ဘုရင်ချင်၏ ခန်းမ
Vol. 36 Ch. 498
ချင်မူနှင့် နဂါးချီလင် အူကြောင်ကြောင် ကြည့်နေမိကြသည်။ သူတို့ဘေးရှိ သတ္တဝါကြီးကို မော့ကြည့်ရင်း နှစ်ကောင်သား ပြောစရာစကား ရှာမတွေ့တော့ပေ။
သူတို့ဘေးရှိ ထောင်ကျယ်သားရဲကြီးသည် တောင်တစ်လုံးတမျှ ကြီးမားလှသော တောင်ဆိတ်ကြီးတစ်ကောင်နှင့် တူ၏။ ရှေ့ခြေနှစ်ချောင်းက အလွန်တရာ သန်မာမာကြောသော်လည်း နောက်ခြေနှစ်ချောင်းကမူ ပုပုတိုတို ရှိသည်။ ၎င်းကိုယ်ပေါ်ရှိ အမွှေးအမျှင်များက ကြေးအင်းကွက်များသဖွယ် ရစ်ခွေပျံ့နှံ့နေသည်။
သတ္တဝါကြီးတွင် လူ့မျက်နှာရှိသော်လည်း မျက်နှာပေါက်က အတိုင်းထက်အလွန် ထူးဆန်းသည်။ ခြေလေးချောင်းက ရင်ဘတ်နေရာတွင် ဆုံသွားပြီး ချိုင်းနှစ်ဖက်အောက်၌ မျက်လုံးတစ်လုံးစီ ရှိနေ၏။ ၎င်း၏ပါးစပ်က စတုရန်းပုံစံရှိကာ ကျယ်ဝန်းကြီးမားပြီး ကျားအစွယ်များ ပြည့်နေ၏။ ဆိတ်ချိုကြီးနှစ်ချောင်းကလည်း ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ချွန်ထွက်နေသည်။
ရှင်းအန်း၏သေတ္တာသည် ထောင်ကျယ်သားရဲ၏ သားရေဖြင့် လုပ်ထားခြင်းဖြစ်၏။ အရိုးကိုယ်ထည်ပေါ်တွင် အရေပြားကို ရစ်ပတ်၍ သေတ္တာအသွင် ဖွဲ့ထားခြင်းမျိုး ဖြစ်သည်။
ချင်မူ့တွင် ထောင်ကျယ်အိတ်နှစ်အိတ်ရှိသော်လည်း အိတ်ချုပ်ထားသော အရေပြားမှာ အလျားတစ်ပေ၊ အနံတစ်ပေခန့်သာ ရှိသည်။ သေတ္တာကြီး၏အပြင်ပန်းကိုမူ ထောင်ကျယ်သားရဲတစ်ကောင်လုံး၏ သားရေဖြင့် ရစ်ပတ်ထားခြင်း ဖြစ်ချေသည်။
အထဲ၌ ကိုယ်ထည်အဖြစ် ထောက်ကန်ပေးထားသော ထောင်ကျယ်အရိုးများကိုပါ ထည့်ပေါင်းလိုက်ပါက သေတ္တာကြီးသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားကျယ်ဝန်းသွား၏။
ချင်မူ၏ထောင်ကျယ်အိတ်များ မပြောင်းလဲသွားသည့်အကြောင်းရင်းမှ အတွင်းနေရာက သေသောသူတို့၏ ရှင်သန်ရာကမ္ဘာနှင့် ထိတွေ့မှုမရှိသေးသောကြောင့် ဖြစ်၏။ အခြားတစ်ဖက်တွင် သေတ္တာကြီး၏ အတွင်းနေရာက သေသောသူတို့၏ ရှင်သန်ရာကမ္ဘာနှင့် ထိတွေ့သွားသဖြင့် သေတ္တာကြီးက ထောင်ကျယ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
သေသောသူတို့ ရှင်သန်ရာကမ္ဘာထဲသို့ ဝင်ဝင်ချင်း သေတ္တာကြီး မပြောင်းလဲသွားခြင်းကမူ ၎င်း၏အတွင်းနေရာမှာ သီးခြားကမ္ဘာတစ်ခုဖြစ်နေ၍ပင်။ ဗိုက်ထဲရှိ လူအားလုံးကို ထွေးထုတ်ရန် သေတ္တာ ပွင့်လာသည့်အခါမှ အတွင်းနေရာသည် ဖုန်းတုနှင့် ထိတွေ့မိသွား၏။ ထိုအခါမှ သေသောသူတို့၏ ရှင်သန်ရာကမ္ဘာကြောင့် သေတ္တာကြီးမှာ ထောင်ကျယ်သားရဲအဖြစ် ပြန်လည်ရှင်သန်လာခဲ့ခြင်း ဖြစ်ပေသည်။
ချင်မူ အကြည့်လွှဲ၍ ခါးရှိ ထောင်ကျယ်အိတ်များကို ကပျာကယာ ဖမ်းဆုပ်ရင်း သူ့ဘာသာ တွေးလိုက်မိသည်။ ‘ငါ့ထောင်ကျယ်အိတ်တွေကို သေချာသိမ်းထားမှပဲ ဖွင့်လိုက်လို့ မဖြစ်ဘူး.... မဟုတ်လို့ကတော့ ငါ့ခါးမှာ ထောင်ကျယ်သားရဲနှစ်ကောင် ချိတ်ထားသလို ဖြစ်သွားလိမ့်မယ်....”
တောင်တစ်လုံးတမျှ ကြီးမားလှသော ထောင်ကျယ်သားရဲကြီးနှစ်ကောင် သူ့ခါး၌ ချိတ်နေပြီး သူ အလယ်၌ ညှပ်သွားလျှင်.... သေချာပေါက် ပျော်စရာကောင်းမည်မဟုတ်ပေ။ ညှပ်၍သေသေ၊ ပိ၍သေသေ အသေဆိုးနှင့် သေရလိမ့်မည်သာ...
သေတ္တာကြီးမှ ပြောင်းလဲသွားသော ထောင်ကျယ်သားရဲမှာ သူ့ခြေထောက်များသူ ကြည့်ရင်း မည်သည့်အတွက်ကြောင့် ယခုလိုဖြစ်သွားမှန်း နားမလည်ဖြစ်နေ၏။
သို့သော် သူက အထွေအထူး တွေးမနေဘဲ ဖုန်းတုမြို့ထဲ ပြေးဝင်သွားသည့် လူများနောက်သို့ တမုဟုတ်ချင်း ပြေးလိုက်တော့သည်။ ပါးစပ်ဟရင်း သူတို့အားလုံးကို မြိုချရန် ကြိုးစားနေသည်။
သေသောသူတို့၏ ရှင်သန်ကမ္ဘာကြောင့် အသွေးအသားများ ပြန်လည်ဖြစ်တည်လာသော်လည်း ထောင်ကျယ်သားရဲ၏ စိတ်မှာ ရိုးရှင်းနေဆဲ ဖြစ်သည်။ သူက ချင်မူ ဝိညာဉ်ထည့်သွင်းပေးလိုက်သည့် သေတ္တာတစ်လုံးသာ မဟုတ်ပါ၏လော။
လိုက်ဖမ်းခံနေရသော သေလူများမှာ ထိတ်လန့်ကုန်ကြပြီး ပြေးချင်စိတ်ပင် ကုန်ခမ်းသွားကြတော့သည်။
ထောင်ကျယ်သားရဲဆိုသည်မှာ ရက်စက်ကြမ်းကြုတ်သည့်နေရာ၌ နာမည်အကျော်ကြားဆုံး သတ္တဝါတစ်ကောင်ဖြစ်ပြီး မည်သည့်အရာကိုမဆို စား၏။ အစာရွေးသည်ဟူ၍ မရှိချေရာ အားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်မှာ မထူးဆန်းပေ။
ချင်မူ အတန်ကြာ တွေဝေနေပြီးနောက် သတ္တဝါကြီးအား ပြန်ခေါ်လိုက်သည်။ ထောင်ကျယ်သားရဲကြီးက သူ့ဆီ ပြန်ပြေးလာကာ ထွက်ပြေးသွားသူများအား လွှတ်မပေးချင်သောအကြည့်ဖြင့် လှမ်းကြည့်နေ၏။ ထို့နောက် နဂါးချီလင်ကို မြင်သည့်အခါ ထောင်ကျယ်သားရဲကြီးမှာ ထခုန်မတတ် ပျော်ရွှင်သွားပြီး ထူးဆန်းသောပါးစပ်ကြီးအား ဟလိုက်သည်။
နဂါးချီလင် အမွှေးများ ထောင်သွားပြီး ကမန်းကတန်း ပြောလိုက်၏။ “ငါ့ကို မစားနဲ့နော်။ ငါ မင်းကို ညီအစ်ကိုလို သဘောထားပေးခဲ့တောင် မင်းက ငါ့ကို စားချင်နေသေးတယ်။ ဘယ်မှာလဲ ငါ့အတွက် တရားမျှတမှု”
ချင်မူ သူ့အား နှစ်သိမ့်လိုက်သည်။ “မပူပါနဲ့... မင်းကို စားချင်နေတာ မဟုတ်ပါဘူးကွာ။ အရိုးတွေ၊ လက်တွေ၊ ခြေထောက်တွေ သိမ်းထားရတာကို ကြိုက်နေရုံတင်ပါ... ဟာ .. ဟာ ... ဟေ့ကောင်ကြီး ငါ့ကို ထွေးထုတ်စမ်း၊ မြန်မြန် ထွေးထုတ်စမ်း။ သောက်ကမြင်းမ သေတ္တာ.. ငါ့ကိုတောင် စားချင်နေတယ်... မြန်မြန် ထွေးထုတ်လို့....”
......
နောက်ဆုံးတော့ သူတို့ ဖုန်းတုထဲရှိ ပထမဆုံးနတ်ဘုရားမြို့တော်ဆီသို့ ရောက်လာကြသည်။ ဤနေရာတွင် ထူးဆန်းသော လူမျိုးစုံကို ချင်မူ တွေ့မြင်နေရ၏။
သို့သော် ပုံမှန်အတိုင်း သေသွားသော အဆင့်မြင့်ကောင်ကင်နတ်သိုင်းပညာရှင်များကတော့ ခြေလက်အင်္ဂါအစုံ ရှိကြလေသည်။
ပထမဆုံး နတ်ဘုရားမြို့တော်တွင် လူများလည်း ရှိသလို၊ ထူးဆန်းသောအရာများလည်း လေထဲတွင် ပျံဝဲနေကြသည်။ သူတို့က လူသေများနှင့် မတူဘဲ ဝိညာဉ်များ ဖြစ်ဟန်တူ၏။
“အဲဒါတွေက အဆင့်မြင့်သိုင်းပညာရှင်တွေရဲ့ ခန္ဓာမဲ့ ဝိညာဉ်တွေပဲ။ သူတို့ရဲ့ မပြည့်စုံတဲ့ ဝိညာဉ်တွေအနေနဲ့ ဒီမှာ လှည့်လည်သွားလာနိုင်ပေမယ့် ဖုန်းတုထဲမှာတောင် ရုပ်ခန္ဓာကိုယ်ကို မပိုင်ဆိုင်ကြရဘူး” ငှက်ခေါင်းနတ်ဘုရားချိရှို့က ရှင်းပြသည်။ “သွားမကြည့်နဲ့ ပူးကပ်ခံရလိမ့်မယ်”
ချင်မူ ကပျာကယာ အကြည့်လွှဲလိုက်သော်လည်း စပ်စုချင်စိတ်က မပျောက်သေးပေ။ လှည့်လည်ပျံဝဲနေသည့် မပြည့်စုံသော ဝိညာဉ်များကို ကြည့်မည့်အစား လူများကို သူ လိုက်ကြည့်နေသည်။
မကြာမီ ထူးဆန်းသော အရာတစ်ခုကို သူ တွေ့ရှိသွား၏။ ကောင်းကင်ယံရှိ မပြည့်စုံသော ဝိညာဉ်များအပြင် ... မြေပြင်ပေါ်၌ ရုပ်ခန္ဓာမရှိသူများလည်း ရှိနေချေသည်။ သူတို့က မူလဝိညာဉ်အသွင်များဖြင့် သွားလာနေကြခြင်း ဖြစ်၏။
သို့တိုင်အောင် ထိုလူများကား အတိုင်းထက်အလွန် သန်မာအားကောင်းသည်။ သူတို့ မူလဝိညာဉ်များ၏ အသွင်သဏ္ဍာန်များက လူ့ခန္ဓာမဟုတ်ကြပေ။ များသောအားဖြင့် အထွတ်အမြတ်သတ္တဝါများအသွင် ရှိကြသည်။ အတွေ့အများဆုံး မူလဝိညာဉ်အသွင်များက မီးငှက်နတ်ဘုရား၊ လိပ်နက်နတ်ဘုရား၊ နဂါးစိမ်းနတ်ဘုရားနှင့် ကျားဖြူနတ်ဘုရားဖြစ်သည့် ဝိညာဉ်ခန္ဓာလေးမျိုး ဖြစ်ကြ၏။
သို့သော် မည်သို့မည်ဖုံ အမည်တပ်ရမှန်း မသိသော မူလဝိညာဉ်အသွင်များလည်း ရှိနေသေးသည်။ အစိမ်းရောင်အစွယ်များနှင့် အစိမ်းရောင်မျက်နှာရှိသော မိစ္ဆာနတ်ဘုရား၊ မီးတောက်မီးလျှံများ ခန္ဓာကိုယ်ကို ရစ်ပတ်လျက်ရှိပြီး စွင့်စွင့်ကားကား ကျွဲချိုကြီးများဖြင့် ကျွဲခေါင်းနတ်ဘုရား ၊ လူခေါင်းမြွေကိုယ်နတ်ဘုရား၊ ခေါင်းသုံးလုံးလက်ခြောက်ဖက်နတ်ဘုရားစသဖြင့် အသွင်သဏ္ဍာန်မျိုးစုံလှသည်။
‘ဒီလူတွေက မပြည့်စုံတဲ့ ဝိညာဉ်တွေမဟုတ်ဘူး။ သူတို့မူလဝိညာဉ်က အပြည့်အစုံရှိတယ်။ ဘယ်က လာတာများ ဖြစ်မလဲ။ မူလဝိညာဉ် ရှိပြီး ရုပ်ခန္ဓာမရှိဘူးဆိုတော့ သူတို့ရုပ်ခန္ဓာတွေက အသက်ရှိနေသေးတယ်လို့ ဆိုလိုတာမလား’
ချင်မူ အရေးကြီးသည့်အချက်တချို့ကို သတိပြုမိလိုက်သည်။
ထိုမူလဝိညာဉ်များ၏ ရုပ်ခန္ဓာများကား အသက်ရှင်နေသေးချေသည်။
သူ မျက်လုံးကို ပြူးနေအောင် ဖွင့်ကာ ပတ်ဝန်းကျင်ကို စပ်စုနေမိ၏။ မြို့ထဲတွင် အသွင်သဏ္ဍာန်အမျိုးမျိုး ကွဲပြားသော မူလဝိညာဉ်အမြောက်အမြား ရှိကြသည်။ မြို့ထဲ ဝင်ရုံသာ ရှိသေးသည်၊ မူလဝိညာဉ်နှစ်ရာကျော် မြင်တွေ့ခဲ့ရပြီးပြီဖြစ်၏။
သို့ဆိုလျှင် နတ်ဘုရားအယောက်နှစ်ဆယ်ကျော် အသက်ရှင်နေသေးသည်ဟု မဆိုလိုဘူးလော....
သူတို့အားလုံး မည်သည့်နေရာတွင် ပုန်းနေကြသနည်း....
ထို့အပြင် ယခုမှ မြို့ထဲ ဝင်စ,သာ ရှိသေးရာ မြို့ထဲတွင် မူလဝိညာဉ်များ ပို၍ပင် များပြားနေလိမ့်မည်။
ဤမြို့မှာလည်း ဖုန်းတု၏ နတ်ဘုရားမြို့တစ်မြို့သာ ဖြစ်၏။ သူ နောက်ဆုံးတစ်ခေါက် လာခဲ့တုန်းက ဤနေရာတွင် မြို့ပေါင်း ကိုးမြို့၊ ဆယ်မြို့ခန့် ရှိမည်ထင်ခဲ့ရပြီး မြို့တိုင်းက အလွန်ကြီးမားလေသည်။
သို့ဆိုလျှင် နတ်ဘုရားမည်မျှ အသက်ရှင်နေသေးသနည်း....
‘ဘာကြောင့် ဒီနတ်ဘုရားတွေက ရုပ်ခန္ဓာကို စွန့်ပြီး ဖုန်းတုထဲ ဝင်လာကြတာလဲ။ သူတို့ ရုပ်ခန္ဓာတွေမှာ ဘယ်ရောက်.... နေစမ်းပါဦး’
ချင်မူ ချီနှင့်သွေးများ နားထင်သို့ ဆောင့်တက်လာသကဲ့သို့ ခံစားလိုက်ရကာ နားနှစ်ဖက်လုံး အူထွက်သွားသည်။
သူ၏ကမ္ဘာထဲတွင် နတ်ဘုရားများစွာ ရှိ၏။
သူတို့က... မဟာမြို့ပျက်ထဲတွင် လူသားများအား ကာကွယ်ပေးနေသော ကျောက်ရုပ်တုများ ဖြစ်ချေသည်။
သို့ဆိုလျှင် သူတို့အားလုံး အသက်ရှင်လာပြီး နတ်ဘုရားများ မဖြစ်နိုင်သွားဘူးလား....
ဤအတွေးကား အမှန်ပင် ထိတ်လန့်ဖွယ်ကောင်းပေသည်။
မဟာမြို့ပျက်၏ ဆန်းကြယ်သော ဖြစ်ရပ်များက ချင်မူ့ကို သို့လောသို့လော ဖြစ်စေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ သို့သော် သူ၏ခန့်မှန်းချက်သာ မှန်လျှင် ထိုဆန်းကြယ်သော ဖြစ်ရပ်တချို့အတွက် အဖြေထွက်လာချေပြီ။
ဥပမာ ကောင်းကင်နတ်မင်းကျောင်းဆောင်မှ ကောင်းကင်နတ်မင်း၏ ကျောက်ရုပ်တုကြီး ညရောက်သည့်အခါ နဂါးချီလင်ကို စီး၍ နဂါးဘုရင်အား သွားချေမှုန်းခဲ့သော အဖြစ်အပျက်။
အမွှေးဖြူလင်းနို့နတ်ဘုရားရုပ်တုကြီးများ အသက်ဝင်လာခဲ့သည့် အဖြစ်အပျက်။
သူနှင့် ရွာလူကြီး မဟာမြို့ပျက်၏ ညအမှောင်ထဲ၌ လျှောက်သွားနေစဉ် မြင်ခဲ့သော နတ်ဘုရားများနှင့် မိစ္ဆာတို့၏ တိုက်ပွဲ။
မှန်သည်၊ အဖြေမရှိသော အပိုင်းများလည်း ရှိသေးသည်။ နဂါးဘုရင်ကို သုတ်သင်ခဲ့သည့် အဖြစ်အပျက်တွင် ကောင်းကင်နတ်မင်းကျောင်းဆောင်၏ ကောင်းကင်နတ်မင်းက ခိုင်ဧကရာဇ်၏အမိန့်တော်ကြောင့် ပုန်ကန်သူနဂါးဘုရင်ကို သွားရောက်ကွပ်မျက်ခြင်း ဖြစ်သည်။ ခိုင်ဧကရာဇ်၏ အမိန့်တော်က မည်သည့်နေရာမှ ရောက်လာခဲ့သနည်း...
အမွှေးဖြူလင်းနို့နတ်ဘုရားရုပ်တုများ၏ အဖြစ်အပျက်တွင် တစ္ဆောတောင်ကြားအတွင်း၌ လောကသခင်ခန္ဓာနှင့်တူသော နတ်ဘုရားတစ်ပါး အဘယ်သို့ပြု၍ ရှိနေခဲ့သနည်း။ အဘယ်ကြောင့် ယိုတုကမ္ဘာဆီသို့ သွားရာမုခ်ဝ ရှိနေခဲ့သနည်း။
နတ်ဘုရားများနှင့် မိစ္ဆာများ၏ တိုက်ပွဲအတောအတွင်း မည်သူတို့က မဟာမြို့ပျက်၏ နတ်ဘုရားများနှင့် တိုက်ခိုက်နေခဲ့သနည်း။
ထို့အပြင် ဖုန်းတုကမ္ဘာရှိ နတ်ဘုရားတို့၏ မူလဝိညာဉ်များက မာန်ဟုန်မြစ်အစ၌ အဘယ်သို့ပြု၍ ကမ္ဘာငါးခု ထပ်နေခဲ့သလဲဆိုသည့် မေးခွန်းကို မဖြေနိုင်ပေ။ ချင်မူ အဘယ်ကြောင့် ရှေးခေတ်သို့ ပြန်ရောက်သွားမှန်းကိုလည်း သူတို့ မရှင်းပြနိုင်ကြပေ။
‘မဟာမြို့ပျက်ထဲက ထူးဆန်းတဲ့ အဖြစ်အပျက်တွေက မြူခိုးပင်လယ်လိုပဲ။ မြူတွေကို တွန်းထုတ်လေလေ၊ ပိုပိုပြီး မြင်ရခက်လာတယ်...’ ချင်မူ တွေးလိုက်မိသည်။
သူတို့အားလုံး မြို့ထဲရှိ မြစ်ပြင်ကျယ်ကြီးတစ်ခုဆီသို့ ရောက်လာကြသည်။ တံတားပျံတစ်စင်းက ကမ်းစပ်နှစ်ခုကို ဆက်သွယ်ပေးထား၏။ ချင်မူ လက်ရန်းများအနားသို့ အပြေးသွား၍ အောက်ငုံ့ကြည့်လိုက်သည့်အခါ ရေများအစား ပွက်ပွက်ဆူနေသော မြူခိုးများကိုသာ မြင်လိုက်ရသည်။ အထဲ၌ ရွေ့လျားနေသော ထူးထူးဆန်းဆန်းအရာများအား တစ်ချက်တစ်ချက် တွေ့ရတတ်သည်။
“ဒီနေရာက မြူခိုးပင်လယ်နဲ့ ဆက်နေတာလား” သူ စပ်စုကြည့်လိုက်သည်။
“မဟုတ်ဘူး။ ဒီမြူခိုးတွေက ယိုတုကပဲ။ အဲဒီအရာတွေက ယိုတုက အကောင်တွေ” ငှက်ခေါင်းနတ်ဘုရားချိရှို့က ပြောသည်။
“ယိုတုက အကောင်တွေ ဟုတ်လား” ချင်မူ စိတ်ရှုပ်ထွေးသွားသဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ဖုန်းတုနဲ့ ယိုတုက ဆက်နေတာလား။ ယိုတု ဒီနေရာကို မတိုက်ခိုက်ဘူးလား မသိဘူး”
နတ်ဘုရားချိရှို့က မရှင်းပြတော့ပေ။ သူက ကူရာမဲ့တံတားကို ဖြတ်၍ ခန်းမတစ်ခုဆီသို့ ခေါ်သွားသည်။
ခန်းမကား ဘုရင်ချင်၏ခန်းမ ဟု ခေါ်သည်။ သစ်သားပြားအပေါ်၌ အလျားလိုက် ရေးထွင်းထားသော စာလုံးသုံးလုံးကို မြင်သည့်အခါ ချင်မူ မအံ့ဩမိဘဲ မနေတော့ပေ။
‘ဘာလို့ ဒီခန်းမက ဘုရင်ချင်၏ခန်းမ လို့ခေါ်တာလဲ။ ခန်းမသခင်က ချင်မျိုးရိုးမလို့များလား’
ချင်မူ ဇဝေဇဝါ ဖြစ်နေသော်လည်း ငှက်ခေါင်းနတ်ဘုရားက သူတို့ကို ခန်းမထဲ ဝင်ခိုင်းသည်။ ထိုအခိုက်အတန့်တွင် ခန်းမတစ်ခုလုံး တောက်ပလင်းထိန်သွားသည်။ အလင်းက မှုန်ရီတဝါး ဖြစ်နေသကဲ့သို့ ခံစားရစေသည်။
ခန်းမ၏ဘေးတစ်ဖက်စီတွင် အလွန် ရင်သပ်ရှုမောဖွယ်ကောင်းသော တစ္ဆေနတ်ဘုရားရုပ်တုများ ရှိနေ၏။ သူတို့က အလွန်မြင့်မားပြီး ထူးဆန်းသည့် ရုပ်သွင်များ ရှိကြလေသည်။ သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများက သာမန်လူများနှင့် မတူညီပေ။ ခမ်းနားသော ဝတ်ရုံများ ဝတ်ဆင်ထားကြပြီး လက်ထဲတွင် ဓားမ၊ လှံတို၊ ဓား၊ လှံရှည်၊ ဒိုင်း၊ စာရွက်များနှင့် မြွေကြီးများပင် ပါဝင်သည့် လက်နက်မျိုးစုံကို ဆွဲကိုင်ထားကြ၏။
ချင်မူ ကျောက်ရုပ်တုတစ်ခု၏ အရှေ့၌ ရပ်ကာ ၎င်းကိုယ်ပေါ်ရှိ သင်္ကေတအမှတ်အသားများအား ကြည့်လိုက်သည်။ ထိုအခါ တစ္ဆေနတ်ဘုရားရုပ်တု၏ မျက်လုံးများက ရွေ့လျားလာပြီး သူ့ကို ငုံ့ကြည့်သည်။
ချင်မူ အလန့်တကြား ထခုန်မိပြီး ကပျာကယာ နောက်ဆုတ်လိုက်သည်။ တစ္ဆေနတ်ဘုရား၏ မျက်လုံးများက တမုဟုတ်ချင်း မူလနေရာသို့ ပြန်ရောက်သွားသဖြင့် သူ့မှာ အမြင်မှားသွားသည့်အလား ထင်ရသည်။
‘ဒါတွေက ရုပ်တုမဟုတ်ဘူး တကယ့် တစ္ဆေနတ်ဘုရားတွေပဲ’
ချင်မူ ငြိမ်ကုပ်သွားပြီး နတ်ဘုရားချိရှို့နောက် ခပ်သုတ်သုတ် လိုက်သွားတော့သည်။
ပင်မခန်းမထဲတွင် အနက်ရောင်ခြုံထည် လွှားခြုံထားသော နတ်ဘုရားတစ်ပါးက မတ်မတ်ထိုင်၍ စာလိပ်များကို ဖတ်ရင်း အလုပ်များနေသည်။
နတ်ဘုရားချိရှို့က အရိုအသေပေးကာ လျှောက်တင်၏။ “အရှင်ယမမင်း၊ အပြစ်သားချင်မူ၊ ရှင်းအန်းနဲ့ မှော်ဆရာနတ်ဘုရားခွေ့တို့ကို ဖမ်းမိပါပြီ။ အမိန့်တော် ချမှတ်တော်မူပါ”
အနက်ရောင်ခြုံထည်ခြင့် နတ်ဘုရားက လက်ထဲရှိ အနီရောင်စုတ်တံကို ချကာ ခေါင်းမော့လာသည်။ အနက်ရောင်ခြုံထည်အောက်ရှိ သူ့မျက်နှာအား သဲသဲကွဲကွဲ မမြင်ရပေ။ မှိန်ဖျော့ဖျော့အလင်းရောင်နှစ်ခုကိုသာ မြင်ရ၏။
“ရှင်းအန်းရဲ့ သက်တမ်းက မစေ့သေးတော့ ငါ့ဖုန်းတုရဲ့ တရားစီရင်မှုအောက်မှာ မရှိဘူး။ လွှတ်ပေးလိုက်”
နတ်ဘုရားချိရှို့မှာ အတန်ငယ် မှင်သက်သွားသော်လည်း အမိန့်တော်ကို နာခံကာ ရှင်းအန်းအား လွှတ်ပေးလိုက်သည်။
“ရှင်းအန်း မင်း မကောင်းမှုအများကြီး လုပ်ခဲ့ပေမယ့် ဖုန်းတုက သေကံမရောက်သေးတဲ့လူတွေနဲ့ မပတ်သက်ဘူး” ယမမင်းက ပြောသည်။ “ထွက်သွားလို့ ရပြီ”
ရှင်းအန်း အံ့ဩဝမ်းသာသွားသည်။ သူက သရော်တော်တော် ပြောလိုက်၏။ “ဖုန်းတုက တရားမျှတတတ်သေးတယ်ပေါ့လေ။ သိပ်ကောင်းတယ် နှုတ်ဆက်ခဲ့ပါတယ်”
သူ လှုပ်ရှားရန် ပြင်သော်လည်း သူ့ကိုယ်ပေါ်ရှိ ခန္ဓာကိုယ် အခုသုံးဆယ်ခန့်က မလှုပ်ပေ။ သူတို့ကြောင့် သူ့မှာ ခြေတစ်လှမ်းပင် လှမ်းမရ ဖြစ်နေသည်။
ရှင်းအန်း ဒေါသထွက်သွားသည်။ ထိုခန္ဓာကိုယ်များက အော်ဟစ်ရုန်းကန်းရင်း သူ့ကို ဆဲဆိုကာ အပြစ်ကြွေးပြန်ဆပ်ခိုင်းနေသည်။
“ဘုရင်ချင်ရဲ့ခန်းမမှာ ဒီလို ဆူဆူညံညံအသံတွေ လက်မခံဘူး” ဘဝင်မကျဖြစ်နေသော ယမမင်း၏အသံ ထွက်လာသည်။ “သူ့ကို အပြင် ဆွဲထုတ်လိုက်”
ရုတ်တရက် တစ္ဆေနတ်ဘုရားရုပ်တုနှစ်ခု အသက်ဝင်လာသည်။ တစ္ဆေနတ်ဘုရားနှစ်ယောက်က မှိန်းများဖြင့် ရှင်းအန်းကို ထိုးကာ ခန်းမအပြင်သို့ လွှင့်ပစ်လိုက်သည်။
“ငါ့ကို ထွက်သွားခွင့်ပေးတယ်လို့ မင်းပဲ ပြောခဲ့တာမဟုတ်လား။ ဘာလို့ ဖုန်းတုမှာပဲ ထားထားသေးတာလဲ” ရှင်းအန်းက ဒေါသတကြီး ပြောသည်။
နတ်ဘုရားချိရှု့က သရော်လိုက်၏။ “မင်းဘာသာမင်း လမ်းလျှောက်ပြီး ထွက်သွားလေ၊ ကိုယ်အသုံးမကျတာကို သူများတွေအပေါ် အပြစ်တင်နေတယ် မောက်မာတဲ့ကောင်”
ထို့နောက် ယမမင်းက တစ်စက်မှ မကြောက်နေသော မှော်ဆရာနတ်ဘုရားခွေ့ကို ကြည့်လိုက်သည်။ မှော်ဆရာနတ်ဘုရားခွေ့က သရော်သလို ပြောလာ၏။ “ငါ့သက်တမ်းကလည်း မစေ့သေးဘူးနော် လူအိုကြီးချင်၊ မင်း ငါ့ကိုလည်း မလွှတ်ပေးသင့်ဘူးလား”
‘လူအိုကြီးချင်ဟုတ်လား’ ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ ‘ယမမင်းရဲ့ မျိုးရိုးကလည်း ချင်ပဲလား။ သူက ဘယ်သူများပါလိမ့်’
ယမမင်းက မှင်သေသေ လှမ်းကြည့်သည်။ “ဖုန်းတုအတွက် အသက်နုတ်ယူဖို့တာ မခက်ဘူး။ မင်း မကောင်းမှုတွေ လုပ်ခဲ့တာ သိပ်များနေပြီ။ ငါတို့ဖုန်းတုထဲက လူအတော်များများက မင်းလက်ချက်နဲ့ သေခဲ့ရတာ။ မင်းဂါဝရပြုလို့ သူတို့ဝိညာဉ်တွေ ပြိုကွဲခဲ့ကြရတယ်။ မင်းကို ငဲ့ညာစရာ အကြောင်းရင်းကို မရှိဘူး”
မှော်ဆရာနတ်ဘုရားခွေ့က မဖြုံဘဲ အေးစက်စက် ရယ်သည်။ “အဲဒီတော့ရော မင်း ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ။ မင်းရဲ့ ဖုန်းတုဆိုတာ ယိုတုသိမ်းပိုက်တာ ခံထားရတဲ့ ပိုင်နက်လေးတစ်ခုပဲလေ။ ဖုန်းတုက အသက်ရှင်ကျန်ခဲ့တဲ့သူတွေ စုဝေးပြီး ကောင်းကင်ဘုံကို ပြောင်းပြန်လှန်ပစ်ဖို့ အလကား လျှောက်ကြိုးစားနေတဲ့ ယိုတုအတုထက် မပိုဘူး။ မင်းတို့ကျင့်ကြံတဲ့ ယိုတုလမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ကလေးကလား ကစားစရာလေးတွေသာသာပဲ ရှိတယ်။ ငါတောင်မှ စိတ်မဝင်စားဘူး။ ကောင်းကင်နတ်ဘုံရဲ့ ယိုတုကောင်းကင်နတ်သိုင်းတွေနဲ့ ယှဉ်ရင် မင်းတို့က မိုင်ပေါင်းထောင်ချီ နိမ့်ကျနေသေးတယ်
“ငါက ကောင်းကင်ဘုံက အမှုထမ်းတစ်ယောက်။ ယိုတုအနေနဲ့ ငါ့ကို တရားမစီရင်နိုင်ဘူး။ တခြားသူတွေရဲ့ လက်ထဲမှာတော့ ငါ သေနိုင်ပေမယ့် ယိုတုရဲ့ လမ်းစဉ်တွေနဲ့ ကျင့်စဉ်တွေကတော့ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ မင်း ငါ့ကို သတ်လို့မရဘူး ယမမင်း”
ယမမင်းက တုန်လှုပ်ခြင်းမရှိသလို သူ၏အသံသည် တည်ငြိမ်အေးဆေးနေ၏။ “မင်းကို မသတ်ဘဲ ဖမ်းခဲ့တဲ့ အကြောင်းရင်းက မင်းကနေတစ်ဆင့် ရန်သူကို နားလည်အောင် လုပ်ချင်လို့ပဲ။ သုံးဘဝကြေးမုံထုတ်ပြီး သူ့လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေအပြင် သူ့အတွေ့အကြုံတွေကိုပါ ရှာလိုက်။ ငါတို့ ရန်သူကို သိအောင် လုပ်ရမယ်”
ဘုရင်ချင်၏ခန်းမထဲရှိ တစ္ဆေဘုရင်တစ်ယောက်က မှော်ပလ္လင်ထက်မှ ဆင်းလာပြီး မှော်ဆရာနတ်ဘုရားအရှေ့၌ ရပ်လိုက်သည်။ ထိုတစ္ဆေဘုရင်တွင် အစိမ်းရောင်အရေပြားနှင့် သနားစရာကောင်းလောက်အောင် သေးငယ်နေသော တောင်ပံတစ်စုံ ရှိ၏။ ချိုများက သူ့ခေါင်းတွင် ပေါက်နေပြီး အစွယ်များကြောင့် သူ့ပါးစပ်မှ ကြီးနေသယောင် ထင်ရသည်။
တစ္ဆေဘုရင်က ရုတ်တရက် ပါးစပ်ဟလိုက်ရာ ပါးစပ်သည် သူ့ခန္ဓာကိုယ်ထက်ပင် ကြီးမားသွား၏။ အလွန်ကြီးလွန်းသဖြင့် ကြက်သီးမွေးညင်းများပင် ထစေနိုင်သည်။
သူ့ပါးစပ်ထဲတွင် အလင်းရောင်များ စုဝေးလာပြီး ကြေးမုံတစ်ချပ် ဖွဲ့တည်လာသည်။ မှော်ဆရာနတ်ဘုရားခွေ့ ၏ ပုံရိပ်က ကြေးမုံတွင် သွားရောက်ထင်ဟပ်သည်။
မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ်မှာ စူးစူးဝါးဝါး အော်ဟစ်ရင်း အစိမ်းရောင်အငွေ့အသွင် ပြောင်းသွားကာ ကြေးမုံထဲသို့ စုပ်ယူခံလိုက်ရ၏။
ထိုအခါ ကြေးမုံ၏ ပုံရိပ်များ ပြောင်းလဲလာသည်။ ကြေးမုံက မှော်ဆရာနတ်ဘုရားခွေ့ အဖမ်းခံလိုက်ရသော အခိုက်အတန့်မှစ၍ မှော်ဆရာနတ်ဘုရားခွေ့၏ ဘဝကို နောက်ကြောင်းပြန်ပြနေသည်။
ပုံရိပ်များက တဖြတ်ဖြတ် ရွေ့လျားနေ၏။
ရှင်းအန်း မှော်ဆရာနတ်ဘုရားခွေ့ကို ဖမ်းချုပ်ခဲ့ပုံ၊ ပန်ကုန်းစုန် မှော်ဆရာနတ်ဘုရားခွေ့အား အကောက်ကြံခဲ့ပုံ၊ မှော်ဆရာနတ်ဘုရားခွေ့ သေခြင်းရှင်ခြင်းစာအုပ်ကို သုံး၍ လူသန်းပေါင်းများစွာအား သေသည်အထိ ဂါဝရပြုခဲ့ပုံ၊ ရန်သူစစ်သူကြီးများအား သတ်ပစ်ခဲ့ပုံ စသဖြင့်.... ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ တိုက်ပွဲအထိ ပြန်ရောက်သွားသည်။ ကြေးမုံထဲတွင် အချိန်သည် ရှေးကာလများဆီသို့ ပြန်လည်စီးဆင်းနေ၏။ သူ့ဘဝအတွေ့အကြုံများအားလုံး သိုဝှက်ခြင်းမရှိ ဖော်ပြခံနေရလေသည်။
ချင်မူ ခေါင်းကြိမ်းလာသည်။ ဤသုံးဘဝကြေးမုံ၏ ရှေ့မှောက်၌ မည်သူက လျှို့ဝှက်ချက်များ ထိမ်ချန်ထားနိုင်ပါတော့မည်နည်း။