အဲ့လိုပဲဝင်သွားလို့ရတယ်လား
Vol. 81 Ch. 1132
အော့မန်သည် အန်လင်းကြောင့် အရှက်ကွဲခဲ့ရသည်များကိုတွေးကာ ဒေါသထွက်လာသည်။
“မင်းကိုယ်တိုင် သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့။”
သူအမိန့်ပေးလိုက်သည်။
“ဟင်းလင်းပြင်သို့အပြန် အဆင့်တွေ အန်လင်းတို့အဖွဲ့ကို အသေရရ၊ အရှင်ရရ ဖမ်းခဲ့ကြ။”
ဟင်းလင်းပြင်သို့အပြန် ဆယ်ဦးအနက် လေးဦးသာ လှုပ်ရှားလာကြသည်။
အော့မန် မျက်လုံးပြူးသွားရသည်။
“မင်းတို့ ဘာလုပ်နေတာလဲ။”
အော့ချင်းယွီနှင့် အော့မင်ယွီ စကားဆိုလာသည်။
“ကျွန်တော်တို့က တာအိုနှလုံးသားနဲ့ ကျိန်ဆိုထားတာလေ။”
အော့မန်မှာ ယခုမှသာ ထိုအချက်အား ပြန်လည်အမှတ်ရသွားသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ထံတွင် အခြားသူများ ရှိနေပေသေးသည်။
နဂါးဘုရင်မှာ အော့ရှန်းယွီ၊ အော့ရှောင်ဝူနှင့် လုကျန်းဟိုင်တို့အား ကြည့်ရှုလိုက်သည်။
“မင်းတို့ရော ဘာလုပ်နေတာလဲ။”
အော့ရှန်းယွီ အမူအရာ ကင်းမဲ့စွာ ပြောလာသည်။
“ခမည်းတော် အန်လင်းက အရူးမဟုတ်ဘူးလေ။ ခမည်းတော် ထွက်သွားတော့ စုကျိုးအင်မော်တယ်ဂိုဏ်းကို အနှောင့်အယှက် မပေးဖို့ တာအိုနှလုံးသားနဲ့ ကျိန်ခိုင်းတယ်။”
လုကျန်းဟိုင် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော်လည်း တူတူပဲ။”
အော့မန် ပါးစပ်အဟောင်းသားဖြစ်ကာ ဘာမှမပြောနိုင်ပေ။
သူသည် ရင်ဘတ်အား တက်နင်းခံရသလိုသာ ခံစားနေရသည်။
“အဲ့ဒါဆို ရှောင်ဝူကရော...”
အော့မန် တွေဝေနေမိသည်။
အော့ရှောင်ဝူ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ခမည်းတော် စိတ်မပူပါနဲ့။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကို အန်လင်းတို့ အနိုင်မကျင့်စေရဘူး။”
အော့မန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
သူမ စကားဆက်လာသည်။
“ဒါပေမယ့် ကျွန်မ တိုက်ခိုက်မှာ မဟုတ်ဘူး။ မတော်လို့ တာအိုနှလုံးသားနဲ့ ကျိန်ရရင် နဂါးမင်းပိုင်နက် တစ်ခုလုံး အကျိုးနည်းကုန်လိမ့်မယ်။”
အော့မန် : “....”
အော့မန်မှာ မည်သည့်စကားမှ မပြောနိုင်တော့ပေ။
အန်လင်း ရယ်မောလိုက်သည်။
“နဂါးမင်းပိုင်နက်က လက်ရည်စမ်းဖို့ လေးယောက်လွှတ်ပေးတာလား။”
ဟင်းလင်းပြင်သို့အပြန်အဆင့် နဂါးလေးကောင်သည် နဂါးဘုရင်နောက်သို့ ပြန်သွားကာ မသိချင်ယောင် ဆောင်နေလိုက်ကြသည်။
၎င်းတို့လေးဦးအနက် အသန်မာဆုံးသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်သာရှိသောကြောင့် အန်လင်းတို့အား အနိုင်ရနိုင်မည် မဟုတ်ပေ။
ထို့အပြင် ၎င်းတို့သည် နှိပ်စက်ခံရသည်ကို စွဲလမ်းနှစ်သက်သူများ မဟုတ်ပဲ ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြသူများဖြစ်၍ ဦးနှောက်ကို အကျိုးရှိရှိ အသုံးချတတ်ရပေမည်။
အော့မန်မှာ မီးပွင့်တော့မတတ် ပေါက်ကွဲနေလေပြီ။
ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ....
အစတည်းက အဲ့မိုင်းတွင်းကို မထိခဲ့သင့်ဘူး.....
သူ၏ရင်ထဲ နောင်တတရားများ ပြည့်နေရသည်။
အော့ရှောင်ဝူသည် မတိုက်ခိုက်ချင်သလို အခြားလေးဦးမှာ မသိချင်ယောင်ဆောင်နေကြသည်။
ယခုအခြေအနေအရ ခေတ္တငြိမ်းချမ်းရေး ထိန်းသိမ်းထားသည်ကသာ အကောင်းဆုံး ဖြေရှင်းချက် ဖြစ်နေသည်။
“ဟားဟားဟား ဒီတစ်ခေါက် ရိုးရာပွဲက စိတ်ဝင်စားစရာပါလား။”
သြဇာအာဏာ ကြီးမားသာ စကားသံတစ်ခု ထွက်ပေါ်လာသည်။
ဒဏ္ဍာရီလာသားရဲ ပါ့ရှာသည် လက်ရှိမြင်ကွင်းများကြောင့် ရွှင်မြူးနေပုံရသည်။
“အခုက ရိုးရာပွဲ အချိန်ပဲ။ အရည်အချင်းမှီတဲ့ နဂါးတွေက နဂါးဘိုးဘေးတွေကို အရိုအသေပေးဖို့ နတ်နဂါးလိပ်တောင်တန်းကို ဝင်ခွင့်ရမယ်။”
ဝုန်း....
အပြာရောင် အလင်းစက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအလင်းစက်ကွင်းသည် တံခါးပေါက်ဖြစ်ကာ အရည်အချင်း ပြည့်မှီသူနှင့် မပြည့်မှီသူများအား ခွဲခြားပေးမည်ဖြစ်ကြောင်း ပေလျန်မှ ပြောပြထားခဲ့သည်။
“သွားရအောင်။”
အော့မန်သည် အန်လင်းတို့အား တစ်ချက်မျှ ကြည့်ရှုပြီးနောက် နဂါးများအား ဦးဆောင်ထွက်ခွာသွားသည်။
အန်လင်းတို့သည်လည်း ၎င်းတို့နောက်မှ လိုက်ပါသွားကြသည်။
နဂါးများသည် ဂိတ်တံခါးထဲ တစ်ကောင်ပြီးတစ်ကောင် ဝင်ရောက်နေကြသည်။
အော့မန် ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဂိုဏ်းချုပ်အန်လင်း ရှောင်ဇယ်ကို တစ်ယောက်ထဲ လွှတ်လိုက်ရင်တော့ လက်ဆောင်လေးဘာလေး ပေးရသေးတာပေါ့။”
ရှောင်ဇယ်မှာ အနည်းငယ်ပင် ဂရုစိုက်ပုံ မရပေ။
“နဂါးဘုရင် ခွေးမသားလေး မင်းငါ့ကို ဖင်တောင်ရဲရင် တစ်စစီ လုပ်ပစ်မယ်။”
“ယီးကို နဂါးဘုရင် ခွေးမသားလေးလား။”
အော့မန် စိတ်တိုသွားရသည်။
“ခင်ဗျားက ခွေးမသားပဲလေ။”
ရှောင်ဇယ်မှာ အလျှော့မပေးပေ။
ဟင်းလင်းပြင်သို့အပြန် အဆင့်အများစုသည် တာအိုနှလုံးသားနှင့် ကျိန်ဆိုထားသောကြောင့် အန္တရာယ် မရှိနိုင်ပေ။
ရှောင်ဇယ်မှာ အလင်းစက်ကွင်းထဲ ဝင်ရောက်သွားသည်။
“မင်းက တစ်ကိုယ်တည်းပဲလေ။ ငါတတ်နိုင်တာ မရှိတော့ဘူးများ ထင်နေလား။”
အော့မန် ပြုံးကာပြောလာသည်။
ထိုအချိန်မှာပင် ကျောက်စိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အလင်းစက်ကွင်းထဲ ဝင်သွားလေသည်။
နဂါးမျိုးနွယ်စုဝင်များ မျက်လုံးပြူးသွားကြသည်။
“ဘယ်.... ဘယ်လိုဖြစ်တာလဲ။”
အော့မန် အံ့အားသင့်သွားသည်။
“စီနီယာ ပါ့ရှာ တစ်ခုခုများ မှားနေတာလား။”
သူမေးမြန်းကြည့်လိုက်သည်။
ပါ့ရှာမှာ ကြားပင်မကြားသည့်အလား အဝေးသို့သာ ငေးကြည့်နေ၏။
နတ်နဂါးလိပ်တောင်တန်းသည် နဂါးသွေးဆက်ပါမှသာ ဝင်ရောက်နိုင်သော ကန့်သတ်နယ်မြေတစ်ခု ဖြစ်သည်။
စုရှောင်လန်သည် စုကျိုးအင်မော်တယ်ဂိုဏ်းမှ လူသားတစ်ဦး ဖြစ်ပါလျက် အလွယ်တကူပင် ဝင်ရောက်သွားခဲ့သည်။
“သူမက ဝင်နိုင်တယ်ဆိုတော့ ဘိုးဘေးတွေက အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောပဲ....”
အော့မန် ရေရွတ်လိုက်သည်။
သူ၏အတွေးများ စတင်စီးမျောသွားသည်။
စုရှောင်လန်သည် ဗာမီလီယမ်ငှက်ဂိုဏ်းမှ ဖြစ်သည်။
နဂါးဘုရင် ပြန်မတွေးချင်ခဲ့သော အတိတ်မှ အကြောင်းအရာများ တစ်ခုချင်းစီ ပြန်လည်မြင်ယောင်လာရသည်။
“မင်းဘယ်သူလဲ။”
နဂါးတစ်ကောင် မေးမြန်းလိုက်သည်။
စုရှောင်လန်သည် ထိုသည်ကို ဂရုမစိုက်ပဲ ရှောင်ဇယ်ဘေးတွင်သာ တိတ်တဆိတ် ရပ်နေလေသည်။
သူမသည် နဂါးမျိုးနွယ်စုနှင့် သက်ဆိုင်ပါသော်လည်း အသက်အန္တရာယ် မခြိမ်းခြောက်ခံရမချင်း ဘယ်သောအခါမှ ဝန်ခံမည် မဟုတ်ပေ။
ထိုသည်မှာ အန်လင်းနှင့် သူမတို့၏ သဘောတူညီချက် ဖြစ်သည်။
စုရှောင်လန်၏ ထိုကတိကြောင့်သာ အန်လင်းသည် ကန့်သတ်နယ်မြေထဲဝင်ရန် သူမအား ခွင့်ပြုပေးခဲ့သည်။
“ရှောင်လန်တောင် ဝင်လို့ရတယ်လား။ ငါလည်းစမ်းကြည့်မယ်။”
တီနာ ဝင်တိုးလိုက်ပါသော်လည်း အလင်းစက်ကွင်းနှင့် ခေါင်းနှင့်သာ ဆောင့်သွားရသည်။
“နာလေးက နဂါးမျိုးနွယ်စုဝင် မဟုတ်ဘူးလေ။”
အန်လင်း ပြုံးကာပြောလိုက်သည်။
သို့သော် ရုတ်ချည်းဆိုသလို သူ၏လက်မှာ အလင်းစက်ကွင်းထဲ ချော်ဝင်သွားလေသည်။
အန်လင်း : “....”
တစ်ခုခု မှားနေသလိုပဲ....
အလင်းစက်ကွင်းက ငါ့ကိုမတားဘူးလား....
အန်လင်း အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
သူအသက်ပြင်းပြင်းရှူကာ အလင်းစက်ကွင်းထဲ ဝင်လိုက်သည်။
ထို့နောက် စုရှောင်လန်၏ဘေးသို့ ရောက်သွားလေသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသာမက နဂါးမင်းပိုင်နက်မှ လူများပင် မျက်လုံးအပြူးသား ဖြစ်ကုန်ကြတော့သည်။