ထိုက်ချူကုန်းမြေ၏ အကောင်းဆုံးလှံသိုင်း
Vol. 81 Ch. 1127
လှံပုံရိပ်မှာ သမုဒ္ဒရာအား ထိုးခွဲမည့်နဂါးတစ်ကောင်းလိုပင်။
ချက်ချင်းဆိုသလိုပင် အန်လင်းမှာ ပြင်းထန်လှသော မရဏအငွေ့အသက်အား ရရှိလိုက်သည်။
သူ၏ ပြိုင်ဘက်မှာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ဖြစ်သည်။
သူသည် မဆိုင်းမတွပင် ဖရိုဖရဲ သတ္တုအုတ်ခဲအားထုတ်ကာ ဒိုင်းအဖြစ်ကာလိုက်လေသည်။
ဝုန်း..
လှံပုံရိပ်သည် အုတ်ခဲနက်နှင့်် ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲမှုစွမ်းအင်များနှင့်အတူ အဖြူရောင်အလင်းများ ဖြာထွက်လာသည်။
အန်လင်းသည် ဆယ်ကီလိုမီတာခန့် နောက်ဆုတ်သွားပြီးမှသာ အရှိန်ကို ထိန်းလိုက်နိုင်သည်။
“ဟား..ဟား.. ဟား.. စုကျိုးအင်မော်တယ်ဂိုဏ်ချုပ်ကလည်း ငါ့လှံနဲ့တွေ့တော့ ဘာမှမဟုတ်ပါလား။ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးရဦးမယ်။ ငါ့နာမည်က အော့ရှန်းယွီ ပြီးတော့ ငါ့လှံသိုင်းက ထိုက်ချူကုန်းမြေမှာ အကောင်းဆုံးပဲ။”
ထိုအမျိုးသားသည် နဂါးပုံရိပ်များပါသော ငွေရောင်လှံအား ကိုင်ဆောင်ထားကာ မျက်ဝန်းများတွင် အထင်သေးမှုများ တွဲခိုနေသည်။
သူသည်အရပ်ရှည်ကာ ကျယ်ပျံ့သော ပုခုံးများရှိပြီး အဖြူရောင်ဆံနွယ်များအား ကတုံးဆံထောက်ကေ ထားထားသည်။ ငွေရောင်နှင့် အပြာရောင် ရောယှက်ထားသော ဝတ်စုံနှင့်အတူသတ်ဖြတ်ခြင်း စိတ်ဆန္ဒမှာလည်း ထွန်းတောက်နေ၏။
“ငါ့ဆရာကို မနှောက်ယှက်နဲ့။”
ရှောင်ဇယ်အော်ဟစ်ကာ အော့ရှန်းယွီအား နဂါးအမြှီးဖြင့် ရိုက်နှက်လိုက်သည်။
ထိုအချိန်တွင် အပြာရောင်နဂါးတစ်ကောင် ပေါ်ထွက်လာသည်။
“နဂါးလက်ဝါး..”
နဂါးကြီးမှာ လက်ဝါးနှစ်ဘက်ဖြင့် ရှောင်ဇယ်အား တိုက်ခိုက်လိုက်သည်။
ကြောက်မက်ဖွယ် စွမ်းအင်များ ထိတ်တိုက်တွေဆုံမှုကြောင့် ပင်လယ်ကြမ်းပြင်တစ်ခုလုံးလည်း စုတ်ပြတ်သက်သွားရသည်။
နှစ်ဦးနှစ်ဘက်လုံးမှာလည်း အဝေးသို့လွင့်ထွက်သွားလေသည်။
“ဘယ်သူလဲ..”
ရှောင်ဇယ် မျက်နှာပျက်သွားသည်။
“ရှေ့ဟောင်းနဂါးမျိုးနွယ်စုဝင်ကလည်း ငချွတ်လေးပါလား”
အပြာရောင်နဂါး ရယ်မောလိုက်သည်။
“ငါက နဂါးမင်းပိုင်နက် မဟာစောင့်ရှောက်သူအဖွဲ့က ဗိုလ်ချုပ် လုကျန်းဟိုင်ပဲ”
ရှောင်ဇယ်မှာ တိုက်ပွဲအတွက် အသင့်ပြင်လိုက်သည်။ သူ၏ပြိုင်ဘက်သည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့်၏ အထွဋ်အထိပ်တွင် ရှိသူဖြစ်ကာ တိုက်ပွဲအတွေ့အကြုံလည်း ရင့်သန်လှသည်။
“မဟာစောင့်ရှောက်သူအဖွဲ့ရဲ့ ဗိုလ်ချုပ်လား။ ဘာလို့ခေါင်းဆောင် ရှဇယ်ကိုယ်တိုင်မလာတာလဲ”
အန်လင်းမေးမြန်းလိုက်သည်။
နဂါးဘုရင်သည် ပေလျန်၏ သွေးမျိုးဆက်ပြဿနာကြောင့် ရှဇယ်နှင့် အတင်းအကြပ် လက်ထပ်ပေးရန် စီစဉ်ပေးခဲ့ဖူးသည်။
ထို့ကြောင့်ပင် ပေလျန်မှာ နဂါးမင်းပိုင်နက်အား အဆက်အသွယ်ဖြတ်ခဲ့၏။
“အသုံးမကျတဲ့ ခေါင်းဆောင်ရောက်လာတော့ရော ဘာလုပ်ရမှာလဲ။ ငါတို့ကိုယ်တိုင် ဂရုစိုက်ပေးမှာပေါ့။”
လုကျန်းဟိုင် အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။
အန်လင်း မျက်ဆံလှန်လိုက်သည်။
“ငါတို့ကို ဂရုစိုက်ပေးမယ်ပေါ့လေ။မင်းရူးနေတာလား။”
တာအိုပေါင်းစည်းခြင်း အဆင့်များမှလွဲ၍ သူသတ်ပစ်ခဲ့သော ဟင်းလင်းပြင်သို့အပြန်အဆင့်များမှာ ရေတွက်၍ပင် မရလောက်ပေ။ သို့သော် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်သာရှိသော နဂါးတစ်ကောင်မှာ သတ္တိကောင်းလွန်းနေလေသည်။
လုကျန်းဟိုင်မှာ ယုံကြည်ချက် ပြင်းထန်လွန်းနေပါသော်လည်း အော့မန်မှာ အနည်းငယ် ထိတ်လန့်နေမိသည်။
“ရှန်းယွီ.. မင်းအမတော် ဘယ်မှာလဲ။”
အော့မန်မှာ လူသားအသွင် ပြန်လည်ပြောင်းလဲလိုက်လေပြီ။
“သူမဘယ်လိုလုပ် လာပါ့မလဲ။”
အော့ရှန်းယွီ ပြုံးကာပြောလာသည်။
“ခမည်းတော် စိတ်မပူပါနဲ့။ အန်လင်းကို ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးပစ်မယ်။ ကျွန်တော် သူ့ရဲ့အချက်အလက်အားလုံးကို လေ့လာပြီးသွားပြီ။ လက်နက်တွေ စိတ်ဝင်စားစရာ ကောင်းတာကလွဲလို့ တိုက်ပွဲစွမ်းရည်က ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ကိုမှီဖို့ အဝေးကြီးလိုပါသေးတယ်။ ကောင်စုတ်လေးက ခမည်းတော် ထင်သလောက်လည်း မဟုတ်ပါဘူး။”
အန်လင်း မျက်ခုံးပင့်မိသည်။
ဒီအော့ရှန်းယွီက တကယ်ခွေးမသားလေးပဲ..
“မင်းဘယ်သူနဲ့ ရင်ဆိုင်နေရမှန်းတောင် မင်းသိလို့လား။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား။ ငါနဲ့အတူတူ နဂါးနန်းတော် ပြန်ကြမယ်။”
အော့မန် ဆူပူလိုက်သည်။
“ခမည်းတော်က ကျွန်တော်ဘယ်လောက်တော်မှန်း မသိသေးဘူးထင်တယ်။ အခုသေချာလေး ပြပေးရမှာပေါ့။”
အော့ရှန်းယွီမှာ ထွက်ခွာသွားရန် အစီစဉ်မရှိပေ။
၎င်းတို့သည် အန်လင်းအား နားမလည်ခဲ့သောကြောင့် စိတ်ဝိဉာဉ်ကျောက်တုံးမိုင်းတွင်းကို လက်လွှတ်ခဲ့ရသည်။
သူသည် လူသားအသွင်နှင့် တိုက်ခိုက်နေသမျှ ရေဘောလုံးကြီးအား ကြောက်ရွံ့နေရန် မလိုအပ်ပေ။ ထို့အပြင် အလွန်ပြင်းထန်သော တိုက်ကွက်များ မသုံးပါက ထူးဆန်းသော ကြေးမုံဖြင့် တန်ပြန်လာလျှင်ပင် ဂရုစိုက်စရာမရှိပေ။
“အန်လင်း ဒီသမုဒ္ဒရာက မင်းသင်္ချိုင်းပဲ။”
အော့ရှန်းယွီ ဟစ်ကြွေးကာ အံ့ဖွယ်တာအိုအစွမ်းများအား လှံအတွင်းထည့်သွင်းလိုက်သည်။
ထိုအံ့ဖွယ်တာအိုသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော လေစွမ်းအင်ပင်။ လှံပတ်ပတ်လည်ရှိ ပင်လယ်ရေများသည်ပင် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုသည်မှာ လေခွင်းမည့် အံ့ဖွယ်တာအို ဖြစ်သည်။
အပြာရောင် နဂါးကြီး ဂုဏ်ယူစွာ ပြုံးလိုက်သည်။
“သတ္တမ မင်းသားရဲ့ လှံသိုင်းက ထိုက်ချူကုန်းမြေမှာ အကောင်းဆုံးပဲ။ အရှေ့ပင်လယ်က အဆိပ်မိစ္ဆာဧကရာဇ်ကိုတောင် သတ်ပစ်ခဲ့ဖူးတယ်။”
“အရှင့်သားက ငါလေးစားရတဲ့ စစ်နတ်ဘုရားပဲ။”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ထိုက်ချူကုန်းမြေရဲ့ အကောင်းဆုံး လှံသိုင်းတဲ့လား။ အဲ့ကောင်ကလည်း စစ်နတ်ဘုရားပဲပေါ့လေ။ အဲ့ဘွဲ့တွေက ကိုယ့်ဘာသာ ပေးထားတာတော့ မဟုတ်ပါဘူးနော်။”
“မကြာခင် မင်းသိရမှာပေါ့။”
အော့ရှန်းယွီထံမှ တိုက်ပွဲစိတ်ဆန္ဒများ ဖြာထွက်လာသည်။
ဝုန်း.....
အော့ရှန်းယွီသည် လျှပ်စီးအလား လျင်မြန်လှသော အရှိန်ဖြင့် အန်လင်းထံ ဦးတည်လာသည်။
အန်လင်းသည် မီးနတ်ဘုရားအသွင်နှင့် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။
လှံချက်၏ မြန်ဆန်မှုကြောင့် အန်လင်းမှာ တိုက်ခိုက်မှုအား ရှောင်ရှားရန် မဖြစ်နိုင်ပေ။
လေတောင်ပံ....
ခွမ်းဖန်ခရီးစဥ်.....
သူ၏လှုပ်ရှားမှုအား အမြင့်ဆုံးထိ မြှင့်တင်လိုက်မှသာ သီသီလေး ရှောင်လိုက်နိုင်သည်။
ငွေရောင်လှံနှင့် တစ်လက်မကလေးမျှ ကပ်လွဲသွားခြင်း ဖြစ်သည်။
အခွင့်ကောင်းပဲ....
အန်လင်းသည် အံ့ဖွယ်မီးတောက်နှင့် မြင့်မြတ်မီးတောက် အစွမ်းများ ထွက်ပေါ်စေကာ အော့ရှန်းယွီအား ထိုးချလိုက်သည်။
အော့ရှန်းယွီသည် ကြောက်ရွံ့ခြင်း အလျဥ်းမရှိပဲ ပြုံးပင်ပြုံးလိုက်သေးသည်။
“အံ့ဖွယ်ထိကပြန်လှံသွား...”
ကြောက်မက်ဖွယ် အံ့ဖွယ်တာအို အစွမ်းများကြား လှံမှာ နှစ်ဆခန့် ရှည်ထွက်လာသည်။
အသင်္ချေနဂါးသတ်ဓားသည် အော့ရှန်းယွီ၏ အင်မော်တယ်လက်နက်ဖြစ်ကာ အတော်ပင် အသုံးဝင်လှသည်။
ထူးခြားသော တိုက်ခိုက်မှုပေါင်းများစွာကိုလည်း ပြုလုပ်နိုင်၏။
“တိုက်ပွဲဆိုမှတော့ နုနေလို့ မရဘူး။ မင်းကို ငါကိုယ်တိုင် အနာခံပြီးသတ်မှာ။”
အော့ရှန်းယွီ စကားဆိုလာသည်။ အန်လင်းသည် သူ၏တိုက်ခိုက်မှုအား ရှောင်ရှားနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် အစိမ်းရောင် အလင်းများ အန်လင်း ပတ်ပတ်လည်တွင် ပေါ်ထွက်လာသည်။
အော့ရှန်းယွီ မျက်လုံးပြူးသွားသည်။
“ဘာလဲဟ...”
သူ၏လှံသွားသည် ထိုအစိမ်းရောင် ချပ်ဝတ်အား မထိုးဖောက်နိုင်ပေ။
အန်လင်း၏ လက်သီးမှာ သူ၏ခန္ဓာကိုယ်ပေါ် ကျရောက်လာလေပြီ။
အရိုး၊ အရေ၊ စွမ်းအင်ဝင်ပေါက်များပါမကျန် ထိခိုက်သွားရသည်။
ဝုန်း....
မီးတောက်စွမ်းအင်များမှာလည်း ဆယ်ကီလိုမီတာတိုင် ပျံ့နှံ့သွားသည်။
“ဖူး...”
အော့ရှန်းယွီ လွင့်ထွက်ကာ သွေးပွက်ပွက်အန်သွားသည်။
“ရှန်းယွီ...”
အော့မန် ထိတ်လန့်သွားမိသည်။
“သတ္တမမင်းသား...”
လုကျန်းဟိုင်လည်း အမူအရာ ပြောင်းလဲသွားသည်။
အော့ရှန်းယွီ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသည်။
“ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ ကျင့်စဥ်က မင်းဆီဘယ်လိုရောက်နေတာလဲ။”
အန်လင်း၏ ခန္ဓာကိုယ်အား ကာကွယ်ထားသည်မှာ လိပ်ခွံတစ်ခုပင်။
လိပ်ခွံအား မီးတောက်များမှ ဝန်းရံထားသည်။
ထိုသည်မှာ မီးနတ်ဘုရားလိပ်အင်မော်တယ် ဖြစ်ပေသည်။
အန်လင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
“ထိုက်ချူကုန်းမြေရဲ့ အကောင်းဆုံး လှံသိုင်းတဲ့လား။ အထင်ကြီးစရာလည်း မရှိပါဘူး။”