ရှေးဟောင်းထိုက်ချူနဂါးနယ်မြေ
Vol. 81 Ch. 1134
အန်လင်းမှာ အတွေးများကြောင့် စိတ်ပင်ပန်းနေလေပြီ။
နဂါးရုပ်ထုက နတ်နဂါးလိပ်တောင်တန်း ထိပ်မှာဆိုတော့ လိပ်ရုပ်ထုကရော ဘယ်မှာလဲ....
ငါက ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနဲ့ ပက်သတ်နေတာဆိုတော့ ဘာမှမဆိုင်တဲ့ နဂါးဘိုးဘေးကို အရိုအသေ ပေးစရာ မလိုဘူးမလား....
သူသည် တောင်ထိပ်တခွင် ရှာဖွေကြည့်ပါသော်လည်း လိပ်ရုပ်ထုအား မတွေ့ခဲ့ရပေ။
“နဂါးမျိုးနွယ်စုက အရိုအသေ လာပေးတာပါ။ ဘိုးဘေးကြီး ကျွန်တော်တို့ မျိုးဆက်ကို ကောင်းချီးပေးပါစေ။”
အော့မန်မှာ အရှေ့ဆုံးမှနေ၍ အရိုအသေ ပေးလိုက်သည်။
နဂါးမင်းပိုင်နက် တစ်ခုလုံး သူ၏နောက်မှ အရိုအသေ ပေးလိုက်ကြသည်။
ရှောင်ဇယ်နှင့် စုရှောင်လန်သည်လည်း ၎င်းတို့နည်းတူ ပြုလုပ်လိုက်ကြလေသည်။
မိုးပြာရောင် နဂါးသည် အသက်ဝင်လာသည့်အလား ၎င်းထံမှ မိုးပြာရောင် အလင်းအစက်အပြောက်များ ဖြာထွက်လာသည်။
ဝုန်း... ဝုန်း... ဝုန်း....
ထိုအစက်အပြောက်မှာ အန်လင်းမှလွဲ၍ အားလုံးပေါ် ကျဆင်းလာခဲ့သည်။
နဂါးမျိုးနွယ်စုဝင်များ ကောင်းချီးရနေစဥ်တွင် အန်လင်း တစ်ယောက်တည်းသာ ကြောင်တိကြောင်တောင် ဖြစ်နေလေသည်။
သူသည် နဂါးရုပ်ထုအား အရိုအသေ ပေးကြည့်ပါသော်လည်း ဘာမှထူးမလာပေ။
“ဒါက နဂါးဘိုးဘေးရဲ့ အရှိန်အဝါလား။ အရမ်းသန့်စင်တာပဲ။ အရာအားလုံးရဲ့ မူလအစလိုပဲ။”
စုရှောင်လန်၏ မျက်ဝန်းများ တောက်ပသွားသည်။
“အခု အစစ်အမှန် နဂါးသွေးဆက်ကို နားလည်သွားပြီ။”
ရှောင်ဇယ်သည်လည်း ဉာဏ်အလင်းရသွားသည့်အလား လေးလေးနက်နက် အမူအရာဖြင့် မျက်ဝန်းများ ပိတ်ထားသည်။
ရိုးရာပွဲသည် နဂါးဘိုးဘေးအား အရိုအသေ ပေးရုံသာမက နဂါးမျိုးနွယ်စုဝင်များအတွက် အလွန်အကျိုးရှိစေသော အခမ်းအနားတစ်ခုလည်း ဖြစ်သည်။
အန်လင်း မကျေမနပ် ဖြစ်သွားရသည်။
ငါ့ရဲ့ သောက်ကျိုးနည်း လိပ်ဘိုးဘေးကရော...
မိုးပြာရောင် အလင်းအစက်အပြောက်များမှာ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသည်။
စုရှောင်လန်နှင့် ရှောင်ဇယ်မှာ အရေးကြီးသော အရာတစ်ခုအား ရရှိလိုက်ပုံ ရှိ၏။ ထိုသည်မှာ အစသာ ရှိသေးကြောင်း အန်လင်း နားလည်နေသည်။
ပေလျန်ပြောပြသော သတင်းအချက်အလက်များအရ စမ်းသပ်မှု တစ်ခုလည်း စောင့်ကြိုနေဦးမည်ပင်။
မိုးပြာရောင် နဂါး၏ မျက်ဝန်းမှ သွေးနီရောင် အလင်းများ ထွက်ပေါ်လာကာ တွင်းနက်ကြီးနှစ်ခု ပေါ်ပေါက်လာသည်။
အော့မန် စကားဆိုလိုက်သည်။
“ရှေးဟောင်းထိုက်ချူကုန်းမြေရဲ့ နဂါးနယ်မြေက ပွင့်လာတော့မယ်။ အန္တရာယ်များတဲ့ တိုက်ပွဲတွေထဲ မပါနဲ့။ ဘာပဲဖြစ်ဖြစ် အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ။ နောက်နှစ်ရက်နေရင် ဒီကိုပြန်ရောက်လာလိမ့်မယ်။”
နဂါးဘုရင်မှာ ဂရုစိုက်ရန်သာ မှာကြားလိုက်သည်။
အန္တရာယ်များသော နေရာဖြစ်ပါသော်လည်း စွန့်စားရသည်နှင့် ထိုက်တန်သောကြောင့်သာ ထိုသို့သွားကြရခြင်း ဖြစ်သည်။
“ရှေးဟောင်းထိုက်ချူကုန်းမြေ...”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“မင်းတို့ သွားချင်လား။”
စုရှောင်လန်နှင့် ရှောင်ဇယ်မှာ အတူတကွ ခေါင်းညိတ်ပြလိုက်ကြသည်။
“ကောင်းပြီလေ။ သွားကြတာပေါ့။”
နှစ်ဆယ့်ရှစ်ဦးအနက် အယောက်နှစ်ဆယ်သာ ရှေးဟောင်းထိုက်ချူကုန်းမြေထဲသွားရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုထဲတွင် အန်လင်းတို့လည်း အပါအဝင် ဖြစ်သည်။
“အန်လင်း နင်က နဂါးမျိုးနွယ်စုဝင် မဟုတ်ဘူးလေ။”
အန်လင်း၏စိတ်ထဲတွင် အသံဆက်သွယ်သော စကားသံတစ်ခုအား ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါ ပြုံးပြနေသော မိန်းမငယ်လေးအား တွေ့လိုက်ရ၏။
ထိုသည်မှာ ပေလျန် ဂရုစိုက်နေသေးသော မင်းသမီး ယင်ယွီပင်။
အန်လင်းသည် သူမ အသက်အား ကယ်ပေးခဲ့ဖူးသောကြောင့် သူငယ်ချင်းကောင်းများဟု ဆိုနိုင်သည်။
နဂါးဘုရင် အာရုံစိုက်မှုအား ရှောင်ရှားရန် ၎င်းတို့မှာ တစ်ဦးနှင့်တစ်ဦး မဆက်သွယ်ခဲ့ကြပေ။
ယခု နဂါးဘုရင်သည် ရှေးဟောင်းထိုက်ချူကုန်းမြေထဲ ဝင်သွားပြီ ဖြစ်သောကြောင့် ယင်ယွီမှာ မနေနိုင်ပဲ ဆက်သွယ်ဖြစ်ခဲ့သည်။
အန်လင်း ပြန်လည်တုံ့ပြန်လိုက်သည်။
“ငါအမြင်ကျယ်ချင်လို့လေ။”
မင်းသမီး ယင်ယွီ ရယ်ချင်သွားရသည်။
“နင်မပြောင်းလဲသေးဘူးပဲ။”
“မင်းရော မသွားဘူးလား။”
“ထားလိုက်ပါ။ ငါက အရမ်းအားနည်းတယ်။ အပြင်မှာ စောင့်နေတာပဲကောင်းတယ်။ နင်လုံလုံခြုံခြုံ ပြန်လာနိုင်ပါစေနော်။”
“စိတ်မပူပါနဲ့။ ငါက ဆရာ့ဆရာကြီးပါ။”
၎င်းတို့ စကားဝိုင်း ပြီးဆုံးသွားသည်။
ရှေးဟောင်းထိုက်ချူကုန်းမြေ....
ငါလာပြီဟေ့....
ရှေးဟောင်းထိုက်ချူကုန်းမြေ၏ နဂါးနယ်မြေတွင် နဂါးမျိုးနွယ်စုများ နေထိုင်ခဲ့ကြသည်။
ရှေးဟောင်းထိုက်ချူကုန်းမြေသည် ရာစုနှစ် အကြာတိုင်းတွင် တစ်လခန့် ပွင့်လာလေ့ ရှိသည်။
သို့သော် နဂါးမျိုးနွယ်စု အတွက်မူ ရိုးရာပွဲတိုင်းတွင် နဂါးဘိုးဘေးများမှ ရှေးဟောင်းထိုက်ချူကုန်းမြေအား နှစ်ရက်ခန့် ဖွင့်လှစ်ပေးလေသည်။
နဂါးနယ်မြေသည် ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းနှင့် ဝေးကွာသည့်အပြင် ကောင်းမွန်သော ဖွဲ့စည်းပုံဖြင့် ထိန်းသိမ်းထားသောကြောင့် ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်ပင် အခက်အခဲမရှိ ဝင်ရောက်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းထိုက်ချူကုန်းမြေသည် သုခဘုံတစ်ခု မဟုတ်ပေ။
ထိုနေရာသည် ငရဲခန်းတစ်ခုသာ ဖြစ်သည်။
ရှေးဟောင်းထိုက်ချူကုန်းမြေ၏ မိစ္ဆာနဂါးများ၊ အနောက်နဂါးတောနှင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်တို့အတွက် ရက်စက်သော စစ်မြေပြင်တစ်ခုပင်။
သဘာဝ၏ ကျိန်စာစည်းမျဥ်းအချို့ သက်ရောက်နေသော နေရာဟုလည်း ဆိုနိုင်သည်။
ထိုနေရာတွင် နဂါးမျိုးနွယ်စုဝင်မှ အခြားနဂါးတစ်ကောင်အား သတ်ဖြတ်လိုက်ပါက ထိုနဂါး၏ စွမ်းအင်အချို့အား စုပ်ယူကာ ကျင့်ကြံရေး အခြေခံအား တိုးတက်စေနိုင်သည်။
ပေလျန်၏ ပြောပြချက်အရ ဆဋ္ဌမ မင်းသမီး အော့ယွီထန်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်သာ ရှိပါသော်လည်း ရှေးဟောင်းထိုက်ချူကုန်းမြေထဲ နှစ်ရက်ခန့် ဝင်ခဲ့ပြီးနောက် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့်ပင် နဂါးမျိုးနွယ်စုဝင်များသည် အန္တရာယ် များလှသော ရှေးဟောင်းထိုက်ချူကုန်းမြေအား ဝင်ချင်လိုကြခြင်း ဖြစ်သည်။
......
အန်လင်း မူးနောက်နောက် ခံစားချက်နှင့်အတူ မရင်းနှီးသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။
စုရှောင်လန်နှင့် ရှောင်ဇယ်တို့ကိုလည်း မတွေ့ရပေ။
အားလုံးသည် ကျပန်းတည်နေရာများသို့ ပို့ဆောင်ခံရခြင်း ဖြစ်သည်။
အန်လင်းသည် ကြယ်စင်ကောင်းကင်ယံအောက် မျက်စိတဆုံး တောင်တန်းများအား တွေ့မြင်လိုက်ရသည်။
“ရှောင်လန်ကို အရင်ရှာသင့်တယ်။”
“ဒီနေရာက အန္တရာယ်များတယ်။ သူမအတွက် သူရဲကောင်းကြီး လုပ်ပေးရမယ်။”
အန်လင်း ခပ်ဖွဖွပြုံးကာ အုတ်ခဲနက်နှင့် ပျံသန်းလိုက်သည်။
သူသည် ရည်ရွယ်ချက် မရှိပဲ ဦးတည်ရာမဲ့ ပျံသန်းနေခြင်းပင်။
အဘယ့်ကြောင့်ဆိုသော် ကံကြမ္မာသည် ၎င်းတို့အား တွေ့ဆုံပေးမည်ဖြစ်ကြောင်း ယုံကြည်နေသောကြောင့်ပင် ဖြစ်တော့သည်။