← Chapters

ဓားဆန္ဒ ၊ ဓားဝင်္ကပါ

Vol. 39 Ch. 524

ဓားဆန္ဒ ၊ ဓားဝင်္ကပါ

Vol. 39 Ch. 524

လိုအပ်တာတွေကို ပြင်ဆင်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းပြီး အရှေ့ယူနီကွန်းတိုက်ကြီး ပြန်သွားခဲ့ပါပြီ ။

သည်တစ်ကြိမ်မှာတော့ သူက သူနဲ့အတူ များပြားလှတဲ့ အရင်းအမြစ်တွေကိုပါ  သယ်သွားခဲ့ပါတယ် ။ ကောင်းကင်နယ်ပယ် ၊ ပြန်လည်ဝင်စားခြင်းတို့နဲ့ ပက်သက်သမျှ အရင်းအမြစ်တွေမှန်သမျှကို သူက သယ်သွားခဲ့တာပါ ။ သူက သက်တံနီ ဆေးရည် အချို့နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် အချို့ကိုပါ ဝယ်သွားခဲ့ပါသေးတယ် ။

အဲသည် ရင်းမြစ် ပစ္စည်းတွေက ကျသင့်တဲ့ တန်ဖိုးကလည်း မနည်းလှပါဘူး ။ လီဖူချန်းက သည်အရင်းအမြစ်တွေ အားလုံးအတွက် ထောက်ပံ့ရေးဒင်္ဂါး ငါးသိန်း ပေးခဲ့ရပါတယ် ။

သက်တံနီဂိုဏ်းရဲ့   ထောက်ပံရေးဒင်္ဂါးတွေက အင်မတန် တန်ဖိုး ရှိပါတယ် ။ လီဖူချန်း ပေးခဲ့ရတဲ့ ထောက်ပံ့ရေးဒင်္ဂါး ၅ သိန်းဆိုတာကို   ဝိညာဉ်ကျောက်တုံးတွေနဲ့ တွက်မယ်ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းတစ်ထောင် မကပါဘူး ။

လီဖူချန်းက သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ လီကလန် အနေနဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ မွေးထုတ်နိုင်စေဖို့အတွက်ဆိုပြီး  ရည်ရွယ်ထားခဲ့တာပါ ။

တကယ်လို့ လီကလန်က ထိပ်သီးပုဂ္ဂိုလ်တွေ မမွေးထုတ်ပေးနိုင်ရင်လည်း လီဖူချန်းအနေနဲ့  ဂရုစိုက်နေမှာ မဟုတ်ပါဘူး ။ သူ့အတွက် အရေးအကြီးဆုံးကတော့ သူ့ရဲံ့ မိဘနှစ်ပါးပါပဲ ။ သူ့မိဘနှစ်ပါး ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်ပြီး လူ့သက်တမ်း ၂၅၀ အထိ  နေနိုင်ရင်ပဲ လီဖူချန်းက ကျေနပ်နေပါပြီ ။

သူ ယူလာတဲ့ အရင်းအမြစ် ပစ္စည်းတွေနဲ့ ဆိုရင်တော့ သူ့မိဘ နှစ်ပါးဟာ  ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို ရောက်ဖို့အတွက် ပြသနာ ရှိစရာ  အကြောင်း မရှိပါဘူး ။ ပြီးတော့ သူ့မိဘ နှစ်ပါးရဲ့ အရိုးတည်ဆောက်ပုံကလည်း ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ အဆင့်ကို ရောက်နေခဲ့ပါပြီ ။ အဲသည်အတွက် လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်တာနဲ့ သူ့မိဘ နှစ်ပါးဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို သေချာပေါက် ရောက်မှာပါပဲ ။

လီကလန်……

လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကတည်းက လီကလန်ဟာ လီဖူချန်းရဲ့ အကြံပေးချက်အရ ဖုန်းရွှယ်ဂိုဏ်းကနေ ခွဲထွက်သွားခဲ့ပါပြီ ။ အခုတော့ လီကလန်ဟာ ဖုန်းရွှယ် နယ်မြေဒေသရဲ့  အရှေ့တောင်စွန်းစွန်းမှာ ရှိတဲ့ တောင်တန်းကြီး တစ်ခုပေါ်မှ အခြေချ နေထိုင်လျက် ရှိနေကြပါတယ် ။

ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ ကလန်ကို ဖုန်းရွှယ်ဂိုဏ်းက သည်အတိုင်း လက်လွှတ်စပယ် မခွဲထွက်စေပါဘူး ။ သူတို့က အရှေ့ယူနီကွန်း တိုက်ပေါ်မှာ ရှိတဲ့ ထိပ်သီး ဝင်္ကပါ ဆရာသခင်တွေကို ဖိတ်ကြားပြီး လီကလန်အတွက် အဆင့်၅ ဓားဝင်္ကပါတစ်ခု တည်ဆောက်စေခဲ့ပါတယ် ။ ထိပ်သီး ဝင်္ကပါ ဆရာသခင်တွေကလည်း လိုလိုလားလားပါပဲ ။ သူတို့က ဖုန်းရွှယ်ဂိုဏ်းရဲ့ ဖိတ်ကြားမှုကို လက်ခံပြီး လီကလန်အတွက် အဆင့်၅ ဓားဝင်္ကပါတစ်ခုကို ဝိုင်းဝန်း တည်ဆောက်ပေးခဲ့ကြပါတယ် ။ အဲဒါကတော့ လီဖူချန်းရဲ့ မျက်နှာကြောင့်ပဲ ဖြစ်ပါလိမ့်မယ် ။

အဲသည် ဓားဝင်္ကပါက အဆင့်မြင့်  ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် ဆယ်ယောက်ကျော်ရဲ့ တိုက်ခိုက်မှုကိုတောင် ခေတ္တခဏ တောင့်ခံနိုင်စွမ်း ရှိပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ဒါကို လုံလောက်တယ်လို့ မထင်ပါဘူး ။ အဲသည်အတွက် သူက ဓားဝင်္ကပါထဲကို သူ့ရဲ့ ဓားဆန္ဒ ပေါင်းထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

သိုင်းဆန္ဒ……

မြေကမ္ဆာအဆင့် သိုင်းဆန္ဒတွေဟာ အသုံးပြုသူရဲ့ အလိုအရ သိုင်းပညာရပ်တွေ ထဲကနေ ခွဲခွာနိုင်စွမ်း ရှိနေပါပြီ ။ ဒါပေမဲ့လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်ရင်တော့ အဲသည် သိုင်းဆန္ဒတွေဟာ အလိုအလျောက် ပြန်လည် ပျောက်ကွယ်သွားမှာပါ ။ သိုင်းဆန္ဒတစ်ခု အချိန်ဘယ်လောက် အထိ တည်တံ့နေမလဲ ဆိုတာကတော့  အစစ်အမှန် စိတ်ဝိညာဉ်ရဲ့ အားကောင်းမှုနဲ့ပဲ သက်ဆိုင်ပါတယ် ။

အစစ်အမှန် စိတ်ဝိညာဉ် အားကောင်းလေလေ ၊ သိုင်းဆန္ဒက ပိုပြီး အချိန်ကြာကြာ တည်တံ့လေလေပါပဲ ။ အဲဒါက တိုက်ရိုက်အချိုးကျတယ်လို့ ဆိုရပါမယ် ။

မြူခိုးတို့ရဲ့ မြေမှာ လီဖူချန်း ကြုံတွေ့ခဲ့ဖူးတဲ့ သိုင်းဆန္ဒ တစ်ခုဆိုရင်  နှစ်ပရိစ္ဆေဒတွေ အကြာကြီး ရှိနေတာတောင်မှ မပျက်စီးသေးပါဘူး ။

******--------******--------******

ဟူး……ဟူး……ဟူး………

ဆီးနှင်းကောင်းကင်လို့ အမည်ပေးခြင်း ခံထားရသော တောင်တန်းတစ်ခု ………

သည်တောင်တန်းရဲ့ အမြင့်ဆုံး တောင်ထွတ် တစ်ခု အပေါ်မှာတော့ လူငယ် တစ်ယောက်နဲ့ သက်လတ်ပိုင်းအရွယ် စုံတွဲ တစ်တွဲ ရှိနေပါတယ် ။

အဲသည်လူငယ်ကတော့ လီဖူချန်း ဖြစ်ပြီး သက်လတ်ပိုင်းအရွယ် စုံတွဲကတော့ လီရှန်းဟန် နဲ့ ရှန်းယုရန်တို့ပါပဲ ။ သူတို့နှစ်ဟောက်ကတော့ လီဖူချန်းရဲ့ အနောက် ခပ်လှမ်းလှမ်းမှာ ရပ်နေကြတာပါ ။

" ဟိတ် "

အသက်ကို တစ်ဝကြီး ရှုသွင်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းက မာန်တစ်ချက် သွင်းလိုက်ကာ ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပါတယ် ။

" ဓားဆန္ဒ လာစမ်း "

အော်သံ အဆုံးမှာတော့ လီဖူချန်းရဲ့   ခန္ဓာကိုယ်ထဲကနေပြီး ကြောက်ခမန်းလိလိ ပူပြင်းတောက်ပနေတဲ့ ဓားဆန္ဒ တစ်ခု တိုးထွက်လာခဲ့ပါပြီ  ။  အဲသည်ဓားဆန္ဒက အလွန်တရာမှ ပူပြင်းနေပေမယ့်လည်း စမ်းရေအသွင် စီးဆင်းကာ လေထုထဲမှာ မျောလွင့် သွားလာနေပါတယ် ။

မျောလွင့်မီးလျှံ ဓားဆန္ဒ ………

အဲဒါကတော့ လီဖူချန်းရဲ့ မျောလွင့်မီးလျှံ ဓားဆန္ဒပါပဲ ။

လီဖူချန်းက လွန်ခဲ့တဲ့ တစ်လကျော်ကပဲ မျောလွင့်မီးလျှံ ဓားသိုင်းကို တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့  အဆင့်အထိ  ရောက်အောင် လေ့ကျင့်ထားနိုင်ခဲ့ ပြီးပါပြီ ။ သည်မျောလွင့်မီးလျှံ ဓားဆန္ဒဟာ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားဆန္ဒထက်ကို ပိုအစွမ်း ထက်ပါတယ် ။ ဒါကြောင့်လည်း လီဖူချန်းက အဆင့်၅ ဓားဝင်္ကပါထဲမှာ မျောလွင့်မီးလျှံ ဓားဆန္ဒ ထည့်သွင်းဖို့အတွက် ဆုံးဖြတ်ချက် ချထားခဲ့တာပါ ။

" ဝင်စမ်း "

လီဖူချန်းရဲ့ အမိန့်ပေးသံ အဆုံးမှာတော့ မျောလွင့်မီးလျှံ ဓားဆန္ဒဟာ စမ်းရေလို ညင်သာစွာနဲ့ ဓားဝင်္ကပါထဲကို စီးဝင်သွားပါတော့တယ် ။  အစောပိုင်းတုန်းက ပျောက်ကွယ်နေတဲ့ ဓားဝင်္ကပါဟာလည်း အနီရောင်ဖျော့ဖျော့ အလင်းတန်းတွေနဲ့အတူ လေထုထဲမှာ ပေါ်လာခဲ့ပါပြီ ။ ကြည့်ရတာတော့ လီဖူချန်းရဲ့ မျောလွင့်မီးလျှံ ဓားဆန္ဒက ဝင်္ကပါကို ပေါ်လာစေတဲ့ ပုံပါပဲ ။

မျောလွင့်မီးလျှံ ဓားဆန္ဒက ဝင်္ကပါထဲ ကို တဖြည်းဖြည်း စီးဝင်နေတာနဲ့အမျှ လီဖူချန်းရဲ့ မျက်နှာဟာလည်း ဖြူလျော့လာခဲ့ပါတယ် ။သူ့ရဲ့ နဖူးပေါ်ကနေလည်း ချွေးစေးတွေ တဒီးဒီး စီးကျနေခဲ့ပါပြီ ။

" ဟူး…… ဒါက ငါထင်ထားသလို မလွယ်ဘူးဘဲ "

အစောပိုင်းတုန်းကတော့ လီဖူချန်းဟာ ဓားဝင်္ကပါထဲကို  မျောလွင့်မီးလျှံ ဓားဆန္ဒ ပေါင်းထည့်ဖို့ ဆိုတာက အလွယ်လေးလို့ ထင်ထားခဲ့တာပါ ။ ဒါပေမဲ့ တကယ့်လက်တွေ့ လုပ်ကြည့်တဲ့ အခါမှာတော့ သည်ကိစ္စက သူထင်ထားသလို မလွယ်ကူခဲ့ပါဘူး ။ လုပ်ငန်းစဉ် ပြီးဆုံးတဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ စိတ်တွေဟာ နွမ်းလျပြီး ခန္ဓာကိုယ် တစ်ခုလုံးဟာလည်း  လေးလံထိုင်းမှိုင်းနေတာကို သတိပြုမိ လိုက်ပါတယ် ။

ဒါက သူ့ကို သတိမေ့လဲ သွားစေတဲ့အထိ မတတ်စွမ်းနိုင်ပေမယ့်လည်း သည်လို ခံစားချက်မျိုးကိုတော့ သူ့အနေနဲ့ တစ်ခါမှ မခံစားခဲ့ဖူးတာ အမှန်ပါပဲ ။

" ငါ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က အားအင် ကုန်ခန်းသွားတာများလား "

လီဖူချန်းက တွေးလိုက်မိပါတယ် ။

သိုင်းဆန္ဒချည်း သက်သက်က သီးသန့် အကြာကြီး မဖြစ်တည်နိုင်ပါဘူး ။ ထိပ်သီး ကျင့်ကြံသူတွေက သိုင်းပညာတွေ ဖလှယ်တဲ့ အခါမျိုးမှာဆိုရင် သိုင်းဆန္ဒတွေက ခေတ္တခဏလေးပဲ ဖြစ်တည်လာကြတာပါ ။ သာမန် အခြေအနေတွေမျိုးမှာ ဆိုရင်တော့ သိုင်းဆန္ဒတွေဟာ ဖြစ်တည်ပြီး သိပ်မကြာခင်မှာ ပြိုကွဲပျက်ပြယ် သွားကြတာပါပဲ ။ တကယ်လို့ သိုင်းဆန္ဒ တစ်ခုက အချိန် အကြာကြီး ဖြစ်တည်နေမယ်ဆိုရင် အတော်လေး အံ့သြစရာ ဖြစ်သွားပါလိမ့်မယ် ။

တကယ်လို့ ကျင့်ကြံသူ တစ်ယောက်က သိုင်းဆန္ဒ တစ်ခုကို အချိန်ကြာကြာ တည်တံ့စေချင်တယ် ဆိုရင်တော့ အဲသည် ကျင့်ကြံသူ အနေနဲ့ အစစ်အမှန် စိတ်ဝိညာဉ် စွမ်းအားကို မသုံးလို့ကို မရပါဘူး ။ ကျင့်ကြံသူက သိုင်းဆန္ဒထဲကို အစစ်အမှန် စိတ်ဝိညာဉ်စွမ်းအားတွေ ထည့်သွင်းပေးထားမှသာ အဲသည် သိုင်းဆန္ဒဟာ အချိန်ကြာကြာ တည်တံ့နေနိုင်မှာပါ ။

အစစ်အမှန် စိတ်ဝိညာဉ် ……

ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ အစစ်အမှန် စိတ်ဝိညာဉ်ရဲ့ အခန်းကဏ္ဍဟာ စိတ်ဝိညာဉ်လိုပဲ အရေးကြီးပါတယ် ။

တကယ်လို့ စိတ်ဝိညာဉ်က လူတစ်ယောက် ဆိုရင် အစစ်အမှန် စိတ်ဝိညာဉ်က လှေတစ်စင်းလို့ ဆိုရပါမယ် ။

လှေဆိုတာက  လှေပေါ်မှာ ရှိတဲ့ လူကို ရေထဲ ပြုတ်မကျအောင် ကူညီပေးထားတဲ့ အရာပင် မဟုတ်ပါလား ။

တကယ်လို့ အစစ်အမှန် စိတ်ဝိညာဉ်က စွမ်းအား ကုန်ခန်းသွားပြီ ဆိုရင်တော့ အဲဒါက ကျင့်ကြံသူရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သက်ရောက်မှု ရှိစေပါတယ် ။ ပြီးတော့ အဲသည်စွမ်းအားက အချိန်တို အတွင်းမှာ ပြန်ပြည့်တတ်တာမျိုးလည်း မဟုတ်ပါဘူး ။

" အင်း…… မျောလွင့်မီးလျှံ ဓားဆန္ဒက အချိန်ကြာကြာ တည်တံ့နေပါစေလို့ ငါ ဆုတောင်းပါတယ်ကွာ "

လီဖူချန်းက ကျိတ်ပြီး ဆုတောင်းလိုက်ပါတယ် ။

ဓားအင်းကွက်ထဲကို ဓားဆန္ဒ ထည့်သွင်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မြေပြင်ပေါ်ကို  ပြန်လည်ဆင်းသက် လာခဲ့ပါပြီ ။

မြေပြင်ပေါ်မှာ အတန်ကြာ အနားယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက  ဝင်္ကပါရဲ့ အစွမ်းကို စမ်းသပ်ဖို့ ပြင်ပါတော့တယ် ။

" သည်ဝင်္ကပါရဲ့ အစွမ်းကို တစ်ချက်လောက် စမ်းကြည့်ဦးမှ "

စကားအဆုံးမှာတော့ လီဖူချန်းက ဓားဝင်္ကပါဆီကို ပျံသန်းသွားပြီး ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ခုတ်ချလိုက်ပါတယ် ။

ရွှီး……ရွှီး……ရွှီး……

ထန်……

ဓားဝင်္ကပါလည်း လီဖူချန်းရဲ့ တိုက်ခိုက်မှုကို သည်အတိုင်း ငြိမ်ခံမနေပါဘူး ။ ဓားဝင်္ကပါထဲ ဓားအလင်းတန်းတွေဟာ သက်ဝင်လှုပ်ရှားလာပြီး လီဖူချန်းရဲ့ ဓားချက်ကို အလွယ်တကူပဲ ခုခံလိုက်ပါတယ် ။ တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေ ထွက်ပေါ်လာပြီး လီဖူချန်းကို ပြန်လည်တိုက်ခိုက် လိုက်ပါသေးတယ် ။

ထန်……ထန်……ထန် ……ထန်……

" မဆိုးဘူး "

ဓားအလင်းတန်းတွေကို ချေဖျက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ကျေနပ်သွားခဲ့ပါပြီ ။

မျောလွင့်မီးလျှံ ဓားဆန္ဒ ပေါင်းထည့်ထားပေးတဲ့ သည်ဓားဝင်္ကပါဟာ သူ့ရဲ့ အားကုန်ထုတ်ပြီး ခုတ်လိုက်တဲ့ ဓားချက်ကိုတောင် ခံနိုင်နေတာ မဟုတ်ပါလား။

သူ့ရဲ့ အားကုန်ထုတ်ပြီး ခုတ်ချလိုက်တဲ့ ဓားချက်ဟာ သာမန် တိုက်ပွဲဝိညာဉ် နယ်ပယ် အလယ်အလတ်အဆင့် ဆရာသခင် တစ်ပါးရဲ့ တိုက်ခိုက်မှုနဲ့ ညီမျှပါတယ် ။ အဲဒါက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ တတ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး ။

အစောပိုင်းတုန်းက သည်ဓားဝင်္ကပါ အဆင့်၅ဆိုရင် အခုတော့ သည်ဓားဝင်္ကပါ အဆင့်၆ ဖြစ်သွားပါပြီ ။ လီကလန်က သည်ဓားဝင်္ကပါထဲက မထွက်သရွေ့တော့ အရှေ့ယူနီကွန်း တိုက်မှာ ရှိတဲ့ ဘယ်ပညာရှင်ကမှ လီကလန်ကို ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး ။

" အဖေ…… အမေ …… ကျွန်တော်က မကြာခင်မှာပဲ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တက်လှမ်းတော့မှာ ။ အဲသည်တော့ နောက်ပိုင်းကျရင် ကျွန်တော်က အရှေ့ယူနီကွန်းတိုက်ကို ပြန်လာချင်နိုင်မှ လာနိုင်တော့မယ် ။ ပြီးတော့  "

ဓားဝင်္ကပါက စိတ်ချရပြီဆိုတာ သေချာသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက မြေပြင်ပေါ်ကို ပြန်လည် ဆင်းသက်လာပြီး သူ့ရဲ့ မိဘနှစ်ပါးကို တောင်းပန်စကား ဆိုလိုက်ပါတယ် ။

လီဖူချန်းရဲ့ စကား မဆုံးခင်မှာပဲ လီရှန်းဟန်က လက်ကာပြလိုက်ပြီး

" ဖူချန်း…… သားက အဖေတို့ကို သားတတ်နိုင်တာတွေ အားလုံး လုပ်ပေးခဲ့ပြီးပြီလေ ။ စိတ်မပူပါနဲ့ ။ အဖေနဲ့ သားအမေက ကြိုးကြိုးစားစား ကျင့်ကြံပြီး ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို ရောက်အောင် လုပ်မှာပါ ။ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်ပြီဆိုတာနဲ့ အဖေတို့ရဲ့ သက်တမ်းက နှစ် ၂၅၀ ဖြစ်သွားမှာလေ ။ အဖေတို့က အခုမှ အသက်၅၀ နီးပါးပဲ ရှိပါသေးတယ် ။ နောက်နှစ်ပေါင်း ၂၀၀ အတွင်းမှာတော့ အဖေတို့ သေဦးမှာ မဟုတ်ဘူး ။ အဲသည်တော့ သားအနေနဲ့ သားရဲ့ သိုင်းတာအို အပေါ်မှာပဲ သေချာ အာရုံစိုက်ပြီး လျှောက်လမ်းနေသင့်တယ် ။ဘာအကြောင်းနဲ့မှာ နှောင့်နှေးမနေစေနဲ့ ။မဟုတ်ရင် မင်းအမေနဲ့ အဖေက တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရလိမ့်မယ် "

ရှန်းယုရန်ကလည်း နူးညံ့စွာ ပြုံးလိုက်ပြီး

" ဖူချန်း…… သားအဖေ ပြောတာ မှန်တယ် ။ အခုအချိန်မှာ အရေးအကြီးဆုံးကတော့ သားရဲ့ သိုင်းတာအိုပဲ ။ သားအဖေနဲ့ အမေက သားဟာ သားနဲ့သက်ဆိုင်တဲ့ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ် ချန်ထားနိုင်ခဲ့လိမ့်မယ်လို့ ယုံကြည်တယ် "

သူတို့နှစ်ယောက်စလုံးက သူတို့ရဲ့ သားလိမ္မာ ၊ သားချောကြီးကို လွမ်းနေမှာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လည်း သူတို့က သူတို့ရဲ့ သားဖြစ်သူကို နောက်ဆံတင်း မနေစေချင်ပါဘူး ။ လီဖူချန်းက သာမန်လူတစ်ယောက် အဖြစ် နေထိုင်ဖို့ မွေးဖွားလာခဲ့တာ မဟုတ်ပါဘူး ။ သူက တစ်မူထူးခြားတဲ့ လူအဖြစ် နေထိုင်ဖို့ ကံကြမ္မာ ပါလာခဲ့ပြီးသား မဟုတ်ပါလား ။

****----****----*****------*****-------

" အဖေ ……အမေ……  ကျွန်တော် သွားတော့မယ်နော် ။ စိတ်မပူပါနဲ့ ။ တစ်နေ့ကျရင် အရှေ့ယူနီကွန်းတိုက်ကို ကျွန်တော် မရောက်ရောက်အောင် ပြန်လာခဲ့ပါမယ် "

နောက်တစ်နေ့မှာတော့ လီဖူချန်းဟာ သူ့ရဲ့ မိဘနှစ်ပါးကို နှုတ်ဆက်ပြီး အရှေ့ယူနီကွန်း တိုက်ကနေ ထွက်ခွာသွားခဲ့ပါပြီ ။

" သားလေး…… ဖူချန်း……ဂရုစိုက်ဦးနော် "

ရှန်းယုရန်ကတော့  သားဖြစ်သူရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ကျန်နေခဲ့ပါတော့တယ် ။ သူမက မျက်ရည်မကျအောင် အတင်း ချုပ်တည်းထားရတယ် ဆိုတာ သံသယ ဝင်နေစရာ မလိုပါဘူး ။

လီရှန်းဟန်က ရှန်းယုရန်ရဲ့ ပခုံးလေးကို ခပ်တင်းတင်း ဖျစ်ညှစ်လိုက်ပြီး ဖြေသိမ့်လိုက်ပါတယ် ။

" ညီမ…… အရမ်းလည်း ဝမ်းနည်းမနေပါနဲ့ ။ အစ်ကိုတို့ နောက်ထပ် ကလေးတစ်ယောက် ယူလို့ ရသေးတာပဲလေ "

ရှန်းယုရန်က မျက်နှာ နီမြန်းသွားခဲ့ပြီး ရှက်ရွံ့စွာနဲ့

" တကယ်လား အစ်ကိုလီ "

လီရှန်းဟန် ပြောတာက မမှားပါဘူး ။ ကျင့်ကြံခြင်း လောကမှာက သူတို့နှစ်ယောက်ရဲ့ အသက်ဟာ ငယ်ရွယ်သေးတယ်လို့ ဆိုနိုင်ပါတယ် ။ ကောင်းကင်နယ်ပယ် ပညာရှင်တွေအတွက်တောင်မှ အသက်၅၀ ဆိုတာဟာ အရွယ်ကောင်း ဖြစ်နေဆဲပါပဲ ။

" ဒါပေါ့ ။ ကဲ…… အစ်ကိုပြောတဲ့ အစီအစဉ်ကို သွားပြီး အကောင်အထည် ဖော်ကြရအောင် ။ ဒါပေမဲ့ အစ်ကိုတို့ရဲ့ ကျင့်ကြံမှုကိုလည်း   နှောင့်နှေးစေလို့ မရဘူးနော် ။ နောက်တစ်ခေါက် ဖူချန်း ပြန်လာရင် အစ်ကိုတို့က ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်နေမှ ဖြစ်မယ် "

စကားဆုံးတဲ့ နောက်မှာတော့ လီရှန်းဟန်က ရှန်းယုရန်ရဲ့ သေးသွယ်ကျစ်လစ်ပြီး ငှက်မွှေးသမျှ နူးညံ့တဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီကာ အိပ်ခန်းထဲ ဦးဆောင်သွားပါတော့တယ် ။

" အား…… အစ်ကို "

" ခစ်… ခစ် … "

အိပ်ခန်းထဲမှာတော့ အချစ်ငှက်လေး နှစ်ကောင်ရဲ့ ချစ်တေးသံ သီကျူးမှုတွေ နဲ့ ချစ်ရနံ့တွေက ကြိုင်မွှန်းနေခဲ့ပါပြီ ။

******-------******--------*****------****-----

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို အရောက်မှာ လီဖူချန်း ပထမဦးဆုံး လုပ်တာကတော့ အနားယူတာပါပဲ ။ သူက အနားယူဖို့ လိုကို လိုအပ်ပါတယ် ။ စိတ်ဝိညာဉ် စွမ်းအား ကုန်ခန်းမှုကြောင့် သူ့ရဲ့ လက်ရှိ အခြေအနေဟာ အကောင်းဆုံး အနေအထားမှာ ရှိမနေပါဘူး ။ တကယ်လို့ သူက သည်အခြေအနေနဲ့ အဆင့်တက်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် မျှော်လင့်မထားတဲ့ ပြသနာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ် ။

***

All Chapters