ချောမောပြီးတော့ ဆန်းကြယ်တယ်
Vol. 29 Ch. 422
၀မ်ကွမ်းဟုန် စိတ်တိုနေရသည့် အကြောင်းပြချက်ကတော့ သူ ဆေးခန်းဖွင့်ဖို့ ကိစ္စများ ဆွေးနွေးစဉ်အခါက အရာအားလုံးမှာ ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားခဲ့သည်။ ထို့နောက် သူ ကတ်စတန်မာအတွက်လည်း ချောင်ကျား၀မ်နှင့် ကျန်နှစ်ယောက်ကို အပိုင်ချုပ်ပြီး ဖြစ်၏။
သိူ့သော်လည်း လီချူးဟန်နှင့် ဆွေးနွေးသည့်အချိန်တွင်တော့ သူ ပြဿနာ စတက်လေသည်။
သူ့ဘက်မှ ကော်မရှင်ခကို ၂ ရာခိုင်နှုန်းထိ တိုးမြင့်ပေးပါမည်ဟု ပြောာခဲ့သော်လည်း ထိုအမျိုးသမီးမှာ သဘောမတူချေ။
ထိုစဉ်အခါက လီချူးဟန်ပြောသည့် စကားလုံးများမှာ သူ၏ စိတ်ထဲတွင် ယခုထက်ထိ လတ်လတ်ဆတ်ဆတ် ရှိနေသေး၏။
"ကျွန်မ စဉ်းစားလိုက်တာနဲ့တင် ကိုယ့်ကိုယ်ကို ရှက်မိတယ်...."
"အဲ့တာဆို ကျုပ်တို့ အခု ဘယ်လိုလုပ်ကြမှာ...."၀မ်ကွမ်းဟုန် ပြောလိုက်ပြီး "ကျုပ် ရှင်းအောင် ပြောထားမယ်နော်.. ခင်များ ဒီလရမယ့် ကော်မရှင်ခတွေက ကျုပ်လက်ထဲမှာပဲ ရှိသေးတယ်... ဒီပြဿနာကို မဖြေရှင်းပေးလို့ကတော့ တစ်ကျပ်မှ ရမယ် မကြံနဲ့...."
၀မ်ကွမ်းဟုန် ခြိမ်းခြောက်လိုက်သည်။
ချောင်ကျား၀မ်တို့နှင့် နှိုင်းယှဉ်ပါက ၀မ်ကွမ်းဟုန်မှာ လွန်စွာ အကြောက်အလန့် ကင်းနေလေသည်။
သူတို့အားလုံးမှာ ဆေးရုံ၏ ထိပ်သီးပိုင်း ဒါရိုက်တာများဖြစ်ကြသောကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာမှာ လွန်စွာ အရေးကြီးလှသည်။
၀မ်ကွမ်းဟုန်ကတော့ ယခုကိစ္စ ဖော်ထုတ်လိုက်ရမည်ကို မစိုးရွံ့ချေ။ သူ့ဘက်မှ ပိုက်ဆံ ဆုံးရှုံးရုံသာရှိပြီး နာမည် နောက်တစ်ခုပြောင်း၍ အလုပ်ဆက်လုပ်၍ ရသည်။ အခြားတစ်ဖက်တွင်တော့ ချောင်ကျား၀မ်တို့မှာ နာမည်ဆိုးတွင်သွားသည်နှင့် တစ်သက်လုံး ဘ၀ဆုံးချေပြီ။
ချောင်ကျား၀မ်၏ အမူအရာမှာ အလွန်အမင်း လေးနက်နေသည်။ လူနာများ သူ့တွင် ဆေးလာမပြသည်နှင့် ၀မ်ကွမ်းဟုန် ထံတွင် ဆေးလာမ၀ယ်သည့် ကိစ္စနှစ်ခုလုံးမှာ အရေးပါသည့် ကိစ္စများ ဖြစ်ကြ၏။
တစ်ခုမှာ သူဆေးရုံတွင် ရာထူးတိုးနိုင်မည့် လမ်းကြောင်းအတွက် အရေးပါပြီး အခြားတစ်ခုကတော့ သူ၏ တစ်ဖက်တစ်လမ်းရှိ ၀င်ငွေကို ကိုယ်စားပြုလေသည်။
ပြဿနာနှစ်ရပ်လုံးမှာ သူဖြေရှင်းရမည့် ကိစ္စများ ဖြစ်နေ၏။
"ခု လောလောဆယ် လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်... သူ့ကိုပါ ကျုပ်တို့နဲ့အတူ အလိုတူဖြစ်အောင်လုပ်ဖို့ပဲ..."ချောင်ကျား၀မ်ပြောလိုက်ပြီး "ကျုပ် သူ့နံပါတ်ကို ခင်များဆီ ပေးလိုက်မယ်... ခင်များ စကားပြောကြည့်ပေါ့... သူက လီချူးဟန်နဲ့လည်း ဆက်ဆံရေးမဆိုးဘူး.. ခင်များသာ သူ့ကို ကောင်းကောင်းလေး ကိုင်တွယ်နိုင်မယ်ဆိုရင် လီချူးဟန်ကိုပါ အပါခေါ်လို့ ရချင်ရနိုင်တယ်..."
"တကယ်...."
၀မ်ကွမ်းဟုန် ၀မ်းသာပီတိ ဖြစ်သွားခဲ့သည်။
ဤသတင်းက သူ့အတွက် သတင်းကောင်းကြီးပင်။
လီချူးဟန်မှာ လက်ထောက် ဒါရိုက်တာမျှ ဖြစ်သေးသော်လည်း သူမ၏ ဂုဏ်သတင်းကျော်စောမှုတို့ကတော့ ချောင်ကျား၀မ်ထက်ပင် ကြီးမားသေးသည်။
အကယ်၍ သူမကို အပါခေါ်နိုင်မည် ဆိုပါက သူ၏ လစဉ် အမြတ်ငွေမှာ ၃၀ ရာခိုင်းနှုန်းအထိ တိုးတက်သွားနိုင်သည်။
"ကောင်းပြီလေ.. ကျုပ်ကို အဲ့ကောင်လေးရဲ့ နံပါတ်ပေးလိုက်.. ကျုပ် စကားပြောကြည့်လိုက်မယ်...."
"အိုကေ...."
ဖုန်းချပြီးနောက် လျိုရုန်ရှန်း သူ့ထံသိူ့ ရောက်လာခဲ့ပြီး
"ဒါရိုက်တာချောင်.... ခင်များဘာလို့ သူ့ဖုန်းနံပါတ်ကို ပေးလိုက်တာ... တကယ်လို့ ၀မ်ကွမ်းဟုန်သာ လင်းရီနဲ့ လီချူးဟန်ကို ရသွားလို့ကတော့ ကျုပ်တို့အတွက် စားပေါက်ပိတ်သွားနိုင်တယ်နော..."
"ဟမ့်... ငါက အဲ့လောက် သဘောကောင်းမယ်လို့များထင်နေတာလား...."ချောင်ကျား၀မ် ပြောလိုက်ပြီး "သူတိူ့ သဘောတူပြီးသွားတာနဲ့ ငါ ဒီကိစ္စကို ဒါရိုက်တာကျောက်ဆီ သတင်းပို့လိုက်မယ်ဆိုရင် ... ဘာတွေ ဖြစ်သွားမယ်လို့ မင်းထင်လဲ...."
"အဲ့လိုသာ ဖြစ်သွားမယ်ဆိုရင် အရေးပေါ်ဌာနကို ရာထူးရွေ့ခံရသလိုမျိုး ရိုးရှင်းတော့မှာ မဟုတ်တော့ဘူး.. သေချာပေါက် အလုပ်ဖြုတ်ခံရတော့မှာ..."လျိုရုန်ရှန်း ဉာဏ်အလင်းပွင့်သွားဟန်ဖြင့် မျက်လုံးတို့ အရောင်လက်လျက် ပြန်ဖြေလိုက်သည်။
"လင်းရီ တစ်ယောက်တည်းတောင် မဟုတ်ဘူး... ကံကောင်းရင် လီချူးဟန်ပါ အဆစ်ပါနိုင်တယ်..."ဖန်ရှူဖန်းမှ ပြောလိုက်၏။
"ဟားဟား.... အဲ့လို ဖြစ်လေ ကောင်းလေပဲ...."
.....
ပြင်ပလူနာစင်တာ၊ အခန်း ၃၀၆
အပြင်ဘက်ရှိ တန်းစီနေကြသည့် လူအစီအတန်းကြီးကိုမြင်တော့ လင်းရီနှင့် ချောင်ရှင်းတို့ စူပါမားကတ်ကို ပြေးမြင်မိသွားကြ၏။
"ဒီမှာ လူတွေ အတော်များတာပဲဟ....."
"အဲ့တာ အစ်ကိုရီကြောင့်ပဲလေ... ကျန်တဲ့ ဒေါက်တာတွေဆို သူ့ကို ကျိန်ဆဲနေလောက်ပြီ... လူနာတွေ ဒီလောက်များနေမှတော့ ဒေါက်တာလီ အပေါ့အပါးသွားဖို့တောင် အချိန်ရှိမှာ မဟုတ်တော့ဘူး..."
"တကယ့်ကို ဒီလိုကြီး ဖြစ်သွားတဲ့ပုံပဲ...."
ဆေးခန်းတံခါးကို ဖွင့်လျက် နှစ်ယောက်မှာ ဒေါက်တာလီကို ကူညီရန်အလို့ငှာ အထဲသိူ့ ၀င်လာကြသည်။
ထိုအချိန်တွင်တော့ လီချူးဟန်မှာ နားကြပ်ဖြင့် အမျိုးသမီးလူနာ၏ အခြေအနေကို စမ်းသပ်နေသည်။
လင်းရီ ၀င်လာသည်ကိုမြင်တော့ အမျိုးသမီး လူနာ၏ မျက်လုံးတို့ တောက်ပသွားခဲ့၏။
'အဖြူရောင် ဆရာ၀န်ကုတ်နဲ့ ရှောင်ကောကောက အရမ်းခန့်တာပဲ...'
'ကမ္ဘာကြီးမှာ ဘာလို့ ဒီလောက် ချောမောခန့်ညားတဲ့ လူသားတစ်ယောက်က ရှိနေရတာလဲဟင်...'
လီချူးဟန် လင်းရီကို ကြည့်လိုက်ပြီး "လင်းရီ.. နင်အပြင်ခဏထွက်ဦး...."
"ဒေါက်တာလီ... လူနာကို အ၀တ်အစားတွေချွတ်ပြီး စမ်းသပ်မလို့လား... ကျွန်မ ကူညီပေးမယ်လေ...."ချောင်ရှင်း ပြောလိုက်သည်။
နှလုံးကုသရန်အတွက် အတွင်းဘက်ခန်းထဲတွင် စစ်ဆေးရန် မလိုအပ်ချေ။ အမျိုးသားများ ရှောင်ရှားရန် လိုအပ်သည့် အချက်မှာတော့ ရင်ဘက်ကို အပြည့်အ၀ စစ်ဆေးရန်အတွက် အင်္ကျီ အပေါ်ပိုင်စ ချွတ်ရုံမျှဖြင့် လုံလောက်၏။
"မဟုတ်ဘူး..."လီချူးဟမ် ပြောလိုက်ပြီး "လူနာရဲ့ နှလုံးခုန်နှုန်းက သာမန်ပဲ... ဒါပေမယ့် ဒီကောင် ၀င်လာတော့မှ ရုတ်ချည်း ၁၁၀ လောက် ရောက်သွားတယ်... သူရှိနေရင် ငါ ဆေးကုလို့ရမှာ မဟုတ်ဘူး...."
လင်းရီ "....."
ဘယ်လို ငရဲလဲဟ...
"ကျုပ် mask တပ်ထားလိုက်မယ်လေ..."
လင်းရီ၏ မျက်နှာတစ်၀က်ကို mask ဖြင့် ဖုံးအုပ်ထားသည်ကိုမြင်တော့ လီချူးဟန် မောင်းမထုတ်တော့ချေ။
သို့သော်လည်း ရယ်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။
"သူကဖြင့် mask တပ်ထားလိုက်ပြီကို ဘာလို့ ရှင့်ရဲ့ နှလူံခုန်နှုန်းက ၁၂၀ အထိ ရောက်လာခဲ့တာ..."
"ဒေါက်တာလီ... သူက mask တပ်ပြီးတော့ ပိုပြီးတော့ ဆန်းကြယ်သွားတယ်လို့ မခံစားရဘူးလား... ကျွန်မ ဒီလိုမျိုး ချောမောခန့်ညားပြီး ဆန်းကျယ်တဲ့ အမျိုးသားကို တစ်ခါမှ မတွေ့ဖူးဘူး...."
"အဟမ်း... ဒေါက်တာလီ စိတ်မရှိပါနဲ့... ကျုပ်ရှောင်ပေးပါ့မယ်..."
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် လိုက်ကာကို ဆွဲတန်းလိုက်ရပြီး အမျိုးသမီးလူနာကို ကုသပြီးသည်အထိ စောင့်နေရသည်။
"ဒေါက်တာလီ.. ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက် နာမည်က ဘယ်သူတဲ့လဲ... ကျွန်မ နောက်တစ်ခါကျရင် သူနဲ့ ဆေးပြချင်လို့..."
"သူက နှလုံးအထူးကု ဌာနရဲ့ အလုပ်သင် ဆရာ၀န်လေးပဲ ရှိသေးတာ.. ရှင်တို့ကို ကုသပေးဖို့ အရည်အချင်းမမှီသေးဘူး...."
"ဟယ်... အဲ့လိုကြီးလား...အဲ့ဒါဆို ကျွန်မသူ့ကို နောက်တစ်ခေါက် ထပ်တွေ့ချင်ရင် ဒေါက်တာ့ဆီမှာ တောင်းဆိုလို့ ရမလားဟင်..."
"သူက အရေးပေါ်ဌာနမှာ အလှည့်ကျဂျူတီရှိတယ်... ရှင်သူနဲ့ ပြချင်တယ်ဆိုရင် အရေးပေါ်ဌာနကို သွားလိုက်...."
"အိုကေ အိုကေ ... နားလည်ပြီ... ကျေးဇူးနော် ဒေါက်တာလီ...."
ကုသပြီးနောက် အမျိုးသမီးလူနာမှာ ထွက်ခွာသွား၏။ ချောင်ရှင်း ပြုံးလိုက်ပြီး "အစ်ကိုရီ ရောက်ပါပြီ ဆိုကတည်းက အမျိုးသမီးလူနာတွေ အများကြီးပဲ အရေးပေါ် ဌာနကို ရောက်လာကြတယ်.. အရေးပေါ် ဟုတ်ဟုတ် မဟုတ်ဟုတ် သူတိူ့အားလုံးက အစ်ကိုရီကို မြင်ရရင် ပြီးရော လုပ်နေကြတာ..."
"သူတို့ကလည်း လွန်ပါတယ်အေ.... သူများထက် နည်းနည်းလေး ပိုချောတာလေးပဲ မဟုတ်ဘူးလား... ဘာလို့ အဲ့လောက်ကြီးတွေ ဖြစ်ပျက်နေကြတာလဲတဲ့....."
"ဒါပေမယ့် အစ်ကိုရီက အရမ်းချောတာလေ... ကျွန်မအထင်တော့ အဲ့ဒီ အမျိုးသမီးက ဆရာ၀န်တွေကို ယူနီဖောင်းကြောင့် နှစ်သက်တာ ဖြစ်လိမ့်မယ်... ခု အစ်ကိုရီက သူ့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးလိုက်ပြီလေ..."
လီချူးဟန်လည်း ပြုံးလိုက်သည်။ လက်တွေ့တွင်တော့ လင်းရီမှာ ချောမောရုံတင် မကဘဲ သူနှင့်ပတ်သက်၍ တစ်ခုခု ထူးခြားတာလည်း ရှိသေးသောကြောင့်ပင်။
လင်းရီနှင့် ချောင်ရှင်းတို့ တစ်မနက်ခင်းလုံး ကူညီပေးသည့်အတွက် လီချူးဟန် အများကြီး သက်သာရာ ရနေခဲ့သည်။
နေ့လည် တစ်ဖြတ်နားပြီးနောက် လီချူးဟန် မတ်တပ်ရပ်ပြီး လင်းရီတို့ကို ကြည့်လိုက်၏
"နေ့လည် ဘာစားကြမလဲ... ငါအော်ဒါမှာလိုက်မယ်...."
" နေပါ.. ဒေါက်တာလီ မမှာနဲ့... ကျုပ်မှာလိုက်မယ်...."
လင်းရီ ပြောလိုက်၏။
"မရဘူး.. အရင်တစ်ခေါက်တုန်းက နင်မှာပြီးသွားပြီလေ... ဒီတစ်ခါ ငါ့အလှည့်ပဲ..."
"ကျုပ်ကတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်... အစားမရွေးဘူး..."
ထမင်းလေးတစ်နပ် စားဖို့ရာအတွက် လင်းရီ များများစားစား ခေါင်းရှုပ်ခံမနေချေ။
လီချူးဟန်တွင်လည်း Civic Type R ရှိနေသောကြောင့် ထမင်းတစ်နပ်ကို ကောင်းကောင်း မကျွေးနိုင်သည့်သူမျိုး မဟုတ်ချေ။
အော်ဒါမှာပြီးနောက် သုံးယောက်သား အတွင်းလူနာဆောင်သို့ ပြန်သွားလိုက်ကြ၏။
"အော်ဒါမှာထားတာက ခဏနေဆို ရောက်လာတော့မှာ... ငါနင်တို့နှစ်ယောက်ကို လူနာကြည့်ဖို့ အရင်ခေါ်သွားပေးမယ်... "
လူနာ လိုက်ကြည့်ရသည်မှာ အလုပ်သင် ဆရာ၀န် အသစ်လေးများအတွက်တော့ ရွှေရောင် အခွင့်အရေးကြီးပင်။ ၎င်းမှတစ်ဆင့် ဆေးအသိ ပညာ များစွာ ရရှိစေပြီး အရေးပေါ်ဌာနတွင် သင်ယူလေ့လာရသည်ထက် အများကြီး ပိုစုံလေသည်။။
တစ်ယောက်ခန်း ၈၀၄ တွင် ဆံပင်တို့ ဆွတ်ဆွတ် ဖြူနေသည့် အဘိုးကြီးတစ်ဦး ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ မျက်လုံးများမှာ မှိတ်ထားကာ အားနည်းနေဟန်ဖြင့် အိပ်မောကျနေလေသည်။
သူ့ဘေးတွင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ရပ်နေပြီး "ငါတို့ ဒီမှာ ရပ်မနေသင့်တော့ဘူး... အိမ်ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားရမယ်... ခုနေ မပြင်ဆင်ထားဘူးဆိုရင် နောင်ကျ နောက်ကျသွားတော့မှာ...."
ပြောလိုက်သူငတော့ ဘေးထိုင်ခုံတွင် ဆိုးယုတ်သည့် အမူအရာဖြင့် ထိုင်နေသည့် ရှဲ့ရှောင်ထုံဟု ခေါ်သည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး တစ်ဆက်တည်း ဂါ၀န်ကို ၀တ်ဆင်ထားကာ မိတ်ကပ်အထူးကြီး လိမ်းခြယ်ထားလေသည်။
သိူ့သော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကတော့ အတော်လေး လှပ၏။
"နင် ဘာတွေပြောနေတာ... အဖေ့ရဲ့ အခြေအနေက အခု တည်ငြိမ်သွားပြီလေ.. နင်က ဘာကို ပြင်ဆင်ချင်နေတာ..."
ပြောလိုက်သူကတော့ အခြားအမျိုးသမီးတစ်ဦးဖြစ်ပြီး အမည်မှာတော့ လျိုကျင်းယွီဖြစ်၏။ ရှဲ့ရှောင်ထုံ၏ ယောင်းမကြီးလည်း ဖြစ်သည်။
" ဒီအခြေအနေ ရောက်နေတာကို နင်က ဈာပနာ အခမ်းအနားအတွက် မပြင်ဆင်ထားချင်သေးဘူးပေါလေ..."
"ငါ့အဖေကို ကျိန်ဆဲနေတာတွေ တော်လိုက်တော့..."လျိုကျင်းယွီ ပြောလိုက်ပြီး "နင် ငါ့အဖေရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်နေလို့မလား..."
"နင်ဘာတွေ လာပြောနေတာလဲ... ငါက ခုလက်ရှိ အမှန်တရားကို ပြောနေတာလေ... သူ့ရုပ်ကိုလည်း နင်တစ်ချက်ကြည့်လိုက်ဦး.. နောက်တစ်နေ့ ကူးနိုင်မှာလားတဲ့ ..."
ရှဲ့ရှောင်ထုံး လေသံ မာထန်ထန်ဖြင့် ပြောလိုက်၏။ လူနာ အိပ်မောကျနေသောကြောင့် သူမ၏ အသံကို ထိန်းထားကြောင်း သူမ၏ ချုပ်တည်းထားသည့် မျက်နှာအမူအရာက ဖော်ပြနေလေသည်။
"တော်ကြစမ်း.. မင်းတို့ခုထိ မပြီးနိုင်ကြသေးဘူးလား..."လျိုကျင်းဝေ ၊ ရှဲ့ရှောင်ထုံ၏ ခင်ပွန်းမှ ပြောလိုက်ပြီး သူ၏ သွင်ပြင်မှာတော့ ရှဲ့ရှောင်ထုံနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကျီးကန်ဘဲဥချီထားသည့် ပုံစံဖြစ်၏။
သူ၏ အရပ်မှာ ပုကွကွနှင့် အသားမှာလည်း မည်းနက်နေသည့်အပြင် မျက်မှန်ထူထူကြီးကိုလည်း တပ်ဆင်ထားသေးသည်။ လူအုပ်ကြီးထဲ ရောနှောနေပါက သတိမထားမိနိုင်သည့် လူစားမျိုးဖြစ်၏။
"ငါ ပြောစရာရှိတာကို ပြောပြီးသား... တစ်နေ့ အဖေမရှိတော့တဲ့ အချိန်ကျရင် ငါပြောတာကို စောင့်စရာမလိုဘူးလို့ ပြောခဲ့ပြီးသား မဟုတ်လား.... "
"နင်..."
ချလပ်....
သူတို့ အငြင်းပွားတော့မည့် အချိန်တွင် အခန်းတံခါးမှာ ပွင့်ဟလာခဲ့ပြီး "လူနာလာကြည့်ပါတယ်....”