← Chapters

ဓားပညာချင်း ယှဉ်ကြပြီ

Vol. 39 Ch. 519

ဓားပညာချင်း ယှဉ်ကြပြီ

Vol. 39 Ch. 519

" ကိုးနဂါးဝိညာဉ် လာစမ်း "

လီဖူချန်းက ခေါင်းကိုးလုံး နဂါးဝိညာဉ်ကို နောက်ထပ်တစ်ကြိမ် ဆင့်ခေါ်လိုက်ပြန်ပါပြီ ။

ဂါး……ဂရား……

ချီဝိညာဉ်ဟာ လေထုထဲမှာ ရုတ်တရက် ဖြစ်တည်လာပြီး မြောက်များလှတဲ့ စွန်းထိုင်ရိတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ပြေးထွက်သွားပါတော့တယ် ။

ဂါး……ဂရား……

ရွှပ်…… ရွှပ်……ရွှပ်……

ရွှမ်း……ရွှမ်း……

လေထုထဲမှာတော့ ကုတ်ဖြဲသံတွေ ၊ ဓားလေတိုးသံတွေ အပြည့်ပါပဲ ။

ဗြိ……ဗြိ……

ဖန်း……

အဲသည်နောက်မှာတော့ ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ မြောက်များလှတဲ့ စွန်းထိုင်ရိတွေရဲ့ ဓားချက်တွေကြောင့် စုတ်ပြဲထွက်သွား ပါတော့တယ် ။

လီဖူချန်းရဲ့ ခေါင်းကိုးလုံး နဂါးဝိညာဉ်မှာက ခန္ဓာကိုယ် အပြင်အား ဥပဒေသတွေ ပါဝင်နေတယ် ဆိုပေမယ့်လည်း အဲဒါက တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခြင်း အဆင့်ကို မရောက်သေးပါဘူး ။ အဲသည်အတွက် သိုင်းဆန္ဒဟာ အပြည့်အစုံ ဖြစ်တည်ခြင်း မရှိသေးဘူးလို့ ဆိုရပါမယ် ။အဲသည်အတွက်ကြောင့်ပဲ ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ စွန်းထိုင်ရိတွေရဲ့ ဓားချက်တွေကြောင့် ပျက်စီးသွားခဲ့တာပါ ။

" မီးလျှံနှလုံးသား "

ရုတ်တရက်ဆိုသလို အပူစွမ်းအင်းလှိုင်းလုံးကြီး တစ်ခုဟာ လီဖူချန်းရဲ့ ရင်ဘတ်ကနေ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြာထွက်သွားခဲ့ပါပြီ ။

ဖန်း……ဖန်း……ဖန်း……ဖန်း……

အဲသည် အပူလှိုင်းလုံးကြီးက ခေါင်းကိုးလုံး နဂါးဝိညာဉ်ကို အဆုံးသတ်နေတဲ့ စွန်းထိုင်ရိတွေကို တစ်မုဟုတ်ချင်း လောင်ကျွမ်းပြာကျ သွားစေခဲ့ပါတယ် ။

" ကြောက်ဖို့ကောင်းလိုက်တဲ့ မီးလျှံ ဥပဒေသ "

ကျန်ရစ်နေခဲ့တဲ့ စွန်းထိုင်ရိရဲ့ မျက်နှာကတော့ လေးနက်တည်ကြည်    နေခဲ့ပါပြီ ။

အစောပိုင်းတုန်းက သည်ပတ်ဝန်းကျင်ဟာ ဓားတာအို ဥပဒေသတွေနဲ့ ပြည့်နှက်နေခဲ့ပြီး တခြားတာအို ဥပဒေသတွေကို ဖိနှိပ်ထားခဲ့တာပါ ။ ဒါပေမဲ့လည်း အခုတော့ သည်နေရာမှာ ဘယ်ကနေဘယ်လို ရောက်လာမှန်း မသိတဲ့ မီးလျှံတာအို ဥပဒေသတွေ အထပ်ထပ် ပြည့်နှက်လာခဲ့ပါပြီ ။ ပြီးတော့သူ့ရဲ့ ဓားတာအို ဥပဒေသတွေက သည်မီးလျှံတာအို ဥပဒေသတွေကို ဖိနှိပ်နိုင်ခြင်း မရှိတဲ့အပြင် မီးလျှံတာအို ဥပဒေသတွေက သူ့ရဲ့ ဓားတာအို ဥပဒေသ တစ်စိတ်တစ်ပိုင်းကိုတောင် တိုက်စားသွားပါသေးတယ် ။

ဟူး……ဟူး……ဟူး……

ရဲှ……ရှဲ……

စွန်းထိုင်ရိတစ်ယောက် ကြည့်နေဆဲမှာပဲ လီဖူချန်းဟာ မီးလူသား တစ်ယောက် အဖြစ်ကို ပြောင်းလဲသွားပါတော့တယ် ။လီဖူချန်းရဲ့ ရင်ဘတ်မှာတော့ မီးလျှံမျိုးစေ့လေးတစ်ခု ဖြစ်တည်နေခဲ့ပါပြီ ။ အဲသည်မီးလျှံမျိူးစေ့ရဲ့ အပေါ်ယံ မျက်နှာပြင်မှာတော့ ကြက်သွေးရောင် အင်းကွက်တွေ အပြည့်ပါပဲ ။

"ဟင် ……သည်ကောင် "

စွန်းထိုင်ရိက လီဖူချန်းရဲ့ မီးလျှံမျိုးစေ့ပေါ်မှာ ရှိနေတဲ့ ကြက်သွေးရောင် အင်းကွက်တွေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ မီးလျှံဥပဒေသအပေါ် နားလည်သဘောပေါက်မှုဟာ သူ့ရဲ့ ဓားတာအို ဥပဒေအပေါ် နားလည်သဘောပေါက်မှုထက် နက်ရှိုင်းနေပြီ ဆိုတာကို တန်းပြီး သဘောပေါက်လိုက်ပါတယ် ။သူခန့်မှန်းတာသာ မမှားဘူး ဆိုရင်တော့  လီဖူချန်းက သူ့ရဲ့ မီးလျှံအရိုးတည်ဆောက်ပုံပေါ်က အင်းကွက်တွေကို အဆစ်ငါးဆစ်ပြည့်အောင်တောင် နားလည်သဘောပေါက် ပြီးလောက်ပါပြီ ။

အရိုးတည်ဆောက်ပုံပေါ်က အင်းကွက်တွေကို အဆစ်တစ်ဆစ်ပြည့်အောင် နားလည်သဘောပေါက်နိုင်ခြင်းက နတ်ဘုရားစွမ်းရည်ကို စွမ်းအား ပိုတိုးပွားစေပါတယ် ။

အဆစ် ၄.၉ ပိုင်းနဲ့ အဆစ်၅ပိုင်းကြားမှာ ကွာဟချက်က ဝ.၁ သာ ရှိတယ် ဆိုပေမယ့် စွမ်းအား ကွာဟမှုကတော့ အကွာကြီးပါပဲ ။

တကယ်လည်း စွန်းထိုင်ရိရဲ့ ခန့်မှန်းချက်က မမှားပါဘူး ။လီဖူချန်းက သူ့ရဲ့ မီးလျှံ အရိုးတည်ဆောက်ပုံပေါ်က အင်းကွက်တွေကို အဆစ်၅ဆစ် ပြည့်အောင် နားလည် သဘောပေါက်ပြီး သွားခဲ့ပါပြီ ။

ဖန်းလီနဲ့ တိုက်ခိုက်ခဲ့စဉ် တုန်းကတောင်မှ လီဖူချန်းရဲ့ မီးလျှံ အရိုးတည်ဆောက်ပုံ အင်းကွက်အပေါ် နားလည်သဘောပေါက်မှုဟာ အဆစ် ၄.၉နဲ့ အဆစ် ၅ဆစ်ကြားမှာ ရပ်တန့်နေခဲ့တာပါ ။ အဲသည်တိုက်ပွဲအပြီး ရက်အတော်ကြာမှာတော့ သူဟာ အဆစ်၅ဆစ်အထိ နားလည်သဘောပေါက် သွားပါတော့တယ် ။သည်နေရာမှာတော့ သူ့ရဲ့ တစ်မူထူးခြားလှတဲ့ ထိုးထွင်းသိမြင်မှုကိုပဲ ကျေးဇူးတင်ရပါမယ် ။မီးလျှံအရိုးတည်ဆောက်ပုံ အင်းကွက် အဆစ်၄.၉ နဲ့ ၅ဆစ်ကြားက ခက်ခဲမှုဟာ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကို တားဆီးဖို့အတွက် မလုံလောက်ခဲ့ပါဘူး ။

အရိုးတည်ဆောက်ပုံ မီးလျှံအင်းကွက်ကို အဆစ်၅ဆစ်ပြည့်အောင် နားလည်သဘောပေါက် အပြီးမှာတော့ လီဖူချန်းက ကမ္ဘာပေါ်မှာ ရှိနေတဲ့ မီးလျှံချီ ဒါမှမဟုတ် မီးဓာတ်နဲ့ ပိုပြီး သဟဇာတ ဖြစ်လာတယ်လို့ ခံစားမိခဲ့ပါတယ် ။သူက မီးလျှံချီတွေကို အရင်ကထက်ပိုပြီး နိုင်နိုင်နိုင်နင်းနင်း ရှိလာပြီလို့လည်း ဆိုရပါမယ် ။အဲဒါကြောင့်ပဲ သူက အတွေးတစ်ချက်နဲ့တင် စွန်းထိုင်ရိရဲ့ ဓားတာအို ဥပဒေသတွေကို ဆန့်ကျင်နိုင်တဲ့ မီးလျှံတာအို ဥပဒေသတွေကို ထုတ်လွှတ်နိုင်ခဲ့တာပါ ။

" အရှုံးပေးစမ်း "

ဟူး……

အရောင်အသွေး စုံလင်တဲ့ ကမ္ဘာကြီးက ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး စွန်းထိုင်ရိဟာ လီဖူချန်းဆီကို တစ်ဟုန်ထိုး တိုးဝင်လာခဲ့ပါပြီ ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ ထက်ရှတဲ့  ဓားတာအို ဥပဒေသတွေက ဖုံးအုပ်ထားပါတယ် ။

" လာစမ်း "

လီဖူချန်းကလည်း လုံးဝ ရှောင်ပြေးခြင်း မရှိပါဘူး ။ အစောပိုင်းကတည်းက သူဟာ စွန်းထိုင်ရိနဲ့ ဓားပညာချင်း ယှဉ်ဖို့ စိတ်ဆန္ဒ ပြင်းပြနေခဲ့တာပါ ။ အခု သည်တိုက်ပွဲက ချီအတွင်းအားချင်း ယှဉ်တဲ့တိုက်ပွဲမျိုး မဟုတ်ဘဲ နတ်ဘုရားစွမ်းရည်ချင်း ယှဉ်တဲ့ တိုက်ပွဲမျိုး ဖြစ်လာခဲ့ပါပြီ ။ ဒါက လီဖူချန်းအတွက် စွန်းထိုင်ရိနဲ့ ဓားပညာချင်း ယှဉ်လို့ရမယ့် အခွင့်အရေးပါပဲ ။

ရွှမ်း………

ထန်……ထန်……ထန်……ထန်……

လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်လိုက်ပြီး စွန်းထိုင်ရိရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ် လိုက်ပါတယ် ။ သူတို့နှစ်ယောက်ရဲ့ လက်ထဲက ဓားရှည်နှစ်လက်ရဲ့ လှုပ်ရှားမှုတွေကတော့ မိုးစက်မိုးပေါက်တွေလိုပါပဲ ။ နှစ်ယောက်စလုံးရဲ့ ဓားချက်တွေဟာ လုံးဝကို ဟာကွက် မရှိပါဘူး ။

လီဖူချန်းနဲ့ ဓားကွက်ပေါင်း တစ်ဒါဇင်လောက် တိုက်ခိုက်အပြီးမှာတော့ စွန်းထိုင်ရိဟာ မျက်မှောင်ကြုတ်သွား မိပါတယ် ။ သူက လီဖူချန်းရဲ့ ဓားပညာဟာ သည်လောက်အထိ နက်ရှိုင်းလိမ့်မယ်လို့ လုံးဝ မထင်ထားမိတာ အမှန်ပါပဲ ။

" ဓားသမား "

စွန်းထိုင်ရိရဲ့ စိတ်နှလုံးသားထဲမှာ သေချာ သိလိုက်တာကတော့ သည်လီဖူချန်းဆိုတဲ့ သကောင့်သားဟာ လုံးဝ ခန္ဓာကိုယ်အပြင်အား ပညာရှင် မဟုတ်ပါဘူး ။လီဖူချန်းက သေချာပေါက် ဓားသမားပါပဲ ။ ဓားသမားတောင်မှ အလွန် ကြောက်စရာကောင်းတဲ့ ဓားသမားလို့ ဆိုရမှာပါ ။

ဓားပညာအပေါ် နားလည်သဘောပေါက်မှု အပိုင်းမှာဆိုရင် လီဖူချန်းဟာ သူ့ထက် လုံးဝ နိမ့်ကျစရာ အကြောင်း မရှိပါဘူး ။

ထန်…ထန်…ထန်……

ရွှမ်း………

ဘန်း……

ဝုန်း……ဝုန်း……

မြေပြင်တွေဟာ ပေါက်ကွဲထွက်ကုန်ပြီ ဖြစ်သလို တောင်တွေဟာလည်း ပိုင်းဖြတ်ခံရပြီး ပြိုကျကုန်ပါပြီ  ။ ဒါပေမဲ့လည်း လီဖူချန်း နဲ့ စွန်းထိုင်ရိတို့ရဲ့ လက်ထဲက ဓားတွေကတော့ မနားစတမ်း လှုပ်ရှားနေဆဲပါပဲ ။

သူတို့နှစ်ယောက်စလုံးဟာ ဓားသိုင်းတွေရဲ့ ကန့်သတ်မှုကို ဖောက်ထွက်ပြီး ကိုယ်ပိုင် နားလည်သဘောပေါက်ထားတဲ့ ဓားပညာချင်းကို ယှဉ်နေကြတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ဓားချက်တစ်ချက်တိုင်းဟာ တစ်ဖက်လူကို ဇီဝိန်ထုတ်နှုတ် သွားနိုင်ပါတယ် ။အဲသည်ဓားချင်တွေဟာ ခုခံဖို့အတွက်တောင် မလွယ်လှပါဘူး ။

စွမ်းအားချင်း ယှဉ်မယ် ဆိုရင်လည်း သူတို့နှစ်ယောက်ရဲ့ ဓားချက်တွေကို ထောက်ပံ့ပေးနေတာက နတ်ဘုရားစွမ်းရည်တွေ ဖြစ်နေပြန်ပါတယ် ။ အဲသည်အတွက် အခု သူတို့နှစ်ယောက် ထုတ်သုံးနေတဲ့ ဓားချက်တွေကို မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းတွေတောင်မှ လိုက်မမီနိုင်ပါဘူး ။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သူတို့နှစ်ယောက်စလုံးဟာ သူတို့ တစ်သက်လုံး ဆည်းပူးလေ့လာခဲ့တဲ့ ဓားပညာတွေရဲ့ အဆီအနှစ်တွေကို ထုတ်နှုတ်ပြီး ယှဉ်ပြိုင်နေကြတာလို့ ဆိုရပါလိမ့်မယ် ။

သိုင်းကွက် ၅၀……… သိုင်းကွက် ၁၀၀……

သိုင်းကွက် ၁၀၀ ကျော် အရောက်မှာတော့ လီဖူချန်း နဲ့ စွန်းထိုင်ရိတို့ရဲ့ မီးလျှံစွမ်းအား နဲ့ ဓားတာအို စွမ်းအားတွေဟာ သိသိသာသာကြီး ကုန်ခန်း လာခဲ့ပါပြီ ။

အထူးသဖြင့် လီဖူချန်းပါပဲ ။ သူ့ရဲ့ မီးလျှံစွမ်းအားက စွန်းထိုင်ရိရဲ့ ဓားတာအို စွမ်းအားကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်ပါလိမ့်မယ် ။ ဒါပေမဲ့ စွမ်းအား သိုလှောင်ခြင်း အပိုင်းမှာတော့ လီဖူချန်းအနေနဲ့ စွန်းထိုင်ရိကို ယှဉ်နိုင်စရာအကြောင်း လုံးဝ မရှိပါဘူး ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ အဆုံးမှာတော့ ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပါပဲ။ သူတု့ိတွေက မြေကမ္ဘာနယ်ပယ်မှာ ကတည်းက အထူးစွမ်းအားတွေကို အသက်သွင်းနိုင်ခဲ့တဲ့ သူတွေပင် မဟုတ်ပါလား ။

သာမန် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ သူတို့ရဲ့ အထူးစွမ်းအားတွေကို ပြန်လည်ဝင်စားခြင်း နယ်ပယ် ရောက်မှာ အသက်သွင်းနိုင်ကြတာပါ ။ လီဖူချန်းကတော့ ခြွင်းချက်လို့ ဆိုရပါမယ် ။ သူကတော့ အစောကြီးကတည်းကနေ သူ့ရဲ့ အထူးစွမ်းအားတွေကို သက်ဝင်နိုးထစေခဲ့ ပြီးပါပြီ ။

ဒါပေမဲ့လည်း ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံ နဲ့ သာမန် အထူးအရိုးတည်ဆောက်ပုံကြားက ကွာဟာမှုတွေကတော့ ရှိသင့်သလောက် ရှိနေဦးမှာပါပဲ ။

လီဖူချန်းက မီးလျှံအရိုးတည်ဆောက်ပုံ အင်းကွက်တွေကို အဆစ်ငါးဆစ်အထိ နားလည်သဘောပေါက်ပြီးကောင်း ပေါက်ပြီးပါလိမ့်မယ် ။ သူ့ရဲ့ မီးလျှံစွမ်းအားအမျှင် ထုတ်လုပ်မှုကလည်း မယုံနိုင်စရာ အမြန်နှုန်းနဲ့ ထုတ်လုပ်နိုင်ကောင်း ထုတ်နိုင်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲဒါက ပထမတန်းစား အထူးအရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဖြစ်တဲ့ ဧကရာဇ်အဆင့်အတန်း တပည့်တွေကို ဖိနှိပ်နိုင်ဖို့အတွက် လုံလောက်မှု မရှိသေးပါဘူး ။

အထူးသဖြင့် အထူးစွမ်းအား သိုလှောင်နိုင်မှု အပိုင်းမှာပေါ့ ။

" မဖြစ်တော့ဘူး ။သည်တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်မှ တော်ကာကျတော့မယ် "

လီဖူချန်းကလည်း သူ့ရဲ့ အားနည်းချက်ကို သူရိပ်မိပြီးသားပါပဲ ။ အဲသည်အတွက် သူက တိုက်ပွဲကို အမြန်အဆုံးသတ်ဖို့ လုံးပန်းပါတော့တယ် ။

ဟူး……

ချွမ်……ချွမ်……

လီဖူချန်းရဲ့ မီးလျှံမျိုးစေ့ပေါ်က ကြက်သွေးရောင် အင်းကွက်တွေဟာ အရင်ကထက် ပိုပြီး အရောင်တောက်ပလာခဲ့ပါပြီ ။တစ်ချိန်တည်းမှာပဲ  ပိုများတဲ့ မီးလျှံစွမ်းအားတွေဟာ မီးလျှံမျိုးစေ့ထဲကို လှိုင်းလုံးကြီးတွေလို လှိမ့်ဝင်သွားပါတော့တယ် ။

"  ဟိတ် "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ မာန်တစ်ချက် သွင်းလိုက်ပြီး ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဝှေ့ယမ်းလိုက်ပါတော့တယ် ။

ဝေါ……ဝေါ……ဝေါ……

မီးကျီးခဲ တစ်ခုလို ရဲရဲတောက်နေတဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ အပူလှိုင်းလုံးကြီးတွေကို ဖြစ်တည်စေပြီး ကြက်သွေးရောင် ဓားအလင်းတန်းတွေနဲ့အတူ စွန်းထိုင်ရိဆီကို တိုးဝင်သွားခဲ့ပါပြီ ။

ထန်……ထန်……ထန်……ထန်……

ဓားနှစ်လက် ထိပ်တိုက်တွေ့ဆုံမှုကနေပြီး မီးပွားလေးတွေ ဖြာထွက် ကျလာကုန်ပါတယ် ။

" အိုး……သည်ဓားချက်က  "

စွန်းထိုင်ရိရဲ့ နဖူးစပ်နားမှာတော့ ချွေးတွေ စို့လာခဲ့ပါပြီ ။ အစောပိုင်းတုန်းက လီဖူချန်းရဲ့ ဓားချက် အမြန်နှုန်းဟာ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ ။ သူက အဲသည်ဓားချက်ကို ကျားကုတ်ကျားခဲ ကြိုးစားပြီး ခုခံ ကာကွယ်ခဲ့ရတာပါ ။ တန်ပြန်တိုက်စစ် ဆင်ဖို့ဆိုရင်တော့ မပြောပါနဲ့တော့ ။

ဒါပေမဲ့လည်း သည်ဓားချက်ကနေပြီး စွန်းထိုင်ရိဟာ လီဖူချန်းရဲ့ အားနည်းချက် တစ်ခုကို ရိပ်မိသွားခဲ့ပါတယ် ။ အဲဒါကတော့ လီဖူချန်းရဲ့ မီးလျှံစွမ်းအားဟာ သူ့ရဲ့ ဓားတာအို စွမ်းအားလောက် တာရှည်ခံမှာ မဟုတ်ဘူး ဆိုတာပါပဲ ။

လီဖူချန်းရဲ့ မီးလျှံစွမ်းအား ကုန်သွားတဲ့ အချိန်ရောက်ရင်  သူ့အနေနဲ့ လီဖူချန်းကို တစ်ချက်တည်းနဲ့တောင် အနိုင်ယူနိုင်လောက်ပါတယ် ။

လီဖူချန်းကလည်း ထပ်ပြီး အချိန်ဆွဲဖို့ အစီအစဉ် မရှိပါဘူး ။

စွန်းထိုင်ရိက ဖန်းလီနဲ့ မတူဘဲ ကွဲပြားခြားနားပါတယ် ။ ဖန်းလီရဲ့ မသေမျိုး သစ်စိမ်းနွယ်ပင်တွေက အလွန်အမင်း အစွမ်းထက်တာ မှန်ပေမယ့်  ထာဝရအသက် ဥပဒေသက တိုက်စစ်ဆင်ခြင်းမှာ အားနည်းတဲ့ ဥပဒေသ တစ်ခုပါပဲ ။ စွန်းထိုင်ရိကတော့ အဲသည်လို မဟုတ်ပါဘူး ။ သူက မွေးကတည်းက တိုက်စစ်ဆင်ခြင်းအတွက် ကောင်းချီပေး ခံထားရသူပါ ။ လီဖူချန်းရဲ့ မီးလျှံစွမ်းအားသာ ကုန်သွားခဲ့မယ်ဆိုရင် သူ့အနေနဲ့ စွန်းထိုင်ရိကို ဘယ်လိုမှ ယှဉ်တိုက်နိုင်စရာ အကြောင်း မရှိတော့ပါဘူး ။

" လိပ်ပြာအသိစိတ်အာရုံက ငါ့ရဲ့ အားသာချက်ပဲ ။ အခုလို အနိုင်ကျင့်မိတဲ့အတွက် တောင်းပန်ပါတယ် "

လီဖူချန်းက စွန်းထိုင်ရိကို စိတ်ထဲကနေ တောင်းပန်လိုက်ပြီး ဘုံခုနစ်ဆင့်ဓားကို မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းဘက်ကနေ စွန်းထိုင်ရိရဲ့ လည်ပင်းဆီ ထိုးသွင်းလိုက်ပါတော့တယ် ။

" ဘာ……ဘာဓားချက်ကြီးလဲ "

စွန်းထိုင်ရိကတော့ မျက်လုံးပြူး ၊ မျက်ဆန်ပြူး ဖြစ်နေခဲ့ပါပြီ ။

လီဖူချန်းရဲ့ ဓားချက်က သူဘယ်လိုမှ မထင်ထားတဲ့ ဘက်ကနေ သူ့ဆီ ဝင်လာနေခဲ့တာ မဟုတ်ပါလား ။ ပြီးတော့ ဓားချက်က ရက်စက်လွန်းလှပါတယ် ။ သူက ဘယ်လိုပဲ ခုခံကာကွယ်ပါစေ ။ ဟာကွက်တစ်ခုကတော့ ကျိန်းသေပေါက် ကျန်ခဲ့မှာ အသေအချာပါပဲ ။

ထန်……

ကံကောင်းတယ်လို့ ဆိုရမလားတော့ မသိပါဘူး ။ စွန်းထိုင်ရိဟာ လီဖူချန်းရဲ့ ဓားချက်နဲ့ ပက်သက်ပြီး ခံစားချက် မကောင်းပေမယ့်လည်း မရရအောင် ကာကွယ်နိုင်လိုက်ပါတယ် ။

" ဟူး…… တော်သေးပါရဲ့ "

စွန်းထိုင်ရိက သက်ပြင်းတစ်ချက် ကျိတ်ပြီး ချလိုက်မိပါတယ် ။ သူ့ရဲ့  စိတ်ထဲမှာလည်း လီဖူချန်းရဲ့  သည်ဓားချက်ဟာ ကြက်ကန်းဆန်အိုးတိုးပြီး သူ့လည်ပင်းဆီကို ဝင်လာတာ ဖြစ်ပါစေလို့ ဆုတောင်းနေမိပါသေးတယ် ။

ဒါပေမဲ့လည်း သူ့ရဲ့ ဆုတောင်းဟာ  မပြည့်ခဲ့ပါဘူး ။

ရွှပ်……

လီဖူချန်းရဲ့ နောက်ထပ် ဓားချက်ဟာ မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းကနေ ပြန်ပြီး ထွက်ပေါ်လာပြန်ပါတယ်  ။ လီဖူချန်းရဲ့ ဓားချက်ဟာ စွန်းထိုင်ရိရဲ့ မျက်ကွယ်အရပ်ကနေပြီး တိုးဝင်လာတာပါ ။စွမ်းထိုင်ရိ အနေနဲ့  အဲသည် ဓားချက်ကို ဘယ်လိုမှ မမျှော်လင့်ထားမိတာ အမှန်ပါပဲ ။

ယေဘုယျအားဖြင့် ဆိုရင်တော့ စွန်းထိုင်ရိလို အဆင့်က ဓားသမားတစ်ယောက်ဆီမှာ မျက်ကွယ်အရပ်ဆိုတာ လုံးဝ မရှိပါဘူး ။ တကယ်လို့ မျက်ကွယ်အရပ် ရှိခဲ့ရင်တောင်မှ လီဖူချန်းရဲ့ ဓားအမြန်နှုန်းက အဲသည်မျက်ကွယ်အရပ်ကနေ သူ့ဆီကို တိုးဝင်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ သူ့အနေနဲ့ လီဖူချန်းရဲ့ ဓားချက်ကို တန်းပြီး သိနိုင်ပါတယ် ။ ဒါပေမဲ့လည်း ဘာတွေ ဖြစ်နေတယ် မသိပါဘူး ။ လီဖူချန်းရဲ့ ဓားချက်က မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းကနေ ထွက်ပေါ်လာပြီး သူ့ကိူ ဒုက္ခပေးနေပါတယ် ။

ထန်……

ဓားနှစ်လက် ထိပ်တိုက်တွေ့ဆုံမှုကြောင့် မီးပွားတွေ ဖြာထွက်သွားခဲ့ ပြန်ပါပြီ ။ သည်တစ်ကြိမ်မှာလည်း စွန်းထိုင်ရိက လီဖူချန်းရဲ့ ဓားချက်ကို အသည်းအသန် ကာကွယ်လိုက်နိုင်ပြန်ပါတယ် ။ ဒါပေမဲ့ သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ ဟန်ချက်ဟာ ညီမျှနေခြင်း မရှိတော့ပါဘူး ။ သူက အခြေပျက်သွားခဲ့ပြီဆိုတာ အသိသာကြီးပါပဲ ။

" အရှုံးပေးစမ်း "

အဲသည်အချိန်မှာပဲ လီဖူချန်းရဲ့ ဓားချက်ဟာ လျှပ်ပြက်သလို အလျင်နဲ့ စွန်းထိုင်ရိရဲ့ ဘယ်ဘက်ပခုံးဆီကို တိုးဝင်လာပါတော့တယ် ။

ဘန်း……

စွန်းထိုင်ရိက  မြေကမ္ဘာ အလယ်အလတ်အဆင့် ချပ်ဝတ်တန်တာကို ဝတ်ဆင်ထားခဲ့တဲ့အတွက် လီဖူချန်းရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ သူ့ရဲ့ ပခုံးကို ထိုးဖောက် မသွားနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့လည်း  ဘုံခုနစ်ဆင့် ကောင်းကင်ဓားထဲမှာ စီးဝင်နေတဲ့ မီးလျှံစွမ်းအားတတွက ပေါက်ကွဲထွက်သွားပြီး စွန်းထိုင်ရိကို ဒဏ်ရာ ရသွားစေခဲ့ပါပြီ  ။

"မကောင်းတော့ဘူး "

စွန်းထိုင်ရိကလည်း သူ့အခြေအနေကို သူသိပြီးသားပါပဲ ။ သူက လီဖူချန်းရဲ့ ဓားချက် ထိပြီးတာနဲ့ တစ်ပြိုင်နက် ဟန်တောင်မဆောင်တော့ဘဲ အနောက်ကို တန်းပြီး ဆုတ်ပါတော့တယ် ။

ဒါပေမဲ့ လီဖူချန်းက စွန်းထိုင်ရိကို အလွတ်မပေးပါဘူး ။ သူ့ရဲ့ နောက်ထပ် ဓားချက်တစ်ချက်က စွန်းထိုင်ရိ အနောက်ကို ကပ်ပြီး လိုက်ပါသွားခဲ့ပါတယ် ။

ရွှပ် ……

" ဝေါ့ "

လီဖူချန်းရဲ့ ဓားချက်က စွန်းထိုင်ရိကို မိမိရရကြီး ထိသွားပြန်ပါပြီ ။ အဲသည်အတွက် စွန်းထိုင်ရိက သွေးတစ်လုတ်ကို အန်လိုက်ရပါတယ် ။

" မင်းရဲ့ အသိစိတ်အာရုံက သည်လောက် ကြောက်စရာ ကောင်းလိမ့်မယ်လို့  ငါလုံးဝ မထင်ထားဘူး "

စွန်းထိုင်ရိက ရင်ဘတ်ကို လက်နဲ့ အုပ်ထားရင်း လီဖူချန်းကို ချီးကျုးလိုက်ပါတယ် ။

ဧကရာဇ်အဆင့် တပည့်တစ်ယောက်ဖြစ်တဲ့ စွန်းထိုင်ရိရဲ့ အသိစိတ်အာရုံဟာ အားမနည်းလှပါဘူး ။သူက သူ့ရဲ့ အသိစိတ်အာရုံဟာ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေရဲ့ လိပ်ပြာ အသိစိတ်အာရုံကိုတောင် ယှဉ်နိုင်တယ်ဆိုတာ ကောင်းကောင်းကြီး သိထားပါတယ် ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ အသိစိတ်အာရုံက သူ့ထက် သာနေတာ အသိသာကြီးပါပဲ ။ မဟုတ်လို့ကတော့ သူ့ရဲ့ မျက်ကွယ်အရပ်ကနေပြီး ဓားချက်တွေ ဆက်တိုက် တိုးဝင်လာစရာ အကြောင်းကို မရှိပါဘူး ။

သူက ဓားပညာချင်း ယှဉ်ရာမှာ လီဖူချန်းကို မရှုံးခဲ့ပေမယ့်လည်း အသိစိတ်အာရုံချင်း ယှဉ်ရာမှာတော့ ရှုံးခဲ့ပါတယ် ။ဒါကြောင့်လည်း သူက လီဖူချန်းရဲ့ အသိစိတ်အာရုံကို ချီးကျူးလိုက်တာပါ ။

“ မင်းရဲ့ အသိစိတ်အာရုံကလည်း မဆိုးပါဘူး ။ ငါက နည်းနည်းလေး ကံကောင်းသွားတာပါ "

လီဖူချန်းက စွန်းထိုင်ရိကို ပြန်ပြီး  ပြောလိုက်ပါတယ် ။

" ဟား…ဟား…… တော်စမ်းပါကွာ ။ ရှုံးတာက ရှုံးတာပဲပေါ့ ။ ကံကောင်းတာတွေ ၊ ကံမကောင်းတာတွေကို ဘယ်သူက ဂရုစိုက်လို့လဲ  ။  သည်တစ်ကြိမ်မှာ မင်းနိုင်တယ် ။ ဒါနဲ့ပက်သက်ပြီး ငါ့အနေနဲ့ လက်မခံနိုင်စရာ အကြောင်း မရှိဘူး "

ဧကရာဇ်အဆင့်အတန်း တပည့် ဖြစ်သလို ၊ ဓားသမားလည်း ဖြစ်တဲ့ စွန်းထိုင်ရိဟာ သူ့ရဲ့ ရှုံးပွဲနဲ့ ပက်သက်ပြီး ဆင်ခြေတွေ ပေးမနေပါဘူး ။ သူက ဂုဏ်သိက္ခာရှိစွာနဲ့ပဲ အရှုံးကို လက်ခံလိုက်ပါတယ် ။

"ကဲ …… ငါသွားပြီ ။ နောက်မှ ထပ်တွေ့ကြတာပေါ့ "

စကားဆုံးတဲ့ နောက်မှာတော့ စွန်းထိုင်ရိဟာ အနောက်ကို  ချာခနဲ လှည့်ပြီး ထွက်ခွာသွားပါတော့တယ် ။

***

All Chapters