လက်စားချေရန်အတွက် အရာအားလုံးကမ်းလှမ်းခြင်း
Vol. 81 Ch. 1136
ရှေးဟောင်းထိုက်ချူကုန်းမြေ၏ နဂါးနယ်မြေ၌
နဂါးမီးတောက်များ အဆုံးတိုင် လောင်ကျွမ်းနေသည်။
သွေးနီရောင် ဖွတ်နဂါးမှာ ပါးစပ်အဟောင်းသားနှင့်ပင် အပြာရောင် လျှပ်စီးဓား၏ ထိုးနှက်ခြင်းအား ခံလိုက်ရသည်။
“အား....”
နဂါးကြေးခွံများ ကွာကျသွားသည်နှင့်အတူ ၎င်း၏ခေါင်းပါ ပြတ်သွားရလေသည်။
သွေးများ ပန်းထွက်လာပါသော်လည်း ကျောက်စိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးအား တစ်စက်လေးပင် မစင်ပေ။
ဖွတ်နဂါး၏ စွမ်းအင်များမှာ သူမ ခန္ဓာကိုယ်ထဲ စီးဝင်ပေါင်းစပ်သွားသည်။
“စွမ်းအင်တွေက ပိုင်ရှင်သစ်ရှာတဲ့ သဘောလား။”
စုရှောင်လန် တိုးညင်းစွာ ရေရွတ်လိုက်သည်။
စီးဝင်လာသော စွမ်းအင်များသည် အစစ်အမှန် နဂါးသွေးဆက်နှင့် ပေါင်းစည်းသွားပြီး ဗာမီလီယမ်သွေးဆက်ကြောင့် ယခင်ကထက် ပိုမိုသန့်စင်သွားသည်။
“ငါ့ရဲ့ ကျင့်ကြံရေး အားကောင်းနေတာ ဗာမီလီယမ် သွေးမျိုးဆက်ကြောင့်ပဲ။”
“ဒါပေမယ့် နဂါးသွေးဆက်က အရမ်းအားနည်းနေတယ်။ အဲ့ဒါကို တိုးတက်လာအောင် လုပ်ရမယ်။”
စုရှောင်လန် တောက်ပစွာ ပြုံးလိုက်သည်။
“ဒီနေရာမှာဆိုရင် မြန်မြန်ဆန်ဆန် တိုးတက်မှာပဲ။ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး။”
“နဂါးသွေးဆက်သာ ဗာမီလီယမ် သွေးဆက်လောက် အားကောင်းလာရင် အဆင်ပြေပြီ။”
စုရှောင်လန်မှာ ရည်ရွယ်ချက် တစ်ခုအား ချမှတ်လိုက်သည်။
..........
သဲသောင်ပြင်၌...
“ဒီကောင်စုတ်လေးက တကယ်အားနည်းတာပဲ။ ကဲ... စားလိုက်ကြရအောင်။”
ထို့နောက် အော်ဟစ်သံများ ဆူညံသွားလေသည်။
မကြာမီပင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြန်သည်။
ခေတ္တမျှ ကြာပြီးနောက် စကားသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီကောင်က သုံးစားမရဘူးပဲ။ စားလိုက်ကြရအောင်။”
“မင်းရူးနေတာလား။ သူတို့က အားနည်းချင်ယောင်ဆောင်နေကြတာကွ။ ပြေးရအောင်။”
အခြားသူတစ်ဦးမှ အော်ဟစ်လာသည်။
သဲသောင်ပြင်တွင် အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။
“အား....”
“ကယ်ပါဦး...”
မကြာလိုက်သော အချိန်ကာလမှာပင် ငြိမ်သက်သွားပြန်သည်။
သဲသောင်ပြင်တွင် ချောမောခန့်ညားသော လူငယ်လေးတစ်ဦး ရှိနေသည်။
“ငါ့ကိုတွေ့လိုက်တည်းက မင်းပြေးလို့ မလွတ်တော့ဘူး။”
ရှောင်ဇယ် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
သူသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်၌ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး အရှေ့ပင်လယ် နဂါးမင်းပိုင်နက် တစ်ခုလုံးထက်ပင် အသက်ကြီးသေးသည်။
သူသည် ပါရမီ မလုံလောက်ခြင်းအပြင် အကောင်းမွန်ဆုံး ခုခံကာကွယ်ရေးအား မရရှိသေးသောကြောင့် အဆင့်မတက်နိုင်ခဲ့ပေ။
သူ့အနေဖြင့် အသန်မာဆုံး ခုခံကာကွယ်ရေးအား အံ့ဖွယ်တာအိုအဖြစ် ရယူသင့်သည်။
သူ၏အားသာချက်သည် ခုခံကာကွယ်ရေး ဖြစ်ပါသော်လည်း သူ၏ခုခံကာကွယ်ရေးမှာ အသန်မာဆုံး မဟုတ်ပေ။
“ရင်းနှီးနေတဲ့ နေရာပဲ။”
ရှောင်ဇယ်မှာ အတိတ်အား တမ်းတမိသည်။
“အရက်စက်ဆုံး စွမ်းအင်ကဘာလဲ။ ရေတွေ၊ မီးတွေ မဟုတ်ဘူး အချိန်ပဲ။ အချိန်က အရာအားလုံးကို တိုက်စားသွားနိုင်စွမ်း ရှိတယ်။ ငယ်ရွယ်နုပျိုမှု၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်း အားလုံးပဲ။”
ရှောင်ဇယ်၏ မျက်ဝန်းများတွင် ရင့်ကျက်မှုများ တွဲခိုနေသည်။
အဖြူရောင် သဲသောင်ပြင်သည် အတိတ်တစ်ချိန်က နဂါးမျိုးနွယ်စု ပိုင်နက် ဖြစ်ခဲ့သည်။
နန်းတော်များ၊ စျေးများ၊ သတ်ကွင်းများနှင့် အလွန်ပင် စည်ကားခဲ့၏။
သို့သော် အချိန်စီးကြောင်းနှင့်အတူ ယခုအချိန်တွင် သဲသောင်ပြင်အဖြစ်သာ ကျန်ရစ်တော့လေသည်။
ရှောင်ဇယ်ကဲ့သို့ နဂါးအိုကြီးများမှလွဲ၍ မည်သူကမှ ဤနေရာတွင် မြို့တော်ကြီးတစ်ခု ရှိခဲ့ကြောင်း သိနိုင်လောက်မည် မဟုတ်ပေ။
ရှောင်ဇယ်မှာ ဟိုဟိုသည်သည် ငေးမောရင်း ရှေ့ဆက်လျှောက်နေခဲ့သည်။
.......
ရှေးဟောင်းထိုက်ချူကုန်းမြေ၏ နဂါးနယ်မြေ တစ်နေရာ၌...
ပြင်းထန်လှသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။
စွမ်းအင်လှိုင်းဂယက်များမှာ အရာအားလုံးကို ဖျက်စီးပစ်နေလေသည်။
“မင်းက ငါ့မိန်းမကို သတ်ရဲတယ်ပေါ့လေ။”
အဖြူရောင်နဂါး၏ ရွှေရောင်မျက်ဝန်းများမှာ ရူးသွပ်မတတ် ဖြစ်နေ၏။
အရှေ့ပင်လယ် နဂါးနှင့်ဆင်သော အနက်ရောင်နဂါးကြီးသည် ကျောဘက်တွင် လင်းနို့တောင်ပံများ ပိုင်ဆိုင်ထားသည်။
၎င်းသည် ရက်စက်စွာပြုံးကာ အဖြူရောင်နဂါးအား လက်သည်းဖြင့် ကုပ်ချလိုက်သည်။
“ဟားဟားဟား.... တာအိုလက်တွဲဖော်ကို ကာတောင်မကာကွယ်နိုင်တာ မင်းအမှားပဲလေ အော့မင်ယွီရဲ့။”
အနက်ရောင်နဂါး၏ တိုက်ခိုက်မှုများမှာ ကြမ်းတမ်းခက်ထန်နေသည်။
သူသည် အော့မင်ယွီအား သတ်ဖြတ်နိုင်ပါသော်လည်း တမင်မသတ်ပဲ ကစားနေသည်ဟုပင် ထင်မှတ်ရသည်။
ထိုမိစ္ဆာနဂါးသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိသောကြောင့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်အား ကိုင်တွယ်ရသည်မှာ မခက်ခဲလှပေ။ ထို့အပြင် ၎င်းသည် မုဆိုးတစ်ဦးကဲ့သို့ သားကောင်ဖမ်း ကျွမ်းကျင်ပေသည်။
“မင်းမိန်းမကို သတ်လိုက်တာတောင် မင်းဘာမှမလုပ်နိုင်သေးဘူး။ အော့မင်ယွီ မင်းအဆင့်က ဒီလောက်ပဲလား။”
မိစ္ဆာနဂါးမှာ စကားနှင့်ပါ နှိပ်စက်နေသေးသည်။
အော့မင်ယွီသည် အသက်ကိုပင် ပဓာနမထားပဲ တိုက်ခိုက်နေခဲ့သည်။
သူသည် လျှို့ဝှက်ကျင့်စဥ်များပါ အသုံးပြုနေပါသော်လည်း ဘာမှမတတ်နိုင်သေးပေ။
“ငါမင်းကို သတ်ပစ်မယ်။”
အော့မင်ယွီမှာ ဒေါသကြောင့် သွေးမျက်ရည်များ စီးကျလာသည်။
“ဒေါသထွက်နေပြီလား။ မင်းစိတ်တိုလေ ငါပျော်လေပဲ။ အော်လေ ကြိုက်သလောက်သာ အော်ငိုပစ်လိုက်။ ဘယ်သူမှ လာကယ်မယ် မထင်နဲ့။”
မိစ္ဆာနဂါး ရယ်မောလိုက်သည်။
“ဘယ်သူမှ လာမကယ်ဘူးပေါ့လေ။ ဘယ်သူမှ မရှိဘူး ထင်နေတာလား။”
အဝေးမှ စကားသံတစ်ခု ထွက်ပေါ်လာသည်။
“ဘယ်သူလဲ။”
မိစ္ဆာနဂါး လှည့်ကြည့်လိုက်သည်။
ထိုသည်မှာ အုတ်ခဲနက် စီးနေသော အမျိုးသား တစ်ဦးပင်။
“ဘာကြီးလဲဟ။”
မိစ္ဆာနဂါး ကြောင်တောင်တောင် ဖြစ်သွားမိသည်။
အန်လင်း : “....”
ရှေးဟောင်းထိုက်ချူကုန်းမြေ၏ နဂါးနယ်မြေတွင် လူသားတစ်ဦး ရှိနေသည်မှာ ထူးဆန်းလှသည်။
“မင်းအဖေလေ။”
အန်လင်း စကားဆိုလိုက်သည်။
နဂါးမျိုးနွယ်စုဝင်တွေက ငါ့ကိုမြင်တိုင်း ဘာဖြစ်နေကြတာလဲ...
ရိုင်းလိုက်တဲ့ ဒေါင်းဇားတွေ....
သူသည် စုရှောင်လန်အား ယခုထိတိုင် မတွေ့ရသေးပေ။
“မင်းပါ သေချင်နေတာလား။”
မိစ္ဆာနဂါး အော်ဟစ်လိုက်သည်။
အော့မင်ယွီသည်လည်း အန်လင်းအား တွေ့လိုက်ရသောကြောင့် အံ့သြသွားရသည်။
မည်သို့ပင်ဆိုစေကာမူ ဆုံးဖြတ်ချက် တစ်ခုအား လျင်မြန်စွာ ချမှတ်လိုက်၏။
“အန်လင်း သူက ငါ့တာအိုလက်တွဲဖော်ကို သတ်သွားတယ်။ မင်းသာ လက်စားချေပေးရင် ငါ့အရာအားလုံး ပေးမယ်ကွာ။”
အန်လင်း ငြင်းဆိုလိုက်သည်။
“မင်းအရာအားလုံး ဘယ်သူက လိုချင်မှာလဲ။”
“ငါက အဲ့လိုလူ မဟုတ်ဘူး။ ရွံစရာကြီး...”
အော့မင်ယွီ : “... “
မိစ္ဆာနဂါး အူတက်သွားရသည်။
“အော့မင်ယွီ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ယောက်ကို အကူအညီ တောင်းရအောင်ထိ မင်းရူးသွားပြီလား။”
ဝုန်း....
ထိုအချိန်တွင် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
အန်လင်း ပြုံးကာပြောလာသည်။
“မင်းရဲ့ အရာအားလုံးတော့ မလိုပါဘူး။ ဒါပေမယ့် ဒီနဂါးကို သတ်တဲ့ကြေးတော့ ပေးရမယ်။”