မသွားပါနဲ့ဦး
Vol. 81 Ch. 1125
ပါ့ရှာကြောင့် အော့မန်တို့သည်လည်း အန်လင်းတို့အား ကြည့်ရှုလာသည်။ ပါ့ရှာ၏ အကြည့်တစ်ချက်ကြောင့် တီနာ၏ အကာအရံမှာ ကျိုးပျက်သွားလေပြီ။
ထို့ကြောင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နှင့် စုကျိုးအင်မော်တယ်ဂိုဏ်းတို့ ဆုံတွေ့သွားရသည်။
ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။
ထို့နောက် ဒဏ်ရာရထားသော အော့မင်ယွီမှ စတင်ရေရွတ်လာသည်။
“အန်လင်း မင်းဘာလို့ ဒီကိုရောက်နေတာလဲ။”
အန်လင်း အားယူကာ ပြုံးလိုက်သည်။
“ဖြတ်သွားရုံပဲလို့ပြောရင် ယုံမှာလား။”
အော့မင်ယွီ ဒေါသထွက်သွားသည်။
“ငါ့ကို အရူးထင်နေတာလား။”
အန်လင်း ပြုံးကာပြောလာသည်။
“မဟုတ်လို့လား။ အခုတင် သေမလို ဖြစ်ထားတာကို...”
“မင်း..... အဟွတ်.....”
အော့မင်ယွီ စိတ်တိုလွန်းသဖြင့် သွေးပင်အန်သွားရသည်။
အန်လင်း၏ စော်ကားမှုများမှာ သူ၏စိတ်အား ထိခိုက်စေသည်။
“ဟားဟားဟား..... နဂါးမျိုးနွယ်စုဝင် မဟုတ်ပဲနဲ့ ကန့်သတ်နယ်မြေ ရောက်လာမှတော့ ဒီမှာပဲ တသက်လုံး နေလိုက်တော့။”
အော့မန် ဝမ်းသာအားရပြောကာ ပါ့ရှာအား လှမ်းကြည့်လိုက်သည်။
သူသည် တာအိုနှလုံးသားဖြင့် တိုင်တည်ထားသောကြောင့် အန်လင်းတို့အား ဒုက္ခမပေးနိုင်ပါသော်လည်း ဒဏ္ဍာရီလာသားရဲ ပါ့ရှာမှာ ထိုသို့မဟုတ်ပေ။
အန်လင်းသည် မည်မျှပင် ထူးချွန်နေစေကာမူ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိသောကြောင့် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲတစ်ကောင်အား တိုက်ခိုက်နိုင်စရာ မရှိပေ။
အော့မင်ယွီသည်လည်း အန်လင်း ဒုက္ခရောက်ရမည့် အတွေးကြောင့် သဘောကျစွာ ရယ်လိုက်ပါသော်လည်း နှုတ်ခမ်းထောင့်စွန်းမှ သွေးများသာ စီးကျလာသည်။
ပါ့ရှာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။
“သူတို့ထဲမှာ နဂါးမျိုးနွယ်စုဝင် မပါရင်တော့ သေချာပေါက် သေရမှာပဲ။”
အော့မန်နှင့် အော့မင်ယွီ မပျော်နိုင်သေးခင်မှာပင် ပါ့ရှာ ဆက်ပြောလာသည်။
“ဒါပေမယ့်..... သူတို့ထဲမှာ နဂါးမျိုးနွယ်စုဝင် ရှိနေတယ်။”
ပါ့ရှာ ဆန်းကြယ်စွာ ပြုံးလိုက်သည်။
“ဟမ်....”
အော့မင်ယွီ နားမလည်နိုင် ဖြစ်သွားမိသည်။
“ဘာကိုဆိုလိုချင်တာလဲ။”
အော့မန်မှာ ကြောင်တောင်တောင် ဖြစ်နေပြီးနောက် ရှောင်ဇယ်အား သတိပြုမိလိုက်သည်။
“မင်းပဲ။”
ရှောင်ဇယ် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
“မင်းတို့က တကယ်နှေးတာပဲ။”
အော့မင်ယွီ လက်မလျှော့သေးပေ။
“သူတို့က နဂါးမင်းပိုင်နက်ကမှ မဟုတ်....”
“တော်တော့....”
အော့မန် စကားဖြတ်ပြောလာသည်။
အော့မင်ယွီသည်လည်း ထိုအခါမှသာ အသိဝင်လာသည်။
ဤနေရာသည် နဂါးမျိုးနွယ်စုများသာ ဝင်ထွက်သွားလာခွင့်ရှိသော ကန့်သတ်နယ်မြေ ဖြစ်သည်။
ရှောင်ဇယ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုဝင် ဖြစ်သောကြောင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ မဟုတ်သော်လည်း သေချာပေါက် ဝင်ထွက်သွားလာခွင့် ရှိသည်။
ရှောင်ဇယ် ပါ့ရှာအား အရိုအသေ ပေးလိုက်သည်။
“စီနီယာ သူတို့က ကျွန်တော့်မိတ်ဆွေတွေပါ။ ပြဿနာ မရှိဘူးမလား။”
“နဂါးမျိုးနွယ်စု မဟုတ်တဲ့သူတွေက ကောင်းကင်ဘုံနဂါးကျွန်းကို ဝင်နိုင်မှာမှ မဟုတ်ပေမယ့်။ တခြားပြဿနာတော့ မရှိပါဘူး။”
ပါ့ရှာ တည်ငြိမ်စွာ ပြောလာသည်။
အန်လင်းတို့ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။
ဒဏ္ဍာရီလာသားရဲသာ မတိုက်ခိုက်ပါက ၎င်းတို့လုံခြုံပြီပင်။
ကောင်းကင်ထက်မှ နဂါးနီမှာ တင့်တယ်လှပသော အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
ပေလျန် ဆိုခဲ့သည့်အတိုင်း အော့ရှောင်ဝူသည် ခြေတံရှည်များနှင့် လှရက်နိုင်လွန်းသော မိန်းမပျိုပင်။
သို့သော် အန်လင်း တွေးထင်ထားသည်နှင့် မတူပဲ သူမ၏ ရုပ်ရည်သွင်ပြင်မှာ အလွန်တရာ နူးညံ့သိမ်မွေ့နေသည်။
မည်သို့ပင်ဆိုစေကာမူ သူမနှင့် ပြဿနာတက်ခြင်းမှာ ကောင်းမည်မဟုတ်ပေ။
ပါ့ရှာသည်ပင် သူမအား မျက်နှာထောက်ရသည် မဟုတ်လော။
အော့ရှောင်ဝူသည် အရှိန်အဝါများ ရုတ်သိမ်းလိုက်ပြီးနောက် ဂရုပင် မစိုက်သည့်အလား အန်လင်းတို့အား တစ်ချက်သာ ကြည့်ရှုလာသည်။
ထို့နောက် အော့မန်အားကြည့်ကာ ပြောလိုက်သည်။
“ခမည်းတော် အခုတောင် အချိန်တော်တော် ကုန်သွားပြီ။ ဘာပြဿနာမှ မရှိရင် ကျွန်မ သွားတော့မယ်။”
အော့မင်ယွီ မကျေမနပ် ဖြစ်သွားသည်။
“မမ.... အန်လင်းကို ပညာမပေးတော့ဘူးလား။ မမမောင်ကို သတ်ထားတဲ့သူနော်။”
အော့ရှောင်ဝူ မျက်မှောင်ကျုံ့လိုက်သည်။
“သေတဲ့သူက သေပြီလေ။ လက်စားချေတော့ရော ဘာရမှာလဲ။ ငါ့ကိုပါ ပင်ပန်းပြီး သေအောင်လုပ်နေတာလား။ လက်စားချေလိုက်ရင်ရော ငါတို့မောင်လေး ပြန်ရှင်လာမှာလား။ သူတို့က နင့်ကိုသတ်ဖို့လုပ်နေပြီး နင်ကမသေသေးရင်တော့ ငါတစ်ခုခု လုပ်ရင်လုပ်မှာပေါ့။”
အန်လင်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အော့ရှောင်ဝူမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။
သူမသည် လက်စားချေခြင်းအား ခြေကုန်လက်ပမ်းကျသည်ဟု တွေးနေပုံပင်။
အော့ရှောင်ဝူသည် နဂါးဖြူအား နှုတ်ခမ်းမွှေး ဆွဲလိုက်သည်။
“ပြီးတော့ နင့်ကို ဆုံးမဖို့ စီနီယာ ပါ့ရှာကို ကတိပေးထားတယ်။ ငါ့နဲ့တူတူ နဂါးမင်းပိုင်နက်ကိုလိုက်ခဲ့။ နောက်ဆယ်ရက်နေမှ ရိုးရာပွဲအတွက် ပြန်လာကြမယ်။”
ထိုသို့နှင့် အော့မင်ယွီမှာ ယက်ကန်ယက်ကန် ပါသွားတော့သည်။
အော့မန်မှာ အီလည်လည်ဖြင့် ကျန်ခဲ့လေသည်။
အန်လင်း စကားဆိုလိုက်သည်။
“ကျုပ်တို့ တိုက်ရအောင်။”
အော့မန် : “.....”
အော့မန်မှာ ဒေါသထွက်လွန်းသောကြောင့် ရင်ဘတ်များပင် အောင့်လာသည်။
“ဟမ့်.... ဘာမှမကောင်းတဲ့ကောင် မင်းကိုငါ ဘာမှမလုပ်နိုင်ဘူး ထင်နေလား။”
သူသည် စုကျိုးအင်မော်တယ်ဂိုဏ်းအား မထိခိုက်စေရန် တာအိုနှလုံးသားဖြင့် ကျိန်ဆိုထားသောကြောင့် ဆဲဆိုနေရုံမှလွဲ၍ ဘာမှမလုပ်နိုင်ပေ။
အော့မန်သည် ဒဏ္ဍာရီလာသားရဲအားကြည့်ကာ ဒေါသတကြီး ပြန်သွားခဲ့သည်။
ဒဏ္ဍာရီလာသားရဲ ပါ့ရှာသည် မျက်ဝန်းများကိုမှိတ်ကာ ကျွန်းကြီးတစ်ကျွန်းအလား ပေါလောပေါ်နေစေလိုက်သည်။
ကောင်းကင်ထက်တွင်မူ မုန်တိုင်းထန်နေဆဲပင်။
“ဟားဟား..... စိတ်ဝင်စားစရာပဲ။”
ပါ့ရှာမှာ မျက်လုံးမှိတ်ထားပါသော်လည်း ပြုံးပြုံးကြီး ဖြစ်နေသည်။
အော့မန်သည် ဟင်းလင်းပြင်သို့အပြန် အဆင့်များအနက် မထူးချွန်လှပါသော်လည်း အံ့ဖွယ်တာအို အစွမ်းအား ရရှိထားသောကြောင့် မကြာမီပင် တစ်စုံတစ်ခု လိုက်ပါလာသည်ကို အာရုံခံမိသွားသည်။
သူတစ်ချက်မျှ အာရုံခံကာ ထိတ်ခန့်သွားရသည်။
“သောက်ကျိုးနည်း ဘာလိုချင်လို့လဲ။”
အန်လင်းတို့မှာ လူယုတ်မာပြုံးပြုံးနေသောကြောင့် ကြက်သီးထဖွယ် ဖြစ်နေသည်။
“မသွားပါနဲ့ဦး။ ကျုပ်တို့ ငွေချေးချင်လို့ပါ။”
အန်လင်း ပြုံးကာပြောလာသည်။
အော့မန်မှာ ကျောရိုးများပင် အေးစိမ့်သွားရသည်။
ယီးတဲ့မှ.....
ဒင်းတို့တွေ အရှက်ရော ရှိသေးရဲ့လား......
ပြီးတော့ ငါ့များ အရူးထင်နေတာလား......
အော့မန်မှာ လျင်မြန်စွာ ထွက်ပြေးလိုက်သည်။
ထို့အပြင် အသံပင် ဆက်သွယ်လိုက်သေးသည်။
“သမီးတော် လှလှလေးရေ ခမည်းတော်ကို အန်လင်း လိုက်သတ်နေတယ်။ လာကယ်ပါဦး။”