ခေတ်ပြောင်းတော်လှန်မှု
Vol. 38 Ch. 515
လီဖူချန်း ကြေးခွံဖြူတိုက်ကြီးကို ရောက်တာ သုံးလမြောက်တဲ့ နေ့မှာတော့ သက်တံနီဂိုဏ်းကို ပြန်ပို့ရမယ့် ကြေးခွံဖြူ ဆေးပင် ဒုတိယ အသုတ်ဟာ အဆင်သင့် ဖြစ်နေခဲ့ပါပြီ ။
သည်အသုတ် ကြေးခွံဖြူ ဆေးပင်တွေကတော့ အတော်လေး များတယ်လို့ ဆိုရပါမယ် ။ အဲဒါတွေက စုစုပေါင်း အရေအတွက် ၅၂၀၀၀ ရှိပြီး အရင်အကြိမ်ထက် ၂၅ဆ ပိုများပါတယ် ။
အဲသည်အတွက် လီဖူချန်းက အပိုဆုကြေး အနေနဲ့ ထောက်ပံ့ရေး ရမှတ် ၁၈၇၅၀၀ ရခဲ့ပါတယ် ။ နဂိုက သူ့ဆီမှာ ကျန်နေသေးတဲ့ ထောက်ပံ့ရေးရမှတ် ၁၇၀၀၀ နဲ့ ပေါင်းလိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ထောက်ပံ့ရေးရမှတ်ဟာ ၂၀၄၅၀၀ ဖြစ်သွားခဲ့ပါပြီ ။
ကိုးနဂါးလက်သည်းရဲ့ ဒုတိယပိုင်းကတောင်မှ ထောက်ပံ့ရေးရမှတ် ၁၂၀၀၀၀ ပဲ ရှိတာပါ ။အချိန်အတန်ကြာ ဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက နောက်ထပ် မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာဖြစ်တဲ့ တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်ရဲ့ ပထမပိုင်းကိုပါ ယူသွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်က ထောက်ပံ့ရေး ရမှတ် ၃၅၀၀၀ သာ ရှိတဲ့အတွက် လီဖူချန်းအဖို့တော့ သိပ်ပြီး တန်ဖိုး မများလှပါဘူး ။
( Note - တိမ်လေနဂါး ခန္ဓာကိုယ်လို့ အစောပိုင်းက ဘာသာပြန်ထားမိပါတယ် ။)
" ကိုယ့်ရဲ့ အစွမ်းက သာမန်ထက် ကျော်လွန်နေရင် ထောက်ပံ့ရေးရမှတ် ရဖို့ဆိုတာ ပြသနာ မဟုတ်တော့ဘူးပဲ "
လီဖူချန်းက တီးတိုး ရေရွတ်လိုက်မိပါတယ် ။
တခြားသာမန် ဘုရင်အဆင့် တပည့်တွေအတွက်တော့ ထောက်ပံ့ရေး ရမှတ် သောင်းဂဏန်း ရဖို့ဆိုတာက မလွယ်လှတဲ့ အရာပါပဲ ။ ဒါပေမဲ့ သူကတော့ ထောက်ပံ့ရေးမှတ် သိန်းဂဏန်းကိုတောင် အေးအေးဆေးဆေး ရနေပါပြီ ။ ဒါက စွမ်းအား ကွာခြားခြင်းရဲ့ ရလဒ် ဖြစ်ပါတယ် ။
" အင်း …… ကြေးခွံဖြူတိုက်ကြီးကို ပြန်ဖို့သင့်ပြီ "
အဲသည်နောက်မှာတော့ လီဖူလျန်းဟာ လျှို့ဝှက်ကျမ်းစာဆောင်ကနေ ထွက်ကာ ကြေးခွံဖြူ တိုက်ကြီးကို ပြန်သွားခဲ့ပါပြီ ။
………*** ………
ကြေးခွံဖြူ တိုက်ကြီးရဲ့ အနောက်မြောက်ပိုင်း ဒေသကို သိမ်းပိုက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ နောက်ထပ် ရည်မှန်းချက်တစ်ခု ချမှတ်လိုက်ပြန်ပါတယ် ။ အဲဒါကတော့ အနီးအနားမှာ ရှိတဲ့ ဒေသတွေကိုပါ သိမ်းပိုက်ဖို့ပါပဲ ။
ကြေးခွံဖြူ တိုက်ကြီးကိုက အဓိက ဒေသကြီး ၁၈ခု ခွဲထားပြီး အလယ်ဗဟိုမှာ ရှိတဲ့ နယ်မြေဒေသ ၃ခုကိုတော့ ဧကရာဇ်အဆင့် ဂိုဏ်းကြီး၃ဂိုဏ်းက ချုပ်ကိုင်ထားတာပါ ။ကျန်တဲ့ နယ်မြေဒေသ ၁၅ခုကိုတော့ ဘုရင်အဆင့် ဂိုဏ်းတွေက ချုပ်ကိုင်ထားပါတယ် ။
သည်အနောက်မြောက်ပိုင်းဒေသက ကျန်ရှိနေတဲ့ အဓိက ဒေသကြီး ၁၅ခုထဲက တစ်ခုပါပဲ ။
" အင်း…… ငွေသဲဖြူ နယ်မြေဒေသက မဆိုးဘူး ။ အဲသည်ဒေသကိုပါ သိမ်းလိုက်နိုင်ရင်တော့ ငါ့အနေနဲ့ အေးအေးဆေးဆေး နေရုံပဲ "
သေသေချာချာ စဉ်းစားမိတဲ့နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ နောက်ထပ် ပစ်မှတ်အဖြစ် ငွေသဲဖြူ နယ်မြေဒေသကို သတ်မှတ်လိုက်ပါတော့တယ် ။
ဘာဖြစ်လို့လဲ ဆိုတော့ ငွေသဲဖြူ နယ်မြေဒေသမှာက များပြားလှတဲ့ ဘုရင်အဆင့် ဂိုဏ်းစစ်တပ်တွေ ရှိနေလို့ပါပဲ ။ ယေဘုယျ အားဖြင့် ဆိုရင်တော့ ဂိုဏ်းစစ်တပ်တွေ များလွန်းတဲ့ အဓိက နယ်မြေဒေသဟာ အားနည်းလေ့ ရှိပါတယ် ။ ဒါကြောင့်လည်း လီဖူချန်းက ငွေသဲဖြူ နယ်မြေဒေသကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တာပါ ။
" တောက်…… လူအင်အား မလောက်တာက တကယ့် ပြသနာပဲ ။သည်အနောက်မြောက်ပိုင်း ဒေသကို ထိန်းချုပ်ဖို့ အတွက်တောင်မှ လူ၃၀၀၀၀ လောက် အသုံးပြုခဲ့ရတာ ။ ငွေသဲဖြူ ဒေသက အနောက်မြောက်ပိုင်း ဒေသထက် ပိုကြီးတယ် ။ အဲသည်တော့ လူ၃၀၀၀၀ နဲ့ ငွေသဲဖြူ နယ်မြေဒေသ တခုလုံးကို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ။ ငါတို့အနေနဲ့ ကောင်းကင်နယ်ပယ် အဆင့်မြင့် ပညာရှင်တွေကို သုံးမယ် ဆိုရင်လည်း အရေအတွက်က နှစ်ဆကျော်လောက် သုံးနိုင်မှ ရမှာ "
လီဖူချန်းက ငွေသဲဖြူ ဒေသကို သိမ်းပိုက်နိုင်ဖု့ိအတွက် ယုံကြည်ချက် အပြည့် ရှိပေမယ့်လည်း သက်တံနီဂိုဏ်းက လုံလောက်တဲ့ လုအရေအတွက် ပို့ပေးနိုင်မလား ဆိုတဲ့ အပေါ်မှာတော့ သံသယ ဝင်နေမိပါတယ် ။
ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ သူတို့ရဲ့ အသိစိတ် အာရုံကို မိုင်ဒါဇင်ပေါင်း အနည်းငယ် ဖြန့်ကြက်နိုင်ကြပါတယ် ။ ဒါပေမဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေကတော့ မဖြန့်ကြက်နိုင်ပါဘူး ။ သူတို့အတွက်ကတော့ အသိစိတ်အာရုံကို မိုင်အနည်းငယ် ဖြန့်ကြက်နိုင်ရင်တောင်မှ အတော်လေး အစွမ်းထက်လှပြီး ဆိုရမှာပါ ။ အဲသည်အတွက် ကောင်းကင်နယ်ပယ် ပညာရှင်တွေဟာ ကြေးခွံဖြူဆေးပင်တွေ စုဆောင်းတဲ့ နေရာမှာ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေလောက် အသုံးမဝင်ဘူးလို့ ဆိုရပါမယ်။
လီဖူချန်းကတော့ တောင်တန်းတစ်ခုလုံးကို အသိစိတ်အာရုံ ဖြန့်ကြက်ပြီး တစ်ချက်တည်းနဲ့ ဘယ်နေရာတွေမှာ ကြေးခွံဖြူ ဆေးပင်တွေ ရှိသလဲ ဆိုတာကို ကြည့်နိုင်ပါတယ် ။တကယ်လို့ သူစိတ်ပါမယ်ဆိုရင် သူ့အနေနဲ့ နာရီ အနည်းငယ် အတွင်းမှာပဲ တောင်တန်း တစ်ခုလုံးမှာ ရှိတဲ့ ကြေးခွံဖြူ ဆေးပင်တွေကိုတောင် စုဆောင်းနိုင်ပါသေးတယ် ။ ဒါပေမဲ့ သူက အဲဒါကို လုပ်လို့ မရပါဘူး ။ သူ့အနေနဲ့ အဲသည်လို လုပ်လိုက်မယ် ဆိုရင် သူ့ရဲ့ လိပ်ပြာအသိစိတ်လျှို့ှဝှက်ချက်က ပေါ်သွားပါလိမ့်မယ် ။
" မတတ်နိုင်ဘူး ။ ဂိုဏ်းတော်ကို အဆင့်မြင့် ကောင်းကင်နယ်ပယ် ပညာရှင် ရှစ်သောင်း ၊ တစ်သိန်းလောက် ပို့ပေးဖို့ တောင်းဆိုကြည့်ရမှာပဲ ။ အဲသည်လောက် အရေအတွက် ရရင်တော့ ဆေးပင်တွေ စုဆောင်းဖို့က အေးဆေး ဖြစ်သွားပြီ ။ ပြီးတော့ ငါ့တာဝန်က ကြေးခွံဖြူ ဆေးပင်တွေ ပိုများများ စုဆောင်း နိုင်ဖို့ နဲ့ နယ်မြေတွေ သိမ်းဖို့ပဲလေ ။ လူအရေအတွက် ပြသနာက ငါနဲ့ ဆိုင်မှ မဆိုင်တာ "
လီဖူချန်းက လူအရေအတွက် ပြသနာဟာ သူ့ကိစ္စ မဟုတ်တဲ့အတွက် ခေါင်းရှုပ်ခံပြီး စဉ်းစားမနေတော့ပါဘူး ။ ဒါက ဂိုဏ်းတော်က အကြီးအကဲတွေ ဖြေရှင်းပေးရမယ့် ပြသနာပါ ။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးဟာ အလယ်အလတ်အဆင့် တိုက်ကြီးတစ်ခု ဖြစ်တဲ့အတွက် ကောင်းကင်နယ်ပယ် ပညာရှင်ပေါင်း ကုဋေပိုင်း ရှိမှာ အသေအချာပါပဲ ။ သက်တံနီဂိုဏ်းက ကောင်းကင်နယ်ပယ် ပညာရှင်ပေါင်း ရှစ်သောင်း ၊ တစ်သိန်းလောက်ကိုတောင် ရှာမပေးနိုင်မှတော့ ဘုရင်အဆင့် ဂိုဏ်းတစ်ခုလို့ မခေါ်ထိုက်တော့ပါဘူး ။
ပြီးတော့ လီဖူချန်းက တည်နေရာ ရွှေ့ပြောင်းခကိုလည်း လျစ်လျူရှု ထားလိုက်ပါတော့တယ် ။
လူတစ်သိန်းကို တည်နေရာ ရွှေ့ပြောင်းရတဲ့ အဖိုးအခက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းရာနဲ့ချီပြီး ကုန်မယ် ဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ တိတိကျကျ တွက်မယ်ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးပေါင်း သန်းတစ်ထောင်လောက်ကို လိုပါလိမ့်မယ် ။ ဒါပေမဲ့ သက်တံနီဂိုဏ်းက သည်အဖိုးအခကို မပေးနိုင်စရာ အကြောင်း မရှိပါဘူး ။ သူတို့က သည်အဖိုးအခကို သေချာပေါက် ပေးမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်း စုဆောင်းပေးမယ့် ကြေးခွံဖြူ ဆေးပင်တွေက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းတစ်ထောင်ထက် အဆပေါင်းများစွာ ပိုတန်ကြေး ရှိတာ မဟုတ်ပါလား ။
သည်လိုနဲ့ပဲ အပြင်စည်း အကြီးအကဲခေါင်ချုပ် ဝမ်ခိုင်က လီဖူချန်းကို တစ်လ အတွင်းမှာပဲ လူအရေအတွက် တစ်သိန်း ရအောင် ပို့ပေးမယ်လို့ အကြောင်းပြန် ခဲ့ပါတယ်။ အဲသည် လူအရေအတွက် တစ်သိန်းမှာဆိုရင် ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် နှစ်သောင်းနဲ့ ကောင်းကင်နယ်ပယ် ပညာရှင် ရှစ်သောင်း ပါပါလိမ့်မယ် ။
" တစ်လ ဟုတ်လား ။ ဒါဆိုရင်တော့ ငါ့ရဲ့ အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ရက်၂၀ကျော် လိုသေးတာပဲ "
လီဖူချန်းက ငွေသဲဖြူ နယ်မြေဒေသကို သိမ်းပိုက်ဖို့ အစီအစဉ်ကို နောက်ထပ် လဝက်ကျော် ကြာပြီးမှ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ တွက်လိုက်ပါတယ် ။
သည်လိုနဲ့ပဲ ရက်၂၀ဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ ။ လီဖူချန်းက သည်ရက်၂၀ အတွင်းမှာပဲ တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်ကို ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် အလွယ်တကူ လေ့ကျင့်နိုင်ခဲ့ပါတယ် ။
တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ် ပညာရပ်ကို ပြီးပြည့်စုံခြင်း အဆင့် ရောက်အောင် လေ့ကျင့်နိုင်ခဲ့တဲ့အတွက် လီဖူချန်းရဲ့ ခုခံနိုင်စွမ်းကလည်း နောက်ထပ် အဆင့်တစ်ဆင့်ကို ရောက်သွားခဲ့ပါပြီ ။
အခုဆိုရင် တိမ်လေ အုပ်စိုးသူ ပညာရပ်ကို အသက်သွင်းလိုက်တာနဲ့ လီဖူချန်းဟာ မင်အရောင်လို မည်းနက်နေတဲ့ အုပ်စိုးသူ ချီစွမ်းအင်တွေကို ထုတ်လွှတ်ပြီး ခန္ဓာကိုယ်ကို ကာကွယ်နိုင်ပါတယ် ။
သည်အုပ်စိုးသူ ချီစွမ်းအင်ရဲ့ အစွမ်းကတော့ ပြန်ကန်နိုင်တာပါပဲ ။ရန်သူကို တိုက်ခိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ရန်သူရဲ့ တိုက်ခိုက်မှုကို ခံရတာပဲ ဖြစ်ဖြစ် ။ အဲသည်အခြေအနေ နှစ်ရပ်စလုံးမှာ အုပ်စိုးသူ ချီစွမ်းအားရဲ့ ပြန်ကန်နိုင်စွမ်းက ထွက်ပေါ်လာပါတယ် ။အဲဒါက တိုက်ခိုက်မှု အပေါ်မှာ နောက်ထပ် တိုက်ခိုက်မှု ထပ်ဆင့်လိုက်သလိုပါပဲ ။
ပြီးတော့ လီဖူချန်းရဲ့ ကိုးနဂါးလက်သည်းကလည်း အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပါပြီ ။ လီဖူချန်းက ကိုးနဂါးလက်သည်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့် ရောက်ဖို့အတွက်ကိုတော့ ထိုးထွင်သိမြင်မှု တာအိုဆေးရည် အများအပြားကို သောက်သုံးပြီး အကူအညီ ယူခဲ့ရပါတယ် ။ ခွန်အားချည်းသက်သက် ဆိုရင်တော့ ကိုးနဂါး လက်သည်းဟာ သေမျိုးကပ်ဘေးလက်သီးကို ပခုံးချင်း ယှဉ်နိုင်လာပြီ ဖြစ်ပြီး သက်ရောက်မှု အကွာအဝေးမှာ ဆိုရင်တော့ ကိုးနဂါးလက်သည်းဟာ သေမျိုးကပ်ဘေး လက်သီးထက် အသာကြီး သာသွားခဲ့ပြီလို့ ဆိုရပါမယ် ။
နောက်ထပ် ၅ရက် အကြာမှာတော့ သက်တံနီဂိုဏ်းက ပို့လိုက်တဲ့ လူအရေအတွက် တစ်သိန်းဟာ ကြေးခွံဖြူ တိုက်ကြီးဆီကို ရောက်လာခဲ့ပါပြီ ။ အကြီးအကဲခေါင်ချုပ် ဝမ်ခိုင် ကတိပေးခဲ့တဲ့ အတိုင်းပါပဲ ။သည်လူအရေအတွက် တစ်သိန်းမှာ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် နှစ်သောင်းနဲ့ ကောင်းကင်နယ်ပယ် ပညာရှင် ရှစ်သောင်း ပါဝင်လာခဲ့ပါတယ် ။
" အင်း…… ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရတော့မယ့် အချိန် ရောက်ပြီပဲ "
အသစ် လေ့ကျင့် အောင်မြင်ထားတဲ့ ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ်တွေကြောင့် ထင်ပါရဲ့ ။ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်ဟာ တိုက်ပွဲကို ဆာလောင်မွတ်သိပ် နေတယ် ဆိုတာကို သတိပြုမိ လိုက်ပါတယ် ။ တိုက်ပွဲတွေကပဲ သူ့ရဲ့ သွေးကို ဆူပွက်စေပြီး အတွေးတွေကို ရှင်းလင်းစေတာကြောင့်များလား ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိပါဘူး ။
" ကဲ…… ငွေသဲဖြူ နယ်မြေဒေသရေ…… ငါလာပြီဟေ့ "
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ငွေသဲဖြူ နယ်မြေဒေသကို ပွက်လောရိုက်စေပါတော့တယ် ။
လီဖူချန်းရဲ့ လက်ချက်ကို ပထမဦးဆုံး မိသွားတဲ့ ဂိုဏ်းကတော့ ငွေဓားဂိုဏ်းပါပဲ ။ငွေသဲဖြူနယ်မြေဒေသကို ရောက်ရောက်ချင်း နေ့မှာပဲ လီဖူချန်ဟာ ငွေဓားဂိုဏ်းရဲ့ မူလအခြေစိုက် စစ်စခန်း ရှိတဲ့ ငွေဓားတောင်တန်းကလွဲပြီး ကျန်တဲ့ တောင်တန်းတွေ အကုန်လုံးကို သိမ်းပစ်လိုက်ပါတယ် ။
ငွေသဲဖြူ နယ်မြေဒေသကို ရောက်ပြီး သုံးရက် အကြာမှာတော့ လီဖူချန်းဟာ ဘုရင်အဆင့် ဂိုဏ်းသုံးဂိုဏ်းရဲ့ တောင်တန်းနယ်မြေတွေကို သိမ်းပိုက်ပြီးသွား ခဲ့ပါပြီ ။
တစ်ပတ်အကြာမှာတော့ လီဖူချန်း မသိမ်းပိုက်ရသေးတဲ့ တောင်တန်းတွေဆိုလို့ ငွေသဲဖြူ နယ်မြေဒေသရဲ့ အားအကောင်းဆုံး တိမ်ပင်လယ်ဂိုဏ်း ပိုင်တဲ့ တောင်တန်းနယ်မြေတွေပဲ ကျန်ပါတော့တယ် ။
တိမ်ခိုး တောင်တန်းရဲ့ အရှေ့မျက်နှာစာ တစ်နေရာ……
အနက်ရောင် ဆံပင်ရှည်တွေကို ဖြစ်ကတတ်ဆန်း စည်းနှောင်ထားတဲ့ လူငယ်တစ်ယောက်ဟာ လက်နှစ်ဖက်ကို အနောက်ပစ်ထားပြီး ကောင်းကင်ယံမှာ ရပ်နေပါတယ် ။
သူ့ရဲ့ အရှေ့မှာတော့ လူတစ်ထောင်ကျော် ရှိတဲ့ စစ်တပ်တစ်ခု ။
လူတစ်ထောင်ကျော် ရှိတဲ့ စစ်တပ်နဲ့ ရင်ဆိုင်နေရပေမယ့်လည်း လူငယ်ကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ ။ သူက သည်တစ်ထောင်ကျော်ပါတဲ့ စစ်တပ်ကို လုံးဝ အမှုထားပုံ မရပါဘူး ။အဲသည်လူငယ်ကတော့ လီဖူချန်းပါပဲ ။
" ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို အမြန်ခင်းကြ "
တိမ်ပင်လယ် ခန်းမရဲ့ တပ်မှုးချုပ်ဖြစ်တဲ့ လင်းဖန်က သူ့ရဲ့ လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်ပါတယ် ။
" ဟုတ် "
ရွှီး……ရွှီး……ရွှီး……
ဟူး……ဟူး……
စတုရန်းကွက် ဝင်္ကပါ ၂၄ခုဟာ ကောင်းကင်ယံမှာ ဖြစ်တည်လာခဲ့ပါပြီ ။ အဲသည်စတုရန်း ဝင်္ကပါ တစ်ခုချင်းစီမှာတော့ လူ၅၄ယောက် ပါပါတယ် ။
တိမ်ပင်လယ် တိုက်ခိုက်နည်းဗျူဟာ ……
သည်ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာကတော့ တိမ်ပင်လယ် တိုက်ခိုက်နည်းဗျူဟာ ဖြစ်ပြီး လူ၅၄ယောက် ချိတ်ဆက် အသုံးပြုရတာ ဖြစ်ပါတယ် ။
အခုဆိုရင် တိမ်ပင်လယ် ခန်းမက စုစုပေါင်း လူဦးရေ ၁၂၉၆ ယောက် ရှိတဲ့ တိမ်ပင်လယ် တိုက်ခိုက်နည်း ဗျူဟာ ၂၄ခုကို ခင်းကျင်းပြီးခဲ့ပါပြီ ။ သူတို့အားလုံးရဲ့ ပစ်မှတ်ကတော့ သူတို့ရဲ့ အရှေ့မှာ ရှိနေတဲ့ လီဖူချန်းပါပဲ ။
" ဟမ့်.…… နတ်ဆိုးလီ ။ မင်းက ငါတို့ တိမ်ပင်လယ်ဂိုဏ်းကို အထင်သေးပြီး တစ်ယောက်တည်း လာရဲတယ်ပေါ့လေ ။ ငါတို့ တိမ်ပင်လယ်ဂိုဏ်းက မင်းကို သည်နေ့မှာ ကောင်းကောင်းကြီး ဆုံးမပေးမယ် "
လင်းဖန်က တိမ်ခိုးတောင်တန်းရှေ့ ကောင်းကင်ယံပေါ်မှာ ရပ်နေတဲ့ လီဖူချန်းကို ကြည့်ပြီး ကြိမ်းဝါးလိုက်ပါတယ် ။
လင်းဖန်က အစွမ်းအထက်ဆုံး ဘုရင်အဆင့် တပည့်နဲ့ ရင်ဆိုင်ရရင်တောင်မှ မကြောက်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ တိမ်ပင်လယ်ဂိုဏ်းရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက သည်ကြေးခွံဖြူတိုက်ကြီးရဲ့ အလယ်ဗဟိုဒေသ ၃ခုမှာ ရှိနေတဲ့ ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းပြီးရင် အစွမ်းအထက်ဆုံး ဖြစ်တဲ့ စာရင်းထဲမှာ ပါနေလို့ပါပဲ ။ ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းကို ထည့်မတွက်ဘူး ဆိုရင်တော့ တိမ်ပင်လယ်ဂိုဏ်းရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ယှဉ်နိုင်တဲ့ နည်းဗျူဟာ လက်တစ်ဆုပ်စာပဲ ရှိပါတယ် ။
" လူ၅၄ယောက်ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာလား……။ စိတ်ဝင်စားစရာပဲ "
လီဖူချန်းကလည်း သူ့ရဲ့ တိမ်လေ အာဏာရှင် ခန္ဓာကိုယ်ကို အသက်သွင်းထား ခဲ့ပါပြီ ။
ရှူး……
အနက်ရောင် မင်တွေနဲ့ ဆင်တူတဲ့ အုပ်စိုးသူ ချီစွမ်းအင်တွေကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်နေပါတယ် ။
" သတ် "
လင်းဖန်ရဲ့ အမိန့်ပေးသံ အဆုံးမှာတော့ တိမ်ပင်လယ် ဝင်္ကပါ တိုက်ခိုက်နည်းဗူဟာ ၂၄ခုဟာ တိမ်ပင်လယ်တွေအဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို ပျံသန်း သွားခဲ့ကြပါပြီ ။
" လာစမ်းပါ "
လီဖူချန်းကလည်း လုံးဝ တုံ့ဆိုင်နေခြင်း မရှိပါဘူး ။သူက တိမ်ပင်လယ်အုပ်ထဲကို တစ်ဟုန်ထိုး တိုးဝင်သွားပါတော့တယ် ။
ဘန်း……ဘန်း……ဘန်း……
ဝုန်း……ဝုန်း.……ဝုန်း………
တိုက်ခိုက်နည်းဗျူဟာ တစ်ခု…… နှစ်ခု …… သုံးခု……
အသက်ရှုချိန် အနည်းငယ် အတွင်းမှာပဲ တိမ်ပင်လယ် တစ်ဝက်လောက်ဟာ ပျက်စီးသွားခဲ့ပါပြီ ။ လီဖူချန်းက သည်တိမ်ပင်လယ် တစ်ဝက်ကို ဖျက်ဆီးဖို့အတွက် ဘာမှ ထွေထွေထူးထူးကို မလုပ်လိုက်ပါဘူး ။ သူက တိမ်ပင်လယ်တွေကို သည်အတိုင်း ခန္ဓာကိုယ် ထိပ်တိုက် ဝင်တိုက်ရုံ တိုက်လိုက်တာပါ ။
"ဘ……ဘ…… ဘယ်လိုလုပ်ပြီး "
လင်းဖန်ရဲ့ မျက်လုံးတွေကတော့ ပြုတ်ထွက်လုမတတ် ပြူးနေခဲ့ပါပြီ ။ လီဖူချန်းက တိုက်ကွက် တစ်ကွက်တောင် မထုတ်ဘဲနဲ့ တိမ်ပင်လယ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေကို ဖျက်ဆီးပစ်နေတာ မဟုတ်ပါလား ။
" န…နတ်……ဆိုး ……လီ …… လီဖူချန်း ။ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့ ။ ငါတို့ အရှုံးပေးပါပြီ "
လင်းဖန်က လီဖူချန်းကို ရပ်ဖို့ ပြောပြီး အရှုံးပေးလိုက်ပါတော့တယ် ။ သူတို့အနေနဲ့ ဆက်ပြီး တိုက်ခိုက်နေစရာကို မလိုတော့ပါဘူး ။ အဖြေက အသိသာကြီးပါပဲ ။
သည်လိုနဲ့ပဲ ငွေသဲဖြူ နယ်မြေဒေသ တစ်ခုလုံးဟာ လီဖူချန်းရဲ့ လက်အောက်ကို ကျရောက်သွားပါတော့တယ် ။ သက်တံနီဂိုဏ်းက ပို့လိုက်တဲ့ လူတစ်သိန်းကိုတော့ ကျန်းတကျင်းက တာဝန်ယူပြီး နေရာ ချထားပေးလိုက်ပါတယ် ။
အနောက်မြောက်ပိုင်း ဒေသနဲ့ ငွေသဲဖြူ ဒေသကို သိမ်းပိုက်ပြီးတဲ့ နောက်မှာတော့ ကြေးခွံဖြူ တိုက်ကြီးပေါ်က များပြားလှတဲ့ ဘုရင်အဆင့် ဂိုဏ်းအသီးသီးဟာ လီဖူချန်းရဲ့ တည်ရှိနေမှုကို သတိပြုမိ သွားခဲ့ကြပါပြီ ။ အလယ်ဗဟို နယ်မြေဒေသမှာ ရှိနေတဲ့ ဧကရာဇ် အဆင့် ဂိုဏ်း၃ဂိုဏ်းတောင်မှာ လီဖူချန်းအကြောင်းကို မစုံစမ်းဘဲ မနေနိုင်တော့ပါဘူး ။
ကြေးခွံဖြူတိုက်ကြီးပေါ်မှာ နှှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေဟာ နယ်မြေဒေသ တစ်ခု အတွင်းမှာပဲ တိုက်ကြတဲ့ တိုက်ပွဲတွေပါ ။ လီဖူချန်းလို နယ်မြေဒေသ တစ်ခုကနေပြီး တခြားနယ်မြေ တစ်ခုကို နယ်ကျော် တိုက်ခိုက်တာမျိုးက လုံးဝ မရှိပါဘူူး ။ ပြီးတော့သူက အချိန်အနည်းငယ် အတွင်းမှာပဲ နယ်မြေဒေသ နှစ်ခုကို သိမ်းပိုက်ပစ်လိုက်ပါသေးတယ် ။ ဒါက လုံးဝ ခေတ်ပြောင်းတော်လှန်မှုကြီးပါပဲ ။
လီဖူချန်း ပေါ်ထွက်လာမှုက ကြေးခွံဖြူတိုက်ကြီးပေါ်မှာ နှစ်ပေါင်းများစွာ အခြေကျနေတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေရဲ့ မျှခြေကို ပျက်စီးစေပါတယ် ။ အခုဆိုရင် အနောက်မြောက်ပိုင်း ဒေသ နဲ့ ငွေသဲဖြူ ဒေသမှာ ရှိနေတဲ့ ဂိုဏ်းတွေဟာ လီဖူချန်းကြောင့် သွေးပျက်ပြီး အနီးအနား ဒေသတွေကို နေရာ ရွှေ့ပြောင်း ကုန်ကြပါပြီ ။ စစ်တပ်တွေရဲ့ တပ်မှုးချုပ်တွေဟာလည်း ဂိုဏ်းတော်ကို ပြန်ပြီး စစ်ကူပို့ပေးဖို့ သွေးရူးသွေးတန်း တောင်းဆိုနေကြရပါတယ်။တချို့ဂိုဏ်းစစ်တပ်တွေက တပ်မှုးချုပ်တွေကတော့ အလယ်ပိုင်းဒေသက ဧကရာဇ်အဆင့် ဂိုဏ်းတွေဆီကနေပြီး လူတစ်ရာ ဒါမှမဟုတ် လူတစ်ရာကျော်ပါတဲ့ ဝင်္ကပါတိုက်ခိုက်နည်းဗျူဟာကို ကျွမ်းကျင်တဲ့ အဖွဲ့ငယ်လေးတွေကို ငှားရမ်းဖို့ အကူအညီ တောင်းနေကြပါတယ် ။
ဧကရာဇ်အဆင့် ဂိုဏ်းတွေ အနေနဲ့ကလည်း မငှားလို့ မရတော့ပါဘူး ။ တကယ်လို့သာ သူတို့အနေနဲ့ အကူအညီ လာတောင်းတဲ့ ဂိုဏ်းတွေကို အကူအညီ မပေးဘူးဆိုရင် လီဖူချန်းက ဆက်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတော့မှာပါ ။ အဲသည်အတွက် သူတို့က အကူအညီ လာတောင်းတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေကို လူတစ်ရာကျော် ပါဝင်တဲ့ ဝင်္ကပါတိုက်ခိုက်နည်းဗျူဟာ ခင်းကျင်းနိုင်တဲ့ အဖွဲ့တစ်ဖွဲ့စီ ငှားပေးလိုက်ရပါတယ် ။
***