← Chapters

အနောက်မြောက်ပိုင်းဒေသကို သိမ်းပိုက်ခြင်း

Vol. 38 Ch. 512

အနောက်မြောက်ပိုင်းဒေသကို သိမ်းပိုက်ခြင်း

Vol. 38 Ch. 512

သက်တံနီတောင်တန်း ၊ သက်တံနီဂိုဏ်းရဲ့ အခြေစိုင် စစ်စခန်း ……

သည်နေရာကတော့ တခြားတောင်တန်းတွေလို ချီစွမ်းအင် သိပ်သည်းခြင်း မရှိသလို စုဆောင်းရရှိတဲ့ ကြေးခံွံဖြူ ဆေးပင်ကလည်း တခြားတောင်တန်းတွေလောက် မများပါဘူူး ။ ဒါပေမဲ့လည်း ထူးဆန်းတဲ့ အကြောင်းအရာ တချို့ကြောင့် သည်နေရာမှာ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲနေတဲ့ ကြေးခွံဖြူ ဆေးပင်တွေ ရှိပါတယ် ။ အဲသည် မျိုးရိုးဗီဇပြောင်း ကြေးခွံဖြူ ဆေးပင်တွေဟာ ကြေးခွံနက် ဆေးပင်တွေနဲ့ တန်ဖိုးချင်း အတူတူပါပဲ ။ ဒါကြောင့်လည်း သက်တံနီဂိုဏ်းက သည်တောင်တန်းပေါ်မှာ ခြေကုပ် ရယူထားခဲ့တာပါ ။

သက်တံနီ တောင်တန်းရဲ့ တောင်ထွတ်တစ်ခု အပေါ်မှာတော့……

ဂါး……ဂရား……

ချီစွမ်းအင် စီးကြောင်းတစ်ခုဟာ ကောင်းကင်ယံပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လူးလွန့်သွားလာနေပြီး ခေါင်းကိုးလုံး နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ် ။

ဘန်း……

အဲသည်နောက်မှာတော့ ခေါင်းကိုးလုံး နဂါးကြီးဟာ ကောင်းကင်ယံကနေ တစ်ရှိန်ထိုး ဆင်းချလာပြီး တစ်ဖက်မှာ ရှိနေတဲ့ တောင်ထွတ် တစ်ခုကို တိုက်ခိုက်လိုက်ပါတော့တယ် ။

သည်တောင်ထွတ်က အတော်လေး မာတယ်လို့ ထင်ရပေမယ့်ဘည်း ခေါင်းကိုးလုံး နဂါးကြီးရဲ့ တိုက်ခိုက်မှုကို မခံနိုင်ခဲ့ပါဘူး ။ ခေါင်းကိုးလုံး နဂါးကြီးရဲ့ တိုက်ခိုက်မှုကြောင့် တောင်ထွတ်ဟာ အစိတ်အမွှာမွှာ ကွဲထွက်သွားပါတော့တယ် ။

" ကိုးနဂါး လက်သည်းက တကယ် အစွမ်းထက်တာပဲ ။ ငါ့ရဲ့ ခွန်အား ၁၀ ရာခိုင်နှုန်းပဲ သုံးလိုက်တာတောင်မှ သည်လောက် အားကောင်းတဲ့ ဖျက်ဆီးနိုင်စွမ်း ရှိနေပြီ "

ခေါင်းကိုးလုံး နဂါးဝိညာဉ်ရဲ့ ပိုင်ရှင်ကတော့ လီဖူချန်းပါပဲ ။

သူက နှစ်ပတ်အတွင်းမှာပဲ ကိုးနဂါး လက်သည်းကို ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါပြီ ။

သည်ကိုးနဂါး လက်သည်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာတော့ ဆုတ်ဖြဲခြင်း ဥပဒေသတွေ ခိုဝင်ကိန်းအောင်း နေပါတယ်  ။ ခွန်အားချင်း ယှဉ်မယ်ဆိုရင်လည်း အဆိပ်နဂါး လက်သီးရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ဟာ ကိုးနဂါး လက်သည်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို မယှဉ်နိုင်ပါဘူး ။

" ငါ ထင်ထားသလိုပဲ ။ ကိုးနဂါးလက်သည်း ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားချိန်မှာ သေမျိုးကပ်ဘေး လက်သီးရဲ့ လမ်းကြောင်းကလည်း ပိုပြီး ရှင်းလင်းလာတယ် "

လီဖူချန်းက သူဟာ သွေးတွေနဲ့ ချီတွေရဲ့ စီးဆင်းပုံအကြောင်းကို ပိုနားလည်လာတယ်လို့  ခံစားနေမိပါတယ် ။

ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ် ဆိုတာက ချီ နဲ့ သွေးကို အခြေခံထားတာပါပဲ ။

ရှုပ်ထွေးတဲ့ သွေးနဲ့ချီ စီးဆင်းပုံတွေက အသွေးအသား နဲ့ အသက်ရှိတဲ့ လူသား ၊ မိစ္ဆာသားရဲနဲ့ မိစ္ဆာတွေကို ဖြစ်တည်စေတာပါ  ။လီဖူချန်းက  ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်တွေကို လေ့ကျင့်ရင်းနဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ ဘယ်လောက် ရှုပ်ထွေးဆန်းကြယ်သလဲ ဆိုတာကို တဖြည်းဖြည်း နားလည်လာခဲ့ပါတယ် ။

ကိုးနဂါး လက်သည်းမှာက ပါဝင်တဲ့ ဆန္ဒက သေချာပေါက် ဆုတ်ဖြဲခြင်း ဥပဒေသပါပဲ ။ အဲသည် ဆုတ်ဖြဲခြင်း ဥပဒေသက  ဥပဒေသ စွမ်းအားအမျိုးအစား တစ်ခုဖြစ်ပြီး အဆင့်မြင့် ချီစွမ်းအားကနေ တိုးတက်ပြောင်းလဲ လာတာပါ ။

သေမျိုးကပ်ဘေး လက်သီးကတော့ တစ်မူထူးခြားပြီး ကပ်ဘေးစွမ်းအားကို သိုလှောင်ထားပါတယ် ။ အဲသည် ကပ်ဘေးစွမ်းအားကတော့ သဘာဝကနေ ဖြစ်တည်လာတဲ့ ချီစွမ်းအားတစ်မျိုးပါ ။ အဲဒါက အရည်အသွေး မကောင်းတဲ့ အရာတွေကို ဖယ်ထုတ်ပေးပြီး အရည်အသွေးကောင်းတွေ နဲ့ ပြန်လည် အစားထိုးပေးနိုင်စွမ်း ရှိပါတယ် ။ ချီအရည်အသွေး နဲ့ သွေးအရည်အသွေးကို ကောင်းစေတဲ့ နေရာမှာတော့ ကိုးနဂါး လက်သည်းဟာ သေမျိုးကပ်ဘေး လက်သီးကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ။

အဲသည်အချက်တွေကို အသေးစိတ်ကျကျ နားလည်ပြီးသွားတဲ့နောက်မှာတော့ လီဖူချန်းဟာ ဘာဖြစ်လို့ မိစ္ဆာသားရဲတွေ နဲ့ မိစ္ဆာတွေဟာ မာကျောကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသလဲ ဆိုတာကို နားလည်သဘောပေါက် သွားပါတော့တယ် ။  အဲဒါက သွေးနဲ့ချီ    အရည်အသွေး ကွာခြားလို့ပါပဲ  ။ လူသားတွေထက် စာရင်တော့ မိစ္ဆာတွေ နဲ့ မိစ္ဆာသားရဲတွေရဲ့   သွေးနဲ့ချီက ပိုအခြေတည်တံ့ပြီး ပိုအားကောင်းပါတယ် ။

လူသားတွေရဲ့ ခန္ဓာကိုယ်က ကျိုးလွယ် ၊ဆတ်လွယ် ပါတယ် ။ ဒါပေမဲ့ အဲဒါက ဘာမှ မရေးထားတဲ့ စာရွက်တစ်ရွက်လို အချိန်မရွေး ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

တူညီတဲ့ နားလည်သဘောပေါက်မှု နဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်မှာဆိုရင် မိစ္ဆာသားရဲတွေ နဲ့ မိစ္ဆာတွေက လူသားတွေရဲ့ တိုးတက်မှုကို မယှဉ်နိုင်ပါဘူး ။ အဲဒါကတော့ သူတို့ရဲ့ သွေးနဲ့ချီဟာ အခြေကျ တည်တံ့နေပြီ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ ။

" ဧကန္တ မဟုတ်မှ လွဲရော ။ ခန္ဓာကိုယ် အပြင်အား ပညာရပ်တွေကို များများ လေ့ကျင့်လေလေ၊  သွေးနဲ့ချီ အကြောင်း ပိုများများ သိလာလေလေ များလား "

" ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ ။ ငါ့ဆီမှာ လုံလောက်တဲ့ ထောက်ပံ့ရေး ရမှတ်တွေ  ရလာတဲ့ အခါကျရင် ကျန်တဲ့ တခြား မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာတွေကိုပါ ယူပြီး လေ့ကျင့်ကြည့်ရမယ် "

လီဖူချန်းက ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်အကြောင်း သုံးသပ်ဆင်ခြင်နေရင်းနဲ့ အတွေးတစ်ချက် ပေါက်သွားခဲ့ပါတယ် ။

ဝူ……ဝူ………ဝူ……

ဦးချိုခရာ မှုတ်သံက သက်တံနီတောင်တန်း တစ်ခုလုံးကို ပျံ့နှံ့လာခဲ့ပါပြီ ။ အဲဒါက ရန်သူတွေ ကျူးကျော်လာတယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။

" သည်ကောင်တွေ ငါ လာပြီး နယ်မြေသိမ်းပိုက်တာကို မစောင့်နိုင်တော့ဘူးလား "

လီဖူချန်းက ဉာဏ်ထက်သူတစ်ယောက် ဖြစ်တဲ့အတွက် အနောက်မြောက်ပိုင်း ဒေသက ဘုရင်အဆင့် အင်အားစုတွေဟာ မဟာမိတ် ဖွဲ့လိုက်ပြီ ဆိုတာကို တန်းပြီး သိလိုက်ပါတယ် ။ ဘုရင်အဆင့် အင်အားစု တစ်ခုတည်းကတော့  အတင့်ရဲစွာနဲ့ သူရှိတဲ့ နေရာကို လာရောက် ကျူးကျော်ရဲမှာ မဟုတ်ပါဘူး ။

လီဖူချန်းရဲ့ ခန့်မှန်းချက်က ကွက်တိပါပဲ ။ သက်တံနီတောင်တန်းရဲ့  အပြင်ဘက်မှာတော့ မတူညီတဲ့  ဂိုဏ်းအဖွဲ့ကိုးဖွဲ့ ရောက်နေကြပါပြီ ။ သူတို့တစ်ဖွဲ့ချင်းစီမှာလည်း လူတစ်ထောင်နီးပါး ပါပါတယ် ။

သက်တံနီတောင်တန်းကို ပြန်လာတဲ့ မကြာသေးတဲ့ ကျန်းတကျင်းရဲ့ မျက်နှာကတော့ မကောင်းလှပါဘူး ။ သူ့ရဲ့ မျက်နှာက သွေးမရှိတော့သလို ဖြူစွတ်နေခဲ့ပါပြီ ။  သူက လီဖူချန်းဟာ အစွမ်းထက်မှန်း သိပေမယ့်လည်း သည်လောက် များပြားလှတဲ့ ရန်သူတွေကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားနေမိပါတယ် ။ သည်လောက်များပြားတဲ့ လူအုပ်ကြီးနဲ့ တွေ့ရင်တော့ လီဖူချန်းထက် သိုင်းပညာစွမ်း ထက်တဲ့သူလည်း အရှုံးပေးရမှာပါပဲ ။

" လခွီးပဲ ။ အာဏာရှင် ဆေဘာခန်းမတောင်မှ သည်ကို ရောက်လာတာလား ။ သူတို့ရဲ့ အာဏာရှင်ဆေဘာ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက လူ၄၉ယောက်တောင် ချိတ်ဆက် အသုံးပြုလို့ ရတယ် ။ တပ်မှုးချုပ်က တစ်ယောက်တည်းနဲ့ သူတို့ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ "

" မီးတိမ်တိုက် ခန်းမရဲ့ မီးတိမ်တိုက် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာကိုလည်း မမေ့နဲ့ဦး။ သူတို့ကလည်း လူ ၄၂ယောက် ချိတ်ဆက်လို့ ရတယ် "

သက်တံနီတောင်တန်းမှာ ရှိနေတဲ့ စစ်သားတွေကတော့ အတော်လေး တုန်လှုပ်ချောက်ချား နေကြပါပြီ ။ အဲဒါကလည်း သူတို့ အလွန်တော့ မဟုတ်ပါဘူး ။ သက်တံနီ တောင်တန်းမှာက စစ်သားအရေအတွက် သုံးရာသာ ရှိတာပါ ။ သည်သုံးရာဆိုတဲ့ အရေအတွက်နဲ့ တပ်စုတစ်စုမှာ လူတစ်ထောင်နီးပါး ပါလာတဲ့ စစ်တပ်၉ခုကို ခုခံဖို့ ဆိုတာက  ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိတဲ့ အရာပါပဲ ။ စစ်တပ်၉ခုကို မပြောပါနဲ့ဦ ။ သူတို့အနေနဲ့ စစ်တပ်တစ်ခုကိုတောင် မခုခံနိုင်ပါဘူး ။

လီဖူချန်း ရှိနေလို့သာပေါ့ ။တကယ်လို့ လီဖူချန်းသာ ရှိမနေဘူးဆိုရင် သူတို့ဟာ အစောကြီးကတည်းကနေ လက်မြှောက်အရှုံးပေးပြီး သက်တံနီ တောင်တန်းကနေ ဆုတ်ခွာသွားတော့မှာပါ ။

" ဘယ်ကောင်တွေက ငါတို့ရဲ့ သက်တံနီ တောင်တန်းကို ကျုးကျော်ရဲတာလဲ "

အေးစက်စက် စကားသံနဲ့အတူ လီဖူချန်းတစ်ယောက် ရောက်ရှိလာခဲ့ပါပြီ ။

" မင်းက လီဖူချန်း ဆိုတာလား "

အာဏာရှင် ဆေဘာခန်းမသခင် ကျင်းမင်က လီဖူချန်းကို ကြည့်ပြီး  မေးလိုက်ပါတယ်။

လီဖူချန်းက ကျင်းမင်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး ။ သူက စစ်တပ်ကိုးခုကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အထင်သေးတဲ့ လေသံဖြင့်

" မင်းတို့က အရေအတွက် အားကိုးနဲ့ ငါ့ကို ဖိအား ပေးချင်တာလား ။ ငါ့မျက်လုံးထဲမှာတော့ မင်းတို့က ရေနွေးအိုးထဲ ထည့်ပြုတ်ခံရတော့မယ့် ဝက်အုပ်ကြီးလိုပဲ  ။ အခွင့်အရေး ရှိတုန်း ငါ့မျက်စိအောက်ကနေ  ထွက်သွားကြစမ်း "

" အရှက်မရှိတဲ့ကောင် ။ မင်းက အခုချိန်အထိ လေကြီးလေကျယ် ပြောရဲတယ် ဟုတ်လား ။ ၄၉ယောက် လာစမ်း ။ အာဏာရှင်ဆေဘာ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ခင်းလိုက် "

လီဖူချန်းရဲ့ လေသံ နဲ့ အမူအယာကို မြင်လိုက်ရတဲ့ နောက်မှာတော့ ကျင်းမင်ဟာ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ ။

သူက ချက်ချင်းပဲ အာဏာရှင် ဆေဘာဂိုဏ်းရဲ့ အပြင်စည်းတပည့် ၄၉ယောက်ကို ခေါ်ထုတ်လိုက်ပြီး ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ခင်းကျင်းစေလိုက်ပါတယ် ။

ဟူး……ဟူး……ဟူး………

ကောင်းကင်ယံထက်မှာတော့ အားကောင်းလှတဲ့ ဆေဘာဓားကြီးတစ်လက် ဖြစ်တည်လာခဲ့ပါပြီ ။ အဲသည်ဆေဘာဓားကြီးကနေ ဖြာထွက်နေတဲ့ ချီအရှိန်အဝါကလည်း ကျင်းမင်ထက်တောင်မှ ကောင်းနေပါသေးတယ် ။

" မီးတိမ်တိုက် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာကို ခင်းကြ "

မီးတိမ်တိုက် ခန်းမသခင်ကလည်း သူတို့ရဲ့ မီးတိမ်တိုက် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာဟာ လီဖူချန်းအပေါ်မှာ သက်ရောက်မှု ရှိ ၊မရှိ ဆိုတာကို သိချင်တဲ့အတွက် သည်နေရာကို လာခဲ့တာပါ ။ အဲသည်အတွက် သူက တုံ့ဆိုင်းမနေဘဲ အပြင်စည်းတပည့် ၄၂ကို ခေါ်ထုတ်ပြီး မီးတိမ်တိုက် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာကို ခင်းကျင်းစေလိုက်ပါတယ် ။

ဝုန်း……

မီးတိမ်တိုက်ကြီး တစ်ခုဟာ ကောင်းကင်ယံမှာ ဖြစ်တည်လာခဲ့ပါပြီ ။ မီးတိမ်တိုက်ထဲမှာ ရှှိနေတဲ့ လူ၄၂ယောက်ကိုတော့ သာမန် မျက်စိနဲ့ ကြည့်မြင်နိုင်မှာ မဟုတ်ပါဘူး ။

" သတ် "

" သတ် "

အာဏာရှင် ဆေဘာ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာက တုန်ခါသွားပြီး ထုထည်ကြီးမားလှတဲ့ ဆေဘာချီတစ်ခုကို ထုတ်လွှတ်ကာ လီဖူချန်းကို ခုတ်ပိုင်း ပစ်လိုက်ပါတယ် ။

ရှဲ……ရှဲ……ရှဲ……

မီးတိမ်တိုက် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာက ဖြစ်တည်လာတဲ့ မီးတိမ်တိုက်ကလည်း လီဖူချန်းအပေါ်ကို မီးမိုးတွေ ရွာကျလာစေ ခဲ့ပါပြီ ။

လီဖူချန်းကတော့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဂုရုကြီး တစ်ပါးသဖွယ် ပြုမူနေပါတယ် ။ သူက တစ်ဖက်လူတွေရဲ့ တိုက်ခိုက်မှုကို ဂရုစိုက်ပုံ မရပါဘူး ။

" မင်းတို့ကို ငါအသစ် လေ့ကျင့်ထားတဲ့ ကိုးနဂါးလက်သည်းအကြောင်း ပြရသေးတာပေါ့ "

စကားဆုံးတဲ့နောက်မှာတော့ လီဖူချန်းက ညာဘက်လက်ကို ကွေးလိုက်ပြီး လေဟာနယ်ကို ကုတ်ချလိုက်ပါတယ် ။

ဂါး……ဂရား……

ခေါင်းကိုးလုံး နဂါးဝိညာဉ် တစ်ခုဟာ မာန်ဟုန်အပြည့်နဲ့ ထွက်ပေါ်လာပြီး ဆေဘာချီ နဲ့ မီးမိုးတွေဆီကို တိုးဝင်သွားခဲ့ပါပြီ ။

ဝုန်း……ဝုန်း……

ဘန်း…… ဘန်း…… ဘန်း…

ခေါင်းကိုးလုံး နဂါးဝိညာဉ်နဲ့ အတွေ့မှာတော့ ဆေဘာချီကော မီးမိုးတွေပါ ချက်ချင်း ပျက်စီးကုန်ပါတယ် ။ သူတို့တွေက ခေါင်းကိုးလုံး နဂါးဝိညာဉ်ကို ဘယ်လိုမှ တောင့်မခံနိုင်ကြပါဘူး ။

ခေါင်းကိုးလုံး နဂါးဝိညာဉ်က ဆေဘာချီတွေ နဲ့ မီးမိုးတွေကို ဖျက်ဆီးရုံနဲ့ ရပ်မသွားသေးဘဲ ကောင်းကင်ယံထက်ကို ဆက်ပြီး ထိုးတက်သွားပြန်ပါတယ် ။ သူ့ရဲ့ ပစ်မှတ်ကတော့ အာဏာရှင် ဆေဘာ ဝင်္ကပါ နဲ့ မီးတိမ်တိုက် ဝင်္ကပါဆိုတာ အသိသာကြီးပါပဲ ။

ဂါး……ဂရား……

ခေါင်းကိုးလုံး နဂါးဝိညာဉ်ရဲ့ ခေါင်းငါးလုံးက အာဏာရှင် ဝင်္ကပါကို တိုက်ခိုက်လိုက်ပြီး ကျန်တဲ့ ခေါင်းလေးလုံးကတော့ မီးတိမ်တိုက် ဝင်္ကပါကို တိုက်ခိုက်လိုက်ပါတယ် ။

ဘန်း……ဘန်း……ဘန်း……

ရွှပ်……ရွှပ်……

"အား…… အမယ်လေး …… သေပါပြီဗျ "

အာဏာရှင် ဆေဘာ ဝင်္ကပါ ခြောက်ပိုင်း ကွဲထွက်သွားပြီး မီးတိမ်တိုက် ဝင်္ကပါကတော့ ငါးပိုင်း ကွဲထွက်သွားခဲ့ပါပြီ ။

လက်သည်းတစ်ချက်……

လီဖူချန်းက လက်သည်းတစ်ချက်နဲ့ပဲ တိုက်ခိုက်နည်းဗျူဟာ နှစ်ခုကို ဖျက်ဆီး ပစ်လိုက်ပါတယ် ။ လူပေါင်း ၁၀၀ နီးပါးဟာ လီဖူချန်းရဲ့   လက်သည်းတစ်ချက်ကိုတောင် မတောင့်ခံနိုင်ကြပါဘူး ။ သူတို့တွေဟာ သွေးအလူးလူးဖြစ်ပြီး အော်ဟစ် ညည်းတွားနေရပါပြီ ။

လီဖူချန်းက လူသတ်ချင်စိတ် မရှိတဲ့အတွက် သူတို့အနေနဲ့ ကံကောင်းသွားတယ် ဆိုရပါမယ် ။ မဟုတ်လို့ကတော့ သူတို့တွေဟာ ဆက်ပြီး အသက်ရှင်နေစရာ အကြောင်း မရှိပါဘူး ။

ဖြစ်သွားတဲ့ အဖြစ်အပျက်ကို ကြည့်နေရင်းနဲ့ ကျင်းမင်ရဲ့ မျက်နှာဟာ တဖြည်းဖြည်း ညိုပုပ် လာခဲ့ပါတယ် ။ သည်အပြင်စည်းတပည့်  ၄၉ယောက်ဟာ သာမန် အပြင်စည်း တပည့်တွေ မဟုတ်ပါဘူး ။ သူတို့၄၉ယောက်လုံးဟာ သည်အာဏာရှင် ဆေဘာ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တတ်မြောက် ထားသူတွေပါ ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ကျင်းမင် ကိုယ်တိုင်တောင်မှာ သူတို့ ၄၉ယောက်ရဲ့ တိုက်ခိုက်မှုကို သုံးကွက်ထက် ပိုမခံနိုင်ပါဘူး ။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းဟာ သူတို့အားလုံးကို လက်သည်းတစ်ချက်တည်းနဲ့ အနိုင်ယူပစ်လိုက်ပါတယ် ။

ူ" ၄၈ယောက် လာခဲ့ "

ကျင်းမင်က အော်ဟစ်လိုက်ပါတယ် ။ သည်တစ်ကြိမ်မှာတော့ သူကိုယ်တိုင် အာဏာရှင် ဆေဘာ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာထဲမှာ ပါဝင်ရပါတော့မယ် ။

ရွှမ်း……ရွှမ်း……ရွှမ်း……

ရွှီး……ရွှီး……

အပြင်စည်း တပည့် ၄၈ယောက်ဟာ ကျင်းမင်ကို ဗဟိုပြုပြီး အာဏာရှင် ဆေဘာ ဝင်္ကပါကို ခင်းကျင်းလိုက်ကြပါပြီ ။

" သေစမ်း "

ကျင်းမင် ပါဝင်လာတဲ့ အာဏာရှင်ဆေဘာ ဝင်္ကပါဟာ ငွေရောင် ဆေဘာကြီး တစ်လက်အဖြစ် အသွင်ပြောင်းသွားပြီး လီဖူချန်းကို ခုန်ပိုင်းပစ်လိုက်ပါတယ် ။

အခြားတစ်ဖက်မှာလည်း ပထမ တစ်ကြိမ်ကထက် ပိုများတဲ့ မီးမိုးတွေဟာ လီဖူချန်းဆီကို ရွာချလာခဲ့ပါပြီ ။ မီးတိမ်တိုက် ခန်းမသခင်ကလည်း မီးတိမ်တိုက် ဝင်္ကပါရဲ့ အလယ်ဗဟိုမှာ နေရာယူထားပြီ ဆိုတာ အသိသာကြီးပါပဲ ။

" ဟား……ဟား……ဟား…… ။ မင်းတို့က သည်လောက်လေးနဲ့ ငါ့ကို နိုင်မယ် ထင်နေတာလား "

လီဖူချန်းက ကောင်းကင်ယံပေါ် ပျံတက်သွားပြီး ငွေရောင် ဆေဘာ နဲ့ မီးတိမ်တိုက်ကို ထိပ်တိုက်ရင်ဆိုင် လိုက်ပါတယ် ။

" ပျက်စီးစမ်း "

လီဖူချန်းရဲ့ လက်သည်းကုတ်ချက်ကနေပြီး ထွက်ပေါ်လာတဲ့ ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ ရန်လိုမှု အပြည့်နဲ့ ရန်သူတွေဆီကို တိုးဝင်သွားခဲ့ပါပြီ ။

ဝုန်း……ဝုန်း……ဝုန်း……

ဘန်း……ဘန်း……

ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ နှစ်ခုစလုံးဟာ ပေါက်ကွဲပြီး ပျက်စီးကုန်ပါတယ် ။ ဘုရင်အဆင့် တပည့်တွေက ဝင်္ကပါရဲ့ အလယ်ဗဟိုမှာ နေရာ ယူထားပေမယ့်လည်း ရလဒ်ကတော့ ပထမ တစ်ကြိမ်ကနဲ့ အတူတူပါပဲ ။ သူတို့တွေက လီဖူချန်းရဲ့ လက်သည်းကုတ်ချက်ကို တောင့်မခံနိုင်ကြပါဘူး ။

" အားလုံးဝိုင်းပြီး တိုက်ကြဟေ့ "

လီဖူချန်းရဲ့ အစွမ်းက ကျန်ရှိနေတဲ့ စစ်တပ်က တပ်မှုးတွေကိုပါ တုန်လှုပ်ချောက်ချားသွားစေတဲ့ ပုံပါပဲ ။

တပ်မှုးတွေ အကုန်လုံးက  သူတို့ရဲ့ သက်ဆိုင်ရာ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ အသီးသီးကို ခင်းကျင်းပြီး တိုက်ပွဲထဲ ဝင်ပါလာကြပါပြီ ။

သည်သက်တံနီတောင်တန်းကို လာခဲ့ကြတဲ့ စစ်တပ်တိုင်းရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာဟာ အားမနည်းပါဘူး ။ သည်ဝင်္ကပါ တစ်ခုချင်းစီရဲ့ အစွမ်းဟာ သာမန် ဘုရင်အဆင့် အပြင်စည်း တပည့်တစ်ယောက်ထက် အစွမ်းထက်ပါတယ် ။

အခု သည်စစ်တပ်တွေ အားလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို အသက်သွင်းထားပြီ ဖြစ်တဲ့အတွက် ဘုရင်အဆင့် တပည့်ပေါင်း တစ်ရာကျော်ရဲ့ အစွမ်းမျိုး ရှိနေပါပြီ ။

ဘုရင်အဆင့် တပည့်ပေါင်း ၁၀၀ကျော်ရဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းကို  ခံရမယ့် လီဖူချန်း အတွက်ကတော့ လုံးဝ လွယ်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ကြောက်ရွံ့ရမယ့်အစား ရဲဝင့်စွာ တိုက်ခိုက်နေပါတယ် ။ သူ့ကို ကြည့်ရတာက ကစားစရာ အရုပ် အသစ်တစ်ခု ရသွားတဲ့ ကလေးငယ် တစ်ယောက်လိုပါပဲ ။

" ဟား……ဟား…… လာစမ်း …… လာကြစမ်း ။ ငါက အသစ်လေ့ကျင့်ထားတဲ့ သိုင်းပညာကို ကျွမ်းကျင်ဖို့ လေ့ကျင့်ဖော် လိုနေတာ ။ မင်းတို့ရောက်လာတာ အချိန်ကိုက်ပဲ "

လီဖူချန်းရဲ့ ကိုးနဂါး လက်သည်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပေမယ့်လည်း  လိုအပ်ချက်တွေ ရှိနေဆဲပါပဲ ။ သူက လက်တွေ့ တိုက်ခိုက်မှသာ အဲသည် လိုအပ်ချက်တွကို ဖြည့်ဆည်း နိုင်မှာပါ ။

အခုတော့ ဘုရင်အဆင့် ဂိုဏ်း၉ဂိုဏ်းဟာ သူ့ကို အဲသည်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက် ကူညီနေကြပါပြီ ။ လီဖူချန်းအနေနဲ့ သည်အခွင့်အရေးကို မယူရင် မိုက်ရာ ကျသွားပါလိမ့်မယ် ။

ဘန်း……ဘန်း……ဘန်း……

ရွှမ်း……ရွှမ်း……

ဝုန်း……

လီဖူချန်းက ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ တစ်ရာကျော်ကို တစ်ယောက်တည်း နဲ့ ရင်ဆိုင် တိုက်ခိုက်နေပါတယ် ။ သူ့ကို ကြည့်ရတာက ဖျက်ဆီးခြင်း နတ်ဘုရား တစ်ပါးလိုပါပဲ  ။ သူရောက်သွားတဲ့ နေရာတိုင်းမှာ ရှိနေတဲ့ ဝင်္ကပါတွေဟာ ပေါက်ကွဲ ပျက်စီးကုန်ပါတယ် ။

ငါး …… တစ်ဆယ် …… နှစ်ဆယ်…… လေးဆယ် ……

အချိန်တွေ ကြာလာတာနဲ့ အမျှ လီဖူချန်းရဲ့ ဖျက်ဆီးနိုင်စွမ်းတွေဟာ  ပိုပိုပြီး တိုးလာခဲ့ပါတယ် ။ သူ့ကို အကာအကွယ် ပေးထားတဲ့ ခေါင်းကိုးလုံး နဂါးဝိညာဉ်ကလည်း ပိုပိုပြီး အားကောင်းလာသလိုပါပဲ ။ အခုဆိုရင် ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ ဝင်္ကပါတွေထဲမှာ ရှိနေတဲ့ လူတွေကိုတောင် ဖိအားတွေ ပေးနေခဲ့ပါပြီ ။

" ကိုးနဂါး ကကြိုး "

ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ အားလုံးရဲ့ ဝိုင်းရံ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ လီဖူချန်းဟာ စူးရှစွာ အော်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ပါတယ် ။

ဂါး……ဂရား……

အဲသည်နောက်မှာတော့ ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ နဂါးဝိညာဉ်  ကိုးကောင်အဖြစ် ပြောင်းသွားပြီး တိုက်ခိုက်နည်းဗျူဟာ ဆယ်ခုကျော်ကို စုတ်ဖြဲကာ ဖျက်ဆီးပစ်လိုက်ပါပြီ ။

" ဒါက အရမ်း လွန်လွန်းနေပြီ ။ သူက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်ကော ဟုတ်သေးရဲ့လား ။ တိုက်ပွဲဝိညာဉ်နယ်ပယ် ပဆင့်နိမ့်ပိုင်းက ဆရာသခင်တွေတောင်မှ သူ့လို စွမ်းဆောင်ပြနိုင်မှာ မဟုတ်ဘူး "

ကောင်းကင်ယံပေါ်က တိုက်ပွဲကို မော့ကြည့်နေတဲ့ ကျန်းတကျင်းကတော့ သက်ပြင်းတစ်ချက် ချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။

" ကောင်းကင်ဘုံက ကောင်းချီးပေးခြင်း ခံထားရတဲ့ ထွတ်ခေါင် ပါရမီရှင်နဲ့ တွေ့ရင်တော့ အရေအတွက်ကလည်း အလကားပဲ "

" ကောင်းကင်ဘုံ ထွတ်ခေါင်ပါရမီရှင် တစ်ယောက်က သာမန် ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ထောင်လောက်ကိုတောင် တစ်ယောက်တည်းနဲ့ ယှဉ်တိုက်နိုင်တယ် ။ ငါက အဲသည်စကားကို ကောလဟာလတွေလို့ ထင်ထားခဲ့မိတာ ။ သည်နေ့မှပဲ အဲသည်စကားဟာ အမှန်ဖြစ်မှန်း သိတော့တယ် ။ သက်တံနီဂိုဏ်းက ဒါကြောင့်လည်း တကယ့် လက်ရွေးစင် ပါရမီရှင်တွေကိုပဲ ရွေးတာကိုး "

" ပျက်စီးစမ်း "

ဘန်း……

အဲသည်အချိန်မှာပဲ လီဖူချန်းဟာ နောက်ဆုံး ကျန်ရှိနေတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ဆုတ်ဖြဲပစ်လိုက်ပါတော့တယ် ။

တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင် တစ်ခုလုံးဟာ တိတ်ဆိတ်ပြီး ငြိမ်ကျ သွားခဲ့ပါပြီ ။

လီဖူချန်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ ဘုရင်အဆင့် တပည့်တွေနဲ့တောင်မှ လုံးဝ တူညီတဲ့ အဆင့်မှာ ရှိမနေပါဘူး ။ သူက တခြားအဆင့် တစ်ခုမှာ ရှိနေတာ အသိသာကြီးပါပဲ ။

တစ်ဖက်လူက လက်ရွေးစင်တကာ့ လက်ရွေးစင် ဘုရင်အဆင့် တပည့် ဒါမှမဟုတ် ဧကရာဇ်အဆင့် ဘုရင်တပည့် မဟုတ်ဘဲနဲ့တော့ သူ့ကို ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။

" တော်တော့ လီဖူချန်း ။ ငါတို့ မင်းကို မနိုင်ဘူးဆိုတာ ဝန်ခံပါတယ်  "

စစ်တပ်၉ခုကတော့ လီဖူချန်းကို အရှုံးပေးသွားခဲ့ပါပြီ ။

နောက်ထပ်တစ်ပတ် အကြာမှာတော့ လီဖူချန်းဟာ အဲသည်စစ်တပ်၉ခုရဲ့ ပင်မအခြေစိုက် စစ်စခန်းတွေ ရှိတဲ့ တောင်တန်း၉ခုက လွဲပြီး ကျန်တဲ့ တောင်တန်းတွေ အကုန်လုံးကို သိမ်းပိုက်ပစ်လိုက် ပါတော့တယ် ။လီဖူချန်းက သူ့ရဲ့ အကြံအစည် ဖြစ်တဲ့ အနောက်မြောက်ပိုင်း ဒေသတစ်ခုလုံးကို သိမ်းမယ်ဆိုတဲ့ အကြံအစည်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီလို့ပဲ ဆိုရပါမယ် ။သက်တံနီဂိုဏ်းက ပို့လိုက်တဲ့ လူနှစ်သောင်းကိုတော့ ကျန်းတကျင်းကပဲ စီမံခန့်ခွဲပြီး သင့်တော်ရာ တောင်တန်းနယ်မြေတွေမှာ နေရာ ချပေးလိုက်ရပါတယ် ။

***

All Chapters