← Chapters

ဖန်းလီကို ပြတ်ပြတ်သားသား အနိုင်ယူခြင်း

Vol. 39 Ch. 522

ဖန်းလီကို ပြတ်ပြတ်သားသား အနိုင်ယူခြင်း

Vol. 39 Ch. 522

ပိုင်လိရှန် တစ်ယောက် တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ပြီး နောက်ထပ် လဝက်အကြာမှာတော့ လီဖူချန်းရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဟာ အဆင့် ၃၀ ကို ရောက်ရှိသွားခဲ့ပါတယ် ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၉ကို ရောက်ရှိသွားခဲ့ပါပြီ ။

လီဖူချန်းအနေနဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၉ကို ထင်ထားတာထက် ပိုပြီး မြန်မြန် ရောက်သွားခဲ့ရတဲ့ အကြောင်းအရင်းကတော့  ပျံလွှားစက်ကွင်း ချီစွမ်းအင် လျှို့ဝှက်နည်းစနစ်ကြောင့်ပါပဲ ။ ပျံလွှားစက်ကွင်း ချီစွမ်းအင် လျှို့ဝှက်နည်းစနစ်က သူ့ရဲ့ အဆင့်တက်မှုကို ပိုပြီး မြန်ဆန်စေခဲ့ပါတယ် ။

ပြီးတော့ ကြယ်၆ပွင့် လ့ဝှက်နည်းစနစ်ဖြစ်တဲ့ ပျံလွှားစက်ကွင်း ချီစွမ်းအင် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းထားပြီဆိုရင် လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား နဲ့ ယှဉ်နိုင်တဲ့ ချီအတွင်းအားတွေကိုလည်း ရနိုင်ပါသေးတယ် ။

အစတုန်းကတော့ လီဖူချန်းဟာ  ကြေးဝါဓားအဆီအနှစ်ကိုသာ  ပျံလွှားစက်ကွင်းချီနဲ့သာ  တွဲပြီး အသက်သွင်းလိုက်မယ် ဆိုရင်  သူ့ရဲ့ ချီအတွင်းအားဟာ ခန္ဓာကိုယ် အပြင်အားထက် သာလွန်သွားနိုင်လောက်တယ်လို့ မျှော်လင့်ထားခဲ့ မိတာပါ ။

ဒါပေမဲ့ တကယ့်တကယ်မှာတော့  ကြေးဝါဓားအဆီအနှစ် နဲ့ ပျံလွှားစက်ကွင်း ချီစွမ်းအင်ကို တွဲအသုံးပြုပြီး ထွက်ပေါ်လာတဲ့ စွမ်းအားဟာ သူထင်ထားသလို မဖြစ်လာခဲ့ပါဘူး ။ အဲဒါက စွမ်းအားကို မစို့မပို့လေးသာ တိုးလာစေခဲ့ပါတယ် ။အဲသည် အချက်ကတော့ လီဖူချန်းကို အတော်လေး စိတ်ပျက်စေခဲ့တယ်လို့ ဆိုရပါမယ် ။

သည်နေရာမှာ လီဖူချန်း သတိပြုမိလိုက်တာကတော့  ကြယ်၆ပွင့် လျှို့ဝှက်နည်းနစ်တွေကြားက ကွာဟချက်ဟာ အင်မတန် ကျဉ်းမြောင်းတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ် ။  စွမ်းအားချင်း သိပ်မကွာတဲ့ ပညာရပ်နှစ်ခုကို တွဲသုံးလို့ စွမ်းအား မသိမသာလောက်လေး တက်လာတာက တကယ်လည်း ဖြစ်သင့်ဖြစ်ထိုက်တာပါပဲ ။

ကြေးဝါးဓားအဆီအနှစ်ကို ကြယ်၅ပွင့် ချီအတွင်းအား လျှို့ဝှက်နည်းစနစ် တစ်ခုနဲ့ တွဲသုံးပြီး ထွက်လာတဲ့ စွမ်းအားဟာ  ကြေးဝါဓားအဆီအနှစ်နဲ့  ပျံလွှားစက်ကွင်း ချီစွမ်းအင်ကို တွဲသုံးပြီးထွက်လာတဲ့ စွမ်းအားနဲ့ သိပ်မကွာလှဘူးဆိုတဲ့ အချက်ကိုလည်း လီဖူချန်းက  သတိပြုမိ လိုက်ပါသေးတယ် ။

အဲဒါကတော့ ကြေးဝါဓားအဆီအနှစ်ဟာ အင်းကွင်းကနေ ဖြစ်တည်လာပြီး  ပျံလွှားစက်ကွင်း ချီစွမ်းအင်ဟာ သဘာဝ ချီစွမ်းအင်သက်သက် ဖြစ်နေတာနဲ့ ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ် ။  တကယ်လို့ သဘာဝ ချီစွမ်းအင်တွေက အဆင့်မြင့်နေမယ်ဆိုရင် ချီစွမ်းအင်ကို ထပ်ပြီး ပြောင်းလဲလိုက်ရင်လည်း အရည်အသွေးက သိပ်ပြီး ကောင်းလာစရာ အကြောင်းမရှိပါဘူး ။ ဒါပေမဲ့ အဲသည် သဘာဝ ချီစွမ်းအင်က ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်ကနေ ဖြစ်တည်လာတာ ဆိုရင်တော့ အဲဒါကို  ထပ်ပြီး ပြောင်းလိုက်မယ်ဆိုရင် အရည်အသွေးက သိသိသာသာ ကောင်းလာနိုင်ပါတယ် ။

*****-----******-------*****--------

ဟူး……ဟူး……ဟူး……

ဝှစ်……ဝှစ်………

တိမ်ပင်လယ်တွေရဲ့ အထက်မှာတော့ လူငယ်တစ်ယောက်ဟာ ပျံလွှားတစ်ကောင်လို ပျံသန်းနေပါတယ် ။ အဲသည်လူငယ်ကတော့ လီဖူချန်းပါပဲ ။ သူက သက်တံနီ နတ်ဘုရားမီးတောက် ချီအတွင်းအားတွေကို ပျံလွှားစက်ကွင်း ချီစွမ်းအင်တွေအဖြစ် ပြောင်းလဲထားခဲ့ ပြီးပါပြီ ။

" သွားစမ်း "

လီဖူချန်းက ပျံသန်းနေရင်းနဲ့ သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်ပြီး ခုတ်ပိုင်းပစ်လိုက်ပါတယ် ။

ရွှမ်း……

အားကောင်းလှတဲ့ ဓားချီတစ်ခုဟာ မိုင်ပေါင်းအနည်းငယ်အထိ ရောက်သွားပြီး တိမ်တိုက်အုပ်ကြီး တစ်ခုကို ပျက်ပြားသွားစေခဲ့ပါပြီ ။

"  ဝိုး……တယ်တော်တဲ့ ငါပါလား……။ သည်လောက် အကွာအဝေးကိုတောင် ဓားနဲ့ တိုက်ခိုက်နိုင်နေပြီ "

လီဖူချန်းက သူ့ကိုယ်သူ ချီးကျူးလိုက်ပါတယ် ။

အနောက်မြောက်ပိုင်း နယ်မြေဒေသ နဲ့ ငွေသဲဖြူ နယ်မြေဒေသတို့ကို သိမ်းပိုက်အပြီးမှာတော့ လီဖူချန်းဟာ တတိယမြောက် နယ်မြေဒေသကို သိမ်းပိုက်ဖို့ အကြံအစည်ကို လက်လျော့လိုက်ပါပြီ ။ သူက သူ့ရဲ့ အကြံအစည်ကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ သတ္တိ မရှိတော့ပါဘူး ။

အခုတောင်မှ သူက နယ်မြေဒေသ နှစ်ခုကိုပဲ သိမ်းပိုက်ရပါသေးတယ် ။ ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းက ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ သုံးခုနဲ့ သူ့ကို နှုတ်ခွန်းဆက်သ လာခဲ့ပါပြီ ။ တကယ်လို့သာ သူ့အနေနဲ့ နောက်ထပ် နယ်မြေဒေသ တစ်ခုကို ထပ်ပြီး သိမ်းပိုက်လိုက်မယ်ဆိုရင် ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းက နှုတ်ခွန်းဆက်သတာနဲ့တင် ရပ်တန့်နေတော့မှာ မဟုတ်ပါဘူး ။ သူတို့က သက်တံနီဂိုဏ်းရဲ့ စစ်တပ်ကို ကြေးခွံဖြူ တိုက်ကြီးကနေ ကန်ထုတ်ကြတော့မှာပါ ။ ပြီးတော့ သူဟာ ကြေးခွံဖြူတိုက်ကြီးပေါ်က ဘုရင်အဆင့် ဂိုဏ်းတွေရဲ့  ဘုံရန်သူလည်း ဖြစ်သွားနိုင်ပါသေးတယ် ။ လီဖူချန်းက အဲသည်လို အဖြစ်မျိုးကိုတော့ လုံးဝ မလိုချင်တာ အမှန်ပါပဲ ။

တကယ်လို့သာ ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းက လီဖူချန်းကို အမြက်ကပ်ကပ်နဲ့ လူ၃၀၀ ၊ ၄၀၀ လောက် ချိတ်ဆက်လို့ရတဲ့  ဝင်္ကပါတိုက်ခိုက်နည်းဗျူဟာ တစ်ခု  ဒါမှမဟုတ် ဧကရာဇ်အဆင့် တပည့် ၃၊၄ယောက်လောက် စေလွှတ်လိုက်မယ်ဆိုရင်တော့ လီဖူချန်းအနေနဲ့ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။

အဲဒါတွေကြောင့် လီဖူချန်းက နယ်မြေဒေသတွေကို ဆက်ပြီး ချဲ့ထွင်ဖို့ မကြိုးစားရဲတော့တာပါ ။

ကြေးခွံဖြူတိုက်ကြီးပေါ်ကို ရောက်လာတာ ခြောက်လတင်းတင်း ပြည့်တဲ့နေ့မှာတော့ လီဖူချန်းဟာ အပိုဆုကြေးအဖြစ်  ထောက်ပံ့ရေး ရမှတ် သုံးသိန်းခွဲတိတိ  ရခဲ့ပါတယ် ။ ၅လမြောက်အတွက် သူရခဲ့တဲ့ ထောက်ပံ့ရေး ရမှတ် နဲ့ သူ့ဆီမှာ ကျန်ရှိနေသေးတဲ့ ထောက်ပံ့ရေးရမှတ် ခုနစ်သောင်း နှစ်ထောင်ကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ သူ့ဆီမှာ ရှိနေတဲ့ ထောက်ပံ့ရေးရမှတ် စုစုပေါင်းဟာ ရှစ်သိန်းအထိ ရှိသွားခဲ့ပါပြီ ။ အမှန်အတိုင်း ဝန်ခံရမယ် ဆိုရင်တော့ လီဖူချန်းက  သူ့အနေနဲ့ သည်လောက်များတဲ့ ထောက်ပံ့ရေးရမှတ်တွေ ရလိမ့်မယ်လို့ တစ်ခါမှတောင် တွေးထင်မထားမိခဲ့ပါဘူး ။ ဒါက တကယ့်ကို ရူးသွပ်လောက်စရာ ပမာဏပါပဲ ။

အဲသည်နောက်မှာတော့ သူက ထောက်ပံ့ရေး ခြောက်သောင်းတိတိ သုံးလိုက်ပြီး မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းတစ်ခုဖြစ်တဲ့ မျောလွင့်မီးလျှံ ဓားသိုင်းကို ရယူလိုက်ပါတယ် ။

တကယ်လို့ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းက  ပြင်းထန်မှုကို ကိုယ်စားပြုတယ်ဆိုရင် မျောလွင့်မီးလျှံ ဓားသိုင်းက လျင်မြန်မှုကို ကိုယ်စားပြုတယ်လို့ ဆိုရပါမယ် ။

စွမ်းအားအရာမှာ ဆိုရင်လည်း မျောလွင့်မီးလျှံ ဓားသိုင်းက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းအောက် မနိမ့်ကျပါဘူး ။

ပြီးတော့ တန်ဖိုးပိုင်းမှာ ဆိုရင်လည်း  မျောလွင့်မီးလျှံ ဓားသိုင်းက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းထက် ပိုတန်ဖိုး မြင့်ပါသေးတယ် ။မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ တန်ဖိုးက ထောက်ပံ့ရေးရမှတ် ၄၅၀၀၀ သာ ရှိပေမယ့်  မျောလွင့်မီးလျှံ ဓားသိုင်းရဲ့ တန်ဖိုးကတော့ ထောက်ပံ့ရေးရမှတ် ၆၀၀၀၀ တောင် ရှိနေတာပါ ။

လီဖူချန်းတစ်ယောက်  မျောလွင့်မီးလျှံ ဓားသိုင်းကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ လူတစ်ယောက်ဟာ သူ့ကို လာပြီး စိမ်ခေါ်ခဲ့ပါတယ် ။ အဲသည်လူကတော့ ဖန်းလီပါပဲ ။ဖန်းလီက ကြေးခွံဖြူ တိုက်ကြီးပေါ်မှာ လီဖူချန်း ပထမဆုံး ရင်ဆိုင်ခဲ့ဖူးတဲ့ ဧကရာဇ်အဆင့် တပည့် ဆိုရင်လည်း မမှားပါဘူး ။

" လီဖူချန်း…… သည်တိုက်ပွဲက ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာ ငါနောက်ဆုံးတိုက်တဲ့ တိုက်ပွဲပဲ "

ဖန်းလီက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တက်လှမ်းမယ်ဆိုရင် တက်လှမ်းလို့ ရတဲ့ အခြေအနေကို ရောက်နေခဲ့တာပါ ။ ဒါပေမဲ့လည်း သူက အဆင့်မတက်ဘဲ သူ့ရဲ့  ကျင့်ကြံမှုကို ချိူးနှိမ်ထားခဲ့ပါတယ် ။ ဖန်းလီ အနေနဲ့ အဲသည်လို လုပ်ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ သူက လီဖူချန်းကို အဆင့်မတက်ခင်မှာ အနိုင်ယူသွားချင်သေးလို့ပါပဲ ။

" ဟုတ်လား ။ ကြည့်ရတာ မင်းက ငါ့ကို အနိုင်ယူပြီးမှ အဆင့်တက်ချင်တဲ့ ပုံပဲ ။ သည်တစ်ခါ မင်း ဘာတွေ လေ့ကျင့်လာသလဲဆိုတာ ငါ့ကို ပြပါဦး "

လီဖူချန်းက နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးပြီး မေးလိုက်ပါတယ် ။

ဖန်းလီက ခေါင်းခါလိုက်ပြီး

" မလောပါနဲ့ ။ ငါတို့ တိုက်ခိုက်တဲ့ အခါကျရင် မင်းသိရမှာပေါ့ ။ သည်တစ်ခါ နတ်ဘုရား စွမ်းရည်တွေ မသုံးဘဲ ငါတို့ရဲ့ သာမန် အစွမ်းတွေနဲ့ တိုက်ကြရအောင် "

" ရတယ်လေ ။ ကိစ္စမရှိဘူး "

လီဖူချန်းကလည်း မငြင်းပါဘူး ။

"  ကောင်းကင်ဘုံ သစ်စိမ်းနတ်ဘုရား "

လီဖူချန်းက လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဖန်းလီက စပြီး တိုက်ခိုက်ဖို့ ပြင်ပါတော့တယ်  ။ ကြည့်ရတာတော့ သူက သိပ်ပြီး အချိန် ဆွဲမဆွဲချင်တဲ့ ပုံပါပဲ ။ သည်တစ်ခါမှာတော့ သူ့ရဲ့  ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့  ကောင်းကင်ဘုံ သစ်စိမ်းနတ်ဘုရားဟာ အလုံစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေခဲ့ပါပြီ  ။ ဒါကြောင့်လည်း သူက ယုံကြည်စိတ်ချမှု အပြည့်နဲ့ လီဖူချန်းကို လာရောက် စိမ်ခေါ်ခဲ့တာပါ ။သည်လျှို့ဝှက်နည်းစနစ်က သူ့ရဲ့ ပျက်စီးခြင်း၈ပါး သစ်နတ်ဘုရား ချီအတွင်းအားကို ပိုအားကောင်းတဲ့   ကောင်းကင်ဘုံ သစ်စိမ်းနတ်ဘုရား ချီစွမ်းအားအဖြစ် ပြောင်းပေးနိုင်ပါတယ် ။  ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးတဲ့ နောက်မှာတော့ ဖန်းလီရဲ့ ဆေဘာက သက်ဝင်လှုပ်ရှား လာခဲ့ပါပြီ ။

" နွေဦးရွက်ကြွေ မုန်တိုင်း "

ဖန်းလီရဲ့ မာန်သွင်း ဟစ်ကြွေးသံအတူ အညှာအတာ ကင်းမဲ့တဲ့ ဓားကွက်ဟာ ထွက်ပေါ်လာပါတော့တယ် ။ ဆေဘာထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဆေဘာချီတွေဟာ ဓားကွက် အစပိုင်းမှာ လေပြည် ၊လေညင်းတစ်ခုလို  အားနည်းနေပေမယ့်လည်း ဓားကွက်အဆုံးပိုင်းမှာတော့ မုန်တိုင်းတစ်ခုလို ပြင်းထန်လာခဲ့ပါတယ် ။

" မင်းက အတော်လေး အစွမ်းထက်လာတာပဲ ။ ဒါပေမဲ့ အဲဒါက ငါ့ကို အနိုင်ယူဖို့အတွက် မလောက်သေးဘူး "

လီဖူချန်းက ခပ်အေးအေး ရှိနေဆဲပါပဲ ။  ဖန်းလီက  ချီအတွင်းအား ကျင့်စဉ် အပိုင်းမှာကော ၊ လျှို့ဝှက်နည်းစနစ် အပိုင်းမှာပါ အရင်ကထက် ပိုပြီး တိုးတက်လာတယ်ဆိုတာ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ ဒါကြောင့်လည်း ဖန်းလီက သူ့ကို နောက်ထပ်တစ်ကြိမ် ထပ်ပြီး စိမ်လာခေါ်ပုံ ရပါတယ် ။

ဒါပေမဲ့ ဝမ်းနည်းစရာကတော့ လီဖူချန်းကလည်း အရင်လီဖူချန်း မဟုတ်တော့တာပါပဲ ။ သူ့ရဲ့ တိုးတက်မှုက ဖန်းလီထက်တောင် ပိုပြီး မြန်နေသေးတယ်လို့ ဆိုရပါမယ် ။

" ဟုတ်ပြီ ။ ဒါက ငါ့ရဲ့ ဓားသိုင်းကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ "

" ကြေးဝါဓား အဆီအနှစ် လာစမ်း "

လီဖူချန်းက သည်တစ်ကြိမ်မှာတော့ ဖန်းလီကို သူ့ရဲ့ ခန္ဓာကိုယ်အပြင်အားနဲ့ မတိုက်ချင်တော့ပါဘူး ။ အဲသည်အတွက် သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်ပြီး တိမ်တိုက်လောင်ကျွမ်းခြင်း ဓားကွက်ကို ထုတ်သုံးလိုက်ပါတော့တယ် ။

ဟူး……ဟူး……ဟူး……

ကြေးဝါဓားအဆီအနှစ်တွေ ခိုဝင်ကိန်းအောင်းနေတဲ့ ဓားအလင်းတန်းဟာ မီးတိမ်တိုက်တစ်ခုအသွင် ပြောင်းသွားခဲ့ပြီး လေမုန်တိုင်း တစ်ခုအသွင် ဆောင်နေတဲ့ ဆေဘာဓားချီကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြေးထွက်သွားခဲ့ပါပြီ ။

ထန်……ထန်……ထန်……

ဆေဘာချီ နဲ့ ဓားချီတို့ ထိပ်တိုက်တွေ့ဆုံမှုကနေ ထွက်ပေါ်လာတဲ့ အသံတွေကတော့ သတ္တုအချင်းချင်း ထိပ်တိုက်တွေ့မိတဲ့အခါမှာ ထွက်ပေါ်လာတဲ့ အသံတွေလိုပါပဲ ။ပြီးတော့ သည်ထိပ်တိုက်တွေ့ဆုံမှုဟာ ဘယ်သူ့ရဲ့ ဓားကွက်က ပိုအားကောင်းသလဲ ဆိုတာနဲ့ ဘယ်သူရဲ့ တိုက်စစ်က ပိုထက်မြက်သလဲ ဆိုတာကိုလည်း  အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ် ။

တကယ်လို့ ဓားကွက်က လုံလောက်တဲ့ အဆင့်တစ်ခုအထိ အားကောင်းမနေဘူးဆိုရင် ဟာကွက်တွေ ဖြစ်ပေါ်လာမှာပါ ။ တကယ်လို့  တိုက်စစ်က လုံလောက်တဲ့ အဆင့်တစ်ခုအထိ ထက်မြက်မနေဘူး ဆိုရင်တော့ အဲသည်လူရဲ့ ချီစွမ်းအားဟာ ပြိုကွဲသွားမှာ ဖြစ်ပါတယ် ။

အခု ဓားချီ နဲ့ ဆေဘာချီတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ သိသိသာသာ အသာစီး ရသွားသူကတော့ လီဖူချန်းပါပဲ ။ လီဖူချန်းရဲ့ ဓားချီက ဖန်းလီရဲ့ ဆေဘာချီကို ဖောက်ထွင်းသွားနိုင်တဲ့အပြင် ဖန်းလီကိုပါ တိုက်ခိုက်လိုက်ပါသေးတယ် ။

" ဟင် "

ဖန်းလီရဲ့ မျက်နှာကတော့ အတော်လေး ပျက်နေခဲ့ပါပြီ ။

သူက လီဖူချန်းဟာ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းမှာ အင်မတန် အစွမ်းထက်တယ် ဆိုတာကိုတော့ သိပြီးသား ဖြစ်ပါတယ် ။ဒါပေမဲ့ သူက လီဖူချန်းဟာ ချီအတွင်းအား ကျင့်ကြံခြင်း အပိုင်းမှာလည်း   သည်လောက်အထိ အစွမ်းထက်မယ်လို့ လုံးဝ တွေးမထင်ထားခဲ့မိပါဘူး  ။ လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှု နဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုဟာ ဘယ်လောက်မှ ကွာခြားခြင်း မရှိဘူးလို့ ဆိုရပါမယ် ။

ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ တစ်ယောက်နဲ့ ရင်ဆိုင်ရရင်တော့ ဖန်းလီရဲ့ ဆေဘာဓားကွက်ဟာ တစ်ဖက်လူကို ဒုက္ခ ပေးနိုင်ကောင်း ပေးနိုင်လောက်ပေမယ့် ထိပ်တန်း ဓားသမား တစ်ယောက်နဲ့  ရင်ဆိုင်ရရင်တော့ သူ့ရဲ့ ဆေဘာဓားကွက်ဟာ တစ်ဖက်လူကို ဘယ်လိုမှ  ဒုက္ခပေးနိုင်စရာ အကြောင်း မရှိပါဘူး ။

" သစ်စိမ်း "

" တိမ်တိုက်ဆယ်ခု လောင်ကျွမ်းခြင်း "

" သစ်ပင်ကမ္ဘာ ပြိုလဲစေ "

" တိမ်တိုက်တစ်ရာ လောင်ကျွမ်းစမ်း "

"  ဆွေးမြည့် ပျက်စီးခြင်းဓား "

" တိမ်တိုက်တစ်ထောင် "

အဲသည်နောက်မှာတော့ လီဖူချန်း နဲ့ ဖန်းလီတု့ိဟာ ဓားကွက်တွေကို အဆက်မပြတ် ထုတ်ပြီး တိုက်ခိုက်ကြပါတော့တယ် ။ သူတို့ရဲ့ ဓားကွက်တိုင်းဟာ သေသပ်လှပြီး သတ်ဖြတ်ခြင်း အငွေ့အသက်တွေ အပြည့်ပါပဲ ။ ပြီးတော့ သူတို့ရဲ့ ဓားချက်တိုင်းဟာ အညှာအတာ ကင်းမဲ့လွန်းလှပါတယ် ။သည်ဓားချက်တွေက တော်ရုံ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေတောင် ခံယူနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး ။

လီဖူချန်းကတော့ တိုက်ပွဲအစကတည်းကနေ ဖန်းလီကို အထက်စည်းကနေ အသာစီး ရယူပြီး ဖိနှိပ်ထားနိုင်ခဲ့ပါတယ် ။ လီဖူချန်းရဲ့ ဖိနှိပ်ထားမှုကြောင့် ဖန်းလီဟာ သူ့ရဲ့ ဆေဘာဓားကွက်တွေကို အပြည့်အဝ မသုံးနိုင်ခဲ့ပါဘူး ။ အဲသည်အတွက် တိုက်ပွဲအချိန် ကြာလာတာနဲ့အမျှ  သူ့ရဲ့ အခြေအနေဟာ ဆိုးသထက် ပိုဆိုးလာခဲ့ပါတယ် ။

" မဟန်တော့ဘူး ။ ငါ သည်အခြေအနေကနေ မရရအောင် ရုန်းထွက်နိုင်မှ တော်ကာ ကျတော့မယ် "

ဖန်းလီကလည်း သူ့ရဲ့ အခြေအနေကို ကောင်းကောင်းကြီး ရိပ်စားမိပြီးသားပါပဲ ။ သူက သည်အတိုင်းသာ လီဖူချန်းရဲ့ ဖိနှိပ်မှုကို ဆက်ပြီး ခံနေရမယ် ဆိုရင် အနှေးနဲ့အမြန် ရှုံးတော့မယ် ဆိုတာကို ခံစားနေမိပါပြီ ။

အဲသည်အချိန်မှာပဲ လီဖူချန်းက ဖန်းလီဆီကို လျှပ်ပြက်သလို ခုန်ဝင်လာပါတော့တယ် ။ တစ်ချိန်တည်းမှာပဲ သူက သူနဲ့အတူ  ထောင်ချီတဲ့ နီကျင့်ကျင့် ဓားအလင်းတန်းတွေကိုပါ သယ်ဆောင်လာပါသေးတယ် ။

ရွှပ်……ရွှပ်……ရွှပ်……

လီဖူချန်းရဲ့ နီကျင့်ကျင့် ဓားအလင်းတန်းတွေဟာ အရှိန်အဟုန် ပြင်းစွာနဲ့ ဖန်းလီရဲ့ ခုခံမှု အားနည်းတဲ့ အစိတ်အပိုင်းတွေဆီကို တိုးဝင်လာခဲ့ပါပြီ ။

ထန်…… ထန်……… ထန်……

ဖန်းလီက ဆေဘာဓား အကာအကွယ် တစ်ခုကို ဖန်တီးလိုက်ပေမယ့်လည်း လီဖူချန်းရဲ့ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပါဘူး ။ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေက သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးစက် ၊မိုးပေါက်တွေလိုပါပဲ ။

ခရပ်……

ခရပ်………

ခရပ်…………

ဆေဘာဓား အကာအကွယ်ပေါ်မှာ အက်ကွဲရာတွေ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါပြီ ။

ဝုန်း……

"ဝေါ့ "

အဲသည်နောက်မှာတော့ ဆေဘာဓား အကာအကွယ်ဟာ တစ်စစီ ပေါက်ကွဲထွက်ကာ ပျက်စီးသွားပါတော့တယ် ။ ဆေဘာဓား အကာအကွယ် ပျက်စီးသွားတဲ့အတွက် နောက်ဆက်တွဲအဖြစ် ဖန်းလီဟာ သွေးတစ်လုတ် အန်လိုက်ရပါသေးတယ် ။ သူ့ရဲ့မျက်နှာဟာလည်း သွေးမရှိတောသလို့ဖြူလျော့နေခဲ့ပါပြီ ။

သူက လီဖူချန်းကို ရှုံးသွားပြီဆိုတာ အသိသာကြီးပါပဲ ။ ဒါကို သူ့အနေနဲ့ ဘယ်လိုမှ ဆင်ခြေပေးနေစရာ အကြောင်း မရှိပါဘူး ။

" ကြည့်ရတာတော့  ငါက မင်းကို ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာ နိုင်ဖို့ အကြောင်း မရှိတဲ့ပုံပဲ ။ ဒါနဲ့ ငါမေးပါဦးမယ် ။ အရင်တစ်ခေါက်တုန်းက မင်းဘာဖြစ်လို့ ဓားသိုင်း မသုံးတာလဲ "

ဖန်းလီက မချိပြုံး ပြုံးပြီး လီဖူချန်းကို မေးလိုက်ပါတယ် ။

လီဖူချန်းကလည်း အမှန်အတိုင်းပဲ ပြန်ဖြေလိုက်ပါတယ် ။

" အရင်တစ်ခေါက်တုန်းက ငါရဲ့ဓားသိုင်းက အခုလို မကောင်းသေးဘူးလေ "

" ဟက်……ဟက်……မင်းက တကယ့် နတ်ဆိုး တစ်ကောင်ပဲ ။ ငါမင်းနဲ့ နောင်အနာဂတ်မှာ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ် ။ ကဲ……သွားပြီဟေ့ "

စကားဆုံးတဲ့ နောက်မှာတော့ ဖန်းလီက လှည့်ထွက်သွားခဲ့ပါပြီ ။ သူက လီဖူချန်းနဲ့ နောက်တစ်ကြိမ် တိုက်ဖို့အတွက် သူ့ရဲ့ ကျင့်ကြံမှုကို လအနည်းငယ် ချိုးနှိမ်ထားခဲ့ရတာပါ ။

ဧကရာဇ်အဆင့် တပည့်တစ်ယောက်အတွက်ကတော့  လပေါင်းအနည်းငယ် ဆိုတာက အများကြီး တန်ဖိုးရှိတဲ့ အရာပါပဲ ။ သူတို့က သည်အချိန်အတွင်းမှာ နောက်ထပ် အဆင့်တစ်ဆင့် တက်အောင်တောင် ကျင့်ကြံနိုင်စွမ်း ရှိကြပါတယ် ။

ဖန်းလီဟာ သူ့ရဲ့ ဆန္ဒအတိုင်း လီဖူချန်းနဲ့လည်း တိုက်ခိုက်ခဲ့ ပြီးသွားပြီ ဖြစ်တဲ့အတွက် ဆက်ပြီး အချိန်ဖြုန်းဖို့ အစီအစဉ် မရှိတော့ပါဘူး ။ အခုအချိန်က သူ့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းရမယ့် အချိန်ပါပဲ ။

" ဟူး  "

လှည့်ထွက်သွားတဲ့ ဖန်းလီရဲ့ ကျောပြင်ကို ကြည့်ပြီး လီဖူချန်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပါတယ် ။

သူ့ရဲ့ တွက်ချက်မှုက မမှားခဲ့ပါဘူး ။ သူ့ရဲ့ လက်ရှိ ချီအတွင်းအား ကျင့်ကြံမှုက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုနဲ့ ယှဉ်နိုင်စွမ်း ရှိနေခဲ့ပါပြီ ။

လီဖူချန်းအတွက်ကတော့ ဒါက အတော်လေး စိတ်ကျေနပ်စရာပါပဲ ။ သူက ခန္ဓာကိုယ် အပြင်အား သိုင်းပညာတွေ သုံးပြီး တိုက်ခိုက်ရတာထက် ဓားသိုင်းသုံးပြီး တိုက်ခိုက်ရတာကို ပိုပြီး နှစ်ခြိုက် သဘောကျသူပါ  ။ ဓားသိုင်းတွေ သုံးပြီး တိုက်ခိုက်ရတဲ့ အချိန်မှာဆိုရင်  သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ပိုပြီး သန့်စင်လာတယ်လို့တောင်  သူ့အနေနဲ့  ခံစားမိနေတတ်တာ မဟုတ်ပါလား ။

" ငါ့ရဲ့ နောက်ပန်းတိုင်ကတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တတ်နိုင်သမျှ အမြန်ဆုံး ချိုးဖောက်ဝင်ရောက်နိုင်ဖို့ပဲ "

လီဖူချန်းက စိတ်ထဲကနေ သန္နိဋ္ဌာန်တစ်ရပ် ချမှတ်လိုက်ပါတယ် ။

***

All Chapters