ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်
Vol. 39 Ch. 520
" မင်းတို့ကောင်တွေ ပွဲကြည့်လို့ ပြီးပြီလား ။ ပြန်ဖို့စိတ်ကူး မရှိသေးဘူးလား "
စွန်းထိုင်ရိ ထွက်သွားပြီးတဲ့နောက်မှာတော့ လီဖူချန်းက အရိပ်နန်းတော် နဲ့ ကြယ်တာရာမျှော်စင်က လူတွေဘက်ကို ကြည့်ပြီး မေးလိုက်ပါတယ် ။
" သွား……သွားကြစို့ "
အရိပ်နန်းတော်နဲ့ ကြယ်တာရာမျှော်စင်က လူတွေကို ဦးစီးလာတဲ့ ဘုရင်အဆင့် တပည့်နှစ်ယောက်ဟာ အရှုံးကို လက်မခံချင်ပေမယ့်လည်း ဘာမှ မတတ်နိုင်တော့ပါဘူး ။ သူတို့က ဆုတ်ခွာမှကို ရတော့မှာပါ ။လီဖူချန်းက သူတို့အရှေ့မှာတင် ဧကရာဇ်အဆင့်အတန်း တပည့်တစ်ယောက်ဖြစ်တဲ့ စွန်းထိုင်ရိကိုတောင် အနိုင်ယူပြ ထားခဲ့ပြီ မဟုတ်ပါလား ။
သိပ်မကြာခင်မှာပဲ လူတွေအားလုံး ရှင်းလင်းသွားပြီး ကောင်းကင်ယံထက်မှာ လီဖူချန်း တစ်ယောက်သာ ကျန်နေခဲ့ပါတယ် ။
" အင်း…… စိတ်တိုင်းကျ အားပါးတရ တိုက်ရတဲ့ တိုက်ပွဲက အရမ်း အရသာ ရှိပါလား ။ အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ် "
လီဖူချန်းကတော့ သည်တိုက်ပွဲကြောင့် အတော်လေး နေသာထိုင်သာ ရှိသွားခဲ့ပုံပါပဲ ။ သူက အားရပါးရ ပြုံးနေပါတယ် ။
အထူးသဖြင့် ဧကရာဇ်အဆင့် တပည့်ဖြစ်တဲ့ စွန်းထိုင်ရိနဲ့ တိုက်ပွဲက သူ့ကို ပိုပြီး စိတ်ကျေနပ်စေမိတယ်လို့ ဆိုရပါမယ် ။ သည်လို တိုက်ပွဲမျိုးကပဲ သူ့ကို ဖိအားတစ်မျိုး ပေးစွမ်းနိုင်တာပါ ။
အခုချိန်မှာတော့ သည်လိုဖိအားမျိုးဟာ သူ့အတွက် အင်မတန် အရေးကြီးပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ လက်ရှိဘဝဟာ အရမ်းကို လွယ်ကူလွန်းပြီး သာယာလွန်းနေလို့ပါပဲ ။သူ့ အနေနဲ့ သည်လိုမျိုးအခြေအနေထဲမှာသာ မွေ့လျော်သွားမယ်ဆိုရင် နောင်တစ်ချိန် ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါ အတော်လေး ဒုက္ခ များသွားပါလိမ့်မယ် ။
လီဖူချန်းက သူဟာ သည်ကမ္ဘာပေါ်မှာ ဘာမှ မဟုတ်သေးဘူး ဆိုတာကို ကောင်းကောင်းကြီး သိထားပါတယ် ။
တကယ်လို့သာ အခုအချိန်မှာ တကယ့် ကပ်ဘေးအန္တရာယ်တစ်ခု ကျရောက်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ လည်စင်းပေးရုံကလွဲပြီး ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။ အဲသည်အချိန်ကျရင် သူ့အနေနဲ့ အားနည်းတယ်ဆိုတဲ့ အဓိပါ္ပယ်ကို သိကောင်း သိလာနိုင်ပါလိမ့်မယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ သူက အခုမှ ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာသာ ရှိနေသေးတာ မဟုတ်ပါလား ။
သူ့ရဲ့ အထက်မှာဆိုရင် တိုက်ပွဲဝိညာဉ်နယ်ပယ် ၊ မူလပင်လယ်နယ်ပယ် နဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်တွေ ကျန်ရှိနေဆဲပါပဲ ။ပြီးတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ရဲ့ အထက်မှာဆိုရင်လည်း သူတော်စင်တွေ ရှိနေပါသေးတယ် ။ ပင်လယ်သားရဲတွေနဲ့ စစ်ပွဲပြီးကတည်းက လီဖူချန်းဟာ သက်တံနီဂိုဏ်းအနေနဲ့ ဆိုးဝါးလှတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာကို ရိပ်မိနေခဲ့တာပါ ။ သူ့ရဲ့ အထင်အရ ဆိုရင်တော့ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ အလောင်းဟာ အနီရောင် ရေနဂါးရဲ့ ဘုရင်ရဲ့ လက်ထဲကိုတောင် ရောက်ကောင်း ရောက်နေလောက်ပါပြီ ။ ဒါပေမဲ့လည်း အဲဒါက သူ့ရဲ့ ထင်မြင်ချက် သက်သက်သာ ဖြစ်တဲ့အတွက် ယတိပြတ်တော့ မသေချာပါဘူး ။
တကယ်လို့သာ မိစ္ဆာသားရဲ ဧကရာဇ် အလောင်းက သူထင်ထားခဲ့သလို အနီရောင် ရေနဂါးဘုရင်လက်ထဲကို ရောက်နေလို့ကတော့ သက်တံနီဂိုဏ်းဟာ သေချာပေါက် ဒုက္ခများပါပြီ ။ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ သွေးအဆီအနှစ်ကို စုပ်ယူပြီးခဲ့တဲ့ အနီရောင် ရေနဂါးဘုရင်ဟာ ဘယ်လောက်အထိ အစွမ်းထက်လာမလဲ မသိပါဘူး ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အနီရောင် ရေနဂါးဘုရင်ဟာ သက်တံနီဂိုဏ်းကို နင်းချေဖျက်ဆီးနိုင်မှာ အသေအချာပါပဲ ။
သက်တံနီဂိုဏ်းသာ ပျက်စီးသွားလို့ကတော့ လီဖူချန်းအနေနဲ့ ဘဝကို သာသာယာယာ ဖြတ်သန်းလို့ ရတော့မှာ မဟုတ်ပါဘူး ။ အဲသည်အတွက် သူ့အနေနဲ့ အခုကတည်းက ပြင်ဆင်စရာ ရှိတာကို ကြိုတင်ပြင်ဆင်ထားမှ တော်ကာ ကျပါလိမ့်မယ် ။
" အခု အေးအေးချမ်းချမ်း ဖြစ်နေတုန်းလေး ငါ့ရဲ့ အစွမ်းကို တတ်နိုင်သလောက် မြန်မြန် မြှင့်တင်ထားရမယ် "
လီဖူချန်းက တီးတိုး ရေရွတ်လိုက်ပါတယ် ။
*****-------*******-----------******----------
ကြေးခွံဖြူတိုက်ကြီးကို ရောက်ပြီးလို့ လေးလအကြာမှာတော့ လီဖူချန်းဟာ ကြေးခွံဖြူ ဆေးပင်ပေါင်း ၉၁၅၀၀ကို သယ်ပြီး သက်တံနီဂိုဏ်းကို ပြန်သွားခဲ့ပါတယ် ။
သူက သည်တစ်ကြိမ် မပြန်ခင်မှာ အရှေ့တစ်ခေါက်မှာလည်း တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်ရဲ့ ဒုတိယပိုင်းကို ယူဖို့အတွက် ဂိုဏ်းတော်ကို တစ်ခါ ပြန်ခဲ့ပြီးပါပြီ ။
သက်တံနီဂိုဏ်းက ကြေးခွံဖြူ ဆေးပင်တွေကို လစဉ် ၊ လတိုင်းမှာ အပ်ရမယ်လို့တော့ တရားဝင် ပြဌာန်း မထားပါဘူး ။ သူတို့က တစ်လခွဲကြာမှ တစ်ခါ လာအပ်ရင်လည်း လက်ခံမှာပါပဲ ။ လီဖူချန်းကတော့ သူလိုအပ်တဲ့ ပညာရပ်တွေကို ယူဖို့အတွက် တစ်လတစ်ခေါက် ဒါမှမဟုတ် လဝက် တစ်ခေါက်လောက် ဂိုဏ်းတော်ကို ပြန်လာနေတာ ဖြစ်ပါတယ် ။
အရင်တစ်ခေါက်တုန်းကဆိုရင် လီဖူချန်းက ထောက်ပံ့ရေးရမှတ် ၁၀၅၀၀၀ စုမိလို့ ပြန်လာခဲ့တာပါ ။ အဲဒါက တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ် ဒုတိယပိုင်းကို ရယူဖို့အတွက် လုံလောက်တဲ့ ထောက်ပံ့ရေးရမှတ် မဟုတ်ပါလား ။
အခုတစ်ခေါက် ထောက်ပံ့ရေးရမှတ်တွေကို လဲလှယ်အပြီးမှာတော့ လီဖူချန်းဆီမှာ ထောက်ပံ့ရေးရမှတ် ၃၄၀,၀၀၀ ရှိနေခဲ့ပါပြီ ။
ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ ရမှတ် ပမာဏ တစ်ခုပါပဲ ။ လီဖူချန်းလို ဧကရာဇ်အဆင့် တပည့်တစ်ယောက်ရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားတဲ့ သူမှသာ အခုလိုမျိုး ထောက်ပံ့ရေးရမှတ်တွေကို အလွယ်တကူ ရနိုင်တာလည်း ဖြစ်ပါတယ် ။တခြား ဘုရင်အဆင့် တပည့်တွေကတော့ သည်လို ထောက်ပံ့ရေးရမှတ်မျိုး ရဖို့ဆိုတာကို အိပ်မက်ထဲမှာတောင် ထည့်မက်နိုင်မှာ မဟုတ်ပါဘူး ။
ပိုပြီး လေးလေးနက်နက် ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ အစွမ်းဟာ ဧကရာဇ်အဆင့် တပည့် အများစုထက်တောင်မှ သာလွန်နေပြီလို့ ဆိုနိုင်ပါတယ် ။
သူက ဧကရာဇ်အဆင့် ဂိုဏ်းသုံးဂိုဏ်းရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေနဲ့ ဧကရာဇ်အဆင့် တပည့်တွေဖြစ်တဲ့ ဖန်းလီ ၊ စွန်းထိုင်ရိတို့ကိုတောင် ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူခဲ့ပြီးပြီ မဟုတ်ပါလား ။တကယ်လို့သာ သူ့အနေနဲ့ နောက်ထပ် ဧကရာဇ်အဆင့် တပည့်တစ်ယောက်ကို ထပ်ပြီး အနိုင်ယူနိုင်လိုက်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားနဲ့ ပက်သက်ပြီး ဘယ်သူမှ သံသယ ဝင်ရဲတော့မှာ မဟုတ်ပါဘူး ။
ဒါပေမဲ့လည်း အခွင့်အရေး ရတဲ့ အပိုင်းမှာတော့ လီဖူချန်းဟာ ဧကရာဇ်အဆင့် တပည့်တွေထက် အားနည်းနေတယ်လို့ ဆိုရပါမယ် ။
ဧကရာဇ်အဆင့်အတန်းက တပည့်တွေဟာ ကန့်သတ်ထားတဲ့ ပညာရပ် အချို့ကလွဲပြီး ကျန်တဲ့ ပညာရပ်တွေ အားလုံးကို ထောက်ပံ့ရေး ဒင်္ဂါးတွေ ပေးစရာ မလိုဘဲ စိတ်တိုင်းကျ ကျင့်ကြံနိုင်ပါတယ် ။လီဖူချန်းကတော့ သူကျင့်ကြံချင်တဲ့ ပညာရပ်အတွက် လိုအပ်တဲ့ ထောက်ပံ့ရေးဒင်္ဂါး ( ဝါ ) ထောက်ပံ့ရေး ရမှတ်တွေကို ကိုယ်တိုင် ရှာဖွေစုဆောင်း နေရဆဲပါပဲ ။
- သက်တံနီဂိုဏ်း ၊ လျှို့ဝှက်ကျမ်းစာဆောင် -
လျှို့ဝှက်ကျမ်းစာဆောင်ကို အရောက်မှာတော့ လီဖူချန်းက အချိန် ဆိုင်းမနေဘဲ တတိယထပ်ကို တပ်သွားပါတော့တယ် ။သူက သည်ကို မလာခင်ကတည်းကနေ သူ့အနေနဲ့ ဘာလုပ်ရမလဲ ဆိုတာကို စဉ်းစားထားခဲ့ ပြီးပါပြီ ။
ဟုတ်ပါတယ် ။ သူက တတိယထပ်မှာ ရှိနေတဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုကို ယူဖို့ စဉ်းစားထားခဲ့တာပါ ။
လျှို့ဝှက်ကျမ်းစာဆောင် ရဲ့ တတိယထပ်………
သည်အထပ်မှာတော့ များပြားလှတဲ့ လျှို့ဝှက်နည်းစနစ်တွေကို စုစည်းထိန်းသိမ်း ထားပါတယ် ။ လီဖူချန်းက သူနဲ့ သင့်တော်မယ့် လျှို့ဝှက်နည်းစနစ်တွေကို ရယူဖို့အတွက် သည်တတိယထပ်ကို တက်လာခဲ့တာ ဆိုရင်လည်း မမှားပါဘူး ။
" စိတ်ဝိညာဉ်အသိစိတ် ဆူး ……။ အသိစိတ်အာရုံပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်း လျှို့ဝှက်နည်းစနစ် ။ အသိစိတ်အာရုံကို ဆူးတစ်ချောင်းအသွင် ပြောင်းပြီး ရန်သူရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်လို့ ရတယ် ။ ထောက်ပံ့ရေးရမှတ် ၃၀၀၀၀ "
" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး ။ မျက်လုံးနဲ့ တိုက်ခိုက်ခြင်း လျှို့ဝှက်နည်းစနစ် ။ သည်ပညာရပ်က ရန်သူကို အဆုံးမရှိတဲ့ ပုံရိပ်ယောင် နယ်ပယ်ထဲမှာ ပိတ်ထားနိုင်တယ် ။ ထောက်ပံ့ရေး ရမှတ် ၃၀၀၀၀ "
လီဖူချန်းက သည်ကြယ်၆ပွင့် လ့ဝှက်နည်းစနစ် နှစ်ခုကို ပထမဦးအကြိမ် လျှို့ဝှက်ကျမ်းစာဆောင်ကို ရောက်ကတည်းက ရယူချင်ခဲ့တာပါ ။ ဒါပေမဲ့ အဲသည်တုန်းက သည်ပညာရပ် နှစ်ခုဟာ သူ့အတွက် အလွန်တရာ တန်ဖိုးမြင့်နေတဲ့အတွက် သူ့အနေနဲ့ မရယူနိုင်ခဲ့ပါဘူး ။
အခုတော့ လီဖူချန်းအတွက် သည်ပညာရပ်နှစ်ခုဟာ ရယူဖို့ လွယ်ကူသွားခဲ့ပါပြီ ။ သည်ပညာရပ်နှစ်ခုရဲ့ တန်ဖိုးက သူလက်လှမ်း မမီတဲ့ တန်ဖိုးမျိုး မဟုတ်တော့ပါဘူး ။
" ငါ့ရဲ့ အသိစိတ်အာရုံက လိပ်ပြာအသိစိတ်အာရုံတောင် ဖြစ်နေပြီ ။အဲဒါက အဆင့်မြင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဘုရင်တွေကိုတောင် ယှဉ်နိုင်တယ် ။ ငါ့အနေနဲ့ အသိစိတ်အာရုံကိုသုံးပြီး တိုက်ခိုက်ရတဲ့ သည်စိတ်ဝိညာဉ် အသိစိတ်ဆူး လျှို့ဝှက်နည်းစနစ်ကို မရယူဘူးဆိုရင် ဖြုန်းတီးရာ ကျသွားလိမ့်မယ် ။ ပြီးတော့ ငါက မျက်လုံးအကြည့်နဲ့ တိုက်ခိုက်တဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကိုလည်း ယူသွားရမယ် ။ အဲဒါကလည်း ငါနဲ့ သင့်တော်မယ့်ပုံ ရှိတယ် "
လျှို့ဝှက်ကျမ်းစာဆောင်ရဲ့ တတိယထပ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းက တုံ့ဆိုင်းမနေဘဲ စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို ရွေးယူလိုက်ပါတော့တယ် ။
အခုအချိန်မှာတော့ လီဖူချန်းအတွက် ချီအတွင်းအား ပြောင်းလဲခြင်း နဲ့ ပက်သက်တဲ့ လျှို့ဝှက်နည်းစနစ်ပဲ လိုတော့တယ်လို့ ဆိုရပါမယ် ။
အဲဒါနဲ့ ပက်သက်ပြီးတော့လည်း သိပ်ပြီး စိတ်ပူစရာ မလိုပါဘူး ။ သည်လျှို့ဝှက်ကျမ်းစာဆောင်ရဲ့ တတိယထပ်မှာရှိတဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ၂၀ကျော်ထဲမှာ ချီအတွင်းအား ပြောင်းလဲခြင်း လျှိ့ဝှက်နည်းစနစ် ၉ခု ရှိပါတယ် ။
အဲဒါတွေကတော့ ပျံလွှားစက်ကွင်းချီ နည်းစနစ် ၊ မြွေနဂါး အစစ်အမှန်ချီ နည်းစနစ် ၊ ဖန်သားကောင်းကင် နည်းစနစ် ၊ မြေလျှိုးနဂါးချီ နည်းစနစ် နဲ့ အခြား နည်းစနစ်တွေပါပဲ ။
သေသေချာချာ စဉ်းစားပြီး နောက်ဆုံးမှာတော့ လီဖူချန်းဟာ ပျံလွှားစက်ကွင်းချီ လျှို့ဝှက်နည်းစနစ်ကိုပဲ ရွေးလိုက်ပါတော့တယ် ။
ဘာဖြစ်လို့လဲဆိုတော့ အဲသည် လျှို့ဝှက်နည်းစနစ်က ဟန်ချက်အညီဆုံး ချီအတွင်းအား ပြောင်းလဲခြင်း လျှို့ဝှက်နည်းစနစ် ဖြစ်နေလို့ပါပဲ ။ အဲဒါ ချီအတွင်းအား နှစ်မျိုးကို အလျင်အမြန် ပြောင်းလဲပေးနိုင်ပါတယ် ။
ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်တွေကို ရယူဖို့အတွက်ကိုတော့ လီဖူချန်းက လုံးဝ မစဉ်းစားထားခဲ့ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ တန်ဖိုးအနည်းဆုံး ဖြစ်တဲ့ ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်ကတောင်မှ အနိမ့်ဆုံး ထောက်ပံ့ရေးဒင်္ဂါး တစ်သန်း ရှိနေလို့ပါပဲ ။ ပြီးတော့ ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်တွေ ဆိုတာက ပြန်လည်ဝင်စားခြင်းနယ်ပယ်နဲ့သာ သက်ဆိုင်သာ မဟုတ်ပါလား ။
အဲသည် ပညာရပ်တွေက မြေကမ္ဘာအထွတ်အထိပ်အဆင့် ချီအတွင်းအား ကျင့်စဉ်တွေထက်ကို ပိုပြီး ရှားပါးပါသေးတယ် ။လီဖူချန်းလို ဘုရင်အဆင့် တပည့်တစ်ယောက်ကို မဆိုထားပါနဲ့ဦး ။ ဧကရာဇ်အဆင့် တပည့်တွေတောင်မှ သည်ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်တွေကို ရယူချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ တန်ဖိုးကို ပေးရပါလိမ့်မယ် ။ ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်တွေနဲ့ ပက်သက်လာရင်တော့ ဂိုဏ်းတော်က ဧကရာဇ်အဆင့် တပည့်တွေကို ခြွင်းချက် မပေးထားပါဘူး ။
ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် သုံးခုကို ရွေးယူအပြီးမှာတော့ လီဖုချန်းဆီမှာ ထောက်ပံ့ရေးရမှတ်ပေါင်း ၂၄၀၀၀၀ သာ ကျန်ပါတော့တယ် ။
" အင်း…… သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်းတွေကိုပါ ယူသွားရင် ကောင်းမလား "
လျှို့ဝှက်နည်းစနစ် သုံးခုကို ရွေးပြီးတာတောင်မှ လီဖူချန်းက လျှို့ဝှက်ကျမ်းစာဆောင်ကနေ ထွက်မသွားသေးပါဘူး ။သူက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်းတွေနဲ့ ပက်သက်ပြီး တွေဝေနေဆဲပါပဲ ။
" ဟာ…… ရှုပ်ပါတယ်ကွာ ။ ငါ့ဆီမှာလည်း ထောက်ပံ့ရေး ရမှတ်တွေ ရှိနေတာပဲ ။ အကုန်လုံး ယူသွားလိုက်မယ် "
အချိန်အတန်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်း ၃ပိုင်းကိုပါ ယူသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
မီးလျှံအရိုးတည်ဆောက်ပုံပေါ်က မီးလျှံအင်းကွက်တွေကို အဆစ်၅ဆစ်အထိ နားလည်သဘောပေါက် အပြီးမှာတော့ လီဖူချန်းဟာ မီးလျှံဥပဒေသတွေနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင် လာခဲ့ပါပြီ ။ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဆိုတာကလည်း မီးလျှံဥပဒေသတွေနဲ့ ဆက်နွှယ်နေတဲ့ ကျင့်စဉ်တစ်ခုပါပဲ ။ အဲသည်အတွက် လီဖူချန်းက သူ့အနေနဲ့ သည်နောက်ဆုံးအပိုင်း ၃ပိုင်းကို လေ့ကျင့်အောင်မြင်နိုင်မယ်လို့ လုံးဝ ယုံကြည်မှု ရှိပါတယ် ။
သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်း၃ပိုင်း တန်ဖိုးက မနည်းလှပါဘူး ။ အဲဒါက စုစုပေါင်း ထောက်ပံ့ရေးရမှတ် ၁၆၈၀၀၀ တောင် ကျသင့်ပါတယ် ။
" လခွီး…… ထောက်ပံ့ရေး ရမှတ်တွေက ဘယ်လို ရှာရှာကို မလောက်ပါလား ။ စိတ်ပျက်ဖို့ ကောင်းလိုက်တာကွာ "
သူ့ဆီမှာ ကျန်တဲ့ ထောက်ပံ့ရေး ရမှတ်တွေကို တွက်အပြီးမှာတော့ လီဖူချန်းက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်မိပါတယ် ။ အခုဆိုရင် သူ့ဆီမှာက ထောက်ပံ့ရေးရမှတ် ၇၂၀၀၀သာ ကျန်တော့တာ မဟုတ်ပါလား ။
" အင်းလေ …… ဘာတတ်နိုင်မလဲ ။ ပြန်ပြီး ရှာရဦးမှာပေါ့ ။ အခုလောလောဆယ်တော့ ဒါတွေနဲ့တင် လုံလောက်လောက်ပါပြီ "
ညည်းတွားပြီးတဲ့ အဆုံးမှာတော့ လီဖူချန်း ကျမ်းစာအုပ်အညွှန်း တစ်ထပ်ကြီးကို ပိုက်ပြီး ပထမထပ်ကို ဆင်းသွားပါတော့တယ် ။
" နင့်မေကလွှား…… ဘာကြီးလဲဟ "
ကျမ်းစာအုပ်အညွှန်း တစ်ထပ်ကြီးနဲ့ ဆင်းလာတဲ့ လီဖူချန်းကို မြင်အပြီးမှာတော့ ကျမ်းစာဆောင်စောင့် အကြီးအကဲတောင်မှ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ပါတယ် ။
ဒါပေမဲ့လည်း သူက ဘာမှတော့ မပြောပါဘူး ။ သူက အကြီးအကဲတစ်ယောက်ဖြစ်တဲ့အတွက် ကြေးခွံဖြူတိုက်ကြီးမှာ လီဖူချန်းတစ်ယောက် ဘယ်လို စွမ်းဆောင်ပြထားသလဲ ဆိုတာကို ကောင်းကောင်းကြီး ကြားသိထားပြီးသားပါပဲ ။
"ကျေးဇူးတင်ပါတယ် …… အကြီးအကဲ ။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး "
သူလိုချင်တဲ့ ပညာရပ်တွေရဲ့ မူပွားတွေကို ရအပြီးမှာတော့ လီဖူချန်းက အကြီးအကဲကို နုတ်ဆက်ပြီး လျှို့ဝှက်ကျမ်းစာဆောင်ကနေ ထွက်သွားပါတော့တယ် ။
***------*****------****--------****
ကြေးခွံဖြူတိုက်ကြီး၊ သက်တံနီတောင်တန်း အတွင်းပိုင်း တစ်နေရာ …………
တောင်ထိပ်တစ်ခု ပေါ်မှာတော့ လီဖူချန်းတစ်ယောက် မျက်လုံးအစုံကို မှိတ်ပြီး တင်ပျဉ်ခွေ ထိုင်နေလေရဲ့ ။
သိပ်သည်းလှတဲ့ အသိစိတ်အာရုံ လှိုင်းတွေကတော့ လီဖူချန်းရဲ့ မျက်ခုံးနှစ်ခုကြား အလယ်ကနေပြီး တိုးထွက်နေပါတယ် ။
ရွှီး……
သိပ်မကြာခင်မှာပဲ အဲသည် အသိစိတ်အာရုံ လှိုင်းတွေဟာ မမြင်ရတဲ့ ဆူးတစ်ချောင်းအဖြစ်ကို ပြောင်းသွားပြီး လီဖူချန်းဆီကနေ ပြေးထွက်သွားခဲ့ပါပြီ ။အဲသည်နောက်မှာတော့ သူက မျက်လုံး ဖွင့်လာခဲ့ပါတယ် ။
" စိတ်ဝိညာဉ် အသိစိတ်ဆူးကိုတော့ လေ့ကျင့်ပြီးသွားပြီ ။ ဒါပေမဲ့ လက်တွေ့စမ်းသပ်မှုတော့ တစ်ခါမှ မလုပ်ရသေးဘူး ။ ခက်တယ်ကွာ ။ သည်စွမ်းအားက အရမ်းကြီး အားကောင်းမနေရင်လည်း တော်သေး ။ အခုတော့ သည်စွမ်းအားက တစ်ဖက်လူရဲ့ အသိစိတ်အာရုံကို လုံးဝ ပျောက်ကွယ်သွားအောင် ဖျက်ဆီးပစ်လိုက်နိုင်တယ် ။ဟူး…… ဒါကြီးကို စမ်းသပ်ဖို့က အရမ်း အန္တာရယ် များလွန်းတာပဲ "
လီဖူချန်းက ခပ်တိုးတိုး ညည်းတွားလိုက်မိပါတယ် ။
တခြားလူတွေ ဆိုရင်တော့ သည်ပညာရပ်ကို စမ်းသပ်ဖို့အတွက် သိပ်ပြီး အခက်တွေ့နေမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ လီဖူချန်းကတော့ အခက်တွေ့နေခဲ့ပါတယ် ။
ပြသနာကတော့ သူ့ရဲ့ အသိစိတ်အာရုံကြောင့်ပါပဲ ။ သူ့ရဲ့ အသိစိတ်အာရုံက အရမ်း အားကောင်းလွန်းနေတဲ့အတွက် တော်ရုံတန်ရုံ လူတွေတောင်မှ သူ့ရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကို ခံနိုင်မှာ မဟုတ်ပါဘူး ။
" ဟုတ်ပြီလေ ။ သည်ပညာရပ်ကို နောက်ကြုံမှပဲ စမ်းတော့မယ် ။ အခုတော့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို ကျင့်လိုက်ဦးမှ
အဲသည်နောက်မှာတော့ လီဖူချန်းက စိတ်ဝိညာဉ် အသိစိတ်ဆူးကို စမ်းသပ်ဖို့ မေ့လိုက်ပြီး မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို စတင် လေ့ကျင့်ပါတော့တယ် ။
စိတ်ဝိညာဉ် အသိစိတ်ဆူးထက် စာရင်တော့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးက လီဖူချန်းအတွက် ပိုပြီး လေ့ကျင့်ရ ခက်ခဲသလိုပါပဲ ။
စိတ်ဝိညာဉ် အသိစိတ်ဆူးကတော့ အသိစိတ်အာရုံနဲ့ တိုက်ခိုက်ရတာ ဖြစ်တဲ့အတွက် လီဖူချန်းအနေနဲ့ သိပ်ပြီး ခက်ခက်ခဲခဲ မလေ့ကျင့်ခဲ့ရပါဘူး ။
ကံကောင်းတယ်လို့ပဲ ဆိုရပါမယ် ။ လီဖူချန်းရဲ့ အထုံပါရမီက ပုံရိပ်ယောင်ပညာ ဘက်မှာလည်း အတော်လေး ကောင်းနေခဲ့ပါတယ် ။ သူက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အစကနဦးပိုင်းကို ရောက်ဖို့အတွက် အချိန်တစ်ရက်ထက် ပိုမယူခဲ့ရပါဘူး ။
မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို လေ့ကျင့်နေဆဲမှာပဲ လီဖူချန်းက ပုံရိပ်ယောင် ပညာရပ်တွေရဲ့ အဓိက လိုအပ်ချက်တွေထဲက တစ်ခုဟာ စိတ်ဝိညာဉ် ဖြစ်တယ်လို့ သတိပြုမိလိုက်ပါတယ် ။
စိတ်ဝိညာဉ်အားကောင်းလေလေ၊ ပုံရိပ်ယောင်တွေကို ဖန်တီးထိန်းချုပ်ဖို့ ပိုလွယ်လေလေပါပဲ ။
စိတ်ဝိညာဉ်အပိုင်းကတော့ လီဖူချန်းရဲ့ အားအသာဆုံး အပိုင်းလို့ပဲ ဆိုရပါမယ် ။ စိတ်ဝိညာဉ် အရည်အသွေးချင်း ယှဉ်မယ်ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တစ်ပါးတောင်မှ သူ့ကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။
မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အစကနဦး အဆင့်ကို ရောက်ပြီးတဲ့အခါမှာတော့ လီဖူချန်းရဲ့ မျက်လုံးသူငယ်အိမ်တွေထဲမှာ ရုပ်စုံမှန်ပြောင်းလို ရှုပ်ထွေးတဲ့ အင်းကွက်တွေ ပေါ်လာခဲ့ပါပြီ ။ သူ့ရဲ့ မျက်လုံးနဲ့ ကြည့်ခြင်း ခံလိုက်ရတဲ့ ငှက်တွေဟာဆိုရင် ပံျသန်းမှုတွေ ရပ်တန့်ကုန်ပြီး ကောင်းကင်ပေါ်ကနေ ပြုတ်ကျကုန်ပါတယ် ။
" သည်ပညာရပ်ကို မျက်လုံးနဲ့ တိုက်ခိုက်တဲ့ လျှို့ဝှက်နည်းစနစ်လို့ ခေါ်တာလည်း အံ့သြစရာ မရှိဘူး ။ သည်လျှို့ဝှက်နည်းစနစ်က မျက်လုံးကို ပုံရိပ်ယောင် ချီအရှိန်အဝါတွေ ပို့လွှတ်လို့ရတဲ့ ကြားခံပစ္စည်း တစ်ခုအဖြစ် အသုံးပြုလို့ ရနေတာကိုး "
လီဖူချန်းက တီးတိုး ရေရွတ်လိုက်မိပါတယ် ။
***