အော့ရှန်းယွီအား တိုက်ခိုက်ခြင်း
Vol. 81 Ch. 1128
အော့ရှန်းယွီသည် အန်လင်းကြောင့် ဒေါသထွက်ကာ သွေးအန်သွားရသည်။
“ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနဲ့ ဘယ်လိုပက်သတ်နေတာလဲ။ မင်းမှာ ဘယ်လိုလုပ် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ ထိပ်တန်းအဆင့် ကာကွယ်ရေးကျင့်စဥ် ရှိနေရတာလဲ။”
လှံကို ဆုပ်ကိုင်ထားသော သူ၏လက်များ တင်းကြပ်နေသည်။
တောက်ပလှသော လိပ်ခွံကြောင့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုမှဖြစ်ကြောင်း သိသာလွန်းနေသည်။
ရှေးဟောင်းထိုက်ချူကုန်းမြေတွင် ရှိစဥ်က ကာကွယ်ရေး ကျင့်စဥ်အား ကျွမ်းကျင်သော ဟင်းလင်းပြင်သို့အပြန် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဝင်နှင့် တိုက်ခိုက်ခဲ့ရဖူးသည်။
အန်လင်း အသုံးပြုလိုက်သော ကျင့်စဥ်မှာ ထိုသည်ထက်ပင်ပို၍ အဆင့်မြင့်နေသေးသည်။
“ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနဲ့ ဘာမှမဆိုင်ဘူး။ စစ်နတ်ဘုရား ချပ်ဝတ်ကို ငါကိုယ်တိုင် ဖန်တီးထားတာ။”
အန်လင်း စကားဆိုလိုက်သည်။
အော့ရှန်းယွီမှာ နဖူးကြောများပင် ထောင်ထလာရသည်။
“ယီးစကားမပြောနဲ့။ လိပ်ခွံတစ်ခုက စစ်နတ်ဘုရား ချပ်ဝတ်တဲ့လား။ မင်းက စစ်နတ်ဘုရားဘွဲ့ကို သိက္ခာချနေတာပဲ။”
အန်လင်းသည်လည်း ဒေါသထွက်သွားရသည်။
“မင်းက လိပ်ခွံကို အထင်သေးတာလား။”
၎င်းတို့မှာ ပေါက်ကွဲစွာနှင့် ထပ်မံတိုက်ခိုက်လိုက်ကြသည်။
ဝုန်း…. ဝုန်း… ဝုန်း….
စွမ်းအင်ပေါက်ကွဲမှုများကြောင့် သမုဒ္ဒရာမှာ ကမောက်ကမ ဖြစ်နေရလေပြီ။
အော့ရှန်းယွီသည် ပြင်းထန်လှသော တိုက်ကွက်များအား အသုံးမပြုပေ။ ထိုအစား အန်လင်း၏ တိုက်ခိုက်မှုအား ခုခံကာ လိပ်ခွံကိုသာ တရစပ် ထိုးနှက်နေသည်။
အကြိမ်ရေ များလာပြီးနောက် အန်လင်း၏ အစိမ်းရောင် လိပ်ခွံမှာ အနည်းငယ် အက်ကွဲလာသည်။ ထိုအချိန်တွင် အော့ရှန်းယွီမှာလည်း လက်သီးတစ်လုံး ထပ်စားရကာ အတွင်းအင်္ဂါများ ပျက်စီးတော့မလို ဖြစ်သွားရသည်။
“သားတော် ငါနဲ့တူတူ နဂါးနန်းတော်ကို ပြန်လိုက်ခဲ့စမ်းပါ။”
ယခုအတိုင်းသာ ဆက်သွားနေပါက အော့ရှန်းယွီမှာ ရှုံးနိမ့်တော့မည်ပင်။
တိုက်ပွဲ၏ အဆုံးသတ်ရလဒ်မှာ ခန့်မှန်းရန် မခက်ခဲလှပေ။ အန်လင်းသည် လိပ်ခွံရှိနေသောကြောင့် အနုတ်တစ်ရာစီသာ ထိခိုက်နိုင်ပါသော်လည်း အော့ရှန်းယွီသည် လက်သီးတစ်ချက်တိုင်းတွင် အနုတ်တစ်ထောင်မျှ ထိခိုက်နေပေလိမ့်မည်။
အော့ရှန်းယွီမှာ အနှေးနှင့်အမြန် မာလကီးယားနိုင်ခြေ ရှိနေသည်။
ရှောင်ဇယ်တို့သည် အန်လင်းအား ဝင်ကူပေးရန် တွေးထားခဲ့ပါသော်လည်း လိုအပ်မည့်ပုံ မပေါ်ပေ။
မဟာစောင့်ရှောက်သူအဖွဲ့၏ ဗိုလ်ချုပ် လုကျန်းဟိုင်မှာ ထိုမြင်ကွင်းအား လက်မခံနိုင် ဖြစ်နေမိသည်။
“မဖြစ်နိုင်ဘူး။ ငါတို့ နဂါးမင်းပိုင်နက်ရဲ့ သတ္တမမင်းသားက စစ်နတ်ဘုရားပဲ။ ဘာလို့ရှုံးရမှာလဲ။”
သူအော်ဟစ်ပစ်လိုက်သည်။
“သတ္တမမင်းသား ဒီလူတွေ အားလုံးကိုသတ်ပြီး ဒုတိယ မင်းသားအတွက် လက်စားချေလိုက်ပါ။”
“ငါ့ဖင်ကို လက်စားလာချေပါလား။”
အော့မန် လုကျန်းဟိုင်အား ပါးချလိုက်သည်။
နဂါးဘုရင်၏ ကြောက်မက်ဖွယ် လက်ဝါးကြောင့် လုကျန်းဟိုင်မှာ မချိမဆန့်နှင့်ပင် ပင်လယ်ကြမ်းပြင်နှင့် ရိုက်မိသွားလေသည်။
အော့မန် အမှန်တကယ် စိတ်တိုနေသည်။ သူသည် အော့ရှန်းယွီအား တစ်ချိန်လုံး ဖြောင်းဖြနေရပါသော်လည်း မဟာစောင့်ရှောက်သူအဖွဲ့ ဗိုလ်ချုပ်မှာ အားပေးအားမြှောက် လုပ်နေသည်။
လုကျန်းဟိုင်၏ အော်ဟစ်သံကြောင့် အော့ရှန်းယွီမှာ အမူအရာ ပြောင်းလဲသွားပြီး နဂါးကြေးခွံများ ထွက်ပေါ်လာကာ သူ၏အရှိန်အဝါမှာလည်း တဟုန်ထိုး မြင့်တက်သွားသည်။
“ရစ်နွယ်နဂါး မရဏလှံသွား…”
အော့ရှန်းယွီ၏ လက်မောင်းကြွက်သားများ ကြီးထွားလာကာ လှံသွားမှာလည်း အသွင်ပြောင်းသွားသည်။ ကြီးကျယ်ခမ်းနားသော နဂါးပုံရိပ်တစ်ခု ပေါ်ထွက်လာသလို လှံထိပ်တွင်လည်း ထက်ရှလှသော နဂါးလက်သည်းတစ်ခုအား တွေ့လိုက်ရသည်။
သူသည် ထိုတိုက်ကွက်နှင့်ပင် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိသော အရှေ့ပင်လယ်မှ အဆိပ်မိစ္ဆာဧကရာဇ်အား သတ်ဖြတ်ပစ်ခဲ့သည်။
“သွားတော့…”
လှံသွားသည် အရာအားလုံးကို ထိုးဖောက်တော့မည့်အတိုင်း ပြင်းထန်စွာ လည်ပတ်ကာ အန်လင်း၏ လိပ်ခွံထံ ရောက်ရှိလာသည်။
အန်လင်းသည် အော့ရှန်းယွီ၏ တိုက်ခိုက်မှုအား ခုခံရန် စွမ်းအင်များအား အဆုံးစွန်ထိ မြှင့်တင်ထားလေသည်။
လှံသွားသည် လျင်မြန်လွန်းလှပြီး ဘေးပတ်ပတ်လည်ရှိ လေထုပါ စတင်လည်ပတ်လာရသည်။
ထိုလှံသွားမှာ အကန့်အသတ်မဲ့သော ချောက်နက်တစ်ခုလိုပင်။
အန်လင်းအနေဖြင့် ထိုတိုက်ခိုက်မှုအား ရှောင်ရှားနိုင်မည် မဟုတ်ပေ။
အန်လင်းသည် ရှောင်ရှားခြင်းလိပ်အား ပိုမိုအားကောင်းစေကာ တစ်ချိန်တည်းမှာပင် အော့ရှန်းယွီ၏ခေါင်းအား ထိုးချလိုက်သည်။
လှံသွားနှင့် လိပ်ခွံတို့ တွေ့ဆုံသွားရသည်။
အန်လင်း၏ လက်သီးသည်လည်း အော့ရှန်းယွီ၏ မျက်နှာပေါ် ကျဆင်းသွားလေပြီ။
“ချိုးဖျက်စမ်း….”
အော့ရှန်းယွီ ရူးသွပ်စွာ ဟစ်ကြွေးလိုက်သည်။
ခရက်….
ဝုန်း….
လှံသွားမှာ လိပ်ခွံအားခွဲလျက် အန်လင်း၏ စစ်နတ်ဘုရား ခန္ဓာပေါ် ရောက်ရှိလာသည်။
အော့ရှန်းယွီ၏ မျက်နှာမှာ အန်လင်း လက်သီးကြောင့် ပြားကပ်သွားရသည်။
လှံသွား၏ ထက်ရှမှုကြောင့် စစ်နတ်ဘုရားခန္ဓာ ကျိုးပျက်ကာ ပြင်းထန်လှသော စွမ်းအင်များ အန်လင်းထဲ စီးဝင်လာသည်။
အော့ရှန်းယွီသည် အန်လင်း၏ အရိုးအရေနှင့် စွမ်းအင်ဝင်ပေါက်ပါမကျန် ဖျက်စီးပစ်ချင်နေသည်။
ကံမကောင်းစွာဖြင့် ၎င်းထံတွင် ထိုသို့သော အခွင့်အရေးမျိုး မရှိပေ။
အန်လင်း၏ လက်သီးကြောင့် သူသည် ဦးခေါင်းခွံများ ကျိုးကြေသွားတော့မလို ခံစားလိုက်ရသည်။
ဘန်း….
ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။
အော့ရှန်းယွီမှာ မျက်လုံးများ ခွက်ဝင်ကာ ခေါင်းပြားသွားပြီး သွားများကျွတ်ကာ သွေးပွက်ပွက်အန်သွားသည်။
အားလုံး၏ ရှေ့မှောက်တွင်ပင် နဂါးမင်းပိုင်နက်၏ စစ်နတ်ဘုရားမှာ ကီလိုမီတာ များစွာတိုင် လွင့်ထွက်သွားရလေပြီ။
အန်လင်းသည် လိပ်ခွံပျောက်ကွယ်သွားပြီဖြစ်ကာ ခန္ဓာကိုယ်အား မီးတောက်များမှ ဝန်းရံထားသည်။
သူသည် အေးစက်လှသော အမူအရာဖြင့် ရင်ဘတ်ဒဏ်ရာအား ဆုပ်ကိုင်ထားလျက် ရှိသည်။
အန်လင်း၏ အသွင်သဏ္ဍာန်မှာ အစစ်အမှန် စစ်နတ်ဘုရား တစ်ပါးလိုပင်။
“နဂါးမင်းပိုင်နက်က စစ်နတ်ဘုရားတဲ့လား။ သေးသိမ်လိုက်တာ။”
သူ၏ ခက်ထန်သော မှတ်ချက်အား မည်သူကမှ မတုံ့ပြန်ရဲကြပေ။
မဟာစောင့်ရှောက်သူအဖွဲ့ ဗိုလ်ချုပ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေမိပါသော်လည်း ဘာမှမပြောနိုင်ပေ။
အန်လင်း ခပ်ဖွဖွပြုံးကာ အဆင့်ငါး အင်မော်တယ်သစ်သီးအား စားပစ်လိုက်သည်။ ထိုသည်မှာ ဆဋ္ဌဂံစိမ်းရောင်ခြယ်သစ်သီးဖြစ်ကာ ပြန်လည်အားဖြည့်ခြင်းများအတွက် ကောင်းမွန်လှသည်။
သူ၏ဒဏ်ရာမှာ မြင်ရသည်ထက်ပို၍ ဆိုးရွားနေသောကြောင့် ဖြစ်သည်။
“ရှန်းယွီ”
အော့မန် အော်ဟစ်ကာ အော့ရှန်းယွီထံ သွားလိုက်သည်။
အန်လင်း ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“အော့ရှန်းယွီကို ငါ့ဆီခေါ်ခဲ့…”
စုရှောင်လန်၊ ဘရိုင့်စ်နှင့် ရှောင်ဇယ်တို့မှာ မဆိုင်းမတွပင် လုကျန်းဟိုင်အား တားလိုက်ကြသည်။
တီနာ၏ လေဟာနယ် ခုန်ကျော်ခြင်းသည် အော့မန်ထက် လျင်မြန်သောကြောင့် မျက်စိတမှိတ်အတွင်း အော့ရှန်းယွီအား အန်လင်းထံ ပို့ပေးလိုက်သည်။
အန်လင်းသည် မိစ္ဆာရှင်းဓားဖြင့် အော့ရှန်းယွီအား ချိန်ရွယ်ထားလိုက်၏။
အော့ရှန်းယွီမှာ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေရသည်။ ထို့အပြင် ထိုးနှက်ခံထားရသောကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေသည်မှာ ဦးနှောက်မပါသော အရူးတစ်ယောက်နှယ် ဆိုးရွားလွန်းလှသည်။
“အန်လင်း ငါ့သားတော်ကို ဘာလုပ်မလို့လဲ။”
အော့မန်မှာ ဒေါသကြောင့် မျက်ဝန်းများပင် နီရဲလာသည်။
အော့ရှူးယွီ၏ သေဆုံးမှုမှာ အရေးမပါလှပေ။
သို့သော် အော့ရှန်းယွီသည် ဟင်းလင်းပြင်သို့အပြန် အဆင့်ဖြစ်ကာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ အရေးပါသူများထဲမှ တစ်ဦးဖြစ်သည်။ သူသာ သေဆုံးသွားပါက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှာလည်း ထောက်တိုင်တစ်ခုအား လက်လွှတ်ဆုံးရှုံးလိုက်ရပေလိမ့်မည်။ အော့မန်အနေဖြင့် ထိုအခြေအနေအား မည်သို့မျှ လက်မခံနိုင်ပေ။
“ခင်ဗျား ယုံမှာမဟုတ်ပေမယ့် ခင်ဗျားသားကို ဘာမှမလုပ်ချင်ဘူး။”
အန်လင်း သက်ပြင်းချလိုက်သည်။
“အဲ့ဒါဆို မင်းဘာလိုချင်တာလဲ။”
အော့မန် စိတ်ငြိမ်စေကာ အန်လင်းအား ကြည့်ရှုလိုက်သည်။
“ခင်ဗျားကို ပြောပြီးသားပဲလေ။ စုကျိုးအင်မော်တယ်ဂိုဏ်းက ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေတယ်ဆိုတာ…. ခင်ဗျားဆီကနေ ငွေခဏချေးချင်ရုံလေးပါ။”
အန်လင်း စကားဆိုလာသည်။
“ဒါပေမယ့် ခင်ဗျားသားက ကျုပ်ကိုသတ်ဖို့ကြိုးစားခဲ့တာဆိုတော့ စိတ်ပြောင်းသွားပြီ။ အခု ဓားပြပဲ တိုက်တော့မယ်။”
ရှောင်ဇယ်တို့မှာ အသက်ရှူသံများ ပြင်းသွားရသည်။
အော့မန်နှင့် လုကျန်းဟိုင်သည်လည်း ထို့အတူပင်။
သောက်ကျိုးနည်း….
နှစ်ခုလုံးက အဓိပ္ပါယ် တူတူပဲ မဟုတ်ဘူးလား….