← Chapters

လင်းရီနှင့် ကျောက်ဝေကြားမှ နောက်ထပ် ဂိမ်းတစ်ခု

Vol. 29 Ch. 434

လင်းရီနှင့် ကျောက်ဝေကြားမှ နောက်ထပ် ဂိမ်းတစ်ခု

Vol. 29 Ch. 434

“ မင်း ငှက်ပျောသီးစားတာများလို့ ခေါင်းထိသွားတာလား…” လင်းရီ ပြောလိုက်ပြီး

“ အပြင်ပိုင်းက ချစ်စရာကောင်းတဲ့ အလှလေးဆိုတာကတော့ လက်ခံလို့ရပါသေးတယ်… ဒါပေမယ့် သာမန်လူတွေထက် ပိုပြီး ဉာဏ်ထက်မြက်တယ်ဆိုတာကတော့ လွန်သွားပြီ…ဘာပဲဆိုဆို နှလုံးအထူးကုဌာနမှာ သာမန်လူတွေမှ မရှိတာ…”

“ အိုး… အွန်း… ဟုတ်သားပဲနော်…”

“ နင်တို့နှစ်ယောက်…. လေးလေးနက်နက်နေကြစမ်း…. ဒီမှာ အရေးကြီးကိစ္စဖြစ်နေတယ်…”

လီချူးဟန်မှ လင်းရီတို့နှစ်ယောက်ကို ကြိမ်းမောင်းလိုက်သည်။

“ ဒါရိုက်တာလီ… အစ်ကိုရီ … ညီမရဲ့ နှစ်ပေါင်းများစွာ ကိုနန်ကြည့်လာတဲ့ အတွေ့အကြုံတွေအရဆိုရင် လူနာက အသတ်ခံလိုက်ရတယ်ဆိုတာ လုံးဝသေချာတယ်….. စုံစမ်းစစ်ဆေးဖို့ ရဲခေါ်လိုက်ကြရအောင်လေ…”

နာ့စ်များကတော့ ဒေါက်တာသုံးယောက်မှ သေဆုံးသွားသည့်လူနာကို ကြည့်ရင်း အမျိုးမျိုးကောက်ချက်ချနေသည်ကိုမြင်တော့ သူမတို့အားလုံး စုံထောက်ကျော် ဇာတ်ကားကြည့်နေသည့်အလား ထင်ယောင်ထင်မှား ဖြစ်နေခဲ့ကြ၏။

ဒါငါတို့ရဲ့ ဒေါက်တာတွေတဲ့လား….

ဘာလို့ နာမည်ကြီး စုံထောက်တွေနဲ့ ပိုတူနေပါလိမ့်…

“ လူတိုင်းပဲ…. အခု အခင်းဖြစ်ပွားတဲ့ နေရာက ဘယ်ပစ္စည်းကိုမှ မထိတွေ့ မကိုင်တွယ်ကြပါနဲ့နော်….” ချောင်ရှင်း လူတိုင်းကို သတိပေးလိုက်သည်။

ယင်းကလည်း လင်းရီ ပြောချင်နေသည့် စကားလုံးများပင်။ အကယ်၍ စက်ပစ္စည်းကြောင့်သာဆိုပါက ဆေးရုံမှာ ကြီးမားသည့် တာဝန်ယူမှုကို သေချာပေါက် ပြုရပေမည်။

သို့သော်လည်း လူ့ပရောဂကြောင့် ဖြစ်သည်ဆိုလျှင်တော့ အခင်းဖြစ်ပွားသည့်‌ နေရာကို ကာကွယ်ထားသည်က မှန်ကန်သည့် ရွေးချယ်မှုဖြစ်၏။

သို့သော်လည်း အမှုကသာ လူသတ်မှု ဆိုပါက ကိစ္စများမှာ ပိုမိုရှုပ်ထွေးလာနိုင်ချေရှိသည်။

ဆေးရုံအနီး၌ ရဲဌာနတစ်ခုရှိသောကြောင့် ရဲအရာရှိများ ရောက်ရှိလာရန် အချိန်သိပ်မယူလိုက်ရပဲ ဆယ်မိနစ်အတွင်း ရောက်ရှိလာခဲ့ကြ၏။ ထို့နောက် ဓာတ်ပုံရိုက်သူရိုက်နှင့် အမှုကို စတင်စုံစမ်းဖော်ထုတ်ကြလေသည်။

“ ဟေး ဟေး ဟိုနားက မိသားစုဝင်ဆိုတဲ့တစ်ယောက်… မင်းဘယ်သွားမလို့လဲ…”

အမှုစုံစမ်းနေသောကြောင့် လက်ရှိရောက်နေသူများကို ယာယီ ထွက်သွားခွင့် တားမြစ်ထားလေသည်။

အသံကြား၍ လူတိုင်းလှည့်ကြည့်လိုက်သောအခါ လှေကားနားရှိ တံခါးဝသို့ ပြေးနေသည့် ရှရှောင်ထုံးကို မြင်တွေ့လိုက်ရ၏။

“ ဟေ့ အဲ့မှာရပ်စမ်း….”

ရှရှောင်ထုံး ထွက်ပြေးတော့မည်ကိုမြင်တော့ ရဲများမှာ ညာသံပေး၍ စတင်လိုက်ကြလေသည်။

အခြေအနေမဟန်သည်ကို မြင်တော့ ရှရှောင်ထုံးလည်း တံခါးဖွင့်၍ အောက်ထပ်သို့ အရေးတကြီး ပြေးဆင်းသွားခဲ့၏။

“ ရှောင်ကျန်း… မင်းရဲ့ လူတွေကို ခေါ်ပြီးတော့ ဆေးရုံတံခါးဝတွေအကုန် လော့ခ်ချထားလိုက်…. လောင်ကျန်း နဲ့ ရှောင်လျို… မင်းတို့ ငါ့နောက်လိုက်ခဲ့ကြ….”

ခေါင်းဆောင်၏ အမိန့်ပေးမှုနှင့်အတူ ရဲသားများမှာ ရှရှောင်ထုံးကို လိုက်လံ ဖမ်းဆီးကြတော့၏။

လက်ရှိအခြေအနေတွင်တော့ ရှရှောင်ထုံးမှာ လက်သည်တရားခံ ဖြစ်နေကြောင်းကို လူတိုင်း ခန့်မှန်းနိုင်လေသည်။ မဟုတ်ပါက သူမထွက်ပြေးလိမ့်မည်မဟုတ်ချေ။

မိနှစ်နှစ်ဆယ်ကျော်ကြာပြီးနောက် ရှရှောင်ထုံး လက်ထိပ်ခတ်လျက်အနေအထားနှင့် ရောက်လာခဲ့သည်။ သူမ၏ ဒူးတို့မှာလည်း ပေါက်ပြဲနေလေသည်။ ပြေးရင်းချော်လဲ၍ အဖမ်းခံလိုက်ရခြင်းပင်။

“ ရှရှောင်ထုံး နင်ဘယ်လိုတောင် လုပ်ရက်တာလဲ….”

ဖြန်း

လျိုကျင်းယွီ ပါးပိတ်ရိုက်လိုက်၏။ “ ငါ့ရဲ့ လျိုမိသားစုက နင့်ကို ဘာလုပ်နေလို့လဲ …. နင်ဘာလို့ ငါ့အဖေကို ခုလို လုပ်ရက်နိုင်ရတာလဲ…”

ရှရှောင်ထုံးဖွာလန်ကြဲနေသည့် ဆံပင်ပုံစံဖြင့် သူမမျက်လွှာကိုအောက်သို့ ချထား၏။ လျိုကျင်းယွီ ပါးရိုက်သည်ကိုတောင်မှ တစ်ခွန်းပြန်မပြောနိုင်တော့ချေ။

လက်ရှိ သူမ လူသတ်တရားခံဖြစ်ကြောင်း သိရှိသွား၍ အနိမ့်ဆုံး အနှစ်နှစ်ဆယ်လောက်တော့ သံတိုင်များနောက်တွင် အချိန်ကုန်ဆုံးရပေတော့မည်။ ထို့ကြောင့် သူမ စကားတို့ပြောနေလည်း အသုံးမဝင်သောကြောင့် ကံတရားကို လက်ခံလိုက်ကာ နှုတ်ဆိတ်နေလိုက်လေသည်။

လျိုကျင်းဝေကသာလျှင် အံ့အားသင့်နေခဲ့၏။ သူ၏ ဇနီးသည်မှာ လူသတ်တရားခံ ဖြစ်နေလိမ့်မည်လို့ သူတစ်ခါမှ မျှော်လင့်မထားခဲ့ချေ။

သို့သော်လည်း အမှန်တရားက သူ့မျက်စိရှေ့ရောက်နေပြီးဖြစ်၏။ သူမျက်ရည်တို့ စီးကျလာကာ အမှန်တရားကို လက်ခံလိုက်ရလေသည်။

“ ဒါရိုက်တာလီ ရုပ်အလောင်းကိုတော့ ကျွန်တော်ဆေးရုံမှာ ခဏ ထားထားခဲ့မယ်… တရားခံနဲ့ နစ်နာသူမိသားစုကိုတော့ စခန်းအရင်ခေါ်သွားလိုက်ဦးမယ်…”

“ ကောင်းပါပြီ…. ကျွန်မတို့ သေချာလေးပူးပေါင်းဆောင်ရွက်ပေးပါ့မယ်…”

ထို့နောက် လူတိုင်း စတင်အလုပ်ရှုပ်ကြတော့သည်။ အလောင်းကိုလည်း ရင်ခွဲရုံသို့ ပို့လိုက်ကြ၏။

မိနစ်နှစ်ဆယ်ကြာပြီးနောက် ကိစ္စများအားလုံး‌ဖြေရှင်းပြီးသွားချေပြီ။

“ ကောင်းပြီ… ဒီကိစ္စက ဖြေရှင်းပြီးသွားပြီဆိုတော့ လူတိုင်းပဲ ပြန်နားလို့ရပြီ.. မနက်ဖြန် ဆေးရုံက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာရှာလာနိုင်တယ်ဆိုတော့ လူတိုင်းပဲ စိတ်ကို ပြင်ဆင်ထားကြပါ…” လီချူးဟန်ပြောလိုက်သည်။

လူတိုင်းခေါင်းညိမ့်လိုက်ကြ၏။ အမှုမှာ သူတို့နှင့် မသက်ဆိုင်သော်လည်း နောက်ဆုံးတွင်တော့ ဖြစ်သွားခဲ့သည်မှာ သူမတို့၏ နှလုံးဌာနတွင် ဖြစ်လေသည်။ ထို့ကြောင့် ဆေးရုံမှ သူတို့ကို မေးခွန်းထုတ်လာမည်မှာ သာမန်သာဖြစ်၏။

“ လင်းရီ… ချောင်ရှင်းကို ကျန်တဲ့ ဂျူတီတစ်ဝက် စောင့်ခိုင်းလိုက်… နင်နားနေခန်းထဲ ပြန်နားလို့ရပြီ..”

“ ကောင်းပြီလေ…”

ညသန်းခေါင်ယံအချန်သို့ ရောက်သောအခါ လင်းရီ လီချူးဟန်၏ နားနေခန်းသို့ ရောက်လာခဲ့၏။

အခန်းထဲတွင်တော့ လီချူးဟန်လည်းရှိနေလေသည်။ သို့သော်လည်း လင်းရီကတော့‌ ထွေထူးဂရုစိုက်မနေချေ။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးလုံးမှာ အင်္ကျီများ ဝတ်ဆင်ထားကြ၏။

နှစ်ယောက်သား နံနက် ခုနစ်နာရီ မထိုးခင်အချိန်အထိ အိပ်မောကျနေခဲ့ကြပြီး ချောင်ရှင်းမှ နံနက်စာ ဝယ်လာပို့သည့် အချိန်တွင်တော့ ကုန်းရုန်းထကာ မျက်နှာသစ်၍ ဝယ်လာပေးသည့် နံနက်စာကို စားလိုက်ကြသည်။

“ ငါ ဒီနေ့ မနက် ပြင်ပလူနာဆေးခန်းမှာ ရှိနေမယ်… နင်တို့ လူနာလှည့်ပြီးလို့ ပင်ပန်းရင်လည်း နားလိုက်ကြ… မနားချင်ဘူးဆိုရင် ငါ့ကို ပြင်ပလူနာဆေးခန်းမှာ လာရှာလို့ရတယ်…” လီချူးဟန်ပြောလိုက်သည်။

“ ဒါပေမယ့် ဖုန်းတွေကိုတော့ ဖွင့်ထားကြဦးနော်… ဘယ်ချိန်ဆေးရုံက ဖုန်းဆက်လာမလဲဆိုတာ ဘယ်သူကသိမှာ…”

“ ဟုတ်ကဲ့ပါရှင့်…”

လီချူးဟန်ခေါင်းညိမ့်လိုက်၏။ ထို့နောက် သုံးယောက်သား ကိုယ်စီ လမ်းခွဲလိုက်ကြလေသည်။

လင်းရီနှင့် ချောင်ရှင်းတို့ လူနာလှည့်နေချိန်တွင် စပ်စပ်စုစုရှိသည့် လူနာအချို့မှာ လင်းရီတို့ထံ ဝိုင်းအုံလာပြီး မနေ့ညက ဖြစ်ပျက်သည်များကို မေးမြန်းနေကြ၏။ သို့သော်လည်း လင်းရီကတော့ ဘာတစ်ခုမျှ မပြောကြချေ။ သူ တရားခံမည်သူမှန်းသိသော်လည်း တရားဥပဒေအရ စစ်ဆေးမေးမြန်းနေသောကြောင့် အချိန်မရွေး အပြောင်းအလဲတို့ ဖြစ်သွားနိုင်လေသည်။ ရှရှောင်ထုံး အမှုမှ လွတ်မြောက်သွားသည်တောင်မှ ဖြစ်နိုင်ချေရှိ၏။ ထို့ကြောင့် မရေရာသည့်ကိစ္စအတွက် သူနှုတ်ပိတ်၍ နေလိုက်သည်။

စကားနှိုက်မရမှန်းသိသည့် လူနာများကတော့ လင်းရီတို့ကို ဂရုမစိုက်တော့ပဲ သူတို့အချင်းချင်း ရောက်တတ်ရာရာ အတင်းတုပ်နေကြတော့၏။

“ ဟဲ့ ငါကြားတာတော့ အဲ့အဘိုးကြီးက သူ့ချွေးမကို ထိကပါးရိကပါး လုပ်လို့ ချွေးမက ပြန်လက်စားချေလိုက်တယ်ဆိုပဲ…”

“ မဖြစ်နိုင်တာ… ငါကြားတာတော့ အဘိုးကြီးက သူ့သားအတွက် အကြွေးနဲ့ သိမ်းပိုက်ထားတယ်ဆိုပဲ… မဟုတ်ရင် ဘယ်သူက သူ့သား မဲမဲသဲသဲကြီးကို လက်ထပ်ချင်မှာ…”

“ နင်တို့ ပြေတာတွေ တစ်ခုမှမဟုတ်ဘူး…. အမှန်က……….”

နှစ်နာရီကျော်ကြာပြီးနောက် လင်းရီတို့ လူနာလှည့်ပြီးချိန်တွင် လူနာများလည်း အတင်းပြောလို့ ဝသွားကြ၏။

သူတို့ထဲက မည်သူတစ်ဦးမျှ အနားမယူကြချေ။ ထိုအစား ဆေးခန်းသို့ ထွက်လာခဲ့ကြသည်။

ပြင်ပလူနာအခြေအနေများမှာ လေ့လာရန်အကောင်းဆုံးဖြစ်၏။ အနည်းငယ် ပျင်းရိဖို့ကောင်းသော်လည်း ချောင်ရှင်း အခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။

လင်းရီကတော့ သူ ဘာ သင်ယူနိုင်မလဲဆိုတာ ဂရုမစိုက်ချေ။ စနစ်မစ်ရှင်မှာ ရုတ်တရက် ထပေးတတ်သောကြောင့်သာ သူလည်း မပျင်းရိနိုင်ပဲ ရောက်လာခဲ့ရ၏။

ကုသနေစဉ်အတွင်း လီချူးဟန်မှာ သာမန်နဲ့ မတူညီစွာ အလွန်အမင်း စိတ်ရှည်ပေးတတ်ကြောင်း သတိထားမိလိုက်သည်။

အသက်ကြီးသည့် လူနာများကို ကုသစဉ်တွင်လည်း ရောဂါအခြေအနေအကြောင်းကို စိတ်ရှည်စွာ ရှင်းပြပေးပြီး ပြောသမျှကိုလည်း နားထောင်ပေး၏။ လင်းရီကတော့ ဘေးမှထိုင်ရင်း နားထောင်နေရသည်ကိုတောင်မှ ငြီးငွေ့နေချေပြီ။ သို့သော်လည်း လီချူးဟန်ကတော့ တည်တည်ငြိမ်ငြိမ်သာရှိ၏။ ကြည့်ရသည်မှာတော့ သူမနာမည်ကြီးသည်မှာ အလကားမဟုတ်သည့်ပုံပင်။

“ နောက်ထပ် လူနာ နံပါတ် ၂၅ “

လူနာထွက်ခွာသွားပြီးနောက် ချောင်ရှင်း တံခါးဝမှနေ၍ နံပါတ်စဥ် ခေါ်လိုက်၏။

ထို့နောက် ဒေါက်မြင့်ဖိနပ်နှင့် ထောင်ထောင်မောင်းမောင်း အမျိုးသမီးတစ်ဦး ဝင်ရောက်လာလေသည်။

“ သေစမ်း….. နင်ပဲ…”

ထိုသူကတော့ ကျောက်ဝေမှလွဲ၍ တခြားသူမဟုတ်ချေ။

ဒုတိယမြောက်ညှိနှိုင်းဆေးနွေးပွဲပြီးနောက် ပြန်လည်ထကြွလာသည့် သူမ၏ နှလုံးရောဂါမှာ နောက်ပိုင်းတွင် အတော်လေး ဆိုးရွားလာပြီး မသက်သာတော့သည့်အဆုံး သူမ ဆေးလာပြရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

လင်းရီကိုမြင်တော့ ကျောက်ဝေ ကြက်သေသေသွားလေသည်။

သို့သော်လည်း တခဏမျှကြာပြီးနောက် ဆွေးနွေးစဉ်အခါက လင်းရီမှာ နှလုံးအထူးကုတစ်ယောက်ဖြစ်ကြောင်း လျန်ရူရွှယ် မိတ်ဆက်ပေးဖူးသည်ကို သတိရသွားလေသည်။

သူမ ဆေးလာပြချိန် သကောင့်သားနှင့် လာဆုံရအောင် ကမ္ဘာကြီးမှာ အတော်လေး ကျဉ်းမြောင်းနေ၏။

“ နင်တို့ နှစ်ယောက်က အချင်းချင်းသိကြတယ်ပေါ့…” လီချူးဟန် အံအားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

“ ဒါပေါ့.. သိတာပေါ့… ကျုပ်သူနှိပ်ပေးတာကို တစ်ခါခံစားဖူးတယ်လေ… သူ့ရဲ့နည်းစနစ်တွေက အတော်လေးကောင်းတယ်လို့ ဆိုရမယ်…”

“ မစ္စတာလင်း … ကျေးဇူးပြုပြီး စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ…”

လင်းရီ၏ စရိုက်ကို သိနေသောကြောင့် ကျောက်ဝေ ဒေါသမထွက်သွားပဲ အေးစက်သည့် အမူအရာဖြင့်သာ စကားပြောလိုက်သည်။

“ ဆွေးနွေးညှိနှိုင်းတဲ့အချိန်တုန်းက ကျွန်မကို ကျဉ်းထဲကြပ်ထဲရောက်အောင် တွန်းပို့နိုင်တယ်ဆိုပေမယ့် ကျွန်မတို့ဘက်က အကျိုးအမြတ် များနေတုန်းပဲ.... ဒီတော့ နင့်ရဲ့ မြောက်ကြွကြွနေတဲ့ အမူအရာကို ပြင်လိုက်...."

"ဟမ်.... အကျိုးအမြတ်...."လင်းရီ ပြောလိုက်ပြီး "မင်းတို့က ဘယ်နားကနေ အမြတ်ထွက်သွားတာ....."

ကျောက်ဝေ သူမ ထိုင်သည့် ပုံစံကို ပြောင်းလိုက်ပြီး အထင်သေးသည့် မျက်၀န်းများဖြင့် လင်းရီကို ကြည့်လိုက်သည်။

" ဆွေးနွေးပွဲ မတိုင်ခင်ကတည်းကနေ ဟွာရှရဲ့ ထိပ်တန်းဆေးရုံတွေက ကျွန်မတို့ရဲ့ ibuprofen ကို အစုလိုက်အပြုံ‌လိုက် အော်ဒါတင်ထားပြီးသား.... နင်ဒါ‌တွေကို ရှင်မသိဘူးမလား....ပြီးတော့ သူတိူ့အားလုံးက ဈေးမြင့်ပြီးတော့ ၀ယ်ဖို့ သဘောတူထားကြနော်....."

"ပြီးတော့ ကုန်တွေကလည်း ကျိုးဟိုင်ကို တစ်သုတ်ပြီး တစ်သုတ် ရောက်လာနေပြီ.... ကျွန်မဘက်က မျက်နှာသာအချို့ ဆုံးရှုံးသွားတယ်ဆိုရင်တောင် ပိုက်ဆံကတော့ ရနေသေးတုန်းပဲ...."

"မဟုတ်သေးဘူးလေ....."

လင်းရီ သူ့လက်ညိုးကို ဘယ်ညာရမ်းလိုက်ပြီး

" ခင်များ သေချာနားမလည်သေးတဲ့ သဘောတရား တစ်ခုရှိသေးတယ်.... အဲ့တာက ဟွာရှကို ပြည်ပကနေ လေယာဉ်နဲ့ တင်ပို့လာတဲ့ ဒီလီပစ္စည်းတွေဆိုရင် အခွန်နဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံတွေက မတူဘူး...."

"နင်ဘာပြောချင်နေတာလဲ....."

ကျောက်ဝေ သံသယရှိစွာ မေးမြန်းလိုက်၏။

"ကျုပ်ကို မေးနေစရာ‌တောင် မလိုပါဘူး.... ခင်များဘာခင်များ သိသွားပါလိမ့်မယ်....."

ကလင်

ထိုအချိန်တွင်ပဲ ကျောက်ဝေ၏ ဖုန်းမှာ အသံမြည်လာခဲ့၏။

မုန့်ဟိုင်ချင်း ထံမှပင်။

"ဒါရိုက်တာကျောက် မကောင်းတော့ဘူး.... အခွန်ရုံးက ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေက တစ်ခုခုမှားနေတယ်ဆိုပြီး ထိန်းသိမ်းထားလိုက်ပြီ.....”

All Chapters