လီဝမ်အာ
Vol. 72 Ch. 996
" ဟင် " ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဧရာမသစ်ပင်ကြီး၏ စကားများကို နားထောင်နေဆဲပင်။ ထို့နောက် သူသည် လူအုပ်ကြီးထဲသို့ ဝေ့ဝိုက်ကြည့်လိုက်ပြီး သူ့အား ဦးညွှတ်အရိုအသေ ပေးနေသည့် ကျင့်ကြံသူများကို ခေါင်းညိတ်ပြလိုက်၏။ ထို့အပြင် သူသည် ခပ်လှမ်းလှမ်းရှိ လူအုပ်တစ်ခုထဲမှနေ၍ သူ့အား လှမ်းကြည့်နေသည့် လင်းယုံကိုလည်း မြင်လိုက်ရသေးသည်။
ဝမ်ပေါင်လဲ့မှာ ပြုံးကာ လင်းယုံအား ခေါင်းညိတ်ပြလိုက်၏။ လင်းယုံ၏ ပုံပန်းသွင်ပြင်မှာ ယခင်တုန်းကနှင့် ယှဉ်လိုက်ပါက အများကြီးပြောင်းလဲသွားခဲ့ခြင်း မရှိသည့်ပုံပင်။ ကျင့်ကြံခြင်းအဆင့် အဆင့်အတန်းတစ်ခုသို့ ရောက်သွားသည့် လူတစ်ယောက်အား သူ၏ ပုံပန်းသွင်ပြင်အပေါ် မူတည်၍ အကဲခတ်ရန်မှာ မလွယ်ကူပေ။
လင်းယုံမှာ ဝမ်ပေါင်လဲ့အား တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၏။ ထို့ကြောင့်လည်း သူသည် ယခုတွင် ဝမ်ပေါင်လဲ့ သူ့အား လှမ်းကြည့်နေသည်ကို သတိထားမိသွားခြင်း ဖြစ်သည်။ သူသည် တည်ကြည်မှု အပြည့်ရှိသောအမူအရာဖြင့် လူအုပ်ကြီးထဲမှနေ၍ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် ချီတုံချတုံဖြစ်နေသည့် အမူအရာဖြင့် မတ်တတ်ထလာသည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာတော့သည်။
ဧရာမသစ်ပင်ကြီးမှာ လင်းယုံ သူတို့ဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် ရိုသေလေးစားမှု အပြည့်ရှိနေသည့်ပုံ ပေါက်နေဆဲဖြစ်ပါသော်လည်း သူပြောနေသည့် စကားများမှာမူ လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်း အင်္ဂါဂြိုဟ်ပေါ်၌ သူ ဆောင်ရွက်ခဲ့သည့် တာဝန်များအကြောင်း ပြောင်းသွား၏။ သူ၏ စကားသံမှာ ကျယ်လောင်နေခြင်း မရှိပါသော်လည်း သူတို့ဆီသို့ လျှောက်လမ်းလာနေသည့် လင်းယုံမှာ သူ၏စကားအချို့အား နားစွန်နားဖျား ကြားလိုက်ရဆဲပင်။ ထို့နောက် လင်းယုံ သူတို့၏အနီးသို့ ရောက်ရှိလာပြီး ရယ်မောလိုက်ချိန်တွင် ဧရာမသစ်ပင်ကြီးမှာ သူ့ဘက်သို့ လှည့်ကာ ပြုံးပြလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုသေပေးလိုက်၏။
" တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး။ ကျုပ် နှောင့်ယှက်သလိုများ ဖြစ်သွားသလား။ ပေါင်လဲ့နဲ့ ခဏလောက် စကားပြောချင်လို့ပါ " လင်းယုံမှာ အရွှန်းဖောက်ကာ ဆိုလိုက်၏။
" မနောက်ပါနဲ့ ဥက္ကဋ္ဌလင်းရာ။ ကျွန်တော် အစီရင်ခံတင်ပြလို့ ပြီးသွားပါပြီ။ ဥက္ကဋ္ဌကြီးကို ဆက်ပြီးတော့ မနှောင့်ယှက်ဝံ့ပါဘူး " ဧရာမသစ်ပင်ကြီးမှာမူ အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ ပြုံးနေဆဲပင်။ သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာသွား၏။
လင်းယုံမှာ ဧရာမသစ်ပင်ကြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏ ဘေးဘီဝဲယာအား တစ်ချက်မျှ အကဲခတ်လိုက်၏။ ထို့နောက် သူသည် ခံစားချက်မျိုးစုံ ရှုပ်ထွေးကာ နောင်တရနေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့ဘက်သို့ ပြန်လှည့်လာသည်။ သူသည် ဝမ်ပေါင်လဲ့အား ချက်ချင်း စကားပြောလိုက်ခြင်းမရှိပါသော်လည်း သူ၏ မျက်နှာအမူအရာကိုကြည့်လျှင် သူပြောလိုသည့် စကားများကို အထင်အရှား သိနိုင်ပေသည်။
" မျက်စိတစ်မှိတ်အတွင်း နှစ်တွေအများကြီး ကုန်သွားခဲ့ပြီ... " လင်းယုံမှာ ထိုသို့ဆိုကာ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ မျက်နှာအမူအရာမှာ ပြန်လည်တည်ကြည်သွားပြီး သူသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" စန္ဒာကြယ်ဂိုဏ်းရဲ့ အမည်ခံဂိုဏ်းသား လင်းယုံ လူကြီးမင်းကို ဂါရဝပြုပါတယ် "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးပင့်မိသွား၏။ သူသည် လင်းယုံအား ကြည့်ကာ မပွင့်တပွင့် ပြုံး၍ မေးလိုက်သည်။
" စန္ဒာကြယ်ဂိုဏ်း ဟုတ်လား။ အဲဒီဂိုဏ်းက ပြည်ထောင်စုကြီးထဲမှာ ဘယ်တုန်းက ပေါ်လာတာလဲ။ တာအိုရောင်းရင်းလင်းရဲ့ စကားက ဘာအဓိပ္ပါယ်လဲဗျ "
" ပေါင်လဲ့ရာ၊ မနောက်ပါနဲ့တော့ကွာ " လင်းယုံမှာ ရှုံးမဲ့မဲ့ပြုံးကာ နောက်ထပ်တစ်ကြိမ် ထပ်၍ အရိုအသေပေးလိုက်ပြန်သည်။
" ပေါင်လဲ့။ တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး မင်းကို ဘာတွေပြောခဲ့လဲတော့ ငါ မသိဘူး။ ဒါပေမဲ့ မင်း အထင်လွဲသွားမှာစိုးလို့ ငါကိုယ်တိုင်ပဲ ရှင်းပြပါ့မယ် "
" ငါက ဟိုးအရင်တုန်းက ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေ တစ်ခုထဲမှာ ပျောက်ကွယ်သွားခဲ့တာ။ ငါ အဲဒီအချိန်တုန်းက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအများစုကို ပြည်ထောင်စုကြီးကို ပြန်ပြောပြခဲ့ပေမဲ့ ငါ ထုတ်မပြောခဲ့တဲ့ လျှို့ဝှက်ချက်တွေလည်း ရှိသေးတယ် "
" ငါ ပျောက်သွားပြီးတော့ ရောက်သွားခဲ့တဲ့နေရာကို စန္ဒာကြယ်ဂိုဏ်းလို့ ခေါ်တယ်။ အဲဒီဂိုဏ်းက ရှေးခေတ်တုန်းက ကမ္ဘာဂြိုဟ်နဲ့ ပတ်သတ်နေလောက်တယ်။ အဲတာမလို့ ငါက အဲဒီကို ရောက်သွားခဲ့တဲ့ ပထမဆုံးလူ မဟုတ်သလို နောက်ဆုံးလူလည်း မဟုတ်ဘူး။ သူတို့က လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ ငါ့ကို အမည်ခံဂိုဏ်းသားတစ်ယောက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ကျင့်ကြံခြင်းပညာရပ်တစ်ခုကို သင်ကြားပေးခဲ့တာ... နောက်ဆုံး သူတို့က ငါ့ကို တာဝန်တစ်ခုပေးပြီး ဒီနေရာကို ပြန်ပို့ခဲ့တာပဲ "
" ဘာတာဝန်လဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
" ရှေးဦးဝိညာဉ်ခေတ်ရဲ့ အစကနေပြီးတော့ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်ပေးဖို့နဲ့ အဲဒီ သမိုင်းကြောင်းထဲမှာ ငါကိုယ်တိုင် ပါဝင်ပတ်သတ်ဖို့ပဲ။ ပြီးတော့ ပြည်ထောင်စုကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တဲ့ အခြေအနေမျိုးနဲ့ကြုံရရင် မျိုးဆက်သစ်တွေလို့ သတ်မှတ်နိုင်တဲ့ လူတွေကို အဲဒီ အပျက်အစီးနယ်မြေထဲ ပို့ပေးဖို့ပဲ " လင်းယုံ၏ မျက်ဝန်းများမှာ ရိုးသားမှုအပြည့် ရှိနေ၏။ သူသည် မည်သည့်အရာကိုမှ ထိမ်ချန်ထားခြင်းမရှိပေ။
" စန္ဒာကြယ်ဂိုဏ်း ဘာတွေ ကြံစည်နေတာလဲဆိုတာကိုတော့ ငါ မသိဘူး။ ဒါပေမဲ့ ငါ သိထားတဲ့အချက်တစ်ချက်တော့ ရှိတယ်။ ပြည်ထောင်စုကြီးက ငါ့ရဲ့ ဇာတိမြေဆိုတဲ့ အချက်ပဲ။ အဲတာမလို့ ငါ ပြန်ရောက်လာခဲ့ပြီးနောက် ဘယ်သူ့ကိုမှ အဲဒီ အပျက်အစီးနယ်မြေထဲ မပို့ခဲ့ဘဲ အဲဒီအကြောင်း ပြည်ထောင်စုကြီးကို အစီရင်ခံတင်ပြခဲ့တာပဲ။ အဲတာမလို့လည်း ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဲဒီလို အပျက်အစီးနယ်မြေတွေထဲမှာ ပျောက်သွားတဲ့ လူအရေအတွက်တွေ ပိုပြီးတော့ နည်းလာတာပေါ့ "
" ဒါပေမဲ့ ပေါင်လဲ့... ပြည်ထောင်စုကြီး တကယ် ပျက်စီးသွားနိုင်တဲ့ အချိန်ကို ရောက်လာရင်တော့ ပြည်ထောင်စုကြီးရဲ့ မျိုးဆက်သစ်တွေ အသက်ရှင်ကျန်ရစ်နိုင်အောင်လို့ ငါ့ရဲ့တာဝန်အတိုင်း လုပ်ရမှာပဲ "
" အခု ငါ မင်းကို ဒီအကြောင်းတွေ ပြောပြနေရတဲ့အကြောင်းရင်းက ငါ့ကိုယ်ငါ လိပ်ပြာလုံလို့ပဲ " လင်းယုံမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။ ထို့နောက် သူသည် ခေါင်းပြန်မော့လာပြီး သူ၏ မျက်ဝန်းထဲမှ ရိုးသားမှုများကို ပြသနိုင်ရန် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်သည်။
ဝမ်ပေါင်လဲ့မှာ လင်းယုံအား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် အတွေးများထဲတွင် နစ်မျောနေသည့် မျက်ဝန်းတစ်စုံဖြင့် ဆိုလိုက်သည်။
" စန္ဒာကြယ်ဂိုဏ်းအကြောင်း ပြောပြ "
" ငါ စန္ဒာကြယ်ဂိုဏ်း ဘယ်နေရာမှာရှိသလဲဆိုတာကို မသိသလို ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာကိုလည်း မသိဘူး။ ဒါပေမဲ့ ငါ သိသလောက်ဆိုရင် အဲဒီဂိုဏ်းထဲမှာ မင်းလို ကျင့်ကြံသူမျိုး အနည်းဆုံး အယောက်တစ်ရာလောက် ရှိနေလောက်တယ် ပေါင်လဲ့ "
" ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေဆိုလည်း အများကြီး ရှိနေလောက်တယ်။ ပြီးတော့ စန္ဒာကြယ်ဂိုဏ်းက ရှေးခေတ်တုန်းက ကမ္ဘာဂြိုဟ်နဲ့ အများကြီး ပတ်သတ်နေမှာ သေချာတယ်။ ငါ့အထင် ပြောရရင် အဲဒီဂိုဏ်းကို ကမ္ဘာဂြိုဟ်ပေါ်ကနေ ပြောင်းရွှေ့သွားခဲ့တဲ့ ရှေးဟောင်းလူသားတွေ တည်ထောင်ထားတာတောင် ဖြစ်ရင်ဖြစ်နေနိုင်တယ်။ ပြီးတော့... ငါ စန္ဒာကြယ်ဂိုဏ်းထဲမှာ တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီးလိုမျိုး သစ်ပင်တွေကိုလည်း မြင်ဖူးခဲ့သေးတယ် " လင်းယုံမှာ ထိုသို့ဆိုရင်း တစ်စုံတစ်ခုအား ပြန်လည်မှတ်မိသွားသည့် အမူအရာဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာ၏။
" အော် ဒါနဲ့။ စန္ဒာကြယ်ဂိုဏ်းထဲမှာ သတ်မှတ်ထားတဲ့ ရာထူးအဆင့်အတန်းတစ်ခုကို ရောက်တဲ့လူတိုင်း မျက်နှာဖုံးတစ်ခုစီ တပ်ရတယ်။ အဲဒီ မျက်နှာဖုံးတွေက အရွယ်အစားအမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုး ရှိပြီးတော့ အများစုက တစ်ခုနဲ့တစ်ခု လုံးဝမတူကြဘူး "
" မျက်နှာဖုံးတစ်ခု ဟုတ်လား " ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး အတွေးများထဲ၌ နစ်မျောသွား၏။ လင်းယုံမှာမူ စကားဆုံးအောင် ပြောလိုက်ပြီးနောက် စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းချလိုက်သည်။ သူသည် လိမ်ညာပြောဆိုခဲ့ခြင်း မရှိပေ။ သူသည် သူနှင့် ဝမ်ပေါင်လဲ့၏ကြား၌ နားလည်မှုလွဲသွားမည်ကို မလိုလားသလို သူတို့နှစ်ယောက် ရန်သူများအဖြစ်သို့ ရောက်သွားမည်ကိုလည်း မလိုလားပေ။
ပြည်ထောင်စုကြီးမှာ သူ၏ ဇာတိမြေဖြစ်ပြီး သူသည် သူ၏ တစ်ဘဝလုံး ပြည်ထောင်စုကြီးထဲ၌သာ ဖြတ်သန်းခဲ့သည် မဟုတ်ပါလော။ ယခုတွင် သူ၏ သားဖြစ်သူမှာ အိမ်ထောင်ကျသွားပြီဖြစ်ရာ သူသည် ဤနေရာကြီးအား ပို၍ပင် ခင်တွယ်လာတော့သည်။ ထို့ကြောင့်လည်း သူသည် ဧရာမသစ်ပင်ကြီး ဝမ်ပေါင်လဲ့နှင့် စကားပြောနေသည်ကို မြင်လိုက်ရစဉ်တုန်းက အသေးစိတ် အချက်အလက်များကို မသိခဲ့ရသည်တိုင်အောင် တစ်ခုခုမှာလွဲနေကြောင်း ခံစားခဲ့ရသဖြင့် တစ်ခဏမျှ ချီတုံချတုံဖြစ်သွားခဲ့ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်ခြင်း ဖြစ်၏။ သူသည် သူ၏ နှလုံးသားထဲ၌ ကွယ်ဝှက်ထားခဲ့သည့် လျှို့ဝှက်ချက်များအားလုံးကို ထုတ်ပြောလိုက်ပြီဖြစ်သည်။ သူသိထားသည့် ဝမ်ပေါင်လဲ့မှာ ဉာဏ်ရည်ထက်မြက်ပြီး အတွေ့အကြုံ ရင့်သံသူတစ်ယောက် ဖြစ်ရာ သူပြောခဲ့သည့် စကားများအား အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်လိမ့်မည်ဟု သူက ယုံကြည်နေ၏။
လင်းယုံမှာ လျှို့ဝှက်ချက်များအားလုံးကို ထုတ်ပြောလိုက်ပြီးနောက် စိတ်လက်ပေါ့ပါးသွား၏။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေသည်ကို မြင်လိုက်ရသဖြင့် သူ့အား ဆက်လက်နှောင့်ယှက်နေခြင်း မရှိတော့ဘဲ အရိုးသေပေးကာ ထွက်ခွာလာတော့သည်။
အခြားသူများမှာလည်း ဝမ်ပေါင်လဲ့ အတွေးများထဲတွင် နစ်မျောနေသည်ဖြစ်ကြောင်း ရိပ်မိကြပေသည်။ မင်္ဂလာပွဲသို့ တက်ရောက်လာကြသည့် လူများထဲမှ အများစုမှာ ပြည်ထောင်စုကြီးထဲမှ အဆင့်မြင့်အရာရှိကြီးများ ဖြစ်နေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ အခြေအနေနှင့် အချိန်အခါအား နားလည်ကြ၏။ ထို့ကြောင့်လည်း မည်သူကမှ ဝမ်ပေါင်လဲ့အား ထပ်၍ လာရောက်နှောင့်ယှက်ခြင်း မရှိတော့ပေ။
ထိုသို့ဖြင့် အမွေးတိုင်တစ်ဝက် လောင်ကျွမ်းစာအချိန် ကုန်ဆုံးပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
" ငါ သတိတစ်ချက် လွတ်သွားခဲ့တဲ့ပုံပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးနေ၏။ သူသည် " မျက်နှာဖုံး "ဆိုသည့် စကားလုံးအား ကြားလိုက်ရစဉ်တုန်းက အတွေးများထဲ၌ နစ်မျောသွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်တုန်းက သူ ကြယ်သုသာန်ထဲ၌ ဆုံခဲ့ရသည့် မျက်နှာဖုံးနှင့် အမျိုးသမီး၏ ပုံရိပ်များမှာ သူ၏အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ထို အမျိုးသမီး၏ ပုံရိပ်များအား သူ၏ မှတ်ဉာဏ်ထဲမှ ဖျောက်ဖျက်ပစ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် အာရုံအပြည့် စူးစိုက်လိုက်ပြီးနောက် ထို အမျိုးသမီး၏ မျက်နှာဖုံးအား ပြန်၍ သတိရသွား၏။ ထို အချိန်တွင် ထို မျက်နှာဖုံး၏ နောက်မှ အမျိုးသမီး၏ မျက်ဝန်းတစ်စုံမှာ သူ၏ အတွေးထဲ၌ ရှင်းလင်းပြတ်သားစွာ ပြန်လည် ပေါ်ပေါက်လာတော့သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို မြှောက်ကာ မီးတောက်ခေါင်းဆောင်ကြီးအား ဆက်သွယ်နိုင်သည့် ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်သည်။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ရိုသေလေးစားမှုအပြည့်ရှိသော အသံလွှင့် အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။
" ဆရာ၊ ရှိလားဗျ။ ဆရာ့ဆီမှာ ကြယ်သုသာန် ထုတ်ပြန်ကြေညာခဲ့တဲ့ စာရင်း ရှိလား သိချင်လို့ပါ "
ထိုစာရင်းအား လူတိုင်း ပိုင်ဆိုင်ထားမည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က သိထားပြီး ဖြစ်သည်။ အဆုံးမဲ့တာအိုနယ်မြေထဲရှိ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူများသာလျှင် ထိုစာရင်းအား လက်ခံရရှိနိုင်မည်ဖြစ်သည်။ ကြယ်သုသာန်ထဲတွင် ရှိခဲ့စဉ်တုန်းက သူသည် သူ၏ နာမည်ကိုသာ မြင်ခဲ့ရပြီး စာရင်းတစ်ခုလုံးအား မမြင်ခဲ့ရပေ။ ထိုစဉ်တုန်းက သူသည် ထိုကိစ္စအကြောင်း ခေါင်းထဲ မထည့်ထားခဲ့ပါသော်လည်း ယခုတွင်မူ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် ပတ်သတ်၍ သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် သံသယစိတ်များကြောင့် ဝမ်ပေါင်လဲ့မှာ ထို စာရင်းတစ်ခုလုံးအား ကြည့်ရှုစစ်ဆေးရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ခဏအကြာတွင် မီးတောင်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာအား လက်ခံရရှိလိုက်သဖြင့် ထိုစာရင်းအား ပေးပို့လိုက်၏။ ထို့အပြင် သူသည် အသံလွှင့် အကြောင်းကြားစာတစ်စောင်လည်း ပေးပို့လိုက်သေးသည်။
" ချစ်တပည့်လေး။ မင်းကို လာခေါ်ဖို့ ငါ လူတစ်ယောက်လွှတ်လိုက်ပြီ။ မင်း လုပ်စရာရှိတာတွေ လုပ်ပြီးရင် ငါ မင်းကို မီးတောက်ကြယ်စင်စုထဲမှာ စောင့်နေမယ် "
" ဟုတ်ကဲ့ပါ ဆရာ " ဝမ်ပေါင်လဲ့မှာလည်း တရိုတသေ အကြောင်းပြန်လိုက်၏။ ထို့နောက် သူသည် မီးတောက်ခေါင်းဆောင်ကြီး သူ့ဆီသို့ ပေးပို့ခဲ့သည့် စာရင်းအား ချက်ချင်း ဖွင့်ဖတ်လိုက်၏။ ထိုအခါ သူသည် ထိုစာရင်းထဲရှိ နာမည်တစ်ခုအား စိုက်ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာရပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။
" လီဝမ်အာ၊ စန္ဒာကြယ်ဂိုဏ်း "
" လီဝမ်အာ.... ဒါ တိုက်ဆိုင်တာများ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။ သူ၏ အတွေးထဲတွင် လီဝမ်အာ၏ ပုံရိပ်နှင့် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး၏ ပုံရိပ်မှာ တစ်ထပ်တည်း ကျသွားသည်။ ထို့ကြောင့် သူသည် တုမင်နှင့်အတူ အရက်ခွက်မြှောက်ကာ ဆုတောင်းမင်္ဂလာပြုနေသည့် လင်းတျန်ဟောက်အား အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်ပြီးနောက် မင်္ဂလာခန်းမထဲမှ အလျင်အမြန် ထွက်ခွာလာ၏။ သူသည် ခန်းမကြီး၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်နှင့် ချက်ချင်းပျောက်ကွယ်သွားသည်။
သူသည် ပြန်လည်ပေါ်ပေါက်လာချိန်တွင် အင်္ဂါဂြိုဟ်ပေါ်၌ ရှိမနေတော့ဘဲ စကြဝဠာကြီးထဲ၌ ပျံသန်းနေပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ကမ္ဘာဂြိုဟ်ပေါ်သို့ ဆင်းသက်လာပြီး လွှတ်တော်အမတ်ခေါင်းဆောင်ကြီး၏ နေအိမ်ရှေ့၌ ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့မှာ ထိုနေအိမ်ရှေ့တွင် ရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဦးညွှတ်လိုက်၏။
" ကျွန်တော် ဝမ်ပေါင်လဲ့ ဦးလေးလီနဲ့ တွေ့ချင်လို့ပါ "
လွှတ်တော်အမတ်ခေါင်းဆောင်ကြီးမှာ ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားခဲ့ပြီးနောက် သာမန်လူတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားခဲ့ပါသော်လည်း သူသည် ပြည်ထောင်စုကြီး၏ အကျိုးအား စွမ်းစွမ်းတမံ သယ်ပိုးပေးခဲ့သည်မဟုတ်ပါလော။ ထို့အပြင် သူသည် လီဝမ်အာ၏ ဖခင်လည်း ဖြစ်နေသေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့အား တရိုတသေ ဆက်ဆံရန် လိုအပ်ပေသည်။