အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏အင်အား
Vol. 81 Ch. 1131
ရွှေတောင်ကြီးအပြင် အော့ရှန်းယွီထံတွင် ပစ္စည်းများစွာ ရှိနေသေးသည်။
အန်လင်းသည် အသင်္ချေနဂါးသတ်လှံသွားအား မယူဆောင်ခဲ့ပေ။
အော့ရှန်းယွီမှာ သေအံ့ဆဲဆဲအချိန်ထိ ထိုလှံအား ဆုပ်ကိုင်ထားခဲ့သလို အန်လင်းသည်လည်း ထိုမျှအထိ အနိုင်မကျင့်ချင်ခဲ့ပေ။
အန်လင်းထံတွင် အင်မော်တယ်လက်နက် လိုအပ်နေသည်လည်း မဟုတ်ပေ။
ကမ်းခြေ၌....
ချီကျောက်တုံးများ စုပုံနေသည်။
“ချီကျောက်တုံး ထောင့်တစ်ရာ့နှစ်ဆယ်ဆိုတော့ စိတ်ဝိဥာဥ်ကျောက်တုံး ဆယ့်တစ်သန်းနှစ်သိန်းပဲ။ ဝါး... ဒီကောင် တကယ်ချမ်းသာတာပဲ။”
အန်လင်း အံ့အားသင့်နေသည်။
“ကြယ်စင်မီးလျှံ စစ်သင်္ဘောကို ပြင်လို့ရပြီ။”
ရှောင်ဇယ် ဝမ်းသာသွားသည်။
“ကျန်တာကို ဂိုဏ်းရန်ပုံငွေလုပ်လိုက်။”
အန်လင်း စကားဆိုလာသည်။
ထို့အပြင် စိတ်ဝိဥာဥ်လက်နက် နှစ်ဆယ်နှင့် စိတ်ဝိဥာဥ်ဆေးလုံး ငါးဆယ်ကျော်အပြင် အရှေ့ပင်လယ်မှ ရတနာများ ရှိနေသေးသည်။ အန်လင်းသည် စိတ်ဝင်စားသော ဓားနှင့်သက်ဆိုင်သည့် အရာများ ရွေးယူကာ ကျန်အရာများအား စုရှောင်လန်တို့ ခွဲဝေရယူရန် ထားပေးလိုက်သည်။
လူတိုင်းမှာ သဘောကျ နှစ်သက်သည်များကို ရွေးယူလိုက်ကြပြီးနောက် အဖြူရောင် လက်သည်းများ ကျန်ရစ်ခဲ့လေသည်။
အန်လင်းသည် ထိုလက်သည်းများအား နတ်ဘုရားစစ်ဆေးမှုနည်းစနစ်နှင့် စစ်ဆေးကြည့်လိုက်သည်။ ထိုသည်မှာ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ တာအိုပေါင်းစည်းခြင်းအဆင့်မှ ကျန်ရစ်ခဲ့သော နတ်ရတနာများပင်။
အော့ရှန်းယွီသည် ထိုလက်သည်းများအား မည်သို့ရရှိခဲ့သည်ကို မသိရပါသော်လည်း သိုလှောင်လက်စွပ်အတွင်း အဖိုးအတန်ဆုံး အရာများ ဖြစ်သည်။
“ဒါက ရှေးဟောင်းနဂါးမျိုးနွယ်စုဝင် တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ နတ်ရတနာပဲ။ ဒီလက်သည်းတွေကနေ ဉာဏ်အလင်း ရနိုင်တယ်။ ကျွန်တော်နဲ့ ဆရာ့မိန်းမ တစ်ယောက်တစ်ခုစီ ယူကြရင်ရော ဘယ်လိုလဲ။”
ရှောင်ဇယ် အကြံပေးလိုက်သည်။
စုရှောင်လန် ဝမ်းပန်းတသာ လက်ခံလေသည်။
“ကောင်းသားပဲ။”
အန်လင်းမှာ ငြင်းပယ်စရာ မရှိပါသော်လည်း တပိုင်အား ရုတ်တရတ် တွေးမိသွားသည်။
“ဒီနဂါးလက်သည်းနဲ့ တပိုင်ရဲ့ အခုလက်သည်းကို အဆင့်မြှင့်ပေးလို့ ရလောက်လား။”
ရှောင်ဇယ် ရင်ဘတ်အား ပုတ်လိုက်သည်။
“ကျွန်တော်နဲ့သာ လွှဲထားလိုက်။ လက်နက်သန့်စင်တာ နည်းနည်းပါးပါး နားလည်ပါတယ်။”
“နည်းနည်းပါးပါးတဲ့လား။ တပိုင် လက်သည်းကို မဖျက်စီးလိုက်နဲ့ဦး။”
အန်လင်း စိတ်ပူနေမိသည်။
“အာ... ဆရာကလည်း ကျွန်တော်က ဒီတိုင်းပြောလိုက်တာပါ။ ကျွန်တော် ပြောချင်တာက ပစ္စည်းသာ လုံလုံလောက်လောက်ရှိရင် အင်မော်တယ်လက်နက်တောင် လုပ်ပေးနိုင်တယ်လို့။”
ရှောင်ဇယ် ခေါင်းကုတ်လိုက်သည်။
အန်လင်း : “.....”
“ဘုရားရေ... မင်းက ဆရာကြီးပဲ။ ဘာလို့ အရင်က မပြောပြတာလဲ။”
အန်လင်း အံ့သြသွားရသည်။
“ဆရာမှ မမေးတာ။”
ရှောင်ဇယ် စကားဆိုလိုက်သည်။
စုရှောင်လန် မျက်ခုံးနှိပ်နေရသည်။
“နင်က တကယ်ကို တပည့်အကြောင်း ဘာမှမသိတာပဲ။”
အန်လင်းမှာ တိုက်ခိုက်ခံရသလို ခံစားလိုက်ရသည်။
ထိုသို့ဖြင့် အော့ရှန်းယွီ၏ လှူဒါန်းမှုမှာ အထမြောက်သွားလေသည်။
ရှောင်ဇယ်သည် တပိုင်၏ လက်သည်းအတွက် တာဝန်ယူပေးမည် ဖြစ်သည်။
၎င်းတို့မှာ ကျွန်းပေါ်တွင် ကိုးရက်မျှ အချိန်ဖြုန်းခဲ့ကြပြီး ပြောပရလောက်အောင် ဘာမှမလုပ်ခဲ့ကြပေ။
အချိန်မှာ လျင်မြန်စွာ ကုန်လွန်နေ၏။
စစ်ပွဲသည် နိဒါန်းသာ ရှိသေးကြောင်း အန်လင်းတို့ ကောင်းစွာနားလည်ထားသည်။
ကောင်းကင်ဘုံနဂါးကျွန်း၏ ရိုးရာပွဲအား စတင်ရတော့မည်ပင်။
စုကျိုးအင်မော်တယ်ဂိုဏ်း၏ ငွေချေးမည့် အစီအစဉ်မှာ ချောချောမွေ့မွေ့ အထမြောက်ခဲ့သည်။
စုရှောင်လန်နှင့် ရှောင်ဇယ်သည် ဒဏ္ဍာရီလာသားရဲ ပါ့ရှာအား မြင်လိုက်ရပြီးနောက် အခွင့်အလမ်းများ စောင့်ကြိုနေသလို ခံစားခဲ့ကြရသည်။
ဂိုဏ်းချုပ်ဖြစ်သော အန်လင်းမှာ ဗဟိုအဖွဲ့ဝင်များအား ဂရုစိုက်သောအားဖြင့် ၎င်းတို့နှင့်အတူ အဖော်ပြုပေးရန် ဆုံးဖြတ်ဖြစ်ခဲ့သည်။
......
သမုဒ္ဒရာထက်၌...
နက်မှောင်သော တိမ်တိုက်များမှာ ကောင်းကင်အား ကြီးစိုးထားသည်။
အဝေးမှ ကြည့်ရှုပါက မရဏနယ်မြေ တစ်ခုလိုပင်။
အရှေ့ပင်လယ်မှ သက်ရှိသတ္တဝါများ၊ မိစ္ဆာများအားလုံးမှာ အခြားအရပ်များသို့ ထွက်ပြေးသွားကြလေပြီ။
ခေါင်းမာသော မိစ္ဆာများမှာမူ အရှင်လတ်လတ် မိုးကြိုးပစ်ချခံရသည်။
ထိုသည်မှာ ငရဲခန်း တစ်ခုပင်။
ကောင်းကင်ထက်တွင် နဂါးကြီးများ စုဝေးနေကြသည်။
၎င်းတို့ရှေ့တွင် ကြီးမားလှသော သားရဲကြီးတစ်ကောင် ရှိနေ၏။
ထိုနေရာသည် နဂါးမျိုးနွယ်စု ဘိုးဘေးများ မြှုပ်နှံရာ နေရာဖြစ်ကာ အခွင့်အလမ်းများစွာ ရှိနေသော နေရာတစ်ခုလည်း ဖြစ်သည်။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ရှိ နဂါးများသည် မည်သည့်ကိစ္စပင် ရှိနေပါစေ ထိုရိုးရာပွဲအား ဘယ်သောအခါမှ မပျက်ကွက်ကြပေ။
နဂါးဘုရင် အော့မန်မှာ အရှေ့ဆုံးမှ နေရာယူထားသည်။
သူ၏ ကလေးငယ် အယောက်နှစ်ဆယ်အနက် ဆယ့်သုံးယောက်မှာ သူနှင့်အတူ ရှိနေသည်။
မြေးတော်ငါးဦးလည်း ၎င်းတို့နှင့်အတူ လိုက်ပါလာသည်။
ထို့ကြောင့် အော့မျိုးဆက် ဆယ့်ရှစ်ဦး ရှိနေခြင်းပင်။
အော့မိသားစုအပြင် မဟာစောင့်ရှောက်သူအဖွဲ့မှ ဗိုလ်ချုပ် လုကျန်းဟိုင်၊ ခေါင်းဆောင် ရှဇယ်နှင့် အခြားထူးချွန်ထက်မြက်သူများလည်း ရှိနေသည်။
ရိုးရာပွဲအား နဂါးနှစ်ဆယ့်ရှစ်ကောင် ဆင်နွှဲကြမည်ဖြစ်ပြီး ဆယ်ကောင်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ဖြစ်သည်။
အော့မန်၏ဘေးတွင် အော့ရှောင်ဝူ၊ အော့ချင်းယွီနှင့် အော့ရှန်းယွီတို့ ရှိနေကြသည်။
အရှေ့ပင်လယ်တွင် ထိုအင်အားစုမှာ အထင်သေးစရာ မဟုတ်ပေ။
“ဟားဟားဟား.... ငါတို့က အရှေ့ပင်လယ်ရဲ့ အစစ်အမှန် အုပ်ချုပ်သူတွေပဲ။ ဘယ်သူ ငါတို့ကို ဆန့်ကျင်ရဲလဲ။”
အော့မန် ကျေနပ်အားရနေသည်။
“အန်လင်းသာ ရှိနေရင် ကြောက်ပြီးငိုသွားလောက်တယ်။”
အော့မင်ယွီ စကားဆိုလိုက်သည်။
“ဟမ့်....”
အော့မန် နှာခေါင်းရှုံ့လိုက်သည်။
“အန်လင်းသာ လာရဲရင် ငါကိုယ်တိုင် ရိုက်သတ်ပစ်မယ်။”
“တကယ်လား။”
“လာစမ်းကြည့်လေ။”
စကားသံတစ်ခု ထွက်ပေါ်လာသည်။
လူငယ်တစ်ဦးသည် နဂါးနက်ကြီးတစ်ကောင်အား စီးနင်းထားသည်။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
အော့မန် မျက်နှာပျက်သွားသည်။
“အန်လင်း မင်းဘာလာလုပ်တာလဲ။”
“ခင်ဗျား ခြိမ်းခြောက်လို့ အရောက်လာပေးတာလေ။”
အန်လင်း နွေးထွေးစွာ ပြုံးပြလိုက်သည်။
အော့မန် သွေးအန်ချင်သွားသည်။
နဂါးမင်းပိုင်နက်အား ဓားပြတိုက်ပြီးသည့်တိုင် ဤနေရာသို့ ရောက်လာဦးမည်ဟု ထင်မှတ်မထားခဲ့ပေ။
“မင်းတော့ သေတော့မှာပဲ။”
အော့မန်ထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြာထွက်လာသည်။
နဂါးမျိုးနွယ်စုကို အဲ့လိုစော်ကားလို့ ရမလား....
အန်လင်းတို့ ရောက်ရှိလာခြင်းမှာ အထူးတလည် မဟုတ်ပါသော်လည်း နဂါးမျိုးနွယ်စုများ၏ အမြင်တွင်မူ ဆိုးဆိုးရွားရွား စော်ကားလိုက်ခြင်းပင် ဖြစ်သည်။