← Chapters

မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်

Vol. 39 Ch. 521

မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်

Vol. 39 Ch. 521

နောက်ထပ် ရက်တွေမှာ ဆိုရင်လည်း လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကိုပဲ အားကြိုးမာန်တက် လေ့ကျင့်နေဆဲပါပဲ ။

မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အကြို ပြီးပြည့်စုံခြင်းအဆင့်……

မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်………

လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့အတွက် အချိန် သိပ်ကြာကြာ မယူလိုက်ရပါဘူး ။ အဲဒါက သူ့ရဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်နဲ့လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ် ။

မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို  ရောက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို အသက်မသွင်းထားရင်တောင်မှ သူ့ရဲ့ မျက်လုံးနဲ့ ကြည့်ခြင်း ခံလိုက်ရတဲ့ ပိုးမွှားတွေ ဒါမှမဟုတ် ငှက်တွေဟာ သူတို့ရဲ့ လုပ်လက်စ အပြုအမူတွေကို ရပ်တန့်သွားပြီး ကျောက်ရုပ်သဖွယ် ဖြစ်သွားကြပါတယ် ။ သူတို့အားလုံးဟာ ပုံရိပ်ယောင်ကမ္ဘာထဲကို ကျရောက်သွားခဲ့ကြတာလို့ ပြောရင်တော့ ပိုမှန်ပါလိမ့်မယ် ။

သည်ကိစ္စနဲ့ ပက်သက်ပြီး ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ဒါကို သိပ်ပြီး ဂုဏ်ယူမနေပါဘူး ။ ပိုးမွှားတွေ နဲ့ ငှက်တွေဆိုတာက အားနည်းတဲ့ စိတ်ဝိညာဉ်ကိုသာ ပိုင်ဆိုင်ထားကြတာ မဟုတ်ပါလား ။ သူတို့အနေနဲ့ လီဖူချန်းရဲ့ ပုံရိပ်ယောင် ချီအရှိန်အဝါ တစ်စွန်းတစ်စကိုတောင် ခံနိုင်စရာ အကြောင်း မရှိပါဘူး ။

လီဖူချန်းဟာ စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို တစ်လအတွင်းမှာပဲ ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ် ။သူ့လို လုပ်ဆောင်နိုင်သူမျိုးက ဂိုဏ်းတော်မှာ ရှိဦးမလား ဆိုတာကိုတောင် မေးခွန်းထုတ်ချင်စရာပါပဲ ။ သူ့ရဲ့ ထိုးထွင်းသိမြင်မှု နဲ့ အထုံပါရမီကတော့ လုံးဝ ပြိုင်ဘက်ကင်း ဖြစ်နေပြီလို့ ဆိုရပါမယ် ။

တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးတောင်မှ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်ကို ပြီးပြည့်စုံခြင်း အဆင့် ရောက်ဖို့အတွက် နှစ်နဲ့ချီပြီး အချိန်ယူရတာ မဟုတ်ပါလား ။

ပြီးပြည့်စုံခြင်း အဆင့်ရဲ့ အထက်မှာ ဆိုရင်လည်း အလုံးစုံ တတ်သိနားလည်ခြင်းအဆင့် ရှိနေပါသေးတယ် ။

ပြီးပြည့်စုံခြင်း အဆင့်နဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ဟာ တကယ့်ကို ကွာခြားမှုကြီး တစ်ခုပါပဲ ။

လျှို့ဝှက်နည်းစနစ်တွေမှာက ပြီးပြည့်စုံခြင်း အဆင့် ဆိုတာဟာ ကျင့်ကြံသူက လျှို့ဝှက်နည်းစနစ်ရဲ့ စွမ်းအား ၉၀ ရာခိုင်နှုန်းကိုသာ သုံးနိုင်သေးတယ်လို့ ဆိုလိုတာပါ ။ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကတော့ လ့ဝှက်နည်းစနစ်ရဲ့ စွမ်းအား ၁၀၀ ရာခိုင်နှုန်းကို အသုံးပြုနိုင်ပြီဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။ အဲသည်ထက်  ပိုအရေးကြီးတာကတော့ လျှို့ဝှက်နည်းစနစ် တစ်ခုရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်မှပဲ အဲသည်ကျင့်ကြံသူဟာ   လျှို့ဝှက်နည်းစနစ်ကို အပြစ်အနာအဆာ ကင်းတဲ့အထိ အသုံးပြုနိုင်သူလို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ် ။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ မျက်လံုံးတစ်ထောင် အတွေးစိတ်ကူးပေါ့ ။

လီဖူချန်းရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးဟာ ပြီးပြည့်စုံခြင်း အဆင့်မှာသာ ရှိနေသေးတဲ့အတွက် အားနည်းချက်တွေ ၊ အပြစ်အနာအဆာတွေ ရှိနေဆဲပါပဲ ။အဲသည်အတွက် သူ့ရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးနဲ့ တိုက်ခိုက်ခြင်း ခံရသူတွေဟာ မမျှော်လင့်တဲ့ အကြောင်း တစ်စုံတစ်ရာကြောင့်  ပုံရိပ်ယောင်ကမ္ဘာ ထဲကနေ လွတ်သွားနိုင်ပါတယ် ။ ဒါပေမဲ့ လီဖူချန်းရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားရင်တော့ အဲသည်လို အဖြစ်မျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး ။ လီဖူချန်းရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးနဲ့ တိုက်ခိုက်ခြင်း ခံရတဲ့ သူတိုင်းဟာ  ပုံရိပ်ယောင်ကမ္ဘာ ထဲကနေ လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ စိတ်ဝိညာဉ် နဲ့ စိတ်တန်ခိုးတို့ကိုပဲ အားကိုးရတော့မှာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း တစ်ခု သတိပြုရမှာကတော့ တစ်ဘက်ရန်သူက လီဖူချန်းထက် ပုံရိပ်ယောင် ပညာရပ်မှာ ပိုပြီး ကျွမ်းကျင်နေခဲ့မယ် ဆိုရင် အခြေအနေက နောက်တစ်မျိုး ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ ။

" ဟုတ်ပြီ ။ အပြင်ထွက်ပြီး ငါ့ရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို စမ်းသပ်ရမယ် "

မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သည်ပညာရပ်ရဲ့ အစွမ်းကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။

သူ့အနေနဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကို  စမ်းသပ်ဖို့ လူမရှာနိုင်ပေမယ့် မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို စမ်းသပ်ဖို့အတွက် လူရှာဖို့ကတော့  မခဲယဉ်းပါဘူး ။

တစ်နေ့မှာတော့ လီဖူချန်းဟာ သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့် သုံးယောက်ကို သက်တံနီ တောင်တန်းဆီ ဆင့်ခေါ်လိုက်ပါတော့တယ် ။

သက်တံနီဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေဟာ လျော့တွက်လို့ရတဲ့ သူတွေ မဟုတ်ပါဘူး ။ ယေဘုယျအားဖြင့် ဆိုရင်တော့ သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့် အားလုံးလိုလိုဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေချည်းပါပဲ ။ အဲသည်အတွက် သူတို့အားလုံးကို  စိတ်တန်ခိုးပိုင်းဆိုင်ရာမှာ အားနည်းတဲ့သူတွေ မဟုတ်ဘူးလို့ အကြမ်းဖျင်း မှတ်ယူရပါလိမ့်မယ် ။

" ဂိုဏ်းတူအစ်ကိုလီ …… ကျွန်တော်တို့အတွက် လုံးဝ စိတ်မပူနဲ့ ။ အစ်ကိုလေ့ကျင့်ထားတဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကိုသာ အကောင်းဆုံး သုံးလိုက် "

လီဖူချန်းရဲ့ ဆင့်ခေါ်ခြင်း ခံလိုက်ရတဲ့ အပြင်စည်းတပည့် သုံးယောက်ဟာ  သက်တံနီတောင်တန်းဆီ အားတက်သရော လာခဲ့ကြပါတယ် ။ သူတို့က လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ဖို့ကိုလည်း လုံးဝ တွန့်ဆုတ်နေကြခြင်း မရှိပါဘူး ။ သူတို့က ဝမ်းသာအားရနဲ့ လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ဖို့ကို သဘောတူလိုက်ကြပါတယ် ။

လူတစ်ယောက်တည်း စွမ်းအားနဲ့  အနောက်မြောက်ပိုင်း နယ်မြေဒေသ နဲ့ ငွေသဲဖြူ နယ်မြေဒေသကို သိမ်းပိုက်ထားနိုင်တဲ့သူ ။

သည်အချက်က နောက်စရာ မဟုတ်ပါဘူး ။  ကြေးခွံဖြူ တိုက်ကြီးမှာဆိုရင် လီဖူချန်းထက် နယ်မြေများများ သိမ်းပိုက်ထားနိုင်တာဆိုလို့ ဧကရာဇ်အဆင့် ဂိုဏ်းသုံးဂိုဏ်းပဲ ရှိတော့တာပါ ။

သူတို့ရဲ့ အမြင်မှာတော့ လီဖူချန်းဆိုတာက ကြေးခွံဖြူ တိုက်ကြီးရဲ့ နတ်ဘုရား တစ်ပါးပါပဲ ။

ပြီးတော့ လီဖူချန်းက သက်တံနီဂိုဏ်း စစ်တပ်ရဲ့ တပ်မှုးချုပ်လည်း ဖြစ်နေပါသေးတယ် ။ သက်တံနီဂိုဏ်း စစ်တပ်ရဲ့ တပ်မှုးချုပ်ဖြစ်တဲ့ လီဖူချန်းဟာ သက်တံနီဂိုဏ်းအတွက် သိပ်အရေးမပါတဲ့ ရင်းမြစ်ပစ္စည်းတွေကို အတိုင်းအတာ ပမာဏ တစ်ခုအထိ  ခြယ်လှယ်နိုင်ခွင့် ရှိသူ ဆိုရင်လည်း မမှားပါဘူး  ။ သူတို့တွေက လီဖူချန်းနဲ့ ရင်းနှီးခင်မင်သွားရင် သိပ်အရေးမပါတဲ့ ရင်းမြစ်ပစ္စည်းတွေကို အပြင်လောကကို သယ်သွားပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြန်ရောင်းစားလို့ရတဲ့ အခွင့်အရေးကို ရနိုင်ပါတယ် ။ ဒါကြောင့်လည်း သူတို့က လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ဖို့ကို မဆိုင်းမတွ သဘောတူလိုက်ကြတာပါ ။

လီဖူချန်းနဲ့ ရင်းနှီးခင်မင်ခွင့် ရမယ့် သည်လို အခွင့်အရေးကိုတော့ အရူးတွေမှပဲ ငြင်းပယ်ပါလိမ့်မယ် ။

" ဟုတ်ပြီလေ …… ဒါဆိုလည်း သတိထားကြတော့ "

သတိပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို အသက်သွင်းပြီး အပြင်စည်းတပည့် သုံးယာက်ကို ကြည့်လိုက်ပါတော့တယ် ။

ပုံရိပ်ယောင် ချီအရှိန်အဝါတစ်ခုဟာ တိုးတိတ်ညင်သာစွာနဲ့ အပြင်စည်းတပည့် သုံးယောက်ကို လွှမ်းခြုံသွားခဲ့ပါပြီ ။

ပုံရိပ်ယောင် ချီအရှိန်အဝါရဲ့ လွှမ်းခြုံမှုကို ခံလိုက်ရပြီးတာနဲ့ တစ်ပြိုင်နက် အပြင်စည်းတပည့် သုံးယောက်စလုံးရဲ့ မျက်လုံးတွေဟာ မှေးမှိန်ဖျော့တော့ သွားပါတော့တယ် ။သူတို့က ပုံရိပ်ယောင် ကမ္ဘာထဲငိုကျရောက်သွားခဲ့ပြီဆိုတာ သံသယ ဝင်နေစရာ မလိုတော့ပါဘူး ။

သိပ်မကြာခင်မှာတော့ အပြင်စည်းတပည့် သုံးယောက်ရဲ့ မျက်နှာပေါ်မှာ သောင်းပြောင်းထွေလာ အမူအယာ အမျိူးမျိုး ပေါ်လာပါတော့တယ်  ။ တစ်ခါတစ်ရံမှာ နာကျင်မှု ၊ တစ်ခါတစ်ရံမှာ ကြောက်ရွံ့မှု  အစရှိသဖြင့်ပေ့ါ ။ တစ်ခါတစ်ရံမှာတော့လည်း ခပ်တိုးတိုး ညည်းတွားပြီး တောင်းပန်တိုးလျှိုး နေကြပါသေးတယ် ။ ကြည့်ရတာတော့ သူတို့တွေဟာ ပုံရိပ်ယောင် ကမ္ဘာထဲမှာ အဖြစ်အပျက် အမျိုးမျိုးနဲ့ ကြုံတွေ့နေရတဲ့ ပုံပါပဲ ။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူးက ရန်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို အခြေခံပြီး အစစ်အမှန်လို ခံစားရအောင် လုပ်နိုင်စွမ်းရှိတယ် ။ ဒါက တကယ် အံ့သြစရာပဲ "

လီဖူချန်းကတော့ သူ့ရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးနဲ့ ပက်သက်ပြီး အတော်လေး ကျေနပ်ပီတိ ဖြာနေခဲ့ပါပြီ ။ သူက တစ်ချက်ကြည့်လိုက်တာနဲ့တင် အပြင်စည်း တပည့်သုံးယောက်ကို  ပုံရိပ်ယောင် ကမ္ဘာထဲ လုံးလုံးလျားလျား ကျရောက်စေနိုင်ခဲ့တာ မဟုတ်ပါလား ။

အဲဒါက မျက်လုံးတစ်ထောင် အတွေးစိတ်ကူး လျှို့ဝှက်နည်းစနစ်ဟာ အားမနည်းဘူး ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။

ဆယ်မိနစ် အကြာမှာတော့ အပြင်စည်းတပည့် သုံးယောက်ထဲက တစ်ယောက်ဟာ ပုံရိပ်ယောင် ကမ္ဘာထဲကနေ  နိုးထလာခဲ့ပါတယ် ။

သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကတော့  ချွေးတွေနဲ့  ရွှဲရွှဲစိုနေပြီး မျက်လုံးတွေမှာလည်း စိတ်ဓာတ်ကျမှုတွေ အထင်းသားပါပဲ ။

သူနိုးထလာပြီး သိပ်မကြာခင်မှာပဲ ကျန်တဲ့ အပြင်စည်းတပည့် နှစ်ယောက်ဟာလည်း ပုံရိပ်ယောင် ကမ္ဘာထဲကနေ နိုးထလာခဲ့ကြပါပြီ ။

" ဂိုဏ်းတူအစ်ကိုလီ……ဒါကြီးက တကယ့်ကို အစစ်အမှန်နဲ့ တူလွန်းတယ် ။ အဲဒါက မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အစွမ်းလား "

အပြင်စည်းတပည့် သုံးယောက်စလုံးက ကြောက်ရွံ့စွာနဲ့ လီဖူချန်းကို သံပြိုင် မေးလိုက်ကြပါတယ် ။

လီဖူချန်းက သူတို့ရဲ့ ရန်သူ ဖြစ်မနေလို့သာပေါ့ ။ တကယ်လို့သာ လီဖူချန်းက ရန်သူဆိုရင် သူတို့ဟာ အကြိမ်ထောင်ပေါင်းများစွာ သေနေလောက်ပါပြီ ။

လီဖူချန်းကတော့ သူတို့ကို ပြန်မဖြေခဲ့ပါဘူး ။ အဲသည်အစား သူက   ခွင့်ပြုချက် တစ်ခု ပေးလိုက်ပါတယ် ။

" မင်းတို့အားလုံး ပြန်လု့ိရပြီ ။ နောက်တစ်ကြိမ် ရင်းမြစ်ပစ္စည်း အသုတ်ကျရင် မင်းတို့ တစ်ယောက်ချင်းစီက အဲဒါတွေကို  ဈေးနှုန်းရဲ့  ၈၀ ရာခိုင်နှုန်းနဲ့ ဝယ်ခွင့်ရှိတယ်  ။ ဒါပေမဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက် ငါးသိန်းထက် မကျော်စေနဲ့  "

" ကျေးဇူး အများကြီး တင်ပါတယ် ……ဂိုဏ်းတူအစ်ကိုလီ "

အပြင်စည်း တပည့် သုံးယောက်လုံးရဲ့ မျက်နှာတွေကတော့ ပြုံးဖြီး သွားခဲ့ပါကြပြီ ။

သူတု့ိကို လီဖူချန်း ပေးလိုက်တဲ့ ခွင့်ပြုချက်က သင့်တော့်တဲ့ အရာတစ်ခုပါပဲ ။ သူတို့  ဝယ်ခွင့် ရရှိတဲ့  အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသိန်းဖိုးတန် ရင်းမြစ်ပစ္စည်းတွေ ဆိုတာက ဂိုဏ်းတော်မှာဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ တစ်သန်းအထက် ကျသင့်မှာ ဖြစ်ပါတယ် ။

သူတို့တွေက ဘုရင်အဆင့် တပည့်တွေလို ချမ်းသာကြွယ်ဝသူတွေ မဟုတ်ကြပါဘူး ။ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် သူတို့ဟာ ရင်းမြစ်ပစ္စည်းတွေကို တစ်နှစ်လုံးနေမှ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅သိန်းဖိုးလောက်သာ ဝယ်ယူနိုင်ခဲ့ကြတာပါ  ။ဒါပေမဲ့ အခုတော့ သူတို့က  လီဖူချန်းရဲ့ စမ်းသပ်ခံအဖြစ် တစ်ခေါက်လေး လုပ်ပေးလိုက်ရုံနဲ့တင် သူတို့ တစ်နှစ်လုံးစာ ဝယ်ယူနိုင်တဲ့ ပမာဏထက် နှစ်ဆများတဲ့ အခွင့်အရေးကို ရသွားခဲ့ကြပါပြီ ။ ဒါက သူတို့အတွက် အတော်လေး တန်တယ်လို့ ဆိုရပါမယ် ။

အပြင်စည်းတပည့် သုံးယောက် ထွက်သွားပြီးချိန်မှာတော့ လီဖူချန်းဆီမှာ အတွေးတစ်ခု ပေါ်လာခဲ့ပါတယ် ။

" ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်  ပုံရိပ်ယောင်ကမ္ဘာထဲမှာ ဆယ်မိနစ်လောက် ကျရောက်မှတော့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဆို ဘယ်လိုနေမလဲ မသိဘူး "

စဉ်းစားနေရင်းနဲ့ လီဖူချန်းဟာ စီးခုံကျန်းရဲ့ မျက်နှာကြီးကို မြင်ယောင်လာမိပါပြီ ။

" ထောက်ပံ့ရေးဒင်္ဂါး ၂၀၀၀ ။ ထောက်ပံ့ရေးဒင်္ဂါး ၂၀၀၀ ပေးရင် ငါမင်းရဲ့ စမ်းသပ်ခံ လုပ်ပေးမယ် "

စီးခုံကျန်းက  သည်အတိုင်းတော့ လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ဖို့ စိတ်ကူး မရှိတဲ့ ပုံပါပဲ   ။ သူက  ထောက်ပံ့ရေးဒင်္ဂါး ၂၀၀၀ ရရင်တော့  လီဖူချန်းရဲ့ စမ်းသပ်ခံ လုပ်ပေးမယ်လို့ ပြောလာခဲ့ပါတယ် ။

စီးခုံကျန်းက လီဖူချန်းနဲ့ ယှဉ်ပြိုင်ဖို့ အတွေးစိတ်ကူးကို အစောကြီးကတည်းက ဖယ်ထုတ်ခဲ့ပြီးပါပြီ ။ အခုချိန်မှာ သူအဖြစ်ချင်ဆုံးကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တတ်နိုင်သမျှ မြန်မြန်စောပြီး ချိူးဖောက်ဝင်ရောက်ချင်တာပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့  ထောက်ပံ့ရေးရမှတ်တွေကို ရသမျှနည်းနဲ့  ရှာနိုင်သလောက် ရှာရပါလိမ့်မယ် ။

ပြီးတော့ စီးခုံကျန်းက သူ့ရဲ့ စိတ်တန်ခိုးစွမ်းအားကို ယုံကြည်မှု အပြည့် ရှိပါတယ် ။ သူက လီဖူချန်းဟာ သူ့ကို ပုံရိပ်ယောင် ကမ္ဘာထဲ ကျရောက်အောင် လုပ်နိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး ။

" ဟုတ်ပြီလေ "

လီဖူချန်းက မဆိုင်းမတွ သဘောတူလိုက်ပါတယ် ။ ထောက်ပံ့ရေး ဒင်္ဂါး  ၂၀၀၀ ဆိုတာက  သူ့အတွက် ဘာမှ မပြောပလောက်တဲ့ အရာပါပဲ ။

အမှန်တကယ် ဆိုရင်တော့ သူ့အနေနဲ့ စီခုံကျန်းကို ဘာမှ ခွင့်တောင်းမနေဘဲ ပုံရိပ်ယောင် ကမ္ဘာထဲ ပို့ပစ်လိုက်လို့ ရပါတယ် ။ ဒါပေမဲ့ သူက အဲသည်လို မလုပ်ချင်ပါဘူး ။ သူက စီးခုံးကျန်းရဲ့ အကောင်းဆုံး တုံ့ပြန်နိုင်မှုကို လိုချင်တာပါ ။ ဒါမှလည်း သူ့အနေနဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အစွမ်းအမှန်ကို ခန့်မှန်းသိရှိနိုင်မှာ မဟုတ်ပါလား ။

" ကဲ …… စပြီ ။ သတိထားတော့ "

သတိပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေဟာ အရောင်စုံတောက်ပလာခဲ့ပြီး လည်ပတ်သွားခဲ့ပါပြီ ။

" ဟင် …… ငါ ဘာဖြစ်နေတာလဲ "

စီးခုံကျန်းက အခြေအနေ မကောင်းတော့ဘူး ဆိုတာကို ရိပ်မိလိုက်ပါတယ် ။ အစတုန်းကတော့ သူက လီဖူချန်းရဲ့ မျက်လုံးတွေကို ကြည့်ဖို့အတွက် စိတ်အားထက်သန်နေခဲ့တာပါ ။ ဒါပေမဲ့ အခုတော့ သူဟာ လီဖူချန်းရဲ့ မျက်လုံးတွေကို မကြည့်ရဲတော့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ စိတ်ဝိညာဉ် နဲ့ ခန္ဓာကိုယ်ဟာ အလိုအလျောက် ခွဲခွာနေပြီလို့ သူခံစားလိုက်ရလို့ပါပဲ ။  သူက လက်ချောင်းတစမချောင်းတောင် ရွေ့ဖို့ မတတ်စွမ်းနိုင်တော့ပါဘူး ။

အဲသည်နောက်မှာတော့ စီးခုံကျန်းဟာ ပုံရိပ်ယောင် ကမ္ဘာထဲကို ကျရောက် သွားပါတော့တယ် ။ သူ့ရဲ့ မျက်လုံးအစုံကလည်း မှေးမှိန်ဖျော့တော့ သွားခဲ့ပါပြီ ။

စီးခုံကျန်း သတိ ပြန်ဝင်လာတဲ့ အချိန်မှာ ပထမဆုံး သတိပြုမိလိုက်တာကတော့ သူ့ရဲ့ တစ်ကိုယ်လုံးမှာ ချွေးစေးတွေ ထွက်နေတာပါပဲ ။

" ဟင်း……ပုံရိပ်ယောင် ကမ္ဘာထဲမှာ ငါ ဘယ်လောက်ကြာကြာ ပိတ်မိသွားတာလဲ "

သက်ပြင်းရှည်ကြီးတစ်ချက် ချအပြီးမှာတော့ စီးခုံကျန်းက စိတ်ပျက်လက်ပျက်နဲ့ လီဖူချန်းကို လှမ်းမေးလိုက်ပါတယ် ။

လီဖူချန်းက ပြုံးလိုက်ပြီး

" မင်းက ဘုရင်အဆင့် တပည့် ဖြစ်နေတာလည်း မထူးဆန်းပါဘူး ။ မင်းက ပုံရိပ်ယောင် ကမ္ဘာထဲမှာ အသက်ရှုချိန် ဆယ်ခါလောက်ပဲ ပိတ်မိသွားတယ် "

"ဆယ်……ဆယ်ခါတဲ့လား "

' ခွေးမသား…… မင်းက ငါ့ကို တကယ်ကြီး လုပ်ပစ်လိုက်တာပေါ့လေ '

စီးခုံးကျန်းက အသံကျယ်ကြီးနဲ့တောင် လီဖူချန်းကို အော်ဆဲပစ်လိုက်ချင်ပါသေးတယ် ။ဒါပေမဲ့ သူက လက်တွေ့တော့ မလုပ်ရဲပါဘူး ။သူက စိတ်ထဲကနေ ဆဲရုံသာ တတ်နိုင်ပါတယ် ။

အသက်ရှုချိန် ဆယ်ခါ ဆိုတာက တကယ်ကို ကြာမြင့်တဲ့ အချိန်ပါပဲ ။ အသက်ရှုချိန် ဆယ်ခါ မပြောပါနဲ့ ။ အသက်ရှုချိန် တစ်ခါလေးနဲ့တင် ရန်သူက သူ့ကို သတ်ဖို့အတွက် လုံလောက်နေပါပြီ ။ ဒါကို လီဖူချန်းက သူ့ကို ပုံရိပ်ယောင် ကမ္ဘာထဲမှာ အသက်ရှုချိန် ဆယ်ခါပဲ ပိတ်မိတဲ့အတွက် ချီးကျုးနေပါသေးတယ် ။

" ဘယ်မှာလဲ ငါရမယ့် ထောက်ပံ့ရေးဒင်္ဂါး "

စီးခုံကျန်းက လီဖူချန်းကို ဆက်ပြီးတော့ စကားတောင် မပြောချင်တော့ပါဘူး ။ သူက အသံ ခြောက်ကပ်ကပ်နဲ့ သူရမယ့် ထောက်ပံ့ရေး ဒင်္ဂါးတွေကို တောင်းလိုက်ပါတယ် ။

" ရော့ "

လီဖူချန်းက တစ်ပြားကို ထောက်ပံ့ရေးရမှတ် တစ်ထောင် တန်ဖိုးရှိ့တဲ့ ဒင်္ဂါးနှစ်ပြား ပစ်ပေးလိုက်ပါတယ် ။

"' လီဖူချန်း.…… မင်းက တကယ့် နတ်ဆိုးပဲ "

စကားဆုံးတဲ့နောက်မှာတော့  စီးခုံကျန်းက သူ့ရဲ့ ထောက်ပံ့ရေးဒင်္ဂါး  နှစ်ပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လှည့်ထွက်သွားခဲ့ပါပြီ ။

" လီဖူချန်း…… နင်က အရမ်းထူးဆန်းတဲ့ ပညာရပ်တစ်ခုကို လေ့ကျင့်အောင်မြင်ထားတယ်ဆို ။ ငါ့ကိုလည်း စမ်းကြည့်ပါလား "

လီဖူချန်းရဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူး အကြောင်းကို ပိုင်လိရှန်က ဘယ်ကနေ ဘယ်လို ကြားလာတယ် မသိပါဘူး ။ သူမက လီဖူချန်းဆီကို စမ်းသပ်ခံလုပ်ဖို့ အားတက်သရော  ပေါက်ချလာပါတယ် ။

" ရတယ်လေ "

လီဖူချန်းကလည်း ငြင်းမနေပါဘူး ။ သူက ပျော်ပျော်ကြီး  ပိုင်လိရှန်ကို  မျက်လုံးတစ်ထောင် အတွေးစိတ်ကူး ထုတ်သုံးပေးလိုက်ပါတယ် ။

ပိုင်လိရှန်ရဲ့ စိတ်တန်ခိုးစွမ်းအားက စီးခုံကျန်းထက် အများကြီး အားကောင်းတယ်လို့ ဆိုရပါမယ် ။ သူမက ပုံရိပ်ယောင် ကမ္ဘာထဲကနေ လွတ်မြောက်ဖို့အတွက် အသက်ရှုချိန် သုံးခါသာ အချိန် ယူခဲ့ရပါတယ် ။

" လီဖူချန်း…… နင့်ကျင့်ထားတဲ့ ပညာက ကြောက်စရာ ကောင်းလိုက်တာ "

ပိုင်လိရှန်က မျက်လုံးတစ်ထောင် အတွေးစိတ်ကူးရဲ့ အစွမ်းကို မြည်းကြည့်ပြီးတဲ့ နောက်မှာတော့ တအံ့တသြ ဆိုလာခဲ့ပါပြီ ။

သူမက တစ်ချိန်တည်းမှာပဲ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိူးဖောက်ဝင်ရောက်ပြီးရင်တော့ ပုံရိပ်ယောင် ပညာရပ် အချို့ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။  သူမက ပုံရိပ်ယောင် ပညာရပ်နဲ့ ရန်သူကို  ပိတ်လှောင်ထားဖို့ အထိတော့ မမျှော်လင့်ထားပါဘူး ။ သူမရဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့ ပုံရိပ်ယောင် ပညာရပ်ထဲမှာ အလွယ်တကူ မမိသွားဖို့ဘဲ ဖြစ်ပါတယ် ။

" ပိုင်လိရှန် …… နင်က တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းဖို့ ပြင်နေပြီလား "

လီဖူချန်းက ပိုင်လိရှန်ကို လှမ်းမေးလိုက်ပါတယ် ။ သူက အစောကြီးကတည်းကနေ ပိုင်လိရှန်ရဲ့ အသိစိတ်က လိပ်ပြာအသိစိတ် အဖြစ်ကို ပြောင်းလဲစ ပြုနေပြီဆိုတာကို သတိပြုမိ နေတာပါ  ။ အဲဒါက ပိုင်လိရှန်အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းနိုင်တော့မယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။

" ဟင်……… နင်က သတိပြုမိ နေတာလား ။ ဟုတ်တယ် …… နောက်ထပ်တစ်လ ဒါမှမဟုတ် နှစ်လလောက်ဆိုရင် ငါက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းတော့မှာ ။ သည်ထက် စောရင်လည်း စောလိမ့်မယ် ။ ငါလည်း သေချာတော့ မသိသေးဘူး "

ပိုင်လိရှန်က အမှန်အတိုင်း ပြန်ဖြေခဲ့ပါတယ် ။

ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းဖို့အတွက် အခက်အခဲ ကြီးကြီးမားမား ကြုံရလေ့ မရှိပါဘူး ။ သူတို့တွေက စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ လုံလောက်တဲ့ ချီစွမ်းအင် ပမာဏကို စုဆောင်းမိပြီ ဆိုတာနဲ့ တစ်ပြိုင်နက် တိုက်ပွဲဝိညာဉ် နယ်ပယ်ကို အလွယ်တကူ တက်လှမ်းနိုင်ပါတယ် ။

" အိုး…… ဒါဆိုရင်တော့ ငါက နင့်ရဲ့ အောင်မြင်မှုအတွက် ကြိုပြီး ဂုဏ်ပြုရတော့မှာပေါ့ ။ ဂုဏ်ယူပါတယ်…… ပိုင်လိရှန် "

ဘုရင်အဆင့် တပည့်တစ်ယောက်ဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ကို တက်လှမ်းနိုင်လို့ရှိရင် ဂိုဏ်းတော်က ထောက်ပံ့ရေးဒင်္ဂါး တစ်သိန်း ချီးမြင့်လေ့ ရှိပါတယ် ။ ဒါကြောင့်လည်း လီဖူချန်းက ပိုင်လိရှန်ကို ဂုဏ်ပြုလိုက်တာပါ ။

နောက်ထပ် လဝက်အကြာမှာတော့ ပိုင်လိရှန်ဟာ သူမ ပြောခဲ့တဲ့အတိုင်း တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တက်လှမ်းသွားခဲ့ပါပြီ ။လီဖူချန်းကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈မှာ ရပ်တန့်နေဆဲပါပဲ ။

***

All Chapters