သေခြင်းရှင်ခြင်း နယ်နိမိတ်ကျောက်တုံး
Vol. 36 Ch. 496
ချင်မူ၊ သေတ္တာကြီးနှင့် နဂါးချီလင်တို့အားလုံး အရိုးစုများနှင့်အတူ မြေကြီးပေါ် ပြုတ်ကျသွားကြသည်။ ချင်မူ စိတ်ညစ်သွား၏။ ရှင်းအန်း အသံမကြားရအောင် တိတ်တိတ်ဆိတ်ဆိတ် သွားနေပါသည်ဆိုကာမှ ကံဆိုးသူမောင်ရှင် ဖြစ်ရချေပြီ။ သူ့အစီအစဉ်အားလုံး သဲထဲရေသွန် ပျက်စီးသွားတော့သည်။
ဘုန်း ဘုန်း ဘုန်း
သုံးယောက်သား အရိုးပုံကြီးတစ်ပုံထဲ ပြုတ်ကျသွားကြသည်။
ပြန့်ကြဲနေသောအရိုးစုများက ဆူဆူညံညံ အော်ညည်းပြီး သူ့အရိုးကျိုးသွားကြောင်း၊ ငါ့အရိုးကျိုးသွားကြောင်း ရန်ဖြစ်နေကြသည်။ အရိုးစုတချို့က အခြားအရိုးစုဆီမှ အရိုးများပင် ဖြုတ်လုနေရာ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ပွက်လောရိုက်လာသည်။
ရုတ်တရက် အရိုးစုအားလုံး တစ်ခုနှင့်တစ်ခု တိုက်ခိုက်ကြတော့သည်။ သူတို့က မည်သည်နေရာကမှန်းမသိ ရလာသော အရိုးတူကြီးများဖြင့် ကြုံသလို ဝှေ့ယမ်းရင်း တစ်ဖက်အရိုးစု၏ ဦးခေါင်းခွံများအား ရိုက်ခွဲနေကြ၏။
ရှင်းအန်း နားကန်းနေလျှင်တောင်မှ ကြားရလောက်အောင် ဆူညံလှသည်။
ချင်မူ ယိုင်တီးယိုင်တိုင် ထရပ်ကာ ပတ်ဝန်းကျင်ကို အူကြောင်ကြောင် ကြည့်နေမိသည်။ စောစောက သိပ်သည်းနေခဲ့သည့် မြူခိုးများမှာ များစွာပါးလျသွားသဖြင့် အလင်းရောင်အနည်းငယ် တောက်ပလာ၏။
အရှေ့အရပ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ သူ မှင်သက်သွားမိသည်။
မာန်ဟုန်မြစ်၏ မြူခိုးပင်လယ်ထဲတွင် ကြီးမားကျယ်ပြန့်သော အရိုးခြောက်လောကကြီးတစ်ခု လျင်မြန်စွာ ဖွဲ့တည်လာနေသည်။ အရိုးခြောက်လောကကြီးသည် မဟာမြို့ပျက်ထဲ၌ ဖြစ်တည်လာကာ မဟာမြို့ပျက်အပေါ် ထပ်သွား၏။
“ငါ့ကို တက်နင်းထားတယ်.....” သေတ္တာကြီးအောက်မှ အားအင်ကုန်ခမ်းနေသော အသံတစ်သံ ထွက်လာသည်။
သေတ္တာကြီးမှာ အလန့်တကြား ထခုန်လိုက်မိသော်လည်း စကားပြောနေသည်က အရိုးစုများဖြစ်နေသည်ကို မြင်လျှင် ဝမ်းသာပျော်ရွှင်သွား၏။ ၎င်းက ‘သေတ္တာအဖုံး’ကို ဟကာ စကားပြောနေသောအရိုးများအား ‘မြိုချ’လိုက်တော့သည်။
ချင်မူကြောင့် ဝိညာဉ်နိုးထလာပြီးနောက်ပိုင်း သေတ္တာကြီးသည် ထူးထူးဆန်းဆန်း အရာများအား စုဆောင်းရသည်ကို သဘောကျလာ၏။
“သ...သရဲ....သရဲ....”
နဂါးချီလင် ကိုယ်ပေါ်ရှိ အမွှေးများ၊ အကြေးခွံများအားလုံး ထောင်မတ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းလာ၏။ တောင်တစ်တောင်လုံး ပြည့်နေသော အရိုးစုများကို မြင်လျှင် ဖက်တီးနဂါးမှာ တုံးလုံးပက်လက် လဲကျသွားပြီး ခြေနှစ်ချောင်း မိုးပေါ်ထောင်နေတော့သည်။
သေတ္တာကြီးက သူ သေသွားမှန်း မြင်လျှင် သူ့ကိုလည်း မြိုချချင်နေသည်။ သူ့အမြီးမှစ၍ မြိုနေပြီး တင်ပါးအနားထိ ရောက်လာသဖြင့် နဂါးချီလင်က ဆောင့်ကန်ကာ ဒေါသတကြီး တိုးတိုးပြောလိုက်သည်။ “ဖယ်စမ်းပါဟ ငါ သေချင်ယောင်ဆောင်နေတာ....”
“ဖုန်းတု၊ ဒါက ဖုန်းတုအပြင်က ကမ္ဘာပဲ...”
ချင်မူမှာ လျင်မြန်စွာ ဖွဲ့တည်လာနေသော ကမ္ဘာကြီးကို ငေးကြည့်နေမိသည်။ ၎င်း မဟာမြို့ပျက်အပေါ် ထပ်သွားသည့်အခါ မဟာမြို့ပျက်၏ တောင်တန်းများ ပျောက်ကွယ်သွားခြင်းက အမှန်ပင် ထူးဆန်းလှပေသည်။
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွားပြီး နဂါးချီလင်ကို ဆောင့်ကန်လိုက်သည်။ “ဖက်တီးနဂါး၊ ထစမ်း။ မင်း သေချင်ယောင်ဆောင်တာက လင်းအာလောက် မပီပြင်ဘူး။ မင်း မထရင် အရိုးစုတွေ မင့်အသားကို လာစားလိမ့်မယ်”
“အသား အသား” နဂါးချီလင်အောက်ရှိ အရိုးစုတစ်စုက အသားနံ့ရလိုက်၍ ပြုံးနေသည်။ အရိုးစုက နဂါးချီလင်၏ ခြေထောက်တုတ်တုတ်ကြီးကို ဖက်၍ ပါးစပ်ဟကာ ကိုက်ချလိုက်၏။
“အသား အသား”
အရိုးပင်လယ်ထဲရှိ အရိုးများ စိတ်လှုပ်ရှားလာကြပြီး အရူးအမူး ပြေးလာကြသည်။ မရေမတွက်နိုင်သော အရိုးများ အစုလိုက်အပြုံလိုက် ပြေးလာကြသဖြင့် အရိုးလှိုင်းကြီးမှာ ကိုက်သုံးရာမျှပင် မြင့်တက်သွားသည်။
ဝုန်း
အရိုးစုများက တစ်ခုနှင့်တစ်ခု ပေါင်းစည်းပြီး အသားစားရန် စိတ်လှုပ်ရှားစွာ ပြေးလာနေသော အရိုးစုဖြူဖြူကြီး ဖြစ်လာတော့သည်။
“ငါ့မှာ အသားမရှိဘူး။ မင့်အသား ပေး အသား ပေး”
“ငါ့အတွက် အရေပြားချန်ထားပေး၊ ငါ့အရေပြားက ပုပ်ကုန်ပြီ”
နဂါးချီလင်မှာ ကပျာကယာ ဝမ်းလျားပြန်မှောက်ပြီး ကုန်းရုန်းထလိုက်သော်လည်း သူ့အပေါ် ကုပ်တွယ်တက်နေသော အရိုးများ၏ အပြုံးများကို မြင်လျှင် သတိလစ်လုဆဲဆဲ ဖြစ်သွားသည်။
ဗုဒ္ဓရောင်ခြည်တန်းများက ချင်မူ့ဆီမှ ဖြာထွက်လာပြီး သူ့အနောက်၌ ဖြူဆွတ်နေသော ကျောက်စိမ်းဗုဒ္ဓရုပ်သွင် ဖွဲ့တည်လာသည်။ ပြေးလာနေသော အရိုးစုကြီး တမုဟုတ်ချင်း ပြိုကွဲသွားပြီး အရိုးစုများမှာ ခြေဦးတည်ရာ ထွက်ပြေးကုန်တော့သည်။
“မစားကောင်းဘူး မစားကောင်းဘူးဟေ့။ ဒီကောင်က ဟိုတစ်ခေါက်တုန်းက ခေါင်းတုံးမြည်းအိုလေးပဲ။ ပြေး ပြေး....”
ချင်မူ ဆွံ့အသွားပြီး ရွှေဒင်္ဂါးတစ်ပြား ထုတ်လိုက်သည့်အခါ မြူခိုးပင်လယ်ထဲမှ လှေငယ်တစ်စင်း လှော်ခတ်ရင်း ထွက်လာ၏။
“ဖယ်ကြစမ်း”
ရှင်းအန်း၏အသံက အဝေးမှ ထွက်လာသည်။ သူသည် မျက်လုံးများကို ပြန်ယူပြီး အသံလာရာနောက်သို့ အပြေးအလွှား လိုက်လာခြင်း ဖြစ်၏။ သူက သူ့အပေါ် ခုန်တက်နေသော အရိုးစုများကို အားလှိုင်းများဖြင့် ရိုက်ခွဲမောင်းထုတ်နေသည်။
သူက အရိုးစုတောင်တစ်တောင်စလုံးကို တစ်ချက်တည်းဖြင့် ရိုက်ခွဲခြေမွပစ်ရင်း ဒေါသများ ပုံချလိုက်သည်။ ချင်မူ သူ့ကို မလိမ့်တပတ် လုပ်ခဲ့ပေါင်းများချေပြီ။ သူနှင့် ဆုံတွေ့တိုင်း သူ့မှာ အရူးကြီးသဖွယ် ဖြစ်ခဲ့ရသဖြင့် သူ့ရင်ထဲတွင် ချင်မူအား အပြတ်ရှင်းပစ်လိုစိတ်များ အပြင်းအထန် လောင်ကျွမ်းတောက်လောင်နေ၏။
ချင်မူ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ကပျာကယာ ထုတ်လွှတ်ပြီး အရိုးကောက်နေသော သေတ္တာကြီးနှင့် ကြောက်ဒူးတုန်နေသည့် နဂါးချီလင်ကိုပါ တစ်ခါတည်း ခေါ်လိုက်သည်။ ထို့နောက် မြူခိုးပင်လယ်ထဲတွင် ခပ်ရေးရေး မြင်နေရသော အထီးကျန်လှေငယ်ဆီ နေရာရွှေ့ပြောင်းလိုက်သည်။
“ဒီလိုလုပ်လို့ ရကြေးလားကွ”
ရှင်းအန်း၏မျက်လုံးတစ်လုံးက ပျံသန်းလာကာ ကောင်းကင်အလင်းတန်းများအား ထုတ်လွှတ်လိုက်သည်။ ချင်မူ၏ နေရာရွှေ့ပြောင်းသင်္ကေတအမှတ်အသားများ ပြိုကွဲသွားသဖြင့် သေတ္တာကြီးနှင့် နဂါးချီလင်နှင့်အတူ ပြုတ်ကျလာတော့သည်။ သူတို့သုံးယောက်လုံး အောက်ရှိ မြူခိုးပင်လယ်ဆီ ကျသွားကြသည်။
မြူခိုးပင်လယ်ထဲတွင် မကောင်းဆိုးဝါးများမှာ အုံးအုံးထနေပြီး အလွန်စိတ်လှုပ်ရှားနေကြ၏။ ထိုအခိုက်အတန့်တွင် အထီးကျန်လှေငယ်က ချင်မူတို့ အောက်တည့်တည့်သို့ ဖျတ်ခနဲ ရောက်လာကာ သူတို့ကို ဖမ်းလိုက်သည်။
“နောင်ကြီးရှင်းအန်း၊ ကျန်းကျန်းမာမာ ရှိပါတယ်နော်” လှေထိုးသားက ဝါးခမောက်ကို မော့ကာ ထူးဆန်းစွာ ပြုံးပြလိုက်သည်။
ကမ်းခြေအထိ ပြေးလိုက်လာခဲ့သော ရှင်းအန်းမှာ အတန်ငယ် မှင်သက်သွား၏။ အရိုးခြောက်လှေထိုးသားကို သူ မမှတ်မိသဖြင့် ဇဝေဇဝါ မေးလိုက်သည်။ “မင်းက ဘယ်သူလဲ”
“နောင်ကြီးရှင်းအန်း တာအိုရသေ့ကြီးလင်းကျင့်ကိုတောင် မမှတ်မိဘူးတော့ဘူးလား။ ဟိုတုန်းကတော့ ငါ့ ကောင်းကင်နတ်သွေးကို လိုချင်လို့ လိုက်ဖမ်းခဲ့ပေမယ့် အခုတော့ မေ့သွားပြီပေ့ါလေ။ အမှန်တကယ် ဝမ်းနည်းမိပါတယ်”
လှေထိုးသားက ဝါးလှော်တက်ကို လှုပ်၍ အဝေးသို့ လှော်ခတ်သွားရင်း ပြုံးနေသည်။ “ဒီနေရာက ဖုန်းတုကမ္ဘာပါ။ နောင်ကြီးရှင်းအန်းက သက်ရှိလူသားတစ်ယောက်ဆိုတော့ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့။ ဒီနေရာက သက်ရှိလူသားတွေ ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး”
ရှင်းအန်းက သူ့မျက်လုံးကို ပြန်ခေါ်၍ မြူခိုးပင်လယ်ထဲသို့ ခြေချလိုက်သည်။ ပင်လယ်မှာ တမုဟုတ်ချင်း ပွက်ပွက်ဆူလာပြီး မကောင်းဆိုးဝါးအားလုံး ရန်လိုကြမ်းကြုတ်လာကြသည်။
မြူခိုးပင်လယ်ထဲရှိ မကောင်းဆိုးဝါးများသည် ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းသော်လည်း ရှင်းအန်းက အနည်းငယ်မျှပင် မကြောက်လန့်ပေ။ သူက လှေနောက်သို့ ဆက်လိုက်လာပြီး မှင်သေသေ ပြောလိုက်၏။ “သက်ရှိလူသားတွေ မဝင်နိုင်ဘူးဆိုရင် သူတို့က ဘာလို့ လှေပေါ် ရောက်နေတာလဲ။ တာအိုရသေ့ကြီးလင်းကျင့်၊ မင်းနဲ့ငါက မိတ်ဆွေတွေပဲ မဟုတ်လား။ ငါ့ကို ဒီလိုလိမ်တာတော့ မကောင်းဘူးထင်တယ်”
သူ့အမြန်နှုန်းက အတိုင်းထက်အလွန် မြန်ပြီး ထူးဆန်းသော မြူခိုးပင်လယ်ထဲတွင်ပင် အေးအေးဆေးဆေး လမ်းလျှောက်နေ၏။ အထီးကျန်လှေငယ်နှင့် သူ့အကြား အကွာအဝေးမှာ တဖြည်းဖြည်း နီးလာတော့သည်။
“မင်းမှာ ကူးတို့ခ ရှိလား” တာအိုရသေ့ကြီးလင်းကျင့်က အေးအေးလူလူ မေးလိုက်သည်။ “ကူးတို့ခပေးမှ သရဲတွေက လှေကို တွန်းပေးတာ။ ဒီကောင်လေးက ငါ့ကို ကူးတို့ခ ပေးပြီးသားဆိုတော့ လှေစီးပြီး ဖုန်းတုထဲ ဝင်နိုင်တာ မထူးဆန်းပါဘူး။ ကူးတို့ခမှ မပါရင် ပြန်လိုက်တော့၊ ဖုန်းတုက မင်းလာနိုင်တဲ့ နေရာမဟုတ်ဘူး။ ဒီမှာ မင်း ရန်စလို့မရတဲ့ ဖြစ်တည်မှုတွေ များလွန်းတယ်”
ရှင်းအန်းက အေးတိအေးစက် နှာခေါင်းရှုံ့၍ ရှေ့ဆက်လာသည်။ သို့သော် မြူခိုးပင်လယ်ထဲမှ ဧရာမမကောင်းဆိုးဝါးကြီးတစ်ကောင် ထလာပြီး သူ့ကို ဆွဲချသွား၏။
လှေပေါ်ရှိ နဂါးချီလင်မှာ ထိတ်လန့်သွားပြီး လှေဘေးကပ်ကာ စပ်စပ်စုစု ငုံ့ကြည့်လိုက်သည်။ တာအိုရသေ့ကြီးလင်းကျင့်က ဝါးတက်မကို မြှောက်၍ သူ့ခေါင်းကို တွန်းထုတ်လိုက်၏။ သူက ပြုံးကာ ပြောလိုက်သည်။ “ငတုံးလေး၊ ဒီအောက်က ကြောက်စရာသတ္တဝါတွေက မင်းကို ချမ်းသာပေးမှာမဟုတ်ဘူး။ ခေါင်းပြတ်မသွားအောင် ဂရုစိုက်”
သူ စကားပြော၍ပင် မဆုံးပင် မြူခိုးပင်လယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ မကောင်းဆိုးဝါးအော်သံများ ထွက်လာပြီး မြူခိုးပင်လယ်ထဲရှိ တောင်ကြီးများ သွက်သွက်ခါ လှုပ်ယမ်းသွား၏။ အရိုးစုများက ဧရာမအရိုးစုကြီးများအဖြစ် ပေါင်းစည်းကာ ထွက်ပြေးကုန်ကြသည်။
နဂါးချီလင်လည်း လှေဝမ်းဗိုက်ထဲတွင် ကပျာကယာ ဝပ်ပြီး လက်နှစ်ဖက်ဖြင့် မျက်လုံးများကို အုပ်လိုက်သော်လည်း လက်ချောင်းများကြားမှ ချောင်းကြည့်နေသေးလေသည်။
မြူခိုးပင်လယ်တိုက်ပွဲက ပြင်းထန်သထက် ပြင်းထန်လာသဖြင့် ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများက လှေငယ်လေးကို လှိုင်းဖျားထိပ်သို့ ပင့်မြှောက်ကာ တရှိန်ထိုး ကျဆင်းသွားစေသည်။
ချင်မူ အလင်းကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ မြူခိုးပင်လယ်ထဲတွင် ရှင်းအန်းနှင့် တိုက်ခိုက်နေသော ဧရာမမကောင်းဆိုးဝါးကြီးများအား မြင်သည်ဆိုရုံလေး မြင်လိုက်ရသည်။ သူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မိ၏။ “ရှင်းအန်းက တကယ် အင်အားကြီးတာပဲ”
အရိုးစုဖြစ်နေသော တာအိုရသေ့ကြီးလင်းကျင့်က ဝါးလှော်တက်ကို တွန်း၍ ပြုံးလိုက်သည်။ “သူက တကယ် အင်အားကြီးတယ်။ ဒါပေမဲ့ ဒီမှာတော့ သောင်းကျန်းလို့မရဘူး။ မြူခိုးပင်လယ်ဆိုတာ ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းသွားတုန်းက သေဆုံးသွားတဲ့ လူတွေရဲ့ ပူဆွေးသောကတွေကနေ ဖွဲ့တည်လာတဲ့ ပင်လယ်ပဲ။ အကုန်လုံးက သူတို့ရဲ့ပူဆွေးသောကတွေကို စုစည်းပြီး မကောင်းဆိုးဝါးတွေအဖြစ် ဖန်ဆင်းခဲ့တယ်။ အဲဒီမကောင်းဆိုးဝါးတွေက ဖုန်းတုထဲ ကျူးကျော်လာတဲ့လူမှန်သမျှကို နှင်ထုတ်ပေးတယ်။ ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းတော့ မဟာမြို့ပျက်မှာ သေသွားကြတဲ့လူတွေ အများကြီးပဲလေ။ ဒါကြောင့် ဒီမကောင်းဆိုးဝါးတွေရဲ့ အစွမ်းအစက နတ်ဘုရားတွေနဲ့တောင် ညီမျှသေးတယ်...”
ချင်မူ မှင်သက်သွားမိသည်။ “ဒီအရိုးစုတွေက ခိုင်ဧကရာဇ်ကပ်ဘေးအတွင်း သေသွားကြတဲ့ လူတွေလား။ သူတို့ကရော ဖုန်းတုကို ဝင်လို့မရဘူးလား”
“ဖုန်းတုက အသုံးဝင်တဲ့ ဝိညာဉ်တွေကို လက်ခံတာ” တာအိုရသေ့ကြီးလင်းကျင့်၏ ဦးခေါင်းခွံထဲတွင် မီးတောက်နှစ်ခုက မှိန်ဖျော့ဖျော့ လင်းနေသည်။ “သတ်မှတ်ချက်တွေနဲ့ မကိုက်ညီရင် အသုံးမဝင်တဲ့ ဝိညာဉ်တွေ ဖြစ်သွားတယ်။ ဖုန်းတုထဲကို ဝင်ချင်ရင် နတ်ဘုရားနဲ့ ညီမျှတဲ့ အစွမ်းအစတွေ ရှိရမယ်။ ငါတောင်မှ ဖုန်းတုကို ကပ်သီလေး ဝင်နိုင်ခဲ့တာ။ အဲဒီအရိုးစုတွေကတော့ ဒီမြူခိုးပင်လယ်ကို မဖြတ်နိုင်လို့ ဖုန်းတုအပြင်မှာ စုဝေးနေကြတာပဲ”
ချင်မူ့အမူအရာက ထူးဆန်းသွားသည်။
အရိုးစုများ၏ ပူဆွေးသောကများက မြူခိုးပင်လယ်ကို ဖွဲ့တည်ပြီး မကောင်းဆိုးဝါးများအား ဖန်ဆင်းခဲ့သည်ဆိုလျှင် သူတို့လမ်းသူတို့ ပိတ်မိသွားခြင်းပင် မဟုတ်ဘူးလော။
“ယမမင်းက သူတို့ကို အပြစ်ပေးချင်ပေမယ့် ဖုန်းတုက သေးလွန်းတယ်။ ပြီးတော့ ယိုတုရန်ကိုလည်း စိတ်ပူရသေးတယ်...”
တာအိုရသေ့ကြီးလင်းကျင့်သည် လျှို့ဝှက်ချက်များစွာ သိထားသော်လည်း ဆက်မပြောလိုတော့ပေ။ သူလည်း သေသွားပြီး ဖုန်းတုတွင် ရှင်သန်နေသော လှေထိုးသားတစ်ယောက် ဖြစ်သည်။ သူ့အခြေအနေက သေနေသည်လား၊ ရှင်နေသည်လား ပြောရခက်၏။
သူ သေပြီဆိုလျှင် သေသောသူတို့၏ ရှင်သန်ရာကမ္ဘာသို့ ဝင်လိုက်ပါက သူ၏အသွေးအသားများ ပြန်ပေါ်လာလိမ့်မည်။ အသက်ရှင်နေလျှင် ဖုန်းတုကမ္ဘာမှ ထွက်လိုက်သည်နှင့် ရုတ်ခြည်း သေရလိမ့်မည်။
မြူခိုးပင်လယ်အောက်ရှိ လှုပ်ရှားမှုများက ပိုမိုကြမ်းတမ်းလာသည်။ ရှင်းအန်းနှင့် မကောင်းဆိုးဝါးများ၏ တိုက်ပွဲ ပိုမိုပြင်းထန်လာနေကြောင်း ထင်ရှား၏။ ရှင်းအန်းကား အမှန်ပင် သန်မာအားကောင်းလှသည်။ ပူဆွေးသောကမှ မွေးဖွားလာသည့် မကောင်းဆိုးဝါးများကိုပင် တိုက်ခိုက်နိုင်သေး၏။
“ဒီလူကတော့....”
တာအိုရသေ့ကြီးလင်းကျင့်က မြူခိုးပင်လယ်ကို လှည့်ကြည့်လိုက်ပြီး ရှင်းအန်း မကောင်းဆိုးဝါးမျိုးစုံကို တိုက်ခိုက်ရင်း လိုက်လာနေသည်ကို မြင်သွားသည်။ မကောင်းဆိုးဝါးများသည် တိမ်တိုက်များကိုပင် ထိနေပြီး အရိုးစုတောင်တန်းများထက်ပင် ကြီးမားလှ၏။ သူတို့၏သိုင်းစွမ်းအားက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော်လည်း ရှင်းအန်းက ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသေးသည်။
“လူသားဧကရာဇ်ချင်၊ ကမ်းပေါ် မြန်မြန်တက်တော့” တာအိုရသေ့ကြီးလင်းကျင့်၏ အမြင်အာရုံက ပိုမိုကောင်းမွန်သဖြင့် သူက ပြောလာသည်။ “ရှင်းအန်း မကြာခင် လွတ်လာတော့မယ်။ မင်း ငါ့အပေါ် ဖုန်းတုကြေးပြားလေးပြား အကြွေးတင်ထားတယ်နော်... ဒီတစ်ခေါက်နဲ့ဆို စုစုပေါင်း ငါးပြား ဖြစ်သွားပြီ”
ချင်မူ ဖုန်းတုကြေးပြားလေးပြား ထုတ်ပေး၍ တာအိုရသေ့ကြီးလင်းကျင့်က လက်ခံသည်။ သူက အရိုးအဆစ်များ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သည်အထိ အညောင်းဆန့်ကာ ပြုံးလိုက်သည်။ “သူတို့အားလုံးကတော့ ဖုန်းတုကမ္ဘာထဲ ဝင်ပြီး အေးအေးဆေးဆေး နေ,နေကြပြီ။ ငါ့မှာတော့ ငွေရှာနေရတုန်းပဲ။ ကြေးပြားလုံလုံလောက်လောက် ရမှ ဖုန်းတုထဲ ဝင်နိုင်မှာလေ။ ငါ ဖုန်းတုထဲမှာ နေရာတစ်နေရာ ရချင်ရင် အများကြီး ပေးရမှာ...”
သူက လှေကို အဝေးသို့ လှော်ခတ်ပြီး မြူခိုးပင်လယ်ထဲ၌ ပျောက်ကွယ်သွားသည်။ သို့တိုင်အောင် သူ့အသံသည် ပျံ့လွင့်လာသေး၏။ “ဖုန်းတုက မင်းလို သက်ရှိလူသားတွေကို စိတ်ဝင်စားတယ်။ သေသူတွေကို ကူညီပေးရင် သူတို့က မင်းကို ရွှေပြားတွေ ပြန်ပေးလိမ့်မယ်။ အဲဒီအတိုင်း မင်း ဖုန်းတုကို ခဏခဏ လာလို့ရတယ်။ ငါလည်း အရင်တုန်းက အဲဒီလို လုပ်ခဲ့တာပဲ”
ချင်မူ နဂါးချီလင်နှင့် သေတ္တာကြီးကို ခေါ်၍ ဖုန်းတုထဲ ကမန်းကတန်း ဝင်လိုက်သည်။
များစွာမကြာလိုက်ဘဲ သေသောသူတို့ ရှင်သန်ရာကမ္ဘာ၏ နယ်နိမိတ်ကျောက်တုံးဆီသို့ သူ ရောက်သွားပြီး အလျင်အမြန် ပြေးဝင်လိုက်၏။
နဂါးချီလင်လည်း အသားကုန်ပြေးဝင်လိုက်သည်။ ထိုအခါ သူ့ဘေးတွင် သူ့သခင် ပျောက်သွားပြီး အသားကုန်ပြေးနေသော အရိုးစုတစ်စု ရောက်လာသည်ကို သတိထားမိလိုက်သည်။
ထိုအရိုးစုက သူ့သခင်၏ ဖိနပ်များနှင့် အဝတ်အစားများအား ဝတ်ထားလေသည်။
နဂါးချီလင် ခေါင်းမွှေးများ ထောင်သွားပြီး ကြောက်လန့်စွာ အော်ဟစ်လိုက်တော့သည်။ ထိုအခိုက်အတန့်တွင် သူလည်း အရိုးစုတစ်စုဖြစ်နေကြောင်း သတိထားမိသွား၏။
နဂါးချီလင် ခြေလက်များ ပျော့ခွေကျသွားပြီး သတိလစ်သွား၏။ ဤတစ်ကြိမ်တွင် ဟန်ဆောင်ခြင်းမဟုတ်ပေ။
ချင်မူ ရပ်၍ သူ့ကို သယ်ရန် ပြင်နေစဉ် သေသောသူတို့၏ရှင်သန်ကမ္ဘာ နယ်နိမိတ်ကျောက်တုံးအား ရှင်းအန်း ဖြတ်ကျော်လာသည်ကို မြင်လိုက်ရသည်။
ဘုန်း
ရှင်းးအန်း၏ လည်ပင်းမှ နောက်ခေါင်းတစ်လုံး ထွက်လာပြီး သူ့ချိုင်းအောက်မှလည်း လက်တစ်ဖက် ထွက်လာသည်။ ထို့နောက် ခြေလေးချောင်း ထပ်ပေါက်လာ၏။
ချင်မူ မှင်သက်သွားသည်။ ရှင်းအန်းလည်း မှင်သက်သွားသည်။ ထို့နောက် တဖောက်ဖောက် မြည်သံများ ထွက်လာပြီး ခန္ဓာကိုယ်နောက်တစ်ခုလည်း ထွက်လာသည်။ သူ့ခေါင်းတွင် ခေါင်းများစွာ ပေါက်လာသဖြင့် သူ့ကိုယ်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသော ခန္ဓာကိုယ်မည်မျှ ရှိနေမှန်း မသိတော့ပေ။ လက်များ၊ ခြေထောက်များက တစ်ဒါဇင်ကျော်ပြီး ခေါင်းများက အခုနှစ်ဆယ်၊ သုံးဆယ်လောက် ရှိနေသည်။ ခန္ဓာကိုယ်များပင် ထွက်လာနေလေသည်။
ဘုတ်
ရှင်းအန်း လဲကျသွားသည့်အခါ လက်များက ဟိုဟိုသည်သည် လှမ်းဆွဲနေကြသည်။ သူ့ခေါင်းများကလည်း ခန္ဓာကိုယ်ထဲမှ ထွက်ချင်နေသကဲ့သို့ ရုန်းကုန်အော်ဟစ်နေရာ ပရမ်းပတာ ဖြစ်နေတော့သည်။
ဤအဖြစ်အပျက်က ရှင်းအန်း ယူခဲ့သော ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ပိုင်ရှင်က တစ်ယောက်မကကြောင်း သိသာထင်ရှား၏။ လူအယောက်နှစ်ဆယ်သုံးဆယ်ခန့်က သူ့ကိုယ်ထဲမှ ထွက်လာချင်နေကြသည်။
“သေသောသူတို့ ရှင်သန်ရာကမ္ဘာ၊ သေသောသူတို့ ရှင်သန်ရာကမ္ဘာ...” ချင်မူ ထွက်ပြေးမည့်အတွေးများ မရှိတော့ဘဲ တတွတ်တွတ် ရေရွတ်နေမိသည်။ “ဒါက ရှင်းအန်းကို အနိုင်ယူနိုင်မယ့် နည်းလမ်းပဲ... သူ့ခန္ဓာကိုယ်တွေက နတ်ဘုရားနီးနီး သန်မာအားကောင်းတဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အတူတူ တွဲဆက်ထားတာ။ ဒီကမ္ဘာကို ရောက်လာတော့ သေသွားတဲ့သူတွေ ပြန်ရှင်လာတာပဲ...”
ရုတ်တရက် အမှောင်ထုထဲမှ ငှက်ကြီးတစ်ကောင် ပျံထွက်လာပြီး သူတို့အရှေ့ရှိ တောင်ပေါ်၌ နားလိုက်သည်။ သူက ခေါင်းစောင်းကာ သူတို့ကို မယုံသင်္ကာ ကြည့်နေသည်။
“ရောက်လာတဲ့လူက လူသားဧကရာဇ်ချင်လား”
ငှက်ကြီးက တောင်ပံတဖတ်ဖတ် ခတ်လျက် ငှက်ခေါင်းနတ်ဘုရားအသွင် ပြောင်းလိုက်သည်။ သူက အတောင်ပံများကို ရုတ်၍ လူ့စကားဖြင့် ပြောလေသည်။ “မင့်လုပ်ခဲ့တာတွေ ပေါ်သွားလို့... ယမမင်းက မင်းကို ရှာနေတာ ကြာပြီ”
ချင်မူ အံ့အားသင့်သွားသည်။ “ကျွန်တော် တစ်ခုခု လုပ်မိလို့လား။ ဘာလို့ ကျွန်တော်က မသိတာလဲ”