ဟင်းလင်းပြင်သို့အပြန်အဆင့် မိစ္ဆာနဂါးအား တိုက်ခိုက်ခြင်း
Vol. 81 Ch. 1137
အော့မင်ယွီ ကြောင်တောင်တောင် ဖြစ်သွားရသည်။
မိစ္ဆာနဂါးမှာမူ ဟာသတစ်ပုဒ် ကြားလိုက်ရသလို မယုံကြည်နိုင် ဖြစ်သွားလေသည်။
“ဟားဟားဟား..... မင်းက လူရွှင်တော်လား။”
မိစ္ဆာနဂါးကြီး ရယ်မောလိုက်သည်။
အန်လင်း၏ အရှိန်အဝါသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေပါစေ ကျင့်ကြံရေးမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိသည်။
“မင်းမလိမ်ပါဘူးနော်။”
အော့မင်ယွီ မေးမြန်းလာသည်။
သူသည် အသက်နှင့်ရင်းကာ တိုက်ခိုက်ရန်ပင် ပြင်ဆင်ထားပြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အန်လင်းသည် မိစ္ဆာနဂါးရော၊ သူ့ကိုပါ သတ်ပစ်နိုင်သူ မဟုတ်ပါလော။
သို့သော် အန်လင်းမှာ မထင်မှတ်ထားသော သဘောတူညီချက်အား ပြုလုပ်လာခဲ့သည်။
မိစ္ဆာနဂါး လက်ညှိုးထောင်လိုက်သည်။
“လူမသားလေး ငါတစ်ခုပဲလို...”
ဝုန်း....
မီးတောက်များ ရုတ်ချည်းဖြာထွက်လာသည်။
သူ၏စကား မဆုံးလိုက်ခင်မှာပင် အန်လင်း လက်သီး ရောက်ရှိလာလေသည်။
မီးနတ်ဘုရားအသွင်၊ လေတောင်ပံနှင့် ခွမ်းဖန်ခရီးစဥ်တို့ကြောင့် အန်လင်း၏ တိုက်ခိုက်မှုအား ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် မိစ္ဆာနဂါးသည်ပင် မရှောင်ရှားနိုင်တော့ပေ။
ဝုန်း.....
စွမ်းအင်လှိုင်းဂယက်များမှာ ကီလိုမီတာပေါင်းများစွာတိုင် ပျံ့နှံ့သွားသည်။
မိစ္ဆာနဂါးမှာ ဝိဥာဥ်လွင့်တော့မလိုပင် ခံစားလိုက်ရလေသည်။
“ဖူး.....”
၎င်းသွေးပွက်ပွက်အန်ကာ လွင့်ထွက်သွားသည်။
အန်လင်းမှာ ဂမ်ဒမ်သုံးနှင့် ယောင်ကျီးအား ထုတ်လိုက်သည်။
“သူ့ကိုမလွတ်သွားစေနဲ့။”
ယောင်ကျီးသည် လေဟာနယ် ခုန်ကျော်ခြင်း ပြုလုပ်နိုင်သောကြောင့် မိစ္ဆာနဂါးအား တားဆီးနိုင်ပေလိမ့်မည်။
အန်လင်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များနှင့် တိုက်ခိုက်ခဲ့သော အတွေ့အကြုံမှာ ရင့်သန်နေပြီ မဟုတ်လော။
မိစ္ဆာနဂါးမှာ အသက်ရှူခွင့်ပင် မရလိုက်ပဲ အန်လင်း ခုန်အုပ်သည်ကို ခံလိုက်ရသည်။
အန်လင်းသည် လက်သီးပဒေသာအား ဝေဝေဆာဆာ ကျွေးမွေးတော့သည်။
“ဝေါင်း... ငါ့ကို အထင်မသေးနဲ့။ စိန်နဂါးလက်သည်း...”
မိစ္ဆာနဂါးသည် အန်လင်းအား လေးလေးနက်နက် တိုက်ခိုက်ပြီပင်။
၎င်း၏လက်သည်းများမှ နေရောင်အလား တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်လာသည်။
တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသည်။
အန်လင်း၏ ထိုးနှက်ချက်များမှာ ကမ္ဘာမြေအား အက်ကွဲစေနိုင်သလို မိစ္ဆာနဂါး၏ လက်သည်းချက်များမှာလည်း တောင်ကိုပင် ဖြိုနိုင်လောက်သည်။
တိုက်ပွဲနေရာသည်လည်း ငရဲတမျှ ဆိုးရွားနေလေပြီ။
မိစ္ဆာနဂါးသည် တဖြည်းဖြည်းပို၍ အရေးနိမ့်လာသည်။ သူသည် အကောင်းဆုံး တိုက်ကွက်နှင့်ပင် အန်လင်းအား အသာစီး မရသေးပေ။ ထို့အပြင် ဂမ်ဒမ်နှစ်ကောင်ကိုပါ တိုက်ခိုက်နေရသည်။
ပန်းရောင်အလင်းဓား ကိုင်ဆောင်ထားသော ဂမ်ဒမ်မှာ အတော်ပင် ကြမ်းတမ်းခက်ထန်ပေသည်။
ယခုအတိုင်းသာဆိုလျှင် သူသေချာပေါက် ရှုံးနိမ့်ရလိမ့်မည်။
“နဂါးလျှပ်စီး အလျှံညီး...”
၎င်းထံမှ သွေးနီရောင် လျှပ်စီးများ ဖြာထွက်လာပြီးနောက် ဂမ်ဒမ်သုံးအား အမြှီးဖြင့် ရိုက်ချကာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ရက်စက်တတ်သော လောကကြီးတွင် ထွက်ပြေးခြင်းမှာလည်း အနုပညာ တစ်မျိုးပင်။
အန်လင်းသည် ထင်မှတ်ထားသည်ထက် သာလွန်နေသောကြောင့် ထွက်ပြေးခြင်းကသာ အဖြေဖြစ်လိမ့်မည်။
မိစ္ဆာနဂါး ရယ်မောလိုက်သည်။
“ဟားဟား.... ငါ...”
ဝုန်း....
သွေးနီရောင် လျှပ်စီးများမှာ ပိုမိုအားကောင်းလာကာ သူ့အားပြန်လည် ထိခိုက်စေလာသည်။
မိစ္ဆာနဂါးမှာ လေထဲတွင် ကားယားကားယား ဖြစ်နေလေသည်။
ထိုအချိန်တွင် ပန်းရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ယောင်ကျီးသည် လေဟာနယ် ခုန်ကျော်ခြင်းအားသုံးကာ မိစ္ဆာနဂါးအား ထိုးချလိုက်တော့သည်။
ခရမ်းရောင် စွမ်းအင်များနှင့်အတူ မိစ္ဆာနဂါးမှာ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
ယောင်ကျီးသည် ပြင်းထန်လှသော ဆွဲအားလက်သီးအား အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အန်လင်းသည် မိစ္ဆာနဂါးအား အလွတ်ပေးရန် အစီအစဥ် မရှိပေ။
မိစ္ဆာနဂါး ပြုတ်ကျသွားသည်နှင့် အန်လင်းမှာ မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။
ထို့နောက် ဓားတစ်ရာ ဓားကွက်အားသုံးကာ သမလိုက်တော့သည်။
ဝုန်း....
မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။
မိစ္ဆာနဂါးသည် မြေပြင်ထဲ နိမ့်ဝင်ကာ သွေးအလိန်းလိန်း ဖြစ်နေပြီး အသက်စွမ်းအင်မှာလည်း မျော့မျော့သာ ကျန်ရစ်တော့သည်။
ထိုအချိန်တွင် သွေးဝိဥာဥ် လက်ဝါးကပ်တိုင်မှာ ကောင်းကင်ထက်မှ ကျဆင်းလာကာ သူ့အားဖမ်းချုပ်ထားလိုက်လေသည်။
အန်လင်းမှာ မိစ္ဆာရှင်းဓားဖြင့် သူ့အားခုတ်ချလိုက်သည်။
မိစ္ဆာနဂါးမှာ မျက်လုံးအပြူးသား ဖြစ်နေမိသည်။
“မင်း... မင်းက ဘယ်သူလဲ။”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ငါက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် သာမန်လူသား တစ်ယောက်လေ။”
မိစ္ဆာနဂါး : “....”
“အော့မင်ယွီ မြန်မြန်လာခဲ့လေ။ ဘာကိုငေးနေတာလဲ။”
အန်လင်း အော်ဟစ်လိုက်သည်။
“ပြီးပြီလား။”
အော့မင်ယွီ မယုံကြည်နိုင် ဖြစ်နေသည်။
သူသည် အန်လင်း၏ တိုက်ပွဲများအား မြင်ခဲ့ဖူးပါသော်လည်း ယခုတွင်မူ အလွန်အမင်း အံ့သြနေမိသည်။
အော့မင်ယွီ မိစ္ဆာနဂါးနား ရောက်ရှိလာသည်။
အန်လင်း စကားဆိုလိုက်သည်။
“မင်းကိုယ်တိုင် လက်စားချေလိုက်။”
အန်လင်းသည် သူ၏ခံစားချက်အား ထိုကဲ့သို့ အလေးထားပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အော့မင်ယွီ မည်သည့်စကားမှ မဆိုပဲ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် မိစ္ဆာနဂါးအား အားပါးတရ နှိပ်စက်တော့သည်။
မိစ္ဆာနဂါး၏ အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။
အဆုံးတွင်မူ ခံနိုင်ရည် မရှိတော့ပဲ အပြီးတိုင် သေဆုံးသွားရသည်။
အော့မင်ယွီထဲသို့ စွမ်းအင်များ စီးဝင်ကာ အရှိန်အဝါများ ပိုမိုအားကောင်းလာသည်။
သို့သော် သူသည် ပျော်ရွှင်နေဟန် မရှိပဲ ဒူးထောက်ချလိုက်သည်။
“လင်ချွေ့ ကိုယ်လက်စားချေခဲ့ပြီ။ ကောင်းကောင်းအနားယူပါတော့။”
သူသည် မြေပြင်အား မျက်နှာအပ်ကာ အသည်းအသန် ငိုကြွေးတော့သည်။
အန်လင်းသည်ပင် ထိုသည်ကိုကြည့်ကာ စိတ်မကောင်း ဖြစ်မိသွားသည်။
ရှေးဟောင်းထိုက်ချူကုန်းမြေ၏ နဂါးနယ်မြေသည် သွေးစွန်းနေသော ကမ္ဘာတစ်ခုပင်။
ဤနေရာတွင် အသက်ရှင်ရန် မလွယ်ကူလှပေ။
လုံလောက်သော အင်အားမရှိပါက ချစ်ခင်နှစ်သက်ရသူကိုပင် ကာကွယ်နိုင်မည် မဟုတ်ပေ။
အန်လင်း တွေးမိလိုက်သည်။
ရှောင်လန်ကို အမြန်ဆုံး ရှာရမှာပဲ....