နတ်ဘုရား ချိရှို့
Vol. 36 Ch. 497
ငှက်ခေါင်းနတ်ဘုရားက တောင်ပံများကို တဖျတ်ဖျတ် ခတ်ကာ ဘဝင်မကျစွာ ပြောလိုက်သည်။ “ကိုယ်လုပ်ခဲ့တာတောင် ကိုယ်မသိဘူးလား။ ပြန်စဉ်းစားကြည့်စမ်းပါဦး... ယမမင်းက မင်းကို ခေါင်းဖြတ်ပြီး ဘာကြောင့် မင်းသေသွားလဲ နားလည်အောင် လုပ်ပေးလိမ့်မယ်”
ချင်မူ ပြောစရာစကား ရှာမတွေ့ပေ။ ယမမင်း အမျက်ထွက်အောင် သူ အဘယ်သို့ပြု၍ လုပ်ခဲ့မိသနည်း။
‘လသင်္ဘောကို မောင်းသွားလို့လား... ဒါပေမဲ့ လသင်္ဘောက ဖုန်းတုအပိုင်မှ မဟုတ်တာ.. လထိန်းကျောင်းသူတွေရဲ့ သင်္ဘောလေ။ ယမမင်းက လစောင့်ရှောက်သူရဲ့ စိတ်ဓာတ်ကို သဘောမကျလို့ ဖုန်းတုထဲမှာတောင် လက်မခံပေးခဲ့ဘူးမဟုတ်လား.. လသင်္ဘောကို မောင်းသွားတာက ပြစ်မှုတော့ မမြောက်လောက်ပါဘူး ဟုတ်တယ်မလား’
သူ ဖုန်းတုကမ္ဘာသို့ ဝင်လာခဲ့သည်မှာ ရွာလူကြီးကို ရှာရန်နှင့် လူငယ်ဂိုဏ်းချုပ် ရှိ၊ မရှိ စုံစမ်းရန် ဖြစ်သည်။ ငှက်ခေါင်းနတ်ဘုရားက သူ တစ်ခုခု လုပ်ခဲ့သည်ဟု ပြောခဲ့သော်လည်း ချင်မူ စိတ်မပူမိပေ။ ထို့အပြင် ထွက်ပြေးလျှင်တောင်မှ ပြေးမရပေ။
ရုတ်တရက် ရှင်းအန်း၏အသံများ ထွက်လာသည်။ “နတ်ဆေးသမားတော်ချင်၊ မင်း ငါ့ကို ဘာလုပ်ခဲ့တာလဲ”
ချင်မူ နောက်လှည့်ကြည့်လိုက်သည်။ တစ်လောကလုံးတွင် သန်မာအားအကောင်းဆုံး လူသားအား မတွေ့ရတော့ပေ။ သူ့တွင် ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံ ရှိနေသည်၊ ယောက်ျားခေါင်းများ၊ မိန်းမခေါင်းများလည်း ပေါက်နေ၏။ တချို့က အသက်ကြီးသည်၊ တချို့က အသက်ငယ်သည်၊ သို့သော် တစ်ခုမှ ရှင်းအန်း၏ ခေါင်းအစစ်မဟုတ်ပေ။
သေသောသူတို့ ရှင်သန်ရာကမ္ဘာသို့ ဝင်လာသည်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး၏ မူလအသိစိတ်အလျဉ်များ နိုးထလာပြီး ပျောက်ဆုံးနေသော ကိုယ်အစိတ်အပိုင်းများ ပြန်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူတို့က သူတို့ကိုယ်ပိုင် ခန္ဓာကိုယ်အစိတ်အပိုင်းများအား ပြန်ယူနေကြ၏။ ရှင်းအန်း၏အသိစိတ်အလျဉ်မှာ နိုးထလာသော အသိစိတ်အလျဉ်များအား မထိန်းချုပ်နိုင်တော့ပေ။
“ရှင်းအန်း မင်း ငါတို့ကို ဘာလုပ်ခဲ့တာလဲ” ခေါင်းများက ပြိုင်တူမေးလိုက်ကြသည်။ ခြေလက်များက တစ်ခုကို တစ်ခု တိုက်ခိုက်နေသဖြင့် အသားလုံးကြီး လိမ့်နေသကဲ့သို့ လုံးထွေးနေချေသည်။
“ရှင်းအန်း၊ မင်း ဒီလိုဖြစ်အောင် လုပ်တာ ငါ မဟုတ်ဘူး။ မင်းကမှ သူတို့ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာ။ မင်းက သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လုယူပြီး လက်ရှိမင်း,ဖြစ်အောင် ဖန်တီးယူခဲ့တယ်။ သေသောသူတို့ရဲ့ ရှင်သန်ရာကမ္ဘာမှာ သက်ရှိတွေဟာ သေလူဖြစ်ပြီး သေလူတွေ အသက်ရှင်လာကြတယ်။ ငါနဲ့ နဂါးချီလင်ကို ကြည့်ရင် မင်း နားလည်မှာပါ” ချင်မူ စိတ်မကောင်းစွာ ပြောလိုက်သည်။
ရှင်းအန်းမှာ မလှုပ်နိုင်တော့ပေ။ သူ လုယူထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ပိုင်ရှင်တို့သာ လှုပ်ရှားနိုင်လာသည်။ အခြားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာကို လုယူခဲ့သောကြောင့် သူ အမှန်တကယ် ပိုင်ဆိုင်ထားသည်မှာ ယန်ဝိညာဉ်သုံးခုသာ ရှိတော့၏။
မူလဝိညာဉ်ပင် အခြားတစ်ယောက်ဆီမှ လုယူထားသည့်အရာ ဖြစ်သည်။
ငှက်ခေါင်းနတ်ဘုရားက ခေါင်းစောင်းကာ သူ့ကို ကြည့်သည်။ “ရှင်းအန်း၊ ယမမင်းက မင်းကိုလည်း တွေ့ချင်နေတယ်။ မင်းမှာ သူ စိတ်ဝင်စားတဲ့ မူလဝိညာဉ်ပါလာတယ်တဲ့။ အားလုံး ငါ့နောက် လိုက်ခဲ့”
အသားလုံးကြီးဖြစ်နေသော ရှင်းအန်းက အော်ဟစ်ပြီး ဖုန်းတုထဲမှ ထွက်သွားရန် ကြိုးစားသည်။ သို့တိုင်အောင် ခန္ဓာကိုယ်အစိတ်အပိုင်းများက နားမထောင်ဘဲ ဖုန်းတုကမ္ဘာဆီသို့ တွားသွားနေကြသည်။
“ငါ့ကို လွှတ်”
ရှင်းအန်း၏အသံတွင် အကြောက်တရားများ ကိန်းဝပ်နေ၏။ ဤသည်မှာ သူ အကြောက်တရားကို ဒုတိယအကြိမ်မြောက် ခံစားရခြင်းဖြစ်သည်။
ပထမအကြိမ်က သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖွင့်ခဲ့သည့်အချိန်တုန်းက ဖြစ်သည်။ သေခြင်းရှင်ခြင်းကောင်းကင်ရတနာဆီသို့ ရောက်သည့်အခါ သူ့အသက်က အကန့်အသတ်တစ်ခု ရှိနေကြောင်း သတိထားမိခဲ့သည်။ ထိုသက်တမ်း စေ့သွားပါက သေခြင်းရှင်ခြင်းကောင်းကင်ရတနာအောက်ရှိ ယိုတုကမ္ဘာက သူ၏မူလဝိညာဉ်ကို ဝါးမြိုပြီး အမှောင်ထုထဲသို့ ထာဝရဆွဲချသွားလိမ့်မည်။
သူ အပြင်းအထန် ကြောက်လန့်ခဲ့မိပြီး ရလဒ်ကို လက်မခံနိုင်ခဲ့ပေ။
ကောင်းကင်တံတားကောင်းကင်ရတနာကို ဖွင့်ပြီးနောက် သူ၏အသိအမြင်ဖြင့် ကျိုးနေသော တံတားအား ပြန်မဆက်နိုင်တော့မှန်း သဘောပေါက်ခဲ့သည့်အတွက် ရှင်းအန်း လမ်းမှားကို လျှောက်ရန် ရွေးချယ်ခဲ့၏။
နတ်ဘုရားအဆင့် ရောက်သွားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများအား လုယူကာ နတ်ဘုရားဖြစ်အောင် ဖန်တီးယူခဲ့သည်။
နတ်ဘုရားတစ်ပါး ဖြစ်မလာလျှင် သူ၏ ရုပ်ခန္ဓာက အိုမင်းလာလိမ့်မည်။ ထို့ကြောင့် အခြားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ယူကာ အိုမင်းနေသော ရုပ်ခန္ဓာနေရာတွင် အစားထိုးခဲ့သည်။
ရှင်းအန်းသည် တစ်ကိုယ်ကောင်းဆန်သူ ဖြစ်၍ မတူညီသော နတ်ဘုရားတစ်ပါး ဖြစ်လာရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ တစ်လောကလုံးတွင် သန်မာအားအကောင်းဆုံး ထိပ်တန်းသိုင်းပညာရှင်များက သူ၏သားကောင်များ ဖြစ်လာခဲ့၏။
ထိုသားကောင်များကို သူကိုယ်တိုင် မသတ်ခဲ့သော်လည်း သူကြောင့် အကုန်လုံး သေခဲ့ကြရသည်။
ယခုတွင် သူတို့အားလုံး ပြန်လည်ရှင်သန်လာပြီး သူကတော့ သေလူဖြစ်သွားချေပြီ။ ထိုလူများက သူ အပင်ပန်းခံ တည်ဆောက်ထားသော အစစ်အမှန်နတ်ဘုရားခန္ဓာကိုယ်မှ ခွဲထွက်ရင်း သူ့ကို တစစီ ဖြုတ်နေကြသည်။
ရှင်းအန်း အကြီးအကျယ် ကြောက်လာမိသည်။
ငှက်ခေါင်းနတ်ဘုရားက တောင်ပေါ်တွင် နားနေရာမှ သက်တောင့်သက်သာရှိသော နေရာဆီသို့ ပြောင်းလိုက်သည်။ “ရှင်းအန်း.. မင်းလုပ်ခဲ့တာတွေလည်း ပေါ်သွားပြီ... ဒါပေမဲ့ ယမမင်း လိုချင်တာ မင်း မဟုတ်ဘူး... မင်းကိုယ်ထဲမှာ ရှိနေတဲ့သူ၊ ကောင်းကင်နတ်ဘုံက အသက်ရှင်ကျန်ခဲ့သူပဲ”
“ဟီး ဟီး ဟီး....” ကြက်သီးထဖွယ် ရယ်သံကြီး ရှင်းအန်း၏ကိုယ်ထဲမှ ထွက်လာသည်။ “ချီးကို ယမမင်းလား။ သူက ခေတ်ဟောင်းရဲ့ အသက်ရှင်ကျန်ခဲ့သူလေးထက် မပိုဘူး။ မင်းတို့ကောင်တွေ ရှာနေတာ ငါမလား”
“မှော်ဆရာနတ်ဘုရားခွေ့”
ချင်မူ အံ့အားသင့်သွားသည်။ ရှင်းအန်း၏ခန္ဓာကိုယ်ထဲမှ မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ် ထလာပြီး ခြေလက်အင်္ဂါအစုံအလင်ဖြင့် ကိုက်သုံးထောင်ကျော် မြင့်မားသော ကြောက်မက်ဖွယ်ရာ သတ္တဝါကြီး ဖြစ်လာ၏။ တောင်တန်းများထက်ပင် ကြီးမားပြီး ၎င်း၏အကြည့်များက မီးဟုန်းဟုန်းတောက်နေသော မီးတောင်ဝများသဖွယ် ရှိနေသည်။
သူက တောင်ပေါ်ရှိ ငှက်ခေါင်းနတ်ဘုရားအား ငုံ့ကြည့်ကာ သရော်တော်တော် ပြောလိုက်သည်။ “မင်းလည်း ခေတ်ဟောင်းက အသက်ရှင်ကျန်ခဲ့တဲ့သူပဲ။ ငါ မင်းကို တွေ့ဖူးတယ် ခိုင်ဧကရာဇ်ခေတ်ရဲ့ ညခရီးသည်.... မင်းက ခိုင်ဧကရာဇ်ခေတ်မှာတုန်းက အပြစ်သားဝိညာဉ်တွေကို စောင့်ကြပ်ပေးရတဲ့ ဇီးကွက်တစ်ကောင်ပဲ... ယိုတုနဲ့ သက်ရှိကမ္ဘာကြား လွတ်လွတ်လပ်လပ် ကူးသန်းသွားလာနိုင်တဲ့ နတ်ဘုရား .. မင်းနာမည်က ချိရှို့။ ချို့ရှို ငါ ဂါဝရပြုတာ ခံလိုက်စမ်း”
သူ ဂါဝရပြုလိုက်သော်လည်း ငှက်ခေါင်းနတ်ဘုရားက တောင်ထိပ်ပေါ်တွင် တုပ်တုပ်မှမလှုပ်ဘဲ ရပ်နေသည်။
မှော်ဆရာနတ်ဘုရားခွေ့မှာ အံ့အားသင့်သွားပြီး နောက်တစ်ကြိမ် ဂါဝရပြုလိုက်သည်။ ငှက်ခေါင်းနတ်ဘုရားက ခြေတစ်ဖက်မြှောက်ကာ သူ့နှုတ်သီးသူ ကုတ်နေ၏။
မှော်ဆရာနတ်ဘုရားခွေ့ ရင်ထဲတွင် တုန်လှုပ်သွားပြီး သေသောသူတို့၏ ရှင်သန်ရာကမ္ဘာထဲမှ အသည်းအသန် လှည့်ထွက်သွားသည်။
မှော်ဆရာနတ်ဘုရားခွေ့သည် ယခုထက်ထိ မသေသေးပေ။ ရုပ်ခန္ဓာက မဟာမြို့ပျက်၏ ယန်တောင်ပေါ်တွင် ချုပ်ခံထားရသောကြောင့် ဖုန်းတုထဲတွင် သူ၏မူလဝိညာဉ်သာ ရှိနေခြင်းဖြစ်၏။ သူ၏အမြန်နှုန်းက နတ်ခြေထောက်များထက်ပင် မြန်လေသည်။
သူက မြူခိုးပင်လယ်ကို တရှိန်ထိုး ဖြတ်သန်းကာ ဖုန်းတုထဲမှ ထွက်ပေတော့မည်။
သို့သော် ထိုအခိုက်အတန့်တွင် ငှက်ခေါင်းနတ်ဘုရားချိရှို့က တောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်ပြီး ချင်မူတို့အပေါ်မှ လေပြင်းတစ်လှိုင်း ဖြတ်ကျော်သွား၏။
ချင်မူ ခေါင်းမော့ကြည့်လိုက်ရာတွင် နေလုံးကြီးကို ကာဆီးထားသော တောင်ပံကြီးနှစ်ဖက်ဖြင့် လူမျက်နှာရှိသည့် ငှက်တစ်ကောင်အား မြင်လိုက်ရသည်။ သူက မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ်ကို ခြေသည်းများဖြင့် သုတ်ချီလိုက်သည်။
နောက်တခဏတွင် ငှက်ခေါင်းနတ်ဘုရားက တောင်ပံများခတ်လျက် ပြန်ရောက်လာသည်။ သူက မှော်ဆရာနတ်ဘုရားခွေ့ကို မြေကြီးပေါ်တွင် ဖိနင်းထားပြီး အမွှေးများကို တိတ်ဆိတ်စွာ သပ်ကာ တောင်ထိပ်ပေါ်တွင် ထိုင်နေ၏။
ချင်မူ ကြက်သီးတဖြန်းဖြန်း ထသွားပြီး အရိုးများပင် တုန်ရီလာ၏။ နတ်ဘုရားချိရှို့၏ အမြန်နှုန်းအရ သူ မဆိုထားနှင့် ၊ ထော့ကျိုးပင် လွတ်အောင် ပြေးနိုင်မည်မဟုတ်ပေ။
ငှက်ခေါင်းနတ်ဘုရားချိရှို့၏ ပုံသဏ္ဍာန်သည် အလွန်ထူးဆန်း၏။ စောစောက သူ ပျံဆင်းသွားသည့်အချိန်တွင် သူ၏ရုပ်ခန္ဓာသည် မူလဝိညာဉ်အသွင် ပြောင်းလဲသွားသဖြင့် သူ့အမြန်နှုန်းက မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ်ထက် မြန်သွား၏။ ထို့ကြောင့် မှော်ဆရာနတ်ဘုရားခွေ့ကို အလွယ်တကူ လိုက်မှီပြီး ဖမ်းဆီးလိုက်နိုင်ခြင်း ဖြစ်သည်။
ပြန်လည်ပျံသန်းလာသည့်အချိန်တွင် မူလဝိညာဉ်အဖြစ်မှ ရုပ်ခန္ဓာအခြေအနေသို့ ပြန်လည်ပြောင်းလဲသွား၏။ အကောင်အထည်မရှိသော အခြေအနေနှင့် အကောင်အထည်ရှိသော အခြေအနေနှစ်ခုအား စိတ်တိုင်းကျ ပြောင်းလဲပေးနိုင်သော ဤကျင့်စဉ်မျိုးမှာ အမှန်တကယ် ထူးဆန်းပေသည်။
‘သူ ယိုတုကို ထွက်လိုက် ဝင်လိုက် လုပ်နိုင်တယ်လို့ မှော်ဆရာနတ်ဘုရားခွေ့ ပြောခဲ့တာ အံ့ဩစရာမရှိဘူး။ တကယ် မှန်နေတဲ့ပုံပဲ” ချင်မူ သူ့ဘာသာ တွေးလိုက်မိသည်။
မှော်ဆရာနတ်ဘုရားခွေ့မှာ ချုပ်ထားသော သံကြိုးများကြား၌ အကြောက်အကန် ရုန်းနေသော်လည်း မရုန်းထွက်နိုင်ပေ။
ရက်စက်ကြမ်းကြုတ်လှပါသည်ဆိုသော... ဆိုးသွမ်းကြမ်းတမ်းလှပါသည်ဆိုသော နတ်ဘုရားပင်လျှင် ဤအခိုက်အတန့်တွင် ကူကယ်ရာမဲ့နေ၏။ သူက ရုန်းမထွက်နိုင်မှန်း သိလျှင် ငြိမ်သက်သွားပြီး သရော်တော်တော် ပြောလိုက်သည်။ “ချိရှို့၊ ငါ့အသက်ကို ကောင်းကင်ဘုံက ပိုင်တယ်၊ ယမမင်း ပိုင်တာ မဟုတ်ဘူး။ မင်း ငါ့ကို ဖမ်းထားတော့ရော ဘာလုပ်ရမှာလဲ”
ငှက်ခေါင်းနတ်ဘုရား တောင်ပံခတ်လိုက်သည့်အခါ ကြိုးတစ်ကြိုးက ရှင်းအန်းကို ရစ်ပတ်လိုက်သည်။
ကြိုးသည် ကျောဆစ်ရိုးဖြူဖြူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ ရှင်းအန်းကို ရစ်ပတ်ပြီးနောက်တွင် အရိုးကြိုးက ချင်မူ့လက်နှစ်ဖက်လုံးကို ချည်နှောင်လိုက်သည်။
ချင်မူ အတန်ငယ် ဇဝေဇဝါ ဖြစ်သွားသည်။ “ကျွန်တော်က ပြေးမှမပြေးနိုင်တာလေ၊ နောင်ကြီးချိရှို့ ဘာလို့ဒုက္ခခံနေဦးမှာလဲ”
“စကားမပြောနဲ့ ငါ လူ့အနံ့ကို မုန်းတယ်”
ငှက်ခေါင်းနတ်ဘုရား ရွေ့လျားလိုက်သည်နှင့် အရိုးဖြူကြိုးက ချင်မူနှင့် မှော်ဆရာနတ်ဘုရားခွေ့ကို ဖုန်းတုထဲ ခေါ်သွားသည်။ ချင်မူ ကပျာကယာ ပြောလိုက်သည်။ “သေတ္တာကြီးနဲ့ နဂါးချီလင် ကျန်သေးတယ်”
“တော်တော် အလုပ်ရှုပ်တာပဲ”
ငှက်ခေါင်းနတ်ဘုရားက ကြိုးဖြည်ကာ ပြောလိုက်သည်။ “မင့်နဂါးချီလင်ကို မြန်မြန်နိုး၊ ပြေးဖို့ မကြိုးစားနဲ့ ... မင်း ပြေးလို့မရဘူး”
ချင်မူ နဂါးချီလင်ကို ဆောင့်ကန်၍ နှိုးလိုက်သော်လည်း ဖက်တီးကြီးမှာ သတိပြန်လည်မလာသေးပေ။ ချိရှို့က ငှက်မွှေးတစ်ချောင်း နှုတ်ပြီး နဂါးချီလင်၏ နဖူးကို အသာအယာ တို့လိုက်သည်။ ထိုအခါမှ ဖက်တီးကြီး နိုးလာပြီး ကြောက်လန့်တုန်ရီနေသည်။
ချင်မူ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “ဖက်တီးနဂါး မကြောက်ပါနဲ့ကွာ။ ဂိုဏ်းချုပ်လည်း ဒီမှာ ရှိလောက်တယ်... ငါတို့ အခု ဖုန်းတုထဲ ဝင်လာပြီဆိုတော့ သူနဲ့ တွေ့ရင် တွေ့ရမှာ”
နဂါးချီလင် အံ့အားသင့်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ “ဂိုဏ်းချုပ် နတ်ဘုရားဖြစ်သွားပြီလို့ ဂိုဏ်းသခင် ပြောခဲ့တာ မဟုတ်ဘူးလား”
ချင်မူ အတန်ငယ် တိတ်ဆိတ်သွားပြီးနောက် ပြုံးလိုက်၏။ “ဂိုဏ်းချုပ်က ဖုန်းတုမှာ နတ်ဘုရားဖြစ်နေပြီလေ”
နဂါးချီလင်မှာ တိတ်ဆိတ်သွားပြီး မျက်ရည်သုတ်ရန် လက်မြှောက်လိုက်သော်လည်း သူ့တွင် အသွေးအသားမရှိသဖြင့် မျက်ရည်လည်း ထွက်မလာပေ။
“အဲဒီတုန်းက ဂိုဏ်းသခင် လိမ်နေမှန်း သိသားပဲ...” သူက ခေါင်းငိုက်စိုက် ကျနေသည်။
ချင်မူက တွေးရင်း ပြောလိုက်၏။ “ဒီမှာကြည့်၊ ဒီကမ္ဘာမှာ မင်းနဲ့ငါက သေလူတွေဆိုပေမယ့် ဂိုဏ်းချုပ်က ကောင်းကောင်း အသက်ရှင်နေတယ်။ ငါတို့ကမ္ဘာမှာကျ ငါတို့အသက်ရှင်နေပေမယ့် ဂိုဏ်းချုပ်က သေသွားပြီ။ သေခြင်းရှင်ခြင်းဆိုတာ မင်းထင်သလိုလည်း ဟုတ်ချင်မှ ဟုတ်မှ။ ဒါက ရှင်သန်ခြင်းတစ်မျိုးပဲလေ။ ဝမ်းမနည်းပါနဲ့”
နဂါးချီလင်က ခေါင်းမော့ကာ အလေးအနက် ပြောသည်။ “ဒါပေမဲ့ ဒီနေ့ကစပြီး ကျွန်တော့်ကို ထပ်မလိမ်ရဘူး”
ချင်မူလည်း အလေးအနက် ခေါင်းညိတ်ပြလိုက်၏။ “ငါက မင်း စိတ်မကောင်းဖြစ်သွားမှာ စိုးလို့ပါ...”
“ကျွန်တော်က ကလေးမဟုတ်တော့ပါဘူး။ ရင်ဆိုင်နိုင်ပါတယ်” နဂါးချီလင်၏အသံမှာ တည်ငြိမ်နေ၏။ “သူ ဒီကမ္ဘာမှာ ရှင်သန်နေတာနဲ့တင် ကျေနပ်ပါပြီ.... ဂိုဏ်းသခင်၊ ဂိုဏ်းသခင်ရဲ့ မြီးညှောင့်ရိုးက ကျွန်တော့်ကို ထိုးနေတယ်”
ချင်မူ ထရပ်ပြီး သူ့ခေါင်းပေါ် နင်းလိုက်၏။ နဂါးချီလင်က ငှက်ခေါင်းနတ်ဘုရား၏ အနောက်မှ ငရဲတံခါးဝကို ဖြတ်ကာ ဖုန်းတုမြို့ထဲ ဝင်လိုက်သည်။
သူတို့အနောက်တွင် သေတ္တာကြီးက ယိုင်ထိုးယိုင်ထိုးဖြင့် လိုက်လာ၏။
သေတ္တာကြီးမှာ အရက်မူးနေသကဲ့သို့ ဘယ်ညာယိမ်းထိုးနေသည်။ ချင်မူ နောက်လှည့်ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေမိသည်။ ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရလိုက်၏။ ‘မကောင်းတော့ဘူး... သေတ္တာထဲက ခြေလက်တွေ..”
သူ တွေးလိုက်သည့်အချိန်မှာပဲ ရှင်းအန်း၏သေတ္တာကြီးမှာ တောင့်မခံနိုင်တော့ဘဲ အဖုံးဖွင့်၍ အထဲ၌ ရှိသမျှ အရာအားလုံးကို အန်ထုတ်လိုက်တော့သည်။
ထူးဆန်းသော လူများ ထွက်လာပြီး ဝမ်းသာပျော်ရွှင်နေသည့် အရိုးစုများလည်း ပေါ်လာသည်။
“ငါတို့ ဖုန်းတုထဲမှာဟ”
အရိုးစုများက အသွေးအသားများ ပေါက်လာပြီး ကိုယ်လုံးတီး ယောက်ျားများ၊ မိန်းမများအသွင်ဖြင့် မြေကြီးပေါ် ဆင်းလာကြသည်။ သူတို့အားလုံး ဖုန်းတုထဲသို့ ဝမ်းသာအားရ ပြေးဝင်သွားလေသည်။
သေတ္တာကြီးမှ ထွေးထုတ်လိုက်သော လူများမှာမူ ကိုယ်လက်အင်္ဂါမစုံကြပေ။ တချို့က လက်ပြတ်နေသည်၊ တချို့က ခြေပြတ်နေကြသည်။ ရင်ဘတ်တွင် ဟောင်းလောင်းပေါက်ပွင့်လျက် နှလုံးသားပျောက်ဆုံးနေသော လူများပင် ရှိနေ၏။
တချို့က နံရိုးများ မရှိပေ။ တချို့က ဝိညာဉ်များ၊ တချို့က ကောင်းကင်ရတနာများ ကင်းမဲ့နေကြသည်။
ဤလူများမှာ ဇဝေဇဝါ ဖြစ်နေကြ၏။ သူတို့က ရှင်းအန်း စုဆောင်းခဲ့သော ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ပိုင်ရှင်များ ဖြစ်ကြလေသည်။
သေတ္တာကြီးက ပြေးထွက်သည့်လူများနောက် အသည်းအသန် ပြေးလိုက်ပြီး ပြန်လည်မြိုချချင်နေသည်။
ချင်မူ ၎င်းကို အလျင်အမြန် ပြန်ခေါ်ကာ ပြောလိုက်၏။ “အဲဒီလူတွေက ဒီနေရာမှာ အသက်ပြန်ရှင်လာကြပြီ ထပ်မသိမ်းထားနဲ့တော့။ ငါ မင်းဗိုက်ထဲမှာ ထည့်ထားဖို့ ရတနာတွေ ပေးပါ့မယ်”
ဘန်း ဘန်း ဘန်း
သေတ္တာကြီးဆီမှ အသံကျယ်ကြီးများ ထွက်လာပြီး ၎င်းသည် ကြီးသထက် ကြီးမားလာ၏။ တခဏကြာသော် သူတို့မျက်စိရှေ့မှာတင် ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်သွားချေပြီ။
ချင်မူ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားသဖြင့် အောက်မေးရိုးပင် မြေပေါ် ကျလုနီးပါး ဖြစ်သွားသည်။ သူ မေးရိုးကို ကပျာကယာ လှမ်းထိန်းလိုက်ရ၏။
နဂါးချီလင်၏ အောက်မေးရိုးလည်း မြေပေါ် ကျသွားသည်။
သူတို့၏သေတ္တာကြီးကား ... ထောင်ကျယ်သားရဲကြီးတစ်ကောင် ဖြစ်လာခဲ့လေပြီ။