အရိုအသေပေးရန် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြခြင်း
Vol. 72 Ch. 995
သူ၏ဖခင်ဖြစ်သူ လင်းယုံ၏ ရာထူးအဆင့်အတန်း၊ ကောင်းကင်မြို့တော်၏ မြို့တော်သခင်ဟူသော သူ၏ ရာထူးနှင့် သူနှင့် ဝမ်ပေါင်လဲ့၏ ကြားမှ ဆက်ဆံရေးတို့ကြောင့် အင်္ဂါဂြိုဟ်ပေါ်၌ ကျင်းပသည့် လင်းတျန်ဟောက်၏ လက်ထပ်မင်္ဂလာပွဲမှာ အလွန်အင်မတန်မှ ခမ်းနားလွန်းနေ၏။
ဝမ်ပေါင်လဲ့မှာလည်း သူတို့အတွက် လက်ဆောင်တစ်ခု သေချာပြင်ဆင်ပေးထားသည်။ မင်္ဂလာညစာစားပွဲ စသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ လက်ထဲတွင် ဝိုင်ခွက်တစ်ခွက်အား ကိုင်ကာ သူ၏ရှေ့ရှိ ကြင်စဦးဇနီးမောင်နှံအား ကြည့်ရင်း နှလုံးသားထဲ၌ ခံစားချက်မျိုးစုံပေါ်ပေါက်လာတော့သည်။
" တောက်ပင်းရေ။ တျန်ဟောက် ဘာလို့ အခုလောက် မိုက်တွင်းနက်နေရတာလဲဆိုတာ မင်းသိလား။ အစောကြီး မင်္ဂလာဆောင်သွားရတယ်လို့ကွာ... " ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲမှ ဝိုင်ခွက်အား မော့သောက်ရင်း အရွှန်းဖောက်လိုသောကြောင့် လျှိုတောက်ပင်းအား လှမ်းပြောလိုက်၏။ သူ၏ မျက်နှာပေါ်တွင်မူ ဂရုဏာစိတ်များ ထင်ဟပ်နေသည့် အပြုံးတစ်ပွင့် ရှိနေသည်။
" ဆရာပြောတာ အမှန်ပဲဗျာ။ ကျွန်တော်တို့တွေ ညီကိုတစ်ယောက် ဆုံးရှုံးလိုက်ရပြီ " လျှိုတောက်ပင်းမှာ သူ၏စကားကို ကြားလိုက်ရသောအခါ ရယ်မောလိုက်၏။ ထို့နောက် သူသည် ချောင်းဟန့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
" ဆရာ။ ဆရာမရှိတဲ့ နှစ်တွေအတွင်းမှာ အင်္ဂါဂြိုဟ် အထူးမြို့တော်ဆီကို လူတွေအများကြီး ပြောင်းရွှေ့လာခဲ့ကြတာဗျ။ သူတို့က အင်္ဂါဂြိုဟ် နယ်မြေအသစ်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေထဲမှာ အများကြီးကူညီပေးခဲ့တာလေ။ သူတို့ထဲက ရုပ်ရည်ချောမောပြီးတော့ အကျင့်စရိုက်ကောင်းတဲ့ မိန်းကလေးတွေကို စုပြီး အမျိုးသမီးသီးသန့် ဖျော်ဖြေရေးအဖွဲ့တစ်ဖွဲ့ ထောင်ဖို့ စဉ်းစားထားတယ်။ ပြီးရင် ကျွန်တော် အဲဒီအဖွဲ့နဲ့ ပြည်ထောင်စုကြီးထဲမှာ ဖျော်ဖြေပြီးတော့ အင်္ဂါဂြိုဟ် အထူးမြို့တော်ရဲ့ အလှပဂေးတွေကို လူတိုင်းသိသွားအောင် ကြေညာဖို့ စဉ်းစားထားတယ်ဗျ "
" ဒီကိစ္စက အင်္ဂါဂြိုဟ် အထူးမြို့တော်အတွက် အရမ်းကိုအရေးကြီးတယ်။ ဆရာ။ ဆရာက အရင်တုန်းက ကျွန်တော်ရဲ့ အထက်လူကြီးလေဗျာ။ အဲတာမလို့ ကျွန်တော့်ကို လိုအပ်တာလေးတွေ လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ် " လျှိုတောက်ပင်းမှာ ရိုးသားမှုအပြည့်ရှိသော အမူအရာဖြင့် လျှောက်တင်လိုက်ခြင်းဖြစ်၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏စကားများကိုကြားလိုက်ရသောအခါ တစ်ခုခုမှာ လွဲနေကြောင်း ခံစားလိုက်ရသည်။ ထိုအချိန်တွင် လျှိုတောက်ပင်းမှာ သူ ရွေးချယ်ထားသည့် မိန်းကလေးများ၏ အချက်အလက်များပါသော ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ပြလိုက်သဖြင့် သူ၏ အမူအရာမှာ အထူးတဆန်း ဖြစ်သွားရတော့သည်။
" တောက်ပင်း... တောက်ပင်း... မင်းနော် " ဝမ်ပေါင်လဲ့မှာ ရယ်ရမလိုငိုရမလို ဖြစ်နေ၏။ သူ ထိုကျောက်စိမ်းပေလွှာအား လှမ်းယူရန် ပြင်လိုက်စဉ်မှာပင် သူတို့၏နောက်မှ နူးညံသိမ်မွေ့သော စကားသံတစ်သံ ထွက်ပေါ်လာသည်။
" ဘာ အမျိုးသမီးသီးသန့် ဖျော်ဖြေရေးအဖွဲ့လဲ။ လျှိုတောက်ပင်း။ ငါ့ကိုပြ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ ရင်းရင်းနှီးနှီးသိနေသည့် လူတစ်ယောက် သူတို့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် အတိတ်ကို ပြန်ပြောင်းသတိရနေသည့် မျက်ဝန်းများဖြင့် လှမ်းခေါ်မိလိုက်၏။
" ရှောင်ရ "
သူတို့ဆီသို့ လျှောက်လှမ်းတာနေသည့် လူမှာ ကျိုးရှောင်ရဖြစ်သည်။ သူမ၏ ပုံပန်းသွင်ပြင်မှာ ယခင်တုန်းကနှင့် မတူတော့ပေ။ သူမသည် ယခင်တုန်းလို ရှိးတိုးရှန့်တန့် ဖြစ်နေခြင်းမရှိတော့ဘဲ နူးညံ့သိမ်မွေ့ကာ တည်ကြည်မှုအပြည့် ရှိနေသည့်ပုံ ပေါက်နေ၏။ သို့သော် သူမသည် အပေါ်ယံတွင်သာ နူးညံ့သိမ်မွေ့ပါသော်လည်း စိတ်ဓာတ်မာသည့် လူတစ်ယောက်ဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။
သူမကြောင့် လျှိုတောက်ပင်းမှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြီး သူ၏ လက်ထဲမှ ကျောက်စိမ်းပေလွှာအား အလျင်အမြန် သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ပြုံး၍ ကျိုးရှောင်ရအား ဂါရဝပြုလိုက်သည်။
" မင်္ဂလာဂါဂိုဏ်းချုပ်ကြီးကျိုး " သူသည် သူမအား ဂါရဝပြုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်၏။
" ဆရာ။ ကျွန်တော် ဆရာနဲ့ ဂိုဏ်းချုပ်ကြီးကျိုးတို့ကို မနှောင့်ယှက်တော့ပါဘူး။ နောက်ကျမှပဲ ဆရာ့ဆီ ဆက်သွယ်လိုက်ပါ့မယ် " လျှိုတောက်ပင်း ထိုသို့ဆိုကာ သူတို့နှစ်ယောက်စလုံးအား နောက်ထပ်တစ်ကြိမ်ထပ်၍ အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားသည်။
ကျိုးရှောင်ရမှာ အဝေးသို့ ထွက်ခွာသွားသည့် လျှိုတောက်ပင်းအား ကြည့်နေလိုက်ပြီးနောက် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ ထို့နောက် သူမသည် သူမ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် စကားတစ်ခွန်းမှမပြောဘဲ သူ၏ဘေးတွင် ရပ်နေလိုက်သည်။ သူမသည် မင်္ဂလာပွဲ၏ အလယ်တွင် ရှိနေသည့် လင်းတျန်ဟောက်နှင့် တုမင်တို့အား အားကျနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။
ကျိုးရှောင်ရတစ်ယောက် သူ၏ဘေးသို့ ရောက်ရှိလာပြီးနောက် စကားတစ်ခွန်းမှ မပြောသည်ကို သတိထားမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ စကားစဖော်လိုက်၏ " ဒီ လျှိုတောက်ပင်းဆိုတဲ့ကောင်က တော်တော်ဆိုးတဲ့ကောင်။ ပြီးမှ သူ့ကို သင်ခန်းစာပေးရမယ် "
အမှန်တွင် သူသည် ကျိုးရှောင်ရအပေါ် အပြစ်ရှိသလို ခံစားနေရသလို သူမအား အလွန်အင်မတန်မှလည်း ကျေးဇူးတင်မိနေ၏။ သူ အိမ်ထဲမှအိမ်ပြင် မထွက်သည့် အချိန်ကာလအတွင်းတွင် သူ၏မိဘများမှာ ကျိုးရှောင်ရအကြောင်း မကြာခဏဆိုသလို ထုတ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူ မရှိစဉ် ကျိုးရှောင်ရ၏ အဖော်ပြုပေးမှုများမှာ သူ၏ မိဘနှစ်ပါးအတွက် စိတ်ကြည်နူးစရာကောင်းခဲ့ကြောင်း ဝမ်ပေါင်လဲ့က သိရှိထားပြီးဖြစ်သည်။
သို့သော် သူ၏ အခြေအနေမှာ ယခင်တုန်းကနှင့် မတူတော့ပေ။ သူသည် ပြည်ထောင်စုကြီးထဲတွင် အချိန်အကြာကြီး နေ၍ မဖြစ်ကြောင်း သိထား၏။ သို့ဖြစ်ရာ သူနှင့် သူ၏ မိတ်ဆွေဟောင်းများ၏ ကြားတွင် သံရောဇဉ်ကြိုးများ ငြိတွယ်လာပါက သူတို့မှာ သူ့အား အထီးကျန်ဆန်စွာ စောင့်ဆိုင်းနေရမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထို အဖြစ်မျိုးကို မလိုလားသောကြောင့် ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ကျိုးရှောင်ရအား သွားမတွေ့ခဲ့ခြင်း ဖြစ်သည်။ သူမသည်လည်း ဝမ်ပေါင်လဲ့ ပြန်ရောက်လာသည်ကို သိထားပါသော်လည်း သူ့အား လာတွေ့ခဲ့ခြင်းမရှိပေ။
သို့ဖြစ်ရာ ယခုမှာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဆုံတွေ့ကြခြင်းဖြစ်၏။
" ငါ သူ့ကို သင်ခန်စာပေးလိုက်ပါ့မယ် " ကျိုးရှောင်ရမှာ ဝမ်ပေါင်လဲ့အား မကြည့်ဘဲ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး ချောင်းဟန့်ကာ ကျိုးရှောင်ရအား မသိမသာ ခိုးကြည့်မိလိုက်၏။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်သည်။ သူသည် သူမ တွေးနေသည့် အရာများကို သိပါသော်လည်း သူမအား သူပြန်လာမည့်အချိန်ကို ဆက်လက်စောင့်ဆိုင်းနေရန် မပြောရက်ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူ၏ နှုတ်မှ ထွက်လာသည့် စကားများမှာ သူ၏ အတွေးထဲမှ စကားများနှင့် မတူဘဲ ပြောင်းလဲသွား၏။
" ကျေးဇူးတင်ပါတယ် "
ကျိုးရှောင်ရမှာ ထိုစကားများကို ကြားလိုက်ရသောအခါ သူမ၏ ဦးခေါင်းအား အသာအယာ လှည့်ကာ သူမ၏ သမင်မျက်လုံးလေးများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ တစ်အောင့်ခန့်ကြာပြီးမှ သူမသည် ခပ်သဲ့သဲ့ ပြုံးကာ ဝမ်ပေါင်လဲ့၏ အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်ပေးလိုက်သည်။ ထို့နောက် သူမသည် သူ၏ နားရွက်ဘေးသို့ ကပ်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည်။
" ငါ အရင်ဘဝတုန်းက နင့်ကို အကြွေးတင်ခဲ့တာများလား။ အဲတာမလို့ တာအိုကျောင်း စတက်တဲ့အချိန်ကတည်းက နင့်ကြောင့် ငါ့ရဲ့ နှလုံးသား မတည်မငြိမ် ဖြစ်ခဲ့ရတာလား။ ငါ့ရဲ့ဘေးနားက တခြားလူတွေရဲ့ ပြောစကား တွေကနေတစ်ဆင့် နင့်အကြောင်းတွေ အချိန်တိုင်း ကြားနေရတာမလို့ နင့်ကို မေ့ဖို့ဆိုတာလည်း ငါ့အတွက် မဖြစ်နိုင်ဘူး။ နင့်ကြောင့် ငါ့ရဲ့ နှလုံးသားထဲမှာ တခြား ဘယ်သူ့ကိုမှလည်း နေရာပေးနိုင်မှာ မဟုတ်ဘူးလေ။ အဲလိုဆိုမှတော့လည်း... နင့်ရဲ့ ယုန်ဖြူလေးက နင့်ကို စောင့်နေပါ့မယ် " ကျိုးရှောင်ရမှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။ သူမ အဝေးကြီးသို့ ရောက်သွားသည့်တိုင်အောင် သူမ၏ ကိုယ်သင်းရနံ့မှာ ဝမ်ပေါင်လဲ့၏ နှာဝ၌ ကျန်ရစ်ခဲ့ဆဲပင်။ ထို့ကြောင့် သူသည် သူမ လူအုပ်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိတော့သည်။
ထိုသို့ဖြင့် မင်္ဂလာပွဲမှာ ပြီးဆုံးသွားတော့မည့် အချိန်သို့ ရောက်ရှိလာ၏။ နောက်ဆုံးတွင် လင်းတျန်ဟောက်မှာ လူအုပ်ကြီးထဲမှ ကြိုးစားရုန်းကန်၍ ထွက်လာပြီးနောက် တုမင်နှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့ရှိ ဇနီးမောင်နှံအား ကြည့်ရင်း သူ၏အတွေးထဲမှ ကျိုးရှောင်ရ၏ ပုံရိပ်များအား မေ့ပျောက်ထားလိုက်၏။ သူ သူတို့နှစ်ယောက်အား ပြုံးပြကာ ဂုဏ်ပြုစကားများ ဆိုပြီးသွားချိန်တွင် လင်းတျန်ဟောက်မှာ သူ့အား အမှောင်ပျံလွှား စစ်ဆင်ရေးအကြောင်း ပြောပြလိုက်သည်။ ထို စစ်ဆင်ရေးထဲမှ ပြန်ရောက်မလာသေးသည့် တစ်ဦးတည်သောပုဂ္ဂိုလ်မှာ ခုန်းတောက် ဖြစ်ပေသည်။
" ခုန်းတောက် ချန်ထားခဲ့တဲ့ အသက်မီးအိမ်က ငြိမ်းမသွားသေးပေမဲ့ အရောင်ပြောင်းသွားပြီ... " လင်းတျန်ဟောက်မှာ စကားအနည်းငယ် ထပ်ပြောချင်နေသည့်ပုံ ပေါ်ပါသော်လည်း သူသည် ယနေ့ကျင်းပသည့် မင်္ဂလာပွဲ၏ သတို့သားဖြစ်နေသောကြောင့် အခြားသူများမှာ သူ့အား လူအုပ်ကြီးထဲသို့ ချက်ချင်း ပြန်ဆွဲခေါ်သွားကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောရင်း ကျန်ရစ်ခဲ့တော့သည်။
သို့သော် သူ အချိန်အကြာကြီး အတွေးများထဲ၌ နစ်မျောခွင့် မရလိုက်ပေ။ မင်္ဂလာပွဲပြီးဆုံးသွားချိန်တွင် သူ့အား လာရောက်နှုတ်ဆက်ရန် စောင့်ဆိုင်းနေသည့် လူတန်းကြီးမှာ အဆုံးမရှိလောက်အောင် ရှည်လျားနေသည်မဟုတ်ပါလော။
သို့သော် ယခုတွင် သူသည် ရာထူးအဆင့်အတန်း မြင့်မားနေသည့် လူတစ်ယောက် ဖြစ်နေပြီဖြစ်ရာ သူ့အား လာရောက်နှုတ်ဆက်သည့် လူများမှာ သူ့အား အကြာကြီး မနှောင့်ယှက်ရဲကြပေ။ သူတို့မှာ နှုတ်ဆက်စကားများဆိုပြီးလျှင် ထွက်ခွာသွားကြသည်သာ ဖြစ်သည်။ ထိုသို့ဖြင့် သူ၏ မိတ်ဆွေဟောင်းကြီးတစ်ယောက်၏ အလှည့်သို့ ရောက်လာ၏။ သူသည် ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာပြီးနောက် တရိုတသေ ဦးညွှတ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ခံစားချက်မျိုးစုံ ရောထွေးနေ၏။
" မင်္ဂလာပါ... အရှင် " ထို ဧည့်သည့်မှာ သောကြာဂြိုဟ်၏ လက်ရှိ ဘုရင်ခံကြီးဖြစ်သူ ဧရာမသစ်ပင်ကြီး ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အား လေးစားသမှုနှင့် မည်ကဲ့သို့ ခေါ်ဝေါ်ရမည်မှန်း မသိသောကြောင့် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် " အရှင် " ဟု ခေါ်ဆိုလိုက်ခြင်းဖြစ်၏။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်းတွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်လာခဲ့၏။ သူသည် ယွမ်ယင်ထိပ်ဆုံးအဆင့်မှ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူသည် ဝမ်ပေါင်လဲ့အား ရိုသေလေးစားမှုအပြည့် ရှိနေဆဲပင်။
" အဲဒီလို ခေါ်ဖို့ မလိုပါဘူး တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီးရ " ဝမ်ပေါင်လဲ့မှာပြုံးကာ သူ့အား ဦးညွှတ်အရိုအသေပေးနေသည့် ဧရာမသစ်ပင်ကြီးအား ပြန်ဆွဲထူလိုက်၏။ သူ၏ အပြုံးမှာ ရိုးသားမှုအပြည့် ရှိနေသည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတွင်းမှာ တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီးက ပြည်ထောင်စုကြီးကို အများကြီး ကူညီပေးခဲ့တာလေ "
ဧရာမ သစ်ပင်ပင်ကြီးအတွက် ဝမ်ပေါင်လဲ့၏ နှုတ်မှ ထွက်လာသည့် ထိုစကားများမှာ အခြားသူများ၏နှုတ်မှ ထွက်လာသည့် စကားများထက် အဆပေါင်းထောင်သောင်းများစွာ ပို၍ အရေးပါပေသည်။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် လီရှင်းဝမ်၏ အစိုးရအဖွဲ့ အန္တရာယ်နှင့် ကြုံတွေ့နေခဲ့ရစဉ်တုန်းကပင် ပြည်ထောင်စုကြီးအား သစ္စာဖောက်ရန် လုံးဝ မတွေးမိခဲ့ဖူးပေ။ ယခုတွင် အခြေအနေများမှာ ပိုမိုကောင်းမွန်လာပြီဖြစ်သလို ဝမ်ပေါင်လဲ့မှာလည်း သူ့အား အသိအမှတ်ပြုလိုက်ပြီဖြစ်ရာ သူ့အတွက် လုံလောက်ပေသည်။
ထို့ကြောင့် ဧရာမသစ်ပင်ကြီးမှာ အသက်ပြင်းပြင်းရှူကာ ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။ သူသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်၏ " အရှင်က ပုံကြီးချဲ့လွန်းနေပါပြီ။ ပြည်ထောင်စုကြီးကလည်း ကျွန်တော့်ရဲ့ ဇာတိမြေပဲလေဗျာ "
" အရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို အချိန်ရှိရင် ကမ္ဘာဂြိုဟ်ပေါ်က အပျက်အစီးနယ်မြေတွေကို စူးစမ်းလေ့လာကြည့်လို့ရပြီ။ အဲတာဆို အရှင် နေအဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့ရင်တွေ့နိုင်လောက်တယ်နော် "
" ဟင် " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်လက်သွားပြီး ဧရာမသစ်ပင်ကြီးအား စိုက်ကြည့်နေလိုက်၏။
" အရှင်။ ကျွန်တော့်ရဲ့ မူလဇစ်မြစ် အစစ်အမှန်က လမင်းကြီးပေါ်က အမြဲစိမ်းသစ်ပင်ကြီးလေ။ ကျွန်တော် အသက်ရှင်နေတာ အချိန်အကြာကြီးရှိနေပြီ။ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေက မှုန်ဝါးဝါးဖြစ်နေပေမယ့် ဖြစ်ရပ်တစ်ခုကို မှတ်မိနေတုန်းပဲ... "
" အဲဒီ ဖြစ်ရပ်က တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိဘူး။ တော်တော်လေးတော့ ကြာပြီဗျ။ ဟိုး အရင်တုန်းက နေအဖွဲ့အစည်းထဲမှာ အင်အားကြီး ကျင့်ကြံခြင်း အဖွဲ့အစည်းတစ်ခု ရှိခဲ့ဖူးတယ်။ ကျွန်တော်က အဲဒီအဖွဲ့အစည်းထဲက ကျင့်ကြံသူတစ်ယောက်ပဲ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော်ရဲ့လက်နဲ့ ကိုယ့်ကိုယ်ကိုယ် လမင်းကြီးပေါ်မှာ စိုက်ပျိုးခဲ့တာ "
" အဲဒီ ကျင့်ကြံခြင်းအဖွဲ့အစည်း ထွက်ခွာသွားခဲ့တာ အကြာကြီးရှိနေပြီဆိုပေမယ့် သူတို့တွေ ဒီ စကြဝဠာကြီးရဲ့ အစိတ်အပိုင်းတစ်ခုခုထဲမှာ ရှိနေတုန်းပဲလို့ ကျွန်တော် ခံစားနေရတယ်။ ရှေးဦးဝိညာဉ်ခေတ်ရဲ့ အစပိုင်းကတည်းက ပြည်ထောင်စုကြီးထဲမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ လူပျောက်မှုတွေက အဲဒီ ကျင့်ကြံခြင်းအဖွဲ့စည်းနဲ့ ပတ်သတ်နေလောက်တယ်ဗျ "
" သူတို့က အဲဒီနည်းလမ်းကို သုံးပြီး လက်ရှိ နေအဖွဲ့အစည်းထဲကနေ ဂိုဏ်းသားတွေ ရွေးနေတဲ့ပုံပဲ "
" ဥပမာပြရရင်... လင်းယုံပေါ့ " ဧရာမသစ်ပင်ကြီးမှာ လေသံတိုးတိုးဖြင့် အဓိပ္ပါယ်ပါပါ ဆိုလိုက်၏။