← Chapters

ထာ၀စဉ် တည်တံ့မယ့် အချစ်

Vol. 29 Ch. 423

ထာ၀စဉ် တည်တံ့မယ့် အချစ်

Vol. 29 Ch. 423

လီချူးဟန် ၀င်လာသည်ကိုမြင်တော့ လျိုမိသားစု၀င်များမှာ ငြင်းခုန်နေသည်က်ု ရပ်တန့်လိုက်ကြပြီး အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြ၏။

"ဒေါက်တာလီ..."လျိူကျင်းဝေ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"ကျွန်မ လူနာရဲ့ အခြေအနေကို တစ်ချက်အရင် စစ်ဆေးကြည့်လိုက်ဦးမယ်..."

"ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ် ဒေါက်တာလီ..."

လူနာကို တစ်ချက် စစ်ဆေးပြီးနောက် အချက်အလက်များကို ကြည့်ရင်း လီချူးဟန် ပြောလိုက်၏။

"လူနာက ICU ကနေ လ၀က်လောက် ကင်းကွာနေတယ် ဆိုပေမယ့် တဖြည်းဖြည်းနဲ့တော့ ပြန်သက်သာလာနေပါပြီ.... ဒါပေမယ့် အားပြည့်အောင် စောင့်ဖို့တော့ လိုနေသေးတယ်... "

"ဒေါက်တာလီ.. ကျွန်တော့်အဖေရဲ့ ခုလက်ရှိ အခြေအနေနဲ့ဆိုရင် ဆေးရုံက ဆင်းလည်း ပြဿနာ မရှိလောက်တော့ဘူး မလား...."

လျိုကျင်းဝေ မေးမြန်းလိုက်၏။

"ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး.. ဒါပေမယ့် အစားအသောက်တော့ ဆင်ခြင်ရမယ်.. လေ့ကျင့်ခန်းတွေ ဘာတွေလည်း လုပ်ပေး... လေ့ကျင့်ခန်း ဆိုပေမယ့် ဟိုလို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မဟုတ်ပဲ လမ်းလျှောက်တာမျိုးပေါ့.... အဲ့လိုဆို ရှင့်ရဲ့ အဖေက သုံးနှစ်ကနေ ငါးနှစ်လောက်ထိ အေးဆေးနေလို့ရတယ်..."လီချူးဟန် ရှင်းပြလိုက်သည်။

၎င်းကိုကြားတော့ လျိုမိသားစု၀င်များမှာ အများကြီး သက်တောင့်သက်တာ ဖြစ်သွားခဲ့ကြသည်။

သူတို့၏ ဖခင်မှာ အသက် ခုနစ်ဆယ်ကျော်နေပြီးဖြစ်၏။ ယခုကဲ့သို့ ဒုက္ခသုခများကို တွေ့ကြုံခံစားပြီးသည့်နောက် သုံးနှစ်မှ ငါးနှစ်အထိ ဆက်နေနိုင်သည်ကပင် ကံကောင်းသည်ဟု ပြော၍ ‌ရနေချေပြီ။

"ဒေါက်တာလီ... တကယ်လို့ အဖေ့ကို ခွဲစိတ်မယ်ဆိုရင်ကော... ပိုပြီးကောင်းလာနိုင်လောက်လား...."

ယခု အသက်အရွယ်တွင် ထိုမျှ နေနိုင်သည်က လုံလောက်နေပြီ ဖြစ်သော်လည်း သားသမီးများအနေနှင့် ပို၍ လောဘကြီးသည်မှာ သဘာ၀ပင်။

ယင်းကလည်း လူ့သဘာ၀ဖြစ်သောကြောင့် မည်သူမဆို နားလည်ပေး၍ရသည်။

လီချူးဟန် တစ်ခဏခန့် စဉ်းစားဟန် ပြုလိုက်ပြီး "ကျွန်မ ရှင်တို့ အဖေလိုမျိုး ပုံစံတူ လူနာတွေ အများကြီးနဲ့ ကြုံခဲ့ဖူးတယ်...ပြီးတော့ တခြားဌာနက ဒါရိုက်တာတွေနဲ့လည်း ဆွေးနွေးတိုင်ပင်ဖူးတယ်... ဒါပေမယ့် ကျွန်မတို့ ခွဲစိတ်ဖို့ကိုတော့ အကြံမပေးချင်ဘူး.... "

"ဘာလို့လဲ... ကုန်ကျစရိတ်ကြောင့်လား..."လျိူကျင်းဝေ ပြောလိုက်ပြီး "အဲ့လိုဆိုရင် ပြဿနာမရှိဘူး... ကျုပ်တို့ မိသားစု အခြေအနေကလည်း အဆိုးကြီး မဟုတ်တော့ ယွမ်တစ်သိန်းနှစ်သိန်းလောက်ကတော့ မပြောပလောက်ဘူး...."

လင်းရီ လျိုကျင်းဝေ၏ ရိုးလက်စ်နာရီနှင့် ဟားမီးစ်ခါးပတ်ထံ အကြည့်ရောက်သွားခဲ့သည်။ ခွဲစိတ်စရိတ်အတွက် ပြဿနာ မရှိသည်မှာ အမှန်ပင်။

အကယ်၍ ခွဲစိတ်စရိတ်မှာ ယွမ်တစ်သန်း ကုန်ကျမည်ဆိုလျှင်တောင်မှ သူတို့ တတ်နိုင်သည့် အတိုင်းအတာအတွင်း၌ ရှိ၏။

"ရှင်တို့ အထင်လွဲနေပြီ... "လီချူးဟန် ပြောလိုက်ပြီး "ပထမဆုံးအနေနဲ့ ခွဲစိတ်စရိတ်က အဲ့လောက်ကြီးလည်း မကုန်ဘူး... ကျွန်မတို့ ခွဲစိတ်တာကို ဘာလို့ အကြံမပေးလဲဆိုတော့ ရှင်တို့ အဖေက အသက် အရမ်းကြီးနေပြီ... ခွဲစိတ်မှု ပြုလုပ်မယ်ဆိုရင် စွန့်စားရာကျလွန်းတယ်... အကောင်းဆုံး တွက်ချက်ကြည့်မယ်ဆိုရင်တောင်မှ အောင်မြင်နိုင်ချေ ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်......ခွဲစိတ်စားပွဲပေါ်ကနေ ပြန်မဆင်းလာနိုင်ဖို့က ရာခိုင်နှုန်း အတော်များတယ်....ဒါကြောင့်မို့ ရှင်တို့ကို မခွဲစိတ်ဖို့ အကြံပေးချင်တာပဲ...... လောင်းကြေးမထပ်ချင်စမ်းနဲ့....ကျန်တဲ့ ဒီရဲ့ သုံးလေးနှစ်ကို ရှင်တို့ရဲ့ အဖေနဲ့ ကောင်းကောင်းလေး အဖော်ပြုပေး... တကယ်လို့ အံ့ဖွယ်ကိစ္စတွေ ဖြစ်ပေါ်လာပြီးတော့မှ အချိန်အကြာကြီး ပိုနေမသွားရဘူးလို့လည်း မပြောနိုင်ဘူးလေ... ဟွာရှမှာ ရှေးဥပမာတွေ အများကြီး ရှိပြီးသားပဲ....."

လီချူးဟန်၏ ရှင်းပြချင်ကို နားထောင်ပြီးနောက် လျိုမိသားစု၀င် အကုန်လုံး ခေါင်းညိမ့်လိုက်ကြသည်။ သူတိူ့အားလုံးလည်း လီချူးဟန်ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိပြီး ခွဲစိတ်မည့်အကြံကို လက်လျော့လိုက်ကြတော့၏။

"မရဘူး... ကျွန်မကတော့ ခွဲစိတ်ဖို့ လိုအပ်တယ်လို့ ထင်တာပဲ..."ရှရှောင်ထုံးမှ ရုတ်တရက် ပြောလာခဲ့၏။

"ရှင်ပြောတာ အောင်မြင်ဖို့ အခွင့်အရေးက ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ ပြောတယ်နော်... ကျွန်မတို့ ကြိုးစားကြည့်ချင်တယ်...."

"နင်ဘာတွေ လာပြောနေတာလဲ... ခွဲစိတ်တာက အရမ်း အန္တရာယ်များတယ်လို့ ဒေါက်တာလီ ပြောပြီးပြီလေ... နင် နားလေးနေလို့ မကြားလိုက်တာလား...."လျိုကျင်းယွီမှ စိတ်တိုစွာဖြင့် ပြောဆိုလိုက်၏။ ဤအမျိုးသမီးမှာ သူမအဖေကို သေစေချင်နေမှန်း သူမ သိနေသည်။

လင်းရီ ရှရှောင်ထုံးကို ကြည့်လိုက်ပြီး ထိုမိန်းကလေး ဘာဖြစ်ချင်နေလဲဆိုတာကို နားမလည်နိုင် ဖြစ်နေခဲ့၏။

အကယ်၍များ သူ့တွင် စနစ်မရှိခဲ့လျှင်...ထို့ပြင် ကုတင်ပေါ်၌ လဲလျောင်းနေသူမှာ မေမေ၀မ် ဖြစ်ခဲ့မည်ဆိုပါက ....

လင်းရီ ထိုဖြစ်နိုင်ချေ ၁၀ ရာခိုင်နှုန်းပေါ်တွင် လောင်းကြေးထပ်လိမ့်မည် မဟုတ်ချေ။

ဒီအမျိုးသမီးက ရူးသွားတာလားပဲ....

"အန္တရာယ် အရမ်းများလွန်းတယ်... ငါလည်း ခွဲစိတ်ဖို့ သဘောမတူဘူး..."လျိုကျင်းဝေ ပြောလိုက်သည်။

"ကျင်းဝေ... နင်က အဖေ့သား မဟုတ်ဘူးလား... အဖေက ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရတာလေ...ဒါကိုတောင်မှ နင်က ဆေးမကုပေးချင်ဘူးတဲ့လား... နင့်ကို နှစ်တွေအကြာကြီး ကျွေးမွေးပြုစုခဲ့တာတွေက အလကားပဲ...."

"ငါသူ့ကို မကုပေးချင်ဘူးဆိုတာက မင်းဘာပြောချင်နေတာ.... ငါက အန္တရာယ်များလွန်းလို့ မစွန့်စားချင်တာကွ...မင်း ခုလေးတင် ဒေါက်တာလီ ပြောသွားတာကို မင်းမကြားလိုက်ဘူးလား... အဖေသာ ခွဲစိတ်လိုက်မယ်ဆိုရင် ခွဲစိတ်စားပွဲပေါ်ကနေ ထမလာနိုင်ဖို့ များတယ်..... ငါ သဘောမတူဘူး..."

"ဟက်... နင် အဖေ့အပေါ် ပိုက်ဆံ မသုံးပေးချင်လို့ ဒီစကားတွေ ပြောနေတာမလား..."ရှရှောင်ထုံး လျိုကျင်းဝေကို လက်ညိုးထိုးပြောဆိုလိုက်ပြီး "ငါနင့်ကို ပြောလိုက်မယ်... နင်သာ အဖေ့ကို မခွဲစိတ်ပေးဘူးဆိုရင် နင်က သားသမီး၀တ္တရား မကျေပွန်တဲ့ကောင်ပဲ...နင့်လို ကျေးဇူးမသိတတ်တဲ့ကောင်နဲ့လည်း ငါဆက်မပေါင်းနိုင်ဘူး.. ငါတို့ကွာရှင်းမယ်...."

"ရှရှောင်ထုံး... နင်ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာ... ခွဲစိတ်ဖို့ အကြံပြုရအောင် နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ..."လျိုကျင်းယွီ ပြောလိုက်ပြီး "နင်က ငါတို့ မိသားစုထဲကို လက်ထက်ပြီးတော့မှ ရောက်လာတာနော်... ခု ငါတို့ကို လာပြီး ခြိမ်းခြောက်နေတယ်တဲ့လား...ဒါက လျိုမိသားစုရဲ့ ကိစ္စပဲ... နင့်မှာ ဘာမှ ၀င်ပြောပိုင်ခွင့် မရှိဘူး...."

"အစ်မ နင် စကားကို ဘယ်လိုတွေ ပြောနေတာလဲ...."လျိုကျင်းဝေ မျက်မှောင်ကြုတ်သွားခဲ့သည်။

"ငါပြောနေတာတွေက အဓိပ္ပာယ်မရှိလို့လား... " ရှရှောင်ထုံး အော်ဟစ်လိုက်ပြီး "ငါက အဖေ့အတွက် တွေးပေးနေတာ... ဒါမှ တို့အဖေက နှစ်တွေ အများကြီး အသက်ဆက်ရှင်နိုင်မှာ... တကယ်လို့ နင် အဖေ့ကို မခွဲစိတ်ပေးဘူးဆိုရင် ငါတို့ ကွာရှင်းရုံပဲ...."

ထိုသို့ ပြောပြီးသည်နှင့် ရှရှောင်ထုံး သူမ၏ LV အိတ်ကို ကိုင်ကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

အခြေအနေတို့ ပိုဆိုးလာတော့မည်ကို မြင်ဆော့ လျို‌ကျင်းဝေ သူ့မိန်းမလက်ကို လှမ်းဆွဲလိုက်ပြီး "မသွားသေးနဲ့ဦး... ငါတို့ ဒီကိစ္စ အေးဆေး စကားဆက်ပြောကြမယ်...."

"ဘာကို စကားအေးဆေးပြောမှာ.. အဖေ့အခြေအနေကဖြင့် ဒီလိုတောင်ဖြစ်နေပြီကို နင်က မခွဲစိတ်ပေးချင်ဘူးဆိုတော့ နင်.. သားမိုက်.. မကောင်းဆိုးဝါးကောင်ကြီး.. ငါနင်နဲ့ လုံး၀ ဆက်မပေါင်းနိုင်ဘူး...."ရှရှောင်ထုံး ရုန်းကန်ရင်း ပြောလိုက်သည်။

"မောင်လေး... နင်သူနဲ့ ကွာရှင်းလိုက်.. ငါတို့ မိသားစုရဲ့ အနေအထားနဲ့ဆိုရင် သူ့ထက်သာတဲ့သူတွေ အေးဆေး ရှာယူလို့ရတယ်..."လျိုကျင်းယွီ ပြောလိုက်၏။

"လျိုကျင်းဝေ .. နင့်အစ်မ ပြောတာကို နင်ကြားလိုက်လား... နင်တို့ မိသားစု၀င်တွေအားလုံး ငါ့ကိုဆို အနိုင်လောက်ပဲ ကျင့်နေကြတာ... ငါဒီလိုမျိုးကြီး ဆက်မနေနိုင်တော့ဘူး..."

"အစ်မ .. နင်ပြောတာ နည်းနည်း လွန်သွားပြီ... ဒါကကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ..."

လျိုကျင်းဝေ အသံနိမ့်၍ ပြောလိုက်၏။

"နင်..."

လျိုကျင်းယွီ ဒေါသထွက်လာခဲ့ပြီး သူမ၏ ရင်ဘက်တို့ နိမ့်ချည်မြင့်ချည် ဖြစ်လာလေသည်။ သူမမောင်လေးမှ ထိုစကားမျိုး ပြောလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

"ကောင်းပြီလေ.. နင်တို့ကိစ္စပဲ.. ခုတော့ ငါက အပြင်လူ ဖြစ်သွားပြီပေါ့....."

လျိုကျင်းယွီ ‌ဒေါသတကြီးဖြင့် အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

လူနာရှင်များ၏ အခြေအနေကို ကြည့်ရင်း ချောင်ရှင်း မျက်စိပုတ်ခတ် ပုတ်ခတ် ဖြစ်နေလေသည်။

ဘာတွေဖြစ်နေကြတာလဲ....

"လျိုကျင်းဝေ .. နင်ငါ့ကို ခုချက်ချင်း အဖြေပေးစမ်း... နင် အဖေ့ကို ခွဲစိတ်ဖို့ သဘောတူမှာလားပြော... မတူဘူးဆိုရင် ငါတို့ တရားရုံးမှာ ပြန်တွေ့ကြမယ်...."

"အေးပါ အေးပါ .. ငါသဘောတူပါတယ်ကွာ...."

"ဟွန့် ဒီလိုမှပေါ့..."ရှရှောင်ထုံ၏ အမူအရာမှာ တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားခဲ့ပြီး ယခင်ကနှင့် လုံး၀မတူညီတော့သည့် လူတစ်ယောက် ဖြစ်သွားသည့်အလားပင်။

"သားတစ်ယောက်အနေနဲ့ ရှင်က ၀တ္တရား ကျေပွန်ရမယ်လေ... မဟုတ်ရင် ငါနင့်အပေါ် ဘယ်လိုမှီခိုရတော့မှာ... "

လျိုကျင်းဝေ ပြုံး၍ ခေါင်းညိမ့်လိုက်ပြီး သူ့မိန်းမကို ရင်ခွင်ထဲ ထည့်က။ လီချူးဟန်ကို ကြည့်လိုက်၏။

"ဒေါက်တာလီ... ခွဲစိတ်ရင် အောင်မြင်နိုင်ချေက ၁၀ ရာခိုင်နှုန်းပဲ ရှိတာလားဗျ...."

လီချူးဟန် ခေါင်းညိမ့်လိုက်သည်။ "၁၀ ရာခိုင်နှုန်းက အာဏာကုန်ပဲ.... အဲ့တာတောင် သိပ်မသေချာချင်ဘူး..."

"ဘာမှမဖြစ်ပါဘူး.. ၁ ရာခိုင်နှုန်းတည်း ရှိတယ်ဆိုရင်တောင်မှ ငါတို့ အဖေ့အတွက် ကြိုးစားကြည့်ရမယ်မလား..."

လီချူးဟန် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး "ကျွန်မ ပြောဖို့ လိုအပ်တာတွေကို ပြောပြီးသွားပြီ...ရှင်တို့ရဲ့အဖေကို ကယ်တင်ဖို့ အရမ်းစိတ်အားထက်သန်နေတယ်ဆိုတာလည်း ကျွန်မ နားလည်တယ်... ကျွန်မရှင်တို့ကို စဉ်းစားဖို့ အချိန်တစ်နာရီပေးမယ်... ဒါက ကိစ္စ သေးသေးလေး မဟုတ်တော့ လောရင် မကောင်းဘူး......"

လီချူးဟန် ခွဲစိတ်မှုကို မလုပ်ခိုင်းစေချင်သည်မှာ လုံး၀ အသေအချာကြီးပင်။

သို့သော်လည်း သူမက ဆရာ၀န်တစ်ဦးမျှသာ ဖြစ်၏ ခွဲစိတ်သင့် မခွဲစိတ်သင့်ကို‌တော့ လူနာမိသားစု၏ ဆုံးဖြတ်ချက်ကို နားထောင်ပေးရပေမည်။

လျိုကျင်းဝေ ခေါင်းညိမ့်လိုက်ပြီး "ဟုတ်ကဲ့.. ကျွန်တော်တို့ သေချာ စဉ်းစား....."

"ဘာမှ စဉ်းစားနေစရာ မလိုဘူး... ကျွန်မတို့ ဒီခွဲစိတ်မှုကို တတ်နိုင်သလောက် မြန်မြန် လုပ်စေချင်တယ်... ခုလုပ်နိုင်ရင်တောင် အကောင်းဆုံးပဲ..."

"သေချာပြီလား..."

လီချူးဟန် ရှရှောင်ထုံးကို မကြည့်ချေ။ ထိုအစား လျိုကျင်းဝေကို စူးစိုက်ကြည့်လိုက်၏။ လူနာ၏ သားဖြစ်သူ ဖြစ်သောကြောင့် သူ့တွင် ဤကိစ္စကို ဆုံးဖြတ်ပေးရန် အခွင့်အာဏာရှိလေသည်။

"လုပ်လိုက်ဗျာ..."

လျိုကျင်းဝေ သက်ပြင်းချပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ..." လီချူးဟန် ပြောလိုက်ပြီး "ရှင်တိ့ ခွဲစိတ်စေချင်တယ်ဆိုရင်လည်း ကျွန်မဘက်က ငြင်းဆိုစရာ အကြောင်းမရှိဘူး.. ဒါပေမယ့် ဒီနေ့တော့ အချိန်မရဘူး.. ခွဲစိတ်မယ့် အချိန်ဇယားတွေအတိုင်းဆိုရင် မနက်ဖြန်လောက်မှ ဖြစ်မယ်...."

"ရတယ် ရတယ် ... မြန်မြန်ခွဲစိတ်ပြီးရင် ရပြီ...."

လီချူးဟန် ခေါင်းညိမ့်လိုက်၏။ "သွားစို့..."

သုံးယောက်သား ပြန်ထွက်လာခဲ့ကြပြီး လီချူးဟန် ချောင်ရှင်းကို ကြည့်၍ "ရှောင်ချောင် ... နင် လူနာကို စစ်ဆေးပြီးတော့ လူနာမိသားစု၀င်တွေကို သဘောတူဖို့ လိုအပ်တာတွေကို လက်မှတ်ထိုးခိုင်းထားလိုက်...."

"နားလည်ပါပြီရှင့်..."ချောင်ရှင်း ပြောလိုက်ပြီး "ဒါပေမယ့် ဒီမိသားစုက နည်းနည်းလေး ထူးဆန်းတယ်နော်... ‌အခြေအနေတွေကို သေချာကြီး ရှင်းပြထားတာတောင်မှ ခွဲစိတ်ချင်နေကြတုန်းပဲ... တကယ်လို့ ကုတင်ပေါ်မှာ လဲနေတဲ့သူသာ ကျွန်မအဖေဆိုလို့ကတော့ ကျွန်မ သေချာပေါက် ခွဲစိတ်ဖို့ သဘောတူမှာ မဟုတ်ဘူး..."

"လူတိုင်းမှာ သူ့အတွေးအခေါ်နဲ့သူ ရှိတယ်လေ... လျှောက်ပြီး ခန့်မှန်းမနေနဲ့.. ငါတို့ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်တာပဲ ကောင်းတယ်..."

"ဟုတ် နားလည်ပါပြီ... "

ချောင်ရှင်း ပြောလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ "ဒါပေမယ့် သူ့သားကတော့ အတော်လေး သူရဲဘောကြောင်တယ်နော်... သူ့မိန်းမစကား နားထောင်တာကတော့ ကောင်းပါရဲ့... ဒါပေမယ့် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက် မချနိုင်ဘူး ဖြစ်နေတာ...."

"ခွေးမွေးထားရင် တစ်သက်လုံး သစ္စာရှိတယ်..."

(TN- အိမ်မွေးတိရစ္ဆာန်တွေကနေတစ်ဆင့် ခိုင်မြဲတဲ့ ချစ်ခြင်းတရားကို ပြောပြထားတာပါ)

All Chapters