ကိုးနဂါးလက်သည်း
Vol. 38 Ch. 511
သက်တံနီဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတွေကတော့ လီဖူချန်းကြောင့် အတော်လေး ခေါင်းကိုက်နေကြပါပြီ ။
ကြေးခွံဖြူ တိုက်ကြီးကို ပို့လိုက်တဲ့ လဝက်အတွင်းမှာပဲ လီဖူချန်းက တောင်တန်းနယ်မြေ ၁၂ခုကို သိမ်းပိုက်ပစ်လိုက်ပါတယ် ။ သူတို့က သည်လို အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝ တွေးမထင်ထားတာ အမှန်ပါပဲ ။
အဲသည်အတွက် သူတို့ဟာ အစည်းအဝေး မထိုင်လို့ မရတော့ပါဘူူး ။
" လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခု အကျော်လောက်က ကျုပ်တို့ သက်တံနီဂိုဏ်းဟာ ကြေးခွံဖြူတိုက်ကြီးရဲ့ အနောက်မြောက်ပိုင်းဒေသ တစ်ဝက်လောက်ကို သိမ်းပိုက်ခဲ့ဖူးတယ် ။ဒါပေမဲ့ အဲဒါက အကြီးအကဲယွန် ရှိနေခဲ့လို့ပဲ ။ သူက သည်နောက်ပိုင်း နှစ်၂၀၀ အတွင်းမှာ သက်တံနီဂိုဏ်းရဲ့ အထူးချွန်ဆုံး ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဖြစ်တယ် ။ သူက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို အသက်၃၀ မတိုင်မီမှာ ချိုးဖောက် ဝင်ရောက်နိုင်ခဲ့သလို မူလပင်လယ် နယ်ပယ်ကို ရောက်တဲ့အခါမှာလည်း အသက် ၅၀ မပြည့်သေးဘူး ။ ဒါပေမဲ့ လီဖူချန်းကတော့ ကြေးခွံဖြူတိုက်ကြီးကို ရောက်တာ လဝက် မပြည့်သေးခင်မှာပဲ တောင်တန်း နယ်မြေ ၁၂ခုကို သိမ်းပိုက်လိုက်ပြီ ။ ငါက လီဖူချန်းအနေနဲ့ ငါတို့သက်တံနီဂိုဏ်းရဲ့ ပိုင်နက်ကို ဘယ်လောက်အထိ တိုးချဲ့နိုင်မလဲဆိုတာ သိချင်မိတယ် "
" ကျုပ်ကတော့ လီဖူချန်းကို အကြီးအကဲယွန် နဲ့ နိုင်းယှဉ်ဖို့ အရမ်း စောလွန်းသေးတယ်လို့ ထင်တာပဲ ။ သူက အခုမှ ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာပဲ ရှိနေသေးတာလေ ။ ဒါပေမဲ့ လီဖူချန်းရဲ့ အစွမ်းက သက်တံနီဂိုဏ်းရဲ့ သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် ၁၀ယောက်ထဲမှာ ပါနိုင်တာကိုတော့ ငါ မငြင်းလိုဘူး "
" သူက သည်လောက်အထိ အစွမ်းထက်နေမှတော့ ဘာဖြစ်လို့ ငါတို့က သည်တစ်ကြိမ်မှာ လူ၅၀၀၀ မပို့ကြတာလဲ ။ နိုင်ငံတော် ၇ခုမှာ ရှိသမျှ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို အဆင့်မခွဲဘဲ ဆင့်ခေါ်လိုက်ကြရအောင် "
" ဟုတ်တယ် ။ ငါတို့က လူအင်အားပဲ လိုနေတာလေ ။ ငါတို့က စံနှုန်း အဆင့်သတ်မှတ်ချက်ကို လျော့ပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် မှှန်သမျှကို ဆင့်ခေါ်လိုက်မယ် ဆိုရင် လူ၅၀၀၀ လောက်တော့ အသာလေး ရမှာပဲ "
" အေး …… မင်းတို့က လီဖူချန်း တောင်းထားတဲ့ လူအရေအတွက်ကိုသာ စိတ်ပူနေကြ ။ ငါကတော့ သူ့ကို ပေးရမယ့် အပိုဆုလာဘ်တွေအကြောင်း စဉ်းစားရင်းနဲ့ ခေါင်းကိုက်နေပြီ ။အစတုန်းကဆိုရင် ငါတို့ သက်တံနီဂိုဏ်းက တောင်တန်း ၃ခုပဲ ပိုင်တာ ။ အခုတော့ ငါတို့ပိုင်တဲ့ တောင်တန်းက ၁၃ခု ရှိနေပြီ ။ အဲသည်တောင်တန်း ၁၃ကနေ စုဆောင်းရရှိလာမယ့် ကြေးခွံဖြူ ဆေးပင်အရေအတွက်ကိုလည်း ခန့်မှန်းကြည့်ကြဦး ။ အဲသည် အရေအတွက် အရင်လတွေကထက် အဆပေါင်းများစွာ ရှိနေမှာနော် ။ ပြီးတော့ အဲဒါက အခုမှ ပထမလပဲ ရှိသေးတယ် ။ နောက်ထပ် လတွေဆိုရင် လီဖူချန်းက နောက်ထပ် တောင်တန်းတွေကို သိမ်းပိုက်ဦးမှာ အသေအချာပဲ ။အဲသည်အခါကျရင် သူ့ကိုပေးရမယ့် အပိုဆုလာဘ်တွေက ဘယ်လောက်အထိ ဖြစ်သွားမလဲ ။ သူ့ကို ပေးရမယ့် ထောက်ပံ့ရေးရမှတ်တွေက သိန်းဂဏန်းလောက်အထိကို ဖြစ်ရင် ဖြစ်သွားမှာ ။ အဲဒါက ငါတို့ သက်တံနီဂိုဏ်းရဲ့ ဆုပေး စနစ်ကို ပျက်စီးသွားစေလိမ့်မယ် "
" ခင်ဗျား ပြောတော့လည်း ဟုတ်တာပဲ ။အဲဒါက ပြသနာ နည်းနည်း ရှိနေပြီ "
သက်တံနီဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတွေက လီဖူချန်းရဲ့ ဆုလာဘ် ကိစ္စကို တွေးမိလာကြပါပြီ ။ အဲဒါက တကယ့် ပြသနာပါပဲ ။
အဲသည် အချိန်မှာပဲ အေးစက်စက် စကားသံ တစ်ခုက ထွက်ပေါ်လာခဲ့ပါတယ် ။
" အဲဒါက ပြသနာ ဖြစ်ကောင်း ဖြစ်လိမ့်မယ် ။ ဒါပေမဲ့ အဲသည် ကိစ္စက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး ။ငါတို့ သက်တံနီဂိုဏ်းက အစွမ်းထက်တဲ့သူ မှန်သမျှ သူတို့ အစွမ်းထက်သလောက် ပြုစု ပျိုးထောင်ပေးတဲ့ဂိုဏ်း ဖြစ်တယ် ။ သူက လုံလောက်အောင် အစွမ်းပြနေမှတော့ ထောက်ပံ့ရေးအမှတ် တစ်သိန်း ရလည်း ဘာဖြစ်လဲ ။ ဒါက သူစွမ်းဆောင်တာနဲ့ ထိုက်တန်တာကို ရတာလေ ။ ငါတို့က သည်ကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး ။ တကယ်လို့ သည်စကားတွေက အတွင်းစည်း အကြီးအကဲတွေရဲ့ နားထဲကို ရောက်သွားရင် ငါတို့အတွက် ကောင်းတာထက် ဆိုးတာတွေပဲ ဖြစ်လာလိမ့်မယ် "
အဲသည် အေးစက်စက် အသံပိုင်ရှင်ကတော့ အပြင်စည်း အကြီးအကဲခေါင်ချုပ် ဝမ်ခိုင်ပါပဲ ။
ဝမ်ခိုင်ရဲ့ စကားကို ကြားပြီးတဲ့ နောက်မှာတော့ အပြင်စည်း အကြီးအကဲတွေဟာ ပါးစပ် ပိတ်သွားကြပါပြီ ။ သူတို့က လီဖူချန်းရဲ့ ဆုလာဘ်တွေနဲ့ ပက်သက်ပြီး ဘာမှ ဆက်မပြောကြတော့ပါဘူး ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူတို့ဟာ လီဖူချန်းတစ်ယောက် အခုလို ထောက်ပံ့ရေး ရမှတ်တွေ လွယ်လွယ်ကူကူ ရနေတဲ့ အပေါ်မှာ အနည်းငယ် မနာလိုစိတ်တွေ ဝင်နေကြတာပါ ။
သူတို့ဟာ အပြင်စည်းဂိုဏ်းရဲ့ အဓိက အကြီးအကဲတွေ ဖြစ်နေတာတောင်မှပဲ ထောက်ပံ့ရေး ရမှတ် သောင်းဂဏန်းလောက် ရဖို့အတွက် အချိန်တွေ အတော်ကြာ ပေးဆပ်ပြီး အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရတာ မဟုတ်ပါလား။
" ဒါဆိုရင် ကျန်တဲ့ ဘုရင်အဆင့်အတန်း တပည့် နှစ်ယောက်ကိုကော ။ သူတို့နှစ်ယောက်က ဘာမှ ထူးထူးခြားခြား လုပ်ပြနိုင်တာ မဟုတ်ဘူး ။ တကယ်လို့ ကျုပ်တို့က သူတို့နှစ်ယောက်ကိုပါ အစက ပြောထားသလို ဆုပေးစနစ်နဲ့ ဆုလာဘ်တွေ ပေးမယ်ဆိုရင် သူတို့နှစ်ယောက်အတွက် အတော်လေး အကျိုး ရှိသွားလိမ့်မယ် "
အပြင်စည်း အကြီးအကဲ တစ်ယောက်က သူ့ရဲ့ အမြင်ကို မဝံ့မရဲ ထုတ်ဖော် ပြောလာခဲ့ပါတယ် ။
သည်ကိစ္စကိုတော့ ဝမ်ခိုင်ကလည်း အမြင်တူပါတယ် ။
" အဲသည်နှစ်ယောက်ရဲ့ ဆုပေးစနစ်ကို ဖျက်လိုက် ။ သူတို့ကို အစက ပြောထားတဲ့ အပိုဆုကြေး စနစ်အစား တစ်လ ထောက်ပံ့ရေးရမှတ် ၂၀၀၀ အပိုပေးလိုက် ။ ဘုရင်အဆင့် တပည့်တွေ ဖြစ်နေမှတော့ သူတို့နှစ်ယောက်က သူတို့ရဲ့ အခြေအနေကို မသိစရာ အကြောင်းမရှိဘူး ။ သူတို့က ငါတို့ပေးတဲ့ အပိုဆုကြေး ထောက်ပံ့ရေးရမှတ် ၂၀၀၀ကို အငြင်းမပွားဘဲ ယူလိမ့်မယ် "
" ဟုတ်ကဲ့ပါ …… အကြီးအကဲခေါင်ချုပ် "
ပြသနာကို ဖြေရှင်းပြီးသွားတဲ့ နောက်မှာတော့ အပြင်စည်း အကြီးအကဲတွေဟာ ပင်မခန်းဆောင်ထဲကနေ ထွက်ခွာသွားခဲ့ကြပါပြီ ။
****---*****-----****------
တစ်ပတ်အကြာမှာတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် ၅၀၀၀ ပါတဲ့ သက်တံနီဂိုဏ်းရဲ့ စစ်တပ် တစ်တပ်ဟာ ကြေးခွံဖြူ တိုက်ကြီးပေါ်ကို ရောက်လာခဲ့ကြပါတယ် ။
လုံလောက်တဲ့ လူအရေအတွက် ရပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ အချိန်ဆွဲမနေတော့ပါဘူူး ။ သူက ပတ်ဝန်းကျင် အရပ်မျက်နှာ အကုန်လုံးမှာ ရှိနေတဲ့ တောင်တန်းနယ်မြေတွေကို အဆက်မပြတ် သိမ်းပိုက်ပါတော့တယ် ။
တစ်လခွဲလောက် အကြာမှာတော့ သူက ကြေးခွံဖြူ တိုက်ကြီးရဲ့ အနောက်မြောက်ပိုင်း ဒေသ တစ်ဝက်လောက်ကို သိမ်းပိုက်ပြီးသွားခဲ့ပါပြီ ။သူရဲ့ လက်အောက်မှာ ရှိတဲ့ တောင်တန်းနယ်မြေ အရေအတွက်ကလည်း ၃၂ခု အထိ ဖြစ်လာခဲ့ပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ပြနိုင်မှုက လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခု အကျော်လောက်က အကြီးအကဲယွန်နဲ့ တူညီနေပြီလို့ ဆိုရပါလိမ့်မယ် ။
ဒါပေမဲ့လည်း အဲဒါက လီဖူချန်းဟာ တူညီတဲ့ ကျင့်ကြံခြင်း နယ်ပယ်မှာ အကြီးအကဲယွန်ထက် ပိုအစွမ်းထက်တယ်လို့ ဆိုလိုနေတာတော့ မဟုတ်ပါဘူး ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ ဒါက မတူညီတဲ့ မျိုးဆက်နှစ်ခုနဲ့ ခေတ်နှစ်ခုပါပဲ ။ အကြီးအကဲယွန်ရဲ့ ခေတ်တုန်းက ပြိုင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေက လီဖူချန်းရဲ့ ခေတ်မှာ ရှိနေတဲ့ ပြိုင်ဘက်တွေထက် ပိုအစွမ်း ထက် ၊မထက် ဆိုတာကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး ။
ဒါပေမဲ့လည်း လီဖူချန်းက အခုချိန်အထိ သူ့ရဲ့ အစွမ်းကို အစွမ်းကုန် ထုတ်မသုံးရသေးဘူး ဆိုတာကိုတော့ သတိပြုရပါလိမ့်မယ် ။ သူက အခုချိန်အထိ မီးလျှံနတ်ဘုရားစွမ်းရည် ဒါမှမဟုတ် သေမျိုးကပ်ဘေး လက်သီးကို တစ်ခါမှ ထုတ်မသုံးရသေးပါဘူး ။ သူက အဆိပ်နဂါး လက်သီးနဲ့ပဲ အနောက်မြောက်ပိုင်း ဒေသမှာ မင်းမူနေတာပါ ။
စုဆောင်းထားတဲ့ ကြေးခွံဖြူဆေးပင် ပထမအသုတ်ကို ပို့ဆောင်ရင်းနဲ့ပဲ လီဖူချန်း ၊ပိုင်လိရှန် နဲ့ စီးခုံကျန်းတု့ိဟာ သက်တံနီဂိုဏ်းကို ပြန်ရောက်လာခဲ့ကြပါတယ် ။
" စုစုပေါင်း ဆေးပင် ၉၈၀၀ ။ ဒါက အရင်တုန်းကထက် လေးဆ ပိုများတယ် ။ အဲသည်အတွက် မင်းတို့ရဲ့ အပိုဆုကြေးက ထောက်ပံ့ရေးရမှတ် ၃၀၀၀၀ ဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း အကြီးအကဲတွေက တိုင်ပင်ပြီး ဆုပေးစနစ်ကို ပြင်လိုက်ကြတယ် "
" ပိုင်လိရှန် …… စီးခုံကျန်း … … စနစ်သစ်အရ မင်းတို့က သည်လအတွက် တစ်ယောက်ကို ထောက်ပံ့ရေးရမှတ် ၂၀၀၀ စီ ရမယ် ။ လီဖူချန်းကတော့ ကျန်တဲ့ ထောက်ပံ့ရေးရမှတ် ၂၆၀၀၀ကို ရမယ် ။မင်းတို့အားလုံး သည်ကိစ္စနဲ့ ပက်သက်ပြီး ဘာပြောချင်သေးလဲ "
ဝမ်ခိုင်က မေးလိုက်ပါတယ် ။
ပိုင်လိရှန်က ခေါင်းညိတ်လိုက်ပြီး
" ကျွန်မ အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး "
ပိုင်လိရှှန်က သူမရဲ့ အခြေအနေကို ကောင်းကောင်းကြီး သုံးသပ်နိုင်ပါတယ် ။ သူမရဲ့ လက်ရှိအစွမ်းအရ ဆိုရင် အပိုဆုလာဘ်နဲ့ ပက်သက်ပြီး တွေးနေစရာကို အကြောင်းမရှိပါဘူး ။ အဲသည်အတွက် အပိုဆုကြေး ထောက်ပံ့ရေးရမှတ် ၂၀၀၀ က သူမအတွက် လုံလောက်နေပါပြီ ။ သူမရဲ့ အခြေခံ ဆုကြေးဖြစ်တဲ့ ထောက်ပံ့ရေး ရမှတ် ၁၀၀၀ နဲ့ ဆိုရင်တော့ သူမဟာ တစ်လကို ထောက်ပံ့ရေးရမှတ် ၃၀၀၀ တောင် ရရှိမှာပါ ။ အဲဒါက အတွင်းစည်း တပည့်အချို့ရတဲ့ ထောက်ပံ့ရေး ရမှတ်တွေထက်တောင်မှ များနေပါသေးတယ် ။
" ကျွန်တော်ကလည်း ဘာမှ ပြောစရာ မရှိပါဘူး "
စီးခုံကျန်းက စိတ်ထဲမှာ အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့ပေမယ့်လည်း နှုတ်ကနေတော့ ဖွင့်မပြောခဲ့ပါဘူး ။ သည်အကြီးအကဲတွေက ဗလောင်းဗလဲ လုပ်လွန်းပါတယ် ။ အကြီးအကဲတွေက အစကတော့ သူနဲ့ ပိုင်လိရှန်ဟာ ရလာမယ့် အပိုဆုကြေးရဲ့ ၅၀ရာခိုင်နှုန်းကို တစ်ယောက်တစ်ဝက် ခွဲရမယ် ပြောခဲ့ပြီး အခုတော့ ဆုကြေးစနစ်ကို ရုတ်တရက်ကြီး ပြောင်းပစ်လိုက်ပါတယ် ။
ဒါပေမဲ့လည်း သူ့အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး ။ သူတို့ရဲ့ အောင်မြင်မှုတွေ အကုန်လုံးနီးပါးကို လီဖူချန်း တစ်ယောက်တည်းက စွမ်းဆောင်ခဲ့တာပါ ။ သူ့အနေနဲ့ ထောက်ပံ့ရေး ရမှတ်တွေ များများ လိုချင်ရင်တော့ လီဖူချန်းလို စွမ်းဆောင်ပြနိုင်မှ ရပါလိမ့်မယ် ။
" အကြီးအကဲခေါင်ချုပ် …… ကျေးဇူးပြုပြီး သည်တစ်ခါ ကြေးခွံဖြူ တိုက်ကြီးကို လူတွေ ပို့ရင် နှစ်သောင်းလောက် ပို့ပေးပါလား ။ အကြီးအကဲခေါင်ချုပ်တို့ ပို့ပေးတဲ့ လူငါးထောင်နဲ့က ဘာမှ သိပ်လုပ်လို့ မရဘူး "
လီဖူချန်းက ဝမ်ခိုင်ကို ရုတ်တရက် တောင်းဆိုလိုက်ပါတယ် ။
အခုကြေးခွံဖြူ တိုက်ကြီးမှာ ရှိနေတဲ့ လူကိုးထောင်က တောင်တန်းနယ်မြေ၃၂ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖို့အတွက် မလုံလောက်ပါဘူး ။ အခုဆိုရင်သူက တောင်တန်းတစ်ခုမှာ လူအရေအတွက် ၃၀၀အောက်သာ ထားရှိနိုင်ပါတယ် ။တောင်တန်းတစ်ခုဟာ အနည်းဆုံး မိုင်ပေါင်းထောင်ချီ ရှည်လျားတဲ့အတွက် လူ၃၀၀ လောက်နဲ့ ဆေးပင်တွေ စုဆောင်းရတာက အတော်လေး နှေးကွေးတာ အမှန်ပါပဲ ။
ပြီးတော့ သည်တောင်တန်း ၃၂ ခုဟာ အစပဲ ရှိပါသေးတယ် ။ လီဖူချန်းက သည်အနောက်မြောက်ပိုင်း ဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြံရွယ်ထားခဲ့တာပါ ။ အဲသည်အတွက် လီဖူချန်းဟာ လူအရေအတွက် များနိုင်သလောက် များများရဖို့ လိုပါတယ် ။
" ဒါ……ဒါက ……"
လီဖူချန်းရဲ့ တောင်းဆိုမှုက ဝမ်ခိုင်ကို ချွေးသီးချွေးပေါက် ကျသွားစေတာ အမှန်ပါပဲ ။ သူက လီဖူချန်းက ဘယ်လိုအဖြေ ပြန်ပေးရမယ် မသိပါဘူး ။
အတန်ကြာမှ ဝမ်ခိုင်က မချိပြုံး ပြုံးလိုက်ပြီး အာမခံ လိုက်ပါတော့တယ် ။
" ရတယ် … မင်းဘာမှ စိတ်မပူနဲ့ ။ တစ်ပတ် ။ မဟုတ်ဘူး…… နှစ်ပတ် ။ နှှစ်ပတ်ကြာရင် ငါ ကြေးခွံဖြူတိုက်ကြီးကို လူ နှစ်သောင်း ပို့ပေးလိုက်မယ်"
လူနှစ်သောင်း ဆိုတာက တကယ်ကို များပြားလှတဲ့ အရေအတွက် ဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ။ တကယ်လို့သာ သူတို့အနေနဲ့ သူ့တို့ရဲ့ လိုအပ်ချက် စံနှုန်းကို ထပ်လျော့လိုက်ပြီး ကောင်းကင်နယ်ပယ် အဆင့်မြင့် ပညာရှင်တွေနဲ့ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေကိုပါ ဆင့်ခေါ်လိုက်မယ် ဆိုရင် လူနှစ်သောင်းဆိုတာက အသာလေးပါပဲ ။
သက်တံနီဂိုဏ်းဟာ သည်လူနှစ်သောင်းကို တိုက်ခိုက်ဖို့အတွက် လိုတာမဟုတ်ဘဲ ဆေးပင်တွေ စုဆောင်းဖို့အတွက်သာ လိုတာက ကံကောင်းတယ်လို့ ဆိုရပါမယ် ။ တိုက်ခိုက်ဖို့အတွက်ကတော့ လီဖူချန်း တစ်ယောက်နဲ့တင် လုံလောက်နေပါပြီ ။
" ကျေးဇူးတင်ပါတယ် …… အကြီးအကဲခေါင်ချုပ် "
လီဖူချန်းကို လူနှစ်သောင်းကို အခြား တိုင်းတစ်ပါး တိုက်တစ်ခုဆီ စေလွှတ်ရတဲ့ ကိစ္စဟာ မလွယ်ကူမှန်း သိပါတယ် ။ အဲသည်အတွက် သူက ဝမ်ခိုင်ကို ထပ်ပြီး အတွန့် မတက်တော့ပါဘူး ။
အပြင်စည်း ပင်မခန်းဆောင်ကနေ ထွက်ခွာလာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အဖြူရောင်ကြေးခွံ တိုက်ကြီးကို မပြန်သေးဘဲ လျှို့ဝှက်ကျမ်းစာဆောင်စီ ဦးတည် သွားလိုက်ပါတယ် ။
အရင်တစ်ခါတုန်းကတော့ သူက ထောက်ပံ့ရေး ဒင်္ဂါး ၃၀၀၀၀ သာ ရှိတဲ့အတွက် ကိုးနဂါးလက်သည်းရဲ့ ပထမပိုင်းကို မရယူနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ အခုတော့ သူ့ဆီမှာ ထောက်ပံ့ရေး ဒင်္ဂါး ၅၇၀၀၀ ရှိနေခဲ့ပါပြီ ။
လျှို့ဝှက်ကျမ်းစာဆောင်ကနေ ပြန်ထွက်လာခဲ့တဲ့ အခါမှာတော့ လီဖူချန်းရဲ့ လက်ထဲမှာ ကိုးနဂါးလက်သည်း ပထမပိုင်းရဲ့ မူပွားတစ်ခု ပါလာခဲ့ပါတယ် ။
" နှစ်ပတ်…… အချိန်နှစ်ပတ် ။ သည်အချိန်အတွင်းမှာတော့ ငါက ကိုးနဂါးလက်သည်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ကောင်းပါရဲ့ ။ တကယ်လို့ ပြီးပြည့်ပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ခဲ့ရင်တော့ နယ်မြေတွေ သိမ်းပိုက်တာကို အခွင့်ကောင်းယူပြီး ကိုးနဂါးလက်သည်းကို ပိုကျွမ်းကျင်အောင် လေ့ကျင့်လို့ ရပြီ "
လီဖူချန်းက စိတ်ထဲကနေ စဉ်းစားမိနေပါတယ် ။
ကြေးခွံဖြူ တိုက်ကြီးကို ပြန်ရောက်တဲ့ အခါမှာတော့ လီဖူချန်းဟာ အပြင်ကို လုံးဝ မထွက်တော့ပါဘူး ။ သူက တံခါးပိတ်ပြီး ကိုးနဂါးလက်သည်းကို ဇောက်ချ လေ့ကျင့်ပါတော့တယ် ။
ကိုးနဂါး လက်သည်းဟာ အတော်လေး အစွမ်းထက်လှတဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာ တစ်ခုပါပဲ ။ စွမ်းအားချည်းသက်သက် ယှဉ်မယ်ဆိုရင်တော့ သူဟာ သေမျိုးကပ်ဘေး လက်သီးထက် မဆိုစလောက်လေးသာ နိမ့်ကျပါတယ် ။ သည်သိုင်းပညာမှာက သေမျိုးကပ်ဘေးလို လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေ မပါဝင်ပါဘူး ။
ဒါပေမဲ့လည်း ဒါက ပြီးပြည့်စုံတဲ့ သိုင်းပညာရပ်တစ်ခု ဖြစ်တဲ့အတွက် အချို့ နေရာတွေမှာတော့ သေမျိုးကပ်ဘေး လက်သီးထက် သာလွန်ကောင်းမွန်ပါတယ် ။
****----*****-----****-----
ကြေးခွံဖြူတိုက်ကြီး …… အနောက်မြောက်ပိုင်းဒေသ တစ်နေရာ……
လီဖူချန်းတစ်ယောက် ကိုးနဂါးလက်သည်းကို လေ့ကျင့်နေတဲ့ အချိန်မှာတော့ အနောက်မြောက်ပိုင်း ဒေသရဲ့ တစ်နေရာမှာ လျှို့ဝှက် အစည်းအဝေးတစ်ခု ကျင်းပနေကြပါတယ် ။
သည်အစည်းအဝေးကို တက်ရောက်ကြသူတွေကတော့ အနောက်မြောက်ပိုင်း ဒေသရဲ့ စစ်တပ်အသီးသီးက တပ်မှုးတွေပါပဲ ။
တစ်လခွဲအတွင်းမှာ အနောက်မြောက်ပိုင်းဒေသရဲ့ နယ်မြေ တစ်ဝက်လောက် သိမ်းပိုက်လိုက်တဲ့ လီဖူချန်းကြောင့် သည်အစည်းအဝေး ဖြစ်လာတာ ဆိုရင်လည်း မမှားပါဘူး ။အနောက်မြောက်ပိုင်း ဒေသက တပ်မှုးတွေဟာ သည်ရက်ပိုင်းမှာ ကောင်းကောင်းကို မအိပ်နိုင်ပါဘူး ။ သူတို့အားလုံးဟာ သည်ရက်တွေမှာ လီဖူချန်းတစ်ယောက် ဘယ်အချိန်မှာများ ရောက်လာပြီး သူတို့ပိုင်နက် နယ်မြေတွေကို သိမ်းယူသွားမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေကြရတာပါ ။ သည်အစည်းအဝေးမှာတော့ သူတို့ဟာ လီဖူချန်းကို ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကို ဆွေးနွေးတိုင်ပင်ကြမှာ ဖြစ်ပါတယ် ။
" သူက ဘုရင်အဆင့်အတန်း တပည့် တစ်ယောက်ပဲ မဟုတ်ဘူးလား ။ ကျုပ်ကတော့ ကျုပ်တို့ အာဏာရှင် ဆေဘာဂိုဏ်းရဲ့ ဓားဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက သူ့ကို ရင်မဆိုင်နိုင်ဘူးဆိုတာကို လုံးဝ မယုံဘူး "
အဲသည်စကားကို ပြောလိုက်သူကတော့ အာဏာရှင် ဆေဘာ ခန်းမရဲ့ ခန်းမသခင် ကျင်းမင်ပါပဲ ။
အာဏာရှင် ဆေဘာဂိုဏ်းမှာက လူ၄၉ယောက်ရဲ့ အစွမ်းတွေကို ချိတ်ဆက်ပြီး အသုံးပြုလို့ရတဲ့ ဓားဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာတစ်ခု ရှိပါတယ် ။ကျင်းမင်ရဲ့ အမြင်မှာတော့ တကယ်လို့ သည်တိုက်ခိုက်နည်းဗျူဟာမှာ ပါဝင်မယ့် လူ၄၉ယောက်ကသာ အချိတ်အဆက်မိမိနဲ့ လှုပ်ရှားနိုင်မယ်ဆိုရင် ဘုရင့်အဆင့် တပည့်တစ်ယောက်ကို မယှဉ်နိုင်စရာ အကြောင်းတော့ မရှိပါဘူး ။
***