← Chapters

ကုန်းမြေတိုက် စိတ်တန်ခိုးစွမ်းအား

Vol. 39 Ch. 523

ကုန်းမြေတိုက် စိတ်တန်ခိုးစွမ်းအား

Vol. 39 Ch. 523

ကိုးနဂါးလက်သည်း နဲ့ တိမ်လေအုပ်စိုးသူ ခန္ဓာကိုယ်တို့ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို မရောက်ခင်မှာတော့ လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်း အစွမ်းဟာ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းနဲ့ ယှဉ်လို့ ရနေဦးမှာပါပဲ ။ ဒါပေမဲ့ အဲသည် ခန္ဓာကိုယ် ပညာရပ် နှစ်ခုစလုံး တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားပြီ ဆိုရင်တော့ လီဖူချန်းရဲ့  ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း အစွမ်းဟာ ချီအတွင်းအား ကျင့်ကြံခြင်းထက် တစ်ဖန်ပြန်ပြီး သာလွန်သွားတော့မှာပါ ။ အဲဒါကိုတော့ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။

ပြီးပြည့်စုံစွာ ဖြစ်တည်ထားတဲ့ ကိုးနဂါးလက်သည်း ဆန္ဒဟာ အလွန်အမင်း ကြမ်းတမ်းလှပြီး  ကောင်းကင်နဲ့ မြေကြီးကိုတောင် ကုတ်ဆွဲနိုင်ကောင်း နိုင်လောက်ပါတယ် ။

ပြီးပြည့်စုံစွာ ဖြစ်တည်ထားတဲ့ တိမ်လေ အာဏာရှင် ခန္ဓာကိုယ် ဆန္ဒကတော့ တန်ပြန်သက်ရောက်မှုကို ပိုပြီး အားကောင်းစေပါတယ် ။ တကယ်လို့ အရင်အဆင့်တွေမှာ အားတွေကို တန်ပြန်မှုနှုန်းက ၃၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၄၀ ရာခိုင်နှုန်းလောက် ရှိမယ်ဆိုရင် တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်မှာက တန်ပြန်မှုနှုန်း ၅၀ရာခိုင်နှုန်းအထိ ရှိသွားပါလိမ့်မယ် ။

တကယ်လို့သာ လီဖူချန်းအနေနဲ့ တိမ်လေ အာဏာရှင် ခန္ဓာကိုယ်ကို တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်အထိ လေ့ကျင့်နိုင်ခဲ့မယ် ဆိုရင်  ဖန်းလီ နဲ့ စွန်းထိုင်ရိတို့ရဲ့ တိုက်ခိုက်မှုတွေကိုတောင် ပြန်ပြီး ခုခံနေစရာ မလိုဘဲ  အသာလေး ရပ်ပြီး ခံနေလို့ ရပါတယ် ။ သူတို့တွေက သူ့ရဲ့ ခံစစ်ကို အချိန်တိုအတွင်းမှာ ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး ။

" ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားကတော့ လမ်းဆုံးနေပြီ ။ တကယ်လို့ ငါ့အနေနဲ့ ခန္ဓာကိုယ် အပြင်အားကို မြှင့်တင်ချင်ရင် ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကို ဆဋ္ဌမ အခန်း ရောက်အောင် လေ့ကျင့်ရင်ကျင့် ဒါမှမဟုတ်  မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တစ်ခု ရရင်ရမှပဲ  ဖြစ်တော့မယ် "

လီဖူချန်းက စိတ်ပျက်လက်ပျက်  ညည်းတွားလိုက်ပါတယ်။

ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာက အဓိက နယ်ပယ် တစ်ခုကို ချိုးဖောက် ဝင်ရောက်ရတာဟာ အင်မတန် ခဲယဉ်းတဲ့ အလုပ်တစ်ခုပါပဲ ။

လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းဆိုရင် အခုထက်ထိကို တိုက်ပွဲဝိညာဉ်နယ်ပယ် ကို ချိုးဖောက်ဝင်ရောက်မယ့် အရိပ်အယောင် မပြသေးပါဘူး ။

အဲသည်အတွက် လီဖူချန်း အနေနဲ့   အဆင့်တက်ချင်တယ် ဆိုရင်တော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့်  ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို လိုကို လိုပါတယ်  ။ ဒါပေမဲ့လည်း ပြသနာက ဘုရင်အဆင့် ဂိုဏ်းဖြစ်တဲ့ သက်တံနီဂိုဏ်းမှာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် သန့်စင်ခြင်းကျင့်စဉ် တစ်ခုမှ ရှိမနေတာပါပဲ ။ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ အဲသည်လို ကျင့်စဉ်မျိုးက ဧကရာဇ်အဆင့် ဂိုဏ်းတွေသာ ပိုင်ဆိုင်ထားတတ်တာမျိုးပါ ။ ဒါကြောင့်လည်း သူက စိတ်ပျက်လက်ပျက် ညည်းတွားနေရတာ ဖြစ်ပါတယ် ။

" ဟူး …… မတတ်နိုင်ဘူးလေ ။ အခုတော့ အခွင့်သာတုန်း ငါ့ရဲ့ ကိုယ်စွမ်း၊ဉာဏ်စွမ်းတွေကို ချီအတွင်းအား ကျင့်ကြံခြင်း ဘက်မှာပဲ အာရုံစိုက်ထားတော့မယ် "

လီဖူချန်းက အင်မတန် ထက်မြက်တဲ့ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားတဲ့ အတွက် လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို လျှောက်လမ်းရဟာ သူ့အတွက် ပြသနာ မဟုတ်ပါဘူး ။

ဒါပေမယ့် လီဖူချန်း အနေနဲ့ သူ လျှောက်လမ်းနေတဲ့  လမ်းစဉ်နှစ်ခုစလံုံးမှာ အပြည့်အဝ အာရုံစိုက်ဖို့  ခက်ခဲတာ အမှန်ပါပဲ ။

တစ်ခါတစ်ရံမှာတော့ အာရုံစူးစိုက်မှု ဆိုတာက ထိုးထွင်းသိမြင်မှုထက် ပိုပြီး အရေးကြီးနေတတ်လေ့ ရှိပါတယ် ။

သည်လိုနဲ့ပဲ အချိန်တွေဟာ  တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့ပါပြီ ။

လီဖူချန်းတစ်ယောက် ကြေးခွံဖြူ တိုက်ကြီးပေါ်ကို ရောက်တာ ခုနစ်လတင်းတင်း  ပြည့်တဲ့ နေ့မှာတော့ စီးခုံကျန်းဟာလည်း တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိူးဖောက်ဝင်ရောက် သွားပါတော့တယ် ။

အခုချိန်မှာတော့ လီဖူချန်းရဲ့ ကျင့်ကြံမှုလည်း ပြန်လည်ဝင်စားခြင်းနယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ ။

သူအခုလို ကျင့်ကြံခြင်း အလျင်အမြန် တိုးလာရခြင်းရဲ့ အကြောင်းအရင်းကတော့ သက်တံနီ ဆေးရည်တွေကြောင့်ပါပဲ ။ သူက သည်အတောအတွင်းမှာ များပြားလှတဲ့ သက်တံနီဆေးရည်တွေကို သောက်သုံးပြီး ကျင့်ကြံခဲ့တာ ဖြစ်ပါတယ် ။

သက်တံနီ ဆေးရည်တွေက တခြား ဘုရင်အဆင့် တပည့်တွေအတွက် ရှားပါးကောင်း ရှားပါးနိုင်ပေမယ့် လီဖူချန်းအတွက်ကတော့ မဟုတ်ခဲ့ပါဘူး ။

သက်တံနီ ဆေးရည် နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည်တွေ ဆိုတာက ဂိုဏ်းတော်မှာ ထောက်ပံ့ရေး ဒင်္ဂါးတွေနဲ့ ဝယ်ယူလို့ ရတဲ့ အရာတွေပါပဲ ။

ဂိုဏ်းတော်က သက်တံနီဆေးရည် တစ်ပုလင်းကို ထောက်ပံ့ရေးဒင်္ဂါး ၂၀၀၀ နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် တစ်ပုလင်းကို ထောက်ပံ့ရေး ရမှတ် ၃၀၀၀ ဆိုပြီး  ဂိုဏ်းသားတွေ အပေါ်မှာ ရောင်းချလေ့ ရှိပါတယ် ။

များပြားလှတဲ့ ထောက်ပံ့ရေး ရမှတ်တွေကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းအတွက်ကတော့ သက်တံနီ ဆေးရည်တွေကို ဝယ်ယူဖို့က ပြသနာ မရှိခဲ့ပါဘူး ။ သူက  ဂိုဏ်းတော်ကနေ တစ်ကြိမ်တည်းနဲ့ သက်တံဆေးရည် ပုလင်း ၅၀ ဝယ်ခဲ့ပြီး အခုချိန်အထိ ၉ပုလင်းသာ သုံးရပါသေးတယ် ။

သက်တံနီဆေးရည်ကို သောက်သုံးတဲ့အတွက် လီဖူချန်းဆီမှာ ဖြစ်တည်လာတဲ့ မသန့်စင်မှုတွေကတော့ သိပ်ပြီး မများလှပါဘူး ။

ဒါကတော့ အကြောင်းအရင်း နှစ်ချက်ကြောင့် ဖြစ်နိုင်ပါတယ် ။

ပထမ အကြောင်းအရင်းကတော့ သက်တံနီဆေးရည်ရဲ့ နဂိုမူလ ရည်ရွယ်ချက်ကိုက ချီတွေကို သန့်စင်ပေးဖို့ ဖြစ်နေတဲ့အတွက်ပါပဲ ။ အဲသည်အတွက် သက်တံနီ ဆေးရည်ကို သောက်သုံးလို့ ဖြစ်ပေါ်လာမယ့် မသန့်စင်မှုက အလွန်အမင်း နည်းပါးနေတာပါ ။ ဒါကြောင့်လည်း သက်တံနီဆေးရည်က သက်တံနီဂိုဏ်းရဲ့ အကြွင်းမဲ့ ဆေးရည် ဖြစ်နေခဲ့တာ ဖြစ်ရပါမယ် ။

ဒုတိယ အကြောင်းအရင်းကတော့ သက်တံနီဆေးရည်ကနေ ဖြစ်တည်လာတဲ့ မသန့်စင်မှုဟာ ချီတွေနဲ့ မရောနှောဘဲ သွေးတွေနဲ့ သွားရောက် ရောနှောနေလို့ပါပဲ ။  သေမျိုးကပ်ဘေး စွမ်းအားဟာ သွေးထဲမှာ ရှိနေတဲ့ မသန့်စင်မှုတွေကို အလိုအလျောက် သန့်စင်ပေးနိုင်စွမ်း ရှိတာ မဟုတ်ပါလား ။

အဆင့်မြင့် ချီအတွင်းအား ကျင့်စဉ် ၊ များပြားလှတဲ့ သက်တံနီ ဆေးရည်တွေ နဲ့ လိပ်ပြာအသိစိတ်တို့ရဲ့ ပေါင်းစပ်မှုက လီဖူချန်းကို ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ကျင့်ကြံမှုနဲ့ ညီမျှစေခဲ့ပါတယ် ။ ဒါကြောင့်လည်း သူ့ရဲ့ ကျင့်ကြံမှုက အလျင်အမြန် တိုးတက်လာခဲ့တာပါ ။

ကြေးခွံဖြူ တိုက်ကြီးပေါ်ကို ရောက်တာ ရှစ်လတင်းတင်း ပြည့်တဲ့ နေ့မှာတော့ လီဖူချန်းရဲ့  ကျင့်ကြံမှုဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ် ။ သူက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်ဖို့အတွက် ခြေလှမ်းတစ်လှမ်းလောက်သာ လိုတော့တယ်လို့ ဆိုရမယ့် အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ ။

ဒါပေမဲ့ သည်ခြေတစ်လှမ်း ဆိုတာက သိပ်ပြီး လွယ်လှတဲ့ အရာတော့ မဟုတ်ပါဘူး ။

လူတွေက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ဘာအခက်အခဲမှ မရှိဘူးလို့ ပြောကြပေမယ့်  တကယ့်တကယ်တမ်းမှာတော့ သူတို့ဟာလည်း အဆင့်တက်ဖို့အတွက် လအနည်းငယ်လောက် စောင့်ရတာပါပဲ။

ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေမှသာ ဘာအခက်အခဲ ၊ အတားအဆီးမှ မရှိဘဲ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို စိတ်ရှိသလို တက်လှမ်းနိုင်ကြတာပါ ။

ထင်ထားခဲ့သလိုပါပဲ ။ နောက်ထပ်တစ်လ ကုန်လွန်သွားတာတောင်မှ လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိူးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး ။ သူက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ် အပိုင်းမှာ ပိတ်မိနေတုန်းပါပဲ ။ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲက ချီအတွင်းအားတွေဟာလည်း အလွန်အမင်း ဖိနှိပ်ခံထားရတဲ့အတွက် ပေါက်ကွဲဖို့ လမ်းစကို ရှာနေခဲ့ပါပြီ ။

" ငါ့ရဲ့ ချီအတွင်းအားတွေက တိုက်ပွဲဝိညာဉ် နယ်ပယ်ရဲ့ ချီအတွင်းအားတွေအဖြစ်  ပြောင်းသွားခဲ့ရင်  ငါ့ရဲ့ ချီအတွင်းအားသုံး သိုင်းပညာတွေက ပိုပြီး ဆန်းကြယ်လာမယ် ထင်တယ် "

လီဖူချန်းက သူ့ရဲ့ အခြေအနေကို သုံးသပ်နေရင်းနဲ့ တွေးလိုက်မိပါတယ် ။

လီဖူချန်းလို ကျင့်ကြံသူတစ်ယောက် အနေနဲ့ကတော့  ချီအရည်အသွေး တစ်ဆင့် မြင့်သွားတာက သိုင်းပညာရပ် အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတာကို မသိစရာ အကြောင်း မရှိပါဘူး ။ ပိုမိုကောင်းမွန်တဲ့ ချီအတွင်းအားတွေက သိုင်းကွက်တွေကို ပိုပြီး အစွမ်းထက်သွားစေပါတယ် ။

ဥပမာအားဖြင့် ပြရမယ် ဆိုရင်တော့ အသက် ၅နှစ်အရွယ် ကလေး တစ်ယောက်နဲ့ အသက်၂၀ အရွယ်ရှိတဲ့ လူငယ်တစ်ယောက်ကို ပြရမှာပါပဲ ။ အသက် ၅နှစ်အရွယ် ကလေးငယ်တစ်ယောက် ဓားသိုင်းကွက်တွေကို ဘယ်လောက်ပဲ ကောင်းအောင် အသုံးပြုနိုင်လင့်ကစား အသက်၂၀ အရွယ် လူငယ်တစ်ယောက်ရဲ့ ဓားသိုင်းကွက်တွေကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။အဲဒါက သိုင်းပညာရပ်တွေမှာ သိုင်းကွက်တွေကို ကောင်းမွန်စွာ အသုံးချဖို့အတွက် လုံလောက်တဲ့ ခွန်အား ရှိဖို့ လိုတယ်ဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ် ။အဲသည်အချက်က တကယ်လည်း ယုတ္တိ တန်တဲ့ အချက်ပါပဲ ။

" အင်း…… ငါ့အနေနဲ့ အဆင့်မတက်ခင်မှာ အရှေ့ယူနီကွန်းတိုက်ကို တစ်ခါလောက်တော့ ပြန်သင့်တယ် ။  နောင်အနာဂတ်မှာ ငါ့အနေနဲ့ အရှေ့ယူနီကွန်းတိုက်ကို  ပြန်နိုင်ဖို့ ဆိုတာက မသေချာဘူး "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။ ကုန်းမြေတိုက် စိတ်တန်ခိုးစွမ်းအား နိုးထလာနိုင်တာက အဲသည် ကုန်းမြေတိုက်အတွက် ကောင်းတယ် ဆိုပေမယ့်လည်း အဆင့်မြင့် နယ်ပယ်တွေက ကျင့်ကြံသူတွေ အတွက်ကတော့ မကောင်းလှတဲ့ အရာတစ်ခုပါပဲ ။

တကယ်လို့ လီဖူချန်းသာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်သွားပြီဆိုရင် အရှေ့ယူနီကွန်းတိုက်က အရင်လို သူ့ကို ကြိုဆိုနေမှာ မဟုတ်တော့ပါဘူး ။

"  ဟုတ်ပြီ ။ ဂိုဏ်းတော်ကို အရင်ပြန်ပြီး အပြင်စည်း အကြီးအကဲခေါင်ချုပ်ဆီမှာ သည်ကိစ္စကို သွားမေးမြန်းကြည့်ရမယ် "

အချိန်တော်တော်ကြာကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သည်ကိစ္စကို ရှင်းရှင်းလင်းလင်း သိရအောင် တစ်ယောက်ယောက်ကို မေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။

- သက်တံနီဂိုဏ်း ၊ အပြင်စည်း ပင်မခန်းဆောင် -

" သည်တော့ မင်းက ကုန်းမြေတိုက် စိတ်တန်ခိုး စွမ်းအားအကြောင်း သိချင်တာပေါ့လေ "

အပြင်အစည်း အကြီအကဲခေါင်ချုပ် ဝမ်ခိုင်က လီဖူချန်းကို မေးခွန်း ထုတ်လာခဲ့ပါပြီ ။

" ဟုတ်ပါတယ် …… အပြင်စည်း အကြီးအကဲခေါင်ချုပ် "

လီဖူချန်းကလည်း မဆိုင်းမတွ ပြန်ဖြေလိုက်ပါတယ် ။

ဝမ်ခိုင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး

" အဟမ်း…… သည်လိုကွ ။ မင်းရဲ့ ကျင့်ကြံခြင်း နယ်ပယ်က တိုက်တစ်ခုရဲ့ ကန့်သတ်ထားတဲ့ ကျင့်ကြံခြင်း နယ်ပယ်ထက် မြင့်နေရင်လည်း အဲသည်တိုက်ထဲကို သွားလို့ရတယ် ။ ဒါပေမဲ့ သိပ်အချိန်ကြာကြာတော့ နေလို့ ရမှာ မဟုတ်ဘူး ။ တကယ်လို့ မင်းရဲ့ ကျင့်ကြံခြင်း နယ်ပယ်က ကုန်းမြေတိုက် စိတ်တန်ခိုးစွမ်းအားထက် ပိုအဆင့်မြင့်နေရင်တော့ တစ်မျိုးပေါ့ ။ ဥပမာအနေနဲ့ မင်းက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်သွားပြီ ဆိုကြပါစု့ိ ။ အဲသည်လိုဆိုရင် မင်းက ကြေးခွံဖြူ တိုက်ကြီးမှာ တစ်ရက် နေလို့ရတယ် ။ တစ်ရက် ပြည့်ုပြီးသွားရင်တော့ ကောင်းကင်နဲ့ မြေကြီး ဥပဒေသက ဖျက်ဆီးခြင်း တာအို တစ်ခုကို ဖန်တီးပြီး မင်းကို ပျက်စီးစေလိမ့်မယ် ။ တကယ်လို့ မင်းက မူလပင်လယ်နယ်ပယ်ကို ရောက်သွားရင်တော့ ကြေးခွံဖြူ တိုက်ကြီးပေါ်မှာ အနည်းဆုံးတစ်လ နေနိုင်လိမ့်မယ် ။ တကယ်လို့ မင်းက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်သွားရင်တော့ အဆင့်နိမ့် ကုန်းမြေတိုက်တွေက မင်းကို တားဆီးတော့မှာ မဟုတ်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်နိမ့် ကုန်းမြေတိုက်ပေါ်က ဖျက်ဆီးခြင်း တာအိုက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်က ဧကရာဇ်တွေ အပေါ်ကို သက်ရောက်ဖို့အတွက် ခဲယဉ်းလွန်းလို့ပဲ ။ပြီးတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေက အဆင့်နိမ့် ကုန်းမြေတိုက်တွေရဲ့ အခြေခံ အုတ်မြစ်တွေကို ဖျက်ဆီးနိုင်စွမ်း ရှိတယ် ။ အခြေခံ အုတ်မြစ်တွေ ဖျက်ဆီးခံလိုက်တဲ့ အဆင့်နိမ့်  ကုန်းမြေတိုက်တစ်ခုက  အပယ်ခံ ကုန်းမြေတိုက်တစ်ခု ဖြစ်သွားနိုင်တယ် ။ အဲသည်အတွက် အဆင့်နိမ့် ကုန်းမြေတိုက် တစ်ခုက တကယ် အရေးတကြီး မလိုအပ်ရင်တော့  ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကို တားဆီးကန့်သတ်မှာ မဟုတ်ဘူး "

" အကြီးအကဲခေါင်ချုပ်ခင်ဗျား…… အကြီးအကဲခေါင်ချုပ် ဆိုလိုချင်တာက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးဟာ အဆင့်နိမ့် ကုန်းမြေတိုက်တစ်ခုမှာ တစ်ရက် နေလို့ရပြီး မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကတော့ တစ်လ နေလို့ရတယ်လို့ ဆိုလိုချင်တာလား မသိဘူး "

လီဖူချန်းက ပြန်မေးလိုက်ပါတယ် ။

ဝမ်ခိုင်က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ စကားကို ထပ်ဆက်ပါတယ် ။

" ဒါပေါ့ ။ ဒါပေမဲ့ ခြွင်းချက် တစ်ချို့ ရှိသေးတယ် ။ အဲဒါကတော့ ရှေးဟောင်း ရတနာတွေပဲ ။ သည်ကမ္ဘာပေါ်မှာ မင်းရဲ့ ကျင့်ကြံမှုအဆင့် နဲ့ ချီအရှိန်အဝါကို ဖုံးကွယ်ထားပေးနိုင်တဲ့ ရှေးဟောင်းရတနာ ပစ္စည်းတွေ ရှိတယ်  ။ အဲသည်ရတနာတစ်ခု ရှိရင်တော့ မင်းအနေနဲ့ အဆင့်နိမ့် တိုက်တစ်ခုမှာ စိတ်ကြိုက် နေလို့ရတယ် ။ ဒါပေမဲ့ တစ်ခု သတိပြုရမှာက မင်းအနေနဲ့ လုံးဝ တိုက်ခိုက်လို့ မရဘူး ဆိုတာပဲ ။ တကယ်လို့ တိုက်ခိုက်လိုက်မယ် ဆိုရင်တော့ မင်းရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ချီအရှိန်အဝါက ပေါ်သွားပြီး ဖျက်ဆီးခြင်း တာအိုကို ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ် ။ ဒါပေမဲ့လည်း အဲသည်လို ရှေးဟောင်း ရတနာ ပစ္စည်းတွေက ရဖို့ မလွယ်ဘူး ။ အဲသည်တော့ သည်နည်းလမ်းကို မင်းအနေနဲ့ မေ့ပစ်လိုက်ဖို့ လိုတယ် "

" ချီအရှိန်အဝါ နဲ့ ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်နိုင်တဲ့ ရှေးဟောင်းရတနာ ပစ္စည်း "

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့ပါပြီ ။

ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ့ရဲ့ စိတ်ဝိညာဉ်ကို ရုတ်တရက် သတိ ရမိလိုက်လို့ပါပဲ ။ သူ့ရဲ့ စိတ်ဝိညာဉ်မှာက အဲသည်လို အစွမ်းမျိုး ရှိနေတာ မဟုတ်ပါလား ။

ဒါပေမဲ့လည်း အဲသည် အစွမ်းက အကြီးအကဲခေါင်ချုပ် ပြောတဲ့ ရှေးဟောာင်းရတနာ ပစ္စည်းတွေရဲ့ အစွမ်းနဲ့ တူ၊မတူ ဆိုတာကို သူ့အနေ့နဲ့ လေ့လာရပါဦးမယ် ။

သူ့အနေနဲ့  သူ့ရဲ့ ချီအရှိန်အဝါကို  ရန်သူတွေ မသိအောင် ဖုံးကွယ် နိုင်ပေမယ့်လည်း  ကုန်မြေတိုက် စိတ်တန်ခိုးစွမ်းအား မသိအောင် ဖုံးကွယ်ဖို့ ဆိုတာကတော့ လွယ်မှာ မဟုတ်မှန်း လီဖူချန်းက ရိပ်မိပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းက သည်နည်းလမ်းကို စမ်းကြည့်သင့်တယ်လို ခံစားမိနေဆဲပါပဲ ။  သူ့ရဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်နဲ့ ဆိုရင်တော့ သူ့အနေနဲ့ အဆင့်နိမ့် ကုန်မြေတိုက် စိတ်တန်ခိုးစွမ်းအား မထောက်လှမ်းမိအောင် သူ့ရဲ့ ချီအရှိန်အဝါ နဲ့ ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားကောင်း ဖုံးကွယ်ထားနိုင်လောက်မှာပါ ။

" ကဲ…… မင်းမှာ ထပ်ပြီး ဘာမေးစရာ ရှိသေးလဲ "

ဝမ်ခိုင်က လီဖူချန်းကို မေးလာခဲ့ပါတယ် ။

လီဖူချန်းက ခေတ္တခဏ စဉ်းစားလိုက်ပြီး အတန်ကြာမှ

" အကြီးအကဲခေါင်ချုပ်ခင်ဗျား…… ကုန်းမြေတိုက် စိတ်တန်ခိုးစွမ်းအားကို ဆန့်ကျင်ဖို့အတွက် ဘယ်လောက်အထိ အစွမ်းထက်ဖို့ လိုသလဲ ဆိုတာကို သိချင်ပါတယ် "

လီဖူချန်းက သည်မေးခွန်းကိုတော့ ကုန်းမြေတိုက် စိတ်တန်ခိုးစွမ်းအားရဲ့ ခွင့်ပြုနိုင်စွမ်းထက် သာလွန်တဲ့ ကျင့်ကြံသူတွေအကြောင်း သိချင်လို့ မေးလိုက်တာပါ ။

ဝမ်ခိုင်က ခေါင်းတစ်ချက် ကုတ်လိုက်ပြီး ပြန်ဖြေလာခဲ့ပါတယ် ။ သူ့ရဲ့ အဖြေက သိပ်ပြီး ရေရေရာရာ မရှိလှပါဘူး ။ ကြည့်ရတာတော့ သူကိုယ်တိုင်တောင်မှ အဲသည် အကြောင်းကို တိတိကျကျ မသိတဲ့ ပုံပါပဲ ။

" အဲဒါကတော့ သတ်သတ်မှတ်မှတ် မရှိဘူးကွ ။ အခြေအနေ အရပ်ရပ် အပေါ်မှာ မူတည်တယ် ။ ငါတို့ သက်တံနီဂိုဏ်းက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးကို တွန်းလှန်နိုင်တယ်လို့ ပြောရဲတာက ကုန်းမြေတိုက် စိတ်တန်ခိုးစွမ်းအားရဲ့ အကူအညီ ရနေလို့ပဲ ။  မဟုတ်လို့ကတော့ အဆင့်၈ ဝင်္ကပါ အစီအရင် ဒါမှမဟုတ် အဆင့်၈ စစ်သဘောၤ မရှိဘဲနဲ့ ဘုရင်အဆင့်  ဂိုဏ်းတွေက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တစ်ပါးကို ဘယ်လိုမှ တွန်းလှန်နိုင်မှာ မဟုတ်ဘူး "

" နောက်ထပ် သိချင်တာ ရှိသေးလား "

" မရှိတော့ပါဘူး …… အကြီးအကဲခေါင်ချုပ် ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့် ပြုပါဦး "

" အေး "

သူသိချင်တာတွေ သိရပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အပြင်စည်း အကြီးအကဲခေါင်ချုပ် ဝမ်ခိုင်ကို ခွင့်တောင်းပြီး အပြင်စည်း ပင်မခန်းဆောင် ထဲကနေ ထွက်သွားပါတော့တယ် ။

***

All Chapters