အကွက်ဆင်၍ ဖမ်းဆီးခြင်း
Vol. 29 Ch. 429
ကျောက်ကျန်းဝေ မျက်လုံးအရောင် တဖျတ်ဖျတ် ဖြစ်သွားခဲ့ပြီး "လက်မှတ်တောင် ထိုးထားသေးတယ်.... ဘာတွေ ရေးထားလဲ.... ငါ့လည်း ပြစမ်းပါဦးဟ....."
"ငါမင်းကို ဝီချက်ကနေ လှမ်းပို့လိုက်မယ်...."
ချောင်ကျား၀မ် သူ့ဖုန်းကို ထုတ်ယူလိုက်ပြီး ၀မ်ကွမ်းဟုန် ပို့ခဲ့သည့် ဓာတ်ပုံကို ကျောက်ကျန်းဝေထံ ပို့ပေးလိုက်သည်။
သဘောတူညီထားသည့် အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ကျောက်ကျန်းဝေ ပါးစပ်မှာ နားရွက် ချိတ်လုမတတ် ဖြစ်သွားခဲ့ပြီး
"ဒီလို ကိစ္စမျိုးတွေက သက်သေအထောက်အထား ရှိလို့မရဘူးဆိုတာ ဒီကောင် နားမလည်တာလားဟ... အဲ့တာကို လက်မှတ် ထိုးထားလိုက်သေးတယ် ဆိုတော့ သူ့ကိုယ်သူ သေတွင်းထဲ ခုန်ချနေတာနဲ့ အတူတူပဲမဟုတ်ဘူးလား..... အလုပ်ဖြုတ်တာကို မေ့ထားလိုက်တော့ ငါတို့ ရာဇ၀တ်မှုလို့ ခေါင်းစဉ်တပ်ပြီးတော့ သူ့ကိုထောင်အေးဆေးချလို့ ရပြီ...."
ချောင်ကျား၀မ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒီကောင်က ပုံမှန်ဆို အတော်လေး ဉာဏ်ကောင်းတဲ့ကောင်ပါကွ... ဒါပေမယ့် ခုလို သောက်ရူးဖြစ်နေမယ်လို့တော့ ထင်တောင် မထားဘူး....ခု ငါတို့လက်ထဲမှာ ဒီရဲ့သက်သေရှိနေပြီဆိုတော့ လုံခြုံရေးဌာနကို ပြောပြီး သူ့ကို မောင်းထုတ်ခိုင်းလို့ ရပြီ....."
"ဒီလောက် စိတ်၀င်စားဖို့ကောင်းတဲ့ ကိစ္စကြီးကို လုံခြုံရေးဌာနလက်ထဲ အပ်လိုက်မယ်ဆိုရင် ပျင်းစရာကြီး ဖြစ်သွားမှာပေါ့..."
ကျောက်ကျန်းဝေ ဖုန်းကို ပြန်သိမ်းလိုက်ပြီး ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်ကိုခဲကာ စဉ်းစားနေဟန်ဖြင့် တစ်နေရာသို့ အကြည့်လွှဲလိုက်ပြီး "ငါခုပဲ ရဲခေါ်ပြီးတော့ သူ့ကို လာဖမ်းခိုင်းလိုက်မယ်.... အဲ့တာပြီးရင် သူ့ကို မသမာတဲ့အမှုနဲ့ ဆေးရုံရှေ့မှာ လူသိရှင်ကြား ကြေညာလိုက်မယ်ဆိုရင် .... အဲ့ကောင် နာမည်ရစရာ ကျန်မှာတောင် မဟုတ်တော့ဘူး.... ဒီကောင် တစ်သက်လုံး နာမည်ဆိုးတွင်သွားပြီးတော့ ဆေးရုံကို ခြေချဝံ့တော့မှာ မဟုတ်ဘူး...... "
"အစ်ကိုကျောက်က ဒုဥက္ကဌ ဖြစ်နေတာလည်း မပြောနဲ့ .... ထွင်လိုက်တဲ့ အကြံဉာဏ်က ဒီကောင့်ဘ၀ဆုံးစေလောက်တဲ့အထိကို လုံလောက်ပါပေတယ်...."
"ရပြီ ငါ့လာပြီး မြှောက်ပင့်မနေနဲ့.... အချင်းချင်းတွေကိုပဲ....."ကျောက်ကျန်းဝေ ပြောလိုက်ပြီး "လင်းရီကို ဒီခေါ်လိုက်.... ရဲတွေလာဖမ်းတဲ့ အချိန်ကျ အဲ့ကောင် ပျောက်နေဦးမယ်....."
"အိုကေ....."
နှစ်ယောက်သား စကားခဏဖြတ်ပြီး ချောင်ကျား၀မ် သူ့ဖုန်းထုတ်ကာ နှလုံးအထူးကု ဌာနသို့ ဖုန်းဆက်လိုက်၏။ လျိုရုန်ရှန်းမှ ဖုန်းကိုင်လာပြီး လင်းရီကို ကျောက်ကျန်းဝေ၏ ရုံးခန်းထဲသို့ လာခဲ့ရန် အမိန့်ပေးခိုင်းလိုက်သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ရုံးခန်းတံခါးမှာ ပွင့်ဟလာခဲ့ပြီး လင်းရီ အထဲသို့ ၀င်လာခဲ့လေသည်။
"ဥက္ကဌကျောက်.... ကျုပ်ကို ရှာနေတယ်ဆိုလို့....."
ရုံးခန်းထဲသို့ ၀င်ပြီးနောက် လင်းရီ ဆိုဖာပေါ်တွင်ထိုင်ကာ သာမန်လေသံဖြင့် စကားပြောလိုက်၏။
"ဒေါက်တာလင်း.... မင်းရဲ့ အပြုအမူနဲ့ ပတ်သက်ပြီးတော့ မင်း ဘာပြောချင်သေးလဲ....."
"တကယ်ကြီးလား.... ဒါဆို ခင်များတို့ သိပြီးသွားပြီပေါ့..."လင်းရီ အံ့အားသင့်သွားခဲ့၏။
"အမှန်ပဲ... မင်းမနေ့တုန်းက ဘာလုပ်ခဲ့လဲဆိုတာ ငါတို့ အကုန်သိပြီးသွားပြီ.... ပြီးတော့ သက်သေ အလုံအလောက်လည်း ရှိတယ်...ဇွတ်ငြင်းမနေနဲ့တော့.... မင်းရဲ့အမှားကို ၀န်ခံပြီးတော့မှ သက်ညှာပေးဖို့တောင်းဆိုတာက အကောင်းဆုံးပဲ....."
"မဟုတ်သေးပါဘူးဟ.... ကျုပ်လုပ်ခဲ့တာက ဘာရာဇ၀တ်မှုများ မြှောက်နေလို့လဲ....."
"မင်းလုပ်ခဲ့တာကို မင်းမသိဘူးလား....."
"ကျုပ် ရေချိုးစင်တာသွားပြီးတော့ အနှိပ်သွားခံတယ် ... ဒါပဲလေ.... အဲ့လိုလုပ်တာက ရာဇ၀တ်မှု မြောက်နေလို့လား....."
"ဘာပြောလိုက်တယ်.... မင်းက ရေချိုးစင်တာ သွားတယ်......"
"အမှန်ပဲ .... ဟွာချင်းရေကန်က နံပါတ် ၁၈ လေးလေ.... အဲ့ကောင်မလေးရဲ့ နည်းစနစ်တွေက အတော်လေး မဆိုးဘူး.... ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာက သူ့မွေးရပ်မြေပြန်ပြီးတော့ မိသားစုတစ်ခု ထူထောင်တော့မယ်ဆိုပဲ..... ဟူး နှာမြောလိုက်တာဗျာ.... အနာဂတ်ကျရင် သူမနဲ့ ထပ်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ဘူးနဲ့ တူတယ်.... ဥက္ကဌကျောက်နဲ့ ဒါရိုက်တာချောင်လည်း သူ့ရဲ့ နည်းစနစ်တွေကို ခံစားချင်ရင် ခြေမနှေးစေနဲ့နော်..... ပြီးကျမှ ကျုပ် သတိမပေးဘူးဆိုပြီးတော့ လာမပြောနဲ့....."
ဘန်း....
ကျောက်ကျန်းဝေ စားပွဲခုံကို လက်ဖြင့် ရိုက်လိုက်ပြီး "လင်းရီ.... မင်းခု လာပြီး ရူးချင်ယောင်ဆောင်နေတာလား...မင်းအဲ့လိုလုပ်နေတာတွေက သင့်လျော်တယ်လို့များ ထင်နေတာလား......"
"ကျုပ်က ဘာဆိုင်လို့ ရူးချင်ယောင်ဆောင်ရမှာ.... ကျုပ်ပြောတာတွေက အမှန်တွေချည်းပဲ....."
လင်းရီ သူ၏ အိတ်ကပ်ထဲမှ တစ်ခုခု စမ်းလိုက်ပြီး "ပြေစာတောင် ကျုပ် မပစ်ရသေးဘူး.... မယုံဘူးဆိုရင် ကိုယ်တိုင်သာ ကြည့်လိုက်တော့...."
"ငါတို့ပြောနေတာ ဒါမဟုတ်ဘူးကွ....."
"အဲ့တာဆို ခင်များတို့က ဘာကို ပြောနေကြတာ....."
"မင်း မနေ့တုန်းက ညနေငါးနာရီ ဟွာရန် စားသောက်ဆိုင်မှာ ထျန်းဇီဆေးဆိုင်က သူဌေး ၀မ်ကွမ်းဟုန်နဲ့ ဆေးရောင်းဖို့ သဘောတူညီချက် လက်မှတ်ထိုးခဲ့တယ်ဆိုတာ မင်း၀န်ခံလိုက်...မင်းက ငါတို့ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလေးစားတာလားကွ....မင်းလိုကောင်မျိုးက ငါတို့ ဟွာရှန်းဆေးရုံမှာ ဆရာ၀န်ဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူး...."
"မဖြစ်နိုင်တာ.... ခင်များတို့ ဒီရဲ့ လျို့ဝှက်ချက်ကို သိတယ်ပေါ့.... ကျုပ်ဘက်က ဆေးတစ်ဘူးတောင်မှ မရောင်းရသေးဘူးလေ....."
"ဟမ့်... မကောင်းတဲ့အမှုဆိုတာ မင်းဘယ်လိုဖုံးဖုံး မလုံဘူးကွ.... ဒီနေ့တော့ မိုးကောင်းကင်ရဲ့ ကိုယ်စား မင်းကို ပြစ်ဒဏ်စီရင်မှရမယ်...."
"ခင်များ လျှာရိုးမရှိတိုင်း လျှောက်မပြောနဲ့... ဒီလိုအကွက်တွေက ယောက်ျားမဆန်ဘူး...."
"ဟားဟား...." ကျောက်ကျန်းဝေ အားပါးတရ ရယ်မောလိုက်ပြီး "ငါက သက်သေ အထောက်အထား မရှိပဲနဲ့ ပြောမယ် ထင်နေတာလား....."
ကျောက်ကျန်းဝေ သူ၏ ဖုန်းကို လင်းရီမြင်သာအောင် ရှေ့သို့ ထိုးပြလိုက်၏။ ဖုန်းထဲတွင်တော့ ယမန်နေ့တုန်းက သူနှင့် ၀မ်ကွမ်းဟုန်တို့ လက်မှတ်ထိုးခဲ့ကြသည့် သဘောတူစာချုပ်ဓာတ်ပုံ ရှိနေလေသည်။
လင်းရီ အတန်ငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။ ဒီဓာတ်ပုံက ဘယ်လိုကနေ ဘယ်လို ရောက်လာတာလဲဟ....
သူတိူ့ မနေ့တုန်းက ဆိုင်းထိုးပြီးတော့ ၀မ်ကွမ်းဟုန်က အဖမ်းခံလိုက်ရတယ်လေ.... ဘယ်သူက ဒီပုံတွေ ပို့လိုက်တာလဲ ...။
ထောင်ချောက်များလား....
လက်ရှိအခြေအနေကို လေ့လာသုံးသပ်ကြည့်ရသလောက်တော့ အမှန်တကယ် ထောင်ချောက်ဖြစ်ဖို့ များသည်။
"လင်းရီ.....မင်း ငါတို့ကို စာနာစိတ် ကင်းမဲ့တယ်ဆိုပြီးတော့ အပြစ်လာမတင်နဲ့.... မင်းလုပ်ခဲ့တဲ့ အမှုက ငါတို့ ဟွာရှန်းဆေးရုံအတွက် ရှက်စရာကြီးပဲကွ.... ငါတို့လည်း ကာကွယ်မပေးနိုင်တော့ဘူး..... ဒီတော့ မင်းထိုက်နဲ့ မင်းကံ ခံပေတော့....."
ချောင်ကျား၀မ် အပြုံးလေးဖြင့် ပြောလိုက်သည်။
လင်းရီကတော့ ထိုငနဲ၏ စကားကို နားထောင်ရင်း ပြောစရာစကားတို့ ပျောက်ရှနေခဲ့၏။
' ဪ အေးအေး .... မင်းတို့ကောင်တွေက စောက်ရမ်း ဖြောင့်မတ်နေတဲ့ကောင်တွေဆိုတော့ ပြောအားရှိတာပေါ့.....'
"စိတ်မကောင်းစရာပဲ.... ငါတို့ အနာဂတ်မှာ လုပ်ဖော်ကိုင်ဖက်တွေ ဆက်မဖြစ်နိုင်တော့ဘူး....."
"ဘာမှ စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး.... ကျုပ်ကလည်း ခင်များတို့လိုကောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ချင်တယ်လို့များ ထင်နေလား....."
"ဘာလို့လည်းဆိုတော့......."
ချလပ်....
လင်းရီ စကားမဆုံးမီ ရုံးခန်းတံခါးမှာ ပွင့်ဟလာခဲ့ပြီး ယူနီဖောင်း အပြည့်နှင့် ရဲအရာရှိများက ရုံးခန်း၏ အရပ်လေးမျက်နှာတွင် နေရာယူ စောင့်ကြပ်လာခဲ့ကြသည်။
ထိုအထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ရဲအရာရှိမှာ ချောင်ကျား၀မ်နှင့် ကျောက်ကျန်းဝေတို့ကို မျက်လုံးမှေးကျဉ်း၍ ကြည့်လိုက်ပြီး "ဆိုတော့ မင်းက ဟွာရှန်းဆေးရုံရဲ့ စီမံခန့်ခွဲရေးဒါရိုက်တာ ကျောက်ကျန်းဝေ ..... နောက်ပြီး မင်းကကျတော့ နဗလုံးအထူးကု ဌာနက ဒါရိုက်တာ ချောင်ကျားဝေဆိုတဲ့ကောင်လား.... "
"ဟုတ်ပါတယ်ခင်ဗျ... ကျုပ်တို့ပါပဲ...."
ကျောက်ကျန်းဝေ သူ၏ ထိုင်ခုံနေရာမှ ထလာခဲ့ပြီး ခေါင်းဆောင်၏ ဘေးတွင် ရပ်ကာ လင်းရီကို လက်ညိုးထိုးလိုက်၏။
"အရာရှိကြီး .... လင်းရီဆိုတာ ဒီကောင်ပဲ.... အပြင်ဘက်က ဆေးဆိုင်ပိုင်ရှင်နဲ့ ဆေးတစ်ချို့ကို ကော်မရှင်ခယူပြီး ညွှန်းပေးဖို့ ပေါင်းကြံနေတာ.... ဒါက ကျုပ်တို့ ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လိုက်တာပဲ.... ကျေးဇူးပြုပြီး သူ့ကို ပမာထားပြီးတော့ တခြား ဆေး၀န်ထမ်းတွေကိုပါ သူ့လိုမျိုး ထပ်မလုပ်ရဲအောင် ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်ပါ....."
အရာရှိ ခေါင်းဆောင်က ကျောက်ကျန်းဝေကို မျက်ခုံးပင့်၍ ကြည့်လိုက်၏။
"ပြောလိုက်တဲ့ လေသံကတော့ အတော်လေး နားထောင်လို့တော့ ကောင်းနေတာပဲ.... ဒါပေမယ့် ဒီမှာ မှားတဲ့လူက သူ မဟုတ်ဘူး.... မင်းတို့ပဲ.....လာကြစမ်း ဒီနှစ်ယောက်ကို လက်ထိပ်ခတ်လိုက်....."
"ဗျာ...."
ကျောက်ကျန်းဝေနှင့် ချောင်ကျား၀မ်တို့ အံ့အားသင့်သွားခဲ့ကြသည်။ ဘာဖြစ်နေလဲဆိုတာ သူတိူ့ နားမလည်နိုင်တော့ချေ။
"အရာရှိကြီး.... ရာဇ၀တ်မှု ကျူးလွန်ထားတဲ့သူက လင်းရီလေ.... ကျုပ်တို့မဟုတ်ဘူး.... ခင်များ လူမှားနေပြီ....."
"ဘာလဲ.... မင်းတို့က မင်းတို့ လုပ်ခဲ့တာတွေကို မေ့ချင်ယောင်ဆောင်နေကြတာလား.... ဒါမှမဟုတ် ငါကပဲ တစ်ခုချင်းစီ စာရင်းလုပ်ပြရမှာလား....."
ကျောက်ကျန်းဝေတို့ ရင်ထိတ်သွားခဲ့သည်။
သူတို့ကိုယ်သူတို့ မသန့်ရှင်းမှန်း နားလည်ပေသည်။ သို့သော်လည်း ၎င်းတို့၏ ကိစ္စများကို အပြင်လူများအား ပေးမသိချေ။
ထိုသို့ဆိုလျှင် သူတို့ကို အဘယ်သက်သေအထောက်အထားနှင့် လာဖမ်းနေရသနည်း။
"အရာရှိကြီး.... ကျုပ်က ဟွာရှန်းဆေးရုံရဲ့ စီမံခန့်ခွဲရေး ဒါရိုက်တာနော်.... ခင်များ ဖမ်းချင်တိုင်းဖမ်းလို့ရတဲ့ကောင် မဟုတ်ဘူး.... ကျုပ်ကို သေချာပေါက် ဖြေရှင်းချက်တစ်ခုတော့ ပေးရမယ်....."
"မင်း ဒီလိုပြောမယ်ဆိုတာ ငါသိလို့ကို ဒါတွေ ကြိုပြီး ယူလာခဲ့တာ......"
အရာရှိ ခေါင်းဆောင်မှ သူ့အိတ်ထဲရှိ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး "ဒီမှာ မြို့တော်၀န်ဆီကနေ ခွင့်ပြုထားပေးတဲ့ ဖမ်း၀ရမ်းပဲ.... အခု မင်းတို့ ဘာပြောချင်သေးလဲ....."
ဖမ်း၀ရမ်းကို ကြည့်ရင်း ကျောက်ကျန်းဝေ၏ ဦးနှောက်မှာ တဝီဝီ မြည်ဟီးနေလေသည်။
ဒီကိစ္စက ဘယ်လိုလုပ်ပြီး မြို့တော်၀န်နားထဲထိ ရောက်သွားတာလဲဟ......
"ကျုပ်တို့ကို မဖမ်းခင် ဘာကြောင့်လဲဆိုတာ ပြောပြပေးလို့ရမလား......"
ကျောက်ကျန်းဝေ တည်ငြိမ်စွာ မေးမြန်းလိုက်၏။ သို့သော်လည်း အတော်လေး စိတ်လှုပ်ရှားနေသောကြောင့် အသံမှာ မသိမသာ တုန်ခါနေလေသည်။
ကျောက်ကျန်းဝေ သူ၏ အဆက်အသွယ်များကို ဆက်သွယ်ပြီး အသနားခံစာ မလျှောက်လွှဲမီ အဖမ်းခံရသည့် အကြောင်းအရင်းကိုတော့ နားလည်ထားရပေမည်။
"ရိုးစင်းပါတယ်.... ထျန်းဇီဆေးဆိုင်ရဲ့ သူဌေး ၀မ်ကွမ်းဟုန်က အဖမ်းခံလိုက်ရပြီ.... မနေ့ညက သီးသန့်ငွေလွှဲလိုက်လာတာကိုတော့ ဥက္ကဌကျောက်က ကျုပ်ထက်ပိုပြီး သိမှာပါ..... ဟုတ်တယ်မလား....."
အရာရှိ ခေါင်းဆောင်မှာ ကျောက်ကျန်းဝေကို ကြည့်လိုက်ပြီး "၀မ်ကွမ်းဟုန်က ချောင်ကျား၀မ် ၊ လျိုရုန်ရှန်းနဲ့ ဖန်းရှုဖန့်.... အဲ့ဒီသုံးယောက်ကို အဓိက ဖော်ထုတ်သွားတယ်ဆိုပေမယ့် ခင်များရဲ့ လျှို့ဝှက် လုပ်ဆောင်နေတဲ့ လှည့်ကွက်လေးတွေကိုလည်း ကျုပ်တို့က သိပြီးသား.... ဒီတော့ ပြန်ပြီး ငြင်းဖို့ မကြိုးစားနဲ့ အေးဆေးသာလိုက်ခဲ့လိုက်တော့......"
"ဒါ လုံး၀ မဖြစ်နိုင်ဘူး.... မနေ့ညတုန်းက ကျုပ် ၀မ်ကွမ်းဟုန်နဲ့တောင် ဖုန်းပြောဖြစ်ခဲ့သေးတယ်.... သူသာ ဖမ်းခံရရင် ကျုပ်နဲ့ ဘယ်လိုလုပ်ပြီး ဖုန်းပြောနိုင်မှာ....."
"သူ မင်းနဲ့ ဖုန်းပြောတဲ့ အချိန်တုန်းကတည်းကရင် အဖမ်းခံထားရပြီးပြီ..... ပြီးတော့ သဘောတူစာချုပ်ကို ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်တာလည်း ငါပဲ.... ဒီတော့ ခုဘာဖြစ်နေလဲဆိုတာ သဘောပေါက်ပြီ မလား......"
" မဟုတ်ဘူး.... မဖြစ်နိုင်ဘူး.... ဒါ လုံး၀ မဖြစ်နိုင်ဘူး....." ချောင်ကျား၀မ် မျက်လုံးများ ပြူးကျယ်ကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
"ကျုပ်တို့ မသန့်ရှင်းနေဘူးဆိုတာ ၀န်ခံတယ်... ဒါပေမယ့် လင်းရီလည်း လက်မတ်ထိုးထားတယ်လေ.....သူကျတော့ ဘာလို့ အဖမ်းမခံရတာ....."
"မစ္စတာလင်းက ၀မ်ကွမ်းဟုန်နဲ့ တွေ့တဲ့ အချိန်ကနေစပြီးတော့ ငါတို့နဲ့ ပူးပေါင်းပြီးပြ ရှိုးပွဲဖန်တီးနေတာလေ.... ခု မင်းမှာ ဘာမေးစရာ ကျန်နေသေးလဲ......”