← Chapters

ဧကရာဇ်အဆင့်တပည့် စွန်းထိုင်ရိ

Vol. 39 Ch. 518

ဧကရာဇ်အဆင့်တပည့် စွန်းထိုင်ရိ

Vol. 39 Ch. 518

ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ နှစ်ခုဟာ ပြိုကွဲသွားပြီ ဆိုပေမယ့် အကြွင်းမဲ့ ပြိုကွဲပျက်စီးသွားတာမျိုးတော့ မဟုတ်ပါဘူး ။ ဝင်္ကပါကို ခင်းကျင်းနိုင်တဲ့ လူတွေ ရှိနေသေးသရွေ့ သည်ဝင်္ကပါ နှစ်ခုဟာ အချိန်မရွေး ပြန်လည် ဖြစ်တည်လာနိုင်ပါသေးတယ် ။ ဒါကြောင့်လည်း သည်ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ နှစ်ခုကို မဟာ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာလို့ ဆိုကြတာပါ ။

" နဂါးကိုးကောင် ကကြိုး "

လီဖူချန်း သည်လူ၅၀၀ကျော်ကို အခွင့်အရေးပေးလို့ မရဘူးဆိုတာကို သိတဲ့အတွက် လုံးဝ ရပ်တန့်ခြင်း မရှိဘဲ ထပ်မံ တိုက်ခိုက်လိုက်ပြန်ပါတယ် ။

ဂါး……ဂရား…… ဂါး……

ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ ကွဲထွက်သွားပြီး မိုင်အနည်းငယ် ရှည်လျားတဲ့ နဂါးကိုးကောင်အဖြစ် ပြောင်းသွားခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ အဲသည်နဂါးကိုးကောင်ဟာ ဝင်္ကပါ ပြန်ခင်းကျင်းဖို့ ပြင်နေတဲ့ လူ၅၀၀ကို အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ပါတော့တယ် ။

ဝုန်း……ဝုန်း……ဝုန်း……

ဘန်း……ဘန်း……

ဂရား……

အစကတည်းက ဝင်္ကပါကို ပြန်လည်ခင်းကျင်းဖို့ မနည်း ကြိုးစားနေရတဲ့ လူတွေဟာ နဂါးကိုးကောင်ရဲ့ အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပါဘူး ။

" အား…… အမယ်လေး…… သေပါပြီဟ "

ဘုရင်အဆင့် တပည့်နှစ်ယောက် အပါအဝင် ဝင်္ကပါနှစ်ခုထဲမှာ ရှိနေတဲ့ လူအားလုံးဟာ အသံနက်ကြီးတွေနဲ့ အော်ဟစ်ညည်းညူပြီး ဝင်္ကပါတွေ ထဲကနေ လွင့်ထွက်ကုန်ပါတော့တယ် ။သူတို့အားလုံးရဲ့ ပါးစပ်ကနေလည်း သွေးတွေ အန်ထွက်နေခဲ့ပါပြီ ။

"မင်းလိုလူက ဧကရာဇ်အဆင့် တပည့် ဖြစ်နေတာလည်း  ဘာမှ မထူးဆန်းတော့ဘူး ။ မင်းက ငါ့ဘဝမှာ ပထမဦးဆုံး  ကြုံဖူးတဲ့ ကြယ်၈ပွင့် ခန္ဓာကိုယ် အပြင်အား အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပဲ "

ရုတ်တရက် ဆိုသလို ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ စူးရှထက်မြက်တဲ့ မျက်လုံးအစုံကို ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်ဟာ လီဖူချန်းနဲ့ မိုင်အနည်းငယ် အကွာမှာ ပေါ်လာခဲ့ပါတယ် ။

သူက ငွေရောင် ဝတ်စုံကို ထက်အောင်ဆင်တူ ဝတ်ဆင်ထားပြီး လက်ထဲမှာလည်း ငွေရောင်ဓားရှည်ကို ဆွဲကိုင်ထားပါတယ် ။သူက ချီအရှိန်အဝါ တစ်စက်ကိုတောင် မထုတ်လွှတ်ထားပါဘူး ။ဒါပေမဲ့လည်း လီဖူချန်းက အဲသည်လူငယ်ဆီကနေပြီး ကြောက်မက်ဖွယ်ကောင်းတဲ့  ဓားချီကို ခံစားမိနေဆဲပါပဲ ။

" ဧကရာဇ်အဆင့် တပည့်လား "

လီဖူချန်းက ခေါင်းကိုလှည့်ပြီး သေသေချာချာ အကဲခတ်ကြည့်လိုက်ပါတယ်။

သူ့ရဲ့ အကဲခတ်မှုဟာ လုံးဝ မှားယွင်းနိုင်စရာ အကြောင်းမရှိပါဘူး ။အခုရောက်လာတဲ့ လူငယ်ဟာ သေချာပေါက် ဧကရာဇ် အဆင့်အတန်းက တပည့်တစ်ယောက်ပါပဲ ။

လီဖူချန်းက ဧကရာဇ် အဆင့်အတန်း တပည့် ရောက်လာတာနဲ့ ပက်သက်ပြီးတော့ မအံ့သြတော့ပါဘူး ။ ဒါက သူ့အနေနဲ့ ကြေးခွံဖြူတိုက်ကြီးပေါ်မှာ  ပြန်လည်ဝင်စားခြင်းနယ်ပယ် ဧကရာဇ်အဆင့် တပည့်ကို ဒုတိယအကြိမ်မြောက် တွေ့ဖူးတာ မဟုတ်ပါလား ။

သည်ကြေးခွံဖြူ တိုက်ကြီးပေါ်မှာက ဘုရင်အဆင့် ဂိုဏ်းပေါင်း ၁၀၀ နီးပါးနဲ့ ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်း ရှိနေတာပါ ။ အဲသည်အတွက် တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးတဲ့ ဧကရာဇ် အဆင့်အတန်း တပည့်အချို့ ရှိနေဦးမှာပါပဲ ။

ခြုံငုံပြီး သုံးသပ်ရမယ် ဆိုရင်တော့ ဧကရာဇ်အဆင့် တပည့်တစ်ယောက်ရဲ့ အစွမ်းက ဟင်းလင်းပြင်အရိပ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာနဲ့ ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတို့ထက် အများကြီး  အစွမ်းထက်တယ်လို့ ဆိုရမှာပါ ။

ဟင်းလင်းပြင်အရိပ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ နဲ့ ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတို့ဟာ အားနည်းတဲ့ ဧကရာဇ်အဆင့် တပည့်တွေကို  ယှဉ်နိုင်တာ ဒါမှမဟုတ် အနိုင်ယူနိုင်တာမျိုး လုပ်ကောင်း လုပ်နိုင်ပါလိမ့်မယ် ။ ဒါပေမဲ့ အစွမ်းထက်တဲ့ ဧကရာဇ်အဆင့် တပည့်တွေနဲ့ ယှဉ်ရင်တော့ သည်ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေဟာ အများကြီး အားနည်းနေပါသေးတယ် ။

ဧကရာဇ်အဆင့် တပည့်တွေ နဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေကြားက ကွာဟချက်က စွမ်းအား မဟုတ်ပါဘူး ။ နည်းစနစ် နဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်မှုသာ ဖြစ်ပါတယ် ။

ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ချိတ်ဆက် အသုံးပြုကြတဲ့ လူတွေဟာ မတူညီတဲ့ ကျင့်ကြံမှု အဆင့်တွေမှာ ရှိကြပြီး ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ အပေါ်မှာ နားလည်သဘောပေါက်ခြင်း မတူညီကြပါဘူး ။ အဲသည်အတွက် အားနည်းချက်တွေဟာ ဖြစ်ပေါ်လာပါတယ် ။

ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေရဲ့ အရေးအကြီးဆုံး အချက်က အချင်းချင်း နားလည်မှု ရှိပြီး အပေးအယူ မျှဖို့ပါပဲ ။ အချင်းချင်း နားလည်မှုရှိပြီး အပေးအယူမျှတဲ့ လူတွေသာ ချိတ်ဆက်ထားမယ်ဆိုရင် အားနည်းတဲ့ လူတွေတောင်မှပဲ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကို ထုတ်ဖော်ပြသနိုင်မှာ ဖြစ်ပါတယ် ။

သည်ဟင်းလင်းပြင်အရိပ် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ နဲ့ ကြယ်စင်စု ဝင်္ကပါထဲမှာ ပါဝင်တဲ့ လူငါးယောက်လောက်ကသာ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ပြီး အချင်းချင်း အပေးအယူ မျှမယ်ဆိုရင် လီဖူချန်းအနေနဲ့ သည်ဝင်္ကပါတွေကို ရှုံးနိမ့်နေလောက်ပါပြီ ။

ဒါပေမဲ့လည်း တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ပြီး အချင်းချင်း အပေးအယူမျှဖို့ ဆိုတာက အတော်လေး ခဲယဉ်းတဲ့အတွက် လီဖူချန်း အနေနဲ့ ကံကောင်းတယ်လို့ ဆိုရပါမယ် ။

အဲသည်လိုအခြေအနေမျိုး ဆိုတာက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ တတ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး ။ ဝင်္ကပါတိုက်ခိုက်နည်းဗျူဟာရဲ့ အနှစ်သာရကို နားလည်သဘောပေါက်ထားတဲ့  တိုက်ပွဲဝိညာဉ် သခင်တွေအတွက်တောင်မှ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ပြီး အချင်းချင်း အပေးအယူ မျှဖို့ဆိုတာ ခက်ခဲတဲ့ အရာတစ်ခု ဖြစ်နေဆဲပါပဲ ။

ဧကရာဇ်အဆင့် တပည့်တွေကတော့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေနဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ် ။ သူတို့က  သူတို့ရဲ့ ခန္ဓာကိုယ်ကို စိတ်တိုင်းကျ လှုပ်ရှားနိုင်သလို သူတို့ရဲ့ အစွမ်းတွေ အကုန်လုံးကိုလည်း စိတ်ရှိသလို အသုံးပြုနိုင်သူတွေပါ ။

အဲသည်အတွက် တိုက်ခိုက်နိုင်စွမ်း တူညီတဲ့ ဝင်္ကပါ နည်းဗျူဟာ နဲ့ ဧကရာဇ်အဆင့် တပည့်တစ်ယောက်မှာဆိုရင် ဧကရာဇ်အဆင့် တပည့်က အများကြီး ပိုအစွမ်းထက်တယ်လို့ ဆိုရတာ ဖြစ်ပါတယ် ။

" ငွေဓားဂိုဏ်းက စွန်းထိုင်ရိ "

ငွေရောင်ဝတ်စုံဝတ် လူငယ်က စပြီး မိတ်ဆက်လာခဲ့ပါတယ် ။

" သက်တံနီဂိုဏ်း၊ လီဖူချန်း "

တစ်ဖက်လူက သူ့နာမည်ကိုပြောပြီး  စမိတ်ဆက်လာတဲ့အတွက် လီဖူချန်းကလည်း မနေသာတော့ပါဘူး ။ သူကလည်း သူ့ကိုယ်သူ ပြန်မိတ်ဆက်လိုက်ပါတယ် ။

ကြည့်ရတာတော့ သည်စွန်းထိုင်ရိက ငွေသဲဖြူ နယ်မြေဒေသမှာရှိတဲ့ ငွေဓားဂိုဏ်းဆီကနေ လီဖူချန်းရဲ့အကြောင်း ကြားပြီး လာခဲ့တဲ့ ပုံပါပဲ ။

" ငါတို့နှစ်ယောက်စလုံးက ဧကရာဇ်အဆင့် တပည့်တွေဆိုတော့  ရှည်ရှည်ဝေးဝေး မပြောတော့ဘူး ။သည်တိုက်ပွဲက ငါ့အတွက် ကျေနပ်စရာ တိုက်ပွဲတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်တယ် "

" ငါ့ဓားချက်ကို မြည်းကြည့်စမ်း "

ရွှမ်……

စကားဆုံးတာနဲ့ တစ်ပြိုင်နက် စွန်းထိုင်ရိဟာ သူ့ရဲ့ ငွေဓားကို ထုတ်ပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါတော့တယ် ။ စွန်းထိုင်ရိက ဓားနဲ့လူ တစ်သားတည်း ပေါင်းစပ်ခြင်း အဆင့်ကို ရောက်နှင့်နေပြီးသား ဆိုတာ သံသယ ဝင်နေစရာ မလိုပါဘူး ။ဘာဖြစ်လို့လည်းဆိုတော့ သူက တောက်ပတဲ့ ဓားအလင်းတန်းတစ်ခုအသွင် ပြောင်းသွားပြီး လီဖူချန်းကို ခုတ်ပိုင်းပစ်လိုက်လို့ပါပဲ ။

သည်ဓားချက်ရဲ့ ထက်ရှမှု နဲ့ ဓားချက်ထဲမှာ ပါဝင်နေတဲ့ စွမ်းအားကိုတော့ ခိုင်းနှိုင်းပြဖို့တောင် ခက်ခဲလွန်းလှပါတယ် ။

သည်ဓားချက်နဲ့ အတူ  လေဟာနယ် ဟင်းလင်းပြင် တစ်ခုလုံးက လိုက်ပါလာသလိုပါပဲ ။

စွမ်းအားချင်း ယှဉ်ရမယ် ဆိုရင်တော့ စွန်းထိုင်ရိရဲ့ ဓားသိုင်းဟာ ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာထက်တောင်မှ ပိုအားကောင်းပါတယ် ။  သည်အရာနှစ်ခုက နှိုင်းယှဉ်ဖို့တောင် မအပ်ပါဘူး ။

ဂါး……ဂရား……

ဂျိန်း……ဂျိန်း……ဂျိန်း……

ခေါင်ကိုးလုံး နဂါးဝိညာဉ်က တစ်ချက် ဟိန်းအော်လိုက်တဲ့ အခါမှာတော့ ပတ်ဝန်းကျင် ရာသီဥတုဟာ  ပြောင်းလဲသွားခဲ့ပါပြီ ။အဲသည်နောက်မှာတော့ ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ ဓားအလင်းတန်းဆီကို ပြေးဝင်သွားပါတော့တယ် ။

ဝုန်း……ဝုန်း……ဝုန်း……

ဘန်း……ဘန်း……

လီဖူချန်း နဲ့  စွန်းထိုင်ရိတို့ရဲ့ အကြိတ်အနယ် တိုက်ပွဲကတော့ စတင်လာခဲ့ပါပြီ ။ သူတို့က မျက်စိတစ်မှိတ် အတွင်းမှာပဲ သိုင်းကွက် တစ်ဒါဇင်နီးပါးကို ဖလှယ်လိုက်ကြပါတယ် ။ ဒါပေမဲ့လည်း ဘယ်သူ့ ဘယ်သူမှတော့ အသာစီး မရခဲ့ကြပါဘူး ။

" ဆုတ်ကြ ။ သည်နေရာမှာ မနေကြနဲ့တော့ "

ကြောက်မက်ဖွယ် ဓားချီနဲ့ အညှာအတာ ကင်းမဲ့တဲ့ ချီဝိညာဉ်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကနေ ဖြစ်ပေါ်လာတဲ့ စွမ်းအင် ပေါက်ကွဲမှုတွေကို မခံနိုင်တော့တဲ့အတွက် အရိပ်နန်းတော် နဲ့ ကြယ်တာရာ မျှော်စင်က အဖွဲ့ဝင်တွေကတော့ တိုက်ပွဲစက်ကွင်းထဲကနေ ဆုတ်ခွာသွားကြပါပြီ ။ သူတို့က ဓားခုတ်ရာမှာ လက်ဝင်လျှိုတဲ့ အဖြစ်မျိုးတော့ မဖြစ်ချင်ကြတာ အမှန်ပါပဲ ။ ပြီးတော့ သူတို့ရဲ့ မျက်နှာတွေပေါ်မှာလည်း အစောပိုင်းကလို ဝင့်ကြွားတဲ့ အမူအယာတွေ မရှိတော့ပါဘူး ။

" သည်ကောင့်ရဲ့ သာမန် တိုက်ခိုက်နိုင်စွမ်းကတောင်မှ ဖန်းလီရဲ့ အထက်မှာ ရှိနေတာပဲ "

လီဖူချန်းက စွန်းထိုင်ရိဟာ ဖန်းလီထက်ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာကို သတိပြုမိ လိုက်ပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့  သိုင်းကွက်ပေါင်း တစ်ဒါဇင် ကျော်လာတာတောင်မှ သူက စွန်းထိုင်ရိကို အသာစီး မရယူနိုင်သေးလို့ပါပဲ ။

ဖန်းလီနဲ့ တိုက်ခိုက်တုန်းက ဆိုရင် လီဖူချန်းကချည်း တိုက်ပွဲတစ်လျှောက် အသာစီး ရယူလာခဲ့တာပါ ။ အဲသည်တုန်းကဆိုရင် လီဖူချန်းရဲ့ ကိုးနဂါးလက်သည်းက သည်လောက် အားမကောင်းသေးသလို သူ့အနေနဲ့ တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်ကိုလည်း မလေ့ကျင့်ရသေးပါဘူး ။အခုတော့ စွန်းထိုင်ရိက လီဖူချန်းကို သူတင်ကိုယ်တင် ပြန်လည် တိုက်ခိုက်နေနိုင်ပါတယ် ။ အဲသည်အချက်နဲ့တင် စွန်းထိုင်ရိဟာ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို သိနိုင်နေပါပြီ ။

" သည်ကောင်က ကြယ်၈ပွင့် ဓားတာအို အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပဲ ဖြစ်ရမယ် "

ဖန်းလီ နဲ့ စွန်းထိုင်ရိဟာ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။ ဒါပေမဲ့ သူတို့ရဲ့ အထူးပြု စွမ်းရည်တွေကတော့ မတူညီကြပါဘူး ။ ကြယ်၈ပွင့် ဓားတာအို အရိုးတည်ဆောက်ပုံက ကြယ်၈ပွင့် သစ်စိမ်း အရိုးတည်ဆောက်ပုံထက် အများကြီး ပိုကြောက်စရာ ကောင်းပါတယ် ။

" တောက် ……… ငါ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်း အဆင့်နဲ့ ချီအတွင်းအား ကျင့်စဉ် နှစ်ခုစလုံးက အဆင့်နိမ့်နေလို့ပေါ့ကွာ ။ မဟုတ်လို့ကတော့ သည်ကောင် နဲ့ ပျော်ပျော်ကြီး ဓားရေး ယှဉ်လို့ ရတယ် "

လီဖူချန်းက စိတ်ထဲကနေ မချိတင်ကဲ ကြိမ်းဝါးလိုက်မိပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ။ သူကလည်း ဓားသမားတစ်ယောက် မဟုတ်ပါလား ။ ဓားသမား တစ်ယောက်က အစွမ်းထက်တဲ့ ဓားသမား တစ်ယောက်ကို တွေ့ရင် ဓားရေးချင်း ယှဉ်ချင်တာ ဓမ္မတာပါပဲ ။ အဲဒါကိုတော့ ဓားသမား တစ်ယောက်ရဲ့ ဗီဇလို့ပဲ ပြောရပါမယ် ။

လီဖူချန်းက သူ့ရဲ့ အရိုးတည်ဆောက်ပုံ အဆင့်နိမ့်နေရင်တောင်မှ သူ့ရဲ့ ဓားသိုင်းအပေါ် နားလည်သဘောပေါက်မှုက ပြန်လည်ဝင်စားနယ်ပယ်မှာ ရှိတဲ့ ဘယ်ဓားသမားနဲ့မဆို ယှဉ်နိုင်တယ်ဆိုတာကို  ယုံကြည်ပါတယ် ။ ဒါပေမဲ့ ပြသနာက သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှု အဆင့်နဲ့ ချီအတွင်းအား ကျင့်စဉ် အဆင့်ပါပဲ ။

အဲသည် အားနည်းချက်ကြောင့်ပဲ လီဖူချန်းက ကြေးခွံဖြူ တိုက်ကြီးပေါ်က တိုက်ပွဲတွေမှာ  ချီအတွင်းအား ကျင့်ကြံမှုအစား ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို သုံးနေရတာပါ  ။

" ငါ့ရဲ့ သည်ဓားချက်ကို ခုခံကြည့်ပါဦး "

ရွှမ်း……

" ငါ့ရဲ့ သည်လက်သီးကကော ဘယ်လိုနေလဲ "

ဘန်း……

လီဖူချန်းနဲ့ စွန်းထိုင်ရိတို့က အကြိတ်အနယ် တိုက်ခိုက်နေကြဆဲပါပဲ ။

ဒါပေမဲ့လည်း တိုက်ပွဲအချိန် ကြာလာတာနဲ့အမျှ ကိုးနဂါးလက်သည်း ၊ သေမျိုးကပ်ဘေး လက်သီး ၊ တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ် အစရှိတဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာရပ် သုံးမျိုးကို စနစ်တကျ ရောပြွမ်း အသုံးချနေတဲ့ လီဖူချန်းကို စွန်းထိုင်ရိဟာ လက်ရည်တူ မယှဉ်နိုင်တော့ပါဘူး ။ လီဖူချန်းက တဖြည်းဖြည်းနဲ့ တိုက်ပွဲရဲ့   စည်းချက်ကို ချုပ်ကိုင်လာခဲ့ပါပြီ ။

စွန်းထိုင်ရိကလည်း လူပါး၊လူနပ် တစ်ယောက်ပါပဲ ။သူက တိုက်ပွဲကို အချိန်ဆွဲပြီး ဆက်တိုက်နေမယ်ဆိုရင် သူ့အတွက် အခြေအနေ မဟန်ဘူး ဆိုတာကို တန်းပြီး ရိပ်မိပါတယ် ။တခြား ရွေးချယ်စရာ နည်းလမ်း မရှိပါဘူး ။သူ့အနေနဲ့  သူ့ရဲ့ လူသတ်ဓားကွက်ကို မသုံးမဖြစ်  ထုတ်သုံးမှကို ရပါတော့မယ် ။

" ဖန်ဆင်းရှင် ဓားတာအို "

ချွင်……

လရောင်ဆမ်းတဲ့ ဓားအလင်းတန်းဟာ ကုန်းမြေပေါ်ကို ဆင်းသက်လာခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ အလွန်အမင်း အားကောင်းတဲ့ ဓားတာအို တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပါတော့တယ် ။

ဝုန်း……ဝုန်း……ဝုန်း……

ဝေါ……ဝေါ……ဝေါ……

ကျောက်တုံးကျောက်ခဲတွေ ၊ မြက်ရိုင်းပင်တွေ ၊ရေလှိုင်းလုံးတွေ နဲ့ လေနီကြမ်းတွေဟာလည်း ဓားတာအိုရဲ့ လှုံ့ဆော်မှုကြောင့် သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ အဲသည်အရာတွေ အားလုံးဟာ ချွန်မြတဲ့ ဓားပါးလေးတွေ အဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို တိုးဝင်သွားကြပါတော့တယ် ။

"ကြောက်ဖို့ကောင်းလိုက်တဲ့ ဓားကွက် "

မိုင်ပေါင်းဒါဇင် အဝေးမှာ ရှိနေတဲ့ ဧကရာဇ်အဆင့် ဂိုဏ်းနှစ်ဂိုဏ်းက အင်အားစုတွေကို ဦးဆောင်လာတဲ့ ဘုရင်အဆင့် တပည့် နှစ်ယောက်ကတော့ စွန်းထိုင်ရိရဲ့ ဓားကွက်ကို မြင်ရုံနဲ့တင် ကြောက်ဒူး တုန်နေကြပါပြီ ။

စွန်းထိုင်ရိရဲ့ သည်ဓားချက်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေသတွေနဲ့ နှီးနှောဆက်နွယ်နေတယ်ဆိုတာ အသိသာကြီးပါပဲ ။ ဒါကိုတော့ သူတို့အနေနဲ့ ဘယ်လိုမှ ယုံမှားသံသယ ဝင်စရာ အကြောင်းမရှိပါဘူး ။ဘာဖြစ်လို့လဲဆိုတော့ စွန်းထိုင်ရိရဲ့ ဓားတာအိုဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရှိနေတဲ့ အရာအကုန်လုံးကို ထိန်းချုပ်နေတာ မဟုတ်ပါလား ။ သည်ဓားကွက်က မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရရင် ဘယ်လိုမှ ယုံနိုင်စရာ မရှိတဲ့ ဓားကွက်လို့ပဲ ဆိုရပါမယ် ။

လီဖူချန်းရဲ့ လက်ရှိ ဓားတာအိုက စွန်းထိုင်ရိကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။ ဒါပေမဲ့လည်း သူက သည်လို ဓားပညာရှင် တစ်ယောက်နဲ့ တိုက်ရတဲ့အတွက် သွေးတွေ ပွက်ပွက် ဆူနေခဲ့ပါပြီ။

" ဟား…… ဟား…… ဟား…… လာခဲ့စမ်း "

အားရပါးရ ရယ်မောလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက တစ်စက်ကလေးမှ တွန့်ဆုတ်နေခြင်း မရှိဘဲ ဓါးပါးလေးတွေကို ခုန်ဝင်သွားပါတော့တယ် ။

ဘန်း……ဘန်း……ဘန်း……

စွန်းထိုင်ရိရဲ့ ဓားပါးလေးတွေက အစွမ်းထက်လွန်းလှသလို လီဖူချန်းရဲ့ လက်သီးချက်တွေကလည်း အားမနည်းလှဘူးလို့ ဆိုရပါမယ် ။

ဒါပေမဲ့လည်း ဓားပါးလေးတွေက ပတ်ဝန်းကျင် တစ်ခုလုံးမှာရှိတဲ့ အရာတွေကနေ  ဖြစ်တည်လာတဲ့အတွက် အဆုံးသတ်တယ်ကို မရှိပါဘူး ။

ရွှီး……ရွှီး……ရွှီး………ရွှီး………

နောက်ဆုံးမှာတော့ ဓားပါးလေးတွေဟာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားပါတော့တယ် ။ လီဖူချန်းရဲ့ ကိုးနဂါးဝိညာဉ်ကလည်း ဓားပါးလေးတွေရဲ့ ဖိနှိပ်ခြင်း စတင် ခံနေရပါပြီ ။

လီဖူချန်းကတော့ ဘယ်နေရာကို ကြည့်ကြည့် ဓားပါးလေးတွေကိုပဲ  မြင်နေရပါတယ် ။ မသိရင် သူက ကောင်းကင်တာအို တစ်ခုနဲ့ တိုက်ခိုက်နေရသလိုပါပဲ ။

ရွှီး……ရွှီး……ရွှီး…… ဘန်း……

ရွှီး……ရွှီး……ရွှီး…… ဘန်း……

ခေါင်းကိုးလုံး နဂါးဝိညာဉ်က တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သလို လီဖူချန်းကလည်း အောက်စည်းကို တစ်စထက်တစ်စ ရောက်လာခဲ့ပါပြီ ။

" ပျက်စီးစမ်း "

ဝုန်း……

အဲသည်အချိန်မှာပဲ လီဖူချန်းက ကြိမ်းဝါးလိုက်ပြီး လက်သီးချက်တစ်ချက် ထုတ်လိုက်ပါတော့တယ် ။ အဲသည်နောက်မှာတော့ အနီရောင် အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာပြီး လီဖူချန်းရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ ဓားပါးအုပ်ကြီး တစ်အုပ်ကို လောင်ကျွမ်းပြာကျ သွားစေခဲ့ပါပြီ ။

အဲဒါကတော့ သေမျိုးကပ်ဘေး လက်သီးပါပဲ ။

အကွာအဝေး မီတာတစ်ရာ အတွင်းမှာတော့ သေမျိုးကပ်ဘေးလက်သီးရဲ့ အစွမ်းဟာ ကိုးနဂါးလက်သည်းထက် အများကြီး အစွမ်းထက်ပါတယ် ။

ဒါပေမဲ့ အဲဒါကလည်း တစ်ခဏပါပဲ ။သိပ်မကြာခင်မှာပဲ ဓားပါးလေးတွေဟာ လီဖူချန်းကို ပြန်ပြီး လွှမ်းခြုံသွားခဲ့ပြန်ပါတယ် ။

ဟူး……ဟူး……ဟူး……

ဖန်း……ဖန်း……ဖန်း……ဖန်း………

အဆုံးမရှိတဲ့  ဓားပါးအုပ်ကြီးက လီဖူချန်းရဲ့ ဆယ်မီတာ အနီးကို အရောက်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေပြီး မင်ရည်တွေလို မည်းနက်နေတဲ့ ချီစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ  ။ အဲသည်ချီစွမ်းအင်က လီဖူချန်းဆီကို တိုးဝင်လာတဲ့ ဓားပါး အလက်တိုင်းကို ပြန်တွန်းထုတ်ပြီး ဖျက်ဆီးပစ်လိုက်ပါတယ် ။

" ဟူး…… သည်ကောင်က သိုင်းဘယ်နှစ်မျိုးလောက် ကျင့်ထားတာလဲ "

စွန်းထိုင်ရိက တွေးလိုက်မိပါတယ် ။

သည်ဖန်ဆင်းရှင် ဓားတာအိုက သူ့ရဲ့ စိတ်စွမ်းအားတွေကို အများကြီး စုပ်ယူတဲ့အတွက် သူ့အနေနဲ့ သိပ်ပြီး အချိန်ကြာကြာ အသုံးမပြု နိုင်ပါဘူး ။ အခုတောင်မှပဲ သူက နဖူးကနေ ချွေးသီးချွေးပေါက်တွေ တဒီးဒီး ကျနေခဲ့ပါပြီ ။ ဒါတောင်မှ သူက ဖန်ဆင်းရှင် ဓားတာအိုကို ၈မိနစ်လောက်သာ အသုံးပြုရသေးတာပါ ။

အစောပိုင်းတုန်းကတော့ စွန်းထိုင်ရိက သူ့ရဲ့ ဖန်ဆင်းရှင် ဓားတာအိုဟာ လီဖူချန်းကို ဒဏ်ရာအပြင်းအထန် မရစေရင်တောင်မှ ဒဏ်ရာ အနည်းအကျဉ်းတော့ ရစေနိုင်မယ်လို့ တွေးထင်ခဲ့မိ ပါသေးတယ် ။ဒါပေမဲ့လည်း အခုတော့ သူ့ဆီမှာ အဲသည်အတွေးမျိုး မရှိတော့ပါဘူး ။

သည်လီဖူချန်းဆိုတဲ့ သကောင့်သားက အစွမ်းထက်တဲ့ ခန္ဓာကိုယ် အပြင်အား သိုင်းပညာ သုံးမျိုးလုံးကို မြင့်မားတဲ့ အဆင့်တစ်ခုအထိ ရောက်အောင် လေ့ကျင့်ထားပြီးပြီဆိုတာ အသိသာကြီးပါပဲ ။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူ့အနေနဲ့ လီဖူချန်းကို ဒဏ်ရာ အနည်းအကျဉ်းရအောင် မလုပ်နိုင်ခင်မှာပဲ သူ့ရဲ့ စိတ်စွမ်းအားဟာ အရင် စုတ်ပြတ်သတ်သွား နိုင်ပါတယ် ။

" မတည်မြဲတဲ့ ခမ်းနားထည်ဝါမှု "

နောက်ဆုံးမှာတော့ စွန်းထိုင်ရိဟာ သူ့ရဲ့ ဓားတာအို နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးလာခဲ့ပါပြီ ။

တောက်ပပြီး အရောင်အသွေး စုံလင်တဲ့ ကမ္ဘာကြီး တစ်ခုဟာ လီဖူချန်းကို ဆွဲငင် ယူဆောင်သွားပါတော့တယ် ။

အဲသည် အရောင်အသွေး စုံလင်တဲ့ ကမ္ဘာကြီးထဲမှာတော့ များပြားလှတဲ့ စွန်းထိုင်ရိတွေဟာ လီဖူချန်းကို ဓားချက်တွေနဲ့ ဆီးကြိုနေပါတော့တယ် ။

အရိုးတည်ဆောက်ပုံရဲ့ အရည်အသွေး မြင့်လေလေ နိုးထနိုင်တဲ့ နတ်ဘုရားစွမ်းရည်က ကြောက်စရာ ကောင်းလေလေပါပဲ ။ အဲသည်အတွက် အကြောက်အရွံ့ မရှိဘူး ဆိုတဲ့ လီဖူချန်းတောင်မှ မကြောက်စဖူး  ကြောက်လာမိပါတယ် ။ သူက သည်အရောင်အသွေးစုံ ကမ္ဘာကြီးထဲကနေ အောင်အောင်မြင်မြင် ထွက်ကော ထွက်နိုင်ပါဦးမလား ဆိုပြီးတော့ပေါ့ ။

***

All Chapters