← Chapters

တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းခြင်း

Vol. 39 Ch. 525

တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းခြင်း

Vol. 39 Ch. 525

နောက်ထပ် ရက်သတ္တပတ် အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ အဆင့်တက်တော့မယ့် အရိပ်အယောင်တွေကို စတင် ခံစားလာရ ပါတော့တယ် ။ ကြေးခွံဖြူ တိုက်ကြီးပေါ်ကို သူရောက်နေခဲ့တဲ့ အချိန်ကလည်း ဆယ်လတင်းတင်း ပြည့်ခဲ့ပါပြီ ။

သိုင်းတာအိုမှာက ကျင့်ကြံခြင်း နယ်ပယ်တစ်ခုကို တက်လှမ်းတယ် ဆိုတာဟာ ချီတွေကိုတင် ပြောင်းလဲသွားစေတာ မဟုတ်ပါဘူး ။ အဲ ဒါက အသက်ဓာတ် တစ်ခုလုံးကိုပါ ပြောင်းလဲစေတာပါ ။

ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ လူ့သက်တမ်း နှစ်ပေါင်း ၂၅၀သာ ရှိပေမယ့် တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေကတော့ လူ့သက်တမ်း နှစ်ပေါင်း ၅၀၀ အထိ အသက်ရှင် နေထိုင်နိုင်ကြပါတယ် ။

ပြီးတော့ စိတ်ဝိညာဉ် ၊ ချီ နဲ့ သွေးတွေဟာလည်း ပိုပြီး အားကောင်းလာကြပါသေးတယ် ။

စိတ်ဝိညာဉ် အရည်အသွေးပိုင်းမှာ ဆိုရင်တော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ  ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေထက် မနိမ့်ကျပါဘူး ။ ဒါပေမဲ့လည်း စိတ်ဝိညာဉ် သန်မာအားကောင်းမှု အပိုင်းမှာ ဆိုရင်တော့ လီဖူချန်းဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်   ဧကရာဇ်တွေကို ယှဉ်ဖို့ အများကြီး လိုအပ်နေဆဲပါပဲ ။

" အင်း…… ငါ့ရဲ့ လစဉ် ရနေတဲ့ ထောက်ပံ့ရေး ရမှတ်တွေကို စွန့်လွှတ်ရမယ့် ကိစ္စကလည်း အတော်လေး ရင်နာစရာ ကောင်းပါလား "

လီဖူချန်းက ခပ်တိုးတိုး ညည်းတွားလိုက်မိပါတယ် ။

သူသာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်သွားခဲ့ရင် သူရမယ့်  ထောက်ပံ့ရေး ရမှတ်တွေက အခုလောက် များမှာ မဟုတ်ဘူး ဆိုတဲ့ အသိကြီးက လီဖူချန်းကို နာကျင်စေတာတော့ အမှန်ပါပဲ ။

သူက ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်နေတဲ့အတွက် သူ့ရဲ့ လစဉ်ရတဲ့ ထောက်ပံ့ရေး ရမှတ်တွေဟာ သိန်းပိုင်းအထိ ရှိပါတယ် ။ ဒါပေမဲ့ သူ့အနေနဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်သွားရင်တော့ ထောက်ပံ့ရေးရမှတ် သိန်းပိုင်း ရဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ။ သူ့အနေနဲ့ ထောက်ပံ့ရေးရမှတ် သောင်းဂဏန်း အနည်းငယ်လောက်ရရင် ကံကောင်းပါပဲ ။ တိုက်ပွဲဝိညာဉ် နပယ်ပယ်မှာက သူ့ထက် အစွမ်းထက်တဲ့သူတွေ အများကြီး ရှိနေတာ မဟုတ်ပါလား ။

ဒါပေမဲ့ အခုလက်ရှိ သူ့ဆီမှာက ထောက်ပံ့ရေးရမှတ် ၁.၁ သန်း နီးပါး ရှိနေပါတယ် ။ အဲဒါကိုတော့ ကံကောင်းတယ်လို့ ဆိုရပါမယ် ။ အဲဒါကြောင့် လီဖူချန်းအနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းပြီးရင်တောင်မှ ထောက်ပံ့ရေး ရမှတ်တွေအတွက် အချိန်တော်တော်ကြာကြာ စိတ်ပူနေစရာ လိုမှာ မဟုတ်ပါဘူး ။ သူ့အနေနဲ့  ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်တွေကို ရယူဖို့ မစဉ်းစားမချင်းပေါ့ ။ သူ့မှာ ရှိနေတဲ့ ထောက်ပံ့ရေး ရမှတ်တွေက ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်တွေကလွဲပြီး ကျန်တဲ့ ပညာရပ်တွေကို ရယူဖို့ လုံလောက်ပါတယ် ။

ကြေးခွံဖြူ တိုက်ကြီးပေါ်မှာ ရောက်နေတဲ့ အချိန် ဆယ့်တစ်လပြည့်ဖို့ ဆယ်ရက် အလိုမှာတော့ လီဖူချန်းဟာ သက်တံနီဂိုဏ်းကို ပြန်ရောက်လာခဲ့ပါပြီ ။

ဘာဖြစ်လို့လဲ ဆိုတော့ သူက အချိန်မရွေး တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းနိုင်တော့မယ်လို့ ခံစား မိနေလို့ပါပဲ ။ သူက ဖန်းလီလို   ကျင့်ကြံမှုကို ချိူးနှိမ်ထားဖို့ စိတ်ကူး မရှိပါဘူး ။

လီဖူချန်း တစ်ယောက် ဂိုဏ်းတော်ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ သက်တံနီဂိုဏ်းရဲ့ အုပ်ချုပ်သူ အကြီးအကဲတွေက ကြေးခွံဖြူတိုက်ကြီးပေါ်မှာရှိတဲ့  လီဖူချန်းရဲ့ တာဝန်တွေ ပြီးဆုံးပြီလို့ တရားဝင် ကြေညာချက် ထုတ်ပြန်ပေးခဲ့ပါတယ် ။

လီဖူချန်းက သက်တံနီဂိုဏ်းကို  မပြန်ခင်မှာပဲ  ကြေးခွံဖြူ တိုက်ကြီးပေါ်မှာ သူသိမ်းယူခဲ့တဲ့ တောင်တန်းနယ်မြေတွေကို သက်ဆိုင်ရာ ဂိုဏ်းအသီးသီးစီ ပြန်လည် ပေးအပ်ခဲ့ပါသေးတယ် ။ ကြေးခွံဖြူ တိုက်ကြီးကနေ သူထွက်ခွာ အပြီးမှာ ကျန်တဲ့ ဧကရာဇ်အဆင့် ဂိုဏ်းစစ်တပ်တွေက သက်တံနီ ဂိုဏ်းစစ်တပ်ကို ပြန်ပြီး လက်တုံ့ပြန်မလား ဆိုတာကိုတော့ သူမသိပါဘူး ။ တကယ်လို့ လက်တုံ့ပြန်ခဲ့ရင်လည်း အဲသည်ကိစ္စက သူနဲ့ မဆိုင်တော့ပါဘူူ ။ အဲဒါက သက်တံနီဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတွေ ဖြေရှင်းရမယ့် ကိစ္စပါပဲ ။ သူကတော့ သူ့ရဲ့ တာဝန်ကို ကျေပွန်တာထက်တောင် ပိုပြီး ကျေပွန်အောင် ထမ်းဆောင်ပေးခဲ့ ပြီးပါပြီ ။

သက်တံနီဂိုဏ်း ၊ ဘုရင့်နယ်မြေ ၊ မျောလွင့်ဖုန်မှုန့် တောင်ထွတ်……

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တော်တော်များများကို  စုပ်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ကျင့်ကြံခြင်းဟာ တဖြည်းဖြည်း တိုးတက်လာနေပါတယ် ။ နောက်ဆုံးမှာတော့ သူ့ရဲ့ ကျင့်ကြံမှုဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ်ရဲ့ အဆုံးစွန်ဆုံး ကန့်သတ်ချက်ကို ရောက်သွားပြီး ဆက်လက် တိုးတက်မယ့် အရိပ်အယောင် မပြတော့ပါဘူး။ ဒါက အဆင့်တက်ရတော့မယ့် အချိန်ပါပဲ ။

လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာတော့ ချီအရည်တွေဟာ ပျစ်သထက် ပျစ်ခဲလာခဲ့ပါပြီ ။

မဟုတ်သေးပါဘူး ။ အဲဒါက သိပ်သည်းလာတယ်လို့ ပြောရင် ပိုပြီး မှန်ပါလိမ့်မယ် ။ အစောပိုင်းတုန်းက အဲသည် ချီတွေဟာ ရေတွေနဲ့ တူတယ်ဆိုရင် အခုတော့ အဲသည်ချီတွေဟာ ချော်ရည်တွေနဲ့ ဆင်တူလာခဲ့ပါပြီ ။

ဝုန်း.…ဝုန်း……ဝုန်း……

ချော်ရည်တွေကတော့ ပေါက်ကွဲထွက်ဖို့အတွက် တာစူနေသလိုပါပဲ ။

" အား…… နာလိုက်ကွာ "

လီဖူချန်းကတော့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ် ၊ အံကို တင်းတင်းစေ့ပြီး  နာကျင်မှုတွေကို အောင့်အည်းသည်းခံ နေပါတယ် ။ သူ့ရဲ့ နဖူးပေါ်မှာတော့ ချွေးစေးတွေ တဒီးဒီး ထွက်နေခဲ့ပါပြီ ။

" မဖြစ်ဘူး ။ သည်အတိုင်း  ဆိုရင်တော့ အဆင့်တက်တော့မှာ မဟုတ်ဘူး ။ ဝိညာဉ်ကျောက်တုံးတွေဆီကနေ ဝိညာဉ်ချီစွမ်းအင်တွေ ထပ်ပြီး စုပ်ယူရမယ် "

လီဖူချန်းက မီးတောင် တစ်ခုထဲမှာ ရောက်နေသလို ခံစားနေရပြီ ဖြစ်ပေမယ့်လည်း အဆင့်တက်ဖို့ကို လက်မလျော့သေးပါဘူး ။ သူက နောက်ထပ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ ထုတ်ယူလိုက်ပြီး ဝိညာဉ်ချီတွေကို  စုပ်ယူလိုက်ပါတယ် ။

ဝိညာဉ်ကျောက်တုံး အတုံး ၅၀……

ဝိညာဉ်ကျောက်တုံး အတုံး ၁၀၀…………

ဝိညာဉ်ကျောက်တုံး အတုံး ၂၀၀…………………

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀ ဆီကနေပြီး ဝိညာဉ် ချီစွမ်းအားတွေ စုပ်ယူအပြီးမှာတော့ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်ဟာ လေအပြည့် မှုတ်သွင်းထားတဲ့ သားရေအိတ် တစ်လုံးလို ဖြစ်လာပြီ ဆိုတာကို သတိပြုမိ လိုက်ပါတယ် ။

အလယ်အလတ်အဆင့်  ဝိညာဉ်ကျောက်တုံး တစ်တုံးမှာ ရှိတဲ့ ဝိညာဉ်ချီဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရာချီမှာ ရှိတဲ့ ဝိညာဉ်ချီတွေနဲ့ ညီမျှတယ်လို့ ဆိုရပါမယ်  ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေရဲ့ သန့်စင်မှုကလည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပါတယ် ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀ရဲ့ ဝိညာဉ်ချီတွေကို စုပ်ယူထားတယ် ဆိုတာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းရဲ့ ဝိညာဉ်ချီတွေကို စုပ်ယူထားတာနဲ့ အတူတူပါပဲ ။ အဲဒါက ရေကန် တစ်ကန်ထဲက မြစ်တစ်စင်းက ရေတွေ လောင်းထည့်လိုက်တာနဲ့ မခြားနားလှပါဘူး ။

ဝုန်း……

အဲသည်အချိန်မှာပဲ လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ စတင် ပြောင်းလဲလာပါတော့တယ် ။အဲဒါက ဘယ်အရာကိုမဆို စုပ်ယူတဲ့  တွင်းနက်ကြီး တစ်ခုလိုပါပဲ ။ အဲသည်အရာက လီဖူချန်း ရဲ့ သွေးကြောတွေထဲမှာ ရှိနေတဲ့ ချီတွေကိုပါ တစ်စမကျန် စုပ်ယူပစ်လိုက်ပါတယ် ။ တစ်ချိန်တည်းမှာပဲ ချော်ရည်လုံးကြီး တစ်လုံးဟာ လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ စတင် ဖွဲ့စည်းလာခဲ့ပါပြီ ။

ဖန်း……ဖန်း……ဖန်း……

နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲက ချော်ရည်လုံးကြီးဟာ တဖြည်းဖြည်း သိပ်သည်းသွားပြီး အရည်လဲ့နေတဲ့ စက်လုံးလေး အဖြစ် ပြောင်းသွားပါတော့တယ် ။ အဲသည် စက်လုံးလေးက စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ ပုံမှန်လေး လည်ပတ်နေပြီး အနီးအနားမှာ ရှိနေတဲ့ ချီတွေကို ဆွဲဆောင်နေဆဲပါပဲ ။

" ဟူး…… နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီပေါ့ "

လီဖူချန်းက အခုမှပဲ သက်ပြင်း ချနိုင်ပါတော့တယ် ။

စက်လုံးလေး ဖြစ်တည်လာပြီးတဲ့ နောက်မှာတော့ သူက နာကျင်မှု ဝေဒနာတွေကို လုံးဝ မခံစားရတော့ပါဘူး ။ သူ့ရဲ့ တစ်ကိုယ်လုံးလည်း အားအင်တွေ ပြည့်ဝနေပြီး သူ့ရဲ့ စိတ်ဝိညာဉ်ကလည်း သက်တောင့်သက်သာ ရှိနေပါတယ် ။

အဲသည်နောက်မှာတော့ လီဖူချန်းက သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၀ကို လည်ပတ်စေလိုက်ပါပြီ ။

ရွှီး………

ကြက်သွေးရောင် အလင်းတန်းကြီး တစ်ခုဟာ ကောင်းကင်ယံကို ထိုးတက်သွားခဲ့ပါတယ် ။ အဲသည်အလင်းတန်းကြီးဟာ တောက်ပလွန်းလှတဲ့အတွက် ကြည့်မိတဲ့ လူတိုင်းကိုတောင် မျက်လုံး ကျိန်းသွားစေမှာ အသေအချာပါပဲ ။

" ကောင်လေးက အဆင့်တက်သွားပြီလား "

ဘုရင့်နယ်မြေထဲမှာတော့ ဘုရင်အဆင့် တပည့်တွေအပြင် အတွင်းစည်း အကြီးအကဲတစ်ယောက် ရှိနေပါသေးတယ် ။ကြည့်ရတာတော့ အဲသည်အကြီးအကဲက လီဖူချန်း အဆင့်တက်တာကို စောင့်ကြည့်နေတဲ့ ပုံပါပဲ ။

" သည်ကလေးရဲ့ အစွမ်းက ဧကရာဇ်အဆင့် တပည့်တွေနဲ့တောင် ယှဉ်လို့ရတယ် ။ အဆင့်တက်ပြီးတဲ့အခါ သူ့ရဲ့ အစွမ်း ဘယ်လို ရှိမလဲ ဆိုတာကို ငါ သိရဖု့ိ မစောင့်နိုင်တော့ဘူး "

အဲသည်နောက်မှာတော့ အဲသည်အကြီးအကဲက သူ့ရဲ့ အသိစိတ်အာရုံကို  မျောလွင့်ဖုန်မှုန့် တောင်ထိပ်ဆီကို စေလွှတ်လိုက်ပါတော့တယ် ။

လီဖူချန်းက ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာကတည်းက  တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေနဲ့ ယှဉ်နိုင်စွမ်း ရှိနေတာပါ ။

တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းအပြီးမှာတော့ လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေကိုပါ အေးအေး ယှဉ်နိုင်စွမ်း ရှိလာခဲ့ပါပြီ ။ ဒါပေမဲ့လည်း အဲဒါက သာမန် တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဆရာသခင်တွေကိုသာ ဆိုလိုတာ ဖြစ်ပါတယ် ။  ဥပမာ ပြောရရင်တော့ နိုင်ငံခုနစ်ခုရဲ့ ဆရာသခင် စာရင်းမှာ ပါဝင်တဲ့ ဆရာသခင်တွေပေါ့ ။ သက်တံနီဂိုဏ်းရဲ့ ဂိုဏ်းတပည့်တွေအတွက် ဆိုရင်တော့ တိုက်ပွဲဝိညာဉ် နယ်ပယ်မှာရှိတဲ့ ဆရာသခင် အကုန်လုံး နီးပါးဟာ သာမန် အဆင့်မြင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေပါပဲ ။

" သည်ကလေးရဲ့ အဆင့်တက်တဲ့နှုန်းက ငါတို့ ထင်ထားတာထက် အများကြီး မြန်နေတာပါလား ။ အမြန်သွားပြီး အကဲခတ်ကြည့်ဦးမှ"

များပြားလှတဲ့ လိပ်ပြာ အသိစိတ် အာရုံတွေဟာ မျောလွင့်ဖုန်မှုန့် တောင်ထိပ်ပေါ်ကို တစ်ခုပြီးတစ်ခု ရောက်လာခဲ့ကြပါပြီ ။ အဲသည် လိပ်ပြာ အသိစိတ် အာရုံတွေကတော့ မူလပင်လယ် နယ်ပယ်က အတွင်းစည်း အကြီးအကဲတွေကို ကိုယ်စားပြုထားတဲ့ အရာတွေပါပဲ ။

" သူ့ရဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံက တခြား ဘုရင်အဆင့် တပည့်တွေထက် နည်းနည်းတော့ အားနည်းတယ် ။ ဒါပေမဲ့ သူက သူမတူအောင် ထက်မြက်တဲ့ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်အဆင့်ကလည်း အတော်လေး မြင့်နေပြီ ။ သူ့ရဲ့ ကျင့်ကြံမှုနှုန်းက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက် နိမ့်ကျမနေဘူး "

" ငါတို့ သက်တံနီဂိုဏ်းမှာရှိတဲ့ အစွမ်းအထက်ဆုံး ချီအတွင်းအား ကျင့်စဉ်က မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဖြစ်နေတာ စိတ်မကောင်းစရာပဲ ။ နောက်ပိုင်းကျရင် သူ့ရဲ့ ကျင့်ကြံမှုနှုန်းက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက် နှေးသွားတော့မှာ "

" အဲဒါက ကိစ္စ မရှိပါဘူးကွာ ။ သူ့ရဲ့ ပင်ကို ပါရမီနဲ့ ဆိုရင် သည်ကလေးက မူလပင်လယ်နယ်ပယ်ကိုတော့ အေးအေးဆေးဆေး ရောက်လာဦးမှာပဲ ။ သည်မျိုးဆက်မှာ  ငါတို့ သက်တံနီဂိုဏ်းက နောက်ထပ် ထိပ်သီး မူလပင်လယ်နယ်ပယ် ဧကရာဇ်တစ်ပါး မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ တွေးပြီးသာ ဖြေသိမ့်လိုက်ကြတော့ "

အတွင်းစည်း အကြီးအကဲတွေရဲ့ လိပ်ပြာ အသိစိတ် အာရုံတွေကတော့ လီဖူချန်းနဲ့ ပက်သက်ကြီး ဆွေးနွေးနေကြပါတယ် ။

' ဟာ…… သည်အဘိုးကြီးတွေက ငါ့ရဲ့ မျောလွင့်ဖုန်မှုန့် တောင်ထိပ်မှာလာပြီး အစည်းအဝေး လုပ်နေကြတာလား '

လီဖူချန်းက အတွင်းစည်းအကြီးအကဲတွေရဲ့ လိပ်ပြာအသိစိတ်အာရုံတွေ ရောက်လာတာကို သိနှင့်နေပြီးသားပါပဲ ။ ဒါပေမဲ့လည်း သူက သည်လိပ်ပြာအသိစိတ်အာရုံတွေ ရောက်လာတာနဲ့ ပက်သက်ပြီး ဘယ်လိုမှ မခံစားရပါဘူး ။

တကယ်လို့ သူစိတ်ပါတယ် ဆိုရင် သည်လိပ်ပြာအသိစိတ်အာရုံတွေကို သူ့ရဲ့  လိပ်ပြာအသိစိတ်အာရုံနဲ့ ပိတ်ပင်လိုက်လို့ ရပါတယ် ။

ဒါပေမဲ့လည်း သူက အဲသည်လို မလုပ်လိုပါဘူး ။ တကယ်လို့ သူ့အနေနဲ့ အဲသည်လို လုပ်လိုက်မယ် ဆိုရင် သူ့ရဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ လိပ်ပြာအသိစိတ် အကြောင်းကို ဖော်ပြလိုက်သလို ဖြစ်သွားပါလိမ့်မယ် ။

" ငါ့ရဲ့ ချီသိုလှောင်မှု ပမာဏ ဆယ်ဆ ပိုများလာသလို ငါ့ရဲ့ ချီသန့်စင်မှုကလည်း အဆပေါင်းများစွာ တိုးလာတာပဲ ။သည်တော့ ငါ့ရဲ့ ချီပေါက်ကွဲနှုန်းက ပိုပြီး ကြောက်စရာကောင်းလာတော့မှာပေါ့ "

အစောပိုင်းတုန်းက ဖြစ်ရပ်ကို ဖြစ်စေဖို့အတွက် လီဖူချန်းဟာ သက်တံနီ နတ်ဘုရားမီးတောက်ကို အသက်သွင်းပြီး လည်ပတ်လိုက်စေရုံလေးတင်  လည်ပတ်စေခဲ့တာပါ ။ တကယ်လို့သာ သူ့အနေနဲ့ အားကုန်ထုတ်ပြီး လည်ပတ်စေလိုက်မယ် ဆိုရင် ဘယ်လိုဖြစ်ရပ်မျိုးကို ဖြစ်စေမလဲ မသိပါဘူး ။

အဲသည်နောက်မှာတော့ လီဖူချန်းက သက်တံနီဆေးရည် တစ်ပုလင်းကို သောက်သုံးလိုက်ပြီး တိုက်ပွဲဝိညာဉ်နယ်ပယ်မှာ အခြေကျစေဖို့အတွက် လုပ်ဆောင်လိုက်ပါတော့တယ် ။

သူက အခုမှ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ရုံ  ရှိသေးတာပါ ။ အဲသည်အတွက် သူ့ရဲ့ ချီအတွင်းအားတွေဟာ မတည်ငြိမ်သေးပါဘူး ။  သက်တံနီ ဆေးရည်ကတော့ သည်ပြသနာကို ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ် ။

သည်လိုနဲ့ပဲ အချိန်တစ်ရက်ဟာ ကုန်လွန်သွားခဲ့ပါပြီ ။

လီဖူချန်းရဲ့ ချီအတွင်းအားတွေဟာလည်း တိုက်ပွဲဝိညာဉ် နယ်ပယ်နဲ့ နေသားတကျ ဖြစ်လာခဲ့ပါတယ် ။ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ ကျင့်ကြံမှုကို မရပ်သေးဘဲ ဆက်လက် ကျင့်ကြံနေဆဲပါပဲ ။

နှစ်ရက်အကြာမှာတော့ လီဖူချန်းရဲ့ ကျင့်ကြံမှုဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၁ အစကနဦးပိုင်းကနေ အလယ်အလတ်ပိုင်းကို ရောက်သွားပါတော့တယ် ။

" ဟား……ဟား…… ကံကောင်းလိုက်တာကွာ ။ ငါတိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်ပြီးတာနဲ့ ငါ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကလည်း အဆင့်၃၁ကို တန်းရောက်လာတာပဲ "

လီဖူချန်းကတော့ အပျော်ကြီး ပျော်နေခဲ့ပါပြီ ။

ရွှီး……

အဲသည်နောက်မှာတော့ လီဖူချန်းက သက်တံနီတစ်စင်း အသွင်ပြောင်းပြီး ကောင်းကင်ယံပေါ်ကို ထိုးတက်သွားပါတော့တယ် ။

တိမ်ပင်လယ်တွေရဲ့ အထက်ကို အရောက်မှာတော့ လီဖူချန်းက သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်လိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတော့တယ် ။

ရွှမ်း……

မိုင်တစ်ရာ နီးပါး အရှည်ရှိတဲ့ တိမ်ပင်လယ်ကြီး တစ်ခုဟာ နှစ်ခြမ်း ကွဲထွက်သွားခဲ့ပါပြီ ။

" စွမ်းလှချည်လားဟ "

လီဖူချန်းက သူ့ရဲ့ ဓားချက်ကို သူကိုယ်တိုင်တောင် မယုံနိုင်တော့ပါဘူး ။ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်သွားရုံလေးနဲ့တင် သူ့ရဲ့ ဓားချက်ဟာ နဂိုကထက် အဆပေါင်းများစွာ ပိုအစွမ်းထက်လာ မဟုတ်ပါလား ။

***

All Chapters