ဧကရာဇ်အဆင့် ဂိုဏ်းရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ
Vol. 38 Ch. 516
အခုဆိုရင် လီဖူချန်းရဲ့ ကိုးနဂါးလက်သည်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေခဲ့ပြီ ဖြစ်သလို တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်ကလည်း ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေခဲ့ပါပြီ ။ အဲသည်အတွက် လီဖူချန်းဟာ သွေးနဲ့ ချီတွေရဲ့ လည်ပတ် စီးဆင်းပုံ အကြောင်းကို ပိုပြီး နားလည်လာခဲ့ပါတယ် ။ ဒါပေမဲ့လည်း အဲဒါက သူ့ကို သေမျိုးကပ်ဘေး လက်သီးရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ဖို့အတွက် လုံလောက်ခြင်း မရှိသေးစေပါဘူး ။
လီဖူချန်းက သူ့အနေနဲ့ သေမျိုးကပ်ဘေး လက်သီးရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို သည်တစ်သက် ရောက်ကော ရောက်ပါဦးမလား ဆိုပြီးတောင် သံသယ ဝင်လာမိပါတယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ် သေမျိုးကပ်ဘေး လက်သီးဆိုတာက မပြည့်စုံတဲ့ ပညာရပ်တစ်ခု မဟုတ်ပါလား ။
လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည်တွေကလည်း ကုန်သွားခဲ့ပါပြီ ။ သူ့ဆီမှာ ကျန်နေသေးတာဆိုလို့ သက်တံနီဆေးရည်ပုလင်း အနည်းငယ်ပဲ ကျန်ပါတော့တယ် ။
အဲသည်အတွက် လီဖူချန်းဟာ ချီအတွင်းအား ကျင့်ကြံခြင်း အပိုင်းမှာသာ အာရုံ စိုက်ရပါတော့မယ် ။
ပြီးတော့ လီဖူချန်းရဲ့ ဆဋ္ဌမ အာရုံကလည်း သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းထက် အရင်ချိုးဖောက် ဝင်ရောက်နိုင်လိမ့်မယ်လို့ အာရုံခံစား မိနေတာ မဟုတ်ပါလား ။
ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာက နယ်ပယ်တွေ သတ်သတ်မှတ်မှတ် မရှိပါဘူး ။ခန္ဓာကိုယ်အပြင်အား ကျင့်ကြံသူ တစ်ယောက်ရဲ့ နယ်ပယ်ကို သူလေ့ကျင့်တဲ့ ကျင့်စဉ်ရဲ့ အဆင့်သတ်မှတ်ချက်နဲ့ပဲ နှိုင်းယှဉ် ချိန်ထိုးကြည့်တာပါ ။ ပြီးတော့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တွေမှာက အကြိုပြီးပြည့်စုံခြင်း ၊ ပြီးပြည့်စုံခြင်းနဲ့ အလုံးစုံ တတ်သိနားလည်ခြင်း ဆိုတဲ့ အဆင့်၃ဆင့်ပဲ ရှိပါတယ် ။
ဥပမာ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ရဲ့ အခန်း၅ဟာ ပြန်လည်ဝင်စားခြင်းနယ်ကယ်နဲ့ သက်ဆိုင်ပါတယ် ။ သူက ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ရဲ့ အဆင့်၆ကို မရောက်မချင်း ပြန်လည်ဝင်စားခြင်းနယ်ပယ် ခန္ဓာကိုယ် အပြင်အား ပညာရှင် ဖြစ်နေဦးမှာပါပဲ ။
ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်နဲ့ ယှဉ်ရင်တော့ ချီအတွင်းအား ကျင့်ကြံခြင်း လမ်းစဉ်က နယ်ပယ်တစ်ခုကို ချိုးဖောက်ဝင်ရောက်ရတာ ပိုလွယ်တယ်လို့ ဆိုရပါမယ် ။
သက်တံနီဆေးရည်တွေ အကုန်လုံး ကုန်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ နောက်ပိုင်းအဆင့်မှာ အခြေကျသွားခဲ့ပါပြီ ။
" ဟူး……နောက်ပိုင်းအဆင့်တွေက အဆင့်တက်ရတာ အတော်ခက်တာပဲ "
လီဖူချန်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပါတယ် ။ တကယ်လို့သာ သူ့အနေနဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည်တွေ နဲ့ သက်တံနီဆေးရည်တွေရဲ့ အကူအညီကို မရခဲ့ဘူးဆိုရင် အခုလက်ရှိ အခြေအနေကို ရောက်လာဖို့အတွက်တောင်မှ အချိန်အတော်ကြာ စောင့်ရဦးမှာ အသေအချာပါပဲ ။
သည်လိုနဲ့ပဲ လီဖူချန်းတစ်ယောက် ငွေသဲဖြူ နယ်မြေဒေသကို သိမ်းပိုက် နိုင်ခဲ့တာ ဆယ်ရက်တင်းတင်း ပြည့်သွားခဲ့ပါပြီ ။
ဆယ်ရက်ဆိုတာက တခြားသူတွေအတွက် အကူအညီ ကောင်းကောင်းကြီး သွားရှာလို့ ရတဲ့ အချိန်ပါပဲ ။
လီဖူချန်းတစ်ယောက် ငွေသဲဖြူ နယ်မြေဒေသကို သိမ်းပိုက်နိုင်ခဲ့တာ ဆယ့်တစ်ရက် ပြည့်တဲ့ နေ့မှာတော့………
" နတ်ဆိုးလီ …… ထွက်ခဲ့ ။ မင်းရဲ့ အနိုင်ကျင့်မှုတွေကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ "
တိမ်ပင်လယ်ခန်းမရဲ့ တပ်မှုးချုပ် ဖြစ်တဲ့ လင်းဖန်ဟာ လူ၁၂၀ကို ဦးဆောင်ပြီး သက်တံနီ တောင်တန်းကို ရောက်လာခဲ့ပါတယ် ။
သူခေါ်လာတဲ့ လူ၁၂၀ကတော့ တိမ်ပင်လယ် ခန်းမရဲ့ အဖွဲ့ဝင်တွေ မဟုတ်ပါဘူး ။ လင်းဖန်က သည်လူ ၁၂၀ကို အလယ်ပိုင်းဒေသက ဧကရာဇ်အဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ မျောလွင့်ကောင်းကင်ဂိုဏ်းကနေ အကူအညီတောင်းပြီး ငှားလာခဲ့တာ ဖြစ်ပါတယ် ။
သည်လူ ၁၂၀လုံးရဲ့ ကျင်ကြံခြင်း အဆင့်က သိပ်ပြီး မမြင့်လှပါဘူး ။ သူတို့အားလုံးဟာ အလွန်ဆုံးရှိမှ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ ၊အဆင့်၈လောက်သာ ရှိတာပါ ။ ဒါပေမဲ့ သူတို့အားလုံးဟာ မောက်မာဝံ့ကြွားတဲ့ မျက်နှာပေး နဲ့ အားကောင်းတဲ့ ချီအရှိန်အဝါတွေကို ပိုင်ဆိုင်ထားပါတယ် ။
အမှှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လင်းဖန် ကိုယ်တိုင်တောင်မှ မျောလွင့်ကောင်းကင်ဂိုဏ်းက သူ့ကို လူ၁၂၀ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ တစ်ခုကို ငှားရမ်းပေးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး ။ ကြည့်ရတာတော့ ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းက လီဖူချန်းတစ်ယောက် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာကို ကြည့်မနေနိုင်တဲ့ ပုံပါပဲ ။
လီဖူချန်းက သည်လူ၁၂၁ယောက် သက်တံနီ တောင်တန်းကို ချည်းကပ်လာကတည်းက သူတို့ကို အာရုံခံမိနေတာပါ ။
အဲသည်အတွက် လင်းဖန်ရဲ့ စကားဆုံးပြီးလို့ မရှေးမနှောင်းမှာပဲ လီဖူချန်းဟာ ကောင်းကင်ယံပေါ်မှာ ပေါ်လာခဲ့ပါပြီ။
" ဟမ့်…… မင်းက တခြားအပြင်လူတွေကိုတောင် အကူအညီ တောင်းလာတယ်ပေါ့ "
လီဖူချန်းက မထီတရီ ကြည့်ပြီး လင်းဖန်ကို ပြောလိုက်ပါတယ် ။
လင်းဖန်းက ဘာမှ ပြန်မပြောရသေးခင်မှာပဲ ဗလတောင့်တောင့် လူငယ်တစ်ယောက်က အရှေ့ကို ထွက်လာပြီး
" အရှုံးပေးစမ်း ။ ပြီးရင် သည်အထိ လာရတဲ့အတွက် ငါတို့ကို လျော်ကြေးအနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၁၀၀ ပေးခဲ့ ။ မဟုတ်လို့ကတော့ ငါတို့က မင်းကို အရိုးတခြား အသားတခြား ဖြစ်အောင် လုပ်ဖို့အတွက် ဝန်လေးနေမှာ မဟုတ်ဘူး "
သူက လီဖူချန်းအနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၁၀၀ ပေးနိုင်မယ်လို့ မထင်ထားဘူး ။ဒါပေမဲ့လည်း သက်တံနီဂိုဏ်းရဲ့ လက်ရှိ စစ်တပ်မှာက လူတွေ အများကြီး ရှိပါတယ် ။ အဲသည်အတွက် လီဖူချန်း အနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၁၀၀ ကို မစုနိုင်စရာ အကြောင်းမရှိပါဘူး ။ ဒါကြောင့် သူတို့တောင်းတဲ့ လျော်ကြေး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၁၀၀က မျှတတယ်လို့ သူထင်ပါတယ် ။
ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ စကားကို နားထဲတောင် မဝင်တဲ့ ပုံပါပဲ ။ သူက အေးစက်စက် ရယ်လိုက်ပြီး ပြောလိုက်ပါတယ် ။
" မင်းတို့ရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို အသင့်ပြင်လိုက် ။ ငါ …ကိုယ်လက်လှုပ်ရှားမှု မလုပ်ရတာ ကြာပြီ "
လီဖူချန်းက တကယ်လည်း လူ၁၂၀ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို စမ်းသပ်ကြည့်ချင် နေတာပါ ။ သည်ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက ဧကရာဇ်အဆင့် တပည့်တစ်ယောက်ရဲ့ အဆင့်ကို မီနိုင်မလား ဆိုပြီးတော့ပေါ့ ။
" မင်းက သည်လောက်အထိ ခေါင်းမာနေမှတော့ ငါတို့အကြောင်း ပြရသေးတာပေါ့ ။ ပြီးမှ ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ ။ မျောလွင့်အိုး ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ခင်းကြ "
ဗလတောင့်တောင့် လူငယ်ရဲ့ စကားအဆုံးမှာတော့ လူ၁၂၀ ပါဝင်တဲ့ အိုးပုံသဏ္ဌာန် တိုက်ခိုက်နည်းဗျူဟာဟာ အသက်ဝင်လာခဲ့ပါပြီ ။
မျောလွင့်အိုး တိုက်ခိုက်နည်း ဗျူဟာက မျောလွင့်ကောင်းကင်ဂိုဏ်းရဲ့ သာမန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ တစ်ခုပါပဲ ။ ဒါပေမဲ့လည်း ဧကရာဇ်အဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ မျောလွင့်ကောင်းကင်ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ဟာ ဘုရင်အဆင့် ဂိုဏ်းတွေ ယှဉ်နိုင်တဲ့ အရာ မဟုတ်ပါဘူး ။သည်မျောလွင့်အိုး ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက ဘုရင်အဆင့် ဂိုဏ်းတွေရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေထက်ကို အများကြီး အစွမ်းထက်ပါသေးတယ် ။
" သတ် "
မျောလွင့်အိုး ဝင်္ကပါ တိုက်ခိုက်ရေးဗျူဟာက စတင် လှုပ်ရှားလာခဲ့ပါပြီ ။ မျောလွင့်အိုး ဝင်္ကပါထဲက ရေတန်းကြီး တစ်ခုဟာ လီဖူချန်းဆီကို အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားပါတော့တယ် ။ အဲဒါက ရေနဂါး တစ်ကောင်လိုပါပဲ ။
" ဒါက အတော်လေး အားကောင်းတယ် ဆိုပေမယ့် ဧကရာဇ်အဆင့်အတန်း တပည့်တစ်ယောက် အဆင့်တော့ မရှိသေးဘူး "
လီဖူချန်းရဲ့ အသိစိတ်အာရုံက အလွန်အမင်း အားကောင်းနေတဲ့အတွက် မျောလွင့်အိုး ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာရဲ့ အစွမ်းကို သူဟာ အလွယ်တကူ ခန့်မှန်းလိုက်နိုင်ပါတယ် ။
" သွားစမ်း "
ဂါး……ဂရား……
လီဖူချန်းရဲ့ လက်သည်းကုတ်ချက်ကနေပြီး ခေါင်းကိုးလုံး နဂါးဝိညာဉ် တစ်ခု ထွက်ပေါ်လာပြီး မျောလွင့်အိုး ဝင်္ကပါ ဆီကို တိုးဝင်သွားခဲ့ပါပြီ ။
ဘန်း……
မပျက်စီးနိုင်ဘူးလို့ ထင်ရတဲ့ မျောလွင့်အိုး ဝင်္ကပါဟာ အသက်ရှုချိန် တစ်ချက် အတွင်းမှာပဲ ပျက်စီးသွားပါတော့တယ် ။ သည် မျောလွင့်အိုး ဝင်္ကပါက လီဖူချန်းရဲ့ လက်သည်းကုတ်ချက် တစ်ချက်ကိုတောင် တောင့်မခံ နိုင်ပါဘူး ။
" ဝေါ့…… အား…… အမယ်လေး……"
မျောလွင့်အိုး ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ချိတ်ဆက်ထားတဲ့ လူ၁၂၀လုံးဟာ သွေးအန်ပြီး အော်ဟစ်ညည်းတွား နေရပါပြီ ။
အစောပိုင်းတုန်းက လီဖူချန်းကို ခြိမ်းခြောက်ခဲ့တဲ့ ဗလတောင့်တောင့် လူငယ်ရဲ့ မျက်လုံးတွေကတော့ ကျောက်ပုစွန် မျက်လုံးလို ပြူးထွက်နေပါတော့တယ် ။ သူ့ပုံစံက သရဲတစ္ဆေ တစ်ကောင်ကို အရှင်လတ်လတ် မြင်လိုက်ရသလိုပါပဲ ။
လင်းဖန်ရဲ့ မျက်လုံးတွေကလည်း အဲသည်လူငယ်ရဲ့ မျက်လုံးတွေနဲ့ ထူးမခြားနားပါပဲ ။
" နောက်တစ်ခေါက် မင်းလာရင် လူ၂၀၀ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ ငှားလာခဲ့ ။ မဟုတ်လို့ကတော့ အခြေအနေက ဘာမှ ထူးမှာ မဟုတ်ဘူး "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သက်တံနီ တောင်တန်းတွေဆီကို ပြန်ဆင်းသက်သွားပါတော့တယ် ။ သူက တစ်ချက်ကလေးတောင်မှ လှည့်မကြည့်တော့ပါဘူး ။
" လခွီး …… သေလိုက်စမ်းပါတော့ကွာ ။သူက ဧကရာဇ်အဆင့် တပည့်တစ်ယောက်ပဲ ။ ငါ အထင်သေးမိတာ မှားသွားပြီ "
ဗလတောင့်တောင့်နဲ့ လူငယ်ရဲ့ မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့ပါပြီ ။ သူက ဧကရာဇ်အဆင့် တပည့်တစ်ယောက်ကိုမှ သွားပြီး ရန်စခဲ့မိတာ မဟုတ်ပါလား ။
" ဧ……ဧကရာဇ်အဆင့် တပည့် "
လင်းဖန်းက ဆက်ပြီးတော့ လီဖူချန်းကို တိုက်ခိုက်ဖို့ မစဉ်းစားရဲတော့ပါဘူး ။ ဧကရာဇ်အဆင့် တပည့် တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားတယ် ဆိုတာက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတာနဲ့ အတူတူပါပဲ ။ နောက်ဆုံးမှာတော့ ကိုယ်ပဲပြန်ပြီး အရှက်ကွဲရမှာပါ ။
ဗလတောင့်တောင့် လူငယ် နဲ့ လင်းဖန်တို့ မသိတာကတော့ လီဖူချန်းဟာ ကိုးနဂါးလက်သည်းရဲ့ အလုံးစုံ တတ်သိနားလည်းခြင်း အဆင့် မရောက်ခင်ကတည်းက ဧကရာဇ်အဆင့် တပည့်တစ်ယောက်ဖြစ်တဲ့ ဖန်းလီနဲ့ လက်ရည်တူ တိုက်ခိုက်ထားနိုင်တယ် ဆိုတာပါပဲ ။ အခုလို ကိုးနဂါးလက်သည်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းအတွက် လူ၁၂၀ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ဖျက်ဆီးဖို့ဆိုတာက လွယ်တယ်ဆိုတာထက်တောင် ပိုပြီး လွယ်နေပါသေးတယ် ။
သိပ်မကြာခင်မှာပဲ သည်တိုက်ပွဲ သတင်းဟာ ကြေးခွံဖြု တိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ ။ သည်တိုက်ပွဲက လီဖူချန်းကို ပိုပြီး ကျော်ကြားသွားစေပါတယ် ။
ကြေးခွံဖြူတိုက်ကြီးမှာ ခြေကုပ်ယူထားကြတဲ့ ဂိုဏ်းအသီးသီးကတော့ လီဖူချန်းနဲ့ ပက်သက်ပြီး ဘာလုပ်လို့ လုပ်ရမယ် မသိတော့ပါဘူး ။
လူ၁၂၀ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကတောင်မှ လီဖူချန်းကို မယှဉ်နိုင်ဘူး ဆိုတော့ ဧကရာဇ် အဆင့်အတန်း တပည့်တွေ ဒါမှမဟုတ် လူရာပေါင်း အနည်းငယ် ပါဝင်တဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျုဟာတွေမှပဲ လီဖူချန်းကို အနိုင်ယူနိုင်ပါလိမ့်မယ် ။
***-----****-------*******-------****-----******
- မျောလွင့်ကောင်းကင် စစ်စခန်း -
မျောလွင့်ကောင်းကင် စစ်စခန်းရဲ့ ပင်မခန်းဆောင် ထဲမှာတော့ အစည်းအဝေး တစ်ခု ကျင်းပနေပါတယ် ။
"သူက ဧကရာဇ်အဆင့် တပည့် ဆိုမှတော့ လူ၂၀၀ထက် နည်းတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက သူ့အပေါ်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး ။ မျောလွင့်ကောင်းကင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာနဲ့မှပဲ အဲသည် နတ်ဆိုးလီ ဆိုတဲ့ကောင်လေးကို ထိန်းနိုင်တော့မှာ "
" မလောနဲ့ဦး ။ တကယ်လို့ မျောလွင့်ကောင်းကင် ဝင်္ကပါက သူ့ကို မထိန်းနိုင်ရင် ဘယ်လို လုပ်မလဲ ။ ငါတို့ မျောလွင့်ကောင်းကင်ဂိုဏ်းပဲ အရှက်ကွဲရမှာ ။ တခြား ဧကရာဇ်အဆင့် ဂိုဏ်း၂ဂိုဏ်း လှုပ်ရှားတာကိုပဲ အရင် စောင့်ကြည့်ရအောင် "
" သဘောတူတယ် "
" ကျုပ်လည်း ငြင်းစရာ မရှိဘူး "
အစည်းအဝေး အပြီးမှာတော့ မျောလွင့်ကောင်းကင် စစ်စခန်းက တာဝန်ရှိသူတွေဟာ လီဖူချန်းနဲ့ ပက်သက်ပြီး အခြေအနေ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ ဒါပေမဲ့ တခြား ဧကရာဇ်အဆင့် ဂိုဏ်း၂ဂိုဏ်းကတော့ အဲသည်လို မဟုတ်ပါဘူး ။
သူတို့က လီဖူချန်းကို ဆုံးမဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ လီဖူချန်းက ဘယ်လောက်ပဲ အစွမ်းထက်တယ်ပြောပြော သူတို့အတွက်ကတော့ သူဟာ ပုရွက်ဆိတ်လေး တစ်ကောင်ပါပဲ ။ သူတု့ိက နည်းနည်းပါးပါး အားစိုက်လိုက်တာနဲ့ လီဖူချန်းကို ဆုံးမနိုင်မယ်လို့ ယုံကြည်ပါတယ် ။
" ဘာ……လီဖူချန်းက ငွေသဲဖြူ နယ်မြေဒေသကိုတောင် သိမ်းပိုက်ပြီးသွားပြီ ဟုတ်လား ။ ပြီးတော့ လူအင်အား ထပ်ပို့ပေးဦးတဲ့လား "
သက်တံနီဂိုဏ်းရဲ့ အပြင်စည်း ပင်မခန်းဆောင် ထဲမှာတော့ အပြင်စည်း အကြီးအကဲခေါင်ချုပ် ဝမ်ခိုင်နဲ့ တခြား အပြင်စည်း အကြီးအကဲတွေဟာ တစ်ယောက်ကို တစ်ယောက် မယုံနိုင်စွာနဲ့ ကြည့်နေကြပါတယ် ။ သူတို့ရဲ့ မျက်နှာတွေကတော့ ဖြူလျော့နေခဲ့ပါပြီ ။
လီဖူချန်းလို ဘုရင်အဆင့် တပည့်တစ်ယောက် အနေနဲ့ အနောက်မြောက်ပိုင်း ဒေသကို သိမ်းပိုက်နိုင်တာတောင်မှ အတော်လေး လွန်လှပြီလို့ ဆိုရမှာပါ ။ ဒါပေမဲ့ အခုတော့ လီဖူချန်းက ငွေသဲဖြူ နယ်မြေဒေသကိုပါ ထပ်ပြီး သိမ်းပိုက်လိုက်ပါသေးတယ် ။ ဒါက ဘုရင်အဆင့် တပည့်တစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ရည်မျိုး မဟုတ်ပါဘူး ။ ဒါက ဧကရာဇ်အဆင့် တပည့်တစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ရည်မျိုး ဖြစ်ပါတယ် ။
ြင်္ပးတော့ ငွေသဲဖြူ နယ်မြေဒေသကို သိမ်းပိုက်လိုက်တာက သက်တံနီဂိုဏ်းအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ သယ်ဆောင်လာမှာပါ ။ အဲဒါက ငွေသဲဖြူ နယ်မြေဒေသဟာ အနောက်မြောက်ပိုင်း နယ်မြေဒေသထက် ပိုပြီး အားကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ဒါပေမဲ့ နယ်မြေဒေသ နှစ်ခုကို ထိန်းချုပ်နိုင်ဖို့ ဆိုတာက မလွယ်ကူတဲ့ အရာပါပဲ ။တခြားဂိုဏ်းတွေက လီဖူချန်းရဲ့ ဖြစ်တည်မှုကို သေချာပေါက် သတိပြုမိကြမှာ ဖြစ်ပါတယ် ။ ပြီးတော့ သူတို့က လီဖူချန်းကို ရင်ဆိုင်ဖို့အတွက် ဧကရာဇ်အဆင့် ဂိုဏ်းတွေကို သွားပြီး အကူအညီ သွားတောင်းကြပါလိမ့်မယ် ။
ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းကလည်း သည်ကိစ္စထဲကို ဝင်လာမှာပါပဲ ။ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် လီဖူချန်းကို စိတ်တိုင်းကျ နယ်မြေဒေသတွေ သိမ်းပိုက်ခွင့် ပေးမှာ မဟုတ်ပါဘူး ။
လီဖူချန်းရဲ့ ပေါ်ထွက်လာမှုက ကြေးခွံဖြူ တိုက်ကြီးရဲ့ နှစ်ပေါင်းများစွာ ဖြစ်တည်လာတဲ့ မျှခြေကို ပျက်စီးသွားစေခဲ့ပါပြီ ။ တကယ်လို့သာ လီဖူချန်းအနေနဲ့ ကြေးခွံဖြူတိုက်ကြီးပေါ်က ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် သက်တံနီဂိုဏ်းရဲ့ စစ်တပ်ဟာ တစ်ညအတွင်းမှာပဲ ကြေးခွံဖြူ တိုက်ကြီးကနေ ကွယ်ပျောက်ကောင်း ကွယ်ပျောက်သွားနိုင်ပါသေးတယ် ။
" ဒါက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်တာနဲ့ အတူတူပဲ '"
ဝမ်ခိုင်က မညည်းတွားဘဲ မနေနိုင်တော့ပါဘူး ။
နဂါးရေကန် နဲ့ ကျားရေကန်အတွက် သက်တံနီဂိုဏ်းဟာ များပြားလှတဲ့ ကြေးခွံဖြူဆေးပင်တွေကို လိုအပ်ပါတယ် ။ အဲသည်အတွက် သက်တံနီဂိုဏ်းရဲ့ စစ်တပ်ဟာ ကြေးခွံဖြူ တိုက်ကြီးကနေ ပျောက်ကွယ်သွားလို့ မဖြစ်သေးပါဘူး ။
" အရင်ဆုံး ကြေးခွံဖြူ တိုက်ကြီးပေါ်က အခြေအနေတွေကို အရင် စောင့်ကြည့်တာပဲ ကောင်းမယ် ထင်တယ် ။ တကယ်လို့ အခြအနေတွေကို သူထိန်းချုပ်နိုင်ပြီ ဆိုမှ သူတောင်းတဲ့ လူတွေကို ထပ်ပို့ဖို့ စဉ်းစားတော့မယ် "
သေသေချာချာ ဆင်ခြင်သုံးသပ် အပြီးမှာတော့ ဝမ်ခိုင်က လီဖူချန်း တောင်းတဲ့ လူတွေကို မပို့သေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
တကယ်လို့ လီဖူချန်းက ကြေးခွံဖြူ တိုက်ကြီးပေါ်က အခြေအနေတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်မယ် ဆိုရင်တော့ ဝမ်ခိုင် အနေနဲ့ လူအင်အား ထပ်ပို့ပေးဖို့ ပြန်ပြီး စဉ်းစားပေးမှာပါ ။
***