါပဲ ။ တစ်ချိန်တည်းမှာပဲ စီးခုံကျန်းက လီဖူချန်းဟာ အင်မတန် ကြောက်စရာကောင်းတဲ့ လူဆိုတာကို သတိပြုမိ လိုက်ပါတယ် ။
တစ်ရက်အတွင်းမှာပဲ တိမ်နီတောင်တန်း နဲ့ ပင်လယ်နီ တောင်တန်းကို ပြန်သိမ်းပိုက်လိုက် နိုင်တဲ့အတွက် သက်တံနီဂိုဏ်းရဲ့ တပ်သားတွေဟာ စိတ်ဓာတ်တွေ အတော်လေး တက်ကြွနေကြပါပြီ ။
ဘုရင်အဆင့် တပည့်တွေဆိုတာ ဘာလဲ ။ ဒါက ဘုရင်အဆင့် တပယ့်တွေဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။
သူတို့တွေ သာမန်လူတွေ အောင်မြင်အောင် မလုပ်နိုင်တာကို အလွယ်တကူပဲ လုပ်ပြနိုင်သူတွေပါ ။
ဒုတိယမြောက် နေ့မှာတော့ လီဖူချန်းက လူ၃၀၀ကို ဦးဆောင်ပြီး ခရမ်းရောင်လေ တောင်တန်းကို ချီတက်ပါတော့တယ် ။
ခရမ်းရောင်လေ တောင်တန်း ဆိုတာက နေဝင်ဆည်းဆာအဖွဲ့ ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေထဲက တစ်ခုပါပဲ ။
လီဖူချန်းလို အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်လုံး ပါလာတဲ့အတွက် ထန်လုံးဟာ ဘာမှ မတတ်နိုင်ပါဘူး ။ သူက အံကျိတ်ပြီး သူ့လူတွေကို ခရမ်းရောင်လေ တောင်တန်းကနေ ဆုတ်ခွာဖို့ကိုသာ အမိန့် ထုတ်ရပါတော့တယ် ။
တတိယမြောက်နေ့မှာတော့ လီဖူချန်းဟာ နေဝင်ဆည်းဆာ အစည်းအရုံးပိုင် ဖြစ်တဲ့ ခရမ်းရောင်ရေကန် တောင်တန်းကို ထပ်သိမ်းယူပြန်ပါတယ် ။ ထန်လုံကတော့ လီဖူချန်းကို လုံးဝ အရှုံးပေးထားတဲ့ ပုံပါပဲ ။ သူက လီဖူချန်းကို ပြန်မတိုက်ခဲ့ပါဘူး ။
သည်လိုနဲ့ပဲ မူလက တောင်တန်းနယ်မြေ လေးခု ပိုင်ဆိုင်ထားတဲ့ နေဝင်ဆည်းဆာ အစည်းအရုံးဟာ သူတို့ရဲ့ အခြေစိုက် စစ်စခန်းဖြစ်တဲ့ နေဝင်ဆည်းဆာ တောင်တန်းတစ်ခုကိုပဲ ပိုင်ဆိုင်ပါတော့တယ် ။
နေဝင်ဆည်းဆာ တောင်တန်းကိုတော့ လီဖူချန်းဟာ မသိမ်းပိုက်ခဲ့ပါဘူး ။
ကြေးခွံဖြူတိုက်ကြီးမှာက ကိုယ်ပိုင် စည်းမျဉ်း ၊ စည်းကမ်းတွေ ရှိပါတယ် ။ မင်းက ဘယ်လောက်ပဲ အစွမ်းထက်ထက် တစ်ဖက်လူကို အသက်ရှုဖို့အတွက် ဂယ်ပေါက်တစ်ခုတော့ ဖွင့်ထားပေးရပါမယ် ။
တကယ်လို့ လီဖူချန်းအနေနဲ့ နေဝင်ဆည်းဆာ တောင်တန်းကို တက်သိမ်းမယ်ဆိုရင်တော့ နေဝင်ဆည်းဆာ အစည်းအရုံးက လုံးဝ နောက်ဆုတ်ပေးမှာ မဟုတ်တော့ပါဘူး ။ အဲဒါက ဘုရင်အဆင့် ဂိုဏ်း၂ဂိုဏ်းကို တကယ့်စစ်ပွဲကြီးတစ်ခု ဖြစ်လာစေတဲ့အထိ သက်ရောက် သွားစေနိုင်ပါတယ် ။ အဲသည်လို အခြေအနေမျိုးကိုတော့ ဘယ်ဂိုဏ်းကမှ ဖြစ်စေချင်မှာ မဟုတ်ပါဘူး ။
" အစွမ်းထက်တယ် ။ တကယ် တန်ခိုးထက်တယ် "
လွန်ခဲ့တဲ့ သုံးရက်တုန်းကဆိုရင် သက်တံနီဂိုဏ်းရဲ့ စစ်တပ်ဟာ တောင်တန်းနယ်မြေ တစ်ခုကိုသာ ပိုင်ဆိုင်ထားခဲ့တာပါ ။ ဒါပေမဲ့လည်း နောက်သုံးရက် အကြာမှာတော့ သူတို့ဟာ တောင်တန်းနယ်မြေ ၅ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ အဲသည်အမြန်နှုန်းက သက်တံနီဂိုဏ်းရဲ့ စစ်တပ်တစ်ခုလုံးကို ဆွံ့အသွားစေပါတယ် ။
" တကယ် မနာလိုချင်စရာ ကောင်းလိုက်တာကွာ ။ သည်ကမ္ဘာမှာက အမြဲလိုလို ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရတဲ့ ထွတ်ခေါင်ပါရမီရှင်တွေ ပေါ်လာတတ်တာပဲ "
နိုင်ငံတော် ၇ခုက လက်ရွေးစင် ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်က ရေရွတ်လိုက်ပါတယ် ။ သူရည်ညွှန်းတဲ့ ကောင်းကင်ဘုံက ကောင်းချီးပေးခံရတဲ့ ထွတ်ခေါင်ပါရမီရှင် ဆိုတာကတော့ လီဖူချန်းဆိုတာ အားလုံး အသိပါပဲ ။
" သည်လို ထွတ်ခေါင်ပါရမီရှင် ဆိုတာက အားလုံးရဲ့ အထက်မှာ ရပ်တည်ဖို့ မွေးကတည်းက ကံကြမ္မာ ပါလာပြီးသားကွ ။ မင်း …… သူတို့လိုဖြစ်ဖို့ အိပ်မက် မက်မနေနဲ့ ။ မင်းအနေနဲ့ သူတို့ကို မနာလို ဖြစ်နေမယ့်အစား မင်းရဲ့ ခြေလှမ်းတွေကိုသာ ခိုုင်ခိုင်ထားပြီး လျှောက်သင့်တယ် "
" ဟုတ်တယ် ။ ကောင်းကင်ဘုံကနေ ကောင်းချီးပေးခံထားရတဲ့ ထွတ်ခေါင် ပါရမီရှှင်တွေရဲ့ လမ်းကြောင်းက လွယ်တာမဟုတ်ဘူးကွ ။ သူတို့က သတိလေး တစ်ချက် လွှတ်သွားတာနဲ့ တခြားလူရဲ့ ခြေနင်းတုံး ဖြစ်သွားတာပဲ ။ ဒါကြောင့်လည်း ရှေးလူကြီးတွေက တောင်တစ်တောင်ထက် မြင့်တဲ့တောင် ရှိသလို လူတစ်ယောက်ထက် ပိုအစွမ်းထက်တဲ့ လူတစ်ယောက် ရှိတယ်လို့ ပြောခဲ့ကြတာပေါ့ ။ သူတို့က သည်ကမ္ဘာလောကရဲ့ ထိပ်ဆုံးကို ရောက်အောင်သွားမယ့်သူတွေ ။ ငါတို့အနေနဲ့ သူတို့ကို မနာမလိုဘဲ ကိုယ့်ရဲ့ လမ်းကြောင်းကိုသာ ကိုယ်တိုင် မြင်အောင် ရှာဖွေသင့်တယ် "
သက်တံနီဂိုဏ်းရဲ့ တပ်သားတွေဟာ လီဖူချန်းနဲ့ ပက်သက်ပြီး အမျိုးမျိုး သုံးသပ်နေကြပါတယ် ။
သူတို့တွေ လီဖူချန်းအကြောင်း သုံးသပ်နေစဉ်မှာ လီဖူချန်းကတော့ နောက်ထပ် တောင်တန်းတွေကို သိမ်းပိုက်ဖို့အတွက် ကြံစည်နေခဲ့ပါပြီ ။ သည်တောင်တန်းနယ်မြေ ၅ခုက သူ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး ။ သူက သည်အနောက်မြောက်ပိုင်း ဒေသ တစ်ခုလုံးကို သိမ်းပိုက်ချငိတာပါ ။ ဒါပေမဲ့ ပြသနာက လူအင်အား အလုံအလောက် မရှိတာပါပဲ ။
သက်တံနီဂိုဏ်းရဲ့ စစ်တပ်က အခုတောင်မှ တောင်တန်းနယ်မြေ ၅ခုကို လူ၄၀၀ စီ ခွဲပြီး ဖြန့်ထားရပါတယ် ။ သည်တောင်တန်းတွေက ကျယ်ပြန့်လွန်းတဲ့အတွက် လူ၄၀၀လောက်သုံးမှသာ ကြေးခွံဖြူ ဆေးပင်တွေကို ကောင်းကောင် စုဆောင်းနိုင်မှာပါ ။ အဲသည်အတွက် လီဖူချန်းဟာ နောက်ထပ် စစ်သားတွေကို သေချာပေါက် လိုကို လိုပါတယ် ။သူ့အနေနဲ့ နောက်ထပ် စစ်သားတွေကို မရဘဲနဲ့တော့ သူ့ရဲ့ အကြံအစည်ကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး ။
" ဟူး……ဘာတတ်နိုင်မှာလဲ ။ ဂိုဏ်းတော်ရဲ့ အပြင်စည်း အကြီးအကဲတွေက ငါ့ဆီကို ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်အရေအတွက် များများပို့ပေးပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့ "
လီဖူချန်းက သက်ပြင်းတစ်ချက်ချပြီး ခပ်တိုးတိုး ညည်းညူလိုက်ပါတယ် ။
သက်တံနီဂိုဏ်းရဲ့ အကြီးအကဲတွေက လီဖူချန်းကို စိတ်မပျက်စေခဲ့ပါဘူး ။ သူတို့က တစ်ပတ်အတွင်းမှာပဲ လူအရေအတွက် ၂၀၀၀ ပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို ကြေးခွံဖြူ တိုက်ကြီးဆီ ပို့ဆောင်ပေးခဲ့ပါတယ် ။
သည်တပ်ဖွဲ့ရဲ့ ၉၀ ရာခိုင်နှုန်းကတော့ နိုင်ငံတော် ၇ခုက အဆင့်မြင့် ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေပါပဲ ။ သူတို့ရဲ့ တစ်ယောက်ချင်း အရည်အချင်းကတော့ သိပ်ပြီး မဆိုးလှဘူးလို့ ဆိုရပါမယ် ။ ဒါပေမဲ့ သူတို့ရဲ့ အရည်အချင်းတွေက ဆိုးနေရင်လည်း လီဖူချန်းကတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး ။ သူက သည်လူတွေကို တိုက်ခိုက်ခိုင်းဖို့အတွက် မရည်ရွယ်ထားပါဘူး ။ သူက သည်လူတွေကို ကြေးခွံဖြူဆေးပင်တွေ စုဆောင်းတဲ့ နေရာမှာ သုံးဖို့ကိုသာ ရည်ရွယ်ထားခဲ့တာပါ ။ တိုက်ခိုက်တာကတော့ သူတစ်ယောက်တည်းနဲ့တင် လုံလောက်နေပါပြီ ။
သူလိုချင်တဲ့ လူအင်အား ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ တခြား ဘုရင်အဆင့် ဂိုဏ်းတွေပိုင်တဲ့ ပိုင်နက်နယ်မြေတွေကို စတင် မျက်စောင်းထိုးပါတော့တယ် ။
တောင်ပိုင်း လေရိုင်း တောင်တန်း ……
သည်တောင်တန်းကတော့ တောင်ပိုင်းတိမ် အစည်းအရုံးရဲ့ ပိုင်နက်တွေထဲက တစ်ခုပါပဲ ။
တောင်ပိုင်းတိမ် အစည်းအရုံးဟာ သည်အနောက်မြောက်ပိုင်း ဒေသမှာတော့ အတော်လေး အင်အားကြီးတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရပါမယ် ။ သူတို့ဟာ ဘုရင်အဆင့်တပည့် ၆ယောက်ကို ကြေးခွံဖြူတိုက်ကြီးဆီ စေလွှတ်ထားပြီး အဲသည် တပည့်၆ယောက်ထဲက ၂ယောက်ဟာ အနောက်မြောက်ပိုင်း ဒေသရဲ့ ထိပ်တန်းပညာရှင် ၁၀ယောက်ထဲမှာ ပါဝင်ပါတယ်။ တောင်ပိုင်းတိမ်အစည်းအရုံးဟာ လက်ရှိမှာတော့ တောင်တန်း၉ခုကို သိပ်းပိုက်ထားပြီးပါပြီ ။
" ဒါက…… ငါတု့ိ တောင်ပိုင်းတိမ် အစည်းအရုံးရဲ့ ပိုင်နက်ကွ ။ အခုချက်ချင်း ထွက်သွားကြစမ်း "
တောင်ပိုင်းလေရိုင်း တောင်တန်းရဲ့ နယ်နိမိတ် အစွန်အဖျားမှာ တာဝန်ကျနေတဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်စုက လီဖူချန်းကို အော်ငေါက်လိုက်ပါတယ် ။
လီဖူချန်းကတော့ သူ့ကို အော်ငေါက်တာကို ဂရုစိုက်ပုံ မရပါဘူး ။သူက ခပ်ပြုံးပြုံးနဲ့ ပြောလိုက်ပါတယ် ။
" ဒါက တောင်ပိုင်းတိမ် အစည်းအရုံးရဲ့ ပိုင်နက်လား ။ အေး …… မင်းရဲ့ အထက်အရာရှိတွေကို သွားပြောပြလိုက် ။သည်တောင်တန်းကို သက်တံနီဂိုဏ်းက သိမ်းလိုက်ပြီလို့ "
" သေချင်နေတဲ့ကောင်ပဲ ။ မင်းသည်မှာ စောင့်နေ ။ ငါအခုပဲ ခန်းမသခင် နဲ့ တခြားလူတွေကို သွားခေါ်ခဲ့မယ် "
တောင်ပိုင်းတိမ် အစည်းအရုံးဟာ သည်ကြေးခွံဖြူတိုက်ကြီးပေါ်မှာ အခိုင်အမာ ခြေကုပ်ရယူဖို့ ကြံရွယ်ထားပုံပါပဲ ။ သူတို့က တောင်ပိုင်းတိမ် ခန်းမကိုတောင် တည်ဆောက်ထားလိုက်ပါသေးတယ် ။
တစ်နာရီအကြာမှာတော့ ရာနဲ့ချီတဲ့ တောင်ပိုင်းတိမ်ခန်းမ အဖွဲ့ဝင်တွေဟာ လီဖူချန်းတို့ဆီကို ရောက်ရှိလာခဲ့ကြပါပြီ ။
တောင်ပိုင်းတိမ် ခန်းမ အဖွဲ့ကိုတော့ ထိပ်ပြောင် ဆေဘာဓားသမား တစ်ယောက် နဲ့ ငှက်မွှေးဝတ်ရုံကို ဝတ်ဆင်ထားတဲ့ မိန်းမချောလေး တစ်ယောက်က ဦးဆောင်လာခဲ့ပါတယ် ။
ပိုင်ဟန်…… တောင်ပိုင်းတိမ် ခန်းမရဲ့ လက်ထောက် ခန်းမသခင် ။
လျံယု …… တောင်ပိုင်းတိမ် ခန်းမရဲ့ လက်ထောက် ခန်းမသခင် ။
ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ သူတို့နှစ်ယောက်စလုံးဟာ ဘုရင်အဆင့် တပည့်တွေပါပဲ ။
" မင်းက တောင်ပိုင်းတိမ် ခန်းမကိုတောင် ရန်စရဲတယ် ဆိုတော့ တော်တော်လေး သတ္တိရှိနေတယ်ပေါ့လေ "
ပိုင်ဟန်က ရန်လိုဟန် အပြည့်နဲ့ မေးလိုက်ပါတယ် ။
လီဖူချန်းက တစ်ချက် သမ်းဝေလိုက်ပြီး ပျင်းရိပျင်းတွဲ အမူအယာဖြင့် ပြန်ပြောလိုက်ပါတယ် ။
" မင်းတို့ကလည်း လာတာ ကြာလိုက်တာ ။ နှစ်ယောက်စလုံး တစ်ခါတည်း လာခဲ့တော့ ။ ငါ အချိန် မရှိဘူး "
လီဖူချန်းအတွက်ကတော့ ပိုင်ဟန် နဲ့ လျံယု နှစ်ယောက်ပေါင်းရင်တောင်မှ အမှုထားစရာ မလိုပါဘူး ။
" ဘဝင်မြင့်လိုက်တဲ့ကောင် ။ ဂိုဏ်းတူအစ်ကိုပိုင် …… ညီမ သူ့ကို ဆုံးမလိုက်မယ် "
လျံယုက သူမရဲ့ ဓားရှည်ကို ဆွဲထုတ်ပြီး ခွင့်တောင်းလိုက်ပါတယ် ။
" ညီမ သဘောပဲ "
ပိုင်ဟန်က ခေါင်းညိတ်ပြလိုက်ပါတယ် ။
ရွှီး……
မီးလျှံငှက် တစ်ကောင်ဟာ အနီရောင် အလင်းတန်းနဲ့အတူ လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါပြီ ။
အဲသည် မီးလျှံငှက်ရဲ့ ပိုင်ရှင်ကတော့ လျံယုပါပဲ ။
သေသေချာချာ ကြည့်လိုက်မယ် ဆိုရင်တော့ အဲဒါဟာ မီးလျှံငှက် မဟုတ်ဘဲ ဓားအလင်းတန်းတွေကနေ ဖြစ်တည်လာတဲ့ အရာဆိုတာ သိနိုင်ပါတယ် ။
လျံယုရဲ့ ဓားသိုင်းဟာ နေဝန်းစိမ်း ဓားဆန္ဒနဲ့ လုပ်ဆောင်ပုံခြင်း သိပ်မကွာလှပါဘူး ။ သူမရဲ့ တိုက်ခိုက်မှုထဲမှာ ဓားဆန္ဒ၊ဓားစက်ကွင်းနဲ့ ဓားချီတွေဟာ တစ်စုတစ်စည်းတည်း ပါဝင်နေပါတယ် ။ ဒါကြောင့်ပဲ သူမရဲ့ တိုက်ခိုက်မှုက မီးလျှံငှက်အသွင် ပြောင်းသွားပြီး ရန်သူကို တိုက်ခိုက်နိုင်တာပါ ။
ဒါပေမဲ့လည်း လျံယုတစ်ယောက် ကံမကောင်းခဲ့ဘူးလို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူမရဲ့ ရန်သူက လီဖူချန်း ဖြစ်နေလို့ပါပဲ ။
လီဖူချန်းအတွက်ကတော့ သည်ဓားကွက်ကို ဖျက်ဆီးဖို့ လက်သီးတစ်ချက်ထက် ပိုမလိုပါဘူး ။
ဝုန်း……
မီးလျှံငှှက်ဟာ တစ်စီ ပေါက်ကွဲထွက်သွားသလို လျံယုဟာလည်း လွင့်ထွက်သွားခဲ့ပါပြီ ။
" ဘာ…… ဘာဖြစ်သွားတာလဲ "
ပိုင်ဟန်က သူ့မျက်လုံးကိုတောင် သူမယုံနိုင်တော့သလိုပါပဲ ။ လျံယုက သူ့ထက်ကို မဆိုစလောက် ကလေးသာ အားနည်းတာ ဖြစ်ပါတယ် ။ အမှှန်အတိုင်း ဝန်ခံရမယ် ဆိုရင်တော့ သူကိုယ်တိုင်တောင်မှ လျံယုကို တစ်ချက်တည်းနဲ့ အနိုင် မယူနိုင်ပါဘူး ။
" မီးလျှံ ငှက်မွှေး "
လျံယုကတော့ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ ။ သူမက ခန္ဓာကိုယ်ထဲကနေ မီးတောက်တွေကို ထုတ်ပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ် ။
ဘန်း……ဘန်း………ဘန်း……
ဒါပေမဲ့လည်း သူမရဲ့ တိုက်ခိုက်မှုဟာ လီဖူချန်းကို ဒုက္ခ မပေးနိုင်ခ့ါပါဘူး ။ လီဖူချန်းက မီးလျှံငှက်မွှေးတွေကို အသာအယာပဲ ဖျက်ဆီးပစ်လိုက်ပါတယ် ။
" ဆေဘာတာအို နှလုံးသား "
တစ်ဖက်လူက အရမ်းအစွမ်းထက်နေတာကို မြင်လိုက်ပြီးတဲ့ နောက်မှာတော့ ပိုင်ဟန်ဟာ သည်အတိုင်း ရပ်ကြည့် မနေနိုင်တော့ပါဘူး ။ သူကလည်း တိုက်ပွဲထဲကို ဝင်ပါလာပါတော့တယ် ။
" နှစ်ယောက်စလုံး တစ်ခါတည်း လာခဲ့လို့ ငါမပြောခဲ့ဘူးလား "
ဂါး……ဂရား……
ဆင်နဂါး စွမ်းအင်တွေရဲ့ အားဖြည့်ခြင်း ခံထားရတဲ့ အဆိပ်နဂါး ဝိညာဉ်ဟာ ပိုင်ဟန် နဲ့ လျံယုတို့ဆီကို တိုးဝင်သွားခဲ့ပါပြီ ။
ဘန်း……ဘန်း……
အဲသည်နောက်မှာတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး နှစ်ခုနဲ့အတူ ပိုင်ဟန်ကော လျံယုပါ လွင့်ထွက်သွားကြပါတယ် ။ သူတို့နှစ်ယောက်စလုံးဟာ လီဖူချန်းရဲ့ လက်သီးတစ်ချက်ကိုတောင် တောင့်မခံနိုင်ခဲ့ကြပါဘူး ။
လီဖူချန်းနောက်ကို လိုက်လာတဲ့ လူတွေကတော့ သည်မြင်ကွင်းကိုမြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြပါပြီ ။ သူတို့က ပါးစပ်ကို ပြန်ပိတ်ဖို့တောင် သတိမရတော့ပုံ ရပါတယ် ။
သူတို့က အခုချိန်အထိ လီဖူချန်း ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို သေသေချာချာ မသိသေးပါဘူး ။ ဒါပေမဲ့ သူတို့ သေသေချာချာ သိတာ တစ်ခုကတော့ အခုချိန်အထိ လီဖူချန်းရဲ့ လက်သီးတစ်ချက်ကို ခံနိုင်တဲ့လူ မရှိသေးဘူး ဆိုတာပါပဲ ။
" တောင်ပိုင်းတိမ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို အသင့်ပြင်ကြ "
လက်ထောက်ခန်းမသခင်နှစ်ယောက် ရှုံးနိမ့်သွားတဲ့ နောက်မှာတော့ တောင်ပိုင်းတိမ် ခန်းမဟာ သူတို့ရဲ့ တောင်ပိုင်းတိမ် တိုက်ခိုက်နည်းဗျူဟာကိုပဲ အားကိုးဖို့ ကျန်ပါတော့တယ် ။
တောင်ပိုင်းတိမ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကတော့ လူအရေအတွက် ၃၂ယောက် ပါဝင်နိုင်တဲ့အတွက် နေဝင်ဆည်းဆာ အစည်းအရုံးရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာထက် မဆိုစလောက်ကလေး အားကောင်းတယ်လို့ ဆိုရပါမယ် ။
သူတို့ရဲ့ တိုက်ခိုက်နည်းဗျူဟာကတော့ ပင်လယ်ပြင်မှာ မုန်တိုင်းမလာခင် အစပျိုးတဲ့ လေပြည်တွေလိုပါပဲ ။ လေပြည်တွေဟာ နူးညံ့ညင်သာပြီး နှှစ်လိုဖွယ် ကောင်းပေမယ့် အားကောင်းပြီး ပြင်းထန်တဲ့ မုန်တိုင်းတွေကို လမ်းပြသယ်ဆောင်လာလေ့ ရှိပါတယ် ။
ဒါပေမဲ့လည်း သူတို့ရဲ့ ရလဒ်ကတော့ နေဝင်ဆည်းဆာဂိုဏ်းရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာရဲ့ အဆုံးသတ် ရလဒ်နဲ့ အတူတူပါပဲ ။
" သွားစမ်း "
ဘန်း……ဘန်း……ဘန်း………
ဝုန်း……ဝုန်း……ဝုန်း……
လီဖူချန်းရဲ့ လက်သီးချက်က တောင်ပိုင်းတိမ် ဝင်္ကပါ တိုက်ခိုက်နည်းကို ဖျက်ဆီးပစ်လိုက်ပြီး လူ ၃၂ယောက်လုံးကိုလည်း သွေးပွက်ပွက် အန်သွားစေပါတယ် ။
" ဘယ်လိုလုပ်ပြီး သည်လောက်အစွမ်းဖက်တဲ့လူ ရှိနေရတာလဲ "
ပိုင်ဟန် နဲ့ လျံယု တို့ကတော့ ဘာဆက်လုပ်လို့ လုပ်ရမယ် မသိတော့ပါဘူး ။
" တော်တော့ …… ငါတို့ အရှုံးပေးတယ် "
နောက်ဆုံးမှာတော့ ပိုင်ဟန် နဲ့ လျံယုတို့ဟာ သူတို့ လူတွေကို ခေါ်ပြီး ဆုတ်ခွာသွားခဲ့ပါပြီ ။
ီလီဖူချန်းကတော့ သူ့ရဲ့ ပိုင်နက်ချဲ့ထွင်မှုကို မရပ်သေးပါဘူး ။ သူက တောင်ပိုင်းတိမ် ခန်းမရဲ့ တောင်ပိုင်းမြစ် တောင်တန်း ၊ တောင်ပိုင်းကျောက်တုံး တောင်တန်း နဲ့ တောင်ပိုင်းတောအုပ် တောင်ပိုင်းတို့ကို ဆက်တိုက်ဆိုသလို သိမ်းပစ်လိုက်ပါတယ် ။ အခုဆိုရင် သူဟာ တောင်ပိုင်းတိမ် ခန်းမသခင်ဖြစ်တဲ့ ချန်ဖန်းနဲ့ တွေ့ဖို့သာ လိုပါတော့တယ် ။
လီဖူချန်းရဲ့ ဆက်တိုက် ဖိအားပေးမှုတွေကြောင့် နောက်ဆုံးမှာတော့ ချန်ဖန်းဟာ လီဖူချန်းနဲ့ ထိပ်တိုက် လာတွေ့ခဲ့ရပါပြီ ။
ချန်ဖန်းကတော့ အနောက်မြောက်ပိုင်းဒေသမှာ တတိယမြောက် အစွမ်းအထက်ဆုံး ဘုရင်အဆင့် တပည့် ဖြစ်ပါတယ် ။
ဒါပေမဲ့လည်း လီဖူချန်းနဲ့ အတွေ့မှာတော့ ချန်ဖန်းဟာ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ သူက လီဖူချန်းရဲ့ လက်သီးတစ်ချက်နဲ့တင် သွေးပွက်ပွက် အန်ပြီး အရှုံးပေးသွား ရပါတယ် ။
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ တောင်ပိုင်းတိမ် ခန်းမဟာ သူတို့ရဲ့ အခြေစိုက်စခန်းဖြစ်တဲ့ တောင်ပိုင်းတိမ် တောင်တန်းကလွဲပြီး ကျန်တဲ့ တောင်တန်းတွေ အကုန်လုံးကို လက်လွှတ်လိုက်ရပါပြီ ။
သက်တံနီဂိုဏ်းကတော့ စုစုပေါင်း တောင်တန်းနယ်မြေ ၁၃ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ် ။
" ဒါက တော်တော်လေး လွန်မနေလွန်းဘူးလား ။ သူက ရောက်လာတာ လဝက်ပဲ ရှိသေးတယ် ။ တောင်တန်းနယ်မြေ ၁၂ခုကို သိမ်းပိုက်ပစ်လိုက်ပြီ ။ နောက်ထပ် လအနည်းငယ် ဆိုရင် သူက အနောက်မြောက်ပိုင်းဒေသ တစ်ခုလုံးကို အုပ်စိုးတော့မှာလား "
လီဖူချန်းရဲ့ သတင်းတွေကို ကြားနေရတဲ့ လက်ထောက်တပ်မှုး ငါးယောက်ကတော့ အသက်ကို ရဲရဲတောင် မရှုဝံ့တော့ပါဘူး ။ အသစ်ရောက်လာတဲ့ တပ်မှုးချုပ်က သူတို့ ထင်ထားတာထက်တောင်မှ လက်စောင်းထက်လွန်းနေတာ မဟုတ်ပါလား ။
တောင်တန်းနယ်မြေ ၁၂ကို သိမ်းပိုက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ နယ်မြေချဲ့ထွင်ခြင်း အလုပ်ကို ရပ်နားလိုက်ပါတော့တယ် ။ သူက နားချင်လို့ နားတာတော့ မဟုတ်ပါဘူး ။ သူ့ဆီမှာ ရှိနေတဲ့ လူဦးရေ အရေအတွက်နဲ့ သူသိမ်းပိုက်ထားတဲ့ တောင်တန်းအရေအတွက်က အချိုးမကျတော့လို့ ရပ်နားလိုက်တာ ဖြစ်ပါတယ် ။
အခုတောင်မှ လူ၄၀၀၀ ဟာ တောင်တန်းနယ်မြေ ၁၃ခုမှာ မနိုင်မနင်းနဲ့ ကြေးခွံဖြူ ဆေးပင်တွေကို စုဆောင်းနေရပါပြီ ။
" ဟူး……မတတ်နိုင်ဘူးလေ ။သက်တံနီဂိုဏ်းက အကြီးအကဲတွေကို တတ်နိုင်သလောက် လူများများ ပို့ပေးဖို့ တောင်းဆိုရမှာပဲ "
လီဖူချန်းက စိတ်ပျက်လက်ပျက်နဲ့ ရေရွတ်လိုက်ပါတယ် ။
***